“လူစိမ်းမှ လူရင်းသို့ (၇း ၁)”


လီကွမ်းယု ရဲ့ Hard Truths ကနေ အခုတလော ရေပန်းစားနေတဲ့ စက္ကူဖြူ စီမံကိန်းကို အထိုကအလျောက် ထင်ဟပ်စေတဲ့ အခန်း ၇ ကို တင်ပေးလိုက် ပါတယ်။


မေး ။ ။ နိုင်ငံခြားသားတွေ ရောက်လာဖို့ တံခါးဖွင့်ပေးရမယ်လို့ ဆိုသူတွေ ထဲမှာ မစ္စတာလီက အသံအကျယ်ဆုံးပဲ။ စင်ကာပူဟာ ဒီလိုပဲ နိုင်ငံခြား သားတွေအပေါ်မှာ အမြဲတမ်း ရပ်တည်နေရမှာလား။

ဖြေ ။ ။ လက်ရှိကလေးမွေးဖွားနှုန်းအတိုင်းသာ ဆိုရင်တော့ ဒီအတိုင်းပဲ။ ဒီလိုမဟုတ်ရင် သက္ကရာဇ် ၂၀၅၀ - မှာ အလုပ်လုပ်နိုင်သူဦးရေက ၁.၅ ပဲရှိပြီး သက်ကြီးရွယ်အိုတွေကို သူတို့က ထောက်ပံ့နေရလိမ့်မယ်။ လုံးဝ အဓိပ္ပါယ် မရှိတော့ဘူး။ နိုင်ငံလည်း ပြိုကျသွားမယ်။ ဒီတာဝန်ကြီးက သိပ်လေးနေေ တာ့ လူတော်တွေက နိုင်ငံခြားကို ထွက်ပြေးသွားကြမှာ။
စင်ကာပူးရီးယန်းတွေ ကလေးယူကြပါ၊ ကလေးယူကြပါလို့ ဘာကြောင့်များ ငါတို့က ခိုင်းနေရတယ် ထင်လို့လဲ။

ကလေးမွေးဖွားနှုန်းက မကာမိဘူး။ နိုင်ငံခြားသားတွေနဲ့ အစားထိုးနိုင်ဖို့ သူတို့ ကလေးတွေ စင်ကာပူးရီးယန်း ဖြစ်လာဖို့ ကြိုးစားနေကြရတာ။ ဒါ့ကြောင့် နိုင် ငံခြားသားတွေကို နေရာခွဲပြီး နေရာချထားပေးတာ။ သူတို့ပတ်ဝန်းကျင်မှာ စင်ကာပူးရီးယန်းတွေ ရှိနေရမယ်။ ဒီလိုနဲ့ သူတို့ကလေးတွေက ဒီက ကလေးတွေနဲ့ အတူနေ၊ အတူကျောင်းတက်၊ တစ်သားတည်း ဖြစ်သွားမှာ။
အခုဝင်လာတဲ့မျိုးဆက်က ပြောင်းလဲလို့ မရတော့ဘူး။ အိန္ဒိယန်း၊ တရုတ် ဘာလူမျိုးပဲဖြစ်ဖြစ်၊ သူတို့ကလေးတွေကို ငါတို့ရအောင် ယူထားနိုင်ရမယ်။ ဒီမှာမွေးတဲ့ ကလေးပဲဖြစ်ဖြစ်၊ ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီကိုရောက်လာတဲ့ ကလေးပဲဖြစ်ဖြစ်ပေါ့။ တို့ကျောင်းကိုသွား၊ တို့ပြောသလို ပြော၊ တို့လုပ်သလို လုပ်အောင် ပြင်ယူကြရမှာ။

နိုင်ငံခြားသားတွေမပါဘဲ လက်ရှိတိုးတက်နှုန်းကို ငါတို့ ထိန်းမထားနိုင်ဘူး။ ရှင်းရှင်းလေး။ လူအင်အားမှ မရှိတာ။တနှစ်မှာ ကလေးဘယ်နှယောက် မွေး သလဲ။ သုံးသောင်းနဲ့ သုံးသောင်းခွဲကြားမှာ ရှိတယ်။ ဒီအရေအတွက်ရဲ့ ဆ တိုး ဖြစ်သင့်တယ်။ ငါ အလုပ်လုပ်နေစဉ်က တစ်နှစ်၊ တစ်နှစ်ကို ကလေး ဦးရေ ခြောက်သောင်းနှစ်ထောင်လောက် မွေးဖွားတယ်။ ဒါတောင်မှ လူဦးရေ က နှစ်သန်း မပြည့်ဘူး။

မေး ။ ။ တံခါးဖွင့်ရာမှာ အတိုင်းအတာတော့ ရှိသင့်တယ် မဟုတ်လား။ တစ်ခါက စင်ကာပူမှာ လူဦးရေခြောက်သန်းခွဲ မကျော်သင့်ဘူးလို့ မစ္စတာလီ ပဲ ပြောခဲ့တာ မဟုတ်လား။

ဖြေ ။ ။ ငါပြောခဲ့တာက နေရာအခက်အ ခဲကြောင့် ပြောခဲ့တာ။ မြေနေရာ လွတ်တွေရှိမှ ပတ်ဝန်းကျင်စိမ်းစိုအောင် စီမံပြီး နေချင်စဖွယ်မြို့ဖြစ်အောင် လုပ်ယူလို့ရတယ်။ တို့မှာ မြေလွတ်တွေ ရှိနေသေးတော့ ခြောက်သန်းခွဲအ ထိ ဖြစ်နိုင်တယ်လို့ သူတို့ ယုံကြည်ကြတယ်။ ဒါ့ကြောင့် နောက်ထပ် (၁၅) ရာခိုင်နှုန်း လက်ခံမယ်လို့ ပြောခဲ့ကြတာ။

အဲဒီနောက် ဘာဖြစ်သလဲ။ ပင်လယ်ရေကြောင်း နယ်နိမိတ်တွေကို ပြန် လုပ် ယူရတယ်။ ဒီနောက် ကိုယ့်အရည်အသွေးကို ပြန်တင်ယူရတယ်။ အကောင်းဆုံးတော့ ကြိုးစားနေကြတာပဲ။ ငါတို့လူထုရဲ့ မူလဗီဇကို ပြောင်းလို့ မရဘူး။ ဒါပေမဲ့ သူတို့ကို ပညာပေးရင်း လေ့ကျင့်ပေးရင်းနဲ့ အရင်ကထက် အရည်အချင်းရှိလာအောင်တော့ လုပ်ယူလို့ရတယ်။ အခု ငါတို့လုပ်နေတဲ့ SPUR (Skills Programme for Upgrading and Resilience) အစီ အစဉ် လိုပေါ့။ ပြီးတော့ စီးပွားရေးကျဆင်းတာကို အခွင့်ကောင်းယူပြီး သူတို့အဆင့် နဲ့ အရည်အချင်းတွေ တက်လာအောင် လေ့ကျင့်ပေးကြရတယ်။ ဒါမှ စီးပွားရေးဦးမော့လာလို့ စက်ရုံအလုပ်တွေ ပိုများလာရင် သူတို့က အဆင် သင့်ဖြစ်နေမှာ။ စက်ရုံအဟောင်းတွေကတော့ ဒီကို ပြန်လာမှာ မဟုတ်ေ တာ့ဘူး။ သူတို့က တို့ထက် လုပ်အားခ ဈေးချိုတဲ့ နိုင်ငံတွေကို သွားကြမှာ။

မေး ။ ။ နိုင်ငံခြားသားတွေကြောင့် စိတ်မချမ်းမသာ ဖြစ်နေတဲ့ စင်ကာပူး ရီးယန်းတွေကို ကြည့်ပြီး မအံ့သြမိဘူးလား။

ဖြေ ။ ။ မအံ့သြပါဘူး။ အသစ်အဆန်းတစ်ခု ဆိုတာလောက်ပါပဲ။ လတ် တလောနှစ်တွေရဲ့ အရေအတွက်ကို ပြန်ကြည့်ရင် နိုင်ငံခြားသား တော်တော် များများ လက်ခံလိုက်တာကို တွေ့ရမယ်။ စီးပွားရေးက ပိုကျယ်ပြန့်လာတော့ နယ်ပယ်အသီးသီးမှာ မလစ်ဟင်းရအောင် သူတို့က စင်ကာပူအတွက် လို အပ်နေတယ်။ ဒီစီးပွားရေး အကျပ်အတည်းကာလမှာ အလုပ်ကြမ်းသမား၊ ပညာရှင် ဘယ်သူ့ကို ဦးစားပေးမယ် ဆိုတာတွေ သတ်မှတ်လို့ မရဘူး။ သတ် မှတ်လိုက်ရင် အလုပ်ရှင်တွေကရော၊ အလုပ်သမား နိုင်ငံခြားသားတွေကပါ နားလည်မှု လွဲသွားနိုင်တယ်။

တို့လုပ်နိုင်တာက စင်ကာပူလူမျိုးကို အလုပ်ခန့်ရင် ဂျော့(ဘ်) ခရက်ဒစ် အနေနဲ့ ဒေါ်လာသုံးရာ မြှင့်ပေးထားတယ်။ ဒါက အလုပ်ရှင် ဆုံးဖြတ်ရမယ့် အပိုင်း ဖြစ်သွားတယ်။ နိုင်ငံခြားသားကို ငှားမယ်ဆိုရင် ဒေါ်လာသုံးရာ ဆပ်(ဖ်) ဆီဒိုက် လုပ်ရမယ်။ အလုပ်ရှင်တွေကိုလည်း ဆုံးဖြတ်ခွင့် ငါတို့ က ပေးထားရသေးတယ်။ စင်ကာပူးရီးယန်းကို ငှားမလား၊ နိုင်ငံခြားသားကို ငှားမလား။ သူတို့ ဆုံးဖြတ်ကြပေါ့။ တကယ်တော့ ဒါက ဒီအလုပ်သမားက အလုပ်ရှင်အတွက် ဘယ်လောက် အလုပ်လုပ်ပေးနိုင်သလဲ ဆိုတဲ့အပေါ်မှာ မူတည်တယ်။

အစိုးရအနေနဲ့ ငါတို့က အားလုံးကို ခြုံကြည့်ထားရတယ်။ ဒါမှ စီးပွားရေး ပြန်ကောင်းလာတဲ့အခါ ငါတို့ရဲ့ ကုန်ထုတ်လုပ်မှုနှုန်းက အခက်အခဲ ရင်မဆိုင်ရမှာ။ ဖြစ်ချင်ရာဖြစ် ဆုံးဖြတ်ခဲ့ကြတာ မဟုတ်ဘူး။ သေသေချာချာ စဉ်းစား၊ စည်းဝေးပြီးမှ ဆုံးဖြတ်ချက် ချခဲ့ကြရတာ။ ဘဏ္ဍာရေးဝန်ကြီးနဲ့ အ လုပ်သမားဝန်ကြီးတွေတင်တောင် မကဘူး။ အမျိုးသားဖွံ့ဖြိုးရေးနဲ့ ကုန် သွယ်ရေးဝန်ကြီး၊ ကက်ဘိနက်အဖွဲ့ဝင်တွေအားလုံး ပါဝင်စဉ်းစားပြီး ဆုံးဖြတ် ခဲ့ကြတာ။

အခြားနိုင်ငံတွေ ပြာယာခတ်နေချိန်မှာ စင်ကာပူက ဘာကြောင့် ပြာယာခတ် မနေတာလဲလို့ရော မတွေးမိဘူးလား။
တို့က သူတို့ကို အခွင့်အရေးတွေ ပေးထားလို့။ အခွင့်အရေးဆိုတာတွေထဲမှာ လက်ရှိ အလုပ်သမားတွေကို ပြန်လည်လေ့ကျင့်ပေးတာ။ စင်ကာပူးရီးယန်း ကို အလုပ်ငှားရင် ဆပ်ဆီဒိုက်ပေးတာ၊ သူတို့ အလုပ်သ မားတွေကိုအခ မဲ့ လေ့ကျင့်ပေးပြီး ပိုတော်လာတဲ့ အလုပ်သမားကို သူတို့ဆီ ပြန်ပို့ပေးတာ။ ဒါတွေ ပါတယ်။

နှစ်ပေါင်းများစွာကတည်းက တည်ဆောက်ယူခဲ့တဲ့ လူသားနဲ့ နည်းပညာ အရင်းအမြစ်တွေ ငါတို့ဆီမှာ ရှိတယ်။ ဒါကြောင့်မို့လို့ ပြဿနာဖြစ်လာတဲ့အ ခါမှာ အေးအေးဆေးဆေးနဲ့ ဖြေရှင်းပေးနိုင်ခဲ့တာ။
အစိုးရက ဒီမူကနေ လုံးဝသွေဖည်ပေးလို့ မရဘူး။ ဒါတွေက စနစ်တကျ တွက်ချက်ထားတဲ့ မူဝါဒတွေ၊ ငါတို့ ကြည့်တာက စင်ကာပူရဲ့ ရေရှည် ရပ် တည်နိုင်ရေးပဲ။

