လားရှိုးသိန်းအောင်တို့ သွက်ချက်တော့


ဒီနေ့ ကမ်းလက်ရဲ့ ကလောင်သုံးချောင်းလုံးစုံသွားအောင် ပို့စ်အဟောင်းလေး အမှတ်တရ ပြန်တင်ပေးလိုက်ပါတယ်။

လားရှိုးသိန်းအောင်တို့ သွက်ချက်တော့ အမေရိကန် လူမည်းတွေရော မြန် မာပြည်တွင်းက အနုပညာရှင်တွေပါ နောက်ကောက်ကျ ကုန်ရော။
ဗိုလ်ချုပ်ထဲက ဗိုလ်ချုပ် တဲ့။ သီချင်းလုပ် ဆိုပစ်လိုက်တယ်။
အမေရိကန် လူမည်းတွေလည်း အိုဘားမားကို ဂုဏ်ပြုသီချင်း စပ်ဆိုသင့်တာ
"လူမည်းထဲက တို့ လူမည်း ..ည်း .....ည်း"

"ပျော်စရာကြီးကွယ့် ဒို့ ကိုကွယ်
သမ္မတကြီးက ဖိတ်ခေါ်တယ်"
သူမှပျော်တာ မဟုတ်ပါဘူး။ သူ့ သီချင်းနားထောင်ရတာကလည်း ပျော်စရာ ကြီးပါ။
"ပျော်စရာကြီးကွယ့် ဒို့ ကိုကွယ်
သမ္မတကြီးက ဖိတ်ခေါ်တယ်" တဲ့။ ဟဲ ဟဲ။

ဘာသာရေး အငွေ့အသက်လည်း မကင်းဘူး။

"ရှေးဘဝ ဘဝရဲ့ ရေစက်၊ အခုတစ်ခေါက် ထပ်တွေ့ရမှာပဲ
ဗိုလ်ချုပ်ထဲက တို့ ဗိုလ်ချုပ်...ပ်...ပ်" တဲ့။
(ဟိုက်၊ ဒီကိစ္စ ဟိုကောင်လေး ဇင်ဝေသော် ဆက်ရေးပါစေ။)

အမှာစကားလည်းပါးသေးတယ် (လူငယ်တွေအတွက်ပဲ နော်၊ ဆောရီးပဲ။ လူကြီးတွေအတွက် မပါဘူး)

"တိုင်းပြည်ကိုချစ်ရင် ခေတ်လူငယ်များ
မူးယစ်ဆေးဝါး မသုံးကြပါ နဲ့ (ဟဲ့)"။
ချစ်လို့ပြောတယ်မှတ်ကြပါ။ မူးယစ်ဆေးဝါး မသုံးကြပါ နဲ့ (ဟဲ့)။

လူကြီးတွေအတွက် သူ မပြောတော့ ကိုယ်ပြောရတာပေါ့
"ကိုယ့်ကိုယ်ကိုချစ်ရင် ခစ် လူကြီးများ
ဘိန်းဘုရင်နဲ့ ပေါင်းစားကြကွဲ့"

ဦးကိုမောင် (ပြုံးစိစိ)
**********************************************

အင်း ဦးသိန်းစိန်ကို လူထု တကယ်လက်ခံထားတာက သမ္မတတစ်ယောက် အနေနဲ့ပါ။ ဗိုလ်ချုပ်အနေနဲ့ မဟုတ်ပါဘူး။
ဒါတွေက ပြင်လို့မရတဲ့ လူထုရဲ့ လက်ခံထားမှုပဲ။
ဗိုလ်ချုပ်လို့ ဆိုလိုက်ရင် (နံမည် မပါရင်တောင်) နိုင်ငံသား လူအများစုက တခြားဗိုလ်ချုပ်တွေကို ကျော်ပြီး ဗိုလ်ချုပ်အောင်ဆန်းကို ပြေးမြင်ကြတယ်။

ဘာသာရေးမှာလည်း တိပိဋကဓရ ဆရာတော်ကြီးလို့ ဆိုလိုက်ရင် (ဘွဲ့တော်မပါရင်တောင်) တခြား ဆရာတော်ကြီးတွေကို ကျော်ပြီး လူအများ စုကတော့ မင်းကွန်းဆရာတော်ကြီးကို ပြေးမြင်ကြတယ်။

စာပေအသိုင်းအဝိုင်းမှာလည်း အဲသလိုပဲ။ အမေလို့ ပြောရင်လူထု ဒေါ်အမာ ပဲလေ။
ဒေါ်စုကတောင်မှ အခု ရောနေပြီ၊ ဒေါ်စု၊ အန်တီစု၊ အမေစု၊ ဟို အဖွားကြီး၊ စုံလို့ပဲ။

