အဖေ့ဆန္ဒဖြည့် စာအုပ်မိတ်ဆက်ပွဲ





ဒီနေ့ တစ်နာရီမှာ ကမာရွတ် မီဒီယာနဲ့ တွေ့မယ် ည နေ လေးနာရီမှာ ကိုကျော်သာ ဆရာသစ္စာနီတို့နဲ့ တွေ့မယ် မနက်ဖြန် ပြန်မယ်
(2 Oct)





မြန်မာပြည်ပြန်ရတဲ့ခရီးဟာ စိတ်ချမ်းသာတယ်


ခရီးထွက်ရသမျှ နိုင်ငံတွေထဲ မြန်မာပြည်ပြန်ရတဲ့ခရီးဟာ စိတ်ချမ်းသာတယ်၊ ကယိကထမများဘူး။
အခြားနိုင်ငံတွေသွားရင် ကွမ်းထုတ်ယူရတာနဲ့ ကွမ်းရွက်၊ ကွမ်းသီး စသည် အလွတ်ယူသွားရတာနဲ့ အလုပ်ရှုပ်တယ်။
အခု ဘာမှယူသွားစရာမလိုဘူး။

မန်ယူ


ဒီပုံကို ပထမတင်စဉ်က မန်ယူပရိသတ်တွေက နောက်တယ်ထင်နေကြတာ။
လက်စတာကို ဒါဇင်ဝက်နီးပါး ဂိုးပေးလိုက်မှ ယုံကြတာ။ တစ်ခြမ်းက ဟောင်းလောင်းကြီး။
ဗန်ဂေါနည်း ဗန်ဂေါဟန်လို့ပဲ ယူဆရတော့မှာပဲ။
မာဆေးဆိုက် ဒါဘီပွဲပြီးမှ ကြည့်ရဦးမယ်။

ကျေးဇူးတင်ပါတယ် စနေသား ဦးတင်မောင်ဝင်း ခင်ဗျား


(လှည့်ကြည့်မိတဲ့ ထောင့်ချိုးများ)

"နေစမ်းပါအုံး၊ အရှင်ဘုရားက ဘာရည်ရွယ်ချက်နဲ့များ ရီးဒါးဒိုင်ဂျက်ထဲက ဟာသတွေ ရေးတင်နေတာလဲ၊ မလုပ်စမ်းပါနဲ့၊ အရှင်ဘုရားဆီက လီကွမ်းယု စာအုပ် တပည့်တော်ငှားဖတ်တာ အခု ပြီးသွာပြီ။ အဲဒါ ဇာဂနာတို့ ထောင်ထဲမှာ ခိုးဖတ်ခဲ့ရတယ်ဆိုတဲ့စာအုပ်။ တော်တော်ကောင်းတယ်။ ကိုယ့်မှာ မြန်မာရော အင်္ဂလိပ်ရောရှိနေတာပဲ။ အဲဒါမျိုး ဘာသာပြန်လိုက်စမ်းပါ"

မိုက်တိမိုက်ကန်းစိတ်က
"ငါ့ဘာသာ ငါရေးချင်ရာရေး တင်မှာပေါ့၊ သူနဲ့ ဘာဆိုင်လို့လဲ၊ လာပြီး ဆရာကြီးလုပ်နေသေးတယ်" လို့ ပြောတယ်။
သုံးသပ်ဆင်ခြင်တဲ့စိတ်က
" ဒီ လူ့ဂွစာကြီးနဲ့ ပေါင်းလာတာကြာပြီ၊ စေတနာမပါရင် စကားတစ်ခွန်းမှ မပြောတဲ့လူ၊ သူပြောတာကို စဉ်းစား" လို့ ပြောတယ်။

အဲသလိုနဲ့ တစ်နှစ်ပြည့်လို့ ရေးမိတာတွေပြန်စုလိုက်တော့ ဒီနေ့ ဒီ စာအုပ်တွေ ဖြစ်လာတယ်လေ...ဗျာ။
ဦးတင်မောင်ဝင်း ရေ၊ ခင်ဗျား သဘောမတူရင်တောင် လှည့်ကြည့်မိတိုင်းတွေ့ ရမယ့် ခင်ဗျားရဲ့ စကားတစ်ခွန်းကို ကျေးဇူးတရားတွေနဲ့ ထုတ်ပိုးထားမိပါတယ်။





အမှာ။ ။ ဦးတင်မောင်ဝင်းဆိုတာ ကမ်းလက်ထဲ ကွန်မင့်တွေ အီးလို ဝင်ဝင်ရေး တတ်သူပါ။ အီးလိုထောင့်နေတယ်လို့ မထင်ပါနဲ့၊ မြန်မာလိုပြောရင် ဒီထက်ထောင့်ပါတယ်။ အသည်းငယ်ရင် နားထောင်လို့မရဘူး။ ၁၆ နှစ်အောက်ဆိုရင် သူ့စကားနားထောင်ဖို့ မိဘရဲ့ ဂိုက်ဒင့်စ် လိုမယ်။ ဒါပေမဲ့ ရဲဘော်စိတ်အပြည့်ရှိ၊ ရင်ဘတ်နဲ့ စကားပြောတတ်လို့ ရွာ့အပြင် ရောက်နေသူ ထဲက တစ်ယောက်ပေါ့။

(သီဟနာဒ၊ ဇင်ဝေသော်)

ပဋိပက္ခ....


မိတ်မဆက်ခင် တော့ပ် တင်း ဝင်သွားမှု...
အင်းဝမှာ တင်ထားသမျှ စာအုပ် ချက်ချင်း ကုန်သွားမှု...
ဝယ်ယူ၊ ဖတ်ရှုကြတဲ့ စာဖတ်ပရိသတ်ကို ကျေးဇူး အထူးတင်ရပါသည်။

ကိုရီးယားရဲ့ ဝိဉာဉ်ကို ဖမ်းကြည့်ခြင်း (၂)


"မောနင်း ဂျက်စမင်း"
"မောနင်း ဆာ။ ညက ကောင်းကောင်းအိပ်ပျော်တယ်မဟုတ်လား"
"ပျော်ပါတယ်၊ ဒါပေမဲ့ အချိန်အပြောင်းအလဲရှိတယ်ဆိုတဲ့ ဂျက်စမင်းရဲ့မက်ဆေ့ဂ်ျ က မနက် နှစ်နာရီမှနော်"
"အချိန်အပြောင်းအလဲအတွက် စိတ်မကောင်းပါဘူး။ ဟုတ်တယ်၊ နှစ်နာရီထိုးမှ ဒီနေ့ရဲ့ အစီအစဉ်တွေ အဆုံးသတ်နိုင်ကြလို့ပါ"
"ဒါနဲ့ ဂျက်စမင်း ဒီမနက် ဘယ်အချိန်အိပ်ယာက ထခဲ့သလဲ၊ အိပ်ရေးရော ဝ, ခဲ့သလား"
"၆ နာရီခွဲ။ အခုတလော အကျင့်ရနေပြီ။ အရင်လကတည်းက အကြိုလေ့ကျင့်မှုတွေ လာလုပ်ခဲ့ရတယ်။ ကိုယ့်တာဝန်ပေးထားတဲ့ ဧည့်သည်က ဘယ်သူ၊ ဘယ်နိုင်ငံသား၊ ဘယ်ဟော်တယ်မှာ တည်းမယ်၊ သူ့လက်ရှိရာထူးက ဘာ၊ သူ့အတွက် ကျန်းမာရေးလိုအပ်ချက်က ဘာတွေဖြစ်မယ် စတာတွေ အကုန်လေ့လာထားရပါတယ်"
"ကျေးဇူးတင်ပါတယ် ဂျက်စမင်း၊ ဒါနဲ့ ညက ဒီကအပြန်မှာ ဘာတွေ ဆက်လုပ်ကြသေးသလဲ"
"အရင်ဆုံး တစ်နေ့တာရဲ့ လုပ်ငန်းတွေကို ပြန်လည်ဆွေးနွေးကြတယ်၊ အစီအစဉ်တကျ ဖြစ်သွားတာတွေရှိသလို ကမောက်ကမတွေလည်း အများ ကြီးပဲလေ။ နောက်ပြီး နောက်နေ့ရဲ့ အစီအစဉ်တွေကို ပြောင်းသင့်တာပြောင်း ရတယ်။ ဒါ့ကြောင့် အသိပေးဖို့ နောက်ကျသွားတာပါ"
"ကိစ္စမရှိပါဘူး၊ ဒီလောက်ကြီးတဲ့ပွဲမှာ ဒီလောက်တော့ ရှိမှပေါ့၊ ဧည့်သည် အများစုကလည်း နားလည်ကြမှာပါ"
"ဒါနဲ့ ဂျက်စမင်းတို့အုပ်စုမှာ ဆုံးဖြတ်ချက်ချတာက ဘယ်သူလဲ"
"သူက ကရိုလိုင်းလေ၊ မနေ့က နေ့လယ်စာ စားရင်း စကားပြောခဲ့သူလေ၊ သူက နယူးယောက်မှာမွေးတဲ့ ကိုရီးယန်း"
"အော် အေး သူပြောတယ်။ ငါ့ကိုတောင် ကမ္ဘာကျော်ခွင့်ရမယ်ဆိုရင် စင်္ကာပူကို ကိုယ်စားပြုမှာလား၊ မြန်မာကို ကိုယ်စားပြုမှာလား မေးသွားသေးတယ်"
"ဟုတ်တယ်၊ ဒီ ဟော်တယ်နှစ်ခုက ဧည့်သည်တွေနဲ့ပတ်သက်တာတွေကို သူက ဖိုင်နယ်လိုက်ဇ်လုပ်တယ်"
************************************************************************
အာရှတန်ဖိုးလား၊ အနောက်ကို စိန်ခေါ်မှုလား၊ လူမျိုးရဲ့ သဘာဝလား။ အားလုံး အမည်တပ်လို့ရပါတယ်။
၁။ ဒီမိုကရေစီဆန်ဆန် ဆွေးနွေးခွင့်ရှိတယ်။ နောက်ဆုံး ခေါင်းဆောင်က ဆုံးဖြတ်တယ်၊ ခေါင်းဆောင်က ဆုံးဖြတ်ပြီးရင် သဘောမတူလည်း လိုက်။
၂။ လူ့ရှေ့မှာ လူကြီးကို နှုတ်လှံမထိုးရဘူး။ သူတစ်ပြန် ငါတစ်ပြန်တွေ မရှိရဘူး။
၃။ အစီအစဉ်တကျမဖြစ်ဘူးဆိုရင် ဖုန်းမက်ဆေ့ဂ်ျ ချက်ချင်းပို့။ လမ်းညွှန်မှု အတိုင်းလိုက်။
၎။ တစ်နေ့တာရဲ့ ဖြစ်စဉ်ကို ပြန်လှန်သုံးသပ်၊ နောက်နေ့အတွက် အစီအစဉ် ဆုံးဖြတ်
**************************************************************************

ဒီယဉ်ကျေးမှုတွေကို ၂၀၀၂ ခု၊ စင်္ကာပူ လူငယ်တွေ မြန်မာပြည် ရောက်လာ ကတည်းက လေ့လာခွင့် ရခဲ့ပါတယ်။ အလုပ်မပြီးဘဲ လုံးဝမအိပ်ရဘူး။ ပွဲမှာ တစ်မိန့်တစ်အာဏာဆန်သလောက် သူတို့ချင်း တံခါးပိတ်ဆွေးနွေးပွဲမှာ ပွက်လောရိုက်နေတတ်တယ်။
*************************************************************************

အားလုံး ဘတ်စ်ကားပေါ်ရောက်လို့ သွားရမယ့်ခရီးစဉ်ကို ဒရိုင်ဘာရဲ့လက်ထဲ အပ်လိုက်ပြီလည်းဆိုရော ကျနော့်ဘေးက ဂျက်စမင်းလည်း အိပ်ပျော် သွားတော့တယ်။ အနည်းဆုံး တစ်နာရီတော့ သူမ အနားယူချိန်ရသွားတယ်။
သူ့ကို စာနာမိရင်း ပြူတင်းပေါက်ဘေးမှာ ထိုင်ဖို့ပြော၊ လွတ်ကျမလိုဖြစ်နေတဲ့ သူ့ရဲ့ဖွားဖက်တော် ဟန်းဖုန်းလေးကိုတောင် ယူကိုင်ပေးခဲ့ရသေးတယ်။ ဒါကို ဂျက်စမင်းမသိဘူး။ ကားရပ်တော့မှ ဆောရီး၊ သင့်ခ် ယူ တဲ့။

နေးရှင်းတစ်ခုရဲ့ အောင်မြင်မှုနောက်ကွယ်က သဲလွန်စတစ်ချို့ ဂျက်စမင်းဆီက ကျနော်ရလိုက်ပါတယ်။ သူမက ၂၁ နှစ်အရွယ် လူငယ်လေ။
(ဆက်ရန်)

 ***ကိုရီးယားရဲ့ ဝိဉာဉ်ကို ဖမ်းကြည့်ခြင်း***

မိုးတွေ ရွာဆဲပဲလား အဖေ

"ငါ့သား၊ မိုးတွေသိပ်ရွာနေတယ်၊ လယ်ကန်သင်းတွေ ကျိုးကုန်မှာစိုးရတယ်။ အဖေတို့ လယ်ထဲဆင်းကြည့်ရအောင်"
အိပ်နေတဲ့ ကျနော့်ကို အဖေက တိုးတိုးလေး လှုပ်နှိုးပါတယ်။ လယ်က ရွာနဲ့ သုံးမိုင်လောက်ဝေးမယ် ထင်တယ်။ အိပ်ယာက မထချင်ထချင် ကျနော်က
"အဖေ၊ ကျုပ် ဖိနပ်သည်းကြိုးပြတ်နေတယ်၊ စီးလို့မရတော့ဘူး"
"အဖေ့ဖိနပ်ကို စီး၊ ပေါက်ပြားကိုယူ၊ လာ အမြန်သွားရအောင်"
ဒီလိုနဲ့ ရွာကထွက်ခဲ့ကြတယ်။ ခပ်တည်းတည်း အဖေ့ဖိနပ်ကလည်း ချောင်း ကိုကျော်တော့ ပြတ်သွားပြန်ရော။
ဒီတော့ တောသား၊ လယ်သမား၊ သိန်းဖေမြင့် အသည်းစွဲ၊ လက်ဝဲယိမ်းတဲ့ အဖေက
"ခရီးက မဆုံးသေးတော့ ဖိနပ်မပါလည်း ဆက်လျှောက်ရမှာပဲ ငါ့ သားရေ။ ဖိနပ်မပါရင် ဆူး၊ ခလုတ်ကို ပိုပြီးဂရုစိုက် ပေါ့" လို့ ပြောခဲ့ပါတယ်။
ဖိနပ်မပါရင် ဆူး၊ ခလုတ်ကို ပိုပြီးဂရုစိုက် ပေါ့..
ဖိနပ်မပါရင် ဆူး၊ ခလုတ်ကို ပိုပြီးဂရုစိုက် ပေါ့....
ဖိနပ်မပါရင် ဆူး၊ ခလုတ်ကို ပိုပြီးဂရုစိုက် ပေါ့......
ခပ်ညံ့ညံ့သားတစ်ယောက်ရဲ့ ကြိုးစားမှုလေးပါ။
လောကကြီးမှာ အဖေ့လက်ခုပ်သံထက်ကျယ်တာလည်း တစ်ခါမှ မကြားခဲ့ရဖူးပါဘူး အဖေရယ်။
ဇင်ဝေသော်

အဖေ့ဆန္ဒဖြည့် စာအုပ်မိတ်ဆက်ပွဲအခမ်းအနား ဖိတ်ကြားလွှာ

ပြည်တွင်းမှ တက်ရောက်လိုတဲ့ စာဖတ်ပရိသတ်များအနေနဲ့
၁။ ကမ်းလက်အီးမေးထဲကို မိမိတို့ ဖေ့စ်ဘုတ်အကောင့် (ဖြစ်နိုင်ရင် နာမည်ရင်း ပါ) နဲ့အတူ တက်ရောက်လိုကြောင်း ၂၈ ရက်နေ့ နောက်ဆုံးထား အီးမေးပို့ (လူဦးရေ ချိန်ဆဖို့ လိုအပ်တဲ့အတွက်)
၂။ ဒီ ဖိတ်စာကို ပရင့်ထုတ်ပြီး တက်ရောက်နိုင်ပါကြောင်း.....