မေး ။ ။ နိုင်ငံခြားသားတွေ ရုတ်တရက်ကြီး တိုးလာတာကို အကြောင်းပြ ပြီး စိတ်မသက်မသာ ဖြစ်နေတဲ့ နိုင်ငံသားတွေကို အခုလိုအချိန်မှာ သူတို့ စိတ်သက်သာသွားအောင် တစ်ခုခု စဉ်းစားမပေးသင့်ဘူးလား။

ဖြေ ။ ။ အားလုံး တစ်ပေါင်းတစ်စည်းတည်းဖြစ်အောင် အတတ်နိုင်ဆုံး လုပ်ပေးနေတာပဲ။ အရင်ဆုံး HDB တိုက်ခန်းတွေမှာ သူတို့ကို ခွဲထည့်ပေး ထားတယ်။ ဒါပေမဲ့ အိန္ဒိယက နောက်မှ ရောက်လာသူတွေက East Coast မှာ ကွန်ဒိုတွေ ဝယ်နေတာကတော့ ငါတို့လည်း မတတ်နိုင်ဘူး။ အဲဒီမှာပဲ ကွန်ဒိုဝယ်နေကြတဲ့ အိန္ဒိယမြောက်ပိုင်းကလူတွေရဲ့ အရေအတွက် မမျှ မတ လည်း ရှိနိုင်တာပဲ။

HDB တိုက်ခန်းတွေမှာတော့ ဖိအားပေးခြင်းမရှိဘဲနဲ့ သူတို့ချင်း တစ်ပေါင်းတည်း ဖြစ်သွားအောင်၊ အချင်းချင်း နားလည်အောင် ကိုတာစနစ်နဲ့ အိမ်တွေချပေးထားတယ်။ ပီအေပီက လူထုအချင်းချင်း ပေါင်းသင်းဆက်ဆံရေးအဖွဲ့တောင် ဖွဲ့ပြီး နယ်တွေမှာဆင်းပြီး လှုပ်ရှားကြဖို့ အစီအစဉ် ရှိတယ်။ ဒီကိစ္စ အထမြောက်ဖို့ အချိန်တော့ လိုတာပေါ့။

ပီအေပီရဲ့ ပါတီတွင်း ဆွေးနွေးပွဲတွေမှာ ဒီကိစ္စကို စတင်ခဲ့တယ်။ အဲဒီ စီတီဇင် အသစ်တွေက တရုတ်မန်ဒရင်းစကား ပြောကြတယ်။ အဲဒီအထဲက စီတီဇင် အသစ် တရုတ်စကားပြော ကောင်မလေးကို အင်္ဂလိပ်လို မှန်မှန်မပြောတတ် ရပါ့မလားဆိုပြီး ဆူလို့တဲ့ ကောင်မလေးက ငိုတယ်။ ဒီကလူတွေလို ဘယ်လို လုပ် မှန်မှန်ကန်ကန် ပြောတတ်ပါ့မလဲ။ သူ့ကို အချိန်တော့ ပေးမှပေါ့။ သူက ဒီအထဲမှာပါဝင်ပြီး သူတတ်နိုင်တဲ့ အပိုင်းကနေ လှုပ်ရှားတယ်။ ဒါကို ဆူလိုက် ၊ ငေါက်လိုက်လုပ်တယ်တဲ့။ တို့က နားလည်မှု ပိုရှိဖို့လိုတယ်။ သူက ကြိုး လည်းကြိုးစားတယ်။ သူဖြစ်ချင်တဲ့ ဆန္ဒတွေကိုလည်း ပြောပြတယ် ။ နှစ် ဖက်စလုံး ကြိုးစားဖို့ လိုတယ်။ ဒါက နှစ်လမ်းမောင်းစနစ်ပဲ။

လွန်ခဲ့တဲ့ ၁၉၆၀ - ခု ဝန်းကျင်တွေကလို မိသားစုတိုင်း ကလေးလေးေ ယာက်နှုန်းရှိရင် ဒီပြဿနာက တက်ကို မတက်ဘူး။ အဲဒီနှုန်းနဲ့ဆိုရင် ဒီနေ့ တို့လူမျိုးသက်သက်ပဲ ခြောက်သန်းနဲ့ ခုနှစ်သန်းကြားမှာ ရှိနေပြီ။ ဒါပေမဲ့ အမျိုးသမီးတွေ ပညာရေးနဲ့ အလုပ်အကိုင် အညီအမျှရတဲ့ ဖွံ့ဖြိုးဆဲ၊ ဖွံ့ဖြိုး ပြီးနိုင်ငံတိုင်းမှာ ဒီလိုပဲ ကလေးမွေးဖွားနှုန်းက ကျသွားတတ်တာပါပဲ။
အခုဆိုရင် စီတီဇင်အသစ်တွေကကို ငါတို့လူမျိုးတွေလို ဖြစ်လာနေပြီ။

တရုတ်ပြည်ကနေ ရောက်လာတဲ့ နာ့(စ်)မလေးတစ်ယောက်နဲ့ တွေ့တယ်။ သူ့မှာ ကလေးတစ်ယောက် ရှိတယ်။
“ဘာလို့ ကလေးနှစ်ယောက် မယူတာလဲ။ သုံးယောက်ဆို ပိုတောင်ကောင်းသေးတယ်” လို့ ငါကမေးတော့ “မယူနိုင်ဘူး၊ ဈေးသိပ်ကြီးတယ်။ မူကြိုကျောင်းအပ်ခကတောင် နည်းတာ မဟုတ်ဘူး။ အခု ကလေးက ကျောင်းအပ်ရတော့မယ်။ အရွယ်ရောက်နေပြီ။ အိမ်နားက ဘယ်ကျောင်းမှာ အပ်ရမလဲလို့ လိုက်စုံစမ်းကြည့်နေရတာ။ သူ အရွယ်ကောင်းကောင်းမရောက်ခင် ကျောင်းလိုက်ပို့တာ၊ လမ်းဖြတ်ကူးပေးရ တာတွေကအစ လိုက်လုပ်ပေးရဦးမယ်” တဲ့။

သူမက ဆက်ပြောတယ်။ “ကလေးနှစ်ယောက်သာဆိုရင် ငွေလည်း မတတ်နို င်တော့ဘူး။ အလုပ်က အနားယူပြီး နောက်မှ အလုပ်ပြန်လုပ်မယ်ဆိုရင် လည်း ကိုယ့်နေရာကို သူများတွေက ဦးသွားလို့ နေရာတောင် ပျောက်သွား ဦးမယ်” တဲ့။

သူစဉ်းစားနေပုံက ဒီကလူတွေ စဉ်းစားတာနဲ့ တစ်ထေရာတည်း ဖြစ်နေပြီ။ သူတို့ စဉ်းစားတာက စီတီဇင်အသစ်တွေဟာ ငါတို့ ဟိုတုန်းက စင်ကာပူး ရီးယန်းတွေလို ဖြစ်လိမ့်မယ်လို့ တွေးထားကြတာ။ ဘယ်ဟုတ်လိမ့်မလဲ။ နိုင်ငံသားအသစ်တွေ တွက်ချက်ခန့်မှန်းတာတွေက ဒီခေတ် စင်ကာပူးရီးယန်းတွေ အတိုင်းပဲ။ ဒီညီမျှခြင်းကို ငါတို့ ရှာမတွေ့သေး ဘူး။ မတွေ့တော့တာလည်း ဖြစ်ကောင်းဖြစ်မယ်။

ပြင်သစ်နဲ့ ဆွီဒင်မှာသာ မိသားစုတစ်စု ကလေးနှစ်ယောက်မွေးဖွားနှုန်းကို ထိန်းထားနိုင်တယ်။ တခြားတော့ ဘယ်နိုင်ငံမှ ထိန်းမထားနိုင်ဘူး။ အထူး သဖြင့် အရှေ့အာရှက ဖွံ့ဖြိုးဆဲနိုင်ငံတွေ ပိုဆိုးသေးတယ်။
အမေရိကကတော့ တမူထူးခြားတယ်လို့ ပြောရမယ်။ သူတို့က မြေနေရာ အလွတ်တွေကကို အများကြီး ကျန်သေးတာ။ လူတွေကလည်း အကော င်းမြင်ဝါဒသမားတွေ။ တဖြည်းဖြည်းတော့ သူတို့လည်း ဒီအတိုင်း ဖြစ်လာဦး မယ်လို့ ခန့်မှန်းမိတယ်။ ဂျပန်နဲ့ တရုတ်က မြို့ကြီးတွေမှာဆိုရင် လက်မထပ် တဲ့ အမျိုးသမီးတွေ မီဒီယာထဲမှာကော၊ စီးပွားရေးလောကထဲမှာရော အများကြီးပဲ။ ဒီပြဿနာက ကမ္ဘာနဲ့အဝှမ်း ဖြစ်နေတဲ့ ပြဿနာပဲ။ ပုံစံတကျ ပြောင်းလဲလာနေတဲ့ လူမှုရေးပုံသဏ္ဍာန်ပဲ။ အမျိုးသမီးတွေ ပညာတတ်လာပြီး အလုပ်အကိုင်မှာ အမျိုးသားတွေနဲ့ အခွင့်အရေးအတူတူ ရလာပြီဆိုရင် အဲဒီ လူ့အဖွဲ့အစည်းက ပြောင်းလဲလာတာပဲ။


 ဇင်ဝေသော်

ပြည်သူ့အသံ ကိုယ့်အသံ


အလုပ်သမား ဝန်ကြီးဌာနနဲ့ ကျန်းမာရေး ဝန်ကြီးဌာန ခင်များ....
စလုံးတွေမြန်မာပြည်မှာ ရက်ရှည်နေပြီး စီးပွားရေးလုပ်( အလုပ်လုပ်ခွင့် ပါ မစ်လျှောက် ) မယ်ဆို တစ်နှစ်ကို နှစ်ကြိမ် ဆေးစစ်ခိုင်းပါ။
သန့်ရှင်းတဲ့နိုင်ငံသားတွေ ရောဂါမရှိဘူးထင်ပြီး လွှတ်မပေးလိုက်ပါနဲ့။
စင်္ကာပူမှာ အလုပ်လုပ်နေကြတဲ့ နိုင်ငံခြားသာတွေကတော့ ရောဂါ " ဆိုး " မရှိတာ ( စတေး တိုးတိုင်း စစ်နေရလို့ ) သေချာပါတယ်။
စလုံးတွေက စတေးတိုးစရာမလိုတော့ ဆေးစစ်စရာလည်း မလို၊ ဒါကြောင့် မသေချာပါ။
ဆီးချိုနဲ့ သွေးတိုးကို နာနာစစ်ပါ၊ လူတိုင်းနီးပါး ရှိပါတယ်။ ကျန်တာတွေကို လည်း စစ်ပါ။ လိုအပ်ရင် ဒေါက်တာတွေရဲ့ ထောက်ခံချက်အပြင် မြန်မာတိုင်းရင်းဆေး ဆရာရဲ့ ထောက်ခံချက်ပါ တောင်းပါ။
ဒီမှာ အဝလွန်ရောဂါ ၆၃ ရာခိုင်နှုန်း ( တစ်ရာမှာ ၆၃ ယောက် ) ရှိပါတယ်။ ဗိုလ်ချုပ်ကြီးတွေရဲ့ ဗိုက်ခေါက်ထက် ပိုထူရင် ( ဗိုလ်ပေါ် ဗိုလ်လာမကျနဲ့ ဆိုပြီး ) ရီဂျက် ထုပေးပါ။

ဘာမှ မဟုတ်ပါ။
ဘာရောဂါမှ မရှိဘဲ စတေး တိုးတိုင်း သွေးဖောက်ခံနေကြရတာ သဘော မတွေ့လို့ပါ။

အဲသလို မဆီမဆိုင် ဒေါသဖြစ်ရတဲ့အထဲမှာ ဘရားဇီးက ဘောလုံးသ မား ရော်နာဒိုလည်း ပါတယ်။
ပေါ်တူဂီက ရော်နာဒိုနဲ့ ဘရားဇီးက ရော်နာဒိုကို နှိုင်းယှဉ်ပြီးမေးတော့ ဖာဂူဆန်က မဆီမဆိုင် "The older,the fatter " လို့ ဖြေခဲ့တယ်။
ဒါကို မကျေနပ်လွန်းလို့ ဘရားဇီးကက မီဒီယာကိုဖိတ်ခေါ်ပြီး သူ့ဆန္ဒကို ထုတ်ဖော်ခဲ့တယ်။
သူ့ဆန္ဒက တစ်ဖက်သားကို အဲသလို " ဝတုတ် " လို့ ရစရာမရှိအောင်ပြော တဲ့အတွက် ဖာဂီရဲ့ မန်ယူ ကစားတဲ့ပွဲတိုင်း ရှံးပါစေ တဲ့။
ပြီးပါပြီ။


ဇင်ဝေသော် 

“လူပီသဖို့ ငိုရမယ် ၂ (I cry, therefore I am)”


Humanity’s sob story.
By Michael Trimble.