ဦးသိန်းစိန် ဖြစ်နိုင်တာက (သူ စွမ်းရင်) "သမ္မတထဲက တို့သမ္မတ" ပဲ ဖြစ် ဖို့များတယ်။
"ဗိုလ်ချုပ်ထဲက တို့ ဗိုလ်ချုပ်" ကတော့
အင်း...
အများစုအတွက်
ဗိုလ်ချုပ်အောင်ဆန်းပဲ
ဖြစ်နေမယ်ထင်တယ် လာရှိုးက
(အမေရိက က) ဦးသိန်းအောင် ရယ်။

ဇင်ဝေသော်
(8/12/2013)

ဂွတ်လပ်၊ တိတ်ကဲယား ဒကာကြီးဦးသိန်းစိန်


ယနေ့သတင်းစာကောက်လှန်တော့ အောက်ပါပုံကို ထင်းထင်းကြီးတွေ့ရသည်။ ယင်းပုံထဲမှာပင် ဒကာကြီး ဦးသိန်းစိန်ပုံက ပို၍ထင်းနေလေသည်။ ယဉ်ကျေးမှု မျက်စေ့ဖြင့် အေး၏။ ဂလိုဘယ်မျက်စေ့ဖြင့် တစ်မျိုးလေးဖြစ်နေ၏။ ကိစ္စမရှိပါ။ သီဟနာဒမှာ မျက်စေ့နှစ်လုံးရှိသဖြင့် တစ်လုံးစီ ခွဲကြည့်လိုက်ပါသည်။

ယနေ့မနက်ရေးချင်သည်က ဝတ်စားဆင်ယင်မှုအကြောင်း အတိုအထွာသာဖြစ် ၏။
ကမ္ဘာမှာ ဝတ်စားဆင်ယင်မှုလုံးဝကွဲနေသည့် လူ့အဖွဲ့အစည်း သုံးခုရှိသည်။ (ဘာသာရေး ခေါင်းဆောင်များကို မထည့်သွင်းပါ)
၁။ အာဖရိကန် လူရိုင်းများ
၂။ မွတ်စလင်အမျိုးသမီးများ
၃။ ကမ္ဘာအရပ်ရပ်ရှိ အိန္ဒိယန်း ဆစ်ခ်ဘာသာဝင်များ ဖြစ်ကြသည်။

ယနေ့အထိ သူတို့ ဝတ်စားဆင်ယင်မှုကနေ လက်တစ်လုံးမှ မခွာလိုကြသည့် လူ့အဖွဲ့အစည်း များဟု ဆိုနိုင်သည်။ ဘယ်လောက်ခံမလဲ၊ ထာဝရပဲ ဒီအတိုင်း ရှိနေမလားက သီဟနာဒတို့ ဉာဏ်မီသောကိစ္စမဟုတ်။
သို့သော် မြန်မာပြည် လူ့အဖွဲ့အစည်းက သူတို့နဲ့မတူပါ။ မွေးစားတတ်သော အကျင့် ရှိသည်။ အထူးသဖြင့် လူငယ်ထုက မွေးစားရမှာကို မကြောက်ကြ။ လူကြီးတာဝန်က သူတို့ကို တားမြစ်ခြင်းမဟုတ်၊ ဘယ်ဟာကိုတော မွေးစား သင့်သည်၊ ဘာကိုတော့ မမွေးစားသင့်ဟု လမ်းပြခြင်းဟုထင်သည်။

ယင်းတို့အထဲတွင် ဂျင်းဘောင်းဘီယဉ်ကျေးမှုက အတော်ကောင်းသည်ဟု ထင် သည်။ ခိုင်ခြင်း၊ လုံခြုံခြင်း၊ အကြိမ်ကြိမ်ပြန်ဝတ်စရာ မလိုခြင်းစသည်တို့ဖြစ်သည်။ မိန်းကလေးများအတွက် ပိုလုံခြုံပြီးတောင်သူများအတွက် ဆူးဒဏ်ကို အကာ အ ကွယ်ပေးနိုင်သည်။ ကာလကြာမြင့်စွာကတည်းက လူငယ်နှင့် ဂျင်းဘောင်းဘီ ယဉ်ကျေးမှု အပေါ် မျက်စိစပါးမွေးမစူးခဲ့ဖူးပါ။ အခြားသူများစူးနေချိန် ကိုယ့်မှာ မစူးသည့်အတွက် ကံကောင်းသည်ထင်ပါသည်။
ဟာ့ ဒီကိုယ်တော် မဟုတ်က ဟုတ်ကတွေ မြှောက်ေးနေပြီထင်လျှင် စိတ်မကောင်းပါ။ ဤကိစ္စက "မဟုတ်က ဟုတ်က" မဟုတ်၊ "ဟုတ်က ဟုတ်က" သာဖြစ်ပါသည်။

