ဗျည်းသုံးဆယ့်သုံးလုံး ဖွဲ့စည်းပုံ ပြင်ရမည်(New Version)


"ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ရမယ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ရမယ်" ဆိုသည့် အသံများ မကြာခဏ ကြားနေရပါသည်။ ပြင်ကြပါ။ ပြင်သင့်ပါသည် ။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ပြီးလျှင် အခြားပြင်စရာ များ စွာရှိနေသေးကြောင်းတော့ သတိပေးချင်ပါသည်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြီး လျှင် ဒုတိယ အရေးအကြီးဆုံးက ဗျည်း သုံးဆယ့်သုံးလုံး ဖွဲ့စည်းပုံ ဖြစ်ပါသည်။ အက္ခရာအခွင့်အရေးနှင့် လုံးဝ မညီညွ တ်ပါ။ ပြင်ကို ပြင်ရပါမည်။ စိတ်ကူးပေါက် ခိုက် အနည်းငယ် တင်ပြချင်ပါ သည်။

"က" ကြီး။
သူက ဗျည်းသုံးဆယ့်သုံးလုံး၏ ခေါင်းဆောင်ဖြစ်ပါသည်။ ပြသနာက "က" ငယ် ဆိုတာမရှိဘဲ သူတစ်ယောက်ထဲ အလိုလို ကြီးနေခြင်းဖြစ်ပါ သည်။ "က" ငယ်ရှိလျှင် "က" ကြီးကို လက်ခံလို့ရပါသည်။ ရှေ့ဆုံးကမို့ ကြီး တာလား၊ အဓိပ္ပါယ် မရှိပါ။ သူ့ထက်ကြီးကျယ်၊ သူ့ထက်ခန်းနား၊ သူ့ထက် အရေး ခက်သော ဗျည်း များစွာရှိသည်။
ဥပမာ ဃ၊ ဋ၊ ဍ၊ ဏ၊ ဠ တို့ဖြစ်ပါသည်။ တော်ရုံတန်ရုံလူ မှန်အောင် မရေးတတ်ပါ။

"ခ" ကွေး
"ခ" ကွေးကလည်း အဆင်မပြေလှပါ။ မြန်မာစာမှာ ကွေးနေအောင် "က" တယ်လို့သာရှိပါသည်။ ပြသနာက "ခ" ကွေး ကြောင့် ကွေးနေအောင် "ခ" သူများ ပေါ်ပေါက်လာရသည်။ နိမိတ်မကောင်းသော အက္ခရာ ဖြစ်သည်။ "က" ကြီးနောက်လိုက်တို့သည် ကွေးနေအောင် "ခ" တတ်သည့် နောက်လိုက် ဒုတိယတန်းစား၊ အချောင်စားများဖြစ်နေသည်ကို တွေ့ရပါသည်။

"ဂ" ငယ်
"ဂ" ငယ်ကလည်း မစွံလှပါ။ "ဃ" ကြီးကြောင့် ငယ်လိုက်ရတာဟု ဆိုရန် ရှိသော်လည်း ရေးထုံးအရ "ဃ" ကြီးနဲ့ "ဂ" ငယ် လုံးဝဆက်စပ်ဖို့ ခက် ပါသည်။ တည်နေပုံအားဖြင့်လည်း ပက်လက်နဲ မှောက်ရက် ဖြစ်သည်။ သူနှင့် ပုံစံတူသည်က "က" ကြီးသာ ဖြစ်သည်။ "ဂ" ငယ်ဟူသည် "က" ကြီးတစ်ခြမ်းပဲ့သာဖြစ်သည်။ တက္ကနီကယ်တန်းဖြင့် စမော "က" (သို့ ) "က" ငယ် ဟုဆိုနိုင်သည်။ ယခု ဤသို့မဟုတ်ဘဲ သူနဲ့ မိသားစုချင်းမတူသည့် "ဃ" ကြီး လက်အောက်ခံလုပ်ကာ "ဂ" ငယ် ဖြစ်နေရသည်။

"ဃ"
"ဃ"၏ ဖြစ်သင့်သောအမည်က "ယ" ပျက်ဖြစ်သည်။ ပုံစံ ပျက်နေသော "ယ" သာဖြစ်ပါသည်။ ယ ကို ခေါင်းပေါင်းစတပ်ပေးလျှင် "ဃ" ဖြစ်ပါသည်၊ အစစ်မဟုတ်ပါ။

"င"
သူတစ်ယောက်ထဲ အလိုလို ကြီးနေသော "က" ကြီး၊ ကွေးနေအောင် "ခ" သော "ခ" ကွေး တို့ အုပ်စု အဆုံးသတ်က "င" ဖြစ်နေသည်။ အတ္တသံပါသည်။ သူတပါးဆိုတာ မပါတော့ဘဲ "င" (ငါ့) ဖြစ်နေသည်။

"စ" လုံး
"စ" လုံး ကိုတော့ ထောက်ခံပါသည်။ အဓိပ္ပါယ်လည်း လှပါသည်။ အစမှာ လုံးလုံးလေး (သို့) စတင်ချိန်မှာ စည်းစည်းလုံးလုံး ရှိကြသည် ဟုအဓိပ္ပါ ယ် ကောက်ယူနိုင်ပါသည်။ သို့သော် ပုံစံကို သေသေချာချာကြည့်မိတော့ မျက်စောင်းထိုးနေဟန်ရှိသည်ကို စတင်တွေ့ရသည်။

"ဆ" လိမ်
သိပ်သဘောမတွေ့မိတော့ပါ။ စ လို့မှ ဘာမှ မကြာသေးခင် မုန်းကြိုးလိမ်လို့ လိမ်လိမ်ကောက်ကောက်ဖြစ်လာသည်။ ထိုသို့ မဖြစ်သင့်ဟု ထင်ပါသည်။ "လုံး" နေရာမှာ "လိမ်" သွားသောကာလက ဘာမှ မကြာလိုက်ပါ။ ရေးဟန် အနေနဲ့လည်း ကွေးနေအောင် "ခ" သော "ခ" ကွေးနှင့် တော်တော်တူနေ သည်။
ထူးသည်က "ဆ" လိမ်က ကျောပိုးအိပ်ကြီး ပါနေခြင်းသာဖြစ်သည်။ ဘာတွေ ထည့်ထားမှန်း မသိပါ။ "ခ" သူများ "ကျောပိုးအိပ်ကြီး" ဖြစ်သွားတတ်ပါသလား။

"ဇ" ကွဲ
လိမ် သွားပြီဆိုလျှင် အခြေအနေကို အကဲခတ်လို့ ရသွားပြီဖြစ်ပါသည်။ လိမ်ပြီး မကြာမီ သူသူ ငါငါ "ဇ" များ ကွဲကြတော့သည်။ ရေးဟန်အားဖြင့် လည်း "ဇ" ကွဲသည် ပုရွက်ဆိတ် အကိုက်ခံထားရသော "ဂ" ငယ် နဲ့ တော်တော်တူနေပါသည်။ မဖြစ်သင့်ပါ။

"ဈ" မျဉ်းဆွဲ
မကောင်းတော့ပါ။ ကွဲကြ ပြဲကြပြီး မျဉ်းများ "စွဲ"လာကြ၊ "ဆွဲ"လာကြသည်။ သူ့မျဉ်း ကိုယ့်မျဉ်းစသည်တို့ဖြင့် သူသူငါငါ အတ္တလည်း ကဲလာကြတော့ သည်။
ဗျည်းတစ်လုံးရေးရာမှာ ပေတံလိုနေသလိုလည်း ခံစားရပါသည်။ လုံးဝ မဖြစ်သင့်ပါ။

"ည"
ဤမျှဆို စာရှူသူတို့ သဘောပေါက်ပြီဟု ယူဆမိပါသည်။
"စ" လုံး။ အစမှာ စည်းစည်းလုံးလုံး ရှိကြသည်။
"ဆ" လိမ်။ စ လို့ မကြာမီ မုန်းကြိုးလိမ်လို့ လိမ်လိမ်ကောက်ကောက်ဖြစ် လာသည်။
"ဇ" ကွဲ။ လိမ်ပြီး မကြာမီ သူသူ ငါငါ "ဇ" များ ကွဲကြတော့သည်။
ထို့နောက် "ဈ" မျဉ်းဆွဲ။ ကွဲကြ ပြဲကြပြီး သူ့မျဉ်း ကိုယ့်မျဉ်း ဆွဲလာကြသည်။
ဒီနောက် ဘာရှိသေးသနည်း။
"ည" ရောက်သွားပါတော့သည်။
မီးကလည်း ပျက်နေသည် ဆိုပါတော့......?????




