ဗုဒ္ဓဘာသာနှင့် စစ်တပ် ( ၁ )

Buddhism and the Role of the Armed Services. By: Peter Harvey.

ဤ သဝဏ်လွှာကို ၂၀၁၀ ခု မတ်လ ၂ ရက်နေ့ Birminghan Buddhist Viltara မှာ  ဗြိတိသျှ တပ်ပေါင်းစုံ ဗုဒ္ဓဘာသာနေ့ ကျင်းပ စဉ် မစ္စတာ ပီတာ ဟာဘေး ( Peter Harvey ) ဖတ်ကြားခဲ့ ပါတယ်။

ဗုဒ္ဓဘာသာ၏ အမြင်နှင့်လမ်းစဉ်
   
ဗုဒ္ဓ လို့ပဲ လူသိများတဲ့ သိဒ္ဓတ္ထဂေါတမမွေးဖွားရာ ဘီစီခြောက်ရာစုနှင့် နှိုင်းယှဉ်လျှင် ယနေ့ ဗုဒ္ဓဘာသာဟာ ယဉ်ကျေးမှုပေါင်း များ စွာကွဲပြားနေသော ဘာသာတစ်ခုလို့ ဆိုနိုင်ပါတယ်။ ဂေါတမဗုဒ္ဓဆိုတာ လူသားလောကမှာ ပထမဆုံးအသိဥာဏ်ရှင် ၊ နိုးထသူတစ် ပါးဖြစ်ခဲ့ပြီး လွဲမှားတဲ့အယူအဆတွေကို အဓိပ္ပါယ်ရှိရှိ ပယ်ချကာ မိမိကိုယ်တိုင်ပျော်ရွှင်ဖို့ နည်းလမ်းတွေကို ချမှတ်ပေးခဲ့သူပါ။ ဗုဒ္ဓ ရှာဖွေတွေ့ ရှိခဲ့တဲ့လွတ်မြောက်ရေးဝိမုတ္တိဆိုတဲ့ အယူအဆဟာ ကမ္ဘာမှာ မရှိခဲ့ဖူးပါဘူး။
ဗုဒ္ဓဘာသာကို ကျင့်ကြံအားထုတ်မှုရဲ့ အဓိက ရည်ရွယ်ချက်က ဒီဘဝမှာ ပျော်ရွှင်ရဖို့  ပြီးရင်နောင်သံသရာမှာ ဘဝကောင်း သုဂတိ ဘုံမှာ မွေးဖို့ ပါ။ အဲဒီနောက်ဒီမွေးသေစက်ဝိုင်းကို ကျော်လွန်ပြီး ဝိမုတ္တိနိဗ္ဗာန်ဓာတ်ကို မျက်မှောက်ပြုနိုင်ရေးပါ။ ကျနော်တို့ လက်ရှိ ပိုင်ဆိုင်ထားတဲ့ ဒီဘဝဟာ ဘဝများစွာတွေထဲက တစ်ဘဝသာပါပဲ။ ဒီ  ဘဝကနေပြီး နတ်ဘုံ နတ်နန်းတွေကို ရောက်သွားနိုင်သလို အပ္ပါယ်လေးဘုံကိုလည်း ရောက်သွားနိုင် ပြန်ပါတယ်။ ဒီတော့ မမှတ်မိရင်သာရှိမယ် စကြဝဋ္ဌာဆိုင်ရာ ဆင်းရဲချမ်းသာမှုမျိုးစုံကို ကျနော်တို့  ကြုံတွေ့  ခဲ့ကြရပြီးပါပြီ။ အခုဘဝမှာ ကျနော်တို့ ကို ခါးခါးသီးသီးမုန်းတီးနေတဲ့ရန်သူတွေဟာ အရင်ဘဝတွေက (သို့ မ ဟုတ်) နောက်နောက်ဘဝတွေမှာ ကျနော်တို့ ကိုသိပ်ချစ်တဲ့၊ ကျနော်တို့ အပေါ်သိပ်ကောင်းတဲ့ဆွေမျိုးသားချင်တွေ၊ မိတ်ဆွေ အေ ပါင်း အသင်းတွေ ဖြစ်ခဲ့၊ ဖြစ်လာနိုင်ပြန်ပါတယ်။ ဗုဒ္ဓဘာသာရဲ့ ဒီအဆုံးအမတွေဟာ တစ်ယောက်ကိုတစ်ယောက် မုန်းတီးရခြင်း အာ ဃာတတွေကို လျော့ချပေးနိုင်ပါတယ်။

ကိုယ်ဘဝကို ခရီးဆက်ရမယ်ဆိုတာကလည်း “ကံ” သို့ မဟုတ် စေတနာပါတဲ့ အပြု၊ အပြော၊အကြံတွေနဲ့ တိုက်ရိုက်ပတ်သတ်နေ ပါတယ်။ လောဘ၊ ဒေါသ၊ မောဟတွေနဲ့ အပြု၊ အပြောတွေ ပြောကြမယ်ဆိုရင် ဒုက္ခ အတိဘုံဘဝတွေဆီကို လားရဖို့ ရှိပါတယ်။ အလောဘ၊ အဒေါသ၊ အမောဟတွေဆီမှာ အခြေခံတဲ့ အပြု၊ အပြော ပြုကြ၊ ပြောကြရင် ပိုပြီးကောင်းမွန်တဲ့ ဘုံဘဝကို ရောက်ကြ ရမှာပါ။ ဗုဒ္ဓဘာသာရဲ့ ဒီ ကမ္မဝါဒဟာ ဘယ်နတ်ကမှ ထိန်း ချုပ်ထားလို့ မရတဲ့ သဘာဝ ကျိုးကြောင်းဆက်တစ်ခုမျှသာဖြစ်ပါတယ်။ ကုန်ကုန်ပြောရရင် “နတ်” ဆိုတဲ့သတ္တဝါတို့ ကိုယ်တိုင်ကပင် ဒီ ကမ္မဝါဒရဲ့ စေခိုင်းရာ ကပြနေကြရတဲ့ သတ္တဝါတွေပါ။ ဘဝကောင်းတော့ ဘဝကောင်းတယ်။ ဘဝဆိုးတော့ ဘဝဆိုးတယ်။ ဒါပါပဲ။ ဆိုးဆိုးကောင်းကောင်း ဘဝတိုင်းဟာ သေခြင်းတရား နဲ့ အဆုံးသတ်ရပါတယ်။ ဘဝတိုင်းမှာ နာကျင်မှု၊ အလိုမကျမှု၊ စိတ်ဖိစီးမှုစတာတွေရှိနေပါတယ်။ ဒီလို ဒုက္ခတွေရှိနေပါလျက် ကျေ နပ်စရာလေးတွေကိုလည်း ရှာဖွေနိုင်ခဲ့ကြတော့ ကျနော်တို့ ကလည်း ဒီဘဝကိုပြန်လည် တွယ်ဖက်နေ ကြရပြန်ပါတယ်။ ဒါ့ကြောင့် ဒါတွေဇာတ်သိမ်းခန်းရောက်ဖို့ ကတော့ နိဗ္ဗာန်ရောက်မှပဲ ဖြစ်နိုင်တယ်လို့  နောက်ဆုံးပန်းတိုင်ကို ဗုဒ္ဓက ချပြထား ခဲ့ တာပါ။

