ဒကာမလည်း သနပ်ခါး မလူးရ၊ ရဟန်းတွေလည်း ဝါဆိုသင်္ကန်း မရ

ဖြစ်ပုံက ဤသို့တည်း။

လွန်ခဲ့သည့် တနင်္ဂနွေနေ့က မျက်နှာသိ ဒကာတစ်ယောက် ဝါဆိုသင်္ကန်း လာကပ်၏။ မိမိက ကော်မတီအစည်းအဝေးရှိနေသဖြင့် မတွေ့လိုက်၊ သူတွေ့သော ရဟန်းကို ကပ်လှူထားခဲ့၏။
ထို သင်္ကန်းက လေးလံလွန်းသည်။ ရှစ် ကီလိုဂရမ်မျှရှိ၏။ အဘယ်သို့သော ဝါဆိုသင်္ကန်းပေနည်း။ အဆမတန် လေးပဲလေးလံလွန်းချေသည်။
ထို သင်္ကန်းကိုလက်ခံရရှိလိုက်သော ရဟန်းက သံသယဖြင့် သင်္ကန်းဗူးကို ဖွင့်ကြည့်လိုက်မိလေတော့သည်။
ဝေယျာဝစ္စများပြီး၍ ည ကိုးနာရီခန့်အချိန် ကျောင်းပေါ်ပြန်ရောက်တော့မှ ထူးဆန်းလေးလံလှသည့် သင်္ကန်းကိုလက်ခံရရှိလိုက်သော ရဟန်းက ၎င်းသင်္ကန်းကို ယူလာကာ မိမိကိုပြသည်။ မှန်၏။ ဝိသာခါတို့ဝတ်ဆင်သည့် မဟလ္လက ဝတ်စုံအလား လေးလံလွန်းချေ၏။

သို့ဖြင့် ဖွင့်ကြည်ရာ တိပ်ကပ်ထားသော ထို သင်္ကန်းဗူးထဲမှာ
၁။ ဘာသင်္ကန်းမှ မပါ။
၂။ သနပ်ခါးသွေးသည့် ကျောက်ပြင် အငယ်စား တစ်ခု (စက္ကူဖြင့် ပတ်ထား ၏)
၃။ သနပ်ခါးတုံး လေးတုံး (စက္ကူဖြင့် ပတ်ထား၏)
၎။ မြန်မာပြည်ထွက် မိတ်ကပ် နှစ်ဗူး
၅။ ပိတ်မထားသော စာတစ်စောင် ပါဝင်လေသည်။( လိပ်စာ၊ ဘာညာ ဆက် သွယ်ရန် မပါ)
သင်္ကန်းဆိုင်၏ အမှားလား၊ထို ဒကာ၏ အမှားလား မသိ။ ယင်းဒကာကို သိ၏ သို့သော် သူ့ ဖုန်းနံပတ်ကို မသိသဖြင့် ဆက်သွယ်လို့ မရဖြစ်နေရ၏။




ယခု သတင်းထုတ်ပြန်ချိန်အထိ ထို ဝါဆိုသင်္ကန်းသည် ရှစ် ကီလိုဂရမ် မျှလေးလံလျက်ရှိသေးကြောင်း၊ အလေးချိန် မလျော့သေးကြောင်း တွေ့ ရသည်။

(24/07/2013 17:01)

ဒီမိုကရေစီ ခေတ်ဦး ?


အချိန်လေးရခိုက် မန္တလေးသတင်းလေးများ သိရမလားဆိုပြီး ဝင်ကြည့်မိပါတယ်။
ကိုယ့်လာမှန်မှာကြောက်လို့ နောက်ဆုတ်လိုက်ရတယ်။ ဖြစ်ရလေ။
ကိုယ့်ပေ့ဂ်ျလေးပေါ်ပြန်ရောက်တော့ ခြောက်ကပ်ကပ်လေးပေမဲ့ လူသန့်နေတယ်၊ စကားသန့်နေတယ်။
အပြန်အလှန် လေးစားနားလည်မှုရှိနေတယ်။ တော်ပြီပေါ့။
လူတချို့ဟာ စိတ်ကုန်လောက်အောင် အောက်တန်းကျနေတယ်။
အစစ ချွတ်ခြုံကျခဲ့ပြီးတဲ့နောက် ဒီမိုကရေစီ ခေတ်ဦးမှာ ယဉ်ကျေးမှုပါ ကျရှုံးလာနေတယ်။
ဝမ်းနည်းပါတယ် မန္တလေးရယ်
ဘာပြောရမှန်း မသိတော့ပါဘူး။