ဦးဂရုနဲ့လန်းဂွေ့မာစတာ(လှည့်ကြည့်မိတဲ့ ထောင့်ချိုးများ)


ဆရာနဲ့အနီးကပ်သင်ခဲ့ရတာမျိး မဟုတ်လေတော့ အင်္ဂလိပ်စာနဲ့ပတ်သက် လို့ ကျေးဇူးအတင်ရဆုံးက အဆောင်ဖော် ဦးဂရုနဲ့ သူ့ရဲ့လန်းဂွေ့မာစတာ ပဲဖြစ်ပါတယ်။ သာသနာ့တက္ကသိုလ် (မန်း) အတူနေရဟန်းတစ်ပါးက မိမိနဲ့ ပတ်သက်ပြီး
"သူတို့ အင်္ဂလိပ်က ကောင်းပြီပေါ့ကွာ၊ တက္ကသိုလ်သက်တန်းတစ်လျှောက်လုံး အင်္ဂလိပ်ပဲ ထိုင်လုပ်သွားတာ၊ အင်္ဂလိပ်အဘိဓာန်တောင် ထောင်ကျက်သွားတဲ့ လူတွေ" လို့ ဆိုတဲ့ မုဒိတာစကား တစ်ဆင့်ကြားရပါတယ်။ ဒါပေမဲ့ အင်္ဂလိပ် အဘိဓာန်ကို ထောင်ကျက်တာတော့ မဟုတ်ပါဘူး။ ဒါက ဒီလိုပါ။

ဦးဂရုမှာ အမေရိကန်ရောက် သူ့ ဘကြီးဘုန်းကြီးက လှမ်းပေးထားတဲ့ အသံထွက် အင်္ဂလိပ်အဘိဓာန် (လန်းဂွေ့မာစတာ) ရှိပါတယ်။ တစ်ချိန်ချိန်မှာ အမေရိကကို လှမ်းခေါ်ဖို့ သူ့ အတွက် သူ့ ဘကြီးဘုန်းကြီးရဲ့ ပြင်ဆင်ပေးမှုပါ။ ဦးဂရုက အခြား ဘာသာရပ်တွေကိုလည်း လုပ်နေရတော့ အင်္ဂလိပ်စာကို ဇောက်ချမလုပ်နိုင်ဘူး။ ဒါနဲ့ ဦးဇင်း သုံးချင်ရင်သုံးဆိုပြီး သူ့ လန်းဂွေ့မာစတာကို ငှားထားပါတယ်။ ဘယ်လိုကျေးဇူးတင်ရမှန်းတောင် မသိပါဘူး။ ကြားပဲကြားဖူးတဲ့ အဲဒီခေတ်
က ခြောက်သောင်းကျော်တန် ပစ္စည်းကြီး။ ဝယ်ဖို့ ပိုက်ဆံလည်း မရှိ၊ ပိုက်ဆံရှိ လည်း မြန်မာပြည်မှာ ဝယ်လို့မရ။

သူ့ရဲ့ လန်းဂွေ့မာစတာရလိုက်တဲ့နေ့ကစပြီး ကိုယ့်ရဲ့ ကို့ယို့ကားယား အသံထွက်တွေကို ထိုင်ပြင်နေမိ၊ စကားလုံးအသစ်တွေကို အတုခိုးရင်း လိုက်ပြောနေမိတယ်။ လူနဲ့သူ့အဘိဓာန်ကြီးက ခွဲလို့မရလောက်အောင်ဖြစ်သွား တယ်။ သုံးလလောက်သုံးပြီးတော့ အားနာတာနဲ့ "လိုမှ ငှားတော့မယ်" ဆိုပြီး သူ့ပြန်ပေးလိုက်တယ်။ ဒါတောင် တစ်ရက်ကို အနည်းဆုံး နာရီဝက်လောက်တော့ သုံးဖြစ်ပါတယ်။ တိုးတက်စပြုလာတဲ့ မိမိအင်္ဂလိပ်ဟာ အဲဒီ အဘိဓာန်ရဲ့ ကောင်းမှုကြောင့်လို့ ဒီနေ့အထိ ယုကြည်နေမိသလို ဦးဂရုနဲ့ သူ့ ဘကြီးဘုန်းကြီးရဲ့ ကျေးဇူးကိုလည်း တိုက်ဆိုင်တိုင်း အောက်မေ့လျက်ပါ။

အခု သူဘယ်မှာရှိပြီး ဘာတွေလုပ်နေမှန်းမသိတာက မိမိရဲ့ အထင်ကရအရှိဆုံး ဆက်ဆံရေး အားနည်းချက်ကြီးပါ။ ရင်ထဲမှာပဲ ရှိနေတယ်။ အဲဒီအချိန်ကစလို့ ပိုက်ဆံရှိရင် အဝယ်ချင်ဆုံးပစ္စည်းက အသံထွက် အင်္ဂလိပ်အဘိဓာန်ဖြစ်နေခဲ့ တယ်။ သိပ်မလိုတော့တာတောင် ငယ်ရွယ်စဉ်ကအိပ်မက်မို့ ဝယ်လည်း ဝယ်ဖြစ် ခဲ့တယ်။ စင်္ကာပူကိုထွက်လာမှ အရှင်စက္ကပါလကို(ထင်တာပဲ) ပေးထားခဲ့တယ်။

နောက်ပြီး အင်္ဂလိပ်အသံထွက်နဲ့ပတ်သက်လို့ အလေးထားမှု မြန်မာတွေမှာ အားနည်းတတ်တယ်(လို့ ထင်တယ်)။ နှုတ်ခမ်းတွေ၊ လျှာတွေ၊ ပါးစပ်ပေါက်အနေ အထားတွေကအစ လေ့လာသူတွေကို သရော်တော်တော်လည်း လုပ်တတ်ကြ တယ်(ဗိုလ်ချုပ်တောင် သရော်ခံ မလွတ်ခဲ့ဘူး)။ မလုပ်အပ်ဘူး ထင်ပါတယ်။ ပေါ့တော့တော့နဲ့ သူ့အသံကို အလွယ်မရနိုင်ဘူး။ တကယ်က ပုဒ်စစ်ကျမ်းဆိုတာ ပါဠိအသံထွက်ဖို့ အာ၊ လျှာ၊ သွား၊ နှုတ်ခမ်း အနေအထားတွေ ကို ဖွင့်ဆိုပြတဲ့ ဖိုနစ်တစ်ကျမ်းတစ်ကျမ်းဆိုတာ မမေ့အပ်ဘူး။

အင်္ဂလိပ်ပဲ ပြောလို့တော့ ရတာပေါ့။ နိုင်ငံတိုင်း၊ လူမျိုးတိုင်း ပုံစံအမျိုးမျိုးနဲ့ ပြောနေ ကြတာပဲ။ ဒါပေမဲ့ ဘယ်လိုအင်္ဂလိပ်လဲဆိုတဲ့ ကွဲပြားမှုကလည်း နိုင်ငံတိုင်း၊ လူမျိုး တိုင်းမှာရှိတယ်။
ကိုယ့်အင်္ဂလိပ်က "စံ" မဝင်ရင် ထမင်းဝင်စား၊ ဈေးဝင်ဝယ်လို့ရပေမဲ့ ပညာရှင် ကြား ထဲတော့ မရောက်နိုင်ဘူး။
ဘာရယ်မဟုတ်ပါဘူး။ လက်ရှိနေရာမှာ ခဏရပ်၊ နောက်ကိုလှည့်ကြည့်မိတော့ အသားဖြူဖြူနဲ့ ဦးဂရုရဲ့ပုံရိပ် ရင်မှာထင်လာလို့ ........

အိုဘားမားရဲ့ မိန့်ခွန်း


ကုလသမဂ္ဂမှာ ပြောသွားတဲ့ အိုဘားမားရဲ့ မိန့်ခွန်းက အားရစရာကောင်းလှတယ်။
အစ္စလာမ်မစ် အကြမ်းဖက်မှုတွေအတွက် သုံးသွားတဲ့ စကားလုံးက Network of death တဲ့။
လုံးဝ လေချိုမသွေးဘူး။ မိုက်တယ်၊ ရှင်းတယ်။ မီဒီယာတွေတောင် ချီးမွမ်းနေကြလေရဲ့။

ကိုရီးယားမှာ လက်မှတ်မထိုးခဲ့တဲ့ ဘာသာရေးသဘောတူညီမှု စာချုပ်


ဒီစာချုပ်က တစ်ခုတည်းသောဘာသာ၊ တစ်ပါးတည်းသော ဖန်ဆင်းရှင်အောက် မှာ ဆိုတဲ့စာကြောင့် သီဟိုဠ်ဆရာတော်တစ်ပါးနဲ့အတူ သဘောတူညီမှုစာချုပ်မှာ လက်မှတ်ထိုးဖို့ ငြင်းဆန်ခဲ့ပါတယ်။ သီတဂူဆရာတော်ကြီး လက်မှတ်ထိုး၊ မထိုး မသိပါ။
ငြိမ်းချမ်းရေးဖော်ဆောင်မှုကို သဘောတူပေမဲ့ ဗုဒ္ဓဘာသာက ဂေါ့ဒ်ကို လက်မခံ သလို အလ္လာကိုလည်းလက်မခံပါဘူး။ ဒါ့ကြောင့် လက်မှတ် လုံးဝမထိုးနိုင်ပါဘူး လို့ နှစ်ပါးအတူတူ ငြင်းပယ်ခဲ့ပါတယ်။
ရာနှုန်း ၉၀ ကျော် လက်မှတ်ထိုးကြမယ်ထင်ပါတယ်၊ သိသလောက် ဒီ နှစ်ပါး လက်မှတ်မထိုးတာနဲ့လည်း ဘာမှထူးခြားမယ်မဟုတ်ပါ။ ဒါပေမဲ့ ယုံကြည်မှု ခံစစ်စည်းလိုင်းကိုတော့ တစ်ယောက်ထဲဆိုရင်တောင် ကာကွယ်ဖို့ပါပဲ။

ပြန်ချင်တဲ့ ကွန်မင့်များ


"Ko MoeZet မဟာသီယာနဲ့ ဘုန်းဘုန်းနဲ့တော့ ဒီဘိတ်လုပ်ရတော့မယ်
ဟိုတြောက်ကလဲ ရွှေနဲ့မျောက်နဲ့ ရွှေကစာရိတ္တပိုကောင်းသတဲ့. ဟိဟိ"


မဟာသီယာနဲ့ သီဟနာဒက ဒီဘိတ် လုပ်စရာမလိုသလို အယူအဆ ကွဲနေတယ် လို့လည်း မဆိုနိုင်ဘူး။ဘာလို့လဲဆိုတော့ မဟာသီယာပြောတဲ့ မလေးနဲ့မြန်မာက မလေးရှားထဲမှာ နေနေကြတဲ့ မလေးနဲ့မြန်မာလူမျိုးတွေကို ညွှန်းဆိုနေလို့ပါ။ ဒီအချက်ကို နှစ်ယောက်စလုံးကလည်း သဘောပေါက်ထားနိုင်ပါတယ် (သဘောပေါက်ကြမှာပါ)။
သီဟနာဒညွှန်းခဲ့တဲ့ မလေးနဲ့မြန်မာက မြန်မာပြည်မှာရှိတဲ့ မြန်မာနဲ့ စင်္ကာပူမှာ ရှိတဲ့ မလေးကိုပါ။ မလေးရှားထဲက မလေးမဟုတ်ပါဘူး။
လူ့သဘာဝအရ လူနည်းစုသာရှိသေးရင် စာရိတ္တပိုကောင်းတတ်ပါတယ်။

"ကောင်းသူက ကောင်းတာပါပဲ" ကိုဖတ်ပြီး မဟာသီယာက ငါတို့ မလေးအားလုံး ဒီလိုပဲကွလို့ လက်မထောင်နေမှာ မဟုတ်သလို မလေးရှာထဲက လူနည်းစုမြန် မာတွေ စာရိတ္တကောင်းတယ်ဆိုတဲ့ သူ့မှတ်ချက်ကို နားထောင်ပြီး ငါတို့မြန်မာ တိုင်း ဒီလိုပဲကွလို့ သီဟနာဒလည်း လက်မ မထောင်ရဲပါ။
တကယ်တမ်းယေဘုယျကိုကြည့်ပြောရင် မလေးရှားနဲ့မြန်မာရဲ့ အက်သစ် အဆင့် အတန်းဟာ မစွံလှသေးပါဘူး။ မေ့ကျန်၊ ကျပြောက်ပစ္စည်းတွေ ပြန်ရတာ နည်း လွန်းလှပါတယ်။ "Lost and Found" ယဉ်ကျေးမှုလည်း စနစ်တကျ မထွန်း ကားသေးဘူး။ ဒီအတွက် ရွှေဆိုသူတွေ မနာစေချင်ပါ၊ ယေဘုယျကိုခြုံကြည့်တာမို့ ဘယ်တုံးက ငါ ဘာတွေ့လို့ ဘယ်သူ့ကို ဘယ်လို ပြန်ပေးတာ စတဲ့ ကွန်မင့်တွေ နဲ့လည်း သာဓကထုတ် ရှင်းနေစရာ မလိုပါ။ မလေးရှားနဲ့မြန်မာဟာ သူတို့ ဘာသာတရားအပေါ် အမွှမ်းတင်ကြတာချင်းလည်း တူကြပါတယ်။

ဒါပေမဲ့ နော်ဝေလို၊ ဂျပန်လို မေ့ကျန်၊ ကျပြောက်ပစ္စည်းတွေမှာ လိပ်စာနဲ့ဖုန်း နံပါတ်သာပါရင် ရာနှုန်းပြည့် ပြန်ရတဲ့ လူ့အဖွဲ့အစည်းဖြစ်လာမယ်ဆိုရင်တော့ မဟာသီယာလည်း ငါ့မလေးကွလို့ လက်မထောင်သင့်သလို သီဟနာဒလည်း ငါ့တို့ မြန်မာကွလို့ လက်မထောင်ချင်ပါတယ်။
ကိုမိုးဇက်ရေ ဒီကိစ္စက နှစ်ဖက်နားလည်မှု ရှင်းနေလို့ နှစ်ယောက်စလုံးကလည်း ဒီဘိတ်လုပ်ပြီး အချိန်ကုန်ခံနေကြမယ် မဟုတ်ပါဘူး။

ဆိုးသူက ဆိုးတာပါပဲ(ကောင်းသူက ကောင်းတာပါပဲ)
ကောင်းသူက ကောင်းတာပါပဲ


Ko MoeZet "မျှတ ပါတယ် ဘုန်းဘုန်း. စောဒက လဲတက်ဖွယ် အလျှဉ်းမရှိပါ.
စတိုင်ယာ ကွန့်မဲန့်တခု ကို ကာလံကို သတိမပြုမိခဲ့မိပဲ စွတ်တင်မိတဲ့ တပည့်ရဲ့အမှားတချက်ကြောင့်. ဘုန်းဘုန်းဘုရား အုန်းစားခဲ့ရတာကိုလဲ တောင်းပန်လိုပါ၏"


အရင်နေ့က ကိုမိုးဇက်ပြောခဲ့တဲ့ မဟာသီယာရဲ့ အင်တာဗျူးစကား ကောက်နှုတ်ချက်ကို တင်ပေးလိုက်ပါတယ်။
ဒီအတွက် ကိုမိုးဇက်ရယ်၊ မဟာသီယာရဲ့ ရိုးသားပွင့်လင်းမှုရယ်၊ အထူးသဖြင့် မလေးရောက် မြန်မာအလုပ်သမားတွေရဲ့ ရိုးသား၊ ကြိုးစားမှုရယ်ကို ကျေးဇူးတင်ပါတယ်။

(26 Sep)

"If Malays see money, if they can, will steal".

Ethnic Chinese and even the migrant Myanmar workers are more honest compared to the native Malays where money is concerned, Tun Dr Mahathir Mohamad said today as he continued his decades-old belief of inherent racial weaknesses to explain the economic failures of Malaysia’s largest community.

“Now I have a bakery. I want to say honestly, I am ashamed because among the Malay, Chinese or Burmese or any other workers, the Malay ones sometimes when they see money they forget themselves, they become dishonest,”

“Whenever the [Malay workers] see money, if they can swipe the money, they will. I have fired a lot of Malays because of this attitude. But the Chinese are not like that,”
“When we’re trust worthy, when we want to lend money, people will give because they know we will pay it. How many Malays when they borrow money, they don’t pay back?” asked Dr Mahathir.
“We have to be trustworthy so people will give contracts to us. When we want to give contracts, we give to the Chinese instead because we know they will do their work properly. This is our weakness, not trustworthy,”
“I have never wanted to fool myself. If they’re lazy, I call them lazy. If people don’t like it, then be it. When I was Umno president, I
used to nag all the time. ” 

ပြန်ချင်တဲ့ ကွန်မင့်များ


"ဒီကိစ္စက ကိုးကွယ်တဲ့ဘာသာနဲ့မဆိုင်ဘူးထင်ပါတယ် သက်ဆိုင်သူတွေရဲ့ စာရိတ္တနဲ့ပဲ သက်ဆိုင်နိုင်ပါတယ်ရေးထားတဲ့စာအသွားအလာကို
ကြည့်ရင် မွတ်စလင်ဘာသာကိုအထင်ကြီးတဲ့ပုံစံဖြစ်နေပါတယ်
ကမ်းလက် ရဲ့အတွေ့အကြုံတွေကိုစောင့်မျှော်အားပေးလျှက်" Pyau Saw Htee


Pyau Saw Htee ရေ။ သူတို့ကို အထင်မသေးချင်ပါဘူး။ ဒါပေမဲ့ ဖြစ်နိုင်ရင်တော့ ဂျပန်တို့ ကိုရီးယားတို့လို့ ယဉ်ကျေးမှုမရောနှောဘဲ မြန်မာပြည်မှာ ဗုဒ္ဓဘာသာ ယဉ်ကျေးမှု တစ်ခုထဲပဲ ရှိစေချင်တဲ့အထဲ ကမ်းလက်တို့ ပါဝင်ပါတယ်။
နောက်ပြီး အချိန်တွေအများကြီးပေးပြီး "လူ့ယဉ်ကျေးမှုပဋိပက္ခ" ကို ဘာသာပြန်ခဲ့ တာဟာ ဒီပြသနာကြားက ဟန်ချက်ကို ကျယ်ကျယ်ပြန့်ပြန့်ကြည့်ပြီး အဖြေ တစ်ခုခုရနိုင်ကောင်းရဲ့၊ ပညာပါပါ ပြုပြင်၊ ထိမ်းသိမ်းမှုတွေ ရှိလာနိုင်ကောင်းရဲ့ ဆိုတဲ့မျှော်လင့်ချက် ပါဝင်ပါတယ်။ ကိုယ်လုပ်နိုင်တာလည်း ဒါပဲရှိတယ်လေ။

ဆိုးသူက ဆိုးတာပါပဲ(ကောင်းသူက ကောင်းတာပါပဲ)
ကောင်းသူက ကောင်းတာပါပဲ

မိမဆုံးမ ဖမဆုံးမကွန်မင့်ရှင်သို့


ဒီမိန်းကလေးဟာ သူမဘာသာရဲ့ အားနည်းချက်တွေကို ပြင်စေချင်လွန်းလို့ ဒီ စာအုပ်အုပ်ရေးတယ်။ မွတ်စလင် လူကြီးလူကောင်းတွေအတွက် စဉ်းစား သုံးသပ်စရာတွေဖြစ်သွားပြ်ီး မွတ်စလင် မိမဆုံးမ ဖမဆုံးမတွေအတွက် ဆဲစရာဖြစ်သွားတယ်။ သူမရဲ့ဘာသာကို ပြင်စေ၊ တိုးတက်စေချင်လို့ရေးတာ၊ အပုတ်ချတာ မဟုတ်ဘူး။ ခင်များရဲ့ မိမဆုံးမ ဖမဆုံးမကွန်မင့်ကို အင်တာတိန်း မလုပ်နိုင်တဲ့အတွက် ဆောရီးပါပဲ။




ကမ်းလက်(သီဟနာဒ)

ဆိုးသူက ဆိုးတာပါပဲ(ကောင်းသူက ကောင်းတာပါပဲ)
ကောင်းသူက ကောင်းတာပါပဲ

ဆိုးသူက ဆိုးတာပါပဲ(ကောင်းသူက ကောင်းတာပါပဲ)


သူက ရန်ကုန်သား၊ တက္ကစီသမား၊ ဗုဒ္ဓဘာသာတစ်ယောက်ပါ။
ဒီကိစ္စ ၂၀၀၂ ခု၊ အောက်တိုဘာ ၂၂ ရက်နေ့က ဖြစ်ပွားခဲ့တာ။ ရွှေတောင်ကုန်း သာသနာ့ ရိပ်သာမှာ တရားအားထုတ်၊ စာပေသင်ကြားအပြီး ကိုရီးယားပြန်ခါနီး ကိုရီးယား သီလရှင်နှစ်ပါး(မဝိမလနဲ့မဓမ္မဒသီ)နဲ့အတူ ကျိုက်ထီးရိုးကို ဘတ်စ် ကားနဲ့ ဘုရား ဖူးသွားခဲ့ကြပါတယ်။