ကျွန်ုပ်တို့ လူ့အဖွဲ့အစည်းထဲမှာ သခင်ကိုယ်တော်မှိုင်းတောင်ရှည်မရှိတော့ပါ။ သခင်ကိုယ်တော်မှိုင်းမျိုးချစ်စိတ်တော့ရှိကြပါသည်။ အထင်ရှားဆုံးကတော့ တပ်မတော်သည် မဟာဗန္ဓုလယူနီဖောင်းနဲ့ ရှေ့တန်းမထွက်တော့ခြင်းဖြစ်သည်။
လူမျိုးတိုင်းမှာ ယဉ်ကျေးမှုဝတ်စုံရှိသည်၊ ယဉ်ကျေးမှုပွဲလမ်းတိုင်း ထိုဝတ်စုံများကို အမျိုးသားရေးလက္ခဏာအနေနဲ့ဝတ်ဆင်ကြသည်။ အချို့က အနည်းငယ်ပိုသည်၊ ကဲသည်။

ဝဋ်ကြွေးကြောင့် နိုင်ငံရေးစာအုပ်များဖတ်မိသောအခါ နိုင်ငံခေါင်းဆောင်များကိုယ်တိုင် ယဉ်ကျေးမှုအဝတ်အစားများကို အထူးအလေးထား ဝတ်ဆင်လာတတ် သည်ဆိုတာကို တွေ့ရသည်။ ယင်းသို့ဝတ်ရခြင်း၏ အဓိက အကြောင်းနှစ်ရပ်က
၁။ ယဉ်ကျေးမှုကို ကာကွယ်ပြရမည်ဟု သူတို့ကိုယ်တိုင် ရှေ့မှနေဦးဆောင်ပြခြင်း။
၂။ နိုင်ငံထဲရှိ အစွန်းရောက်၊ မရောက်အမျိုးသားရေးဝါဒီတို့၏ထောက်ခံမှုကို ဤနည်းဖြင့် အမိအရဖမ်းယူရမည်၊ လစ်ဘရယ်ဝါဒီအပေါ် အသာစီးယူရမည်ဟု သဘောပိုက်ကာ လူထုနှင့်အတိုက်အခံ၏ အားနည်းချက်ကို အခွင့်ကောင်း ယူခြင်းတို့ ဖြစ်ကြလေသည်။

ရဟန်းတစ်ပါးအနေနဲ့ ယုံကြည်နေချင်မိသည်မှာ မိမိတို့ သမ္မတကြီးသည် နံပါတ် တစ် အကြောင်းကြောင့် ဤသို့ဝတ်စားသည် ဟူသောအချက်ဖြစ်ပါ သည်။ ဖြစ် ပါစေဟုလည်း ဆုတောင်းမိပါ၏။

ဂွတ်လပ် တိတ်ကဲယား ဒကာကြီးဦးသိန်းစိန်။




အမှာ။ ။ (ဒကာကြီး ဦးသိန်းစိန်ဟုဆိုသဖြင့် ဦးတင်မောင်ဝင်းတို့အဖွဲ့က နောက် ကြပေတော့မည်၊ မတတ်နိုင်၊ ဤစကားက သူကိုင်တိုင် "ကိုယ်တော့် ဒကာကြီး ဦးသိန်းစိန်၊ ကိုယ်တော့် ဒကာကြီးဦးသိန်းစိန်" ဟု သုံးခဲ့သည့် ဝေါဟာရသာဖြစ် သည်မဟုတ်ပါလား)

ကမ္ဘာ့စတုတ္ထမြောက်အကြီးဆုံး စီးပွားရေးအင်အားစုကြီး


ဒကာကြီး ဦးသိန်းစိန်ကတော့ လုပ်ချလိုက်ပြန်လေပြီ။ အာစီယံအဖွဲ့ဟာ ကမ္ဘာ့စတုတ္ထမြောက်အကြီးဆုံး စီးပွားရေးအင်အားစုကြီး ဖြစ်လာနိုင်သည် ဟူသတတ်။
ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ ကြားကောင်းပါဘိ။ ဟုတ်သွားသည်ဆိုစေ ကိုယ်ပါဖို့တော့ အရေးကြီးသည်။ အနောက်ဖက်အိမ်က ညှော်နံ့ရတိုင်း ကိုယ်ဗိုက်ဝတာမဟုတ်ချေ။
လွတ်လပ်စွာကုန်သွယ်ခွင့် (FTA) ဖြစ်ဖို့ ပြောနေကြသော်လည်း တစ်နိုင်ငံနဲ့တစ်နိုင်ငံက လက်နက်တွေအပြိုင်တပ်ဆင်နေကြသည်ဟု ဟန်တင်တန်ကတော့ လက်နက်တွေ လျှော့ချနေသော အနောက်နှင့်နိုင်းယှဉ်ကာ ရယ်သွမ်းသွေးလေ၏။