အဘိဓမ္မာသင်တန်းသူ သင်တန်းသားများ၏ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲဖိတ်ကြားလွှာ


နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
ဓမ္မမိတ်ဆွေအပေါင်း သူတော်ကောင်းတို့
စင်္ကာပူနိုင်ငံအတွင်း အဘိဓမ္မာတရားတော်များကို သင်ကြားပို့ချပေးလျက်ရှိသော ဆရာသခင်သံဃာတော်အရှင်သူမြတ်တို့အား အဘိဓမ္မာသင်တန်းသူ သင်တန်းသားများနှင့် ဗုဒ္ဓဘာသာဝင်သူတော်စင်များ အားလုံးစုပေါင်း၍ ၀ါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ကျင်းပပြုလုပ်မည် ဖြစ်ပါသောကြောင့် ကျွန်တော် ကျွန်မတို့နှင့် အတူ ပါဝင်ကုသိုလ်ယူ ဆက်ကပ်လှူဒါန်းနိုင်ကြစေရန် အလို့ငှာ နိဗ္ဗာန် အကျိုးမျှော်၍ တိုက်တွန်းနှိုးဆော်အပ်ပါသည်...
အခမ်းအနားအစီအစဉ်
နေ့ရက် ။ ။ ၂၀၁၄ ခု ဇူလိုင်လ (၆) ရက် တနင်္ဂနွေနေ့။
အချိန် ။ ။ ညနေ  ၃း၃၀ မှ ၅း၃၀ နာရီအထိ။
နေရာ ။ ။ မင်္ဂလ၀ိဟာရဘုန်းတော်ကြီးကျောင်း ၊ (30 JalanEunos, Singapore 419495)
နတ်လမ်းညွှန်။ ။ အနီးဆုံး MRT - Eunos MRT (Bus: 21, 60, 63, 93, 854)

Join event on Facebook
waso 2104 event-rd

လှူဖွယ်ဝတ္ထုများကို အောက်ဖော်ပြပါ အကျိုးတော်ဆောင်များထံတွင် ကြိုတင်စာရင်းပေးသွင်း လှူဒါန်းခြင်းဖြင့် သော်လည်း ကောင်း ၊ အခမ်းအနားတွင် ကိုယ်တိုင်ကိုယ်ကျ လာရောက်ဆက်ကပ်လှူဒါန်းခြင်းဖြင့်သော်လည်းကောင်း ကုသိုလ်ယူ ပူဇော်နိုင် ကြပါသည်။
၁။ ပရိက္ခရာရှစ်ပါးတစ်စုံလျှင် ဒေါ်လာ ၅၀ (S$ 50) ။
၂။ သင်္ကန်းတစ်စုံလျှင် ဒေါ်လာ ၃၀ (S$ 30) ။
၃။ ထီး၊ ဖိနပ်၊ ယပ်၊ နီသီဒိုင်(တစ်မျိုးလျှင်) ဒေါ်လာ ၁၀ (S$ 10) ။
ဆက်သွယ်ရန်အကျိုးတော်ဆောင်များ
အဘိဓမ္မာအသင်းကြီး(စင်္ကာပူ) - ကိုဇော်မျိုးမင်း: 90479374 ၊ မသန်းလဲ့ခိုင်: 92770249
ပညာပါရမီအသင်း(စင်္ကာပူ) - မမြမြမွန် : 83223535 ၊ မမြင့်မြတ်ဆွေ : 90069742
ထားဝယ်မိသားစု ပရဟိတအသင်း(စင်္ကာပူ) - ကိုထိန်လင်းဦး : 91955332 ၊ ကိုကျော်ကျော်ထွေး : 91250701