တာဝန်ခံဆရာတော်ကို လျှောက်ထားခဲ့တာက သူတို့နှစ်ပါးထဲသွားမယ် ဆိုတာ မျိုးဖြစ်ဟန်တူပါတယ်၊ ဒါပေမဲ့ မပြောတတ် ပြောတတ်မြန်မာစကားနဲ့ အခြား ကြုံတွေ့ရဖွယ်ရှိတဲ့ အခက်အခဲတွေကြောင့် အကူအညီတောင်းလို့ သူတို့နဲ့ အတူတူ လိုက်သွားခဲ့ပါတယ်။ ဒါ့ကြောင့် ဘတ်စ်ကားဂိတ်ကနေ တက္ကစီ စီးပြီး ရွှေတောင်ကုန်း ရိပ်သာအပြန်မှာ ရိပ်သာထဲအထိ မလိုက်ခဲ့ဖို့ သူတို့ကပြော လို့ မလိုက်ဘဲ ခပ်လှမ်းလှမ်းလေးမှာပဲ ဆင်းနေရစ်ခဲ့ပြီး သူတို့ကို လိုက်ပို့ပြီးရင် ကားကိုပြန်လှည့်မောင်းလာဖို့ တက္ကစီသမားကို မှာလိုက်ပါတယ်။ တက္ကစီခကိုလည်း သန္တိသုခရောက်မှ ငါပေးမယ်လို့ မှာလိုက်တယ်၊ ကားနံပါတ်ကို လည်း မှတ်ထားလိုက်တယ်။
ခပ်လှမ်းလှမ်းလေးမှာဆိုတာ မျက်စိနဲ့မြင်ရ၊ ခေါ်ရင်ကြားရတဲ့ နေရာမျိုးပါ။ ဗုဒ္ဓဘာသာ၊ တက္ကစီသမားကတော့ တင်ပါဘုရားပေါ့။ (ဘုန်းဘုန်းတွေ၊ ဆရာလေးတွေမို့ တက္ကစီခတောင် ဈေးလျှော့ယူတယ်ဆိုတဲ့ လေသံမျိုးနဲ့)
တက္ကစီခ မပေးရသေးဘူး၊ ကားနံပါတ်ကိုလည်း မှတ်ထားလိုက်တယ်ဆိုတဲ့ အချက်နှစ်ချက်ကြောင့် ခရီးဆောင်အိပ်ကိုတောင် ယူမထားလိုက်မိဘူး၊ ကိုယ့်လူ မျိုး၊ ကိုယ့်ဘာသာကို ယုံကြည်တာကိုး။

ဖြစ်ရပုံက ဒီလို။ ဆရာလေးနှစ်ပါးကို ချပေးထားခဲ့ပြီး ဘသားချောက ပြန်မလာတဲ့ အပြင် မျက်နှာပြောင်တိုက်ပြီး ဆန့်ကျင်ဖက်ကို မောင်းပြေးသွားတော့တယ်။ ခေါ် လို့လည်း မရ၊ ပြေးလိုက်လို့လည်း မမီ၊ ဆိတ်ငြိမ်ရပ်ကွက်လည်း ဖြစ်နေ။ မျက်စေ့အောက်မှာတင် သိသိကြီး ခံလိုက်ရပါတယ်။
ကားနံပါတ်ရှိနေတာမို့ ယဉ်ထိမ်းရုံးနဲ့ ရဲကို ကိုယ်တိုင်သွားပြီးတိုင်ကြားပေမဲ့ အရေးတယူ အမှုဖွင့်ပေးဖော်တောင် မရပါဘူး။ တိုတိုပြောတော့ အားလုံး ဆုံး တယ်ပေါ့။ ဝမ်နည်းစရာအကောင်းဆုံးက သူတို့ ကိုရီးယားမပြန်ခင် အမှတ်တရ ဓာတ်ပုံတွေရိုက်ထားတဲ့ ကင်မရာပါသွားခြင်းပါပဲ။ နှမြောတာထက် ရှက်တာက ပိုများမယ်ထင်ပါတယ်။
အဲဒါ "တင်ပါး" ချင်း မိုးမွှန်အောင်ပြော၊ ဘုန်းဘုန်းတွေ၊ ဆရာလေးတွေပဲ ပေး သလောက်ပဲ ယူရမှာပေါ့ဆိုတဲ့ ဗုဒ္ဓဘာသာ၊ မြန်မာလူမျိုးစစ်စစ် တက္ကစီ သမား ပါပဲ။ လူလိမ် လူညာတွေ အများကြီးရှိတယ်၊ ပြောလိုက်ရင် ငါးပါးသီလကနေ တစ်ပြားမှ မလျှော့ဘူး။

ကဲ....ကိုရီးယားလေဆိပ်မှာ စင်္ကာပူက ဖုန်းတစ်လုံးကောက်ရ၊ ပိုင်ရှင်ကို မရ အရလိုက်ရှာ၊ ပိုင်ရှင်လက်ထဲ ကိုယ်တိုင်လာထည့်သွားတဲ့မွတ်စလင်တစ်ယောက် နဲ့ သင်ကိုယ်တိုင်ကြုံတွေ့ရတဲ့အခါ သင်ဘယ်လိုခံစားရမယ် ထင်ပါသလဲ။
အဲဒီ မွတ်စလင်က
"ဗုဒ္ဓဘာသာလိုပါပဲ ကျနော်တို့ ဘာသာကလည်း ပိုင်ရှင်မပေး တဲ့ ပစ္စည်းကို မယူဖို့ဆုံးမပါတယ်၊ ကောက်ရတယ်ဆိုရင်တောင် တတ်နိုင်သရွေ့ ပိုင်ရှင် ဆီပြန်ရောက်အောင် ကြိုးစားရပါတယ်"
လို့ပြောရင် သင့် အနာပေါ် ဆားရေနဲ့ လောင်းထည့်လိုက်သလို ဖြစ်မနေနိုင် ဘူးလား။
အဲဒါ အကျင့်ပျက် ဗုဒ္ဓဘာသာအချို့နဲ့ တာဝန်မဲ့အစိုးရရဲ့ အုပ်ချုပ်ပုံယန္တယား တစ်စိတ်တစ်ပိုင်းပါ။ နီးစပ်ရာမိတ်ဆွေတွေကလွဲရင် ဘယ်မှာမှ မရေးဖြစ် မပြောဖြစ်ခဲ့ပါဘူး။ အခုဟာက တိုက်ဆိုင်လွန်းနေတော့......... ။

သေခြင်းတရားဆိုတာ


သေခြင်းတရားဆိုတာ ပုံစံမျိုးစုံနဲ့ ရောက်လာတတ်တာပဲ။ စစ်ဖြစ်မှ၊ ကင်ဆာ၊ အီဘိုလာဖြစ်မှရယ် မဟုတ်ပါဘူး။
ပြောရင် ဘယ်သူယုံမှာတဲ့လဲ။ ချယ်လ်ဆီးကို သူ့သားဟောင်းကြီး လမ်းပတ်က မန်စီးတီးအတွက် ခြေပဂိုးသွင်းလိုက်လို့ ယူဂန္ဓာနိုင်ငံသား ဖာဟက် မူစာနာ ခမျာ နှလုံးရောဂါနဲ့ သေဆုံးသွားပါသတဲ့။
ဂိုးသွင်းတာနဲ့ သေနိုင်တယ်ဆိုတာသိတဲ့နောက် ဘာတွေကို တွေးပူနေတော မလဲ။

ဗြိတိသျှအကူအညီ


အင်္ဂလိပ်တွေဆီက ထွက်လာတဲ့ဟာသပါ။ ဒါမျိုးက ရယ်စရာမလုပ်သင့်ဘူးလို့ ဆိုနိုင်သလို ရယ်စရာအနေနဲ့ပဲ သဘောထားမယ်ဆိုရင်တော့ အဆုံးသတ်ပုံလေး က ပြုံးရပါတယ်။

၈.၁ စကေးရှိတဲ့ငလျင်ကြီး အရှေ့အလယ်ပိုင်းမှာ လှုပ်ခတ်သွားလို့ လူဦးရေ နှစ် သန်းသေဆုံးပြီး တစ်သန်းခန့် ဒဏ်ရာရရှိသွားခဲ့တယ်။ အီရတ်နဲ့ အီရန်နိုင်ငံဟာ ငလျင်ဒဏ်အများဆုံးခံလိုက်ရပြီး အစိုးရတွေအနေနဲ့ လည်း ဘာလုပ်လို့ လုပ်ရ မှန်းမသိ ဖြစ်နေကြတယ်။
အမေရိကန်တွေကတော့ အကူအညီပေးဖို့ တပ်ဖွဲ့တွေလွှတ်ပေးတယ်။
ဆော်ဒီအာရေးဗျက ရေနံတွေလှူတယ်။
လက်တင်အမေရိက နိုင်ငံတွေက ပစ္စည်းအထောက်အပံ့တွေ ပို့ပေးတယ်။
နယူးဇီလန်က သိုးဆိတ်တွေ၊ ကောက်ပဲသီးနှံတွေ ပို့ပေးတယ်။
အာရှနိုင်ငံတွေက ပြန်လည်တည်ဆောက်ရေးအတွက် လုပ်အားပေးတွေ လွှတ်ပေးတယ်။
ကနေဒါက ဆေးဝါးကုသရေးအဖွဲ့နဲ့ဆေးဝါးတွေ လှုဒါန်းတယ်။
ဂရိတ်ဗြိတိန်ကတော့ သူများနဲ့မတူတဲ့ ကူညီမှု ပေးလိုက်တယ်။ အဲဒါက ဗြိတိန်ထဲမှာရှိတဲ့ မွတ်စလင်ဦးရေ သုံးသန်းကို သေဆုံးဒဏ်ရာရသူတွေနေရာ အစားထိုးဖို့ ရက်ရောစွာ ပေးလှုလိုက်ခြင်းပါ တဲ့။

GREAT BRITAIN....
Damn those Brits are smart !!!

ကောင်းသူက ကောင်းတာပါပဲ


သူဟာ မလေးမွတ်စလင်တစ်ယောက်ပါ။
ကိုရီးယားလေဆိပ်မှာ ဓာတ်ပုံရိုက်မယ်ဆိုတော့ ဘက်ထရီက မရှိတော့ဘူး။ ဒါနဲ့ အိပ်ကပ်ထဲပြန်အထည့်မှာ ဘေးချော်သွားဟန်တူပါရဲ့။ ဖုန်းကျပြောက်ခဲ့တယ်။
ဖြစ်ချင်တော့ ဖုန်းကိုတွေ့သွားသူက စင်္ကာပူရီယန်း မစ္စတာ ရှရစ်ဖ်။ ဟိုတယ်ကိုရောက်တယ်ဆိုရင်ပဲ ဖုန်းကိုအားသွင်းကြည့်လိုက်တော့ စင်္ကာပူက ဖုန်းဖြစ်နေတယ်။ ဒါနဲ့ ဆင်းမ်ကတ်ကိုထုတ်ပြီး သိမ်းထားခဲ့တယ်။ စနေနေ့က သူပြန်ရောက်၊ ဟိုမှာ မက်ဆေ့ရခဲ့တဲ့ မော်ရင်းဆီကို သူကိုယ်တိုင်ဆက်သွယ်ပြီး ပိုင်ရှင်ကိုရှာဖွေခဲ့တယ်။ ဒီနေ့ ညနေ ခြောက်နာရီမတ်တင်းမှာ သူကိုယ်တိုင်ပဲ လက်ထဲလာထည့်ပေးသွားတယ်။ သူဟာ မလေးမွတ်စလင်တစ်ယောက်ပါ။



သူက ဗုဒ္ဓဘာသာပရဟိတအဖွဲ့တွေရဲ့ လက်အောက်မှာ ပရဟိတလုပ်နေသူ လည်းဖြစ်တယ်။ ဖြစ်နိုင်ရင် လာမယ့်စနေနေ့မှာ သူတို့ပရဟိတ ရံပုံငွေအတွက် ညစာစားပွဲတစ်လုံး ဒေါ်လာ ၈၀၀ကို ကျောင်းအနေနဲ့ ဖြစ်နိုင်ရင် အားပေး ဖို့ မေတ္တာရပ်ပါတယ်။
သူ့ရဲ့ ရိုးသားမှု၊ ပရဟိတစိတ်ရှိမှုတွေကို ထောက်ဆရင် ဒေါ်လာရှစ်ရာဆိုတာ များမှ မများဘဲ။ ရိုးသားမှုကို ဂုဏ်ပြုရမှာပေါ့။

ကိုရီးယားရှိနေစဉ် အသုံးပြုနိုင်အောင်ဆိုပြီး တစ်နာရီကြာကားစီးရတဲ့ ခရီးကနေ လာပြီး ဖုန်းတစ်လုံးလာပေးထားတဲ့ ကိုရီးယားရောက် ကိုဇေယျာစိုးရဲ့ ကျေးဇူးကို လည်း ဒီမှာ မှတ်တမ်းတင်လိုက်ရပါတယ်။
အဆင်ပြေကြပါစေ မစ္စတာ ရှရစ်ဖ်နဲ့ ကိုဇေယျာစိုး။
ဒါဟာ အဆင့်မြင့် ယဉ်ကျေးမှုပါ။ နောက်ပြီး ဒါဟာ နေရှင်းတစ်ခုရဲ့ ဂုဏ်သိက္ခာ လည်းဖြစ်ပါတယ်။ အဆင့်မြင့် ယဉ်ကျေးမှုရှိတဲ့နိုင်ငံတွေမှာ ကျပျောက်ပစ္စည်း ဆုံးရှုံးတယ်ဆိုတာ ၂၀ ရာခိုင်နှုန်းထက် မကျော်ဘူး။

***ကိုရီးယားရဲ့ ဝိဉာဉ်ကို ဖမ်းကြည့်ခြင်း***


ကိုရီးယားရဲ့ ဝိဉာင်က ဘယ်မှာလဲ။
မစ္စတာ ဟန်တင်တန်စကားအရအားကောင်း လာတဲ့ နေးရှင်းက ဂလိုဘယ် ကြံတယ်။ အားနည်းတဲ့ နေးရှင်းက သေးသိမ်တယ်၊ သီးသန့်ဆန်တယ်။ ဒုတိယ အကြိမ်မြောက် မစ္စတာ ဟန်တင်တန်ကို လက် ဆွဲနှုတ်ဆက်လိုက်မိတယ်။
Psy ကမ္ဘာကျော်သွားတာ ကံလား။ ဒါဆို ကိုရီးယား ဒရားမားတွေကို ဘယ် လို ပြောကြမလဲ။
ကေပေါ့ လွှမ်းမိုးလာနေပုံကို ကံအပေါ်မှာပဲ ပစ်ချကြမှာလား။ နောက်ဆုံး အံ့မ ခန်း ဖွံ့ဖြိုးလာတဲ့ သိပ္ပံနဲ့နည်းပညာ။
အဲဒီနေးရှင်းဟာ ဒီနေ့ ဂလိုဘယ်ပဲ ကြံနေကြတော့တယ်။

အဲဒီ စွမ်းအင်တွေ သူတို့ ဘယ်ကရကြပါလိမ့်။ ဒုတိယမျိုးဆက်ရဲ့ လက်ဆင့် ကမ်းသယ်ဆောင်လာမှုကို တတိယမျိုးဆက်က တာဝန်ကျေကျေ၊ ယုံကြည် မှုမြင့်မြင့်နဲ့ လက်ဆင့်ကမ်းယူလိုက်နိုင်ကြတယ်။ တစ်ချိန်က ကျနော်တို့နဲ့ သူတင်ကိုယ်တင် ကိုရီးယားဟာ မျိုးဆက်နှစ်ဆက်အတွင်းမှာ ဂလိုဘယ်ပဲ ကြံကြတော့တယ်။
သာမန် ငြိမ်းချမ်းရေးဆမ်းမစ်တစ်ခုအတွက် ကမ္ဘာ့နိုင်ငံ ၁၃၀ ကျော်ကို ဖိတ် ကြတယ်။
အိုလံပစ်ဘောလုံးကွင်းကြီးထဲမှာ ဖွင့်ပွဲကြီး ကျင်းပကြတယ်။ အဲဒါ Youth လို့ခေါ် တဲ့ အနာဂတ်လူငယ်တွေ ဦးဆောင်သွားတာ။
သူတို့အားလုံးရဲ့အသက်တွေက ၁၈ နှစ်ကနေ ၃၀ အတွင်း။ နိုင်ငံခြားဧည့်သည် ငါးထောင်ကျော်ကို အကူအညီပေးသူ တစ်ယောက်စီပေးထားတယ်။
တစ်နိုင်ငံလုံးကနေ လာရောက်လုပ်အားပေးသူ လူငယ် ငါးသောင်းကျော်။ အဲဒီ ကိုရီးယားကို ဘယ်သူ ရပ်တန့်မှာလဲ။


အိုလံပစ်အားကစားကွင်းကြီးထဲက ကိုရီးယားလူငယ်တွေရဲ့ ယုံကြည်မှု၊ ဖွင့်ပွဲ အခန်းအနား၊ တောက်ပနေတဲ့ အနာဂတ်ကြည့် မျက်လုံး၊ ဘာမဆို "Yes, we can" စိတ်ဓာတ်၊ ကိုရီးယားမျိုးချစ်စိတ်။ ဒါတွေကို ကိုယ်တိုင်မျက်စိနဲ့ အားကျ၊ မနာလို၊ မင်တက်မိစွာကြည့်နေမိရင်း ဒီစွမ်းအားတွေ သူတို့ ဘယ်ကများ ရကြ ပါလိမ့်ဆိုတဲ့ နောက်ခံတွန်းအားတွေကို လိုက်ရှာနေမိတယ်။ ဘယ်ကနေ ရှာယူ ရမလဲ။ ဘယ်ကရှာနေရအုံးမှာလဲ။ ကိုရီးယားလူငယ်တွေဆီကပဲပေါ့။

