ဒီမိုကရေစီ ဆောင်းဦးပေါက် (၂)


မေး။ ဒီသဘာဝတွေ တကယ်ရောရှိသလား။
ဖြေ။ ရှိတာပေါ့။ ဒါဆိုရင်တော့ ဟန်တင်တန်ရဲ့ တတိယလှိုင်းကို ဖတ်ဖို့ အကြံပြုရတော့မှာပါ။ သူက လှိုင်းသုံးလှိုင်းနဲ့ ခွဲခြားပြပါတယ်။ ပထမလှိုင်းထဲမှာ ဒီမိုကရေစီ ပြောင်း၊ ပြီးတော့ အာဏာရှင်စနစ်ဆီ ခြေဦးလှည့်၊ အဲဒီအထဲက တချို့နိုင်ငံတွေက ဒုတိယလှိုင်းထဲမှာ ဒီမိုကရေစီ ထပ်ပြောင်း စုံလို့ပါပဲ။

မေး။ မြန်မာနိုင်ငံက ဘယ်လှိုင်းထဲမှာ ပါမလဲ။
ဖြေ။ ဒုတိယလှိုင်းထဲမှာ ဘုမသိဘမသိနဲ့ ပါခဲ့တယ်။ ပြီးတော့ နောက်ကြောင်းပြန်တယ်။ အခု ဒီမိုကရေစီစနစ်ဆီ ပြန်လည် ကူးပြောင်းရာမှာတော့ တစ်နိုင်ငံထဲ ကူးပြောင်းတာမို့ လှိုင်းလို့ ပြောဖို့ ခက်ပါတယ်။ လှိုင်းဆိုတာ နိုင်ငံအများအပြား တစ်ချိန်ထဲမှာလိုလို ဒီမိုကရေစီ ကူးပြောင်းကြမှ သတ်မှတ်လို့ ရနိုင်တာ မဟုတ်လား။ ကျွန်တော်တို့ ဒီမိုကရေစီ ပြောင်းတာကို သဘောကျပြီး လာမယ့် နှစ်တွေအတွင်း ဒီမိုကရေစီ ကူးပြောင်းကြမယ့် နိုင်ငံတွေ အတော်များများ ပေါ်ထွက်လာမယ် ဆိုရင်တော့ ကျွန်တော်တို့က စတုတ္ထ ဒီမိုကရေစီ လှိုင်းဦးစလို့ ခေါ်ရင်ရကောင်းရပါလိမ့်မယ်။

မေး။ လက်ရှိ မြန်မာ့ဒီမိုကရေစီ ရေရှည်တည်တံ့မယ်လို့ ထင်ပါသလား။
ဖြေ။ ထင်ပါတယ်။ အချိန်ယူပြီး ပြင်ဆင်ခဲ့ကြတာပဲ။

မေး။ ဘာကြောင့်လဲ။
ဖြေ။ ဒီကိစ္စကို နောက်မှ ဆက်ပြီး ဆွေးနွေးကြရအောင်ဗျာ။
................................................................................
မေး။ ဒီမိုကရေစီဆိုတဲ့ စကားက ဂရိဘာသာစကားကနေ ဆင်းသက်လာတာ ဖြစ်ပြီး ဒီမိုကရေစီရဲ့ သဘောတရားတွေလည်း ဂရိခေတ်ကတည်းက ရှိနေခဲ့တာလို့ ဆိုကြတာနော်။
ဖြေ။ မှန်တယ်၊ မမှန်ဘူးလို့ပဲ ဖြေရမယ် ထင်ပါတယ်။ ဂရိခေတ် ဒီမိုကရေစီက မောင်နီပါ။ ဒီနေ့ခေတ် ဒီမိုကရေစီက ဦးနီပါ။ တကယ်တော့ ဒီမိုကရေစီရဲ့ သဘောသဘာဝတွေက ဂရိတင်မကပါဘူး။ အိန္ဒိယမှာလည်း ဘီစီ ခြောက်ရာစု ကတည်းက ရှိခဲ့ပါပြီ။