မင်္ဂလာမနက်ခင်းပါ ဘောလုံးဝါသနာရှင် မိဘပြည်သူများ ခင်ဗျား


မိဘပြည်သူများသိကြတဲ့အတိုင်း အခုဆိုရင် ကမ္ဘာ့ခွက်လုပွဲကြီးကလည်း ရုပ်လုံးပေါ်လာပြီဖြစ်ပါတယ်။
ပထမဆီမီးဖိုင်နယ်မှာ အိမ်ရှင် ဗလာစည်းအသင်းနဲ့ ကြားမန့်အသင်းတို့ ထိပ်တိုက်တွေ့ဆုံမှာဖြစ်ပြီး ဒုတိယဆီမီးဖိုင်နယ်မှာတော့ နာချင်ပြီလား အသင်းနဲ့ အော်လန်အသင်းတို့ တွေ့ကြမှာဖြစ်ပါတယ်။ အားလုံးက သမ္ဘာရှိ လက်ရဲဇက်ရဲတွေချည်းပဲမို့ ဘယ်သူနိုင်မလဲ၊ ဘယ်သူက ဘယ်လိုဆိုတာ ဘယ်သူမှ၊ ဘာမှ ဝင်မပြောရဲပါဘူး ခင်ဗျား။ ပြောမိရင်လည်း မချောင်လှလို့ ဖြစ်ချင်ရာ ဖြစ်ကြကွာဆိုပြီး သူတို့လေးသင်းကိုပဲ ထိုင်ကြည့်နေကြရုံပဲ ရှိပါတော့တယ်။

ဘောလုံးဝါသနာရှင် မိဘပြည်သူများခင်ဗျား
မိဘပြည်သူများ သိကြတဲ့အတိုင်း အိမ်ရှင် ဗလာစည်းအသင်းကလည်း ဗလာစည်းဆိုတဲ့အတိုင်း ဗလာစည်းပါပဲ ခင်ဗျား၊ ကြိုက်သလို ကစားခွင့်ပြုထားပါတယ်။ ဧည့်သည် ကြားမန့်အသင်းအသင်းကလည်း မခေပါဘူး။ ကြောက်ခမန်းလိလိ ကြားကနေ ဝင်ဝင်မန့်တတ်ပါတယ်။ မန့်ရာမှာလည်း အမေတွေ၊ နှမတွေ၊ သာတီတူး အောဂင်းတွေ(၃၂ ကောဋ္ဌာသ) အစုံပါပဲ။ အလွန်ကြည့်ကောင်းမယ့်ပွဲဖြစ်ပြီး ရင်သပ်ရှုမောဖွယ်တွေ တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။

အခုလက်ရိအနေအထားအရ နာချင်ပြီလားအသင်းနဲ့ အော်လန်အသင်းတို့ပွဲကို ပထမပွဲလောက် လူစိတ်မဝင်စားလှသေးဘူးဖြစ်နေပါတယ်။ ဒါပေမဲ့ နာချင်ပြီလားအသင်းကလည်း နာချင်ပြီလားဆိုတဲ့အတိုင်း နာချင်ပြီလားလို့ပဲ မေးနေပါတယ်။ ဒါကို အော်လန်အသင်းကလည်း နည်းနည်းလေးမှ ဂရုစိုက်မယ်မဟုတ်ပါဘူး။ သူကလည်း နာမည်တစ်လုံးနဲ့အသင်းကြီးပါ။

ကမ္ဘာ့ခွက်လုပွဲ တိုက်ရိုက်အစီအစဉ်တွေကို စကိုင်းနက်ကနေ တိုက်ရိုက် ထုတ်လွှင့်မှာ မဟုတ်ဘဲ အခြေအနေအရ အိမ်နီးချင်း မန္တလေးနက်ကနေ ပြောင်းလဲထုတ်လွှင့်မှာဖြစ်တဲ့အကြောင်း ကြိုတင်အစီရင်ခံအပ်ပါတယ် ခင်ဗျား။




ဦးကိုမောင်

စနေဘောလုံး


တော်လောက်ပြီထင်တယ် ရွှေခြံရေ
ကမ္ဘာ့ခွက်ဆီ လှည့်ဦးမယ်။ အာဂျင်တီးနားက သာရိပ်ရှိပေမဲ့ ပေးထားတဲ့ကြေးက ၁၁ လေး ၁၀ လေး တဲ့။
မက်စီသာ မစီလို့ကတော့ အာဂျင်တီးနားကတော့ တစ်နိုင်ငံလုံး ဘောရှုံး ငွေ ရှုံးနေမယ်။
မက်စီအသည်းစွဲတွေဆဲရင်လည်း ခံရမှာပဲ လက်ရှိခြေနဲ့ကတော့ ကုမ္ပဏီကိုကျော် ဖို့ ခက်မယ်။
အချိန်ပိုမပါရင် သရေပဲထင်တယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဟာ့ဇာ့တ်က ထက်ပေမဲ့ မက်စီမဟုတ်သေးလို့ ဆီမီးကိုတော့
ဟော်လန်နဲ့တွေ့ဖို့ အာဂျင်တီးနားပဲ တက်လာမယ်လို့ ထင်ပါတယ်။