ဒီအတွက် ကိုရီးယားရှိနေစဉ် ကျနော့်အတွက် အနီးကပ် အကူအညီပေးဖို့ တာဝန်ပေးခြင်းခံရတဲ့ ပူဆန်မြို့သူ၊ ၂၁ နှစ်အရွယ်၊ အင်္ဂလိပ် လစ်ထရေချာမေဂျာ ကိုယူထားတဲ့ ဂျက်စမင်း ကင်မ် ကို ကျေးဇူး တင်မိ ပါတယ်။ သူနဲ့ ဆက်စပ်ပြီး အခြားလူငယ်တွေနဲ့လည်း စကားပြောခွင့်ရခဲ့ပါတယ်။
လက်ရှိ လူငယ်မျိုးဆက်လက်ထက်မှာ ကိုရီးယားကို ရပ်တန့်လို့ရမယ် မဟုတ်ဘူး။

ပိုအားကောင်းလာမယ့် ကေ ဒရားမားတွေ၊ ကေပေါ့ တွေ၊ ကေ သိပ္ပံနဲ့နည်း ပညာတွေ ကျနော်တို့ မြင်တွေ့ကြရလိမ့်မယ်။
ကဲ မေးပြီ။
ကျနော်တို့လူငယ်တွေ ဘာလဲ၊ ဘယ်လဲ။ လူငယ်ရဲ့ အားကို အသုံးချရမှန်းမသိ၊ လွတ်ကျ၊ လဲကျမှုကို ရပ်ကြည့်ရင်း အချိန်တွေကုန်စေမယ်ဆိုရင် အဲဒီနေးရှင်းက ဘယ်ကို ဦးတည်နေမလဲ။ အဆိုးမြင်၊ အကောင်းမြင် အတွေးတွေနဲ့ ဒီဆောင်းပါး ကို နိဒါန်းပျိုးလိုက်ပါတယ်။

သာသနာပြုအစစ်ဖြစ်ရှာသော စကျင်တောင်ကြီး


ကျောင်းနံရံမှ ဗုဒ္ဓဝင်ပန်းချီကားများ၊ နှစ်(၅၀) မြောက် မဂ္ဂဇင်းစာအုပ်ကြီး ရုပ်ပုံများ ပျက်စီးသွားခြင်း၊ ဆုတ်ဖြဲခံရခြင်းမှ စရမည်ထင်သည်။ မဂ္ဂဇင်းစာအုပ်ကား အရေးမကြီး၊ စာအုပ်များစွာရှိ၏။ ဘုရားခန်းထဲမှ ဘုရားပုံရေဆေးပန်းချီကားကြီးများကို ရုပ်ဖျက်သွားခြင်းက တော်တော်အကြည့်ရဆိုး၏။ အဘယ့်ကြောင့် ဤသို့ လုပ်ရလေသနည်း။


          ကော်မတီက စိတ်ဆိုး၏။ ရဲကို အကြောင်းကြား၏။ ရဲလာ၏။ စီစီတီဗွီမတပ်ရသေးသည့်အတွက် ဘာမှလုပ်မပေးနိုင်ကြောင်း ရှင်းပြ၏။ တရားခံသက်သေ လက်အိတ်များ ရှိ၏။ ခက်သည်က မပြေးသော်လဲ ကန်ရာရှိဖြစ်တော့၏။ ပန်းချီကားများကို ဖျက်သွားသော ထိုလက်အိတ်များကို ဒကာတစ်ယောက်တွေ့လာ၏။ ထိုလက်အိတ်များကို ကိုင်ကြည့်လိုက်မိသည်က သီဟနာဒပင်တည်း။

          မည်သူလက်အိတ်များကို ကိုင်သေးသနည်းဟု ရဲကမေး၏။ ဖြေရတော့၏။ သို့မဟုတ်လျှင် တရားခံလုံးလုံးဖြစ်ရချေတော့မည်။ ရဲများက ရယ်ကြ၏( ရဲများလည်း ရယ်တတ်၏ဟူလို)။

          ထိုပန်းချီကားများ ပြန်လည်အသက်သွင်းနိုင်ရေးအတွက် ပြင်ဆင်ကြရ၏။ ထို့ကြောင့် သီရိလင်္ကာယဉ်ကျေးမှုပန်းချီများဖြစ်သဖြင့် သီရိလင်္ကာ ပန်းချီဆရာကိုခေါ်၍ အဆွဲခိုင်းရသော် ပို၍သင့်တော်မည်ဟု အကြံပြုမိ၏။ ရှာကြသည်။ မရ။ နှစ်လ၊ သုံးလ။ ကြာတော့ စိတ်မရှည်ချင်။ မြန်မာ ပန်းချီဆရာနှင့်လည်း ဖြစ်နိုင်သည်သာ။

          ဒကာမတစ်ယောက်၏ အကူအညီဖြင့် ပန်းချီကျောင်းဆင်းလူငယ်လေး ရောက်လာ၏။ သူတစ်ပုံ ပြန်ဆွဲပေး၏။

          အတော်ကြာမှ ပဲခူးက ပန်းချီဆရာကို သတိရသည်။ ကုသိုလ်ရသည့် အလုပ်ဖြစ်သဖြင့် သူတော်တော် ပျော်သွားသည်။ တနင်္ဂနွေသုံးရက်လာဆွဲပြီး ပန်းချီကားများကို ပုံမှန်ပြန်ဖြစ်အောင် ရေးဆွဲပေးသည်။ ကျေးဇူးများစွာ တင်ရ၏။

          ပြောချင်သောအကြောင်းကို အခုမှ ရောက်တော့သည်။
          ပဲခူးမှ (စာရေးဆရာ) ပန်းချီဆရာက ဝါရင့်ပြီဖြစ်၏။ ထို့ကြောင့် ထိုပုံတို့ကို ပန်းချီဈာန်ဖြင့် သူကိုယ်တိုင်ပြန်ဆွဲလိုက်သည်။ ပြီးသွားပြီ။

          မြန်မာပန်းချီဆရာတစ်ယောက် ပြန်ဆွဲလိုက်တာ ဖြစ်သည့်အတွက် ပန်းချီကားမျက်နှာများက မြန်မာမျက်နှာနှင့် အနည်းငယ်ဆင်သွား၏။ ပြုံးလိုက်မိ၏။ အားနာသလိုလိုလည်း ဖြစ်လိုက်၏။ အကယ်၍များ နောက်ထပ်တစ်ကြိမ် ပြန်ဆွဲမည်ဆိုလျှင် ဘုရားရုပ်ပုံတော်များအားလုံး မြန်မာပြည်က ရုပ်ပုံတော်များနှင့် တထေရာထဲ ဖြစ်သွားနိုင်သည်ဟု တွေးမိခြင်းကြောင့်ဖြစ်၏။ ပျော်သလိုလို၊ အားနာသလိုလိုပင်တည်း။ မှန်၏။ မြန်မာဆွဲလျှင် မြန်မာနှင့်တူမည်။ မြန်မာထုလျှင် မြန်မာနှင့်တူမည်။

            စကျင်တောင်ကြီး သာသနာပြုအစစ်ဖြစ်ပုံကို ဆိုတော့အံ့။



          စင်္ကာပူ၊ မလေးရှား၌ရှိသော မဟာယာန၊ ထေရဝါရ ဗုဒ္ဓဘာသာကျောင်းများ၏ ဘုရားခန်းများကို ဂရုစိုက်လေ့လာမိ၏။ မဟာယာနကျောင်းများတွင် ကွမ်ယင်စသော အခြားသောရုပ်တုများကိုလည်း တွေ့ရ၏။ ထို့အတူ ဖြူဖြူသန့်သန့် မြန်မာမျက်နှာပေါက်နှင့်တူသော ဆင်းတုတော်ကိုလည်း တွေ့ရ၏။

          ပါရမီနုသေးသည်ဟု ဆိုလိုကဆိုစေ၊ ဖြူဖြူသန့်သန့် မြန်မာမျက်နှာပေါက်နှင့် ဖြစ်တော်မူသော ထိုဆင်းတုကို ကြည်ညိုရသည်က ပို၍အားရနှစ်ထောင်း ဖြစ်မိ၏။ ဤကိစ္စကို မငြင်းချင်၊ မငြင်းလို။ ထိုဆင်းတုတော်ကြီး၏ ခရီးအစကား စကျင်ကျောက်တောင်ကြီးပင်တည်း။ ထို့နောက် မန္တလေး ကျောက်ဆစ်တန်း၊ ရွှေတိဂုံ ခြေတော်ရင်းဝန်းကျင်။ ထိုမှတဆင့် ကမ္ဘာသို့ပင် ပြန့်သွားတော်မူ၏။

          သီရိလင်္ကာကျောင်းတော်တော်များများ၌လည်း ဤဖြူဖြူသန့်သန့် မြန်မာမျက်နှာနှင့် ဆင်းတုတော်ကို ဖူးတွေ့ရ၏။ သီရိလင်္ကာဘုရားဆင်းတုများကား ပုံသွင်းထားသည်ဟု ဆိုကြ၏။ မြန်မာက ထွင်းထု၏။ မည်သို့ဆိုစေ ခန်းမကျယ်ကျယ်၊ ပလ္လင်ပြန့်ပြန့်ရှိသော နေရာတိုင်းတွင်မူ စကျင်မှ ကြွတော်မူလာသော အရှင်မြတ်ကြီးများကိုဖူးတွေ့ရတတ်၏။

          စင်္ကာပူ၊ မလေးရှားလောက်ဖြင့် မပြီးသေး။

          အမေရိက၊ ဥရောပ၊ အော်ဇီ နှင့် နယူးဇီလန်မှာ သီတင်းသုံးတော်မူကြသည့် ညီတော်၊ နောင်တော်တို့ထံမှလည်း သတင်းရသည်။ ထိုအရှင်တို့ နေရာများတွင်လည်း ဤနည်းနှယ်နှယ် တွေ့ကြရသည်ဟု ဝမ်းမြောက်ဖွယ်သတင်းရသည်။

          “ ဘုရားရတနာကို ဆင်းတုကကွယ်သည်” ဆိုသည့် ဆရာတော်ကြီးများ၏ သြဝါဒကို နာရဘူး၏။ မှန်ပါ၏။ ဂုဏ်တော်ထုံမွှမ်း ပုံတော်မှန်းဖြစ်ပါ၏။ ခက်သည်က ရဟန်းပင်ဖြစ်သော်ငြား သီဟနာဒကိုယ်တိုင်ပင် ထိုစကျင်မှ ကြွလာသော ကိုယ်တော်မြတ်ကြီးကို တစိမ့်စိမ့်ကြည့်၍ ကြည်ညိုရာမှ ဘုရားရှင်၏ဂုဏ်တို့က ပို၍ ထင်ထင်ရှားရှား ဖြစ်နေသလို ခံစားရ၏။

          ထေရဝါဒခြင်းပင်တူသော်လည်း ထိုင်းယဉ်ကျေးမှု ဆင်းတုတော်တို့က အမွမ်းအမံတို့များ၏။ သီရိလင်္ကာ ယဉ်ကျေးမှုဆင်းတုတော်တို့က ပို၍ရှင်း၏။ မျက်နှာတော်ကလည်း မဇ္ဈိမ မျက်နှာတော်ဖြစ်၏။ ပို၍ နီးစပ်နိုင်သည်ဟု ထင်၏။
          မည်သို့ဖြစ်စေ မြန်မာရဟန်းအဖို့မှာတော့ မြန်မာဘုရားနှင့်သာပို၍ သဟဇာတပစ္စည်း စပ်တော့၏။ စကျင်တောင်သည် အမှန်ပင် သာသနာပြုနေသော တောင်ကြီးဟု ခံစားမိသည်။(ကျောက်ဆစ်ထုသူများ၊ ပဲခူးမှ ပန်းချီဆရာနှင့် လူငယ်ပန်းချီဆရာလေးသို့- အမှတ်တရ)




သီဟနာဒ
 




24/01/2012



Copyright © 2011 ကမ်းလက်. All rights reserved.

ယောက်ျားတွေ အမြဲရှုံးတယ်

၁။ ချာလီ ချက်ပလင်
ဟာသဆရာကြီးက အမျိုးသမီးတွေကို အရင်ဆုံးသရော်တာ။
အသံတိတ် ရုပ်ရှင်ကားခေတ် ကုန်သွားတာ သိပ် ဝမ်းနည်းစရာကောင်းတယ်။
စဉ်းစားကြည့်ဗျာ၊ မိန်းမတစ်ယောက် စကားပြောနေတယ်၊ ဒါပေမယ့် ဘာအသံမှ မကြားရဘူး။
ဘယ်လောက် စိတ်ချမ်းသာစရာ ကောင်းလိုက်သလဲ - လို့ တဲ့။


၂။ ရုရှားက ဟာသ ဆရာ ထရုရှကင်က ရောယောင်ပြီး သရော်ပြန်တယ်။
လေပြင်းမုန်တိုင်း တိုက်နေတဲ့ အချိန် ပင်လယ် ကမ်းစပ်မှာ မိန်းမနဲ့ လမ်းလျှောက်ရတာ
သိပ် စိတ်ချမ်းသာစရာ ကောင်းတယ်။ သူ ဘာပြောပြော ဘာမှကို မကြားရဘူး - တဲ့။

၃။ ဇာဇာဂါဘိုး
သူတို့ ဘာတွေပဲ ပြောပြော အမျိုးသမီးတွေက ပြောလိုက်ရင် တစ်ခွန်းဆို တစ်ခွန်းပဲ။
ယောက်ျားတွေနဲ့ စကားငြင်းခုံနေတာ အဓိပ္ပါယ် မရှိဘူး၊
ထုံးစံအတိုင်း သူတို့ ဘယ်တော့မှ မမှန်ဘူး တဲ့။

ကဲ ပြောကြအုံး။
26/06/2012

ဦးကိုမောင်












Copyright © 2012 ကမ်းလက်. All rights reserved.

အာနန္ဒာဆိုသည့် ကောင်ကလေး၊ မောင်ဇနကနှင့် ဦးဇင်း


အရှင်အာနန္ဒာဆိုသည့် ပုဂ္ဂိုလ်မြတ်ကြီးကို ကောင်ကလေးဟု မည်သူခေါ်ရဲအံ့နည်း။ ရှိ၏။ ခေါ်ရဲသူရှိ၏။

          သီဟနာဒမဟုတ်သည်ကတော့ သေချာသည်။

          ဧတဒဂ်ငါးတန်ရရှိသည့် အရှင်မြတ်ဟု အင်္ဂုတ္ထိုရ်ကဆို၏။ သီဟနာဒကမူ အရှင်အာနန္ဒာသည် ဘုရားရှင်ထက် ဒီမိုကရက်ဖြစ်၏ဟု ဆိုချင်၏။(ဆောင်းပါးရေးပါဦးမည်) ဤအရှင်မပါလျှင် ဘုရားရှင်၏သာသနာ ပြန့်ပွါးနှုန်း တစ်ဝက်လျှော့နိုင်သည်ဟု ဆိုချင်၏။

          အချို့ကား လက်ခံ၏။ အချို့ကား အရူးဟုပြောကြ၏။


          ထားတော့၊ အရှင်အာနန္ဒာကို ကောင်ကလေးဟု ခေါ်ရဲသူကား မြတ်စွာဘုရားကိုယ်တော်တိုင် ခရီးဦးကြိုခြင်းငှာ အက်(ခ်စ်)ကလူးစစ်(ခ်) ခံယူတော်မူထိုက်ခဲ့သော၊ ဇနီးမောင်နှံကြား ပန်းကုံးလေးထား၍ အိပ်သည်ဟူသော အဖြူရောင် ရိုမစ်တစ်ဇာတ်လမ်းတစ်ပုဒ်ကို ရေးနိုင်ခဲ့သော အရှင်မဟာကဿပကိုယ်တော်မြတ်ကြီးပင်တည်း။

          ထိုမထေရ်ကြီးက အရှင်အာနန္ဒာကို “ အယံ ကုမာရကော” ဟု ခေါ်၏။ ကုမာရကို boy ဟုဆိုလျှင်၊ ကုမာရကကို small boy ဟု ဆိုနိုင်သည်။ “ ဒီအာနန္ဒာဆိုသည့် ကောင်ကလေး အကြောင်းအကျိုး၊ အကောင်းအဆိုးကို မသိ” ဟု အရှင်မဟာကဿပ မထေရ်ကြီးက ရေရွတ်တော်မူသည်ဟု ဆို၏။

          ထိုစကားကို ကြားတော်မူရသည့် အရှင်အာနန္ဒာသည် အလွန်ကျေနပ်ပျော်ရွင်သွားသည်ဟု ဆို၏။
          ဘုရားရှင်ဆိုသည့် လောကမီးတိုင်ကြီးငြိမ်း။ မတော်တရော် အယူအဆတစ်ချို့ဖြင့် သာသနာကို အသွင်ပြောင်းရန် ကြံစည်လာသော ရဟန်းတစ်ပါး(တစ်ချို့လည်း ဖြစ်နိုင်၏)၊ ဤအခက်အခဲကြားမှ ပထမသဂါင်္ယနာကို ဦးဆောင်တင်ခဲ့ရသော အရှင်အာနန္ဒာကို ရိုသေကြောက်ရွံ့သူများသာ များပေလိမ့်မည်။ အရှင်၏နာမည်ကိုပင် ခေါ်ရဲသူ အတော်ရှားပေလိမ့်မည်။

          ထိုအခိုက် “ ကောင်ကလေး” ဟု အခေါ်ခံရသောအခါ အလွန်ဝမ်းမြောက်ဝမ်းသာ ဖြစ်ခဲ့ရ၏။ ငယ်မူငယ်သွေးလက်ရာလေး ဖြစ်သောကြောင့်တည်း။ ခံစား၍ ရ၏။

          မဟာဂန္ဓာရုံဆရာတော်ကြီး အရှင်ဇနကာဘိဝံသလည်း ဤသို့ ကြုံဖူး၏။
          လူတစ်ရပ်မကသော စာအုပ်များရေးနိုင်ခဲ့သော၊ ရိုးသားသော လိုက်(ဖ်) စတိုင်(လ်)ကြားမှ ဆန်းသစ်သော အတွေးအခေါ်ဖြင့် ခေါင်းမာမာနှင့် သာသနာကို ချစ်တော်မူခဲ့သော ဆရာတော်ကြီးကို သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ လန့်ကား လန့်ကြသည်။

          ထိုအခိုက် မဟာဂန္ဓာရုံဆရာတော်ကြီးကို “မောင်ဇနက” ဟု ခေါ်သည့် အရှင်ပေါ်လာ၏။ ထိုအရှင်မြတ်ကြီးကား မဟာဂန္ဓာရုံဆရာတော်၏ ငယ်ဆရာ ပထမ မြောင်းမြဆရာတော်ကြီးပေတည်း။