ဗုဒ္ဓဘာသာတစ်ယောက်အနေနဲ့  ဒီလမ်းစဉ်ကိုလျှောက်ဖို့  ပထမဆုံးခြေလှမ်းက သရဏဂုံသုံးပါးဆည်းကပ် ကိုးကွယ်ခြင်းပါ။
(၁)  ဗုဒ္ဓ ။  ။ လွတ်ငြိမ်းရာကိုရှာတွေ့ သူ၊ သင်ပြသူ၊ လွတ်ငြိမ်းမှုခရီးကို ကိုယ်တိုင်လျှောက်ပြသွားခဲ့သူ။
(၂)  ဓမ္မ။  ။ ဗုဒ္ဓရဲ့အဆုံးအမ၊ အကျင့်လမ်းစဉ်၊ နိဗ္ဗာန်လမ်းညွှန်
(၃) သံဃာ။  ။ နိုးထသူတို့ အဖွဲ့ အစည်း၊ နိုးထခြင်းလမ်းစဉ်ကို ဆက်လက်လမ်းညွှန်ပေးတတ်သောဘုန်းတော်ကြီး  အဖွဲ့ အစည်း၊ သောတာပန် သကဒါဂါမ်စတဲ့ အရိယာပုဂ္ဂိုလ်ရှစ်ယောက်။
 ထေရဝါဒ ယဉ်ကျေးမှုကို လက်ကိုင်ထားကြတဲ့ သီရိလင်္ကာ၊ ထိုင်း၊ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားတို့ မှာ ဗုဒ္ဓကို ဗုဒ္ဓလို့ ပဲမြင်နေ ကြ ဆဲဖြစ်သလို ဗုဒ္ဓရဲ့ ဓာတ်တော်မွေတော်တွေ၊ ဗုဒ္ဓရဲ့အဆုံးအမတွေကို အမြတ်တနိုးသင်ကြားပို့ ချရင်း ကာကွယ်ထားကြပါတယ်။ ပြီးတော့ ဗု ဒ္ဓရဲ့အဆုံးအမတွေက သူတို့ ကို ကူညီစောင့်မနေဆဲပဲဖြစ်ပါတယ်။
မဟာယာနယဉ်ကျေးမှုကိုလက်ခံတဲ့ တိဗက်၊ ဘူတန်၊ နီပေါ၊ မွန်ဂိုးလီးယား၊ တရုတ်၊ ဗီယက်နမ်၊ ကိုရီးယား၊ ဂျပန် စတဲ့နိုင်ငံတွေမှာ ဗုဒ္ဓဟာ ဗုဒ္ဓအနေနဲ့ တင်မဟုတ်တော့ပဲ ဘုရားအလောင်းတွေ၊ ဂရုဏာရှင် သူတော်ကောင်းတွေကိုပါ ပေါင်းထည့် အရို အသေပြုနေ ကြပါတယ်။ဒါပေမယ့် ထေရဝါဒရော မဟာယာနပါ “နတ်” ဆိုတာရှိတယ်လို့  ယုံကြည်ကြပြီး အချို့ လောကီကိစ္စတွေကို နတ်တွေက ကူညီနိုင်၊ အစောင့်အရှောက်ပေးနိင်တယ်လို့  ယုံကြည်ကြပါတယ်။ ဗုဒ္ဓဘာသာရဲ့ လမ်းစဉ်မှာ ချမှတ်ထားတဲ့ဖော်မြူလာတွေက လည်း မတူကွဲပြားရှိနေပါတယ်။ ပုညတြိယာဝတ္တုဆယ်ပါး၊ ဒါန၊ သီလ၊ ဘာဝနာ၊ သတိ၊ သမာဓိ၊ ပညာ စတဲ့ဖော်မြူလာတွေပါ။ ပိုပြီးလေးနက်လိုသူတွေအတွက် သမာဓိ၊ ပညာကျင့်စဉ်တွေ အထိ သွားရောက်နိုင်ပါတယ်။ အဲဒီမှာတွေ့ ရမှာက မဂ္ဂင်ရှစ်ပါး၊ သစ္စာေ လးပါး ဆိုတဲ့ အဆုံးအမတွေပါပဲ။

နောက်ပြီး ပါဖက်ဖြစ်လိုသူတွေအတွက် ပါဖက်ရှင်း (ပါရမီ ၁၀ ပါး)ဆယ်ပါးဆိုတာကိုလည်းတွေ့ ရပါတယ်။ ထေရဝါဒဗုဒ္ဓဘာသာအရ ဒီဆယ်ပါးကိုစာရင်းပြုရရင် - ဒါန၊ သီလ၊ နိက္ခမ၊ ပညာ၊ ဝိရိယ၊ ခန္တီ၊ သစ္စာ၊ အဓိဌာန၊ မေတ္တာ၊ ဥပေက္ခ တို့ ဖြစ်ပါတယ်။
(generosity, moral virtue, renunciation, wisdom, energy/strength, patience, truthfulness, determination, loving-kindness, equanimity)
( ပါရမီ(၁၀) ပါး=Ten Perfection ကို အင်္ဂလိပ်လို သိလိုတဲ့လူပုဂ္ဂိုလ်တွေအတွက်ပါ။ )
 မဟာယာနကတော့ အနည်းငယ်ကွဲပြားပါတယ်။ သူတို့ ကဂရုဏာနဲ့ ခွင့်လွတ်ခြင်းကို ထည့်သွင်းထား ပါတယ်။ယဉ်ကျေးမှုနှစ် ခု စလုံးက လက်ခံထားကြတဲ့ စိတ်နေသဘောထားဆိုင်ရာ ဗြဟ္မဝိဟာရလေးပါးကတော့ မကွဲမပြားတစ်သားတည်းတွေ့ ရပါတယ်။
မေတ္တာ - သတ္တဝါတိုင်းကို ပျော်ရွှင်စေလိုခြင်း၊
ဂရုဏာ - ဒုက္ခရောက်သူတွေ ဒုက္ခကလွတ်မြောက်စေလိုခြင်း၊
မုဒိတာ - အောင်မြင်သူတို့ ရဲ့ အောင်မြင်မှုကို ဝမ်းသာနိုင်ခြင်း၊
ဥပေက္ခာ - အနိမ့်အမြင့်လောကဓံအပေါ်မှာ တည်တည်ငြိမ်ငြိမ်သဘောပေါက် နားလည်ထားခြင်းတို့ 
              ဖြစ်ပါတယ်။
ဗုဒ္ဓဘာသာတိုင်း တတ်နိုင်သမျှ မွေးမြူနေကြတဲ့ စိတ်နေစိတ်ဓာတ်တွေပါပဲ။
“ခိုကိုးရာမဲ့သူတွေ၊ ရဟန်းသံဃာတွေ၊ မိဘနဲ့ မိသားစုဝင်၊ မိတ်ဆွေတွေ၊ အမှန်တကယ်လိုအပ်နေသူတွေကို ရက်ရောစွာပေး လှူ တာမျိုးဟာ သေခြာပေါက်အကျိုးပေးကောင်းမယ့်ကံပါ။”