လူငယ်ဦးရေ


*လူငယ် လူဦးရေက လူဦးရေအားလုံးရဲ့ ၂၀ ရာခိုင်နှုန်းအထက် ကျော်နေရင်
ပဋိပက္ခ(သို့)တော်လှန်ရေး ကြီးကြီးမားမား ဖြစ်နိုင်ခြေရှိတယ်။
*
ဥရောပ တော်လှန်ရေးနှစ်ကြိမ်နဲ့ အီရန်တော်လှန်ရေးဟာ
လူငယ်ဦးရေ ထိပ်ရောက်နေချိန်မှာ ဖြစ်ပွားခဲ့တယ်။ ဒါဟာ တိုက်ဆိုင်မှု မဖြစ်နိုင်ပါဘူး။

*ဥရောပရဲ့ လူငယ်ဦးရေအများဆုံး ကြုံကြိုက်ခဲ့တဲ့ လေးကြိမ်မှာ (နှစ်ကြိမ် က တော်လှန်ရေး)တစ်ကြိမ်က ကွန်မြူနစ်ဝါဒ စည်းရုံးမှုအောက် လူငယ်တွေ ပါသွားကြပြီး....

* နောက်တစ်ကြိမ်မှာတော့ ဥရောပနိုင်ငံတွေ အချင်းချင်း အပြန် အလှန် ဝင်ရောက်နေထိုင်လာနိုင်တဲ့ စနစ်ကြောင့် သိသာတဲ့ အပြောင်း အလဲ မရှိခဲ့ပါဘူး။

*ဒီတွက်ကိန်းမှန်ရင် အာရပ်ကမ္ဘာနဲ့ မွတ်စလင်နိုင်ငံတွေရဲ့ လူငယ်ဦးရေကြောင့် ကမ္ဘာ့နိုင်ငံရေး မငြိမ်မသက်ဖြစ်လာနိုင်ခြေရှိတယ်။

*အရှေ့အလယ်ပိုင်းမှာ အီရန်နဲ့ဆော်ရီကလွဲရင် မွတ်စလင်လူငယ်ဦးရေဟာ ၂၀ ရာခိုင်နှုန်းကို ကျော်နေပါတယ်။

*ဒီအရှိန်အဟုန်က ၂၁ ရာစု အဦးပိုင်းအထိ ထိရိုက်မှု ရှိနေမယ်။

ဒါတွေက ဆရာကြီး ဟန်တင်တန်ရဲ့ ကမ္ဘာကျော်(အဆဲလည်း အခံရဆုံး) The Clash of Civilizations ထဲကကောက်ချက် တချို့ပါ။
Ref: The Clash of Civilizations.

ကွန်မြူနစ်ရယ်သံ


ကွန်မြူနစ်ဝါဒ အားကောင်းလာတော့ ဘာသာမဲ့၊ ဘုရားမဲ့ဝါဒ၊ ဒီအတိုင်းသာဆို လူရိုင်းတွေဖြစ်ကုန်မယ်ဆိုပြီး ဝိုင်းတိုက်ခိုက်ခဲ့ကြတယ်။
အဲဒီအချိန်တုံးက ခရစ်ယန်နဲ့ မွတ်စလင်တွေတောင် မဟာမိတ်တွေဖြစ်လို့။ ဗုဒ္ဓဘာသာကလည်း လက်မနှေးခဲ့ပါဘူး။
ကွန်မြူနစ် ကျဆုံးသွားတော့ ဘုံရန်သူကင်းမဲ့သွားပြီး ဘုရားဝါဒယုံကြည်သူ၊ ဘာသာရေးကိုင်းရှိုင်းသူ လူယဉ်ကျေးကြီးတွေအချင်းချင်း တိုက်ကြ၊ ခိုက်ကြ။ ဘုရားပါဝါတွေ လုကြ။
ကွန်မြူနစ်ဝါဒကတော့ ရယ်နေမှာပဲ။ ငါ မရှိလို့ သူတို့တတွေ ယဉ်ကျေးသွားကြပြီ ကိုး ဆိုပြီးတော့လေ။
အယဉ်ကျေးဆုံးဆိုတဲ့ လူသားကြီးတွေသတ်ကြ၊ ဖြတ်ကြ။ ဆဲကြ၊ ဆိုကြ။
အမိုက်ရိုင်းဆုံး ဓာတ်ပုံတွေ၊ ဗွီဒီယိုတွေ တင်ကြရင်း သူတစ်ပါးကို ပုတ်ခတ်ကြ၊ စော်ကားကြ။
လူတချို့ ယုတ်မာရူးနှမ်းဖို့ ဘယ် ကွန်မြူနစ်ဝါဒမှ မလိုသလို ဘယ်ဘုရား လာပြီးဆုံးမလို့လည်း မယဉ်ကျေးပါဘူး။
Ref: The Clash of Civilizations.