          ဆရာတော် ဦးဇနကာဘိဝံသလည်း “ မောင်ဇနက” ဆိုသည့် ဝေါဟာရလေးအပေါ် အလွန်ပင် နှစ်ထောင်းအားရရှိတော်မူလှသည်ဟု ဆို၏။ ဖြစ်လောက်သည်ဟု ခံစား၍ရ၏။

          သီဟနာဒ စင်္ကာပူရောက်လာ၏။ ကံထောက်မမှု ရှိ၏။ အတန်ငယ် နေရာရ၏။ ထိုအခါ သီဟနာဒကို ဆရာတော်ဟု ခေါ်သူရှိ၏။ အရှင်ဘုရား ခေါ်သူရှိ၏။ ဘုန်းဘုန်း ခေါ်သူရှိ၏။ ဘန္တေခေါ်သူရှိ၏။ ဂုရု ခေါ်သူရှိ၏။ မာစတာ ခေါ်သူရှိ၏။

          လူဟူသည် သူတို့ခေါ်ချင်သလို ခေါ်ကြ၏။ ခေါ်သင့်သလို ခေါ်ကြ၏။

         အချို့ခပ်ငေါ့ငေါ့ပင် “ဆရာကြီး” “ဂုရုကြီး” ဟုပင် ခေါ်ကြသေး၏။ ဆရာတော်ဟူသော ဝေါဟာရကိုမူ သိပ်မကြိုက်။ အခြား “တော်” ပါသော နာမည်တစ်ခုနှင့် ဆင်နေ၍လော၊ “တော်” ဟူသော ဝေါဟာရနှင့် မိမိ မထိုက်တန်သောကြောင့်လော-။ မသိ။ ခက်သည်က တရုတ်တစ်ချို့ကပင် “ ဆရာတော်” ဟု ခေါ်စပြုနေပြီ။ မတားအပ်။ မတားချင်။

          ထိုအခိုက် ဒကာမတစ်ယောက်က-
          “ ဦးဇင်း” ဟု ခေါ်၏။ တော်တော် ပျော်သွား၏။ ဤနာမည်ကို လွမ်းသည်။

          သီဟနာဒကို ဦးဇင်းခေါ်သူများသည်။ အများအားဖြင့် မိသားစုနှင့် ရွာမှ တပည့်ရဟန်းများသာ ဖြစ်ကြသည်။ အမေ၊ အစ်မတို့က “ ဦးဇင်း” ဟုပင် ခေါ်၏။ သီဟနာဒဟူသည် ဘာကောင်ဖြစ်သည်။ ညာကောင်ဖြစ်သည်။ ဘာကောင်၊ ညာကောင်မှ မဟုတ်ဖြစ်သည်။ မည်သို့ဖြစ်စေ သူတို့ကတော့
 “ဦးဇင်း” ပင်ဖြစ်၏။

          မတူရာကို နှိုင်းအံ့။
          “ ကောင်ကလေး” ဟု အခေါ်ခံရသော အရှင်အာနန္ဒာ၊
          “ မောင်ဇနက” ဟု အခေါ်ခံရသော မဟာဂန္ဓာရုံဆရာတော်တို့ကဲ့သို့

          “ ဦးဇင်း” ဟု အခေါ်ခံလိုက်ရသော သီဟနာဒလည်း ပျော်သွားသည်။ ရွာကို သတိရသည်။ မန္တလေးကို သတိရသည်။ ယင်း ဒကာမသည် မန္တလေးသူဖြစ်သည်။ သူမအနေဖြင့် ဤဆောင်းပါးကိုဖတ်ပြီး ပြောင်းလဲမခေါ်စေချင်။ ဦးဇင်းဟုသာ ခေါ်စေချင်၏။



          “ ဦးဇင်း” ဟူသည် ခြောက်နှစ်ကျော်ကျော် ပျောက်ရှနေသော ဝေါဟာရလေးတည်း။
          “ ဦးဇင်း”
          “ ဦးဇင်း”…။ နွေး၏။ ထွေး၏။ ရွာဆန်၏။ မိသားစုဆန်၏။






သီဟနာဒ
 


(2/13/2012)











Copyright © 2011 ကမ်းလက်. All rights reserved.

မသိရင် ပိုကောင်းတာပေါ့


တက္ကသိုလ်နောက်ဆုံးနှစ် စာမေးပွဲမှာ ကြီးကြပ်တဲ့ ပါမောက္ခက ကျောင်းသားတွေကို မေးခွန်းတွေ ဝေရင်း သတိပေးစကားပြောတယ်။

“မင်းတို့ အဖြေလွှာတွေကို နှစ်နာရီအတွင်း အပြီးအပ်ရမယ်။ နှစ်နာရီကျော်သွားတဲ့ အဖြေလွှာတွေကို ငါ လက်မခံနိုင်ဘူး။ နောက်ကျမှ ရောက်လာသူတွေကိုလည်း အချိန်ပို မပေးဘူး”

စာမေးပွဲစလို့ ငါးမိနစ်လောက်ကြာတော့ ကျောင်းသားတစ်ယောက် ရောက်လာပြီး မေးခွန်းတောင်းပြီး ထိုင်ဖြေနေတယ်။ နှစ်နာရီလည်း ပြည့်ရော ပါမောက္ခက အဖြေလွှာတွေ လာအပ်ကြဖို့ ပြောတယ်။ နောက်မှ ရောက်လာတဲ့ ကျောင်းသားက လွဲရင် အားလုံး အဖြေလွှာတွေ အပ်ကြတယ်။ အဲ့ဒီကျောင်းသားကတော့ ဂရုမစိုက်ဘဲ ခပ်တည်တည်ပဲ ဆက်ဖြေနေတယ်။




နာရီဝက်ကြာလို့ သူ့အဖြေလွှာကို သွားအပ်တော့ ပါမောက္ခက လက်မခံဘူး။

“ကျနော် ဘယ်သူလဲဆိုတာ ပါမောက္ခကြီး သိပါသလား” လို့ ကျောင်းသားက မေးတယ်။

“မသိဘူး” လို့ ပါမောက္ခက ခပ်ပြတ်ပြတ် ဖြေတယ်။

“ကျနော် ဘယ်သူဆိုတာ တကယ်ကို မသိတာလား” လို့ ထပ်မေးပြန်တယ်။

“မသိဘူး။ ဘယ်သူဖြစ်ဖြစ် ဂရုလည်း မစိုက်ဘူး” လို့ ပါမောက္ခကြီးက ထပ်ဖြေတယ်။

ပါမောက္ခကြီး တကယ် မသိဘူးဆိုတာလည်း သေချာရော အဲ့ဒီကျောင်းသားက သူ့အဖြေလွှာကို တစ်ခြားကျောင်းသားတွေရဲ့ အဖြေလွှာတွေကြား ရုတ်တရက်ထိုးထည့်လိုက်ပြီး အခန်းထဲက အပြေးအလွှား ထွက်ပြေးသွားတော့တယ်။

ဇင်ဝေသော်
(Wisdom from laughter)

နတ်လှောင်ကျောင်း နှင့် Buddha cave မှသည်...


အနော်ရထာ မင်းကြီးက လူတို့ကိုးကွယ်မှု အစုစု၊ နတ်ရုပ်ထု အစုံစုံတို့ကို တစ်နေရာတည်း စုပြုံထည့်လိုက်ပြီး နတ်လှောင်ကျောင်း ဟု ခေါ်လိုက်သည်။
လာအိုနိုင်ငံမှာတော့ ဘုရားဆင်းတုတော်တို့ကို စုပြုံ လိုင်ဂူထဲထားကြ ပြီး ယင်း ကို " Buddha cave " ဟုခေါ်ကြသည်။
ယင်း ဆင်းတုများက မလိုချင်သော ( သို့ ) ယိုယွင်း ပျက်စီးနေသော ဘုရား ဆင်းတုတော်များ ဟု သိရသည်။ Buddha cave ကို မြန်မာဘာသာ မပြန်ဆိုရက်သဖြင့် Buddha cave ဟု သာ ထားလိုက်ရတော့သည်။

picture from wiki


တစ်နေ့ မနက်ကပင် ကျောင်း အုတ်တံတိုင်း နံရံပေါ် လာတင်ထားသော ဆင်းတု တစ်ဆူေ တွ့၍ ကျောင်းထဲ ပင့်ထားလိုက် ရ သည်။ဤသို့ ကြုံတွေ့ ရခြင်းက ပထမဆုံး အကြိမ် မဟုတ်တော့။ ယုံကြည်မှု ပြဿနာ၊ နေရာ ထိုင်ခင်း ပြဿနာက မကြာမကြာ ကြုံရသည်။
မိမိတို့ ကိုးကွယ်ဖို့ ပင့်ထားသော ဘုရားဆင်းတုတော်၏ အနာဂတ်ကို ကြို တင် စဉ်းစားထားသင့်သည် ထင်၏။ တော်တော် များ များက နိုင်ငံခြားတွင် အမြဲနေရန် စိတ်ကူး မရှိကြ။ မိမိတို့ အိမ်ပိုင်လည်း မရှိတတ်ကြ၊ နောက်ရောက်လာသူက မြန်မာ ဗုဒ္ဓဘာ သာ ဖြစ်လျှင်တော့ ကိုးကွယ်ရန် လက်လွှဲ ပေးထားခဲ့လို့ရနိုင်သည်။ ထိုသူက ဗုဒ္ဓဘာသာ မဟုတ်လျှင်၊ ကိုယ်တိုင်ကလည်း သယ် ယူဖို့ အခက်အခဲ ရှိနေ လျှင် ဘယ်သို့ ဖြစ်သွားနိုင်သနည်း။စဉ်းစားဖွယ်ပင်။

မည်သည့် ဗုဒ္ဓဘာသာကမှ ဘုရားဆင်းတုတော်ကို မျက်နှာလွှဲ ခဲပစ် လုပ် မည်ဟု စိတ်မကူးကြပါ၊ သို့သော် အစွန့်ပစ် ခံရသော ဘုရားဆင်းတုတော် များ ပိုများလာနေသည်ကိုကား တွေ့နေရသည်။ဤသို့ ဤသို့ ဖြင့် ဘုန်းကြီးကျောင်း ပြန် ရောက်ရောက် လာရသော ဆင်း တုတော် အများ အပြား ရှိနေသည်။
" ကိုယ့် အဖေ ဆင်းတုပဲကွာ၊ လာပို့တော့လည်း လက်ခံရတာပေါ့၊ မလိုချင် ရင် ယူခဲ့ကြ၊ လက်ခံမယ် ဆိုလို့ကတော့ တို့ကျောင်း လည်း ထားစရာ နေရာ ရှိမှာ မဟုတ်ဘူး " ဟု ပြောခဲ့သော မိတ်ဆွေ ရဟန်း၏ စကားကို သတိရ မိ သည်။
ဘုရားဆင်းတုတော်များကို လက်ဆောင်ပေးခြင်း၊ မဲဖောက်ခြင်းတို့က စဉ်း စား သင့်သော ကိစ္စဟု ထင်သည်။ ၁ နှစ်၊ ၅ နှစ်၊ ၁၀ နှစ်မျှ ကြိုတင် စဉ်းစားကာမျှဖြင့်ပင် မလုံလောက်ပါ။ ကျောက်ဆင်းတု တစ်ဆူ၏ သက်တမ်း သည် ထောင်ချီ၍ ရှိနိုင် သည်။ နောက်မှ ဘယ်လို ဖြစ်သည်က ကိုယ် မတတ်နိုင်သော ကိစ္စ ဖြစ်သော်လည်းအတတ်နိုင်ဆုံးတော့ကြိုးစားကြရမည်။

စင်္ကာပူလို ဘာသာစုံရှိသော၊ နေရာဆင်းရဲသော နိုင်ငံ၌ ဘုရားဆင်း တုတော် များ ကျောင်း တံတိုင်းပေါ်အထိ လာတင်ပေးထားခြင်း ကပင် ကျေးဇူးတင်စ ရာ ကောင်းနေသေး၏။ ထို ဘုရားဆင်းတုတော်ကို ( ကန်တော့ပါ ) အမှိုက်ပုံးထဲ ထည့်သွားသည် ဆို ပါစို့၊ မိမိတို့ ဘာမှ မတတ်နိုင်။ မလုပ်ဘူး မထင်ပါနှင့်။ ဘုရားဆင်း တုတော်များ ဖျက်ဆီးခံရခြင်း အကြောင်းက သမိုင်း တစ်လျှောက်လုံး တွင် ရှိနေခဲ့သည်ကို အမှတ်ရသင့်သည်။

အကောင်းဆုံးကတော့ မိမိပင့်ထားသော ဘုရားဆင်းတုတော်ကို မိမိကိုယ် တိုင်ပင် တာဝန်ယူသင့်သည်။ ဗုဒ္ဓဘာသာများအတွက် ရင်နင့်ဖွယ်ကောင်း လှသော ကိစ္စများတွင် ဘုရားဆင်းတုတော်များ အစွန့်ပစ် ခံရခြင်းလည်း ပါ ဝင်သည်။အကြာကြီး နေမည် စိတ် ကူးမထားလျှင်၊ အလုပ် အတည်တကျ မရို၊ နေရာ အတည်တကျ မရို၊ ပါမစ်သက်တန်း အတည်တကျ မရို သေးလျှင်တော့ " နှလုံးသားထဲ ဘုရားတည် " ကို ဘုရားရှင် ပို၍ ချီးမွမ်းလောက်ပေသည်။
စင်္ကာပူလို ဘာသာစုံရှိသော၊ နေရာဆင်းရဲသော နိုင်ငံ၌ မိမိသက်တမ်းထက် ဘုရားဆင်းတုသက်တမ်း ကိုလည်း သတိမူသင့်သည် ဟု ထင်မြင်မိပါ၏။။

ဝန္ဒာမိ စေတိယံ သဗ္ဗံ၊ သဗ္ဗဌာနေသု ပတိဋ္ဌိတံ။
နေရာအသီသီးရှိ စေတီ၊ ဆင်းတုတော်များအားလုံးကို ရှိခိုးပါ၏။

(08/12/2012)



သီဟနာဒ

ကမ္ဘာ့ ပထမဦးဆုံး ဘလော့ဂ်ဂါ


ဘလော့ဂ်ပေါ်ရေးတဲ့ စာ ဆိုတာ ဘယ်လိုစာမျိုးလည်းဆိုတော့ ( ပညာရှင်တို့ အဆိုအရ )

၁ ။ ကိုယ်နဲ့ပတ်သက်တဲ့ ( ကိုယ့်အာဘော်၊ ကိုယ်တိုင်ကြွား၊ ကိုယ်တိုင် ရင် ဖွင့်၊ ရန်လုပ်၊ ဆဲ ) ပုဂ္ဂလိက ဒိုင်ယာရီ ( သာဓကတွေများလို့ ထုတ် မပြတော့ ဘူး )

၂ ။ နားလည်ရခက်တဲ့ စကားလုံးပေါင်း၊ စပယ်လင်၊ ဝေါဟာရ အထူး အဆန်းတွေ နဲ့ ရေးတဲ့စာ မျိုး ဖြစ်နေရမယ်။ ( ဥပမာ ရှင်နှောင်းငယ် တို့ ရေး ဟန်၊ ဖတ်ရ၊ စဉ်းစားရတာ ပျော်စရာ ကောင်းတယ်၊ ဘိုင်အေ တဲ့ )

ဒီနှစ်ချက်နဲ့ ညှိလိုက်တော့ ကမ္ဘာမှာ ပထမဦးဆုံး ဘလော့ဂ်ဂါ က အသောက မင်ကြီး ဖြစ်နေတယ်။

၁ ။ သူ့ကိုယ်သူ ဒေဝါနံ ပိယဒဿီ နတ်တို့ အထူးချစ်မြတ်နိုးတဲ့ဘုရင် တဲ့၊ သူကိုယ်တိုင် အဲသလိုရေးတာ၊ သူများ ရေးတာမဟုတ်ဘူး ( ကိုယ်တိုင်ကြွား )။ ပြီးတော့ ရေးတဲ့စာတွေက ဘုရားစာလို့ ဆိုပေမယ့် သူ့အာဘော်တွနဲ့ သူ ရေးတယ် ( ကိုယ့်အာဘော် ) ကလိင်္ဂစစ်ပွဲ အပြီး ဘယ်လောက် ရင်နာရ ပုံ ( ကိုယ်တိုင် ရင်ဖွင့် ) ဓမ္မနဲ့အောင်နိုင်ချင်တယ် ဆိုပေမဲ့ ရန်လာစရင်တော့ အသောကတို့က ငုံ့ခံနေမှာ မဟုတ် တဲ့။

၂ ။ နှစ် ကတော့ ပြောမနေနဲ့ သူ့ စာလုံးပေါင်းတွေကို တစ်ကမ္ဘာလုံးက ပညာရှင်တွေ အဓိပ္ပါယ် ဝိုင်းဖော်နေတာ မသိတာတွေ အများကြီး ကျန်နေသေးတယ်။

အစ ဖုန်းမက်ဆေ့ဂ်ျတွေ၊ ပြီးတော့ အွန်လိုင်း ရေးဟန်တွေကို ကြည့်ပြီး အင်္ဂလိပ်တွေကလည်း သူတို့စာတော့ ပျက်ပါပြီ၊ မြန် မာတွေကလည်း မြန် မာစာတော့ ပျက်ပါပြီ ( ကျန်တဲ့ဘာသာတွေလည်း အတူတူနေမှာပဲ ) လုပ်နေကြတာ ကြာပါပြီ။ ပျက်တော့ မပျက်ပါဘူး၊ အွန်လိုင်းက အွန်လိုင်း ဟန်နဲ့ပဲ ရှိနေမှာပါ။

တကယ်တော့ ဒီလိုခေတ်မီတဲ့ ရေးဟန်က အသောကကြီး စ ခဲ့တာပါ။ ကွန်ဆာဗေးတစ်တွေ အပြစ်ပြောချင်ရင် အသောက ရေးဟန်ကိုကြည့်ကြ လို့ ပြောရမယ်။ ဟုတ်တယ်။ ဝိုင်ဖိုင် မပေါ်သေးတာကလွဲရင် အသောက ဟာ ဘလော့ဂ်ဂါအစစ်ပဲ။ ခပ်ကြွားကြွား နားလည်ရခက်တဲ့ ရေးဟန်ရေး ထုံးတွေနဲ့။
ဘာဖြစ်ဖြစ် နားတော့မယ်၊ ဘိုင်အေ။ ။



Ref: World’s earliest blogger had his work cut out for him
By Nury Vittachi


 ဇင်ဝေသော် 
21/12/2012

Dear Readers,


တစ်ပတ်တာ နှုတ်ဆက်ခြင်း

ဒီနေ့ည အောက်ပုံပါ ဆမ်းမစ်ကို သွားမှာရယ် ရောက်တဲ့နေရာကနေ ပြုံးပြုံးလေး ဓာတ်ပုံရိုက် မတင်တတ်တာရယ် (မတင်တတ်ဆိုတာ ဘယ်လိုတင်ရမှန်း မသိ တာကို ဆိုလိုတာပါ၊ မခက်ဘူး၊ လွယ်လွယ်းလေး၊ သင်ပေးမယ်ဆိုကြပေမဲ့ မသင်ဖြစ်သေးပါ) ကြောင့် ပိုစ်အသစ် တက်လာမယ် မထင်ပါ။ အက်ဒမင် တင်ရင် ပို့စ်အဟောင်းလေးတွေ တက်နိုင်ပါတယ်။
ဒီဆမ်းမစ်မှာ ဘာသာရေး၊ နိုင်ငံရေး၊ လူငယ်ရေး၊ အမျိုးသမီးရေးတွေကို နိုင် ငံပေါင်း တစ်ရာကျော်က အဖွဲ့အစည်းကိုယ်စားပြုတွေ တက်ရောက် ဆွေးနွေးမှာမို့ ကြားရဖွယ်တွေ အများကြီးပါ။ သင့်တော်မယ့်အချက်တွေကို ကြုံရင် တင်ပြပေး ပါမယ်။ ဒါက "ဆမ်းဆောင်းစက်ရုံကြီးထဲက အင်တာနက်လိုင်း ကောင်းလိုက် တာ" ဆိုတာထက်တော့ အဓိပ္ပါယ်ပိုရှိမှာပါ။
See you all next week!