သီလဆောက်တည်မှု၊
ဘုရားဒေသနာတွေကို သင်အံ့၊ရွတ်ဖတ်ရင်း စိတ်အေးချမ်းစေမှု၊ စိတ်တန်ခိုးမြှင့်တင်မှု၊
အကုသိုလ် အတွေးအကြံတွေကို ပယ်သတ်နိုင်ဖို့ စိတ်ကျင့်စဉ်တွေကို ကျင့်မှု၊
အာကာပါနသာတိလို သတိပဌာန်ပွားများမှု၊ စတာတွေက ဗုဒ္ဓဘာသာတစ်ယောက် လျှောက်ရမယ့် လမ်းတွေပါပဲ။

ရဲဘော်ရဲဘက်တို့ ကို အကူအညီဖြစ်စေတဲ့ ဗုဒ္ဓဘာသာရဲ့တန်ဖိုးနဲ့ အရည်အသွေးများ

အပြစ်မဲ့တဲ့ပြည်သူတွေ ဒုက္ခမရောက်စေလိုတဲ့ သဘောထားဟာ ကရုဏာပါ။ သူတို့ ကို အကာအကွယ်ပေးကို ပေးရပါမယ်။ အကာ အကွယ်ပေးတယ်ဆိုတာနဲ့  မလွှဲသာမရှောင်သာ စစ်ရေးသဘောတရားတွေ ပါဝင်လာရတော့မှာပါ။ နောက်ပြီး ဗုဒ္ဓဘာသာက အထူး တလည်တန်ဖိုးထားတဲ့ သင်္ဂဟဝတ္တုလေးပါးဆိုတာ ရှိပါတယ်။
 ပေးကမ်းလှူဒါန်းခြင်း
ကြင်နာတဲ့စကားပြောဆိုခြင်း
မျက်နှာမလိုက်၊ ဘက်မလိုက်ဘဲဆက်ဆံခြင်း
အချင်းချင်းရိုင်းပင်းကူညီအကြံဥာဏ်ပေးလမ်းညွှန်ခြင်း (အကျိုးစီးပွားကို လိုလားခြင်း)
 နောက်ဆုံးအချက်ဟာ စစ်တပ်တွေနဲ့  တိုက်ရိုက်ပတ်သတ်ပါတယ်။ ကိုယ့်ရဲဘော်ရဲဘက်  အချင်းချင်း မှားရင်ထောက်ပြ၊ လမ်ညွှန် မှုတွေပေး၊ မောရယ်ဆိုင်ရာ၊ စိတ်ဓာတ်ခွန်အားတွေ  ရဖို့ အားပေးနေကြရမှာပါ။ ကိုယ်ကျိုးစွန့် အနစ်နာခံခြင်း၊ လိုအပ်ရင် ကိုယ့် အ သက်ကိုပါ စတေးရဲခြင်းတွေဟာလည်း ဘုရားချီးမွမ်းတဲ့ ကိစ္စတွေပါ။ (သူများကို သတ်ဖို့ ကြိုးစားရင်း    ကိုယ်သေရတာမျိုးကိုတော့ မချီးမွမ်းပါ။)သာဓကအနေနဲ့  မဟာကပိ (မျောက်မင်း)ဇာတ်ကို ကြည့်နိုင်ပါတယ်။ ဘုရားအလောင်းမျောက်မင်းဘဝက သူရဲ့ ရဲဘော် ရဲဘက်တွေကို ကယ်တင်ဖို့ သူ့ ခန္ဓာကိုယ်ကို တံတားအဖြစ်ခင်းပေးခဲ့ပါတယ်။ သူရဲ့ ခေါင်းဆာင်မှု စွမ်းရည်၊ ပေါ်ပြူလာဖြစ် တဲ့ဂုဏ် ရည်ကို မနာလိုတဲ့မျောက်တစ်ကောင်က သူ့ ခါးပေါ်အားနဲ့ ဆောင့်ခုန်လိုက်လို့  ခါးကျိုးပြီးသေဆုံးရှာတယ်လို့ ဆိုပါတယ်။

အဲဒီနောက် စစ်တပ်ထဲမှာရှိနေသင့်တဲ့ ဗုဒ္ဓဘာသာရဲ့အဆုံးအမက ဗိုလ်ငါးပါးပဲဖြစ်ပါတယ်။
၁။ သဒ္ဓါဗိုလ် ။ သရဏာဂုံသုံးပါးနဲ့ ကံ၊ ကံ၏အကျိုးကိုယုံကြည်မှု၊ လူကောင်းသူကောင်းတွေကို ယုံကြည်မှုတွေကိုလည်း ထည့်သွင်း စဉ်းစားလို့ ရပါတယ်။
၂။ ဝိရိယဗိုလ် ။ ဒီဝိရိယကိုပဲကျနော်တို့ ဘာသာစကားနဲ့ energy, mental strength, perseverance လို့  ဘာသာပြန်ဆိုကြပါတယ်။ သတ္တိရှိခြင်း၊ လူပီသခြင်းပါပဲ။
၃။ သတိဗိုလ် ။
၎။ သမာဓိဗိုလ် ။
၅။ ပညာဗိုလ် - တဲ့။
ဒီ  ဗိုလ်ငါးပါးထဲမှာ စစ်တပ်အတွင်း  ဆိုရင် ဝိရိယဗိုလ်ကမရှိမဖြစ်ကို လိုအပ်ပါတယ်။ စိတ်ဓာတ်စွမ်းရည်၊ သတ္တိ ဆိုတာမပါဘဲ စစ် သားကောင်းမဖြစ်နိုင်ပါဘူး။ ဗုဒ္ဓဘာသာရဲ့ စိတ်ပညာ အလိုအရ ဒီဝိရိယဟာ ကုသိုလ်ရော အကုသိုလ်ပါဖြစ်နေနိုင်ပြန်ပါတယ်။ ဥပမာဆို ရ ရင် အသေခံဗုံးဖောက်ခွဲမယ့်လူတစ်ယောက်ဟာလည်း သတ္တိနဲ့ စိတ်စွမ်းရည်လိုပါတယ်။ ဓားပြတိုက်မယ့်သူဟာလည်း သတ္တိလိုတာ ပါပဲ။ ကောင်းမွန်တဲ့ ဝိရိယဖြစ်ဖို့  ဗုဒ္ဓဘာသာကလမ်းညွှန်ထားတာက သဒ္ဒါ၊ သတိ၊ ပညာတွေလိုပါတယ် တဲ့။