မေး။ ဟိုခေတ် ဒီမိုကရေစီနဲ့ ဒီခေတ် ဒီမိုကရေစီ မတူဘူး ဆိုတော့ အဓိက ခြားနားချက်က ဘာဖြစ်မလဲ။
ဖြေ။ ရှေးခေတ် ဒီမိုကရေစီက နယ်ပယ်ကျဉ်းတာပေါ့။ ကျေးရွာအဆင့်၊ လူမျိုးစုတူ လူတွေချင်း အဆင့်၊ အဖွဲ့အစည်း အဆင့်၊ ကိုးကွယ်မှုတူရာ အဆင့် စသည် အမျိုးမျိုး ရှိတာပေါ့။ ဒီနေ့ ဒီမိုကရေစီက ဒီဘောင်တွေကို ကျော်လွန်သွားတယ်။ နိုင်ငံတော်အဆင့်ကို ရောက်သွားတယ်။
အကျဉ်းဆုံး အရှင်းဆုံး ပြောပြရရင် ကျေးရွာအခြေခံ ဒီမိုကရေစီအဆင့်နဲ့ နိုင်ငံတော် အခြေခံ ဒီမိုကရေစီ အဆင့်ပါပဲ။

မေး။ ဒီလိုဆိုရင် ဒီမိုကရေစီနဲ့ လူသားဟာ မစိမ်းလှဘူးပေါ့။
ဖြေ။ မစိမ်းပါဘူး။ ဒီမိုကရေစီရဲ့ သဘောတရား တချို့ စီဗီလိုက်ဇေးရှင်းတိုင်းမှာ ရှိနေတတ်တယ်။ ဒါကလည်း ၁၈၊ ၁၉ ရာစုမတိုင်ခင် ရှေးပဝေသဏီကတည်းက ရှိနေခဲ့တာပါ။

မေး။ ဒါနဲ့ ဘီစီခြောက်ရာစုက လိစ္ဆဝီမင်းတွေ ကျင့်သုံးတဲ့ စနစ်ဟာ ဒီမိုကရေစီလား။
ဖြေ။ ဒီမိုကရေစီ အစစ်ကြီး မဟုတ်သေးဘူးလို့ပဲ ယူဆပါတယ်။ ပါလီမန်စနစ် အစပျိုးနေပြီလို့တော့ အသေအချာ ပြောလို့ ရပါတယ်။

မေး။ ဘာဖြစ်လို့ ဒီမိုကရေစီ မဟုတ်လှသေးဘူး။ မစစ်သေးဘူးလို့ ပြောနိုင်တာလဲ။
ဖြေ။ ဒီမိုကရေစီရဲ့ အဓိက တန်ဖိုးဖြစ်တဲ့ အစိုးရပေါ်ထွက်လာပုံက ပြည်သူလူထုဆီမှာ အခြေခံမထားလို့ပါ။ ဒီနေ့ခေတ် သတ်မှတ်ချက်အရဆိုရင် လူမျိုးစု ဒီမိုကရေစီ၊ မြို့ပြ ဒီမိုကရေစီလို့ပဲ ခေါ်လို့ရပါတယ်။ လိစ္ဆဝီသာကီဝင် မင်းသား တွေက လူထုကြီးရဲ့ ထောက်ခံမှုတွေရအောင် တမင်တကာ စည်းရုံးနေကြမယ် မထင်ပါဘူး။ သူတို့ ချင်း ထောက်ခံရင် ရနေပြီလေ။ အထူးသဖြင့် အလွန်မာနကြီးတဲ့ လိစ္ဆဝီတွေဟာ သူတို့ထက် အဆင့်နိမ့်တဲ့ အခြား လူတန်းစားတွေနဲ့ အပေးအယူတွေ၊ အလျှော့အတင်းတွေ ညှိနှိုင်းနေကြလိမ့်မယ်လို့ မထင်ပါဘူး။ အလွန် မာနကြီးတဲ့ လူမျိုးတွေပါ။ ဒါပေမဲ့ သူတို့က ဒီနေ့ လှိုင်လှိုင်ကြီး အသုံးပြုနေကြတဲ့ နိုင်ငံရေးအရ မှန်ကန်မှု (Politically correctness) တော့ ကျင့်သုံးကြတယ်လို့ ဆိုနိုင်ပြန်တယ်။ နိုင်ငံရေးပါးဝတယ်ပေါ့။
ဇင်ဝေသော်