ငါတို့မြို့


ဟိုး လွန်ခဲ့တဲ့ အနှစ် ၂၀ ဆီ
သူငယ်ချင်း ကဗျာဆရာက
တို့မြို့ဟာ ဓာတ်တိုင်တွေပေါ် ခရမ်းချဉ်သီးတွေ
သီးနေတဲ့ မြို့
ဘလက်ဘုတ်တွေ အလျားလိုက် ထောင်ထားတဲ့ မြို့
ဘလက်ဘုတ်တွေပေါ်
မြေဖြူတွေနဲ့ ကြက်ခြေခတ်ထားတဲ့ မြို့ တဲ့။
မဟုတ်သေးဘူး ကွာ
မြွေဆိုးကြီးနှစ်ကောင်
တောင်ပေါ်က ဆင်းလာတဲ့ မြို့။


ရွှေခြံရေ


ရှုံးထွက်တွေပြီးသွားတော့ အန်ဂလိုဆက်ဆွန်အင်ပါယာ(အင်္ဂလန်၊ အော်ဇီ) ရုပ်ပျက်ဆင်းပျက် ပြိုလဲတာ(သူတို့ကို ဘယ်သူမှလည်း မြင့်မြင့်ကြီး မျှော်လင့် မထားကြပါဘူး)၊ ဟစ်စပင်းနစ်တွေ အရှက်ကွဲခဲ့ရတာကလွဲရင်(သူတို့ကတော့ တကယ် အပ်ပ်ဆက်ပဲ) ကမ္ဘာ့ဖလားဖော်မြူလာက မဖောက်လှပါဘူး။

ဥရောပ လေးသင်း၊ တကယ်ဆို ဥရောပဆိုတာထက် ဖရန်ကို ဂျာမန် မျိုးနွယ် စုတွေလို့ဆိုရင် ပိုမှန်မယ်။ အားလုံးက ဆရာကြီးတွေချည်းပဲလေ။ ဘယ်လ်ဂျီယံကတော့ လေးသင်းထဲမှာ သမိုင်းနုသပေါ့။ လူတွေက မနုဘူး။
အမေရိကရဲ့ ကိုယ်စားလှယ်လေးသင်းမှာတော့ ကိုလံဘီယာနဲ့ ကော်စတာရီကာ တို့က သမိုင်းစာအုပ်ထဲအရ အကောင်သေးနေမယ်၊ အထူးသဖြင့်တော့ ကော်စတာရီကာပေါ့လေ။
ဒါပေမဲ့ ရှုံးထွက်ပွဲတွေကိုကြည့်ရင် အချိန်ပိုလိုက်ရ၊ ပင်နယ်တီ ထပ်ဆောင်းလိုက် ရနဲ့ သက်တောင့်သက်သာပွဲ မရှိခဲ့ဘူး။ နှစ်ဂိုးပြတ်ခဲ့တယ်ဆိုတဲ့ ဟော်လန် နဲ့ပြင်သစ်တို့လည်း ခြေမပြတ်နိုင်ခဲ့ဘူး။ ဟော်လန်က ရော်ဘင်ရဲ့ပင်နယ်တီရှာဖွေရေးနဲ့ ပြင်သစ်ရတဲ့ အိုဂျီကို ဘေးဖယ်လိုက်ရင် ဝမ်း ဇီရိုးပဲ ရှိမယ်။