" ယဘုယျကျကျပြောရရင် ပိုပြီးလည်းချမ်းသာ၊ ပိုပြီးလည်း ဒီမိုကရေစီ ထွန်း ကားတဲ့ နိုင်ငံကြီးတွေက လူတွေဟာ ပိုပြီးငိုတတ်ကြပါတယ်။ မျက်ရည် ကျရ မှာ မရှက်သလို မျက်ရည်ကျမိရင်လည်း ဝန်ခံရမှာ ဝန်မလေးတတ်ကြပါဘူး "

"အမေရိကန်တွေ၊ ဂျာမန်တွေ၊ အီတာလီယန်တွေဟာ ဘူဂေးရီးယန်းတွေ၊ တရုတ်တွေ၊ ပီရူးလူမျိုးတွေထက် ပိုပြီး မျက်ရည်လွယ်ကြတယ် "

ဒါတင်မကသေးပါဘူး။ ရှေးဟောင်း ဂရိသူရဲကောင်းကြီးတွေမှာလည်း မျက် ရည်နဲ့ မဝေးကွာလှပါဘူး။ Odysseus တို့၊ Agamemnon တို့၊ Achilles တို့လည်း မျက်ရည်နဲ့ မျက်ခွက် သိပ်မပြတ်ခဲ့ပါဘူး။
ဒါကို မယုံရင် လတ်တလော ကမ္ဘာ့သမိုင်းကို ပြန်ကြည့်ပါ။ အမေရိကန်သမ္မ တ ရော်နယ်ရီဂင်၊ ဘီ(လ်) ကလင်တန်တို့ ဂျော့ဘု(ရှ်) တို့ဆိုရင် အငိုမင်း သားကြီးတွေ(Weepy Chief Executive) လို့တောင် ဆိုစမှတ်ပြုခဲ့ရပါတယ်။

တစ်ပတ်တည်း နှစ်ခါငိုသူတစ်ယောက် အရင်တစ်ပတ်ကပဲ တွေ့ခဲ့ရပါသေး တယ်။ အဲဒါ သမ္မတ အိုဗားမားပါပဲ။ အိုင်အိုဝါးမှာ မိန့်ခွန်းပြောစဉ်တစ်ကြိမ်၊ ချီကာဂိုမှာ မိန့်ခွန်းပြောစဉ် တစ်ကြိမ်၊ တစ်ပတ်အတွင်း နှစ်ကြိမ်ငိုခဲ့ပါတယ်။ Babe Ruth က သူ့မှာ ကင်ဆာရှိနေပြီလို့ သိရတဲ့အချိန်မှာ ငိုခဲ့သလို Floyd Patterson လည်း မိုဟာမက် အလီကို ရှုံးတုန်းက ငိုခဲ့တာပါပဲ။

အမျိုးသမီးရော အမျိုးသားပါတူတဲ့အချက်က သူတို့က အိမ်တွင်းထဲမှာဆို ပိုပြီးငိုတတ်ကြတယ်။ ညနေ စောစောပိုင်းမှာ ပိုပြီးငိုတတ်တယ်။ တစ်ယောက်တည်းရှိနေတဲ့အခါ (သို့) အမျိုးသမီး အဖော်ရှိနေတဲ့အခါ မျိုးတွေမှာ ငိုတတ်ကြတယ်။ ရုပ်ရှင်ကြည့်နေစဉ်မှာ ကြေကွဲဝမ်းနည်းစရာတွေ ဇာတ်လမ်းထဲမှာပါနေရင် ကိုယ့်ဘေးမှာ သူငယ်ချင်းလည်း ရှိနေမယ်ဆိုရင် ပိုပြီး မျက်ရည်ကျတတ်ပါတယ်။

လူတွေရဲ့ ကိုယ်စီကိုယ်စီ စစ်တမ်းအရ သနားတတ်သူ၊ ခံစားနားလည်တတ် သူတွေဟာ စိတ်ဓာတ်မာသူ၊ ခံစားမှုကို ထိန်းထားတတ်သူတွေထက်ပိုပြီး မျက်ရည်လွယ်တတ်ပါတယ်။ ငိုတဲ့ အကြိမ်ရေနဲ့ပတ်သက်လို့ကတော့ ဒီထက်ပိုပြီး ကျယ်ပြန့်ပါတယ်။ တချို့ဆို ဝတ္တုဖတ်ရင်း၊ ရုပ်ရှင်ကြည့်ရင်း ငိုနေတတ်ကြသလို တချို့ဆိုရင် သူတို့ တစ်ဘဝလုံးမှာ ငိုကြွေးမိတဲ့ အကြိမ်ရေကို ရေတွက်လို့တောင် ရနိုင်ပါတယ်။

တစ်ခုခုအဆင်မပြေလို့၊ စိတ်ညစ်လို့၊ အိမ်တွင်းရေးပြဿနာဖြစ်လို့ ငိုပြီဆိုရင် တခြားငိုကြွေးခြင်းတွေထက် ပိုပြီးအချိန်ကြာတတ်တယ်။ ပျော်ရွှင်ရ၊ ကျေနပ် ရလို့လည်း မျက်ရည်ကျတတ်ပါတယ်။ ဒါပေမယ့် ဒီမျက်ရည်ကျခြင်းက ခဏ မျှသာပါ။

ဒါဝင်ရဲ့ သုံးသပ်ချက်အရကတော့ အနောက်နိုင်ငံမဟုတ်တဲ့ အခြား တိုင်းပြည်တွေနဲ့စာရင် ဗြိတိန်မှာ ငိုကြွေးမှုက ပိုနည်းတယ်လို့ ဆိုပါတယ်။ အနောက် ဥရောပနိုင်ငံတွေက (ဗြိတိန်အပါအဝင်) သူများထက် ငိုကြွေးတာ နည်းတယ်လို့ ဆိုလိုချင်ဟန် တူပါတယ်။

ငိုကြွေးမှုနဲ့ပတ်သက်လို့ ယဉ်ကျေးမှုကို အခြေခံ သုတေသနလုပ်ခဲ့တဲ့ ဒတ် (ခ်ျ) လူမျိုး စိတ်ပညာရှင် A.J.J.M. Vingerhoets နဲ့ သူ့မိတ်ဆွေရဲ့ တွေ့ရှိ ချက်က ပိုပြီးဆွဲဆောင်မှုရှိပါတယ်။ (၃၇) နိုင်ငံကို သူတို့ သုတေသနပြုခဲ့ကြ ရာမှာ အမေရိကန်တွေ၊ ဂျာမန်တွေ၊ အီတာလီယန်တွေဟာ ဘူဂေးရီးယန်းေ တွ၊ တရုတ်တွေ၊ ပီရူးလူမျိုးတွေထက် ပိုပြီး မျက်ရည်လွယ်ကြတယ်လို့ ဆိုပါ တယ်။

ယေဘုယျကျကျပြောရရင် ပိုပြီးလည်းချမ်းသာ၊ ပိုပြီးလည်း ဒီမိုကရေစီ ထွန်း ကားတဲ့ နိုင်ငံကြီးတွေက လူတွေဟာ ပိုပြီးငိုတတ်ကြပါတယ်။ မျက်ရည်ကျရ မှာ မရှက်သလို မျက်ရည်ကျမိရင်လည်း ဝန်ခံရမှာ ဝန်မလေးတတ်ကြပါဘူး။ သူတို့ နိုင်ငံတွေမှာလည်း ငိုကြွေးတာနဲ့ ပတ်သက်ရင်တော့ အမျိုးသမီး၊ အ မျိုးသား ကွဲပြားမှုကတော့ ရှိနေဆဲပါ။

ဒီနိုင်ငံကြီးတွေက လူတွေ ဘာကြောင့် မျက်ရည်ပိုလွယ်ရသလဲဆိုရင် ယဉ်ကျေးမှုနဲ့လည်း ဆိုင်ပါတယ်။ တချို့ယဉ်ကျေးမှုက မျက်ရည်ကျမှု ဟာ ပျော့ညံ့ခြင်းလို့ ယူဆတတ်ကြပါတယ်။ ဒီမိုကရေစီကျတဲ့ နိုင်ငံတွေဟာ တဖက်သားရဲ့ မျက်ရည်ကျမှုကိုလည်း ပိုပြီးနားလည်းတတ်ကြပါတယ်။ ဒါကသည်ပင် ဝမ်းနည်းလို့ ကျတဲ့မျက်ရည်ကို ထိန်းနေစရာမလိုဘူးဆိုတဲ့ အယူအဆဝင်သွားပြီး မျက်ရည်လွယ်သွားကြတာလည်း ဖြစ်နိုင်တယ်လို့ ယူဆနိုင်ပါတယ်။

ဝမ်းနည်းမှုနဲ့ ငိုကြွေးမှုဟာ ဆက်စပ်နေတယ်လို့ ယုံကြည်ထားကြပေမယ့် လူ တစ်ယောက်ဟာ ငိုပြီးရင် ပိုပြီးပျော်ရွှင်လာတတ်ပါတယ်။ သုတေသန တွေ့ ရှိချက်တွေက ပြောပြတဲ့အချက်ကတော့ အမျိုးသမီး ၈၅-ရာခိုင်နှုံးနဲ့ အမျိုး သား ၇၃-ရာခိုင်နှုံးဟာ ငိုပြီးတဲ့နောက် ခံစားရတာ ပိုသက်သာလာတယ် ဆို တဲ့ အချက်ပါ။

ကမ္ဘာ့လူသားတွေ လက်ခံထားတာကတော့ မျက်ရည်ဟာ စိတ်တင်းကျပ်မှု ကို ဖြေလျော့စေဖို့၊ ခံစားမှုကို ဖွင့်ထုတ်ဖို့၊ နာကျင်မှုကို သက်သာစေဖို့ဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။ (တကယ်တမ်း လက်ခံထားကြတဲ့ အထဲမှာလည်း လူခန္ဓာကိုယ်ထဲကထွက်လာတဲ့ အရည်တွေထဲမှာ မျက်ရည်တစ်ခုကိုသာ စက်ဆုပ်စရာအနေနဲ့ သဘောမထားကြတာပါ။)

ဘာသာရေးခေါင်းဆောင်တွေ အနေနှင့်လည်း ကရုဏာကို ဖွင့်ပြသတဲ့ အနေ နဲ့ မျက်ရည်ကျပြတတ်ကြပါတယ်။ ဒါကလည်း ကမ္ဘာတဝှမ်းလုံးပါ။

" ကြက်သွန်နီနဲ့ ဇနီးမျက်ရည် "


မျက်ရည်ဆိုတာ ဝမ်းနည်းကြေကွဲမှုရဲ့ သင်္ကေတဆိုတာ တစ်ကမ္ဘာလုံး လက် ခံထားရတဲ့ အချက်ပါ။ ဒါပေမယ့် တစ်ခါတစ်ခါကျတော့ စိတ်က အလွန် အမင်း ဝမ်းနည်းနေတော့ မျက်ရည်ကျလို့မရတဲ့ အခါမျိုးတွေလည်း ရှိနေ တတ်ပြန်ပါသေးတယ်။ ဥပမာ မိမိအလွန်ချစ်မြတ်နိုးသူတစ်ယောက် ဆုံးပါး သွားတဲ့အခါမျိုးတွေမှာပေါ့။

ဒီနေ့ခေတ်မှာ မျက်ရည်ကျခြင်း၊ မကျခြင်းနဲ့ပတ်သက်လို့ ထူးထူးခြားခြား ဘာမှ မပြောကြပေမယ့် ရှေးရှေးခေတ်တုန်းကတော့ လင်သားတစ်ယောက် ဆုံးပါးလို့ လူရှေ့မှာ ဇနီးက မျက်ရည်မကျရင် လူထုက ဝေဖန်ပြစ်တင်တာ မျိုးတွေ ရှိတတ်ပါတယ်။ ယောင်္ကျားဆုံးတာတောင် မျက်ရည်မကျတဲ့မိန်းမ၊ မကြာခင် တစ်ပင်ထူမယ့်မိန်းမ စတာမျိုးတွေပေါ့။ အဲဒီအခါမျိုးတွေမှာ ဇနီး (မုဆိုးမ) တွေဟာ ကြက်သွန်နီရဲ့ အကူအညီနဲ့ မျက်ရည်ကျပြရတတ်ပါတယ်။ ဒီမျက်ရည်ကျမှုက ရှေးခေတ်တုန်းကတော့ လူမှုရေးမှာသာမက နိုင်ငံရေး ထဲမှာတောင် ရှိနေပါတယ်။ မျက်ရည်ကျရမယ့်အချိန်မှာ ကျကို ကျပေးရမယ် ဆိုတဲ့ သဘောမျိုးပေါ့။