"ဋ၊ ဌ၊ ဍ၊ ဎ၊ ဏ" အုပ်စုကတော့ ကျနော့် ဉာဏ်မမီလောက်အောင် ရှုပ်ေ ထွးသော အုပ်စုဖြစ်နေသဖြင့် လက်ရှောင်လိုက်ပါသည်။ အပြင်မှာ ချရေးပါ ဆိုလျှင် ဤအုပ်စုကို မှန်အောင်ပင် မရေးတတ်ပါ။ ကိုယ်မပိုင်သော ဘာသာ ရပ်ကို လူလယ်၊ လူတတ် ဝင်မလုပ်တာက စိတ် မချမ်းမြေ့ဖွယ် ကွန်မင့်များ အန္တရာယ်မှ ကင်းဝေးစေနိုင်ပါသည်။ စိတ်ကူးပေါက်ရင် ဆက်ပါမည်၊ မပေါက်ရင် မဆက်ပါ။ ဤမျှဖြင့်ပင် ဗျည်း သုံးဆယ့်သုံးလုံး ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ကို ပြင်မှရ မည် ဆိုသည်က တောင်ကြီးတစ်တောင် လုံး နေ့ချင်းညချင်း မြေပြင် ညီဖြစ်သွား သလို သိသာလှပြီ ဖြစ်ပါသည်။

သစ်သီးရွေးသူများ


"သစ်သီးသည်၊ ဖျာသည်တွေဆိုတာ အလှဆုံး၊ အပြစ်အနာအဆာ အကင်းဆုံး အသီး၊ ဖျာ တွေကို အပေါ်ဆုံးမှာတင်ထားတတ်ကြတယ်၊ ဒါမှလည်း ဈေး ဝယ်တွေရဲ့ မျက်စေ့ကို ဖမ်းစားထားနိုင်မယ်မဟုတ်လား။ ဈေးဝယ်သူတွေက လည်း ဒါတွေကိုကြည့်ပြီး ဝယ်ဖို့စိတ်ကူးရသွားတတ်ကြတယ်။ ဒါပေမဲ့ တကယ် လည်းဝယ်မလို့ရွေးရော အောက်မှာ ပိုကောင်းတာ၊ ပိုလှတာရှိနိုးနိုးနဲ့ မွှေနှောက် ပြီး ရှာတတ်ကြပြန်တယ်။ ဒါကလည်း လူ့သဘာဝပဲမဟုတ်လား။ အရွေးများသွားရင် အာရုံတွေပြားသွားပြီး ဘယ်ဟာက အကောင်းဆုံးလဲ ဆို တာတောင် ဆုံးဖြတ်လို့ မရဖြစ်သွားတတ်ကြတယ်။ အရှင်းဆုံးသီအိုရီကတော့ သစ်သီးဝယ်၊ ဖျာဝယ်မယ်ဆို အပေါ်ဆုံးကဟာသာယူလိုက်၊ အဲဒါက ဈေးရောင်း သူကိုယ်တိုင်ရွေးပေးထားတဲ့ ကိုယ်ဝယ်သင့်တဲ့ ပစ္စည်းပဲ"

ဥယျာဉ်စိုက်ဝါသနာပါတဲ့ဆရာက အဲသလိုတွေးတွေးဆဆပြောဖူးပါတယ်။ သူ့ အယူအဆကလည်း တော်တော်သဘောကျစရာကောင်းပါတယ်။ အခု ဆရာပြောခဲ့တာကိုပြန်စဉ်းစားမိရင်း
"ဘဝမှာ အမောဖြေချိန်မရှိလောက်အောင် ပြေးလွှားနေကြရတာဟာ သစ်သီး မရှိလို့လား၊ သစ်သီးမရှာတတ်ကြလို့လား" လို့လည်း တွေးမိပါတယ်။

ဆရာနဲ့ ဒီတစ်ခါထပ်တွေ့ရင် ဒီကိစ္စကို ပြန်ပြီးမေးမြန်းဆွေးနွေးကြည့်ချင်ပါသေး တယ်။

ဆင်းရဲနေသေးလို့ပါ


ရှေးစကားက တရုတ်လိုရှာ၊ ကုလားလိုစု၊ မြန်မာလို မဖြုန်းနဲ့ တဲ့။
တရုတ်လို စွတ်ရှာနေရင် အိမ်နီးချင်းနိုင်ငံတွေက မုန်းတယ်။
ကုလားလိုစွတ်စုနေတော့ ပြည်တွင်း ဝယ်ယူစားသုံးမှုနှုန်းသေသွားပြီး
နိုင်ငံစီးပွားရေး အီသွားတယ်။
ဆင်းရဲနေသေးလို့ပါ။ ချမ်းသာလာရင် အသုံးအဖြုန်းကြီးတဲ့ နိုင်ငံတွေရဲ့ စီးပွားရေးက ပိုပြီးသက်ဝင်လှုပ်ရှားတယ်။
(ဥပမာ အမေရိကန်၊ ဂျပန်၊ လက်ရှိ တရုတ်။)
ကာရင်စီ(Currency)ဆိုတဲ့စကားကကို စီးဆင်းမှု၊ စီးမြောမှု အဓိပ္ပါယ် ရှိပါတယ်။
ကုလားလိုစု(ဝင်သွားရင် ထွက်လမ်းမရှိ)က ဒီခေတ်မှာ အလုပ်ကို မဖြစ်နိုင်တော့ဘူး။
တရုတ်လိုရှာနိုင်ပြီး မြန်မာလိုဖြုန်းရင် မဆိုးလောက်ဘူး။

ဘာသာစကားမှာ လော့ဂျစ် မရှိ


ဥပမာ ရက်လည်၊ လလည်၊ နှစ်လည်။
လလည်က တစ်လပြည့်တဲ့နေ့၊ နှစ်လည်က တစ်နှစ်ပြည့်တဲ့နေ့။
ရက်လည်က တစ်ရက်ပြည့်တဲ့နေ့ မဟုတ်ဘူး၊ ၇ ရက်ပြည့်တဲ့နေ့။
ဘာသာစကားကို လော့ဂျစ်နဲ့ ကိုက်ချင်တော့ ၇ ရက်ပြည့်တဲ့နေ့ကိုပဲ (၇)ကို ချန်ထားပြီး (၇ ရက်လည်အစား) ရက်လည်လို့ ခေါ်ဝေါ်ကြောင်း ရှင်းပြလာ ကြပြန်တယ်။
ဒါပေမဲ့ ဒီသီအိုရီက လလည်၊ နှစ်လည်ကို ရှင်းပြလို့ မရဘူး။ ရက်သုံးဆယ်လည်လို့ မခေါ်၊ လလည်ပဲခေါ်။ ၁၂လလည်မခေါ်၊ နှစ်လည်ပဲခေါ်)

နောက်ပြီး ၇ ရက်ကို တစ်ပတ်ခေါ်တဲ့အတွက် လော့ဂျစ်အလိုဆိုရင် ရက်လည်မခေါ်ဘဲ ပတ်လည်လို့ခေါ်ရမယ့်သဘောပဲ။
ဒီ ဝေါဟာရကို ဘာသာစကားက လက်မခံပြန်ဘူး။
ဒါက မြန်မာစကား အချင်းချင်းပဲရှိသေးတာပါ။ အခြားဘာသာစကားကနေ မြန်မာဘာသာကိုပြန်ရင် ဒီထက် ရှုပ်ထွေး ပါတယ်။
တကယ်က ဘာသာစကားဟာ လော့ဂျစ်ထက် နားလည်သဘောပေါက်မှုကို ပိုပြီး အလေးထားဟန်ရှိပါတယ်။