မိမိရဲ့ ဦးတည်ချက်  မှန်နေရမယ်။ မှန်ကန်တဲ့ ဦးတည်ချက်ကို ခရီးပေါက်အောင် ဘယ်လို  ချဉ်းကပ်ရမလဲ ဆိုတာတွေဟာ သဒ္ဓါ နဲ့ 
ပညာ ကိစ္စဖြစ်ပြီး အမှန်တကယ်ခရီးပေါက်ဖို့ မှာ သတိရဲ့  အခန်းကဏ္ဍကလည်း တော်တော် အရေးပါလှပါတယ်။ သတိ    ဆိုရာမှာ နိုးနိုးကြားကြားရှိခြင်း (သတိရှိခြင်း)၊ မိမိအတွေ့ အကြုံတွေနဲ့ ဆက်စပ်ပြီး သင်္ခန်းစာယူတတ်၊ ယူနိုင်ခြင်း၊ ကိုယ်ရဲ့ခံနိုင်ရည်၊ ခွန်အား၊ ကိုယ်ကျင့်တရားတန်ဖိုးတွေကိုပါ သတိထားနေမိဖို့  လိုအပ်ပါတယ်။ ဒါတွေဟာ သတိတွေပါ။  ဒီ အဖြစ်အပျက်ပြီးရင် ထပ်ပြောစရာ ရှိပါသေးတယ်။ တိုက်ပွဲမှာဒေါသတကြီးနဲ့  တစ်ယောက်ကိုတစ်ယောက် ပစ်သတ်နေမှ အကု သိုလ်မဟုတ်ပါဘူး။ တည်တည်ငြိမ်ငြိမ် နဲ့ တစ်ဖက်စစ်တပ်ကို အေးအေးဆေးဆေးပစ်သတ် နေတဲ့ စနိုက်ပါရဲ့အပြုအမူ၊ ကွန်ပြူတာ ထိန်းခလုပ်တွေနဲ့ တစ်ဖက်လေယာဉ်ကို လက်ညှိုးလေးတစ်ချောင်း  နဲ့  ပစ်ချသူရဲ့   အပြုအမူဟာလည်း အကုသိုလ်ပါပဲ။ ဗုဒ္ဓဘာသာ  အဆုံးအမအရ ဆုံးဖြတ်ချက်မှန်ကန်မှု၊ သည်းခံမှု၊ ဒေါသကင်းမှု၊ မိမိကိုယ်ကို  ထိန်းသိမ်းမှု၊ တည်ငြိမ်အေးချမ်း မှုတွေကို ဖွံဖြိုး တိုးတက်လာအောင် ကြိုးစားယူဖို့ အမြဲ တမ်း ညွှန်ပြနေတတ်ပါတယ်။ သေနတ်ကိုင်ထားတဲ့   လူတစ်ယောက်အတွက် ကိုယ့်ကိုယ် ကို (ကိုယ့်သေနတ်ကို) ထိန်းသိမ်းထားမှု၊ မှန် ကန်တဲ့ အားထုတ်ခြင်းဖြစ်မှု  ဆိုတာ အရေးအကြီးဆုံးပါပဲ။ နားမလည်၊ ပါးမလည်၊ ကိုယ့်ကျင့်တရား မရှိသူတစ်ယောက်ရဲ့ လက် ထဲသေနတ်ရောက်သွားရင် ဒီသေနတ် တစ်လက်ဟာ ဘယ်လောက် အန္တရာယ်ရှိတယ် ဆို တာ ပြောပြနေ စရာတောင် မလိုတော့ ပါဘူး။ ဒါ့ကြောင့် စစ်တပ်ထဲမှာ စည်းကမ်းဆိုတာ ပိုပြီးတင်းကြပ်ထားရတယ်။ ဒါကိုပင် ကျနော် တို့ ဘာသာစကားနဲ့ " Discipline " လို့ ခေါ်ပါတယ်။ ဗုဒ္ဓဘာသာမှာတော့ " ဝိနယ " တဲ့။

 စကားကြွင်း။    ။ ဆိုရပြန်ချေပြီ။ အက်ဒမင်က စာမေးပွဲ ဖြေဆိုဖို့ ဘာသာရပ် အရေအတွက် ဖြည့်ရာ၌ အနည်းငယ် ( ဤ၌ အနည်း ငယ် ဟူသည် အတော် များများကို ဆိုလိုသည် ) လက်လွန် သွားဟန် ရှိပါသည်။ မနေ့ကမှ သီတင်းသုံးဖော် ရဟန်းက ခေါင်းစဉ် မှားနေတယ် " ဒီဇင်ဘာ စကာဦး " ဟု ဆိုသဖြင့် " ခေါင်းစဉ် မမှား၊ ဝစ္စပေါက် ကျရုံသာ ဖြစ်သည် " ဟု ဖြေခဲ့ရသည်။ ယနေ့လည်း မေတ္တာဖြင့် ဖြည့်ကြရန် အမှာစကား ထားခဲ့ပါရစေ။


ဆက်ရန်



 သီဟနာဒ

လေ့လာမိတဲ့ သူတို့ နယ်ပယ်နဲ့ ရေးဟန်


တိုတိုတောင်းတောင်း ရေးရတတ်တဲ့ သတင်းစာနဲ့ ဂျာနယ်တွေမှာ ပါတတ်တဲ့ အင်္ဂလိပ်ဆောင်းပါးတွေကို ကြည့်ရင် စာရေး သူ က ဝေါဟာရ နဲ့ စာဖတ်ပရိ သတ်ကို ကန့် လိုက်တာတွေ ရှိတယ်။ တချို့က သိပ္ပံနဲ့ အိုင်တီမှာ ဝင်ရေး တတ်သလို အား က စား မှာလည် ရေးတယ်။

သူပေးတော့မယ့် မက်ဆေ့ရဲ့ အနေအထားက သူသုံးလိုက်တဲ့ ဝေါဟာရ ကို အခြေခံပြီး မှန်းဆလို့ရတယ်။အိုင်တီမှာ ဆိုပါတော့။ စတိဗ် ဂျော့ လို့ သူသုံးထားရင် သူပေးတော့မယ့် အိုင်တီ မက်ဆေ့က လူ တော်တော် များများ နားလည်မယ့် မက်ဆေ့မျိုးပဲ။ သူ့ တာဂက်က အလွှာစုံက စာဖတ်သူတွေ။
ဒါကို စတိဗ် လို့ တင်ပဲ တမင်သုံးထားရင် သူပေးမယ့် မက်ဆေ့က အိုင်တီကို ထဲထဲဝင်ဝင် သိသူတွေ အတွက်ပဲ။ ကိုယ် သိပ်ပြီး စိတ်ဝင်စားတဲ့ ဘာသာရပ် မဟုတ်ရင် ဆက် မဖတ်နဲ့တော့။ နားလည်မှာ မဟုတ်တော့ဘူး။