အမေရိကန် ကျန်းမာပါစေ


ကမ္ဘာမှာ မင်းမဲ့စရိုက်ထွန်းကားလာတိုင်း သေနတ်ထောင်ဖောက်ပြီး မိုက်တဲ့ကောင် ထွက်ခဲ့ အချိုးမျိုးနဲ့ ပွဲသိမ်းပေးနိုင်တာလည်း သူပဲရှိတယ်။
ရေတိုလေးကြည့်သူတွေအတွက်တော့ အမေရိကန်က အရှုပ်ထုပ်။ ဒါဆို အမေရိကန်ရဲ့ စစ်အင်အားမျိုး တရုတ် (သို့) အစ္စလာမ်ကို ပေးကြည့်လိုက်ပါ။ အရှုပ်ထုပ်အော်နေသူတွေ အော်ချိန်တောင်ရလိုက်မယ် မဟုတ်ဘူး။
၁၉ ရာစုနှောင်းပိုင်းနဲ့ ၂၀ရာစု အဦးပိုင်းက စူပါပါဝါ ဥရောပတောင် ကိုလိုနီတွေ သိမ်းပိုက်ခဲ့သေးတာပဲ။ ဒီရှေ့ နည်းနည်းသွားကြည့်တော့ မွတ်စလင် အော့တမန် အင်ပါယာ။ ဘာမှပြောခွင့်မရှိဘူး၊ အညံ့ခံ၊ မွတ်စလင်လုပ်၊ ဒါမှမဟုတ် ခေါင်းဖြတ် ခံ၊ ဒါပဲ။ ပါဝါရှိသူက ပါဝါအလုပ်ပဲလုပ်ကြပါတယ်။ အမေရိကန်က ဒီသင်္ခန်းစာတွေ ကို ကျေညက်ခဲ့တော့ ပုံစံတစ်မျိုးပြောင်းခဲ့တယ်။





ကမ္ဘာ့အစိုးရတချို့နဲ့ အမေရိကန်တွေ မတည့်ဘူးဆိုတာ အမေရိကန်က လူ့အခွင့် အရေးနဲ့ဒီမိုကရေစီကို ပရိုမိုးရှင်းလုပ်နေလို့။ ဒီနှစ်ခုစလုံးက အကောင်းစားတွေ၊ လိုက်နာနိုင်ရင် ပြည်သူတွေအတွက်။ ဒါက အာဏာရှင်အတွက် လုံးဝ မကောင်း ဘူး။ ဒီတော့ ပြသနာဖြစ်ရော။ ဒီမိုကရေစီဖြစ်သွားရင် ဒီလိုပြသနာတွေ နည်းသွား မယ်လို့ ယုံကြည်တော့ (ဒီမိုကရေစီနိုင်ငံတွေအချင်းချင်းကြားမှာ အဲသလောက် ကြီးတဲ့ ပြသနာတွေ မရှိကြဘူး) ဒီမိုကရေစီကို ပရိုမိုးရှင်းလုပ်၊ လုပ်တော့ အစိုးရတချို့၊ အစွန်းရောက် လူအူအဖွဲ့တွေနဲ့ ပြသနာတွေ တက်ပြန်ရော။ အမေရိကန်ရဲ့ အကောင်းစားတွေကိုတော့ မဆံ့မပြဲ စား(ဘယ် တရုတ်၊ ဘယ် အစ္စလာမ်မှ အင်တာနက်၊ မိုက်ကရိုဆော့ဖ်၊ အိုင်ပက်မလုပ်နိုင်ဘူး) အမေရိကန် ကျွေးထားတာတွေနဲ့ အကြမ်းဖက်မှု ပြန်လုပ်။ သူတို့ကပဲ မိစ္ဆာဒိဋ္ဌိ လမ်းစဉ်လို့ ပြန်စွပ်စွဲကြသေးတယ်။

ဘာတွေမကောင်းကြောင်းပြောပြော ကမ္ဘာနဲ့ချီတဲ့ ပြသနာလည်းတက်ရော အော် ကျယ်အော်ကျယ်တွေ နှုတ်ပိတ်သွားတယ်။ တကယ်အနာခံပြီးရှင်းရမှာက အမေရိကန်တွေ။
တရုတ်က တက်သစ်စ ဆယ်ကျော်သက်။ မိုက်ရူးရဲ၊ ရပြီးရောပဲ၊ ဈေးကွက် နယ်ပယ်ချဲ့မယ်၊ ငွေရှာမယ်၊ ဘယ်နေရာ၊ ဘယ်သူ၊ ဘယ်ပတ်ဝန်းကျင် ဘယ်လိုထိခိုက်၊ ဘာမှ ဂရုမစိုက်ဘူး။ အမေရိကန်တွေရဲ့ ရင့်ကျက်မှုမျိုးရဖို့ အချိန်အတော်ယူရဦးမယ်။ အဲဒီအချိန်ရောက်ရင် မြန်မာပြည်က တရုတ်ပြည် နယ်လေးဖြစ်မသွားပါစေနဲ့လို့ ဆုတောင်းရမှာပဲ။

အစ္စလာမ်က တစ်မျိုး။ ဆက်ဒန်ကို ဝိုင်းပြီးရှုံ့ချတယ်၊ ထိုင်ကြည့်တယ်။ အမေရိကန်ဝင်တော့ အစပိုင်းကူညီတယ်၊ စစ်သားတွေလွှတ်ပေးတယ်။ ဘာသာရေးအစွန်းရောက်တွေက ခြိမ်းခြောက်တော့ အားလုံးပြန်နှုတ်၊ အမေရိကန်ဆီ သေနတ်ပြောင်း ပြန်လှည့်ကြတယ်။

ဟီရိုရှီးမားအနုမြူကိစ္စက ဒီနေ့အထိပြောကြရတုန်း။ အဲဒီ ဗုံးနှစ်လုံးနဲ့ ကမ္ဘာစစ်ကို လက်စမတုန်းနိုင်ရင် ဒီထက် ဆယ်ဆမက သေနိုင်တာကို တွက်ချက်ရဲသူ ကျတော့ လက်တစ်ဆုပ်စာလောက်ပဲရှိတယ်။

ကဲ ဒီနေ့ ကိစ္စ ဘယ်သူရှင်းမှာလဲ၊ တိုက်ရိုက်တာဝန်ရှိတာက မွတ်စလင်နိုင်ငံတွေ၊ လုပ်ကြပါတော့လား။
ငွေရှာဖို့ပဲသိတဲ့ တရုတ်က လက်ရှိကမ္ဘာ့အကြမ်းဖက်မှုကို ပယ်လယ်ပြင်က အရုပ် ဆိုးဆိုးကျွန်းပေါက်စ လုယူဖို့လောက်တောင် စိတ်မဝင်စားဘူး။
ဟာ ဒီကောင် အနောက်က စာတွေဖတ်ပြီး ကြောင်သွားပြီထင်ရင်တော့ အာရှက လီကွမ်းယုနဲ့အတူရောပြီး ကြောင်လိုက်တာပေါ့။

(လူတိုင်းကိုယ်စီမှာ ဖေ့စ်ဘုတ်တွေရှိနေလို့ ကိုယ့်အမြင်ကွဲလွဲမှုကို ကိုယ့်ပေ့ဂ်ျပေါ် မှာပဲ ရေးဖို့ မေတ္တာရပ်ခံပါတယ်။ မာလ်တီ မီဒီယာဆိုက်ဒ်ကြီးတွေမှာ မိမိရေးချင် ရာ ကွန်မင့်ရေးလို့ရပေမဲ့ (လွတ်လပ်စွာ ကွဲလွဲခွင့်) ပုဂ္ဂလိက ပေ့ဂ်ျတွေမှာ စောင့် စည်းရပါတယ်။ သူက ဒီဘိတ်လုပ်ထားတာမဟုတ်ပါဘူး၊ သူယုံကြည်ရာ တင်ပြ တာပါ။ ကြိုက်ရင်ကြိုက်၊ မကြိုက်ရင်နေပါပဲ။ ဒီနေ့ပညာရှင်အချို့သုံးသပ်တဲ့ ကွန်မင့်တချို့ဟာ ဆောင်းပါးရဲ့ အသားပေးမှုကို လမ်းချော်စေတယ်ဆိုတဲ့ အယူ ကို လက်ခံယုံကြည်ပါတယ်)

အိုးထရက်စ်ဖို့ရဲ့ ဝိဉာဉ်ပြန်တွေ့


ဒီနေ့ ပို့စ်တွေ မိုးလုံးမှိုင်းသွားပြီ
မတတ်နိုင်ဘူး၊ အိုးထရက်စ်ဖို့ရဲ့ ဝိဉာဉ်ပြန်တွေ့လာတော့လည်း တင်ရအုံးမယ်။
ဒီမာရီးယား၊ ဟာရဲရား၊ ရွန်းနီ တစ်လုံးစီနဲ့
ဒါ့ထက် ပိုအားရှိစရာက ဖိဖိစီးစီးရှိလာတဲ့ ကစားကွက်ပါ။
ပထမပိုင်း မန်ယူ ၃၊ ကျူပီအာ ၀။ ။

စာဖတ်သူများသို့..............


"လူ့ ယဉ်ကျေးပဋိပက္ခနဲ့ ကမ္ဘာသစ်တစ်ခုကို ပုံဖော်ခြင်း" စာအုပ်နဲ့ပတ်သက်တဲ့ မက့်ဆေ့တွေ ဒီညနေမှာပဲ ရရှိခဲ့ပါတယ်။
စင်္ကာပူမှာ ရပြီလား၊ ဘယ်ဆိုင်မှာ ရနိုင်မလဲ စတာတွေ မေးကြတာပါ။ အားလုံးကို ကျေးဇူးတင်ကြောင်း အရင်ပြောပါရစေ။
၁။ စင်္ကာပူမှာ မရောင်းနိုင်သေးပါ။
၂။ ဒီလ ၃၀ ရက်မှာ "အဖေ့ဆန္ဒဖြည့် စာအုပ်မိတ်ဆက်ပွဲ" စင်ထရယ်ဟော်တယ် မှာ လုပ်ဖို့ လျှောက်လွှာတင်ထားပါတယ်။ အဆင်ပြေကောင်းပါရဲ့။
၃။ အောက်တိုဘာ ၂ ရက် ရန်ကုန်ကပြန်လာပြီး အောက်တိုဘာ ၃ ရက် ၄ ရက် လောက်ဆိုရင် စင်္ကာပူမှာ ရနိုင်ဖို့ စီစဉ်ပါ့မယ်။
၎။ သတင်းထူးတာနဲ့ စတေးတပ်တင်ပေးသွားပါမယ်။

ပြန်ချင်တဲ့ ကွန်မင့်များ(ကျနော့်အတွက် လေအေးတစ်ပေါက်)


Ashin Kavissara
"လူ့ ယဉ်ကျေးပဋိပက္ခ စာအုပ်ကတော့ လက်ကမချနိုင်အောင်စွဲဆောင်နိုင်တယ်၊၊ စာမျတ်နှာ အများကြီးဖတ်ပြန်တော့လည်း ခြေရာခံလို့ မရ၊ ဖတ်လိုက်၊ စဉ်းစား လိုက်၊ ခြေရာခံလိုက်လုပ်နေရတယ်၊၊
သေချာတာတစ်ခုကတော့ ဒီစာအုပ်က ကမ္ဘာမှာ ဖွင့်မပြောတဲ့အမှန်တရားတွေ၊ ထိတွေ့ ကိုင်တွယ်ဖြေရှင်းလို့ မရတဲ့ပြဿနာတွေ အများကြီးရှိတယ်လို့ ပြောပြသွား တယ်။
အဲဒါတွေကို ဘယ်လိုလုပ်ကြမလဲလို့  စာရေးသူက မေးခွန်းများစွာချန်ထားခဲ့ တယ်။ ဖြစ်သင့်တာက ဒီစာအုပ်ကိုအတွဲတွေ အများကြီးရေးသင့်တယ် လို့ ထင်တယ်"

*******************************************************************

ကျေးဇူးတင်ပါတယ် ဦးကဝိသရ ဘုရား။
ဒီစာအုပ်က အပျင်းပြေဖတ်စာအုပ် မဟုတ်သလို အများကြီး တစ်ထိုင်တည်း ဖတ်လို့လည်း မရနိုင်ပါဘူး ဘုရား။ အချက်အလက်နဲ့နက်နဲမှုကြည့်ရင် လီကွမ်း ယုစာအုပ်က မူလတန်းသာသာပါ ဘုရား။
ဒုတိယတွဲပါဖတ်လိုက်ရင် ဦးကဝိသရ အာသာပြေမှာပါ။ သူ့အဖွင့်တွေကို နိုင်နိုင်နင်းနင်းကြီး ပြန်ပိတ်ခဲ့ပါတယ်။ အမှာစာမှာ ရေးခဲ့သလို တပည့်တော်လည်း လီကွမ်းယုထက် ငါးဆပိုအားစိုက်ခဲ့ရပါတယ်။ ဦးကဝိရဲ့ကွန်မင့်အရ အားစိုက်ရကြိုး နပ်တယ်လို့ လျှောက်ထားပါရစေ။

အားလုံး မဆုံးသေးဘူး


ကျောင်းဝင်းထဲရှိ သရက်ပင်အောက်မှာ ကလေးနှစ်ယောက် ဆော့ ကစားနေ တာကို တွေ့လိုက်ရတယ်၊ သူတို့ချင်း မြန်မာလိုစကားပြောနေကြတာကို ကြား မိတာနဲ့ မြန်မာကလေးလေးတွေပဲဆိုပြီး သူတို့နဲ့ မိတ်ဆက်စကားပြောမိပါတယ်။
"....................."
"သားနာမည်က တိမ်လေးဖြူ "
"..............................."
"သမီးနာမည်က ဆောင်းလေးဖြူ "
"................................................"
"ဟုတ်ပါတယ်၊ ဦးလေးဖြူရဲ့ သားနဲ့ သမီးပါ"
"............................................."
"အင်္ဂလိပ်နာမည် မရှိပါဘူး၊ ကျောင်းမှာလည်း ဆောင်းနဲ့တိမ်ပါ"
"......................................"
"မဟုတ်ပါဘူး၊ မေမေပါပါတယ်၊ ဘုရားဝတ်ပြုနေလို့"
ခဏနေတော့ သူတို့မေမေ မနွယ်ထွက်လာလို့ စကားအနည်းငယ် ဆက်ပြော မိကြပါတယ်။ ကြာခဲ့ပြီကော။ ဆယ်စုနှစ် တစ်စုကျော်ကျော်။

လေးဖြူ ဆိုတာကလည်း ပိုက်ဆံအိပ်ပါးပါးလေးထဲကနေ မရအရဆွဲထုတ်ရင်း ကိုယ်ပိုင်ခွေဝယ်ပြီး နားထောင်ခဲ့ရတဲ့ နှစ်ယောက်ထဲက တစ်ယောက်ပဲ။ နောက် တစ်ယောက်က ကိုတိုးကြီးပါ။ ဂီတနဲ့ပတ်သက်လို့ အစုံစား သတ္တဝါလို့ ဆိုရင်တောင် ဇော်ဝင်းထွဋ်၊ ထူးအိမ်သင်တို့ခွေတွေ ကိုယ်ပိုင်မရှိခဲ့ဘူး၊ ငှားပြီးနားထောင်ခဲ့တာ။ ကြာခဲ့ပြီကော။ ဆယ်စုနှစ် နှစ်စုနီးပါး။

တစ်ရက်မှာ မနွယ်ဆီက ထူးထူးခြားခြားမက်ဆေ့ရောက်လာတယ်။ သူမ သားနဲ့ သမီး အားတဲ့(ဖမ်းလို့မိတုန်း)အချိန်လေးမှာ ဝါဆိုသင်္ကန်းလာကပ်ချင်လို့ နေ့လယ် သုံးနာရီမှာ အဆင်ပြေပါသလားဆိုတာကို မေးထားတဲ့ မက်ဆေ့ဂ်ျပါ။
သုံးနာရီခွဲမှ လာခဲ့ပါလို့ မက်ဆေ့ဂ်ျပြန်လိုက်ပါတယ်။ သူတို့ရောက်လာတော့ အရင်ပုံရိပ်လေးတွေကို မနည်းဖမ်းယူရတယ်။ လူပျို အပျိုတွေ ဖြစ်နေကြပြီကော။ တိမ်လေးဖြူက ပီအာနဲ့နေတာမို့ စစ်မှုတောင် ထမ်းရတော့မယ်။
မနွယ်ရဲ့ သဘောကတော့ ဝါဆိုသင်္ကန်း လာကပ်တယ်ဆိုတာအပြင် ကလေးတွေကို ယဉ်ကျေးမှုစည်းကြောင်းထဲ မသိမသာသွင်းယူခြင်းဖြစ်မယ်လို့ ယူဆပါတယ်။
သူတို့ပြန်ခါနီးတော့မှ ဆောင်းလေးဖြူကိုမေးတော့
"........................"
"မနေဘူး၊ ဟိုမှာပိုပျော်တယ်၊ ပြန်မယ်"
"......................................"
"ရန်ကုန်ထက် တောင်ကြီးမှာ ပိုပျော်တယ်"