နှစ်သစ်ကူး တရားဝင်ရုံးပိတ်ရက် တစ်ရက်


တချို့တမီးလ်တွေ၊ ထိုင်းတွေ၊ မြန်မာတွေ၊ သီဟိုဠ်တွေ(သိပ်မများ) ပေါင်းပြီး(နှစ်သစ်ကူးချိန် တူကြလို့)
တညီတညွတ်တည်း တောင်းဆိုကြရင် စင်္ကာပူမှာ နှစ်သစ်ကူး တရားဝင်ရုံးပိတ်ရက် တစ်ရက် ရနိုင်မယ်ထင်တယ်။
ဒါပေမဲ့ ဒါက အစိုးရအဆင့်။
သံအမတ်တွေပေါင်းပြီးကြိုးစားရင် အခြေအနေမဆိုးလောက်ဘူး။
စုပေါင်းလူဦးရေ အထိုက်အလျောက်များတယ်ဆိုရင် အနည်းဆုံး စဉ်းစားစရာတော့ဖြစ်မယ်။

လေးဆယ်ကျော် အနှစ်(သို့) လေးဆယ်ကျော် အပြစ်


အသက် ၂၀ ကျော်မှာ သူများစေခိုင်းသည့်အလုပ်များဖြင့်
အလုပ်ရှုပ်လှပြီထင်နေကြသော ကျွန်ုပ်တို့သည် အသက် ၄၀ ကျော်လာပြီး
ကိုယ်လုပ်သင့်သည်ထင်တာတွေကို ဘယ်သူမှ မခိုင်းဘဲ လုပ်နေမိကြတော့မှ
ဒါတွေက ဘာမှ မဟုတ်သေးပါလားလို့ သဘောပေါက်မိကြပါသည်။
"လုပ်သင့်သည်" ဟု သတ်မှတ်ခြင်းကလည်း ကိုယ်တိုင် သတ်မှတ်မှုသာဖြစ် သဖြင့် အမှန်တကယ် လုပ်သင့် မလုပ်သင့်က ယေဘုယျအမြင်နှင့် ကိုက်ညီနေမည်ဟု (အရေးမကြီးသော်လည်း)မသေချာလှပြန်ပါ။

ကျွန်ုပ်တို့ အပါအဝင် လူ့၏အမြင်သည် ဖေ့ဘုတ် ကွန်မင့်များလို
အီမိုးရှင်နယ်ဖြစ်နိုင်သလို အင်တယ်လက်ကျူယယ်လည်းဖြစ်နိုင်ပြန်၏။
မှတ်သားစရာပါသလို ဖြစ်ကတတ်ဆန်း အိပ်ချင်မူးတူးကွန်မင့်လည်းဖြစ်နိုင်၏။
သေချာသည်မှာ..
ခိုင်းသူမရှိတော့သောအခါ ..
ကျွနိုပ်တို့မှာ အားလပ်ချိန်တွေ ပို၍ ပါးလျလာကြလည်။ ။

ပန်းသီးမဟုတ်ဘဲ သစ်ပင်တစ်ပင်လုံး နယူတန်ခေါင်းပေါ်ကျလာခဲ့ရင်
ရူပဗေဒက ဒီလောက်ခက်စရာ အကြောင်းမရှိဘူး။
ကမ္ဘာ့နိုင်ငံရေးသိပ္ပံတင် မဟုတ်ဘဲ
ပြသနာရှာ စီဗီလိုက်ဇေးရှင်းတွေက ဟန်တင်တန် ခေါင်းပေါ်တည့်တည့် ကျခဲ့ရင်
ငါလည်း ဒီလောက် အလုပ်ရှုပ်စရာမရှိဘူး။

ဘရိတ်သရုဖ်(Break through)


အစဉ်အလာကို ထိန်းသိမ်းတာက ကောင်းပါတယ်။
ဒါပေမဲ့ ဘရိတ်သရုဖ်(Break through) ဖြစ်သွားသူတွေက အစဉ်အလာ ကို ဖောက်ဖျက်တာများတယ်။
အစပိုင်းမှာ သူတို့ယုံကြည်မှုကို ၉၀ ရာခိုင်နှုန်းက လက်မခံတတ်ဘူး။ မစောင့်စည်းနိုင်သူက ပျက်ရယ်တောင် ပြုတတ်တယ်။
(အိုင်းစတိုင်းအစ ဘီးလ်ဂိတ်အဆုံး၊ တကယ်က အိုင်းစတိုင်းလည်း အစမဟုတ်၊ ဘီးလ်ဂိတ်လည်း အဆုံးမဖြစ်နိုင်)
အင်ဒီဗီကျူယယ်လစ်ဇင်က မကွယ်နိုင်ဘူး။ မကွယ်သင့်ဘူး။
မြန်မာစကားပုံက "ခတ်ကွင်းပြင်နေတာနဲ့ ရွာသစ်ကြီးရောက်ပြီ" ပဲ။
သူ တကယ်ခတ်မှာဆိုရင် ခတ်ကွင်းပြင်ပါစေ၊ ရွာသစ်ကြီးလွန်တော့ အကြောင်းလား။
"ရွာသစ်ကြီးမရောက်ခင် ခတ်ကွင်းပြီးနေမှရမယ်" ဆိုတဲ့ ကန့်သတ်ချက်တွေ နဲ့ လူ့အဖွဲ့အစည်းဟာ ရွက်ကြမ်းရေကြိုဖြစ်ဖို့များတယ်။
ခတ်ကွင်းပြီးချိန်ကို ဂရုမစိုက်တာက R&D ပါပဲ။

ပုံကို ရှုပါ


ပို့စ်မော်ဒန်သဘောတရားဆိုရာတွင် အစဉ်အလာကိုဖျက် ဖောက်ထွက်တွေး နည်းတစ်ခုလည်းပါဝင်သည်။ ယခု ပါရာဒိန်းနှင့်အတူ ပြသထားသည့် ဤတွေးနည်းက အများထဲမှ တစ်ခုဖြစ်ပြီး ယင်းအဆိုကို ဘီယာသမားတို့က လက်ခံကြ၏။ ၎င်း ဘီယာသမားသည် ရှုပ်ထွေးလှသော ပို့စ်မော်ဒန်သဘော တရားများကို နားလည်ရန်မလို၊ ဘီယာ၏သဘောကိုသာ နားလည်ရန်လို သည်။
သူတွက်ချက်သောအဖြေသည် ရိုရှင်းလွယ်ကူပြီး ယေဘုယျခံစားမှုဝါဒနှင့် လိုက်လျောညီထွေ ရှိသည်ဟုလည်း ယူဆနိုင်သည်။ (ပုံကို ရှုပါ)
သူ၏ ပြဿနာကိုချဉ်းကပ်ကြည့်ပုံကလည်း အကျိုးသက်ရောက်မှု အိုရီယင် တယ်(လ်) ဖြစ်သဖြင့် ပရိုမော်ဒန်နိုက်ဇ်ဖြစ်နေပြီး သဘောမတူသည်ဆိုစေ သူ့ကို ငြင်းဆန်ရန် ခက်ခဲနေပြီး ၂၁ ရာစု အဦးပိုင်အထိ ဤဝါဒ လူကြိုက် များနေဦးမည်ဟု ကောက်ချက်ဆွဲနိုင်၏။

စကားပုံ ပဋိပက္ခ


(၁)
"ခွေးတစ်ကောင်သည် တစ်စုံတစ်ရာကိုဟောင်၏။
အခြားခွေးများသည် ထိုခွေးဟောင်သဖြင့် ဘာမှန်းမသိ လိုက်၍ဟောင်ကြ၏"
(အင်္ဂလိပ်စကားပုံ)

(၂)
လူ့ရဲ့အကောင်ဆုံးမိတ်ဆွေဟာ ခွေးပဲ( Man's best friend is a god." လို့ယုံကြည်သူတွေအတွက် ခွေးနဲ့ နှိုင်းခြင်းက မရိုင်းပြတဲ့အပြင် ဂုဏ်တော င်မြောက်နေပါသေးတယ်။ ဒါပေမဲ့ အာရှ၊ အထူးသဖြင့် မြန်မာ့ယဉ်ကျေးမှု မှာတော့ "ခွေး" ဆိုရင် သုံးမရတော့ဘူးဖြစ်သွားပါတော့တယ်။