ဘောလုံးမှာလည်း အတူတူပဲ။ စတီဗင် ဂျရတ်လို့ သူသုံးထားရင် သူပေးတော့မယ့် မက်ဆေ့က သာမန်တွေပဲ။ ဒါကိုပဲ စတိဗ် လို့ တင် တမင် သုံးထားရင် သူပေးမယ့်မက်ဆေ့က ဘောလုံး အကြောင်း ကောင်းကောင်း ကြီး သိထားပြီးသူတွေ အတွက်ပဲ။ စတိဗ် ဟာ စတီဗင် ဂျရတ်ကို ဆိုလိုကြောင်း၊ အလက်စ် ဟာ ဖာဂူဆန်ဖြစ်ကြောင်း၊ ဖနန်ဒို ဟာ တောရက်စ် ဖြစ်ကြောင်း သူ ပြောစရာ မလိုတော့ဘူး။
ဒါဟာ စေတနာလို့ ထင်ပါတယ်။ မင်း သိပ်ပြီး စိတ်ဝင်စားတဲ့ ဖီးလ် မဟုတ် ရင် ဆက်မဖတ်နဲ့တော့၊ အချိန်ကုန်တယ်၊ နားလည်မှာ လည်း မဟုတ့်ဘူး ဆို တဲ့ အချက်ပေးသံပါ။

နယူးစ် ဝိက်တို့၊ နယူးယောက် တိုင်းတို့ မှာ ရေးသူတွေလည်း ဒါ မျီုးတွေ တွေ့ရပါတယ်။ ဒါ့ကြောင့် သူတို့ ဆောင်းပါး    တချို့ကို ကျနော်တို့ နားမလည်တာပါ။ အင်္ဂလိပ်ကြောင့်ရယ်လို့ မဟုတ်ဘူး၊ ပါတော့ ပါတာပေါ့။စာအုပ်အဖြစ် ဆိုရင်တော့ အားလုံး ခရေစေ့ တွင်းကျ ရေးကြရပါတယ်။ စာရေးသူ တစ်ယောက်တည်းကပင် ဆောင်းပါးရေးဟန် နဲ့ စာအုပ်ရေးဟန် မတူတတ်ဘူး။

မြန်မာစာမှာလည်း ဆောင်းပါးနဲ့ ဝတ္ထုတို ဖတ်သူက ဝတ္ထုရှည် ဖတ်ရတ်ရတာ ပျင်းတယ်။ ဝတ္ထုရှည်ပဲ အဖတ်များရင် လည်း ဆောင်း ပါးနဲ့ ဝတ္ထုတို ( အထူးသဖြင့် ဆောင်းပါး ) က ပျင်းစရာပဲ။ရေးသူတွေကလည်း ဒီအတိုင်းပဲ။ ဆောင်းပါး၊ဝတ္ထုတို ရေးသူက ဝတ္ထုရှည် မရေးချင်ဘူး။ ဘယ်ဟာက လွယ်တယ်၊ ခက်တယ် ဆိုတာ ပြောလို့ မရပါဘူး။
မြန်မာပြည်မှာ ကြည့်ရင်တော့ နာမည်ကြီးတာခြင်း တူရင်ဝတ္ထုရှည် ရေးသူ က ငွေရေး ကြေးရေး ပိုကိုက်တာပေါ့။ တိုင်၊ နယူးစ် ဝိက်၊ နယူးယောက် တိုင်းတို့ မှာ တော့ ဖော်ပြတာ ခံရရင် ငွေ လည်း ရသလို သိက္ခာလည်း ပိုရှိပါတယ်။ ကိုယ်နဲ့ နယ်ပယ် မတူတာပဲ ရှိ မယ်၊ ရေးထားတာတွေကတော့ အတုံးလိုက် အတစ်လိုက်တွေချည်းပဲ။

နာမည်နဲ့တင် စည်းတားတာလည်း မဟုတ်ဘူး။ လေးလေး နက်နက် ဆောင်း ပါးတွေမှာ နည်းပညာနဲ့ ဆိုင်တဲ့ ဝေါဟာရတွေကို အ ရှည်လည်း သိပ် မသုံး ဘူး၊ သုံးလည်း တစ်ကြိမ်ပဲ။
သူ့စာဖတ်မယ့်လူက ဒီအဆင့်တော့ ရှိတဲ့ လူ ဆိုတာ သဘောပေါက် တယ်။ ပြီးတော့ လူတိုင်း နားလည်အောင်ဆိုပြီး ဝေါဟာရ ညှာ မသုံးဘူး။ ပညာရှင် အဆင့်တွေကိုး။ မသိရင် အဘိဓာန် လှန်။ ဒါပဲ။အဘိဓာန်က အဆင့် မမီ၊ ခေတ် မမီရင် ရှာတောင် မတွေ့တတ် ဘူး။ ဒါမျိုးကို လူ နားလည်တဲ့ စကားနဲ့ မရေးရကောင်းလား လို့ ပြော ရင် မဟုတ်လှသေးဘူး။

သူတို့ ပြောတာက လူနဲ့ကွာလွန်းနေတယ်၊ ထုတ်ဝေသူက စာအုပ် အနေနဲ့ ထုတ်လည်း ထုတ်ဝေချင်တယ်  ဆိုရင် အယ်ဒီတာက ကြားဝင် တံတား ခင်းပေးရတယ်။ မူရင်း စာရေးဆရာကတော့ မပြင်၊ မဖျက်၊ မဖြည့်ပဲ။ အရင်ဖတ်စဉ်က နားမလည်တဲ့ ဆောင်းပါး တချို့ဟာ အယ်ဒီတာက ကြားဝင် တံတားခင်းပေးလိုက်တော့မှ နားလည်သွားတာတွေ အများကြီး ရှိတယ်။

ဟာသ စာတွေလည်း ဒီ အတိုင်းပဲ။ သူတို့စာဖတ်၊ တချို့က မရယ်ရ ဘူး။ ရေးတတ်သူက ပြန်ရေးတော့မှ ရယ်ရတာ။ အစ အဆုံး ရှင်းပြရရင် မရယ်ရတော့ဘူး။ အဖြစ် အပျက်၊ လူနာမည် စတာတွေကို တဝက် တပျက် နဲ့ထားမှ ပျက်လုံး အရှိန် မြင့်တာ။ ဟာသ ဆိုတော့ ဒီမှာတော့ အက်သစ် သဘောတရားတွေ အကြောင်း ပြောလို့ မရပါဘူး။