အုန်းပင်လေးက ပြတဲ့တရားသံ


ဤအုန်းပင်လေးသည် ပုံပြင်ဟောင်းထဲက အဘိုးအို၏ သရက်ပင်လည်းဖြစ် ပါသည်။ သို့သော် ဤအုန်းပင်လေးကို ကျွန်ုပ်စိုက်ပျိုးစဉ် အုန်းပင်နှင့်ပတ် သက်ပြီး မေးခွန်းတွေလာမေးသည့်မင်းသာငယ်တော့ မရှိခဲ့ပါ။ ယနေ့ခေတ်မင်းသားများ အသုံးလုံး ကျေသွားပြီဖြစ်သောကြောင့် ဖြစ်ဟန်တူ ပါသည်။ ထို့ကြောင့် ကိုယ်တိုင်ပင် အဘိုးအို၊ ကိုယ်တိုင်ပင် မင်းသာငယ် လုပ်ခဲ့ ရပါသည်။ သင်နှင့်မဆိုင်လှသော်လည်း ကျွန်ုပ်ဘဝနှင့်ဆက်စပ်နေသဖြင့် ရေး ချင်ပါသည်၊ ရေးပါမည်။





စင်္ကာပူရောက်လာသော်လည်း မည်၍မည်မျှကြာအောင်နေမည်၊ နေခွင့် ရမည် ဆိုသည့်ကိစ္စက ထပ်တလဲလဲမေးမိသော မေးခွန်းတစ်ခုဖြစ်နေခဲ့သည်။ ပီနန် ဆရာတော်ကြီးကတော့
"နိုင်ငံခြားမှာ ဘုရားဝါနဲ့နေရတာမဟုတ်၊ အင်မီဂရေးရှင်းဝါ(သူတို့ခွင့်ပြုသည့် ရက်၊ လ၊ နှစ် အပိုင်းအခြား)နဲ့ နေရတာ"
ဟု ရှင်းကနဲဖြစ်အောင် မိန့်ကြားဖူးသည်။ ရှိစေ၊ ကျွန်ုပ်ဆိုချင်သည်က
"ငါ အကြာကြီးနေချင်မှနေမှာ၊ နေခွင့်လည်း သူတို့က ပေးချင်မှပေးမှာ ဆိုပြီး ရေရှည်စီမံကိန်းများ မရေးဆွဲခဲ့မိ"
ဆိုတာဖြစ်ပါသည်။

မှားခဲ့ပါသည်။ အမှန်တကယ် ရေရှည်စိတ်ကူးနဲ့အလုပ်လုပ်လာသောအခါ ကိုယ်တိုင်က ဤဝန်းကျင်မှာ ပျော်လာသလို သူတို့ကလည်းမိမိကို ဆက်ရှိနေစေ ချင်လာသည်။ ဥပမာ မိမိတစ်ဦးတည်း အလှူပြန်လုပ်မည်ဆိုတာကိုပင် လက်မခံ၊ သူတို့ပါလိုက်မည်ဆိုပြီး ဥက္ကဋ္ဌကစတင်လိုက်ရာ တစ်ပတ်အတွင်း လူပေါင်း ၃၄ ယောက်ဖြစ်သွားသည်။ အမှန်မူ အများစုမှာ ခွင့်ရက်မရှိ၊ ရှိသည့် ခွင့်ရက် များကိုလည်း ဘယ်သွားမည်၊ ဘာလုပ်မည် စသဖြင့် စီစဉ်ခဲ့ကြပြီးဖြစ်သည်။ သူတို့၏ တစ်စိတ်တစ်ဝမ်းသဘောထားကို ကျေးဇူးတင်ရပါသည်။
ဤအုန်းပင်လေးသည် ခပ်ညံ့ညံ့ကျွန်ုပ်စိတ်ကူးကိုတော်လှန်လိုက်နိုင်သည့် သင်္ကေတလေးမျှသာဖြစ်ပါသည်။