မျက်ရည်ကို အခြားလူမှုရေးကိစ္စတွေမှာလည်း အဓိပ္ပါယ်တစ်ခုခုအနေနဲ့ သတ်မှတ်ကြပြန်တယ်။ Rousseau က သူ့ရဲ့ “Confessions” ပြဇာတ်ထဲမှာ မျက်ရည်ဟာ ဘယ်လောက်ချစ်မြတ်နိုးတယ်ဆိုတာရဲ့ အထင်ရှားဆုံး သင်္ကေတတစ်ခုဖြစ်တယ်လို့ ဆိုထားပါတယ်။ ဒါတင်မကဘူး၊ မျက်ရည်ဟာ ကိုယ့်အတ္တကို ရှေ့တန်းတင်ထားလွန်းလို့ ဘာမဟုတ်တဲ့ ကိစ္စအတွက် ကျတဲ့ မျက်ရည်လည်း ရှိနေပြန်သေးတယ်လို့ သူကပဲ ဆိုထားပြန်ပါတယ်။

တခြားဇာတ်လမ်းတွေထဲမှာလည်း မျက်ရည်ဟာ တစ်ဖက်သားကို စိတ် ယိမ်း ယိုင်စေနိုင်တယ်ဆိုတဲ့ အကြောင်းတွေ့ရပြန်ပါတယ်။
ရှိတ်စပီးယားကတော့ သူ့ရဲ့ “The Taming of the Shrew” ထဲမှာ-
“ And if the boy have not a woman’s gift
To rain a shower of commended tears,
An onion will do well for such a shift” လို့ ရေးထားခဲ့တယ်။
( ဆက်ရန် )


ဇင်ဝေသော်

နောက်ပိုင်း မသေချာတဲ့ သတင်းနှစ်ပုဒ်


အိန္ဒိယမှာ အသစ်စက်စက် လက်ထပ်ပြီးစ ဇနီးမောင်နှံတွေဖြစ်ကြတဲ့ Jyoti Parkash နဲ့ Priyanka Rani တို့ဆီ ဒေသဆိုင်ရာ အာဏာပိုင်တွေဆီက အမိန့်စာ ချက်ချင်းရောက်လာခဲ့တယ်။ အဲဒါက to “live like brother and sister” လက်ထပ်ပြီးပေမဲ့ မောင်နှတွေလိုပဲ နေကြဖို့ အမိန့်ဖြစ်ပါတယ်လို့ 'Times of India ' က ဖော်ပြထားပါတယ်။ အကြောင်းကတော့ သူတို့ က မောင်နှမဝမ်းကွဲတွေ ဖြစ်နေကြလို့တဲ့။ ကဲ ဘယ်သူ့ကို ဘယ်လိုပြောရပါ့။

" မြန်မာ့စီးပွားရေး ဘဏ်၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနဲ့ ကူးသန်းရောင်းဝယ်ရေး ဘဏ် (MICB) ဘဏ်တွေနဲ့အတူ အရင် မြန်မာစစ်အစိုးရနဲ့ နီးစပ်တဲ့ စီး ပွားရေး လုပ်ငန်းရှင်ကြီးတွေဖြစ်တဲ့ ဦးတေဇ ပိုင် အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေး ဘဏ် နဲ့၊ ဦးဇော်ဇော်ရဲ့ မက်ဇ်မြန်မာကုမ္ပဏီပိုင် ဧရာဝတီဘဏ်တွေလည်း ပါဝင်ပါတယ် " ဒါက အရင်တပတ်က အမေရိကန်အစိုးရက ဘဏ်လေးခုကို အသိအမှတ်ပြုလိုက်ကြောင်း ဖော်ပြထားတဲ့ ဗွီအိုအေ သတင်းပါ။

မေး ။ ။ ငွေဖြူနဲ့ ငွေမည်း ခြားနားချက်က ဘာပါလဲ။
ဖြေ။ ။ ငွေဖြူက ဟောင်းနွမ်း စုတ်ပြတ်နေတတ်ပြီး ငွေမည်းတွေက အသစ်စက်စက် အုပ်လိုက် တစ်ထပ်ကြီး ရှိနေတတ်ပါတယ်။
မေး ။ ။ငွေမည်းကို ငွေဖြူဖြစ်အောင် ဘယ်လိုလုပ်ရပါသလဲ။
ဖြေ ။ ။ ဒီအတိုင်းပဲ ထားလိုက်ပါ။ ကြာရင် ဖြူသွားပါတယ်။ ( ဖြေဆိုသူတွေက ဦးတေဇနဲ့ ဦးဇော်ဇော် မဟုတ်ပါ )




 ကမ်းလက် 

“လူပီသဖို့ ငိုရမယ် (I cry, therefore I am)”


Humanity’s sob story.
By Michael Trimble.

( နယူးယောက် တိုင်းက မျက်ရည်များရဲ့ သမိုင်း စစ်စစ်ပေါက်ပေါက် သုတေ သနဆောင်း ပါးပါ။ စိတ်ဝင်စားမိလို့ ပြန်လိုက်တာပါ။ ရှည်လွန်းလို့ သုံးရက် ခွဲတင်သွားပါမယ်။)

၂၀၀၈- ခုနှစ်တုန်းက ဂျာမဏီနိုင်ငံ Muenster မှာရှိတဲ့ တိရိစ္ဆာန်ရုံထဲက ဂါနာ (Gana) လို့ခေါ်တဲ့ ဂေါ်ဇီလာမကြီးက ဂေါ်ဇီလာလေး တစ်ကောင်မွေး တယ်။ သုံးလကြာတော့ ဂေါ်ဇီလာလေး ဆုံးသွားတယ်။ ဖြေဆည် မရ ကြေ ကွဲနေရှာတဲ့ ဂါနာရဲ့ဓာတ်ပုံတွေလည်း မီဒီယာပေါ်မှာ ပလူပျံလို့နေတာပဲ။ အသည်းကွဲ ဂေါ်ဇီလာမကြီးဟာ အသက်မရှိတော့တဲ့ ဂေါ်ဇီလာလေးကို ဝမ်းနည်းတကြီး ပွေ့ဖက်လို့ထားတယ်။ ဂေါ်ဇီလာမကြီးကိုကြည့်ချင်လို့ လာ ကြတဲ့ လူပရိသတ်ကြီးဆိုတာလည်း မနည်းမနောပဲ။

ပြောရမှာတော့ အားနာစရာပါ။ ဂါနာဟာ ဝမ်းနည်းတတ်ပေမယ့် ငိုတော့ မငို တတ်ပါဘူး။ ငိုကြွေးခြင်းနဲ့ မျက်ရည်ကျခြင်း တစ်ထပ်တည်းကျတာဆိုလို့ လူဆိုတဲ့ သက်ရှိသတ္တဝါပဲရှိပါတယ်။ ဒမ်ဘိုတို့ ဘန်ဘီတို့ကို တောင်းပန် စ ကား ပြောရပါလိမ့်ဦးမယ်။ တိရိစ္ဆာန်တွေ ငိုတတ်တယ်ဆိုတာ သိပ္ပံနည်းကျ သက်သေပြလို့ မရပါဘူး။

ဂေါ်ဇီလာတွေကို အထူးပြုလေ့လာနေတဲ့ Dian Fossey နဲ့ ချင်ပန်ဇီတွေကို အထူးပြုလေ့လာနေတဲ့ Jane Goodall တို့အဆိုအရ တိရိစ္ဆာန်တွေရဲ့ မျက်ရည်နဲ့ ကြေကွဲဝမ်းနည်းမှု ဆက်စပ်လို့ မရပါဘူး။ “the emotional Lives of Animals” စာအုပ်ကိုရေးတဲ့ Marc Bekoff အဆိုအရ တိရိစ္ဆာန်ရဲ့ မျက်ရည်ဟာ မျက်ရည်သက်သက်ပါ။ ဝမ်းနည်းပူဆွေးမှုနဲ့ ဆက်စပ်မနေပြန် ပါဘူး။ ဆင်တွေကို အထူးပြုလေ့လာနေတဲ့ မစ္စတာ Jeffery Moussaieff နဲ့ Mrs. Susan McCarthy တို့ကလည်း ဆင်တွေဝမ်းနည်းလို့ ငိုတယ်ဆိုတာ မတွေ့ဖူးသလောက်ပါလို့ ဆိုခဲ့ပြန်ပါတယ်။

တိရိစ္ဆာန်တွေ မျက်ရည်ကျတယ်ဆိုတာကတော့ မှန်ပါတယ်။ ဒါပေမယ့် ဒီမျက်ရည်က နာကျင်မှုကြောင့် ရုပ်ပိုင်းဆိုင်ရာ တုန့်ပြန်မှုသက်သက် သဘာ ဝအရ ထွက်လာတဲ့မျက်ရည်မျှသာ ဖြစ်ပါတယ်။ မျက်ရည်က မျက်လုံး ရဲ့စွတ် စိုမှုကို အကာအကွယ်ပေးပါတယ်။ ပရိုတိန်းဓာတ်တစ်ချို့ကို လည်း စောင့်ရှောက်ပေးထားနိုင်ပါတယ်။ ကြေကွဲဝမ်းနည်းမှုနဲ့ မျက်ရည် ဆက် စပ်ပြီး ကျလာတာကတော့ လူသားမှာသာရှိတယ်ဆိုတာ ကျွန်တော်တို့ အခိုင်အမာ လက်ကိုင်ထားကြဆဲပါ။

ကလေးတစ်ယောက်ဆိုရင် မွေးပြီးလို့ နှစ်ရက်အတွင်းမှာပဲ ဝမ်းနည်းတဲ့ မျက်နှာ ဝမ်းသာတဲ့မျက်နှာကို ဖော်ပြတတ်နေပါပြီ။ မွေးကင်းစ ကလေး တစ်ယောက်ဟာ ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ မငိုတတ်ဘူးဆိုရင် အသက်ရှင်ဖို့ လမ်းစမရှိပါဘူး။

ကလေးမွေးပြီးလို့ လေးငါးလအတွင်းမှာပဲ အဲဒီကလေးနဲ့ ပတ်ဝန်းကျင်ရဲ့ ဆက်ဆံရေးဟာ ခံစားမှုတွေနဲ့ ပြည့်သိပ်ဖွဲ့ချည်နေပါတော့တယ်။ အထူးသဖြင့်တော့ သူ့ရဲ့ ခံစားချက်ကိုဖော်ပြဖို့ ကလေးက ငိုပြတာမျိုးတွေပါ။

ကျွန်တော်တို့ ကြီးပြင်းလာပြန်တော့လည်း မျက်ရည်ဆိုတာ ကျွန်တော်တို့ လူမှုဆက်ဆံရေးနယ်ပယ်ရဲ့ အထင်ကရ ဆက်သွယ်ချက်တစ်ခု ဖြစ်နေပြန်ပါသေးတယ်။ ငိုကြွေးခြင်းဆိုတာ ရယ်မောခြင်း လိုပါပဲ။ လူသားရဲ့ စကြာဝဠာဆိုင်ရာ ခံစားမှုပြယုဂ်တစ်ခုပါ။ ဒါပေမယ့် ယဉ်ကျေးမှုတွေအပေါ်အခြေခံ၊ လိင်ကွဲပြားမှုတွေအပေါ်မှာ အခြေခံပြီး ရယ်မောမှုလောက်တော့ ကျယ်ကျယ်ပြန့်ပြန့် ထုတ်ဖော်မပြ တတ်ကြပါဘူး။ လက်လည်းသိပ်မခံကြပါဘူး။ တကယ်က ပျော်ရွှင်မှု ထက် ကြေကွဲမှုက ပိုပြီးအရောင်အသွေးစုံလင်ပါတယ်။ တကယ်လို့ ကြေကွဲပြီး ငိုမိကြတယ်ဆိုရင်တောင် ငိုကြွေးပုံတွေက အမျိုးမျိုး အသွင်ကွဲနေတတ်ပါတယ်။

အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ပိုငိုတတ်ပြီး ပိုပြီးလည်း ရှိုက်ကြီး တငင် ရှိတတ်ပါတယ်။ အထူးသဖြင့် သူတို့ခံစားမှု အရှိန်မြင့်မားနေတဲ့ အချိန် မျိုးတွေမှာပေါ့။ ဒါဟာ ကွဲပြားတဲ့ ဟိုမုန်းဓာတ် သဘာဝကြောင့်ဖြစ်နိုင်သလို လိင်ကွဲပြားမှုကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ငိုကြွေးခြင်းလိုပါပဲ၊ စိတ်ဓာတ်ကျခြင်းနဲ့ပတ်သက်လို့လည်း ကမ္ဘာတစ်ဝှမ်းလုံး မှာ အမျိုးသမီးတွေက အမျိုးသားတွေထက်ပိုပြီး ဖြစ်တာများပါတယ်။ ဒါဟာ အမျိုးသမီးတွေက ဆယ်စုနှစ်ပေါင်းများစွာ အမျိုးသားတွေနဲ့တန်းတူ အခွင့် အရေး မရခဲ့တဲ့ အားနည်းချက်ကြောင့်များ ဖြစ်လေမလားဆိုတဲ့ အကြောင်းပြ ချက်လည်း ရှိနိုင်ပါတယ်။ ပြီးတော့ လူမှုရေးနှိမ်ချခံရတာ၊ တခါတရံ အကြမ်း ဖက်မှု ခံရတာတွေအထိ ရှိတတ်တာတွေလည်း ပါနိုင်ပါတယ်။