ဝေါဟာရ၊ နာမည်တွေနဲ့ စာဖတ်ပရိသတ်ကို ကန့် လိုက်တာတွေ က လူ မသိအောင် ရေးတယ်ဆိုတာထက် စာဖတ်သူရဲ့ စိတ်ဝင် စားမှုအား၊ နား လည်နိုင်မှုအား နဲ့ စာဖတ်သူရဲ့ အချိန်ကို သတိပေးလိုက်တာမျိုးပါ။လိုက်နိုင်ရင် လိုက်ခဲ့၊ စောင့်ခေါ်နေမှာတော့ မဟုတ်ဘူး ဆိုသလိုပါ။
စာရေးသူ စောင့်ထိမ်းရမယ့် အက်သစ်ထဲမှာ ဒါတွေ ပါ မပါ တိတိကျကျ မသိပေမယ့် တစ်ဦးချင်း အနေနဲ့တော့ လိုက်နာကြ တာ တွေ့ရပါတယ်။
ဘာရယ် မဟုတ်ပါဘူး။ သတိထား လေးစားမိတာလေးမို့ ရေးလိုက်မိတာပါ။


ဇင်ဝေသော်

ဒီဇင်ဘာ စကာဦး


ဒီ အပတ်ကစလို့ အင်္ဂါနေ့တွေမှာ သီဟနာဒ ဘာသာပြန်ဆိုတဲ့ " ဗုဒ္ဓဘာသာနှင့် စစ်တပ် " ဆိုတဲ့ ဆောင်းပါးတွေကို တင်ပေး သွား မှာပါ။ ဆောင်းပါး အများစုဟာ ဗြိတိသျှစစ်တပ် အတွင်း တာဝန်ထမ်းဆောင်ဆဲ အရာရှိတွေ၊ ဗုဒ္ဓဘာသာ ပညာရှင်တွေ ရေးထားတဲ့ စစ်တပ်နဲ့ဆိုင်ရာ ဆောင်းပါတွေ၊ သဝဏ်လွှာတွေပါ။ အင်္ဂလန်က ထုတ်တဲ့ " The Middle Way= အလယ်လမ်းစဉ် " ဂျာနယ်ထဲက ထုတ်ယူထားတာဖြစ်ပါတယ်။ သုတေသန ဆန်တာတွေ ပါသလို ကိုယ်ရေး ကိုယ်တာ အတွေ့အကြုံ၊ ခရစ်ယန် အများစုကြားမှာ ရင် ဆိုင်ရတတ်တဲ့ အခက်အခဲတွေလည်း ပါပါတယ်။

အထူးအဆန်း အနေနဲ့ သိခွင့်ရလိုက်တာကတော့ ဗြိတိသျှ ဗုဒ္ဓဘာသာ စစ်သားတွေဟာ ဟစ်တလာရဲ့ စစ်တပ်ကို ပစ်ဖို့တောင် ပါဏာတိပါတ သိက္ခာပုဒ်ကြောင့် ငြင်းဆိုခဲ့ကြပါ သတဲ့။ တာဝန်နဲ့ ဗုဒ္ဓ အဆုံးအမကြား သူတို့ ဘယ်လိုများ ဟန်ချက် ထိန်းထား ခဲ့ ကြတယ်ဆိုတာ စိတ်ဝင်စားစရာပါ။
မေတ္တာဖြင့်


သီဟနာဒ 

သာဓု ပါဘုရား


ဦးခင်ညွန့် အာဏာ ကြီးစိုးစဉ်က ဦးစောမြင့် ( မှူးသမိန်၊ မဟေသီ မဂ္ဂဇင်း အယ်ဒီတာချုပ် ) ၏ ကုလားဖန်ထိုးမှုကြောင့် မတရား အသိမ်းခံလိုက်ရသော ရန်ကုန်မြို့၊ တာမွေ၊ နတ်ချောင်းရှိ မဟာသန္တိသုခ သာသနာပြု ကျောင်းတော်ကြီးသည် ပိုင်ရှင်အမှန် ပီနန် ဆရာတော်ကြီးထံ ပြန်ရောက်ပြီဟု သိရသဖြင့် ဝမ်းမြောက်မိပါသည်။ ယနေ့ ဒီဇင်ဘာ ၂ ရက်နေ့၌  ရန်ကုန်မြို့သို့ ပီနန်ဆရာတော် ကြီးပြန်ကြွပြီး ထို မဟာသန္တိသုခ ကျောင်းတော်ကြီး၌ပင် သီတင်းသုံးမည်ဟု သိရသည်။

ထို မဟာသန္တိသုခ ကျောင်းတော်ကြီးအတွင်း ရှိသမျှ သံဃာအားလုံး သက္ကရဇ် ၂၀၀၂ ခု၊ ဖေဖော်ဝါရီလ ၂၈ ရက်၊ ည ၉နာ ရီ နောက်ဆုံးထားပြီး  ထွက်ပေးရမည်ဟု မဟန မှ အမိန့်ဆင့်သည်။သီဟနာဒ ကိုယ်တိုင်  ၂၀၀၂ ခု၊ ဖေဖော်ဝါရီလ ၂၈ ရက်၊ ည ၉ နာရီ မထိုးမီ မိနစ် အနည်းငယ်အလိုမှ နောက်ဆုံး တစ်ပါတည်း ထွက်ပေးခဲ့သဖြင့် အရပ်ဝတ် ထောက်လှမ်းရေးတို့ ဖမ်းဆီးခြင်းမှ သီသီလေး လွတ်ခဲ့သည်။ မထွက်သော် ဖမ်းမည်ဟု ဆိုသဖြင့်
" အရွယ်ကား သာသနာ ပြုရမည့် အရွယ်၊ ထောင်ထဲ ဘာမဟုတ်သောကိစ္စဖြင့် အချိန်ကုန်ရမည့် အရွယ် မဟုတ်၊ ကိုးနာရီထိုးက ထွက်မည် " ဟု ဖြေခဲ့ရသည်။
ထိုစကား က " အဘ " ကို ခိုက်စေသည်ထင်၏။  မဟာသန္တိသုခ၌ ပြန်လာ သတင်းသုံးရန် မိမိနှင့် အခြားတစ်ပါးကို ပြန်ပင့်၏။ မသင့်ပေ။ ဆရာနှင့် သီတင်းသုံးဖော်တို့ ပြေးခဲ့ကြရပေပြီ။
ပီနန်ဆရာတော်ကြီးနှင့် မလေးရှားမှာ တွေ့တော့မှ ဆရာတော်ကြီးက
" ကျောင်းကို ဘာလို့ သိမ်းတာလို့ ပြောလဲကွ "
" အကြွေးမကျေသေးလို့ လို့ ပြောပါတယ် ဘုရား "
" ဒါဖြင့် နိုင်ငံတော်ကိုရော ဒီကောင်တွေ ဘာလို့ အာဏာသိမ်းတာလဲကွ "
" အကြွေးမကျေသေးလို့ ပဲ ဖြစ်မှာပါ ဘုရား " ဟု လျောက်ရာ
" ဟား ဟား ဟား မဆိုးဘူး၊ မင်း အဖြေမဆိုးဘူး " စိတ်လိုလက်ရ ဆရာတော်ကြီးရယ်၏။
ယနေ့ ဆရာတော်ကြီး မဟာသန္တိသုခကျောင်းပေါ် ပြန်ရောက်ပြီ။ သဓုပါ ဘုရား။
တပည့်