(၃)
ဒါ့ကြောင့် ယဉ်ကျေးမှုကိုလေးစားပြီး စကားပုံကို ပြင်လိုက်ပါတယ်။
"အကောင်းဆုံးမိတ်ဆွေက တစ်စုံတစ်ရာကိုဟောင်ဖွာ၏။ ( ဟောင် မဟုတ်ပါ၊ ဟောင်ဖွာ ဟောင်ဖွာကို ဆိုလိုပါတယ်)
အခြား မိတ်ဆွေများသည် ထို အကောင်းဆုံးမိတ်ဆွေဟောင်ဖွာသဖြင့် လိုက်၍ဟောင်ဖွာကြ၏"

(၄)
ထူးပြီး ယဉ်ကျေးသွားသည် မထင်ပါ။
မည်သို့ဖြစ်စေ ခေါင်းဆောင်ဆူလို့ ဘာမှန်းမသိ လိုက်ဆူကြတာကာကတော့ ကျနော်တို့ မကြာမကြာ တွေ့၊ ကြား၊ ဖတ်နေရတတ်ပါတယ်။
သူတို့ကို အကောင်းဆုံးမိတ်ဆွေများလို့ သတ်မှတ်သင့်ပါသလား။

တောင်ကြီးဖဝါးအောက်


တောင်နဲ့ပတ်သက်တဲ့ တရုတ်စကားပုံသုံးခု ဖတ်ဖူးပါတယ်။
၁။ တောင်တစ်လုံးထက်မြင့်တဲ့ တောင်တစ်လုံး အမြဲရှိတယ် (သိုင်းဝတ္ထုတွေထဲမှာ)
၂။ တောင်တစ်လုံးဟာ မြင့်မားလေလေ အထီးကျန်လေလေ (လူမှုရေးစာတွေထဲမှာ)
၃။ တောင်တန်းမြင့်လေလေ အင်ပါယာနဲ့ ဝေးလေလေ (နိုင်ငံရေးစာတွေထဲမှာ)

မြန်မာတွေကတော့ "တောင်ကြီးဖဝါးအောက်" တဲ့။
တရုတ်စကားပုံ ၂၊ ၃ နဲ့ မြန်မာစကားပုံကိုပေါင်းကြည့်ရင် အထီးကျန်မှုနဲ့ အင်ပါယာကို ခြေဖဝါးအောက်ရောက်အောင် ကြိုးစားတက်ယူလို့ရတယ်။
ပြသနာက တရုတ်စကားပုံ ၁။
ပိုမြင့်တဲ့ အထီးကျန်မှုနဲ့ ပိုအားကောင်းတဲ့ အင်ပါယာ အမြဲရှိနေမယ့်သဘော။
ဒါကိုတော့ မြန်မာစကားပုံက "နောက်လူ နှစ်ချက်ခေါက်" တဲ့။
ဉာဏ် မမီတော့ ဘာတွေမှန်းမသိဘူး။ ရှုပ်တယ်။

ပဉ္စသီခနဲ့ အင်တာဗျူး (ကျမ်းရင်းကို ချဉ်းကပ်ကြည့်ခြင်း)


လူ့ပြည်မှာရှိနေတဲ့ သံသယနဲ့ ပတ်သက်ပြီး အငြင်းပွားစရာရှိနေလို့ ကာယ ကံရှင်ဖြစ်တဲ့ ပဉ္စသီခနဲ့ တွေ့မေးမှပဲ ကိစ္စပြတ်တော့မယ်ဆိုပြီး အင်တာဗျူး ခွင့် ရက်ချိန်းယူခဲ့ပါတယ်။ သူကလည်းတာဝတိံသာမှာ ဟော့(တ်)နေတဲ့ စောင်းသမားဆိုတော့ တော်တော်လေး စိတ်ရှည်ရှည် စောင့်ခဲ့ရပါတယ်။ ဆိုပါတော့ ။ ဒါက ကျနော်သူ့ကို ဗျူးခဲ့တာတွေပါ။

ဇင်ဝေသော် ။ ။ စောင်းဆရာကြီး - အားလုံး အိုကေပဲ မဟုတ်လား ။
ပဉ္စသီခ ။ ။ ပွဲဆက်များတာကလွဲလို့ အိုကေပါတယ်ဗျာ ။ ဒါနဲ့ ခင်ဗျားက -

ဇင် ။ ။ ကျနော်က ဇင်ဝေသော်ပါ။ ဆရာကြီးရဲ့ နာမည်ကတော့ လူ့ပြည်မှာတောင် ဟိုးလေးတကြော်ပဲဗျို့။
ပဉ္စ ။ ။ ရတနာသုံးပါးရဲ့ကျေးဇူး ၊ ဘသိကြားမင်းရဲ့ကျေးဇူးကြောင့်ပါဗျာ ။

ဇင် ။ ။ ဒါနဲ့ ခင်ဗျားချစ်သူ သူရိယ၀စ္စသာရော ကျန်းမာရဲ့မဟုတ်လား။
ပဉ္စ ။ ။ ကျန်းမာပါ့ဗျာ၊ အမြဲ လှလို့ပလို့ပါ။ ကျေးဇူးပါပဲ။ ဒါနဲ့ ခင်ဗျားမေး ချင်တယ်ဆိုတာက … ။ စိတ်မရှိပါနဲ့ဗျာ ။ ပွဲဆက်များနေလို့ မြန်မြန်လေး။

ဇင် ။ ။ သိဒ္ဓတ္ထမင်းသား ဘုရားဖြစ်ခါနီးမှာ ခင်ဗျား စောင်းကြိုးညှိပြခဲ့တယ် ဆိုတာ မှန်ပါသလား။
ပဉ္စ ။ ။ မှန်ပါတယ်။ ဒါများ အဆန်းလုပ်လို့ဗျာ။ ခင်ဗျားတို့လူ့ပြည်က ဂစ်တာသမားတွေလည်း ဂစ်တာမတီးခင် ကြိုးညှိရတာပဲ မဟုတ်ဘူးလား။ ကျုပ်လည်း စောင်းမတီးခင် စောင်းကြိုးတော့ ညှိရတာပေါ့ဗျာ။

ဇင် ။ ။ ခင်ဗျားက သိဒ္ဓတ္ထမင်းသားကို စောင်းကြိုးညှိပြရင်း လမ်းပြပေး ခဲ့ တယ်ဆိုတာ မှန်ပါသလား။
ပဉ္စ ။ ။ ဒါကတော့မဟုတ်ဘူး၊ မဆီမဆိုင်ဗျာ။ ကျုပ်ဘာသာကြိုးညှိတာပါ။ ပြီးတော့ တီးတာပါ။ ကျုပ်လိုစောင်းသမားနတ်က သိဒ္ဓတ္ထမင်းသားကို ဘယ် လိုလုပ် ပညာပေးနိုင် လမ်းပြပေးနိုင်မှာလဲဗျာ။ စဉ်းစဉ်းစားစားလည်း လုပ်ကြ ပါဦး။

ဇင် ။ ။ ဒါဆို “လျော့လွန်းတော့ပတ်၊ တင်းလွန်းတော့ပြတ် “ ဆိုတဲ့ လက် ဆင်ပေးခဲ့တာ မဟုတ်ဘူးပေါ့။
ပဉ္စ ။ ။ အပ်ဗဆိုလုတလီ နိုး (Absolutely No) ပါဗျာ။