" မျက်ရည်ကျဖို့ သေးမွှားတဲ့ကိစ္စရယ်လို့ မရှိ "

အမျိုးသားတွေဟာ အမျိုးသမီးတွေထက် ငိုတဲ့အချိန်ပိုနည်းတာတင် မကပါ ဘူး။ သူတို့ ဘာကြောင့် မျက်ရည်ကျရတယ်ဆိုတာကိုလည်း အမျိုးသမီးေ တွလောက် ပွင့်ပွင့်လင်းလင်း ပြောမပြတတ်ပါဘူး။ အများအားဖြင့် သူများ မသိအောင် ယောင်္ကျားတွေက ခိုးခိုးငိုတတ်ပြီး သူတို့ငိုတာ သူများတွေ သိသွားရင်လည်း တောင်းပန်စကား အမျိုးသမီးတွေထက် ပိုပြောတတ်ကြ တယ်။ သူတို့ တကယ်ချစ်မြတ်နိုးသူတွေ ဆုံးပါးတဲ့အခါနဲ့ ဘာသာရေး ဓလေ့ထုံးစံနဲ့ ပတ်သက်ရင်တော့ အမျိုးသားတွေလည်း အမျိုးသမီးတွေလိုပဲ မျက်ရည်ကျတတ်တယ်လို့ သုတေသနအရ သိရပါတယ်။

အထူးသဖြင့်တော့ သူတို့ကိုယ်တိုင်က တာဝန်ယူထားရသူ၊ စောင့်ရှောက် ထားရသူ၊ ကာကွယ်ပေးထားရသူတွေ ဆုံးပါးသွားရင် ယောင်္ကျားတွေက ပိုငိုတတ်တယ်လို့ ဆိုပါတယ်။

ရှိတ်စပီးယားရဲ့ ကမ္ဘာကျော် Coriolanus ထဲမှာတော့ “ It is no little thing to make mine eyes to sweat compassion” လို့ ပြောထားတယ်။ ငါ့မျက်လုံးထဲမှာ ကရုဏာမျက်ရည်ဝေဖို့ သေးမွှားတဲ့ အရာရယ်လို့ မရှိဘူး လို့ ပြန်ရင် သင့်တော်မယ်ထင်ပါတယ်။


ဇင်ဝေသော်

စူပါများကြား ရပ်တည်ခြင်း ( ၈:၄ )


( ဒီနေ့ လီကွမ်းယုရဲ့ Hard Truths( to keep Singapore going ) ကို ဆက်ပေးလိုက်ပါတယ်။ Ch 8 Standing among Giants ပါ။ မောင်မြတ်မိုး ဘာသာပြန်ထားတာ ရှိပေမဲ့ စာအုပ်ဈေးနှုန်း ရှစ်ထောင် ( ၈၀၀၀ ) ကျပ် ဆို တာရယ်၊ ဘာသာပြန်ပုံ မတူတာရယ်၊ ဘလော့ဂ်မှာက ကောင်းနိုးရာရာ ရွေး တင်လို့ ရတာရယ်ကြောင့် ဆက်တင်ပါ့မယ်။ ဒီနေ့ ၂၀၀၉၊ ၂၀၁၀ က မြန်မာ့ အပေါ် လီကွမ်းယု အမြင်နဲ့ စလိုက်ပါတယ်။ ဆရာတင်မောင်ဝင်းရဲ့ ကွန်မင့် ကို ပြန်ပြီးသားလည်း ဖြစ်သွားတာပေါ့။ )

မေး ။ ။ မြန်မာနဲ့ပတ်သက်လို့ အကောင်းဆုံး ကြည့်လို့ရတဲ့အမြင်က ဘာပါ လဲ။ ဒီဆယ်စုနှစ်တွေထဲ အပြောင်းအလဲတွေ ဖြစ်လာနိုင်တယ်လို့ ထင်ပါသ လား။

ဖြေ ။ ။ တော်လှန်ရေး တစ်ခုခုတော့ဖြစ်မှ အပြောင်းအလဲဖြစ်မှာ။ တော် လှန်ရေးဆိုရာမှာ စိတ်ဓာတ် အသိဉာဏ်နဲ့ တော်လှန်ရေး၊ အကြမ်းဖက်ေ တ်ာလှန်ရေး နှစ်မျိုးစလုံးဖြစ်နိုင်တယ်။ လက်ရှိခေါင်းဆောင်က ဘယ်လောက်ကြာကြာ နေနိုင်မှာလဲ။ နောက်တက်လာမယ့် ခေါင်းဆော င်ကရော ဘယ်လောက်ခံမှာလဲ။ဒီကိစ္စက လူငယ်စစ်ဗိုလ်တွေဆီ ရောက်သွား မှာ။ သူတို့က အထီးကျန်နေတယ်။ ထိုင်း တိုးတက်လာတာကို လှမ်းမြင်နေ ရတယ်။ လူကြီးတွေက ချမ်းသာပြီးရင်း ချမ်းသာ၊ နိုင်ငံက မွဲပြီးရင်း မွဲ။ အရည်အသွေးမမီတဲ့ ဒေါက်တာတွေ၊ ဆေးမရှိတဲ့ ဆေးရုံတွေ၊ မစွံတဲ့ ပညာရေး။ ဘယ်သူက ကိုယ့်နိုင်ငံကို ဒီလို မြင်ချင်မှာလဲ။

သူတို့က ဦးနှောက်နည်းနည်း ရှိမယ်ဆိုရင်တောင်မှ တံခါးဖွင့်ရမှာပဲ။ တံခါးဖွင့် လိုက်ရင် လူထုကို ပညာသင်ပေးရတော့မယ်။ ပညာတတ်တွေဖြစ်ကုန်ရင် အ ကျိုးဆက်တွေက လိုက်လာမှာ။ လောလောဆယ်တော့ ဒီလိုလုပ်မယ် (ဖွင့်ပေးလိမ့်မယ်) လို့ ငါတော့ မမြင်မိဘူး။

ငါကိုယ်တိုင် လက်မြှောက်ထားရတာ။ အမေရိကန်အရာရှိတွေ ရောက်ရောက်လာတိုင်း လူငယ်ဗိုလ်ချုပ်ကြီးတွေနဲ့ စကားပြောပါလို့ ငါတောင်းဆိုနေကြတယ်။ ငါ ခင်ညွန့်နဲ့ စကားပြောတယ်။ သူတို့အထဲမှာ သူက ခေါင်းအကောင်းဆုံး။ ထောက်လှမ်းရေး အကြီးအကဲ။ အင်ဒိုနီးရှားနည်းအတိုင်း ကျင့်သုံးကြဖို့ ငါနားချခဲ့ဖူးတယ်။ မင်းရဲ့ စစ်ဝတ်စုံကို ချွတ်၊ အရပ်သားလုပ်၊ ခေါင်းဆောင်ပြီး ရွေးကောက်ပွဲဝင်ပြိုင်ပါလို့ ငါပြောတဲ့ လမ်းစဉ်ကို သူတို့ စလိုက်နေကြပြီ။ ခဏနေတော့ ဆူဟာတိုက ပြုတ် ပါလေရော။ သူတို့က ပြောတယ်။ ငါ့အကြံက မကောင်းတဲ့ အကြံဥာဏ်ကြီး တဲ့။
မြန်မာပြည်အကြောင်း ငါ့ကို ဆက်မမေးနဲ့တော့။ ငါ့ဘဝထဲကနေ သူတို့ကို ထုတ်ပယ်လိုက်ပြီးပြီ။

မေး ။ ။ စင်ကာပူနဲ့ မလေးရှားဝန်ကြီးချုပ်တွေဖြစ်ကြတဲ့ လီရှန်လွန်းနဲ့ နာဂျစ်ရာဇတ်တို့ တန်ဂျွန်ပါဂါမှာရှိတဲ့ ရထားဘူတာရုံကြီးကို ဖျက်သိမ်းပြီး အဆောက်အဦတွေ ဆောက်ကြဖို့ အထင်ကရ သဘောတူညီမှုကြီး ရ ခဲ့ကြတယ်။ ပြီးတော့ ဂျိုဟိုးနဲ့ဆက်သွယ်ဖို့ MRT (Mass Rapid Transit) တံတားဆောက်ဖို့လည်း သဘောတူညီမှု ရခဲ့ကြတယ်။ အီစကန်ဒါ နယ်က စင်ကာပူစီးပွားရေးသမားတွေကို ဆွဲဆောင်နိုင်ဖို့ တော်တော် ကြိုးစားနေ ကြတယ်။ ဒီလို စီးပွားရေးပူးပေါင်းလုပ်ဆောင်လာတာတွေနဲ့ ပတ်သက်လို့ အကောင်းဖက်က မြင်မိပါသလား။ စီးပွားရေးအရ ဒီနှစ်နိုင်ငံဟာ ဘယ်လောက် နီးနီးကပ်ကပ် အတူလက်တွဲ သွားနိုင်ပါ့မလဲ။

ဖြေ ။ ။ စင်ကာပူက စီးပွားရေးအားဖြင့် အမြဲတမ်း သက်ဝင် လှုပ်ရှားနေ တဲ့ နိုင်ငံပဲ။ အထူးသဖြင့် တောင်ပိုင်း ဂျိုဟိုးလို နယ်မြေတွေမှာ စင်ကာပူနဲ့ အတူလက်တွဲပြီး အလုပ်လုပ်သွားချင်တယ်ဆိုရင် စင်ကာပူက ရင်းနှီးမြှုပ်နှံ မှုတွေနဲ့ စီးပွားရေးသမားတွေကို သူတို့က ကြိုဆိုသင့်တာပေါ့။ ဝန်ကြီးချုပ် နာဂျစ်က ဒါကို သဘောပေါက်တယ်။ အဲဒီ ဒေသတွေကို သူက ဖွံ့ဖြိုးစေ ချင်တာ။ စီးပွားရေး အရေးပါမှုက သိပ်အားကောင်းတယ်။ ဒါပေမဲ့ ယထာ ဘူ တ မကျတဲ့ သူတို့နိုင်ငံရေးပေါ်လစီက ဒီစီးပွားရေး ပူးပေါင်းလုပ်ကိုင်မှု ကို ရှေ့ဆက်ခွင့် ပြုမလားဆိုတာကတော့ သံသယရှိစရာပဲ။ ဘယ်လောက် နီးနီးကပ်ကပ် ပူးပေါင်းလို့ ရနိုင်မလဲဆိုတာကတော့ မလေးရှားရဲ့ သဘော ထားအပေါ်မှာ မူတည်ပါတယ်။ ပင်နီဆူလာထဲ ဝင်လာတဲ့ စင်ကာပူးရီးယန်း စီးပွားရေးသမားတွေကို ကြိုဆိုရမယ်။ သူတို့ ရင်းနှီးမြှုပ်နှံတာတွေဟာ စိတ် ချရပါတယ်ဆိုတဲ့ ခံစားမှုမျိုး ပေးထားနိုင်ရမယ်။

မေး ။ ။ အမေရိကနဲ့ တရုတ်၊ (သို့) တရုတ်နဲ့ အိန္ဒိယ မသင့်မမြတ်ဖြစ်မယ် ဆိုရင် စင်ကာပူက တစ်ဖက်ဖက်ကို ကပ်ပြီး ရွေးချယ်သင့်သလား။

ဖြေ ။ ။ တရုတ်နဲ့ အိန္ဒိယတို့ ပြဿနာဖြစ်မယ် မထင်ပါဘူး။ နေပါဦး၊ ဘာအ တွက် ပြဿနာ ဖြစ်ရမှာလဲ။ ဟိမဝန္တာတောင်အတွက်လား။