သူတို့ပြန်သွားတော့မှ ငါတို့ မျိုးဆက်တစ်ခုလုံး ဆုံးသွားတာမဟုတ်သေးဘူး။
ဆောင်းလိုပဲ သူတို့နှလုံးသားထဲမှာ မြန်မာပဲရှိနေတဲ့ အခြား ဆောင်းလေးတွေ ရှိနေမှာ သေချာတယ်လို့ တွေးလိုက်မိတယ်။
ဆောင်းအနေနဲ့ တကယ်ပြန်ဖြစ်၊ မဖြစ်၊ ပြန်နိုင် မနိုင်က အနာဂတ်မို့ မရေရာပေမဲ့ သူမနှလုံးသားထဲမှာ
မြန်မာရှိနေဆဲ
အဘိုးအဖွားရှိနေဆဲ
တောင်ကြီးရှိနေဆဲ၊
ဒါကသေချာတယ် လေ။

ငွေတိုးပေးခြင်း (ဘာသာတရားတို့အမြင်)

ငွေတိုးချေးငှါးခြင်းအပေါ်၌ ဘာသာတရားအချင်းချင်း မတူကွဲပြားသော အယူအဆတို့ ရှိကြသည်။ ခရစ်ယာန်ဘာသာအယူအရ (၁၇) ရာစု မတိုင်မီအထိ ငွေတိုးပေးခြင်းကို မကောင်းမှုဟု ယူဆကာ တားမြစ်ခဲ့သည်။ အစ္စလာမ်ဘာသာကမူ ယနေ့တိုင်အောင် ငွေတိုးပေးခြင်းကို တားမြစ်ဆဲပင် ဖြစ်၏။ ဗြဟ္မဏဝါဒအလိုအရ ဤကိစ္စသည် အကုသိုလ်တစ်ခုပင် ဖြစ်လေသည်။

ဘုရားရှင်၏ အလိုအရမူ ဤငွေတိုးပေးခြင်းသည် ထူးထူးထွေထွေ အပြစ်တစ်ခုဟု ယူဆတော် မမူခဲ့သလို တားမြစ်ပိတ်ပင်ခဲ့ခြင်းလည်း မရှိပေ။ ဗုဒ္ဓဘာသာသဘောအရ နွားငှါး၍ ရသလို မြေ၊ အိမ်၊ လုပ်အား ငှါးရမ်း၍ ရသည်။ ငွေကို ငှါးရမ်းမှု့ကြောင့်လည်း တစ်စုံတစ်ရာ အပြစ်ရှိသည်ဟု မယူဆခဲ့။ အမှန်တကယ် လိုအပ်နေသူတစ်ယောက်ကို အရင်းအနှီး စိုက်ထုတ်ပေးပြီး ထိုပုဂ္ဂိုလ်သာ သူ့ရည်မှန်းချက် ပေါက်ရောက်သွားမည်ဆိုလျှင် ဤကိစ္စသည် ကုသိုလ်ရသည့်သဘောပင် ဆောင်နေပေသေးသည်။

ငွေတိုးပေးခြင်း အမှန်တကယ် အကုသိုလ်အသွင် ဆောင်လာသည်က အတိုးငွေများ အဆမတန် တင်ထားခြင်း၊ ထိုအတိုးမဆပ်နိုင်လျှင် မတန်မရာ အိမ်ရာ၊ လူစသည်တို့ကို သိမ်းယူခြင်းပင် ဖြစ်ပေသည်။

ယနေ့ကမ္ဘာကိုကြည့်လျှင် ငွေတိုးကို အတိုးနှုန်း ချိုချိုသာသာဖြင့် ပေးမည်။ တရားမျှတသော အတိုးနှုန်းမျှကိုသာ ယူမည်ဆိုလျှင် အကုသိုလ်ဟု ယူဆရန် ခက်ကြောင်း သိနိုင်သည်။ ကုလသမဂ္ဂအဖွဲ့ အသီးသီးက ဆင်းရဲသောနိုင်ငံ၊ လူမှုအဖွဲ့အစည်းတို့ကို အတိုးမဲ့ (သို့) သိပ်မများသော အတိုးတို့ဖြင့် ကူညီသည့်သဘော ချေးငှါးနေကြသည်ကို တွေ့မြင်ကြရသည်။

ငွေတိုးပေးခြင်းက အပြစ်ဟု မဆိုသာသော်လည်း ငွေတိုးပေးသူ၏ လောဘက လွန်ကဲလာလျှင်မူ အလွန်ကြောက်မက်ဖွယ်ရာ ဖြစ်လာတော့သည်။ ဤဒုက္ခမျိုးစုံကို မြန်မာလူမျိုးတို့ ကြုံခဲ့ရဖူးသည်။ ယနေ့တိုင် ကမ္ဘာမှာလည်း ဤဒုက္ခက ပေးနေလျက်ပင် ဖြစ်သည်။ ထို့ကြောင့် ဆိုင်ရာအစိုးရ၏ တိကျတင်းကျပ်သော ဥပဒေကား လိုနေပေလိမ့်မည်။

ငွေတိုးပေးခြင်းနှင့် ပတ်သက်၍ ဘုရားရှင်၏ တားမြစ်ထားမှုကို မတွေ့ရသော်လည်း အကြွေးပေးရန် ရှိနေလျှင် စိတ်မသက်သာဖွယ်တစ်ခုဖြစ်ကြောင်းကိုတော့ ဘုရားရှင် ကိုယ်တော်မြတ်ကြီး သိမြင်တော်မူသည်။ ထို့ကြောင့် အကြွေးမရှိခြင်းသည် ချမ်းသာတစ်မျိုးဖြစ်ကြောင်း ဟောကြားတော်မူခဲ့သည်။

ထို့အတူ ရဟန်းဘဝ၏ အားသာချက်တစ်ခုမှာ အကြွေးပေးဆပ်ရန် မရှိသဖြင့် အကြွေးရှင်တို့က လာလှည့်ပေးလှည့်စသော အကြွေးတောင်းသူများဒဏ်မှ လွတ်မြောက်ရခြင်း ဖြစ်သည်ဟု မိန့်ကြားတော်မူခဲ့သည်။ အကြွေးရှိနေသော ပုဂ္ဂိုလ်များ ရဟန်းပြုခွင့်ကို တားမြစ်တော်မူခဲ့သည်။ ရဟန်းပြုလိုသူသည် ငွေကြေးနှင့် ပတ်သက်သောကိစ္စ ရှင်းနေရမည်။ သံဃာ့ဘောင်ရောက်မှ ဤကိစ္စများ ရှင်းနေရလျှင် မကောင်းတော့။

အကြွေးရှိနေလျှင် စိတ်ညစ်ရသည်။ ထို့အတူ ငွေမရှိပြန်လျှင်လည်း စိတ်ညစ်ကြရပြန်သည်သာ။ ထို့ကြောင့် ဤငွေကြေးကိစ္စနှင့် ပတ်သက်၍ ဘုရားရှင် မိန့်ကြား၍ရသော စကားမှာ ဝင်ငွေထွက်ငွေ ညီမျှအောင် သုံးစွဲကြဖို့ (သမဇီဝိတ) သာ ရှိပေတော့သည်။ ယနေ့ ချမ်းသာသောနိုင်ငံများ၌ အကြွေးကင်းသူမရှိ၊ လူချမ်းသာတိုင်း အကြွေးရှိသည်ဟုပင် ဆိုစမှတ် ပြုကြ၏။ ထိုတင်သော အကြွေးများသည် ဘဝအတွက် အမှန်လိုအပ်သောအရာများ ဖြည့်ဆည်းရန် တင်ရှိနေခြင်းထက် ဇိမ်ခံပစ္စည်းများ ဝယ်ယူရေးအတွက် တင်ရှိနေသောအကြွေးများနှင့် ဝင်လာနိုင်သည့်ငွေကို မစောင့်နိုင်ဘဲ ဝင်ငွေမလာမီ တစ်ခုခု ဝယ်လိုသောကြောင့် ချေးငှါးထားသော အကြွေးများသာ ဖြစ်ကြသည်။

ဘုရားရှင်က အင်္ဂုတ္ထိုရ်၊ စတုက္ကနိပါတ်၌ ဟောခဲ့သည်။
"ညီမျှသော အသက်မွေးမှုဟူသည် အဘယ်နည်း။ ဝင်ငွေနှင့် ထွက်ငွေကို သိပြီး အလွန်အမင်း သုံးစွဲခြင်းမဟုတ်၊ အလွန်အမင်း စီးကုပ်ခြင်း မဟုတ်ဘဲ သုံးစွဲခြင်း ဖြစ်သည်။ သုံးစွဲငွေသည် ဝင်ငွေထက် ပိုမနေသင့်" ဟု ဖြစ်သည်။

အချို့စီးပွားရေး အရဲစွန့်လိုသော ပုဂ္ဂိုလ်တို့က လက်ရှိအခြေအနေထက် ပို၍ ချမ်းသာတိုးတက်အောင် ဟူသောအကြံအစည်ဖြင့် ငွေတိုးယူခြင်းလည်း ရှိနိုင်ပေသည်။ လက်ရှိဘဝက မပြည့်မစုံ မဟုတ်သော်လည်း ထို့ထက်တိုးတက်လိုသောကြောင့် ဖြစ်သည်။ ထိုသို့ ကြိုးစားအားထုတ်ခြင်းကြောင့်လည်း ဗုဒ္ဓဘာသာအမြင်အရ အပြစ်တစ်စုံတစ်ရာ ဆိုဖွယ်မရှိပေ။

ဘုရားရှင် ဥပမာပေး မိန့်ဆိုထားတာ တွေ့ရသည်။
"လူတစ်ယောက်သည် သူ၏ စီးပွားရေးကို တိုးချဲ့ရန် အကြွေးချေးငှါးပြီး လုံးလစိုက်ထုတ်ကာ တိုးတက်အောင် ပြုလုပ်နိုင်ခဲ့သည်။ ထို့နောက် အကြွေးတို့ကိုပေးပြီး မိမိ၏ ကိုယ်ပိုင်စီးပွားရေးကိုပင် ကိုယ်ပိုင်ငွေဖြင့် လည်ပတ်လာနိုင်သည်။ ထို့နောက် သင့်တော်သော မိန်းကလေးတစ်ယောက်နှင့် လက်ထပ်လိုက်သည်။ ထိုအခါ သူသည် 'တစ်ချိန်က ငါ့မှာ အကြွေးများ ရှိခဲ့သည်။ ယခု အကြွေးမရှိတော့။ အကြွေးမရှိတော့သည့်အပြင် ကိုယ်ပိုင်စီးပွားရေးပင် အမြတ်ကျန်ခဲ့သည်' ဟု တွေးကာ ကျေနပ်ပျော်ရွှင်ရ၏" ဟု မိန့်တော်မူသည်။

ထို့အပြင် "လူတစ်ယောက်သည် အသေးစားစီးပွားရေးကို ချေးငှါး၍ စတင်နိုင်သည်။ ပေးချေရမည့် အချိန်၌ အတိအကျ ပေးချေမည်ဆိုလျှင် လိုအပ်သောအခါ ချေးယူဖို့လည်း ဖြစ်နိုင်၏" ဟု ယနေ့ စီးပွားရေးဆန်ဆန် ပြောနေကြသော ယုံကြည်စိတ်ချရမှု၊ တိကျမှု့တို့ကို ချီးမွမ်းပြောဆိုတော်မူခဲ့ပြန်သည်။

မှန်ကန်သော အသက်မွေးဝမ်းကြောင်းမှုသည် အဘယ်နည်းဟု မေးရန်ရှိလာသည်။ ဤ၌ ဘုရားရှင်က (မှန်ကန်သော အသက်မွေးဝမ်းကြောင်းမှု၏ ဆန့်ကျင်ဘက်) မှားရွင်းသော အသက်မွေးမှု ငါးခုကို ဥပမာအားဖြင့် ထုတ်ပြခဲ့သည်။ လက်နက်ရောင်းဝယ်မှု၊ လူရောင်းဝယ်မှု၊ အသားငါး ရောင်းဝယ်မှု၊ အရက်သေစာ ရောင်းဝယ်မှုနှင့် အဆိပ်ရောင်းဝယ်မှုတို့ ဖြစ်သည်။ ယနေ့ ကမ္ဘာကို ကြည့်လျှင် ဤရောင်းဝယ်မှု ငါးမျိုးသည် တရားမျှတမှုမရှိကြောင်း ပို၍ပင် ထင်ရှားလာဟန် ရှိသည်ဟု ဆိုရပေမည်။

မှန်ကန်သောဝင်ငွေနှင့် ပတ်သက်၍ အင်္ဂုတ္ထိုရ်၊ ဒုကနိပါတ်၌ မိန့်မြွတ်ခဲ့သည်မှာ "လုပ်အား၊ ချွေး၊ အကြံဉာဏ်တို့ဖြင့် ရိုးသားစွာ တရားဥပဒေနှင့် ညီညွတ်စွာ ရရှိလာသောဝင်ငွေ" ဟု မိန့်တော်မူခဲ့သည်။

ထို့ကြောင့် ငွေတိုးပေးခြင်းသည် ကုသိုလ်လား၊ အကုသိုလ်လားဆိုသော ကိစ္စနှင့် ပတ်သက်၍ သုံးသပ်စရာ ရှိလာသည်မှာ ထိုငွေကို ဘယ်လိုနေရာမှာ ရင်းနှီးမြှုပ်နှံသလဲဆိုသော ကိစ္စပင် ရှိနေတော့သည်။

ယနေ့ လောက၌ ယေဘုယျအားဖြင့် ဆရာဝန်၊ ကျောင်းဆရာအလုပ်တို့သည် ကောင်းမွန်သော အသက်မွေးဝမ်းကြောင်းမှုဟု ယူဆရန် ရှိ၏။ သို့သော် ဘယ်လို ဆရာဝန်လဲ၊ ယနေ့ခေတ်၌ ဘယ်လို ကျောင်းဆရာလဲဟူသော မေးခွန်းလည်း မေးလာကြရပြန်သည်။ ထို့ကြောင့် အသက်မွေးဝမ်းကြောင်းပညာထက် ထိုပုဂ္ဂိုလ်၏ အကျင့်စရိုက်က ပို၍ အဓိကကျနေပေသည်။

အချုပ်ဆိုရလျှင် မှန်ကန်သော အသက်မွေးမှုဟူသည် မိမိဘာကို လုပ်သည်ဆိုတာထက် ဘယ်လိုလုပ်နေသည်ဆိုတာက ပို၍ အခရာကျနေကြောင်း တွေ့မြင်ရသည်။ ဗုဒ္ဓဘာသာ၏အမြင်သည် အခြားဘာသာများနှင့် ခြားနားစွာ ငွေတိုးပေးမှုကိုပင် အဆိုးအကောင်း တစ်စုံတစ်ရာ မပြောခဲ့။ ထိုငွေကို ဘယ်သူ့ကို ချေးငှါးတာလဲ၊ အတိုးယူနှုန်းက ဘယ်လောက်လဲဆိုတာကိုပင် အဓိက ဆွေးနွေးလေသည်။

သို့ဖြင့်ပင် အကြွေးမကင်းသော လောကကြီးထဲ၌ ဗုဒ္ဓတရားလည်း ပို၍ အံဝင်ခွင်ကျဖြစ်ပြီး ရှင်သန်နေလိမ့်ဦးမည်ဆိုတာ ယုံမှားဖွယ်ပင် မရှိပါပေ။


မေတ္တာဖြင့်
သီဟနာဒ

05/09/2012

စနေဘောလုံး


ဒီယေးဂိုးက ချယ်လ်ဆီးရောက်တာမှ ဖင်မပူသေးဘူး၊ ဖရန်ဒို တစ်နှစ်ခွဲ ရှူးတဲ့ ဂိုးထက် များသွားပြီ။
ဆွမ်းဆီးကို ဟက်ထရစ်ဗျာ။ ဘလူးတွေ ဆူကြအုံးမှာပဲ။