ဒီနေ့ပွဲတွေက ထူးထူးခြားခြား ဥရောပ ဥရောပချင်း၊ အမေရိက အမေရိကချင်း သွားတွေ့တယ်။ ဘယ်သူနိုင်နိုင် ဆီမီးမှာ ကိုယ်စားလှယ် တစ်တိုက်တစ်သင်းစီ ရသွားမှာပဲ။
ပထမ ဖရန်ကို ဂျာမန်စစ်ပွဲမှာ ဂျာမန်ဖက် မသိမသာ အသာပေးထားကြပေမဲ့ အသည်းအသန်ဖြစ်လိမ့်မယ် ဆိုတာကိုတော့ ဆရာကြီးတိုင်း လက်ခံတယ်။ သူတို့အထဲမှာ စပိန်၊ မက်ဒရစ် လဲ့ဂျင့် ရောလ် ခွန်ဇာလက်တောင်ပါတယ်။
စိတ်ဓာတ်နဲ့ သမိုင်းကိုကြည့်ရင်တော့ ဂျာမန်က သာတာပေါ့။ ဒါပေမဲ့ လေးကြိမ်မြောက် ဆီမီးက ထွက်ခဲ့ရတဲ့နောက် ဒါက မေးခွန်းထုတ်စရာ။ ဒါ့အပြင် ဘောလုံးသမား ၇ ယောက်က ဖျားနေဆိုလားပဲ။ အဲ လက်ရှိ ဂျာမန် အဖွဲ့ကိုကြည့်တော့ ငါးကြိမ်မြောက် ဆီမီးကထွက်လာဖို့ဆိုတာ တွေးရခက်ကြီးပဲ။ အရွယ်ကအစ အကောင်းဆုံး အနေအထားမှာ။


ပြင်သစ်က ကမ္ဘာ့ဖလားမှာ တိုက်စစ်ကောင်း မရှိတတ်ဘူး။ အရွယ်၊ အတွေ့ အကြုံ၊ ခြေစွမ်း အကောင်းဆုံးအနေအထားမှာ ရှိနေခဲ့တဲ့ ဟင်နရီတို့တောင် တောင်ကိုရီးယားနဲ့ ဂျပန်ကနေ သွေးသံရဲရဲပြန်လာ၊ ဂိုး မသွင်း ခဲ့ရဘူး။ ဘင်ဇီမာ ဘယ်လိုလာမလဲ။ မရေရာလှဘူး။ ပြင်သစ်ကို ကယ်နိုင်မှာက ဘင်ဇီမာထက် ပေါ့ဂဘာ(Paul Pogba) ဖြစ်ဖို့များတယ်။ ကမ္ဘာ့ဖလားတွေမှာ ပြင်သစ်က ကွင်းလယ် ဟီးရိုးတွေ ထွက်လာတတ်လို့ပါ။ တချို့ကလည်း ဂျာမန်က ကျရိပ်၊ ပြင်သစ်က တက်ရိပ်လို့ ရှေ့ပွဲတွေကို အကဲခတ်ပြီး သုံးသပ်ကြတယ်။
ဒါပေမဲ့ ဂျူဗီက လူမည်းလေး ပေါ့ဂဘာ (Paul Pogba)ဇီဒန်းမဖြစ်လာရင် သရေ (သို့) အရှုံးလို့ပဲ ထင်တယ်။
တစ်ခုရှိတယ် ဇီဒန်းကိုယ်တိုင် ဂျူဗီက ကွင်းလယ်ဗိုလ်မှုးချုပ်ကြီးအနေနဲ့ ဘရာဇီး အသည်းကို မွမွခွဲခဲ့တာလေ။
ဒါ့ကြောင့် ပေါ့ဂဘာကိုလည်း လျှော့မတွက်ရဲဘူး။

သူငယ်တန်းဖတ်စာ(၂)


လူနှင့်ဘုန်းကြီး အသားအရေချင်း မတူကြပါ။ လူများက ဖြူချင်ဖြူ မည်းချင်မည်း ပခုံးနှစ်ဖက် အရောင်တူနေတတ်ပါသည်။
ဘုန်းကြီးအစစ်ဆိုလျင် အမြဲတမ်းဖုံးထားရသည့် လက်ဝဲဖက်ပခုံးက ဖြူနေတတ်ပြီး အမြဲလိုလို ဖော်ထားရသည့် ညာဖက်ပခုံးနှင့် လည်တိုင်တို့က ကွက်၍ညိုနေတတ်ပါသည်။ နေပူသည့် အထက်မြန်မာပြည်လိုနေရာမျိုးမှာ ပခုံးနှစ်ဖက်အရောင်က ပိုကွဲနေနိုင်ပါသည်။
ဤသို့အားဖြင့် ပခုံးကိုကြည့်ပြီး ဘုန်းကြီးနှင့်လူ ခွဲခွဲခြားခြားသိနိုင်ပါသည်။
(ကလေးများ သူငယ်တန်းဖတ်စာ ဖတ်သလို အသံစာစာလေးနဲ့ ဖတ်ကြည့် ကြစေချင်ပါသည်)