မေး ။ ။ သူတို့က နယ်နိမိတ်ချင်းစပ်နေတာ။ အရှည်ကြီးပဲ။

ဖြေ ။ ။ အဲဒီ နယ်နိမိတ်တွေရဲ့ တန်ဖိုးကဘာလဲ။ တောင်ပေါ်က သစ်ပင်တွေ လား။ အိန္ဒိယကို ကျူးကျော်သိမ်းပိုက်၊ တစ်ဘီလီယံရှိတဲ့ လူထုကြီးရဲ့ တာဝန်တွေကိုယူ၊ ဒီလိုလား။ ဘာအဓိပ္ပါယ်ရှိမှာလဲ။
အိန္ဒိယတွေကရော။ တိဗက်ကို သိမ်းမှာလား။ ဘာလုပ်မှာလဲ။
အိန္ဒိယန်းတွေက ဒလိုင်းလားမားကို ဓမ္မသာလကနေ နှင်ထုတ်ပြီး တိဗက် နယ်စပ်ကို သွားအနေခိုင်းမှာလား။ မလုပ်ဘူး။ ဒလိုင်းလားမား တိဗက်နယ် စပ်နဲ့ နီးနီးလေးမှာ နေတာကို တရုတ်က သဘောမတွေ့ဘူး။ သူတို့နှစ်နိုင်ငံ လုံးက နျူးကလီးယားတွေရှိနေတော့ သူတို့ချင်း စစ်ပွဲကြီးဖြစ်လို့ကို မရဘူး။
သူတို့က ဘာအတွက် တိုက်မှာလဲ။ ရလာဒ်က ဘာလဲ။
အမေရိကန်တွေကရော တရုတ်ကိုတိုက်ပြီး အရှေ့အာရှကို ထိန်းချုပ်မလား။ အရှေ့အာရှအတွက် တရုတ်က တိုက်နေစရာကို မလိုဘူး။ တဖြည်းဖြည်းနဲ့ သူတို့က စီးပွားရေးဆက်သွယ်မှုကို တိုးချဲ့မှာ။ သူတို့ရဲ့ ၁.၃ ဘီလီယံ လူဦးရေဈေးကွက်ကို အရှေ့အာရှနိုင်ငံတွေနဲ့ မိတ်ဆက်ပေးမှာ။ အာဆီယံ ဆယ်နိုင်ငံထဲက ခုနှစ်နိုင်ငံနဲ့ သွင်းကုန်ထုတ်ကုန် သဘောတူညီမှုရထားတဲ့ သုံးနိုင်ငံထဲမှာ တရုတ်ပြည်ပါတယ်။ သူတို့ စီးပွားရေးတံခါး စဖွင့်ခဲ့တဲ့ ၁၉၉၀ - ခုနှစ်တွေကတည်းက ဒီနိုင်ငံတွေနဲ့ ရောင်းလိုက်ဝယ်လိုက် လုပ်နေတာ။ လာမည့် (၁၀) နှစ်၊ နှစ် (၂၀) အတွင်းမှာ တရုတ်ပြည်ဟာ အရှေ့အာရှနိုင် ငံတွေနဲ့ သွင်းကုန်၊ ထုတ်ကုန်စီးပွားရေးမှာ နံပါတ်တစ် ဖြစ်သွားလိမ့်မယ်။
ကုန်သွယ်မှုမှာ အမေရိကန်တွေက ဘယ်လိုလုပ် တရုတ်ကို ယှဉ်နိုင်မှာတုန်း။

မေး ။ ။ လာမယ့် နှစ် - ၂၀၊ ၃၀ အတွင်းမှာ တရုတ်၊ အိန္ဒိယ၊ အမေရိကတို့ ကြားမှာ စစ်မက်ဖြစ်ပွားဖို့ မရှိနိုင်ဘူးလို့ ပြောခဲ့တယ်။ ဒီကာလအတွင်းမှာပဲ အာဆီယံနိုင်ငံတွေကြားမှာ ပြဿနာ တစ်စုံတစ်ရာ ရှိလာနိုင်ပါသလား။ စင်ကာပူအတွက် စိုးရိမ်စရာတစ်ခုခု မရှိနိုင်ဘူးလား။

ဖြေ ။ ။ ပထမဆုံး ငါတို့မှာ စွမ်းရည်မြင့်တဲ့ ကာကွယ်ရေးတပ် မရှိဘူးဆို ရင်တော့ မလေးရှားနဲ့ အင်ဒိုနီးရှားက လာပြီး ပြဿနာရှာနိုင်တယ်။ ထိကပါး၊ ရိကပါးလုပ်တာမျိုးကို ပြောတာ။ ဗြောင်ဝင်တိုက်ရဲမှာတော့ မဟုတ်ဘူး။ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ရှိနေတာ။ ပြီးတော့ ငါတို့နဲ့ ရင်းနှီးတဲ့ နိုင် ငံတွေရဲ့ ဆက်ဆံရေးကလည်း ရှိသေးတယ်။ ဒါပေမဲ့ ကမောက်ကမဖြစ် ရုံလောက်တော့ လုပ်နိုင်တယ်။ သူတို့က လာလုပ်ရင် တို့ကလည်း ပြန်တွယ် မှာပဲ။

ပြီးတော့ ဘယ်နိုင်ငံတွေ ရှိဦးမလဲ။ ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှား။ ဖိလစ်ပိုင်နဲ့ ဗီယက်နမ်၊ စစ်ဖြစ်လောက်အောင် အကြောင်းမမြင်ပါဘူး။ အင်ဒိုနီးရှားက မြန်မာကို တိုက်မှာလား။ မဖြစ်နိုင်ပြန်ဘူး။ ဘာပဲပြောပြော အာဆီယံနိုင်ငံတွေထဲမှာ တို့လောက် ခေတ်မီတဲ့စစ်တပ် ဘယ်နိုင်ငံမှာမှ မရှိဘူး။ တို့ဆီကလူတွေက ပိုလည်း ပညာတတ်တယ်။ အားလုံးကွန်ပြူတာနဲ့ ထိန်းထားတာ။ ပိုင်အိုနီးယားမဂ္ဂဇင်းကို ဖတ်ကြည့်။ “3G SAF” (Third Generation Singapore Armed Forces - တတိယမျိုးဆက် စင်ကာပူ စစ်အင်အား) ဆိုတာပါတယ်။ ဒါကိုကြည့်ရင် တို့မှာ အင်အားဘယ်လောက် ရှိတယ်ဆိုတာ အမြွက်လောက်တော့ တွေ့နိုင်တာပဲ။ ဒီဒေသထဲမှာ ဒါတွေက ဘာလုပ်ရမှာလဲ။

ဒီစနစ်တွေနဲ့ အသားကျနေပြီးသား။ ထိပ်တန်းစစ်ဗိုလ်တွေတင် မကဘူး။ စစ်ပွဲမှာ အမှန်တကယ် စစ်ဆင်တတ်တဲ့ ပုဂ္ဂိုလ်တွေလည်း လိုအပ်တယ်။ ဘယ်လို ဗိုလ်မှူးတွေလဲ၊ ဘယ်လို ဆာဂျင့်တွေလဲ၊ ဒါတွေ ရှိနေရမယ်။

 ဇင်ဝေသော်

စကားနှစ်ခွန်းရဲ့ အဓိပ္ပါယ် ( Elite နဲ့ တပ်မတော် )


Elite ဆိုတာရဲ့ အဓိပ္ပါယ်က..?
၁ ။ ၁၈၆၃ မတိုင်မီက Elite ရဲ့ အမေရိကန် အင်္ဂလိပ် အဓိပ္ပါယ်က ရုံး ဝန်ထမ်းတစ်ခုခုအတွက် ရွေးချယ်ခြင်း ခံရသူ တဲ့၊
၂ ။ အဲဒီ ၁၉ ရာစု နောက်မှာတော့ Elite က အထက်တန်လွှာ လူတန်းစား ကို ညွှန်းဆိုလာတယ်။
၃ ။ လက်ရှိအနေအထားမှာတော့ ထိပ်တန်းတက္ကသိုလ်ကြီးတွေက ဘွဲ့ရပြီး သူများထက် သူတို့က အမြဲတန်း ပိုတော်တယ်လို့ ထင်နေတဲ့ လူတွေလို့ အဓိပ္ပါယ်ရှိလာပြန်တယ်။
၎ ။ ဒါနဲ့ ဆက်စပ်သွားပြီး အဲဒီ Elite တွေက အိမ်ဖြုတော်နဲ့ နယူးယောက် မြို့တွေကိုသွားပြီး ပြည်သူ့ဘဏ္ဍာတွေကို ဖြုန်းတီးတော့တယ်။ ဒါ့ကြောင့် နောက်ဆုံး Elite ရဲ့ အဓိပ္ပါယ်က ပြည်သူ့ဘဏ္ဍာတွေကို ဖြုန်း တီးသူ တဲ့။
နောက်ဆုံးဖွင့်ဆိုချက်က အဘိဓာန်ထဲတော့ မပါသေးဘူးပေါ့။

ဒါနဲ့ဆက်ပြီး " တပ်မတော် " ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်ကိုလည်း အပျင်းပြေတွေးကြည့်မိတယ်။ မှားလည်း အပျင်းပြေအမှားပဲ။

၁ ။ ဗိုလ်ချုပ်လက်ထက်က " တပ်မတော် " ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ် လွတ်လပ်ရေးအတွက် အသက်စွန့်သူ လူတန်းစားလို့ အဓိပ္ပါယ်ရတယ်။ လူထုက သိပ်ချစ်၊ သိပ်ရိုသေကြတဲ့ လူတန်းစား ပေါ့။
၂ ။ ဦးနေဝင်းလက်ထက်မှာ " နိုင်ငံတော်ကြီး ချောက်ထဲကျဖို့ လက်တစ်လုံးအလိုမှာ " မြန်မြန်ကျသွားအောင် သေနပ်နဲ့ ပစ်ချလိုက်တဲ့ လူတန်းစားဆိုတဲ့အဓိပ္ပါယ်နဲ့ ( လူထုက အချစ်လျော့ ) ဦးနေဝင်းရဲ့ နေဝင်ရိုးတရီမှာတော့ ကျောင်းသား၊ ရဟန်းရှင်လူ ပြည်သူတွေနဲ့တွေ့ရင် " သေနပ်ကို မိုးပေါ်ထောင် မပစ်ဘူး " ဆိုတဲ့ လူတန်းစား တစ်ရပ်လို့ အဓိပ္ပါယ်ရနေပြန်ရော ( ကျန်သမျှ ကုန်ရော )။
၃ ။ ဦးသန်းရွှေ လက်ထက်မှာတော့ " တပ်မတော် " ဆိုတာ ရာထူးရှိတုန်း မိသားစုနဲ့ (ပနံသင့်တဲ့ ) ဆွေမျိုးတွေအတွက် ငွေရနိုင်သလောက် ရအောင်ရှာကြတဲ့ ဘစ်စနစ် မန်း အကြီးစားကြီးတွေလို့ အဓိပ္ပါယ် ရနေပြန်ရော။ ( လူထုက သိပ်ကြောက်၊ သိပ်မုန်းတဲ့ လူတန်းစား ပေါ့ )
၎ ။ အခုတော့ ခေါင်းပေါင်းစ ထောင်ထောင် ပြောင်းဝတ်လာတဲ့လူတန်းစား တချို့နဲ့ ဒေါ်စုရဲ့ ပညာရေး ရံပုံငွေအတွက် လှူရင်း အကြွေးပြန်ပေးလာတဲ့ လူတန်းစား တစ်ရပ်လို့ အဓိပ္ပါယ်ရှိနေတယ်။ ( ဟုတ်လေမလား လူတန်းစား ပေါ့ )
မှားရင် ပြင်ကြဗျာ။ ပြောပြီးပါပကော၊ မှားလည်း အပျင်းပြေအမှားပဲလို့။



ဇင်ဝေသော်

လခစားကဗျာပြိုင်ပွဲ


ဂျပန်က လခစားရဲ့ ကဗျာ "The Salary man poet" ပြိုင်ပွဲအကြောင်းပါ။ ဂျပန်စာပေ အမွေအနှစ်တစ်ခုဖြစ်တဲ့ ဟိုက်ကူကဗျာလို ဒီ ဆင်ရယူး "senryu" ခေါ်တဲ့ ကဗျာ ဖွဲ့စပ်ပုံကလည်း ဂျပန်စာပေ အရေးပါပုံရပါတယ်။ ကဗျားဖွဲ့ထုံးကလည်း အများအားဖြင့် ၅ ၇ ၅ ပုံစံလို့ သိရပါတယ်။ ဟိုက်ကူက ပစ္စုပန်ခဏကို စပ်ဆိုပြီး ဆင်ရယူးက လူတွေအကြောင်းစပ်ဆိုတယ်လို့ ဆိုပါ တယ်။
ဒီကဗျာပြိုင်ပွဲကလည်း ဒီ ဆင်ရယူးကဗျာပုံစံနဲ့ပဲ ပြိုင်ခွင့်ရှိပါတယ်။ အောက်ပါ ကဗျာတွေကတော့ ကဗျာသုံးသောင်းကျော်ထဲက လူကြိုက်များနေတဲ့ ကဗျာ တချို့ပေါ့။ အချိန်မပေးနိုင်တာရယ်၊ စကားလုံးအရေအတွက် အတိအကျနဲ့မှ ( ဒီကဗျာရဲ့အသက်က စကားလုံးအရေအတွက်ပါ ) သူ့ကဗျာစံညီမှာ ရယ်ကြောင့် ဘာသာမပြန်လကိုနိုင်တာကို နားလည်ပေးကြဖို့ တောင်းပန်ပါ တယ်။

ဒီကဗျာကတော့ စတော့၊ ယန်းငွေနဲ့ သူ့ဇနီးကို သရော်သံပါ။

Stocks,the yen
and my wife's heart
all a mystery.