ဇင် ။ ။ သိဒ္ဓတ္ထမင်းသားကတော့ ခင်ဗျား စောင်းကြိုးညှိတာကိုကြားပြီး မလျော့မတင်းကျင့်လို့ ဘုရားအဖြစ်ကိုရောက်သွားခဲ့တယ်နော်။
ပဉ္စ ။ ။ သိဒ္ဓတ္ထမင်းသားက အားလုံးပြည့်စုံနေပြီ။ ဘုရားဖြစ်ဖို့ပဲ ကျန်တော့ တာဗျ။ ကျုပ်ကတော့ ညှိပြတာ မဟုတ်ဘူး ။ ဘုရားအလောင်းကြား တာကေ တာ့ ဟုတ်တယ်။ ကျုပ်စောင်းသံမကြားလည်း အခြား တစ်ခုခုကိုကြားပြီး ဘုရားဖြစ်မှာပဲ။ ပညာရှင်တွေဆိုတာ ရေစီးတာ လေတိုက်တာကို
ကြား၊ မြင်ပြီးလည်း အသိတွေရတတ်တယ်လေဗျာ။

ဇင် ။ ။ ဒါတော့ ဟုတ်ပါတယ်ဗျာ။


ပဉ္စ ။ ။ ဒါဆို ခင်ဗျားကို ကျုပ်မေးမယ်။ နယူတန်ဆိုတဲ့လူကြီး ပန်းသီးကြွေ တာကိုကြည့်ပြီး ကမ္ဘာမြေရဲ့ဆွဲငင်အားကို သိသွားခဲ့တယ်မဟုတ်လား။
ဇင် ။ ။ ဟုတ်ပါတယ်။
ပဉ္စ ။ ။ ဒါဆို ပန်းသီးက နယူတန်ကိုပညာပေးဖို့ သစ်ပင်ပေါ်ကနေ ကြွေကျ လာတာလား။
ဇင် ။ ။ ဒီလိုတော့ မဟုတ်ဘူးပေါ့။
ပဉ္စ ။ ။ ဒါဆိုရှင်းရောပေါ့။ ပန်းသီးက နယူတန်ကို ပညာပေးတာမဟုတ်ဘူး။ နယူတန်ကိုယ်တိုင်က ဒါကို သိလိုက်တာ။ ပန်းသီးမဟုတ်ပဲ ထန်းသီးဖြစ်နေ လည်း နယူတန်ကတော့ကမ္ဘာမြေရဲ့ဆွဲငင်အားကို သိမှာပဲ။ ထန်းသီးဆိုရင် ခေါင်းတော့ နည်းည်းဖုသွားမှာပေါ့ဗျာ။ ဟဲ ဟဲ။
ကျုပ်ဖြင့်အံ့ဩလို့မဆုံးဘူးဗျာ။ ကျုပ်ပာဘာသာ စောင်းကြိုးညှိတာကို။ ငရဲတွေကြီးကုန်တော့မှာပဲ…။

ဇင် ။ ။ ကျေးဇူးပါပဲဗျာ။ ရှင်းသွားပါပြီ ၊ ခွင့်ပြုပါဦး။
ပဉ္စ ။ ။ ကောင်းပါပြီဗျာ။ နောက်မရှင်းတာရှိလည်း လာခဲ့ဦးပေါ့။
****************************************************
ကဲ- ဒါပါပဲဗျာ။

ပဉ္စသီခကတော့ ဒီလိုဖြေခဲ့ပါတယ်။ အသံသွင်းခဲ့ပေမယ့် နတ်အသံက ရက်ကော်ဒါထဲမ၀င်၊
ဓါတ်ပုံရိုက်ခဲ့ပေမယ့် ဓါတ်ပုံကလည်း ကင်မရာထဲမ၀င်မို့ သက်သေတော့ မရှိဘူးပေါ့ဗျာ။

ယုံချင်မှသာ ယုံပါ။
(posted on March 16, 2012 at 9:00am)

စာ စာ စာ


ပါဠိစာပေမှာ ကျောက်စာ(ဖျက်ရခက်)၊ မြေပေါ်စာ (ဖျက်ရလွယ်)၊ ရေပေါ်စာ (အရေးအကြောင်းပင် မထင်) လို့ စာသုံးမျိုးလာရှိပါတယ်။ ပြေ၊ မပြေ၊ ထင်၊ မထင်ရန်ညှိုးကို အနုပညာမြောက်မြောက်တင်စားပြီး ဆုံးမထားတဲ့ ဗုဒ္ဓ စကား တော်ပါ။
ဒါနဲ့ဆက်စပ်ရှာကြည့်မိတော့ George Bernard Shaw ရဲ့ မှတ်သားစရာ စကားကိုလည်း ထပ်တွေ့ပါတယ်။

ဝမ်းနည်းဖွယ်တွေကို သဲပေါ်မှာ ရေးပါ။
ဝမ်းမြောက်ဖွယ်ကို ကျောက်သားပေါ် ထွင်းထုပါ။(ဂျော့ဂ်ျ ဘားနတ် ရှော)
Write your sad time in sand.
Write your good time in stone
(George Bernard Shaw)

ဂျော့ဂ်ျ ဘားနတ် ရှောတို့ မရှိတော့မှ ဖေ့စ်ဘုတ်၊ တွစ်တာစတဲ့ ယဉ်ကျေး မှုတွေ ထွန်းကားလာတာဆိုတော့ ဒါတွေနဲ့ ပတ်သက်လို့ သူတို့ ပြောခွင့် မရှိတော့ပါဘူး။
ဒီလိုပြောကြည့်ရင် ရနိုင်မလား မသိဘူး။

Write your sad time on paper.
Post your good time on FB.

အာရှသားချင်း ခွင့်လွှတ်တတ်ကြသလား


ဂျပန်နဲ့ အမေရိကန်။ ဒုတိယကမ္ဘာစစ်အတွင်း ဗုံးတွေ အပြန်အလှန်ကြဲကြပြီး မကြာခင် လက်ဆွဲနှုတ်ဆက်၊ စီးပွားရေး၊ နိုင်ငံရေး ပါတနာတွေ ဖြစ်သွားကြ တယ်။
အမေရိကန်နဲ့ ဗီယက်နမ်။ ကာလရှည်ကြာစစ်ပွဲကြီး ဆင်နွှဲပြီးတဲ့နောက် မ ကြာခင်မှာဘဲ လက်ဆွဲနှုတ်ဆက်၊ စီးပွားရေး၊ နိုင်ငံရေး ပါတနာတွေ ဖြစ်သွား ကြပြန်တယ်။
ဗြိတိသျှနဲ့ ဂျာမန်အင်ပါယာ အားလုပွဲ။ ဒီနေ့ ဒီအကြောင်းတွေကို ရေ မနှူး ကြတော့ဘူး။
ဒီနေ့ တရုတ်နဲ့ ဂျပန်။ ၁၉၃၁ က ကိစ္စကို မမေ့ကြသေးဘူး။ ရေနှူးနေကြဆဲ ပဲ။ ဂျပန်က နှူးလိုက်၊ တရုတ်က နှူးလိုက်။
ကောင်သေးသေးလေးက ကောင်ကြီးကြီးကို အနိုင်ကျင့်ခဲ့လို့ တရုတ်က ခံရခက်နေတာဆိုတဲ့ အမြင်သာ ခံမထားရင် စဉ်းစားစရာတွေ အများကြီးပဲ။

အတွေး ၊ စကား နဲ့ အလုပ်


ပထမလူ ။    ။ အတွေးနောက်ကို အလုပ်က လိုက်တယ်ဆိုတဲ့ စကားကို လက်ခံပါသလား။
ဒုတိယလူ ။ ။ လက်ခံပါတယ်။ ဒါက အနောက်တိုင်းစကားပုံ ဆိုပေမဲ့ ဘုရားဟောတဲ့ မဂ္ဂင်ရှစ်ပါးကလည်း ဒီအတိုင်းပါပဲ။ သမ္မာသင်္ကပ္ပ (မိစ္ဆာသင်္ကပ္ပ) နောက်မှာ သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ (မိစ္ဆာဝါစာ၊ မိစ္ဆာကမ္မန္တ၊ မိစ္ဆာအာဇီဝ) တို့ လိုက်ရပါတယ်။ အတွေးနောက် စကားနဲ့အလုပ် လိုက်တယ်ပေါ့။ ဒါပေမယ့်ဗျာ …

ပထမလူ ။    ။ ဒါပေမဲ့ ဘာဖြစ်လို့လဲဗျ …
ဒုတိယလူ ။    ။ ဘာမှ မဖြစ်ပါဘူးဗျာ။ စကားနဲ့ အလုပ်က ကျော်ကျော်ပြီး တက်သွားတတ်လို့ပါ။