သီဟနာဒ 

ရေပေါ်ဆီ ( ၃ )

အိုင်ကျူမြင့်တာက ကောင်းပါတယ်။ လိုလည်းလိုအပ်ပါတယ်။ ဒါပေမယ့် အိုင်ကျူက လိုအပ်ချက်တွေထဲက တစ်ခုပဲ။ သူ့မှာ EQ လိုတယ်။ ခေါင်းဆောင်မှုစွမ်းရည်၊ သက်လုံ၊ ဆုံးဖြတ်ချက်ခိုင်မာမှု၊ ဖြတ်ထိုးဥာဏ်ရှိမှု စတာတွေလိုတယ်။ ကိုယ်လုပ်တဲ့အလုပ် အောင်မြင်သလား၊ မအောင်မြင်ဘူးလားဆိုတာ ဒီအချက်တွေက အဆုံးအဖြတ်ပေးတယ်။

မင်းမှာ အရည်အချင်းရှိသလား။ ဒါဆို မင်းမှာ အခွင့်အရေး (၅၀) ရာခိုင်နှုန်းကျော်တယ်။ သူတို့ အလုပ်လုပ်နေစဉ်မှာ တကယ်စွမ်းတဲ့လူတွေက သက်သေပြသွားကြတယ်။ ဒါကြောင့် ဒီနိုင်ငံရေးက အိုင်ကျူတင်မဟုတ်ဘူး။ မင်း အိုင်ကျူကို လက်တွေ့ဘယ်လောက် အသုံးချနိုင်သလဲ ဆိုတာပဲ။
(လီကွမ်းယု)

မေး။      ။ စိုးရိမ်စရာတစ်ခုက ဝန်ကြီးတွေကို လစာတွေ ဒီလောက်အများကြီး ပေးထားရင် သူတို့ဟာ ဝန်ကြီးချုပ်ရဲ့လက်ကိုင်တုတ်လိုဖြစ်သွားပြီး ဝန်ကြီးချုပ်ရဲ့သဘောထားကို ဆန့်ကျင်ရဲကြမှာ မဟုတ်တော့ဘူး။ ဆုံးရှုံးစရာတွေက အများသားမဟုတ်လား။

ဖြေ။       ။ Shanmugan ဆိုရင် သူ့ဥပဒေဘက်ကို ပြန်သွားဖို့ ကြောက်နေမယ်ထင်သလား။ အချိန်မရွေးပြန်သွားလို့ရတယ်။ သူ့ဂုဏ်သိက္ခာကို သူဥပဒေဘက်မှာ တည်ဆောက်ပြီးသား။ Ng Eng Hen ဆိုရင်လည်း ခွဲစိတ်ဖို့ လက်ဝေးနေတာတော့မှန်တယ်။ ဒါပေမယ့် သူဟာ ထိပ်တန်းခွဲစိတ်အထူးကုပဲ။ ဒီအတွေးကတော့ တကယ့်ကို ရီစရာပဲ။ ဒီလိုလူတွေက ဘယ်လိုလုပ် လက်ကိုင်တုတ်ဖြစ်နေမှာတုန်း။ မင်းအဆင့်ကို မင်းမြှင့်မထားနိုင်ဘူးဆိုရင် ကျသွားမှာပဲ။ မင်းက အမြဲတမ်းတိုးတက်လာနေတဲ့ လူဆိုရင် မင်းကိုအစားထိုးဖို့ ပိုပိုခက်သွားမှာပဲ။ ရှင်းရှင်းလေး၊ ဝန်ကြီးချုပ်က သူ့စကားနားထောင်မယ့် ဝန်ကြီးတွေချည်းသာ ခန့်ထားပါလား အူကြောင်ကြောင်ကက်ဘိနက်အဖွဲ့နဲ့အတူ သူလည်း ခွေးကျကျသွားမှာ။

မေး။      ။ သူတို့မှာ တခြားရွေးချယ်စရာလမ်းရှိနေတော့ ကက်ဘိနက်ထဲမှာ အမြဲတမ်းခေါင်းညိတ်တတ်တဲ့လူ မရှိဘူးလို့ပြောတယ်။ ဒီစကားက မစ္စတာလီထုတ်ပြတဲ့ Shanmugan တို့ Ng Eng Hen တို့လို လူတွေအတွက်တော့ မှန်တာပေါ့။ ဒါပေမယ့် ကက်ဘိနက်ထဲမှာ အောက်ခြေလူတန်းစားကနေတက်လာရတဲ့အမတ်တွေ၊ ပြည်သူ့ဝန်ထမ်းဘဝကလာခဲ့ရသူတွေ၊ ဝန်ကြီးအဆင့်ကို စကော်လာဘဝကနေ တိုက်ရိုက်ရောက်လာရသူတွေအဖို့တော့ ဒီစကားက သိပ်မမှန်နိုင်ဘူးထင်တယ်။

ဖြေ။       ။ အရည်အချင်းရှိတဲ့ လူတစ်ယောက်အတွက် ထွက်သွားရလို့လည်း ပြဿနာမရှိနိုင်ပါဘူး။ ဝန်ကြီးတစ်ယောက်အနေနဲ့ အောင်မြင်ခဲ့တဲ့လူတစ်ယောက်က ထွက်သွားရလည်း ပြဿနာလုံးဝ မရှိနိုင်ဘူး။ စင်ကာပူရဲ့ ထိပ်တန်းရာထူးတွေကို စာရင်းလုပ်ကြည့်၊ CEO တွေ၊ COO တွေ၊ CFO တွေ၊ Deputy Chairman တွေကို စာရင်းလုပ်။ လူပေါင်း သုံးထောင်လောက်ပဲရှိတယ်။

ဖုန်းကိုကောက်လှည့်ပြီး မေးသာကြည့်၊ “ ဒီလူကို သိသလား၊ သူ့အနေအထားက ဘယ်လိုရှိသလဲ” လို့။ ဦးနှောက်ကောင်းလိုက်ရှာနေတဲ့ကောင်တွေက လူသုံးထောင်လောက်ထဲက ဘယ်သူကဖြင့် ဘယ်လိုဆိုတာ ခရေစေ့တွင်းကျ ပြောပြလိမ့်မယ်။

ဒီလစာကိစ္စက ဘယ်တော့မှပြီးမှာမဟုတ်ဘူး။ စင်ကာပူရီးယန်းတော်တော်များများက ဝန်ကြီးတွေကို ဂုဏ်သိက္ခာရှိဖို့ပဲ အလုပ်လုပ်သင့်တယ်လို့ ထင်နေကြတာ။ ဒါဆို သက်တမ်းတစ်ခုထက်ကျော်အောင် ဘယ်သူအလုပ်လုပ်ပေးနိုင်မှာလဲ။ ငါတို့မျိုးဆက်တုန်းကတော့ လုပ်ခဲ့ကြတယ်။ တို့က နိုင်ငံအတွက် အားလုံးပေးဆပ်သွားဖို့ ပြင်ဆင်ထားကြတဲ့လူတွေမို့၊ တို့ယုံကြည်ရာတို့လုပ်ဖို့ တို့အသက်တွေကို လောင်းကြေးထပ်တင်ခဲ့ကြတဲ့ မျိုးဆက်မို့။ ရှင်းပြီလား။