စာဖတ်သူသို့


Facebook Link
ဒီ စတေးတပ်ပါ အချက် ၃ ချက်မှာ ရှေ့နှစ်ချက်က(အထူးသဖြင့် နှစ်က) သဘော တူညီမှု ဘယ်လိုမှ မရနိုင်၊ လူတိုင်းလည်း ပြောပိုင်၊ ပြောနိုင်ခွင့်ရှိနေလို့ စာရေးသူ ကိုယ်တိုင် မဆွေးနွေးဘဲ လက်ရှောင်ပြီး ၃ ကိုပဲ ဝေဖန်သုးသပ်ခဲ့ပါတယ်။ ၁ နဲ့ ၂ ကို ဆွေးနွေးတဲ့ ကွန်မင့်တွေများရင်း မူရင်း ၃ ရဲ့ ဦးတည်ချက် လမ်းချော်တယ်လို့ ယူဆပါတယ်။
ဒါ့ကြောင့် အငြင်းပွားဖွယ်ကိစ္စကို မပြောချင်တာရယ် စာဖတ်သူအများစု အာရုံ မများဖို့ရယ်ကြောင့် ဝမ်းနည်စွာ ဖျက်ပစ်ပါတယ်။ သုံး နဲ့ ပတ်သက်တဲ့ သဘောတူ၊ မတူ ကွန်မင့်တွေကို ကြိုဆိုပါတယ်။ စိတ်မရှိကြပါနဲ့။ ဒါက ကမ်းလက်ရဲ့ မူမှို့ပါ။

~~~~~

ဒီကွန်မင့်လေးက ပြုံးရတယ်၊ အင်ထယ်လက်ကျူယယ်မဆန်ဘူး၊ ရိုးရိုးလေး။
Naylinn Linn shared ကမ်းလက်'s photo.
ရော့ တစ်မှတ် ....
ပြည်တွင်းမှာ သင့် လျော် တဲ့ အလုပ်အကိုင် အခွင့် အလမ်းတွေ ဖန်တီးပေးနိုင် ရင် ကျန်တဲ့ 39 မှတ် ပေး လိုက် မယ် ။ အမှတ် ကောင်း ကောင်း လို ချင် ရင် တော့ ပြည် သူ့  တွေ က ငါတို့  အစိုးရ ဆိုတဲ့ စကားမျိုးသုံးပီး ပြည်သူတွေ ချစ် အောင် ကြိုးစား။

စာပေစီစစ်ရေး ပြုတ်သွားတာကိုလည်း ငါးမှတ်လောက်ပေးဖို့ မေတ္တာရပ်ရ ဦးမယ်။ နို့မို့ တော်တော်ဒုက္ခရောက်တဲ့ကိစ္စ၊ ဟိုဟာရှောင်ရ ဒီဟာရှောင်ရ၊ ဟိုဟာဖြုတ် ဒီဟာဖြုတ်။

ထောက်ခံပါတယ် အလုပ်သမားဝန်ကြီး


အနိုင်ကျင့်နှိပ်စက်မှုတွေကို စိုးရိမ်လို့ မြန်မာအိမ်ဖော်တွေ စင်္ကာပူလာခွင့် ငါးလ ရပ်ဆိုင်းထားမယ်လို့ သိရပါတယ်။ အနည်းဆုံးတော့ အလုပ်သမားတွေရဲ့ ဒုက္ခ နဲ့လူထုရဲ့ စိုးရိမ်မှုကို အသိအမှတ်ပြုရာ ရောက်ပါတယ်။

၁။ အိမ်ဖော်လာလုပ်ခြင်းဟာ (နိုင်ငံတော်အတွက်၊ တစ်ဦးချင်းစီအတွက်) ရေ ရှည်ပြသနာဖြေရှင်းခြင်း မဟုတ်နိုင်ဘူး။
၂။ အမျိုးသားရေး သိက္ခာအရ မစွံလှဘူး(စိတ်မကောင်းပါ။ ဒီနေရာမှာ "အလုပ် ဟူသမျှ ဂုဏ်ရှိစွ" ကို ကိုင်မထားချင်ပါဘူး။ သဘောတူသူ၊ မတူသူ အများအပြား ရှိနိုင်၊ ပိုက်ဆံတစ်ပြားမှ မရှိလည်း သိက္ခာရှိချင်သေးသတဲ့)
၃။ စင်္ကာပူဟာ အိမ်ဖော်မရှိရင် ပြသနာပေါင်း သောင်းခြောက်ထောင် တက်သွားနိုင်လို့ လျှော့ မပေးသင့်။

၁ နဲ့ ၂ က ရှင်းလွန်းလှပါတယ်။ ၃ ကိုတော့ ရေးချင်ပါတယ်။
လူဦးရေပြသနာကြောင့် သူ့လူတွေကို အိမ်ထောင်ပြုစေချင်၊ ကလေးယူစေချင် တဲ့အစိုးရဟာ သူ့လူမျိုးတွေရဲ့ ဝန်ထုပ်ကို (နော်ဝေတို့လို) လျှော့ချဖို့လည်း လုပ် မပေးနိုင်သေးဘူး။ လင် မယား နှစ်ယောက်စလုံး အလုပ်လုပ်မှ ရပ်တည်လို့ ရတယ်။
ဒါဆို ကလေးတွေကို ဘယ်လို စောင့်ရှောက်မလဲ။
နောက်ပြီးတိုးပွားလာတဲ့ သက်ကြီးရွယ်အိုကိစ္စ ရှိသေးတယ်။ ဒါ့ကြောင့် အိမ်ဖော်မရှိရင် ပြသနာပေါင်း သောင်းခြောက်ထောင် တက်သွားမယ်။ ဒါကိုသိတဲ့ အစိုးရဟာ အိမ်ဖော်ကိစ္စကို တတ်နိုင်သမျှ အဆင်ပြေအောင် ဆောင်ရွက်ပေးနိုင်ဖို့ HOME ဆိုတဲ့ လူမှုရေးအဖွဲ့ ဖွဲ့ပေး ထားတယ်(အခြားအဖွဲ့တွေ ရှိသေးတယ်၊ နယ်ပယ်အသီးသီးမှာ၊ အစိုးရရဲ့ တိုက်ရိုက်စီမံခန့်ခွဲမှု)။
ဒီပလိုမေစီစကားအရ စင်္ကာပူကို အလုပ်လာလုပ်သူတိုင်း အလုပ်သမား အခွင့် အရေး ရ,ရမယ်။ အရပ်စကားနဲ့ပြောတော့ ခပ်ညံ့ညံ့ အင်ဒို၊ ဖိလစ်ပိုင်နဲ့မြန် မာနိုင် ငံတွေဆီက အိမ်ဖော်တွေမရှိရင် သူ့ရဲ့ လူမှုရေး၊ စီးပွားရေးတွေ ကမောက် ကမဖြစ်သွားနိုင်လို့ သူ့ကိုယ်သူ ကာကွယ်တာပါပဲ။ လာချင် လွှတ်ချင်အောင် လုပ်ထားတာ။ သိပ် အဆိုးမြင်သွားသလား။ မတတ်နိုင်ဘူး၊ ဖြစ်နိုင်ခြေကိုတော့ စဉ်းစားသုံးသပ်ရမှာပဲ။ အူကြောင်ကြောင် အကောင်းမြင်သမား မလုပ်ချင်ဘူး။



ဒီတော့ စင်္ကာပူရှိမြန်မာသံအမတ်က စင်္ကာပူက အေးဂျင့်တွေနဲ့ သဘောတူညီမှု ရဖို့ ညှိနှိုင်းသလို အင်ဒို၊ ဖိလစ်ပိုင်သံအမတ်တွေနဲ့လည်း ဒီကိစ္စ စကားပြောသင့် တယ်။ ဆွေးနွေးသင့်တယ်။ အိမ်ဖော်တွေ အခွင့်အရေးပိုရအောင် လုပ်သင့် တယ်။ ပြောခဲ့ပြီ၊ သူတို့ရှိနေလို့ စင်္ကာပူ အဆင်ပြေနေတာ။ နို့မို့ ကလေး၊ အိုမင်း မစွမ်းမိဘ၊ ဝင်ငွေ၊ ဖိအားများတဲ့ လိုက်ဖ်စတိုင်လ်၊ ဈေးကြီးလှတဲ့ လူနေမှုစနစ်။ ဒီပြသနာက သေးသေးလေး မဟုတ်ဘူး။

မြန်မာနိုင်ငံအနေနဲ့ကတော့ ရေရှည်မှာ ဒီအလုပ်ကို အပြီး ပိတ်နိုင်အောင် လုပ် ရမယ်။ ၂၀၀၃ ခုအထိ အိမ်ဖော်ဆိုတာ မရှိသလောက်ပဲ။
ဒါက ဖြေဆေး၊ ထွက်ပေါက် လုံးဝမဟုတ်ဘူး။
သဘောမတူရင် ဆောရီးပါ။

ပြန်ချင်တဲ့ ကွန်မင့်များ

Facebook Link
Ko Wun Tho (၁) သူကအလယ်အလတ်လူတန်းစား။ အုပ်ချုပ်သူလုတန်းစားနဲ့ ဝင်ထွက်ရင်းနှီးနိုင်ခဲ့ လို့  ပြန်လွမ်းတာဖြစ်မှာပါ။
ကျွန်တော်တို့  တိုင်းပြည်လိုပေါ့ ။ အလယ်လတ်တန်းစားတွေက ဒီတိုင်းလေးနေခြင်ကြတာပဲ ။ သူ မှမထိခိုက်တာကိုး။
ထိခိုက်တဲ့ အောက်ခြေလူတန်းစားတွေ ။ လူမဆန် ပြုမူခံရတာတွေ ကျကိုယ်ချင်းမစာနိုင်ခဲ့ဘူး။
(၂) ဥပမာတခုပြောရရင် နာဂစ်မှာ ရေငတ်အစာငတ်လို့  သေတဲ့ သူတွေက သန်းရွှေကြောင့် ။
ကယ်ဆယ်ရေးတွေ ပေးဝင်ရင်သေစရာအကြောင်းမရှိ။
သူတို့  ဂေါက်လို့ သေရ တာလေ။
ဒါမျိုး တွေနေမယ်ပေါ့ ။ဟဲဟဲ လျှာရှည်ကြည့်တာ။
Unlike · Reply · 5 · 2 hours ago


ကိုဝန်းသိုကွန်မင့်က နှစ်ပိုင်း၊ ပထမပိုင်းကို သဘောတူတယ်၊ ဦးဆက်ဒန်ဟူစိန်နဲ့ သန်းရွှေ နှိုင်းယှဉ်တာကိုတော့ သဘောမတူချင်ဘူး။ ဦးဟူစိန်ဘက်က နာတယ်။ အမျိုးသားရေးမှာ ဦးဆက်ဒန်ဟူစိန်နဲ့ နှိုင်းလို့ရမှာက အာဏာသိမ်းစ ဦးနေဝင်းပဲ၊ မျက်ကန်းမျိုးချစ်စိတ်လို့ ခေါ်ကြမယ်ထင်တယ်။ အမျိုးသားရေး အကျိုးစီးပွား အတွက်တွေပါတယ်။
သန်းရွှေလုပ်ရပ်က ဘာအတွက်မှကို မပါတာ။ ဦးဟူစိန်ကို သူ့မျိုးနွယ်စုတွေက တကယ်ချစ်တာ။ သန်းရွှေသာ ဦးဟူစိန်အဆင့်ရှိရင် တိုင်းရင်းသားတွေကသာ မုန်းပြီး မြန်မာတွေက ကြိတ်ပြီးချစ်နေစရာပဲ။ မြန်မာတွေ ချစ်ဖို့အသားထား သူ့ကို ကျောက်ဆယ်သားတွေကတောင် မချစ်ဘူး။ သူ့ကိုချစ်တာက မယ်ကြိုင်နဲ့ ဦးနှောက်ဆေးမင်္ဂလာအပြုခံလိုက်ရတဲ့ အခု ခေါင်းပေါင်းစထောင်ထောင် လက် တစ်ဆုပ်စာ မြေးလေးတွေပဲ ရှိတယ်။

ကျနော်နားလည်သလို ဘာသာပြန်ရရင်...
ဦးဆက်ဒန်ဟူစိန်က မျက်ကန်းမျိုးချစ်။
သန်းရွှေက မျက်မြင် အာဏာရူး အတ္တသမား။

အမှာ။ ။ ခင်ဗျား "ဦး"မတတ်လို့ ကျနော်လည်း "ဦး"မတတ်တော့ဘူး။ "ဦး"မတတ်လို့ "ဟေ့ကောင့် မင်း မိုက်ရိုက်းလှပါလား" လို့ ဆဲသံလည်း မကြာဘူးသေးဘူး လေ။ အဲသလောက် ချစ်ကြတာ။

**ချစ်တဲ့အီရတ် ငိုလိုက်စမ်း**


(အမေရိကန်ရောက် အီရတ်တစ်ယောက်ရဲ့ဆောင်းပါးပါ။ ရင်ကို ထိသွားလို့)

(အာဏာရှင်စနစ်ကျဆုံး
မနူးမနပ်နဲ့
အစွန်းရောက်ဘာသာရေးပေါ် ချော်လဲ
ဒီမိုကရေစီ သန္ဓေလည်း ပျက်ကျခဲ့ရော။ ။) ဇင်ဝေသော်။

လူတွေက ကျနော်ဘယ်လိုခံစားရသလဲ မေးကြတယ်၊ ဝမ်းနည်းတာပေါ့။ ၂၀၀၃ ခုကစလို့ သေလိုက်တဲ့ အမေရိကန်နဲ့အီရတ်တွေ။ အခု အစ္စလမ်လမ်နိုင်ငံတော် ဆိုတာကြီးပေါ်လာတော့ အီရတ်ဟာ မမှတ်မိနိုင်လောက်အောင် ပုံလဲ သွားခဲ့တော့တယ်။

ဘဂ္ဂဒက်မြို့က အလတ်တန်းစားမိသားစုမှာ ကျနော်မွေးဖွားခဲ့တယ်၊ အဖေက လေတပ်စစ်သား၊ အမေက သင်္ချာဆရာမ၊ ညီအကိုမောင်နှမတွေနဲ့အ တူ ကျောင်းသွား၊ စူပါမဲန်း၊ ဘက်တ်မန်း ဗွီဒီယိုတွေကြည့်၊ မိဘတွေနဲ့ ရေကူးကန် မှာ ရေကူးပေါ့။
၁၉၉၀ ပင်လယ်ကွေ့စစ်ပွဲကြီးဖြစ်တော့ ကျနော်က ၁၂ နှစ်သား။ ဗလီတွေက ဝတ်ပြု ဆုတောင်းဖို့ အော်ခေါ်သံတွေ တစ်ခါမှ မကြားခဲ့ရဘူး။ ဘယ်အမျိုးသမီးမှ ခေါင်းကို ပုဝါမခြုံ၊ ကျနော့်အမေ မိတ်ကပ်လူးတယ်၊ စကတ် ဝတ်တယ်၊ ဘလောက်(စ်)ဝတ်တယ်၊ တစ်ခါတစ်ခါ ဘာမြူဒါ ဘောင်းဘီတိုနဲ့။ ၂၀၀၉ ခု ကျနော် အမေရိကရောက်တော့ "အီရတ်ဟာ အနောက်ဆန်ခဲ့တယ်၊ ပညာရေးကောင်းခဲ့တယ်၊ ကျန်းမာရေး စောင့်ရှောက်မှုကောင်းခဲ့တယ်၊ ဘာသာရေး အစွန်းမရောက်ခဲ့ဘူး" စတာတွေ အမေရိကန်တွေ နားမလည်ကြ မှန်း သိခဲ့ရတယ်၊ အချမ်းသာကြီးမဟုတ်ပေမဲ့ အီရတ်ဟာ မဆင်းရဲဘူး။
ဒီနေ့ အီရတ်လား။ ဆီနဲ့ရေပေါ့ဗျာ။

လွန်ခဲ့တဲ့ ၂၄ နှစ်က အီရတ်က ကူဝိတ်ကို ကျူးကျော်၊ အမေရိကန်က အီရတ်ကို ဒဏ်ခတ်၊ တံတား၊ ပါဝါစတေးရှင်း၊ ရေမြောင်းနဲ့ ရေနံစက်ရုံတွေ ဖျက်ဆီးခဲ့ တယ်။ ရေပိုက်ကိုလှည့်ပေမယ့် ရေမလာတော့ဘူ။ မီးမရှိ ရေမလာ၊ သန်းခေါင်ယံ ပူအိုက်လို့ အိပ်ယာကနိုး။ စီးပွားရေး ဒဏ်ခတ်တော့ လူတွေရဲ့ဘဝတွေ၊ ကိုယ် ကျင့်တန်ဖိုးတွေ ချက်ချင်းပြောင်းသွားခဲ့တော့တယ်။
လုယက်မှုတွေ ထူပြော၊ ၃ မိနစ်ကြာအောင် ကားရပ်ထားလို့ မရ။
အမေရိကန်တွေမျှော်မှန်းထားသလို စစ်ပွဲက အီရတ်တွေရဲ့ဘဝကို ပြောင်း မပေးနိုင်ခဲ့ဘူး။ အီရတ်တွေက ဆက်ဒန်ကို ဖြုတ်ချဖို့ အမေရိကန်တွေက မျှော်လင့် ဟန်တူပါတယ်၊ ဒါက ဖြစ်လာမယ်မဟုတ်ဘူး။ ကျနော်တို့ဟာ မျိုးဆက်ပေါင်း မရေမတွက်နိုင်အောင် ကြီးသူရိုသေယဉ်ကျေးမှုနဲ့ နေလာခဲ့ကြတာ။

လွတ်လပ်သွားတဲ့ အီရတ်ဟာ အောက်ခြေလည်းလွတ်သွားတယ်၊ ဒီမိုကရေစီမဖြစ်တဲ့အပြင် ဘာသာရေးခေါင်းဆောင်တွေဆီ ခြေစုံပြေးဝင်သွား ကြတယ်။ ဒါဟာ ဒီမိုကရေစီ ကျရှုံးမှု၊ အမေရိကန် ကျရှုံးမှု။ စီပွားရေး ပိတ်ဆို့ လိုက်တော့ အီရတ်ကို ပြောင်းလဲပေးနိုင်မယ့် အီရတ်ပညာတတ်တွေ၊ အနုပညာ ရှင်တွေ၊ အလယ်အလတ်ဝါဒီတွေက နိုင်ငံရပ်ခြားကို ပြောင်းသွားကြတယ်။

၂၀၀၃ ခုအထိ အခြားဆရာဝန်တွေ၊ ဆေးဝါးပညာရှင်တွေနဲ့အတူတူ ခရီးထွက်ခွင့် ကျနော်မရခဲ့ဘူး။
သူငယ်ချင်း၊ မိဘ မိသားစုက ဆီးရီးယား၊ ဆီးရီးယားကနေ ဂျော်ဒန်ကို ဆက်ကူး သွားကြတယ်။
ကျနော်လည်းထွက်သွားခဲ့ချင်တာပဲ၊ ဒါပေမဲ့ အီရတ်ပတ်စပို့နဲ့ ဝင်လို့ရတဲ့နိုင်ငံက လက်ချိုးလို့ရတယ်။
၂၀၀၉ ခုရောက်မှ အမေရိကကို ထွက်လာနိုင်ခဲ့တယ်။ အီရတ်ကနေ ထွက်ခဲ့ ရတာကို ပျော်နေမိတယ်။ ဒါတောင် ဒီနေ့ အနေအထားလောက် မဆိုးဝါးလှဘူး။

ဝမ်းနည်းစရာအကောင်းဆုံးက အီရတ်လိုနိုင်ငံထဲမှာ ISIS ကို ထောက်ခံမှု ရှိနေသေးခြင်းပါ။ ပြောရတာ စိတ်မကောင်းပါဘူး။ အဲဒါ ဆက်ဒန်ဟူစိန်မရှိလို့ပါ။
ကျနော်လည်း ဆက်ဒန်ဟူစိန်ကို မုန်းပါတယ်၊ ဒါပေမဲ့ သူရှိနေရင် ဒီအနေအထား မျိုး ရောက်မလာနိုင်ပါဘူး။ ဆက်ဒန်ဟူစိန်မရှိလို့ သေရတဲ့ လူအရေအတွက်ဟာ ဆက်ဒန်ဟူစိန် သတ်လို့သေရတဲ့ လူအရေအတွက်ထက် အများကြီး ပိုများတယ်။

အစတော့ တီဗွီကြည့်၊ သတင်းနားထောင်၊ နောက်ပိုင်းစိတ်ညစ်လို့ အားလုံးဖြတ် ပစ်လိုက်တယ်။

တစ်ခါတစ်ခါ အရင်က ရွှေရောင် အီရတ်ရဲ့ ဗွီဒီယိုလေးတွေကိုပဲ ပြန်ကြည့်နေ မိတယ်။
အီရတ် ပြောင်းလဲလာဦးမှာလား။ ဒီပုံစံနဲ့ ကျနော့်တစ်သက်တော့ မထင်မိဘူး။