လူနှစ်မျိုး


အခုတလော ရေးနေကြတာတွေ
တွေ့ကြုံနေရတာတွေရယ်ကို သုံးသပ်ကြည့်ရင်
လောကကြီးမှာ လူနှစ်မျိုးပဲ ရှိတယ်။
တစ်မျိုးက အသေခံ ကွန်မန်ဒို
နောက် တစ်မျိုးက မိုက်ကရိုဖုန်းနဲ့ ဗွီအိုင်ပီ
ဒါမှလည်း ဟန်ချက်ညီ ထင်ပါရဲ့။ ။

စီးပွားရေး & ဆီးချို သွေးတိုး

တရုတ်က အမေရိကကို ကျော်တက်နေပြီ။ ဆီးချိုနဲ့ သွေးတိုး။
မြန်မာတွေ ပြောလေ့ပြောထ ရှိတယ်။ ဆီးချို သွေးတိုးက သူဌေးရောဂါ တဲ့။ အမှန်ပဲ။
တရုတ်ပြည်ရဲ့ စီးပွားရေး တိုးတက်လာတာနဲ့ အမျှ ဆီးချို သွေးတိုးရော ဂါဖြစ်ပွားနှုန်းတွေပါ တိုးလာတယ်။
၂၀၃၀ မှာ အမေရိကရဲ့ စီးပွားရေးကို မီ၊ မမှီ၊ ကျော်၊ မကျော် မသိပေမဲ့ ၂၀၁၃ ကတည်းက ဆီးချို သွေးတိုးရောဂါကတော့ ကျော်သွားပြီ။
ဒါဆိုရင် စာအုပ်ထဲမှာပါတဲ့ မာဂဏ္ဍီ ပရဗိုက်တို့၊ ပသေနဒီ ကောသလတို့ ဆီးချို သွေးတိုး ရှိကို ရှိရမယ်။ ဗိုက်ခေါက် တော်တော်ထူဆိုပဲ။

**တစ်မူး၊ တစ်မတ်၊ မူး၊ မတ်**

(နိုင်ငံရေးနဲ့ ဘဏ္ဍာရေးအကြောင်း နှိုက်နှိုက် ချွတ်ချွတ်)

ဘာရယ်မဟုတ်ဘူး၊ ပိုက်ဆံအကြွေစေ့ ရေတွက်တာနဲ့ အစိုးရ ရာထူးတွေ သတ်မှတ်တာ တူနေပုံလေး စဉ်းစားမိလို့ပါ။ ဆက်စပ်မှု ရှိသလား၊ မရှိဘူး လားလည်း မသိဘူး။
အခုတော့ အကြွေစေ့တွေ ပျောက်ကုန်လို့ တော်တော်ငယ်တဲ့ လူငယ်တွေဆို သိချင်မှတောင် သိတော့မယ်။
ငါးပြား စေ့၊ ဆယ်ပြား စေ့၊ တစ်မတ် စေ့၊ ငါးမူး စေ့၊ ပြီးတော့ ကျပ်စေ့ တဲ့။
မတ်စေ့ပြီးတော့မှ မူးစေ့ လာပေမဲ့ သူက ၁ မူး မဟုတ်ဘဲ ၅ မူးဖြစ်နေတယ်။
၅ မူးက ပြား ၅၀ ဆိုတော့ တစ်မူးက ဆယ်ပြား ပေါ့။

အစိုးရ ရာထူးတွေသတ်မှတ်ရာမှာ ရှေးတုံးကတည်းက မူးကြီး၊ မတ်ရာ သေ နာပတိ ဆိုတာရှိခဲ့တယ်။ ( သေနာပတိ က ပါဠိဖြစ်နေလို့ (ဦး) သီဟနာဒကို အဓိပ္ပါယ်မေးတော့ သေနာ က ပါဠိမဟုတ်တော့၊ မြန်မာစကားဖြစ် သွားပြီ ၊ သေနာ က သေနာ ပဲတဲ့၊ ရှင်းရော။ ပတိ ကတော့ ပါဠိ၊ အဓိပ္ပါယ်က ဘုရင်၊ အစိုးရ၊ အကြီးအမှုး၊ လင်သား တဲ့။ စိတ်မကြည်လို့ ကောင်းကောင်းဖြေပေး တာ မဟုတ်ရင်တော့ ကျနော်လည်း မတတ်နိုင်တော့ဘူး)

ထားပါတော့။ မူး၊ မတ်။ မူးပြီးမှ မတ်လာတယ်။ ဒါပေမဲ့ မတ် ကို အခုခေတ်မှာ အမတ်လို့ (ဘာ လီမန်အမတ်၊ ညာ လီမန်အမတ် စသည်) ခေါ်ပြီး မူးကိုေ တာ့ အမူး လို့ မခေါ်ကြဘူး။ တကယ်က ဘာ လီမန်အမူး၊ ညာ လီမန် အမူး စတာတွေလည်း ရှိနေရမယ်။

ပိုက်ဆံအကြွေစေ့ ရေတွက်ရာမှာ မူး၊ မတ်၊ ကျပ်။
ဒါဆို နှစ်ခါ ခွဲ မူးမှ တစ်မတ်၊ ဆယ်ခါပြန်မူးမှ ကျပ်ပြည့်မယ်။ မတ်ကလည်း လေးမတ်ပေါင်းမှ ကျပ်ပြည့်မယ်။ ဒီလိုလား။ ဘယ်လိုကြီးလဲ မသိဘူး။ သိပ်တော့ မမိုက်ဘူး။ နိုင်ငံရေးနဲ့ ဘဏ္ဍာရေးကိစ္စတွေက ရှုပ်ထွေး လွန်းတယ်။ ဉာဏ်မမီဘူး။

Reflection!

ဦးသိန်းစိန်ရယ်၊
ဒေါ်စုရယ်၊
ရိုဟိန်ဂျာရယ်၊
ဆဲသံဆိုသံတွေရယ် မရှိရင်
ဖေ့စ်ဘုတ်ပေါ်က စာ (၈၀) ရာခိုင်နှုံးလည်း မရှိနိုင်ဘူး။

ကိုယ်ကျင့်တရားရေးရာနဲ့ ဥပဒေအားဖြင့် သာတူညီမျှ ရှိမှု

ဒီအချက်နှစ်ခုဟာ လူ့အခွင့်အရေးကနေ ကွဲထွက်လာတဲ့ ခေါင်းစဉ်ငယ် နှစ် ခုဖြစ် ပါတယ်။ သူတို့က

(က) ကိုယ်ကျင့်တရားအားဖြင့် သာတူညီမျှ ရှိမှု Morally equality နဲ့
(ခ) ဥပဒေအားဖြင့် သာတူညီမျှ ရှိမှု Legally equality လို့ ဆိုလိုပါတယ်။

ဒီ နှစ်ချက်ဟာ ဒီမိုကရေစီရဲ့ အသက်လို့ ပြောရင်လည်း ရပါလိမ့်မယ်။ ကိုယ် ကျင့်တရားဆိုရာမှာ ဘာသာရေးလောင်းရိပ်နဲ့ ဆက်စပ်တာရှိသလို မဆက် စပ်တာလည်း ရှိနေနိုင်ပါတယ်။ ဆိုလိုတာကတော့ လမ်းပေါ်ရောက်ရင် လမ်း ဥဒေအတိုင်း လူတိုင်း လိုက်နာတာကို ကိုယ်ကျင့်တရားအားဖြင့် သာတူညီမျှ ရှိမှုလို့ ဆိုတာပါ။ ဘယ်သူမှ ချွင်းချက် မရှိဘူး။ ဗိုလ်ချုပ်ကြီး၊ ဘုန်းကြီး၊ ဆင်း ရဲ သား၊ ခေါင်းရွက်ဈေးသည် အားလုံး လမ်းပေါ်ရောက်ရင် လမ်းဥဒေရှိတယ် ဆိုတဲ့အသိရှိရင် အဲ့ဒီ လူ့အဖွဲ့အစည်း ဟာ ဒီမိုကရေစီနဲ့ ထိုက်တန်ပါပြီ။