ယခု ဤအုန်းပင်လေး ၆ နှစ်သားရှိပါပြီ။ အသီးများလည်း ဝေဝေဆာဆာသီးနေပြီဖြစ်ပါသည်။ အကယ်၍များ ဒီမှာ ငါက ဘယ်လောက်အကြာကြီးနေမှာမို့လဲ ဆိုသည့် အတွေးဆိုးသာရှိနေလျှင် ဘယ်နည်းနဲ့မှ ဤအုန်းပင်လေးရှိလာစရာမရှိပါ။ အမှန်မူ လုပ်စရာရှိတာကို လုပ်လိုက်မိဖို့သာ အရေးကြီးပါသည်။
အကယ်၍ စင်္ကာပူမှာ ကျွန်ုပ်မရှိခဲ့သော် ကျွန်ုပ်နောက် ရောက်လာမည့်သူများ စားသုံးကြပါလိမ့်မည်။
သူတို့ မစာသုံးကြ၊ အလှထိုင်ကြည့်နေကြမည်ဆိုလျင် ကမ္ဘာ့အလှတရားထဲ ဤအုန်းပင်လေးပါသွားပါလိမ့်မည်။
အုန်းသီး၊ အုန်းလက်များကြွေကျသည်ဆိုရာ၌ပင် အုန်းသီး၊ အုန်းလက်များသည် ကမ္ဘာမြေကိုဖျက်ဆီးမည့် ပလပ်စတစ်၊ ရော်ဘာများမဟုတ်သဖြင့် မြေဩဇာဖြစ်နိုင်ပါသည်။

အကြာကြီးနေဖြစ်မှာ မဟုတ်ပါဘူးဆိုသည့် ကျွန်ုပ်အတွေးကို ဤအုန်းပင်လေးက သရော်နေသည်။
ထို့အတူ အများအတွက်တစ်ခုခု လုပ်တော့မှာဆိုရင် အခု စလိုက်ပါ၊ နောက် မကျသေးဘူးဟုလည်း တရာပြနေသလိုဖြစ်နေပါသည်။

ထို့အပြင် အခြားအုန်းပင်များနည်းတူ ဤအုန်းပင်လေးသည်လည်း ဖြောင့်မတ် မနေရှာပါ။
ဖြောင့်မတ်ဖို့လား၊ အုန်းသီးဖို့လား။
အကယ်၍ ဖြောင့်မတ်နေသောအုန်းပင်လေးတစ်ပင်ကို မျှော်လင့်ထားမိပါက ကျွန်ုပ်တောင်းဆိုမှုက အတန်ငယ်များသွားပြီထင်ပါသည်။
သဘာဝကိုနားလည်ဖို့ မနက်တိုင်း ဤအုန်းပင်လေးကတရာပြနေသည်။
မျက်မှောက်ပြုနိုင်၊ မပြုနိုင်က ကျွန်ုပ်ညံ့ဖျင်းမှု အထူအပါးနှင့်သာ ဆိုင်ပေလိမ့်မည်။

ဤအုန်းပင်လေးသည် ပုံပြင်ဟောင်းထဲက အဘိုးအို၏ သရက်ပင်လည်းဖြစ် ပါသည်။
သို့သော် ဤအုန်းပင်လေးသည် ပုံပြင်ထဲက အဘိုးအို၏သရက်ပင်လည်း မဟုတ်ပါ။

Monday to Sunday


*****

အာဃာတ


လူတွေအချင်းချင်းမို့ ဖြူသော မည်းသော၊ ဘာသော ညာသော မကွဲပါဘူး။ ဒီ နိုင်ငံရေး သီအိုရီထဲမှာ ကက်(ရှ်)မီးယားမွတ်စလင်၊ ချေချင်းမွတ်စလင်နဲ့ သီရိလင်္ကာ(ဆင်ဟာလီ)ဗုဒ္ဓဘာသာတွေ ပါဝင်ပါတယ်။
ပဋိပက္ခကြီးတစ်ခု အဆုံးသတ်နိုင်ဖို့ အချင်းချင်း ပြန်ပြီးသစ္စာဖောက်လိုက်ရ တာတွေ ရှိတယ်။ ဒါက အပြုသဘောလည်း ဆောင်တယ်။ ဒါပေမဲ့.....