ဒီကဗျာကလည်း မပြီးနိုင်တဲ့ နေ့စဉ်ရုံးလုပ်ငန်းတွေနဲ့ အချိန်ကုန်နေရပုံကို ပြုံးစိစိညည်းညူနေပုံရပါတယ်။

"I'll do it today"
"I'll do it tomorrow,"
And thus the year
come to an end.


နေ့စဉ်ရုံးလုပ်ငန်းတွေနဲ့ အချိန်ကုန်နေရပြီး အိမ်မှုကိစ္စ၊ မိသားစုအရေးတွေကို မေ့ထားနေရလို့ အိမ်မှာ ဘာတွေဖြစ်နေသလဲဆိုတာ သိရဖို့ ရုံးကနေ ဇနီးရဲ့ ဘလောက်ကို ဝင်ကြည့်နေရတယ်ဆိုတဲ့ ဒီကဗျာကတော့ သနားစရာတောင် ကောင်းနေသေးတော့ရဲ့။

To find out
what's going on
at home
I read
my wife's blog.

ဇနီးရဲ့ လက်ညှိုးလေးတစ်ချောင်း ဘယ်လောက်တာသွားပုံကို သူကလည်း စမတ်ဖုန်းနဲ့ သူ့ကိုသူ နှိုင်းပြသွားတယ်။ ခံပေတော့။

Smartphones and
the man of the house
can be activated
with just a
flick of the finger.


ဒီကဗျာလေးကတော့ ဇရာ နဲ့ ဇရာလိမ်နည်းလေးကို ခပ်သောသော ပြော လိုက်တယ်လို့ ခံစားရပါတယ်။

At the class reunion
before looking at the face
a glance of the hair.

ဒီကဗျာလေးကလည်း ဇရာအကြောင်းပါပဲ။ ( လူကြီးသူမတွေကို ကား၊ ရ ထား စတာတွေမှာ ဒစ်စကောင့် ပေးကြပါတယ် ) အသက်ကိုတောင် မမေးတော့ဘဲ ဒစ်စကောင့် တန်းပေးလိုက်တော့ ဈေးချိုချိုနဲ့ရလိုက်ပေမဲ့ အိုစာပုံပေါက်နေပြီဆိုတာ ထင်ရှားနေတော့ ... ပြုံးစိစိညည်းချင်း တစ်ခုပဲပေါ့။

They don't ask
for my age anymore.
They just gave me
the discount

ဒါကတော့ များလွန်းတဲ့ နိုင်ငံရေးပါတီတွေကို သရော်တာပါ။ ရွေးကောက် ပွဲနေ့ ရောက်လာတာတောင် ပါတီတွေက ရေတွက်လို့ မကုန်သေး ( အ သစ်တွေ ထပ်တိုးလာဆဲ လို့ ခံစားနိုင်မယ် ထင်ပါတယ် ) တဲ့။

Before I could learn
the names of parties
it was Election Day.

ဒါကတော့ လန်ဒန်အိုလံပစ် သရော်သံပါ။ ရွှေတံဆိပ်ဆု မှန်းထားသလောက် မရလို့ စိတ်ပျက်ပျက်နဲ့ သေချာတဲ့ ရွှေတံဆိပ်နဲ့ပဲ စိတ်ဖြေလိုက်ရတယ်လို့ ဆို ရလေမလား

In my house,
it's my child's
sleeping face
that's the
gold medal.


ဇင်ဝေသော်
 

လရိပ်ရယ်သံ ( မန်းကိုလွမ်းလို့ တမ်းတဲ့ စာ ၅ )


ဘုရားဝတ်တက်ရန် ၁၀ မိနစ်လောက် အလိုတွင် ဘယ်သူမှ မမြင်အောင် ခပ် ကုတ်ကုတ် သာသနာ့တက္ကသိုလ် ဂိတ်အပြင်သို့ တစ်ယောက်တည်း လှစ်က နဲ ထွက်လိုက်မိ၏။ ဤကိုပင် ရထားထိမ်းက မြင်မိအောင် မြင် လိုက်သေး သည်။ ရထားထိမ်းဟူသည် သာသနာ့တက္ကသိုလ် မတက်မီ မိုးကောင်းေ ကျာင်းတိုက်မှာကတည်းက အတူနေခဲ့ရသော သီတင်းသုံးဖော် ရဟန်းတစ် ပါးတည်း။

ရထားထိမ်းကလည်း လူလည်ပင်။ ဤရဟန်း ဘုရားဝတ်တက်ရန် ၁၀ မိနစ် အလိုတွင် အပြင်ထွက်သည်ဆိုကတည်းက ဘုရားဝတ်တက် လစ်ပြီ၊ ဘုရား ဝတ်တက် လစ်ပြီဆိုကတည်းက နာယကချုပ်ဆရာတော် ခရီးထွက်ခိုက်ဖြစ် မည်ကို နားကွက်က မီးတောက်ပြီးဖြစ်သည်။ သူ့တွက်ကိန်း ကွက်တိမှန်ပါ ၏။ နာယကချုပ်ဆရာတော် ခရီးထွက်ခိုက် ဘုရားဝတ်တက် စစ်မည့်ဆ ရာတော် မရှိ။ ထို့ကြောင့် တပည့်ရင်းဖြစ်ပြီး သတင်းဦးရသောမိမိက လစ်ခြင်း ပင်ဖြစ်သည်။

စာဖတ်သူ အနည်းငယ်သိသာစေရန် ရထားထိမ်းအကြောင်း အနည်း ငယ် ပြောပြချင်သည်။ ထိုရဟန်းက အရပ်ပုသည်၊ အသားဖြူသည်၊ ထူးခြား သည်က သူဝတ်သော သင်္ကန်းရောင်သည် အညိုမဟုတ်၊ အုတ်ခဲရောင် မ ဟုတ်၊ အဝါနုရောင်ဖြစ်သည်၊ ဘာကြောင့်မှန်းတော့ မသိ။သိစရာလည်း မလို ။ သူနှင့် မိမိ တူသောအချက်က အစအနောက်သန်တတ်ခြင်းဖြစ်သည်။ တစ်ခုခုဆို သူက အလွန်လည်း အကင်းပါးသည်၊ ဟာသဉာဏ် ရွှင်သည်။

နှစ်ပါးအတူ ကုသိုလ်တော်ဘုရားထဲမှဖြတ်ကာ မန္တလေးတောင်ခြေက ကွမ်း ယာဆိုင်ကို သွားပြီး ကွမ်းယာထုပ်ကြသည်။ ကျောက်တော်ကြီး ဘုရားကို ပတ် လမ်းလျှောက်၊ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းရှေ့မှဖြတ်ကာ အတုမရှိကျောင်းဝင်ထဲမှတဆင့် တက္ကသိုလ်ထဲ ပြန်ဝင်ကြရန်ဖြစ်သည်။

အတုမရှိကျောင်းတော်ကြီးပါလာသဖြင့် အတုမရှိကျောင်းတော်ကြီး အကြောင်း ပြော ပရန်လိုလာပြန်သည်။ ထိုစဉ်က အတုမရှိကျောင်းတော်ကြီးသည် ယခုလို ရွှေရောင်တဝင်းဝင်း လက်တန်ရှည် တကားကားဖြင့် ခပ်ကြွားကြွားမော်ဒန် ကျောင်းတော်ကြီးမဟုတ်ရှာ၊ ကမ္ဘာ စစ်ဗုံးဒဏ်ကြောင့် မတ်တပ်ရပ် လေးဖက်နံရံနှင့် ရင်ခေါင်းဗလာ ကျောင်း မည်ကမတ္တ အုတ်ပုံအုတ်စတို့သာ ရှိလေ၏။

ထိုနေ့က ဘာနေ့မှန်း မမှတ်မိ၊ မှတ်မိသည်က ထိုညက လသာ၏။ ထို အတု မရှိကျောင်းတော်ကြီး၏ လေးဖက်နံရံများနှင့် ကျောင်ကြီးအလယ် တိုင်ကျိုး များပေါ်၌ သမီးရည်းစား စုံတွဲများ ချိန်းတွေ့ စကားပြောနေကြတတ်သည်ကို လည်း တွေ့ရတတ်၏။ ထို့အတူ အားအားလျားလျား သူများ ဘစ်စနစ် ကို ချောင်မြောင်းကြည့်မှ စားဝင် အိပ်ပျော် လူ့ကချော်များကိုလည်း တွေ့ရ တတ်သည်။

အတုမရှိကျောင်းတော်ကြီးဝင်းထဲ မဖြတ်မီ ရထားထိမ်းက
" အတွဲချောင်းတဲ့လူတွေနဲ့ ပတ်သက်ပြီး မင်း ဘယ်လို မြင်သလဲ "
စာသင်ခန်းနှင့်မဆိုင်၊ စာမေးပွဲနှင့်လည်းမဆိုင်၊ ပိဋကတ်တော်နှင့်လည်းမဆိုင်သော မေးခွန်းကို မေးလာ၏။

" အလကား လူရှုပ်တွေပါကွာ၊ အောက်တန်းကျတဲ့အလုပ်ပါ။ သူတို့ခမျာ အိမ်မှာမလွတ်လပ်လို့ ဒီမှာ လာတွေ့ကြရတယ်၊ ဘေးကချောင်းနေ တဲ့ လူတွေကြောင့် တော်တော်အာရုံနောက်ကြရလိမ့်မယ် "
မိမိကလည်း စာသင်ခန်းနှင့်မဆိုင်၊ စာမေးပွဲနှင့်လည်းမဆိုင်၊ ပိဋကတ်တော်နှ င့်လည်းမဆိုင်သောအဖြေကို ပေးမိ၏။
" ငါတို့လည်း အုတ်ကျိုးတစ်ခုပေါ်ထိုင်ပြီး စကားပြောနေရအောင် "
သူက မျက်ရိပ်ပြရင်း စကားဆို၏။

မိမိကလည်း ငြင်းစရားအကြောင်းလည်းမရှိ၊ သူဆိုလိုတာကို သဘောပေါက် မိသဖြင့် အတုမရှိကျောင်းတော်ကြီး၏အလယ် အုတ်ကျိုးတစ်ခု ( ကျောင်း တိုင်ငုတ်ကြီးဖြစ်သည် ) အပေါ် ထိုင်ရင်း စကားပြောနေကြတော့သည်။ ပြော မိသော စကားတို့က တောင်ရောက် မြောက်ရောက်၊ ဘာတွေပြောမိမှန်းတော့ မမှတ်မိ၊ ထို့ကြောင့် ဘာတွေပြောနေကြသည် ကို ပြန်ပြောပြရန် မလိုတော့။ မှတ်မိသည်က ထိုညက လသာ၏။ လရိပ်က ရဟန်းနှစ်ပါးနောက်ကြောမှ ရိုးတရိပ် ထိုးထားခြင်းပင်ဖြစ်လေသည်။ လှသော ည ဟု ယေဘုယျဆိုနိုင်သည်။

ဤသို ဆယ်မိနစ်ခန့် စကားပြောပြီးသောအခါ တီးတိုးစကားသံများ ကြား စပြုလာရ၏။ ခြေသံ တရှပ်ရှပ်များ ကြားလာရ၏။ ခြေသံ များကို နားထောင် ကြည့်တော ဆယ်ဦးအောက် မလျော့နိုင်။ သူတို့ ရဟန်းနှစ်ပါးအနီးသို့ နီးနိုင် သမျှ နီးအောင် ချဉ်းကပ်နေကြ၏။
သူ့ပစ်မှတ် ထိနေပြီကိုသိသော ရထားထိမ်းက ခေါင်းငုံ့ကာ မိမိဘေးသို့ ပို၍ နီးကပ်အောင် တိုး၍တိုး၍ထိုင်သည်။ မိမိက ခေါင်းငုံ့ရန်မလို၊ အနားကပ် လာသော သူ့ပခုံးကို ဖက်ထားလိုက်ရုံသာရှိ၏။
ထိုအခါ ထိုခြေသံရှင်တို့ကလည်း ခပ်ဖွဖွလရိပ်နှင့် မလုံ့တလုံ ခြုံငယ်လေးများ ကို အကာအကွယ်ယူကာ ရဟန်းနှစ်ပါးအနီးသို ပို၍ ပို၍ နီးအောင် ကြိုးစား ကြလေတော့၏။

ဤသို့ဖြင့် ...
ဤသို့ဖြင့် ......
ဤသို့ဖြင့် ........
ဤသို့ဖြင့် ...........