မော်ရယ် ပျက်စီးခြင်း

တစ်ယောက်ယောက်က လမ်းဥဒေကို ချိုးဖောက်ရင် မော်ရယ် စ ပျက်တယ် လို့ ယူဆနိုင်ပါတယ်။ ဒါပေမဲ့ လူ့အဖွဲ့အစည်း တစ်ခုလုံးရဲ့ မော်ရယ်တော့ မပျက်စီးသေးပါဘူး။ လူ့အဖွဲ့အစည်း တစ်ခုလုံးရဲ့ မော်ရယ်ပျက်စီးတာက သူတို့လည်း မလိုက်နာကြဘူး၊ ငါတို့လိုက်နာနေလို့ရော ဘာထူးမှာလဲ ဆိုပြီး နောက်လူကပါ လမ်းဥဒေကို ဆက်ပြီး ချိုးဖောက်လိုက်မယ်ဆိုရင်တော့ လူ့အဖွဲ့အစည်း တစ်ခုလုံးရဲ့ မော်ရယ်ပါ ပျက်စီးသွားပါတော့တယ်။ (အထူးအဆန်းတော့မဟုတ်ပါဘူး၊ မြန်မာတွေပြောတဲ့ မိုးခါးရေ ကိစ္စမျိုးပါ)

မော်ရယ်ပျက်ရင် လီဂယ်နဲ့ထိမ်း

တစ်းဦး၊ တစ်ယောက် မော်ရယ်ပျက်မှုက လူ့ အဖွဲ့အစည်းတိုင်းမှာ ရှိပါတယ်။ ဒီလိုဖြစ်လာရင် ထိမ်း ထားနိုင်တာက ဥပဒေနဲ့ အညီ အပြစ်ပေး အရေးယူ မှု ပါ။ ဒီလို အပြစ်ပေး အရေးယူရာမှာလည်း သာတူညီမျှ ရှိနေမှ ဒီမိုကရေစီရဲ့ သရုပ်သကန် ပေါ်လာပါတယ်။
ဒါပေမဲ့ အပြစ်ပေး အရေးယူမှုဆိုရာမှာတော့ ရေးထားတဲ့ ဥပဒေရော ရေး မ ထားတဲ့ ဥပဒေတွေပါ ပါဝင်ပတ်သက်နေတတ်ပါတယ်။ ဒါကို ကာကွယ်ဖို့ ဥပဒေ ကိုယ်တိုင်ကကို အလျှော့အတင်း ရှိနေတတ်ပါတယ်။ ဥပမာ ထောင်ဒဏ် သုံးနှစ်မှ ငါးနှစ်အထိ ဆိုတာမျိုးပါ။ မချိုးဖောက်သင့်သူက ချိုးဖောက်ရင် အကြီးလေးဆုံးပြစ်ဒဏ်မျိုး ပေးရပါတယ်။ ဒါကို အီးကွဲ မဖြစ် ဘူးလို့ ယူဆဖို့ ခက်သွားပါတယ်။
ကားတိုက်မှုချင်း တူပေမဲ့ အပြစ်ဒဏ် မတူနိုင်ဘူးဆိုတဲ့ သာဓကပါ (သုံးနှစ်ဖြစ် ချင်ဖြစ်မယ်၊ ငါးနှစ် ဖြစ်ချင်ဖြစ်မယ်။)

ဒီမှာ "မချိုးဖောက်သင့်သူက ချိုးဖောက်ရင်" ဆိုတာ ရှိလာပြန်ပါတယ်။ ထင်ရှားတဲ့ သာဓကတွေကတော့
*ကျောင်းဆရာ၊ ဆရာမ က တပည့်ကို မတော်၊ မလျော် ပြုမူတာမျိုး
*ရဲ အရာရှိက လာဘ်စားတာမျိုး
*ဗိုလ်ချုပ်ကြီး တစ်ယောက်က ပြည်သူကို အနိုင်ကျင့်တာမျိုး
*ဘာသာရေးခေါင်းဆောင်တွေက ဆူပူမှုဖြစ်အောင် လှုံ့ဆော်တာမျိုးတွေ ဟာ သူတို့ရဲ့ မောရယ်နဲ့ တိုက်ရိုက် ဆန့်ကျင်နေလို့ "မချိုးဖောက်သင့်သူက ချိုးဖောက်ရင်" လို့ အကြမ်းဖျင်းဆိုလို့ရသွားပါတယ်။

ဥပဒေအားဖြင့် သာတူညီမျှ မရှိမှု

ဒါ မရှိတော့ဘူးဆိုရင်တော့ အဲ့ဒီ လူ့အဖွဲ့အစည်း ဟာ ပျက်းစီးပါတော့တယ်။ ဘာဖြစ်လို့လဲဆိုတော့ မော်ရယ်ပျက်ရင် လီဂယ်နဲ့ထိမ်းထားနိုင်ပေမဲ့ လီဂယ် (တရားစီရင်ရေး) ပျက်ရင် မော်ရယ်နဲ့ ထိမ်းဖို့ အတော်ကြီး ခက်သွားလို့ပါ။ ဒါကြောင့် လူ့ အဖွဲ့အစည်းရဲ့ တန်ဖိုးဟာ လီဂယ် (တရားစီရင်ရေး) ရဲ့ လက် ထဲပြန်ရောက်သွားပါတော့တယ်။ သံသယ မရှိပါနဲ့။ ဒါ့ကြောင့် ကမ္ဘာ့ပညာရေး ကိုကြည့်ရင် ရှေ့နေဖြစ်ဖို့ ခက်တာပေါ့။

ဗုဒ္ဓဘာသာတွေက ဘာမှ မလိုပါဘူး၊ ဟိရိနဲ့ ဩတ္တပ္ပ (အရှက်နဲ့ အကြောက်) ရှိရင်ရပါပြီလို့ မကြာမကြာ ကိုးကားပြောဆိုတတ်ကြပါတယ်။ မှန်ပါတယ်။ တကယ့် စိတ်ကောင်းရှိသူတော်စဉ်တွေအတွက်တော့ ဒါဆိုရပါပြီ။ ဒါပေမဲ့ ဒီ ဟိရိနဲ့ ဩတ္တပ္ပ (အရှက်နဲ့ အကြောက်) က လူသားဆီ အလွယ် မရောက် တတ်တော့ ဒါတွေ ရောက်လာဖို့ ဥပဒေတွေ၊ ကြိမ်တွေ၊ ထောင်တွေနဲ့ ထိမ်းကြောင်းပေးရပါတယ်။
ဒါ့ကြောင့် ဘာသာရေး အားသန်သူက ဟိရိနဲ့ ဩတ္တပ္ပ ပြောချိန်မှာ ဒီမို ကရေစီ စနစ်က
Morally equality နဲ့
Legally equality လို့ပြောပါလိမ့်မယ်။ ကျနော်ကတော့ Morally equality ဟာ ဟိရိဖြစ်ပြီး Legally equality ဟာ ဩတ္တပ္ပ လို့ ယူဆမိပါတယ်။ ဒါကို ပြန်ချုပ်ရင် တစ်ဦးချင်းစီ တာဝန်ယူမှု၊ တာဝန်ကျေမှု "Individual responsibility" ဆိုတာပဲ ပြန်တွေ့ရပါတယ်။

ဖြစ်ရပလေ၊ ဖခင်အတွက် ရှက်ရတယ်လို့

"ဖခင် (သို့) ဖခင်သဖွယ် ကျေးဇူးကြီးမာလှသည့် ပုဂ္ဂိုလ်ကြီးများအတွက် ဝေယျာဝစ္စများ ပြုခြင်း၊ အလေးဂါရဝပြုခြင်း (ဘာသာရေးမှာ ဘုရားရှိခိုးခြင်း၊ လူ မှုရေးမှာ အလေးပြုခြင်း၊ ဂါရဝပြုခြင်း) စသည်တို့ကို သိမ်ငယ်သည်ဟု ထင်ခြင်း၊ ထိုထိုအမှုတို့အား မိမိပြုလုပ်နေသည်ကို လူမြင်မှာ ရှက်နိုး မှု ဖြစ်ခြင်းစသည်တို့သည် အောက်တန်းကျသည့် တလွဲမာနသာဖြစ်ကြောင်း ရှက်နိုးစွာ မိမိအတ္တကို ပြန်ကြည်းရင်း စဉ်းစားနေမိ၏"