ဒီမိုကရေစီ ဆောင်းဦးပေါက် (၁)



(မှန်ထောင်ပြီး မေးကြည့်မိတဲ့ မေးခွန်းများ)
မေး။ ဒီမိုကရေစီ ဆိုတာ ဘာပါလဲ။ 
ဖြေ။ လူထုလက်ထဲမှာ အာဏာရှိတဲ့စနစ်၊ လူထုရဲ့ ဆန္ဒနဲ့အညီ အုပ်ချုပ်သူ လူတန်းစားကို ရွေးချယ်ယူတဲ့ စနစ်လို့ပဲ အတိုချုပ် မှတ်နိုင်ပါတယ်။ ဒီလိုမဟုတ်ရင် အလွန် လေးလံသွားမှာ စိုးရိမ်ရပါတယ်။

မေး။ ဒါဆိုရင် ဒီမိုကရေစီစနစ်ရဲ့ ဆန့်ကျင်ဘက်စနစ်က ဘာဖြစ်မလဲ။
ဖြေ။ ကမ္ဘာ့သမိုင်းမှာ အစိုးရစနစ်၊ အစိုးရ ပုံသဏ္ဌာန်တွေ အမျိုးမျိုး ရှိခဲ့ဖူးပါတယ်။ အင်ပါယာ၊ ပဒေသရာဇ်၊ ဧကရာဇ်၊ ဆိုရှယ်လစ်၊ ကွန်မြူနစ် စသည် စုံလို့ပါပဲ။ ဒါတွေကို လိုက်ကြည့်နေရင် ရှုပ်ထွေးသွားပါတယ်။ ဒါ့ကြောင့် အတိုဆုံးဖြေရရင် ဒီမိုကရေစီစနစ်ရဲ့ ဆန့်ကျင်ဘက်ဟာ အာဏာရှင်စနစ်ပါပဲ။ အာဏာရှင်စနစ်မှာ အစိုးရက လူထု ဆန္ဒနဲ့အညီ ရွေးကောက် တင်မြှောက်ထားတာ မဟုတ်ပါဘူး။ ဒီအကြောင်းကို နောက်ပိုင်းမှ ဆက်ကြရအောင်ပါ။

မေး။ ဇင်ဝေသော်က ဒီမိုကရေစီစနစ်ကို ထောက်ခံပါသလား။ ဘာကြောင့်လဲ။
ဖြေ။ ထောက်ခံပါတယ်။ လူတစ်ဦးချင်းစီရဲ့ ရပိုင်ခွင့်နဲ့ ယူပိုင်ခွင့်ကို အပြည့်ဝဆုံး ပုံဖော်ပေးနိုင်တဲ့ စနစ်၊ ရင့်ကျက် ယဉ်ကျေးတဲ့ အုပ်ချုပ်ပုံစနစ် ဖြစ်လို့ပါ။ အရှင်းဆုံးပြောရရင် အရွယ်ရောက်သူတွေကို အုပ်ချုပ်တဲ့ စနစ်မျိုး ဖြစ်နေလို့ ပါပဲ။

မေး။ ဒါဆိုရင် အခြား စနစ်တွေက အရွယ်မရောက်သေးတဲ့ အုပ်ချုပ်ပုံပေါ့။
ဖြေ။ ကျွန်တော်တော့ ဒီလိုပဲ ယုံကြည်ပါတယ်။

မေး။ ဒါလေးကို နည်းနည်း အကျယ်ချဲ့ပြပါလား။
ဖြေ။ ရပါတယ်၊ လူမှုရေးသဘာဝနဲ့ ဆက်ပြီး ကြည့်ကြရအောင်။ အာဏာရှင်စနစ် ဆိုတာ အရွယ်မရောက်သေးတဲ့ လူမမယ်လေးတွေကို အုပ်ချုပ်ပုံပါ။ တစ်မိန့်တစ်အာဏာ ဆန်တယ်။ ကျောင်းသွားရမယ့်အချိန်က ဘယ်အချိန်၊ ကျောင်းကနေ အိမ်ပြန်ရောက်ရမယ့် အချိန်က ဘယ်အချိန်၊ အိပ်ယာထချိန်က ဘယ်အချိန် စသည် တိတိကျကျ သတ်မှတ်ပေးထားသလိုပါ။ အရွယ်မရောက်သေးတဲ့ ကလေးတွေအတွက် အဲသလို တိကျတဲ့ စည်းကမ်းတွေလည်း လိုအပ်ပါတယ်။