"သစ္စာဖောက်လို့ (ခံယူထားခြင်းခံရသူ)အပေါ်မှာထားရှိတဲ့ (မိမိဖက်သားရဲ့) နာ ကြည်းမှုက ရန်သူအပေါ်ထားရှိတဲ့ အာဃာတထက်တောင်ပိုကြီးနေတတ် ပါတယ်။" (ဟန်တင်တန်)

(သူ့ကိုယ်သူ ပြန်ရေးထားတာ၊ လူနောက်ကြီး၊ ဟန်တင်တန်ကတော့ တဲ့။)


ဟန်တင်တန်ကတော့ နှိုင်းယှဉ်လေ့လာမှုသဘောတရားအရ အာဏာရှင် အစိုး ရတွေထဲက ပြုပြင်ပြောင်းလဲရေးသမားတွေဟာ ဒီမိုကရေစီ စနစ်ဆီ ခြေ လှမ်းပြင်ရေးအတွက် ဘယ်လို ချဉ်းကပ် တတ်တယ်ဆိုတာကို ထုတ်ပြဆွေးနွေး ခဲ့ပါတယ်။
1) အလယ်အလတ်(သမာသမတ်ကျတဲ့) အုပ်စုဟာ အတိုက်အခံထဲက တစ်ယူသန် အဖွဲ့နဲ့ ဆွေးနွေးညှိနှိုင်းမှုလုပ်ဆောင်ရသလို
2) တစ်ချိန်ထဲမှာပဲ အစိုးရအဖွဲ့ထဲက မလျှော့တမ်းခေါင်းအမာစားကြီးတွေနဲ့ (သို့) ခေါင်းအမာစားကြီးတွေကို အတိုက် အခံလုပ်ရင်း ဆွေးနွေးညှိနှိုင်းမှု ပြု လုပ်ရပါတယ်။ ( Note 58 )

အဆင့်နှစ်ဆင့်ပါတဲ့ နိုင်ငံရေးကစားကွက်ထဲမှာ အနည်းဆုံးအဖွဲ့လေးဖွဲ့၊ ဆက်ဆံရေးသုံးမျိုး၊ မကြာမကြာဆက်ဆံရေး လေးမျိုးတောင် ပါဝင်ပတ်သက်နေ တတ်ပါတယ်။ ဒါပေမယ့် ရှုပ်ထွေးလှတဲ့ ယဉ်ကျေးမှုကွဲ အန္တရာယ်စည်းကြောင်း စစ်ပွဲတွေမှာ အနည်းဆုံးခြောက်ဖွဲ့၊ ဆက်ဆံရေး ( ၇ )မျိုး ပါဝင်တဲ့ အဆင့်သုံးဆင့်ရှိ နိုင်ငံရေးကစားပွဲဖြစ်နေတတ်ပါတယ်။ ( See Figure 11-1 )

ညီမလေးကိုပြောမိတဲ့ ထမင်းခြောက်ကြော် ပုံပြင်


တစ်ခါတုံးကတဲ့ ညီမလေး ရေ.......
"ကျမတို့ဘဝက ကြမ်းပါတယ်ရှင်၊ အစကတည်းက ရွှံ့ထဲရေထဲကို ပစ်ချခြင်း ခံခဲ့ရပြီး အဲဒီဘဝထဲကနေလွတ်အောင် မနည်း ရုန်းကန်ခဲ့ရတာပါ။ ဒီနောက်တော့ အရွယ်ရောက်၊ ဖွံ့ကြ၊ ဖြိုးကြ၊ ပြီးတော့ သဘာဝအတိုင်းပဲ သီးကြပွင့်ကြပေါ့ရှင်။ ပိုဆိုးတာက အခက်အလက်လည်းစုံရော လှီးတာ ဖြတ်တာတွေကို ပုံစံမျိုးစုံ ခံစား ကြရပါတယ်။ ပြီးတော့ အရေခွံတွေကို ခွာသလို ခွာကြပြန်ရော၊ ဘယ်လောက် နာကျင်မလဲ၊ စဉ်းစားသာကြည့်ပေါ့။ ဒါနဲ့ ပြီးပြီလို့ ထင်နေမိတာ၊ ဘယ်ဟုတ်ရပါ့မ လဲ၊ အားလုံးကို အမှောင်ထဲထည့်ပြီး ထွက်ခွင့်လှုပ်ရှားခွင့်မရအောင် ပိတ်ဆို့ခြင်းခံ လိုက်ရပြန်ပါတယ်။
နေသာခိုက်ဘဝလေးရယ်လို့ လွတ်လွတ်လပ်လပ်ရေချိုးခွင့်၊ ရေကူးခွင့် ရလိုက်ခြင်းပါ၊ ရှင်တို့ကတော့ ဒါကိုပဲ ဓားသွားထက်က ပျားရည်စက်ခေါ် မလားပေါ့။ ဘာပဲဖြစ်ဖြစ် ဒါလည်း ဘဝအစိတ်အပိုင်းပဲမဟုတ်လား။