ဤအကြောင်းကို မရေးမီ မိမိကျင်လည်ခဲ့ရသည့် ဘဝနောက်ခံအကြောင်းကို အနည်းငယ်ပြန်ပြောမှ လိပ်ပတ်လည်လိမ့်မည်ထင်သည်။ မန္တလေးရှိ သာမန် စာသင်သားတို့ ဘဝအတိုင်း ဆွမ်းခံ၊ ဆွမ်းစား၊ စာကျက်၊ စာတက်ဖြင့် အချိန်ကုန်ခဲ့ရတာဖြစ်သည်။ မန္တလေးမှာနေစဉ် အထူးသဖြင့် ဗုဒ္ဓဝေယျာဝစ္စ များနှင့် အလှမ်းကွာဝေးခဲ့သည်။ ဘုရားဆွမ်းကပ်၊ ရေကပ်၊ ပန်းကပ် စသည် တို့ကို ဆရာတော်တာဝန်ပေးထားသည့် သာမဏေ (သို့ ) ရဟန်းငယ်တို့ သာ ပြုလုပ်ကြသည်။ ဆရာတော်ကလည်း စာကို ကြိုးစား သင်ယူဖြေဆိုနေ ကြသည့် သာမဏေ (သို)့ ရဟန်းတို့ကို ဝေယျာဝစ္စများ ပြုလုပ်ရန် ခိုင်းခဲ၏။ စာကိုသာ အာရုံစိုက် ကျက်မှတ်စေလိုခြင်း စေတနာ ဖြစ်၏။

ရွာမှာနေစဉ်ကလည်း ဤ ဗုဒ္ဓဝေယျာဝစ္စများကို အမြဲပြုလုပ် ပြင်ဆင် သူတို့ မှာ ကျောင်းအိပ် ကျောင်းသားများသာ ဖြစ်သည်ကို အမှတ်ရမိသည်။ သို့ဖြင့်ပင် ဤ ရဟန်းနှင့် ဗုဒ္ဓဝေယျာဝစ္စက ကာလအတန်ကြာ အလှမ်းေ ဝးနေခဲ့လေတော့သည်။
တခါတခါ ဗုဒ္ဓဝေယျာဝစ္စများ ကိုယ်တိုင် ပြုလုပ်နေစဉ် လူပုဂ္ဂိုလ်များ ရောက် လာတတ်ပြီး
"ကိုယ်တိုင်လုပ်နေရသလား၊ တပည့်တွေကို မခိုင်းဘူလား၊ တပည့်တော် လုပ်လိုက်မယ်"
စသည် ပြောဆိုပြီး သူတို့က ကုသိုလ်ယူသွားတတ်ကြသည်။
ဤကား ပြဿနာ မဟုတ်ပါ။ ပြဿနာက စိတ်ဖြစ်သည်။

သို့ဖြင့် စင်္ကာပူရောက်လာခဲ့သည်။ စင်္ကာပူ၏ ထုံးစံအတိုင်းနေ့ခင်းပိုင်းတွေမှာ သူ့အလုပ်နဲ့သူ ရှုပ်နေကြသဖြင့် ကျောင်းက တိတ်ဆိတ်နေတတ် ၏ ။ ကျောင်း၌ ရဟန်းနှစ်ပါးရှိရာ မိမိက အငယ်ဖြစ်သဖြင့် နေ့ခင်းပိုင်းများမှာ ဘုရားပန်းအိုးတို့ကို ရေလဲခြင်း စသည်လုပ်တတ်သည်။ ထိုအခါ မြန်မာ ဒကာ၊ ဒကာမတွေ ရောက်လာတတ်ပြီး
"အရှင်ဘုရား၊ ကိုယ်တိုင်လုပ်နေရသလား၊ တရုတ်တွေ မရှိဘူးလား၊ တပည့်တော်မ လုပ်လိုက်မယ်"
စသည် ပြောဆိုပြီး သူတို့ကလည်း ကုသိုလ်ယူသွားတတ်ကြသည်။
ဤသည်လည်း မဟုတ်။ ပြဿနာက စိတ်ဖြစ်သည်။

ထိုနှစ်များအတွင်း ဗုဒ္ဓဝေယျာဝစ္စများ လုပ်လျှင်ပင် ပုန်းရှိုးကွယ်ရှိုး လူ မမြင်အောင် လုပ်လာတတ်သည်။ သူတို့ပြောလာမည့် "ကိုယ်တိုင်လုပ်နေ ရသလား" ဆိုသည့် စကားအပေါ် ရှက်စိတ်ဝင်လာခြင်းကြောင့်ဖြစ်မည်ဟု ကိုယ်တိုင် သုံးသပ်မိသည်။ ဤ ကိစ္စများသည် ကပ္ပိယများ၊ သာမဏေ များ သာ ပြုလုပ်လေ့ရှိသည် ဆိုသည့် အမှတ်မှား အယူမှား သညာဝိပ္ပလ္လာသ၊ ဒိဋ္ဌိဝိပ္ပလ္လာသတို့ကြောင့်လည်း ဖြစ်နိုင်ပြန်၏။
ဤ ဝိပ္ပလ္လာသတို့က အချိန်အတော်ကြာ ဒုက္ခပေးခဲ့ကြောင်း ဝန်ခံရပါလိမ့်မည်။
နောက်မှ မိမိကိုယ်ကိုယ် ပြန်ပြောမိသည်။
"မင်းက ဘာကောင်မို့လို့ ဘုရားပန်းလဲ၊ ဘုရားပန်းအိုး ရေလဲရတာကို ဘာ အကြောင်းနဲ့ ရှက်နေရတာလဲ၊ စာသင်တာ မဟုတ်၊ စာချတာမဟုတ်၊ တရားဟောတာမဟုတ်လို့ သေးမွှားတဲ့ အလုပ်ဆိုပြီး ရှက်နေတာလား၊ မင်းအဖေ ဘုရားသခင်ရဲ့ ဗုဒ္ဓဝေယျာဝစ္စတွေကိုလုပ်တာပဲ၊ ဘယ်သူမြင်မြင် ဘာကြောင့် ရှက်နေရမှာလဲ" ဟု ဖြစ်သည်။
ထိုမှနောက်မှသာ မိမိနှင့် ဗုဒ္ဓဝေယျာဝစ္စ အဆင်ပြေသွားတော့သည်။ သို့မဟုတ်လျှင် စာမေးပွဲ အောင်လေလေ၊ ရာထူးကြီးလာလေလေ၊ ဩဝါဒါစရိယ ဖြစ်လေလေ ဘုရားနှင့် ဝေးလာလေလေ ဖြစ်ပေတော့မည်။ ကံကောင်း၍ ဤ အတွေးပေါ်လာခြင်းဖြစ်သည်။

ထို့အတူ ဤ လောက၌......
ဖခင် (သို့) ဖခင်သဖွယ် ကျေးဇူးကြီးမာလှသည့် ပုဂ္ဂိုလ်ကြီးများအတွက် ဝေ ယျာဝစ္စများ ပြုခြင်း၊ အလေးဂါရဝပြုခြင်း (ဘာသာရေးမှာ ဘုရားရှိခိုးခြင်း၊ လူမှုရေးမှာ အလေးပြုခြင်း၊ ဂါရဝပြုခြင်း) စသည်တို့ကို သိမ်ငယ်သည်ဟု ထင်ခြင်း၊ ထိုထိုအမှုတို့အား မိမိပြုလုပ်နေသည်ကို လူမြင်မှာ ရှက်နိုး မှု ဖြစ်ခြင်း စသည်တို့သည် အောက်တန်းကျသည့် တလွဲမာနသာဖြစ်ကြောင်း ရှက်နိုးစွာ မိမိအတ္တကို ပြန်ကြည်းရင်း စဉ်းစားနေမိ၏။