မေး။ ကလေးတွေ အရွယ်ရောက်လာတာနဲ့ အုပ်ချုပ်ပုံ ကွဲပြားလာရသလို နိုင်ငံရဲ့ အခြေအနေကို ကြည့်ပြီး အုပ်ချုပ်ပုံ၊ အစိုးရစနစ် ပြောင်းလဲပေးရတယ်လို့ ဆိုလိုချင်တာလား။
ဖြေ။ မှန်ပါတယ်။ ဒီအတိုင်းပါပဲ။ ကျွန်တော် သဘောပေါက် နားလည်ထားသလိုဆိုရင်-
၁။ အာဏာရှင်စနစ်က ကလေးကို အုပ်ချုပ်ပုံနဲ့ တူမယ်။ 
၂။ နိုင်ငံရေး လွတ်လပ်ခွင့်ပေးခြင်းက လူငယ်တွေကို ရည်းစားထားခွင့်ပေးခြင်းနဲ့ တူမယ်။
၃။ သူတို့ချင်း သဘောထားမျှ၊ မိဘတွေကလည်း သဘောတူရင် သူတို့ကို စေ့စပ်ကြောင်းလမ်းပေးမယ်။ ဒါကိုတော့ ဒီမိုကရေစီ အကူးအပြောင်း ကာလအတွင်း စေ့စပ်ညှိနှိုင်းဆွေးနွေးခြင်းလို့ ဆိုရပါမယ်။ 
၎။ ရွေးကောက်ပွဲ ကျင်းပခြင်းကတော့ သူတို့နှစ်ဦးကို ထိမ်းမြားလက်ထပ်ပေး ခြင်းနဲ့ တူပါတယ်။ 
၅။ ရွေးကောက်ပွဲပြီးလို့ ပါတီတစ်ခုခုက အာဏာရလာတဲ့အခါ တရားဝင် ဒီမိုကရေစီ ဖြစ်လာတာပါပဲ။ လူငယ် အမျိုးသားနဲ့ အမျိုးသမီးတို့ တရားဝင် လက်ထပ်ပြီးတဲ့နောက် တာဝန်တွေ အပြန်အလှန် ယူကြ၊ ကျေပွန်ကြရပါတယ်။ ဒါကတော့ ဒီမိုကရေစီ အားသစ်လောင်းခြင်းနဲ့ တူညီပါတယ်။ 
လက်ထပ်လိုက်လို့ အကြင်လင်မယားအရာ မြောက်သွားပေမဲ့ ခိုင်မာတဲ့ မိသားစု ဘဝတော့ မရကြသေးပါဘူး။ အလားတူပါပဲ။ ရွေးကောက်ပွဲ ကျင်းပပေးလိုက်ရုံနဲ့ ဒီမိုကရေစီက မဖွံ့ဖြိုးသေးပါဘူး။ အညှောက်ပေါက်ရုံပဲ ရှိပါသေးတယ်။

မေး။ ထိမ်းမြားလက်ထပ်ပြီးမှ သဘောထားချင်း မတိုက်ဆိုင်လို့ ကွဲကြ ကွာကြတာတွေလည်း ရှိနေနိုင်တာပဲနော်။ 
ဖြေ။ အတိအကျပေါ့။ ဒါ့ကြောင့် ဒီမိုကရေစီမှာလည်း နောက်ကြောင်းပြန်လှိုင်းတွေ ရှိတာ့။ ဒီမိုကရေစီ ကူးပြောင်းပြီးမှ အာဏာရှင်စနစ်ဆီ ခြေဦးပြန်လှည့်သွားတာတွေ အများအပြား ရှိပါတယ်။