နောက်ဆုံး ပညာ ဆက်မပြချင်ကြတော့သဖြင့် နှစ်ယောက်သား လက်တို့၊ သင်္ကန်းများ ခါကာ သာသနာ့တက္ကသိုလ် ဂိတ်ဆီသို့ ခပ်တည်တည် လမ်းလျှောက် ထွက်ခဲ့ကြသည်။
ထိုစဉ် နောက်မှာ " တက် " ခေါက်ရင်း ကျန်ရစ်သူတို့ထံမှ
" နာပါ့ကွာ၊ လွတ်ကုန်ပါပြီ၊ ဘုန်ကြီးနဲ့သီလရှင် ချိန်းတွေ့နေတာ၊ အထူး အ ဆန်းဆိုပြီး ချောင်းလိုက်ရတာ ဒူးတောင် ကွဲတယ် " ဟူသတတ်။

ထိုစဉ် ကျောင်းနံရံပေါ်ရှိ အတွဲ အစစ်တို့ဆီမှ တခစ်ခစ်လှောင်ရယ်သံကို လည်း ကြားလိုက်ရသည်။
သူတို့ထံမှသာမက မန္တလေး " လ " ကပင် ထိုညက ခပ်ဖွဖွ ရယ်နေသလိုလို။

မိမိလောက် အရပ်မရှည်၊ အသားက ဖြူဖြူ၊ သင်္ကန်းအဝါရောင် ဝတ်လေ့ရှိေ သာ ရထားထိမ်းက ထိုညက သူ သရုပ်ဆောင်ရမည့် ဆရာလေးတစ်ပါး အခန်းကို လရိပ်အောက်၌ ပိုင်ပိုင်ကြီး သရုပ်ဆောင်သွားနိုင်ခဲ့သည်။ မိမိလည်း သိပ်တော့ မညံ့လှဟု ထင်မိ၏။
ဆယ်စုနှစ် ကျော်ခဲ့လေပြီ။သို့သော် ထို ညကိုမူ ထူးထူးခြားခြား ယနေ့ အမှတ် ရနေသဖြင့် ဤစာကို ရေးလိုက်မိ၏။
ကြာပြီဆိုသော်လည်း ထိုလရိပ်ရယ်သံက ယခုတိုင် ခပ်ညှင်းညှင်းတော့ ကြားရ ဆဲဟု ဝေတဝါး ထင်နေဆဲပင်။

( ရေးလိုက်ပြီ သုနန္ဒ၊ရထားထိမ်းရေ )


သီဟနာဒ

အိမ်နီးချင်းနိုင်ငံ လူဦးရေ လျော့တော့ ပတ်ဝန်းကျင်း ငြိမ်းချမ်းတယ်


( ဒီနေ့ထုတ် စထရိတ်တိုင်းထဲက လီကွမ်းယုရဲ့ " Declining populations make peaceful neighbors " ဆောင်းပါးပါ။ )

နိုငံရဲ့လူဦးရေးတိုးပွားလာရင်အကောင်းမြင်ဝါဒနဲ့အတူ နယ်ချဲ့လိုစိတ်ပါ တွဲပါ လာတတ်တယ်။ ဒုတိယကမ္ဘာစစ်မှာ ဂျာမန်နဲ့ ဂျပန် ဘာကြောင့် စစ်ဖြစ်ခဲ့ရ သလဲဆိုတာ ဒီအချက်ပါ။
၁၉၃၁ ခု တုန်းက ဂျပန်ရဲ လူဦးရေဟာ ၆၄. ၅ မီလျံရှိပြီး နိုင်ငံရဲ့ ၁၄၅၈၈.၂ စကွဲယားမိုင်ကို လူဦးရေက သမ်းပိုက်ထားတယ်။ ( ၁၉၃၀ ခုနှစ်တွေမှာ ဂျ ပန်ရဲ့  ကလေးမွေးဖွားနှူံးက ၄.၁ ရှိတယ်။ အဒီအခါ ဂျပန်က သယံဇာ တကြွယ်ဝတဲ့ မန်ချူးရီးယားကို ရှရှားတွေနဲ့အတူ မျက်စောင်းထိုးလာတော့ တယ်။
၁၉၃၁ ခု စက်တင်ဘာလည်းရောက်ရော ဝင်ရောက် ကျူးကျော်တော့တာပဲ။
အဲ့ဒီအချိန်မှာ တရုတ်ရဲ့ လူဦးရေက ၄၉၂. ၁ ပဲရှိတယ်။ စကွဲယားမိုင် ၃. ၇ ကိုပဲ လူဦးရေက သမ်းပိုက်ထားတယ်။ ဒါပေမဲ့ ညီညီညွတ်ညွတ် မရှိဘူး။ ဂျပန်က တရုတ်ပြည်ကိုပါ မျက်စောင်းထိုးလာတော့ နှစ်နိုင်ငံ မသင့် မမြတ် ဖြစ်လာခဲ့တာ ၁၉၃၇ လည်းရောက်ရော စစ်ပွဲအသွင်ဆောင်လာ ခဲ့တော့တယ်။ ၁၉၃၈ အောက်တိုဘာမှာ တရုတ် ကူမင်တန်စိုးရက တရုတ်ပြည်တောင်ပိုင်း ချောင်းကင်းအထိ ဆုတ်ပေးခဲ့ရတယ်။ ၁၉၄၁ ရောက်တော့ နှစ်နိုင်ငံနယ်စပ် ပင်လယ်ကမ်းခြေတိုင်း ဂျပန်လက်အောက် ရောက်နေပြီ။ ပြင်သစ်လက်အောက်ရှိ အင်ဒိုချိုင်းနား အပါအဝင်ပဲ။

၁၉၄၁ ဂျူလိုင်လမှာ အမေရိကန်တွေက အင်ဒိုချိုင်းနားကနေ ဆုတ်ပေး ရင်ပေး မပေးရင် ရေနံမရောင်းနိုင်တော့ဘူးလို့ ဂျပန်ကို သတိပေးလာခဲ့ တယ်။ အဲဒီတုန်းက အမေရိကရဲ့ လူဦးရေက ဂျပန်ထက် သန်း ၁၃၀ ကျော်တယ်၊ ကုန်ထုတ်လုပ်နိုင်မှုမှာလည်း ဂျပန်တွေထက် အပြတ် အသတ် သာနေတယ်။ ၁၉၄၁ ဒီဇင်ဘာ ၇ ရက်ရောက်တော့ ဂျပန်တွေက အရဲစွန့်ပြီး တိုက်လေယာဉ်၊ ဗုံးကျဲလေယာဉ်၊ တော်ပီဒို ၃၅၀ ကျော်ကို လေ ယာဉ်တင်သင်္ဘော ၆ စင်းနဲ့ တင်သွားပြီး ပုလဲဆိပ်ကမ်းကို ဗုံးကျဲတော့တာပဲ။ ( ကံကောင်းတော့ အမေရိကန်ရေတပ်သင်္ဘောတွေက ပင်လယ်ထဲ ရှိမနေဘူး ) ဒါမအောင်မြင်တော့ ဂျပန်တွေက ဒတ်ခ်ျပိုင် ရေနံတွေကိုရဖို့ အရှေ့တောင်အာရှကို ဝင်သိမ်းတော့တယ်။

အမေရိကန်တွေကလည်း သူတို့ရေတပ်ကို စစ်ပွဲအတွင်း ၁၉၄၂ ခု ဂျွန်လမှာ အပြီး ချက်ချင်း ပြန်တည်ဆောက်ပြီး ဂျပန်ရဲ့ လေယာဉ်တင်သင်္ဘောတိုင်း ကို ပင်လယ်ထဲ လိုက်မြှုတ်တော့တယ်။
ဒါပေမဲ့ ဂျပန်တွေကလည်း အသေသာခံမယ် လက်နက်တော့ မချဘူး အစား ထဲက၊ ဒါကြောင့် ကမ္ဘာစစ်အတွင်းက ဂျပန်စစ်တပ်ဟာ ကမ္ဘာမှာ အရက်စက် ဆုံး၊ ညှာတာမှူ အကင်းမဲ့ဆုံးစစ်တပ်ဖြစ်ခဲ့တော့တယ်။ အမေရိကန်၊ ဂျပန်စစ် က ပြင်းထန်လွန်းတော့ ဂျပန်ပြည်ကို သိမ်းပိုက်နိုင်ဖို့ဆို လူပေါင်း သန်း ချီပြီးသေနိုင်တယ်ဆိုတာ အမေရိကန်တွေက တွက်မိတယ်။ ဒါနဲ့ပဲ ဟီရိုရှီး မားနဲ့ နာဂါစကီမြို့တွေပေါ် အနုမြူဗုံးချလိုက်ကြတယ်။

ဂျာမဏီမှာလည်း ဒီပုံစံနဲ့ ခပ်ဆင်ဆင်ပဲ။ အဲဒီ ၁၉၃၉ ခုတွေ တုန်းက ဂျာမဏီ ရဲ့ ကလေးမွေဖွားနှုန်းက ၂.၆ ရှိတယ်။ အခြားအကြောင်းတွေလည်းရိမှာပေါ့၊ ဒါပေမဲ့ ဂျာမန်တွေ အဓိကစိုးရိမ်တာက " lebensraum " " နေစရာ မြေ "။ ဒါနဲ့ ဟစ်တလာက ယူကရိန်းနဲ့ ရှရှားမှာရှိတဲ့ ( ယူဂို ) ဆလပ်လူမျိုးတွေဆီ နယ်ချဲ့တော့တယ်။ ရုရှားစစ်တပ်အင်အားနဲ့ ရာသီဥတုအအေးဒဏ် ကို လျှော့ တွက်ခဲ့ကြလို့ ဒုက္ခအကြီးအကျယ်တွေ့သွားရတယ်။



ကျနော်တို့ ဘာတွေ လေ့လာခဲ့ကြပြီလဲ

အခု ဂျပန်ရော ဂျာမဏီပါလူဦးရေတွေ လျော့ကျလာနေတယ်။ ဂျာမဏီရဲ့ ၂၀၁၂ ခု ကလေးမွေဖွားနှုန်းက ၁. ၄ ပဲရှိတယ်။ လူတစ်ထောင်မှာ ကလေး ရှစ်ယောက်ပေါ့။ ဂျပန်ရဲ့ ကလေးမွေဖွားနှုန်းကလည်း ၁. ၄ အထိ ကျသွာပြီ။ ၂၀၆၀ ဆိုရင် လက်ရှိ ဂျပန်ရဲ့လူဦးရေ ၁၂၈ သန်းက ၈၇ သန်းပဲ ရှိတော့ မယ်လို့ ခန့်မှန်းထားကြတယ်။ ဒါဆို ဂျပန်ရော ဂျာမဏီပါ စစ်ဖြစ်ဖို့ စိတ်တောင် မကူးဝံ့ကြတော့ဘူး။

ကမ္ဘာရဲ့ တည်ငြိမ်အေးချမ်းမှုနဲ့ ပတ်သက်တဲ့နောက်တစ်ချက်က ဖွံ့ဖြိုးပြီးနိုင် ငံတိုင်းရဲ့ ကလေးမွေဖွားနှုန်းက ၂. ၁ ပဲရှိတယ် ( စင်္ကာပူက ၁. ၂ ) ဖွံ့ဖြိုးစ နိုင်ငံတချို့ရဲ့ ကလေးမွေဖွားနှုန်းကလည်း မများလှဘူး။ တရုတ်ဆိုရင် ၂၀၁၂ ခု ၁. ၆ ပဲ ရှိတယ်။ အချို့ ဖွံ့ဖြိုးစ နိုင်ငံတွေမှတော့ မြင့်နေဆဲပဲ။
ဥပမာ ၂၀၁၂ အိန္ဒိယရဲ့ ကလေးမွေဖွားနှုန်းက ၂. ၆ ရှိတယ်။ ဒါကြောင့် သူတို့ကျောင်း၊ ဆေးရုံ စတာတွေမှာ မနိုင်မနင်းဖြစ်နေတာ။ အဖရိက နိုင်ငံတွေက ဖွားနှုန်းပိုမြင့်တယ်။ အစားထိုးဖို့ လိုအပ်တာက ၂. ၁၊ မွေး ဖွားနှုန်း ၄ ကနေ ၇ ရာခိုင်နှုန်းအထိ ရှိနေတယ်။
ကမ္ဘာဟာ လူဦးရေမျာပြားခြင့်ကြောင့် ကမ္ဘာ့စစ်ဒဏ် အကြီးအကျယ် ခံစားခဲ့ရ ပြီးပြီ။ အနာဂတ်မှာ ဘာတွေဖြစ်လာနိုင်သလဲ။ ဒါတွေအတွက် ကျနော်တို့ ပြင်ဆင်ထားပြီးကြပြီလား။

( ကဲ လီကွမ်းယုကတော့ သူ့သားအစိုးရရဲ့ စက္ကူဖြူစီမံကိန်းကို ဆော် လိုက်ပြီ၊ နေစရာ lebensraum ပြဿနာတဲ။့ ဒါပေမဲ့ ခပ်ပါးပါးပဲ )

မူရင်းဆောင်းပါး
Declining Populations Make Peaceful Neighbors By Lee Kuan Yew
PDF from Forbes.com



 ဇင်ဝေသော်