ဘယ်ဟုတ်မလဲ၊ ဒီနောက်တော့ ပွက်ပွက်ဆူနေတဲ့ ရေနွေးအိုးထဲ ထည့်ပြုတ်တာ ခံလိုက်ရပြန်ပါတယ်။ အခု လက်ရှိအနေအထားကိုရောက်ဖို့ အဲသလို ဘဝမျိုးစုံ ရင်ဆိုင်ခဲ့ရတာပါ ရှင်" လို့ သူဌေးမလေးရဲ့ ထမင်းပုဂံထဲရှိ ထမင်းစေ့လေး က ပြောပြနေသတဲ့။

သူမပြောသမျှကို ခံစားချက်အပြည့်၊ နားလည်မှုအပြည့်နဲ့ ငြိမ်ငြိမ်လေး နားထောင်ပေးနေသူကတော့ ဘုန်းကြီးကျောင်းသားလေးလက်ထဲက ထမင်းခြောက်ကြော်လေးတဲ့ကွယ်။
သူက ဘာမှဝင်မပြောဘူး၊ နားပဲ ထောင်နေတာ၊ တချို့ကိစ္စတွေက မပြောလည်း အချိန်တန်ရင်သိတာမျိုးမဟုတ်လား။ ပြောနေလည်း အချိန်မတန်သေးရင် နားပူတာပဲရှိမယ်လေ။
နောက်ပြီး ငါ့ဘဝက မင်းထက်ဆိုးပါတယ်ကွာလို့ ပြောလိုက်ရင် ဟိုပြောနေ တဲ့ကောင်မလေး အရှိန်ပျက်သွားမှာပေါ့။




ဟင်း ဟင်း ဟင်း "ဘဝအကြောင်းကို မင်း ဆက်လေ့လာပါဦး" ပြောလိုက်မိလို့
"ဆရာလာမလုပ်နဲ့ တောက်ချလိုက်မယ်" လို့ ပြန်ပြောမှာကို ကြောက်လို့လည်း ဖြစ်ချင်ဖြစ်မှာပေါ့ကွယ်။
ပျင်းလို့ပြောတဲ့ပုံပြင်မို့ ဘာမော်ရယ်၊ ညာမော်ရယ်တွေ ဒီအထဲမှာ မပါပါဘူး၊ အပျင်းပြေပဲပေါ့ နော် ညီမလေး။ ။

အလုပ်လျောက်သူ


ကုမ္ဗဏီတစ်ခုရဲ့ အပြင်မှာ ကြော်ငြာကပ်ထားတယ်။
"မျက်နှာကြီးငယ်မရွေး လျှောက်ထားနိုင်သည်၊ အမျိုးသမီး၊ ရုပ်ရည်သန့်ပြန့်၊ ငယ်ရွယ်သူဖြစ်ရမည်။
ကွန်ပျူတာကျွမ်းကျင်၊ ဘာသာစကားနှစ်မျိုး ပြောဆိုနိုင်ရမည်"
အဲဒီကုမ္ဗဏီရှေ့မှာ ခွေးမလေး (ဂိုးလ်ဒင်းရက်စီဗာ) တစ်ကောင်ရောက် လာ၊ ကြော်ငြာကိုသေသေချာချာဖတ်ပြီး မန်နေဂျာရဲ့ရုံးခန်းထဲဝင်သွားတယ်။ အင်တာဗျူးရမယ့် စားပွဲရှေ့က ကုလားထိုင်ပေါ်မှာ ခပ်တည်တည် ဝင်ထိုင်လိုက် သတဲ့။ ခွေးမလေးက ချောချောငယ်ငယ်ဆိ့တော့ ကြော်ငြာထဲကအတိုင်း ကွာလီ ဖိုင်းဖြစ်နေတာကိုး။
"ဟာ မင်းကိုခန့်လို့ဘယ်ဖြစ်ပါ့မလဲ၊ ကွန်ပျူတာကျွမ်းကျင်မှဖြစ်မှာ" မန်နေဂျာကပြောတော့
အဲဒီ ခွေးမလေးက ကွန်ပျူတာရှေ့ကထိုင်ခုံပေါ်မှာ ခပ်တည်တည်ထိုင်ပြီး စာရိုက်ပြ၊ ပရိုဂရမ်တစ်ခုဆွဲပြလိုက်တယ်။
"ဟာ ဘယ်လိုဖြစ်ဖြစ် မင်းကိုတော့ ခန့်လို့မဖြစ်ပါဘူး"
ဒီတော့ ခွေးမလေးက မန်နေဂျာရဲ့ပုဆိုးကိုကိုက်ဆွဲပြီး ကြော်ငြာရှိရာဆွဲခေါ်သွားတယ်၊ ပြီးတော့ "မျက်နှာကြီးငယ်မရွေး လျှောက်ထားနိုင်သည်" ဆိုတာကို လက်နဲ့ ပုတ်ပြသတဲ့။
မန်နေဂျာ တော်တော်ဒုက္ခရောက်သွားတယ်။
"ဟာ ဘယ်လိုဖြစ်ဖြစ် မင်းကိုတော့ ခန့်လို့မဖြစ်ပါဘူး၊ ဘာသာစကားနှစ် မျိုး ပြောဆိုနိုင်ရမည် ဆိုတာလည်းပါတယ်နော်"
လို့ မန်နေဂျာက ထပ် အတွန့်တက်တယ်။