မေး။ ဘယ်လို အခြေအနေမျိုးတွေမှာ နောက်ကြောင်းပြန်လှည့်ဖို့ ဖြစ်နိုင်ခြေ ပိုများမလဲ။
ဖြေ။ ဘယ်လို ဇနီးမောင်နှံတွေမှာ ကွာရှင်းပြတ်စဲဖို့ ရာခိုင်နှုန်း ပိုများမလဲ။ ကျွန်တော်ကပဲ ပြန်မေးပါရစေ။

မေး။ အင်း... ဒါကတော့ အကြောင်းအမျိုးမျိုး ရှိနိုင်တာပေါ့။ ချစ်တယ်ထင်ပြီး ယူပြီးမှ သဘောထား ညှိနှိုင်းလို့ မရတာတွေ၊ ငယ်ငယ်ရွယ်ရွယ် မနူးမနပ်နဲ့ ဘာမှမသိဘဲ လက်ထပ်ပြီးမှ ကွဲသွားရတာတွေ၊ အမျိုးမျိုးပေါ့ဗျာ။
ဖြေ။ ကွက်တိကြီး မတူလှပေမဲ့ ဒီမိုကရေစီ အကူးအပြောင်းကလည်း ဒီသဘောအတိုင်းပါပဲ။ ဒီမိုကရေစီစနစ်နဲ့ အလုပ်ဖြစ်မယ် ထင်ပြီး ပြောင်းလဲလိုက်ကြပေမဲ့ အလုပ်မဖြစ်တော့ဘူး ဆိုတော့ အာဏာရှင်စနစ်ဆီကို ပြန်ရောက်သွားတတ်ကြတယ်။ ပညာရှင် အများအပြား လက်ခံတဲ့ အဓိက လိုအပ်ချက်တွေကတော့ ပညာတတ် လူလတ်တန်းစား အားကောင်းမှု၊ နိုင်ငံလူထုရဲ့ စီးပွားရေးနဲ့ ပညာရေး အခြေခံ ကောင်းမွန်မှု စတာတွေပါပဲ။ သူတို့ ဆွေးနွေးပြတဲ့ အကြောင်းတွေ ကတော့ အများကြီးပေါ့။ ဒါကိုလည်း နောက်ပိုင်းမှာ ဆက်ပြီး ဆွေးနွေးကြည့်ကြသေးတာပေါ့။
နောက်ပြီး ဘုမသိဘမသိနဲ့ ငယ်ငယ်ရွယ်ရွယ် အိမ်ထောင်ကျ၊ ဘာမှ မကြာခင် ကွဲကြကွာကြသလို ဗြိတိသျှ စတဲ့ ဥရောပ ကိုလိုနီဖြစ်တဲ့ နိုင်ငံတွေဟာ ကိုလိုနီလက်က လွတ်တာနဲ့ အလိုလို ဒီမိုကရေစီစနစ်အောက် ရောက် သွားကြတယ်။ ဒီမိုကရေစီအတွက် လိုအပ်တဲ့ အခြေခံ အဆောက်အဦးတွေ မရှိဘူးဆိုတော့ သိပ်မကြာခင်မှာပဲ အာဏာရှင်စနစ်အောက် ပြန်ရောက်သွားကြရပြန်ပါတယ်။

မေး။ မြန်မာနိုင်ငံကိုများ ရည်ရွယ်ပြီး ပြောနေတာလား။
ဖြေ။ မြန်မာနိုင်ငံ ပါဝင်ပါတယ်။ မြန်မာတစ်နိုင်ငံထဲတော့ မဟုတ်ပါဘူး။ တတိယ ကမ္ဘာနိုင်ငံ အများစု၊ အထူးသဖြင့် ဗြိတိသျှကိုလိုနီ လက်အောက် ရောက်ခဲ့တဲ့ နိုင်ငံအများအပြား ပါဝင်ပါတယ်။

မေး။ ဗြိတိသျှကိုလိုနီလွန် မြန်မာ့နိုင်ငံရေးနဲ့ လွတ်လပ်ရေးကိုရော မေးလို့ ရမလား။
ဖြေ။ ဒီမိုကရေစီ ဆုံးရှုံးခဲ့တယ်။ စစ်တပ်ရ့ အာဏာသိမ်းခြင်း ခံခဲ့ရတယ်။ ကျန်တာတွေတော့ ဒီမိုကရေစီနဲ့ မဆိုင်လို့ မဖြေပါရစေနဲ့။ ဘုမသိဘမသိနဲ့ ရခဲ့တဲ့ ဒီမိုကရေစီလေး ဆုံးရှုံးသွားခဲ့ရတယ်ပေါ့။