ဒီတော့ ခွေးမလေးက "ညောင်" တဲ့။
ဟဲဟဲ ကွာလီဖိုင်းဖြစ်သွားတယ်။ မန်နေဂျာ ဘာပြောဦးမလဲ။

The World Joke Book ထဲက ဟာသကို အပိုဆာလာလေးနဲ့ မှီးထားတာပါ။

သတင်းစာပေါ်မက်တဲ့ အိပ်မက်များ


ဒီနေ့ထုတ်သတင်းစာထဲက ဓာတ်ပုံလေးနှစ်ပုံနှင့်ဆက်စပ်နေသည့် အိပ်မက်နှစ် ခုအကြောင်း ပြောပြကြည့်ချင်ပါသည်။
ပထမပုံကတော့ ဘာလင်တံတိုင်းသေဆုံးခြင်း ၂၅ နှစ်မြောက် ပွဲသဘင် အကြောင်းဖြစ်ပါသည်။ ဗီသိုဘင်ရဲ့တေးသံတွေလည်း လူးလွန့်နေသည်၊ ဂေါ် ဘာချက်ရဲ့ သက်ကြီးစကားတွေကိုလည်း သက်ငယ်ကြားခဲ့ရသည်ဟု သိရပါ သည်။



မြန်မာလူမျိုးတစ်ယောက်၏ အိပ်မက်သည် ဤမှာပင် ရပ်မနေခဲ့ပါ။ အိပ်မက်ဟု ဆိုစေ ဤမျှဖြင့် မရပ်နားကောင်းဟုယုံကြည်မိပါသည်။ ကမ္ဘာမှာ မလိုးလား အပ်သော ဘာလင်တံတိုင်းပေါင်း များစွာရှိနေလိမ့်ဦးမည်ဟုလည်း ယုံကြည်နေ မိသည်။ မရှိစေချင်ပါ။ မြန်မာလူမျိုးတစ်ယောက်အနေနဲ့ နိုင်ငံတော်၏ အလံအောက်မှာ...
နိုင်ငံတော်ကရွေးချယ်လိုက်သည့် ခေါင်းဆောင်၏ ဦးဆောင်မှုအောက်မှာ... စည်းလုံးစွာနေထိုင်လိုပါသည်။ မည်သူရယ်မဆိုလိုပါ။ သိက္ခာရှိရှိနိုင်သည့်ေ ခါင်းဆောင်မျိုးကိုဆိုလိုပါသည်။ သူ့ကို၊ သူမကိုလည်း လေးစားချင်ပါသည်။

ဒုတိယပုံကတော့ မြန်မာပြည်ရဲ့ လေးဖက်သွားစဘဏ်စနစ်အကြောင်းဖြစ်ပါ
သည်။ ရေးထားတာကလည်း ရစရာကိုမရှိပါ။ ဒါကလည်း နိုင်ငံခြားတိုင်းပြည်တွေ နဲ့နှိုင်းတော့ တကယ့်အမှန်တရားဖြစ်နေပြန်ပါသည်။



ဒါပေမဲ့ မနေ့က ဂျက်စမင်းပြောပြသလို
"ဟို..လွန်ခဲ့တဲ့ ၁၀ နှစ်၊ ၁၅ နှစ်က ငါတို့နိုင်ငံရဲ့ ဘဏ်စနစ်၊ စီးပွားရေးစန်ကြီးက ဒီလိုတဲ့ကွာ" ဆိုပြီး နောက်မျိုးဆက်လူငယ်တွေကို ဓာတ်ပုံပြပြီး ဂုဏ်ယူတကြွားပြောခွင့်ရရင်ကောင်းမှာလို့ အိပ်မက် ဆက်မိနေမိပါသည်။

မည်သို့ဖြစ်စေ၊ မလိုအပ်သည့် တံတိုင်းတွေတော့ ရှိမနေစေချင်တော့ပါ။ ဒါမရှိမှ ခရီးတွင်ပါလိမ့်မည်။