မေး။ လူမှုရေးနဲ့ ဆက်စပ်ကြည့်မယ်ဆိုရင် အိမ်ထောင်ကျ၊ ကလေးတွေ ဘာတွေ ရပြီးပြီဆိုရင် သဘောထား သိပ်ပြီး မတိုက်ဆိုင်ဘူး ဆိုရင်တောင် ကွဲကြကွာကြဖို့ ပိုခက်လိမ့်မယ် ထင်တယ်။ 
ဖြေ။ မှန်ပါတယ်။ ဒီမိုကရေစီရဲ့ သဘောတရားကလည်း ဒီအတိုင်းပါပဲ။ ကလေးတွေက အိမ်ထောင်မြဲဖို့ရဲ့ အကြောင်းရင်းတွေ ဖြစ်နေနိုင်သလို ဒီမိုကရေစီရဲ့ အစဉ်အလာတွေ၊ ဒီမိုကရေစီ တန်ဖိုးတွေကို လူထုက လက်ခံလာပြီဆိုရင် ဒီမိုကရေစီ ခိုင်မြဲဖို့ အားသစ်လောင်းပေးခြင်းတွေ ဖြစ်ကြပါတယ်။ ကုန်ကုန် ပြောကြစို့ဗျာ။ ကလေးတွေရပြီးမှ ကွဲကြကွာကြတယ် ဆိုရင်တောင် ကလေးတွေရဲ့ သံယောဇဉ်ကြောင့် ပြန်လည် ပေါင်းစည်းဖို့ အခွင့်အလမ်း ပိုများပါတယ်။ 
ဒီမိုကရေစီရဲ့ သမိုင်းကြောင်းကလည်း ဒီအတိုင်းပါပဲ။ ဒီမိုကရေစီ ဖြစ်ခဲ့ဖူးတဲ့ နိုင်ငံတွေက ဒီမိုကရေစီ စနစ်ဆီ ပြန်လည်ကူးပြောင်းဖို့ အခွင့်အလမ်း ပိုများသလို ဒုတိယအကြိမ် ပြောင်းလဲလိုက်တဲ့ ဒီမိုကရေစီက ရေရှည် ခိုင်မြဲ သွားတတ်ပါတယ်။
ဇင်ဝေသော်

ဒီမိုကရေစီ ဆောင်းဦးပေါက်ကို မတို၊ မရှည် စတေးတပ်လေးတွေ တင်ပေးပါမယ်




မနက်ဖြန်ကစပြီး ဒီမိုကရေစီ ဆောင်းဦးပေါက်ကို မတို၊ မရှည် စတေးတပ်လေးတွေ တင်ပေးပါမယ်။ ကောက်နှုတ်တင်တာမျိုး မဟုတ်ပါဘူး၊ ရောက်သလောက်အထိ စာစစ်ရင်း အစကနေ တင်တာမျိုးပါ။
မရှင်းလင်းတာတွေရှိရင် ကွန်မင့်ရေးပြီး မေးနိုင်ပါတယ်။ မေးခွန်းက တကယ်ကောင်းရင် မေးသူအမည်ပါ (သဘောတူရင်) ထည့်စွက်ပြီး စာအုပ်ထဲမှာ အသိအမှတ်ပြုပေးပါမယ်။
စာဖတ်သူကသာ နားမလည်တာ စာရေးသူကတော့ သူ့စာသူ ပြန်ဖတ်တဲ့အခါ ရှင်းနေတတ်ပါတယ်။ ဒါလေးကို သတိထားမိလို့ပါ။ 
ဘယ်လောက်ပေါ့ပါးအောင် ကြိုးစားသည်ဆိုစေ ဒီမိုကရေစီအကြောင်းက အတန်ငယ်တော့ ရှုပ်ထွေး၊ လေးလံနေမှာပါပဲ။
မေတ္တာဖြင့်
ဇင်ဝေသော်