ဒါမျိုးဆက်ခံလာမယ့်မျိုးဆက်က လုပ်နိုင်မတဲ့လား။ မလုပ်နိုင်ဘူး။ သူတို့မှာ ရွေးစရာတွေ အများကြီးရှိတယ်။ ငါသာ အခုအသက် (၃၀) အရွယ်ဆိုရင် နိုင်ငံရေးထဲဝင်လာမယ်ထင်သလား။ လုံးဝပဲ။ ဘာလို့ နိုင်ငံရေးလုပ်နေမှာလဲ။ ငါ့ကိုယ်ပိုင်အခွင့်အရေး ရှုံးတယ်။ ပြန်ရတာကဘာလဲ။ စွပ်စွဲခံရမှု၊ ဝေဖန်ခံရမှုတွေပဲ။

ငါ့ရှေ့နေအလုပ် ငါလုပ်နေလို့ရတယ်။ ငါ့ညီဆိုရင် ရှေ့နေတစ်ယောက်အနေနဲ့ ဒေါ်လာ သန်းတစ်ရာကျော်ရအောင် လုပ်နိုင်ခဲ့တယ်။ ဥပဒေဘက်ကနေတဆင့် အိမ်ခြံမြေနဲ့ သင်္ဘောလိုင်းဖက်ကို သူပြောင်းသွားတယ်။ ငါရော သူ့လိုမလုပ်သင့်ဘူးလား။

ပခုံးပေါ်မှာ ဝန်ထုပ်ကြီးငယ်နဲ့ ချွေးသံတရွဲရွဲ၊ ပထမနှစ် ရေရအောင်ပူရ၊ ဒုတိယနှစ်ကျတော့ စီးပွါးရေးအတွက်ပူရ၊ စတီးစက်ရုံတွေထောင်တဲ့ အိမ်နီးချင်းနိုင်ငံက လေထုညစ်ညမ်းမှုအတွက် စိုးရိပ်ရ၊ မုတ်သုန်ရာသီဝင်လာရင် လေနဲ့အတူပါလာမယ့် မီးခိုးတွေ၊ မြူတွေ၊ အားလုံးအတွက် ပူပန်နေရတယ်။

အခု လူငယ်တွေ စဉ်းစားတာက “နိုင်ငံရေးနဲ့ ဝေးဝေးနေမယ်။ အခြေအနေမကောင်းဘူးဆိုရင် ကိုယ်ပစ္စည်းကိုယ်သိမ်းပြီး အမေရိကားထွက်သွားမယ်။ ငါ့မှာ green card ရှိတယ်။ ” ဒါမျိုးတွေ။ ပညာတတ်စင်ကာပူးရီးယန်းတွေအတွက် ရွေးချယ်စရာတွေက အပြည့်ပဲ။

ငါတို့မျိုးဆက်မျိုးထပ်ပေါ်ပေါက်ဖို့ဆိုရင် တော်လှန်ရေးထပ်ဖြစ်မှရလိမ့်မယ်။ ငါတို့စီးပွါးရေးဆိုတာ နောက်ထား၊ အသက်ပါရင်းပြီး လုပ်ခဲ့ရတာ။ ငါရှုံးကြည့်ပါလား။ ကွန်မြူနစ်တွေက ငါ့ဦးနှောက်ကို စနစ်တကျ ဖျက်ဆီးပစ်ကြမှာ။ ငါတို့မျိုးဆက်က ထပ်မွေးယူလို့ မရနိုင်တော့ဘူး။

မေး။      ။ ၁၉၉၄- ခုက မစ္စတာလီ ပြောခဲ့တဲ့မိန့်ခွန်းနှစ်ခုထဲမှာ ဝန်ကြီးလစာပေါ်လစီကြောင့် Private Sector အတွေ့အကြုံရှိတဲ့ဝန်ကြီးတွေ မရှိဖြစ်မှာ စိုးရိမ်ရတယ်လို့ပြောခဲ့တယ်။ အခု အလွှာစုံကဝန်ကြီးတွေနဲ့ စုစည်းထားတဲ့ ကက်ဘိနက်အပေါ်မှာ အားရမှုရှိပါသလား။

ဖြေ။       ။ ဒီနေ့ Lim Kim San က နိုင်ငံရေးထဲကို ဝင်လာမှာမဟုတ်ဘူး။ လင်ကင်ဆန်းမ် ဝင်လာတယ်ဆိုတာက ငါအကျပ်အတည်းထဲရောက်နေတယ်ဆိုတာ သူသိလို့။ သူနဲ့ Goh Keng Swee က မိတ်ဆွေတွေ။ သူ့လိုလူတွေ အစိုးရထဲဝင်မလာရင် အဲဒီအချိန်က စင်ကာပူလည်း ပြိုကွဲသွားမယ်ဆိုတာ သူကောင်းကောင်းသဘောပေါက်တယ်။

ဒါဆို သူ့ရဲ့ကိုယ်ပိုင်စီးပွါးရေးက ဘယ်လိုနေမလဲ။

ဒီနေ့ Lim Kim San က “မလုပ်ပါနဲ့။ ကျွန်တော့ကို ချန်ထားခဲ့ပါ။ ကျွန်တော်က အပြောသမားမဟုတ်ပါဘူး။ အိမ်တကာ လျှောက်လည်ပြီး သူများကလေးတွေကို နမ်းနေရတာလည်း မကြိုက်ပါဘူး” လို့ပြောမှာ။ အဲဒါ အဲဒီတုန်းက။ အခု ပြောင်းကုန်ပြီ။ တို့လူ့အဖွဲ့အစည်းက ပြောင်းသွားပြီ။ နိုင်ငံရေးထဲတိုးဝင်ဖို့ ဆန္ဒတွေနည်းကုန်ပြီ။ ဘာကြောင့် ငါ့အနစ်နာခံနေရမှာလဲလို့ တွေးလာကြပြီ။

Eddie Barker ကို လော(Law) ကနေ အနားယူအောင် ငါပြောယူခဲ့ရတယ်။ “အက်ဒီ၊ တကယ်လို့ ငါသာရှုံးသွားရင် မင်းရော ဥပဒေရေးရာမှာ အလုပ်ဆက်လုပ်လို့ရမယ် ထင်သလား။ ကွန်မြူနစ်တွေသာ အာဏာရသွားရင် တရားဥပဒေဆိုတာရဲ့ အဓိပ္ပါယ်ကရော ဘာလဲ” လို့ မေးလိုက်တယ်။

ငါပြောတာကို သူအထပ်ထပ်စဉ်းစားတယ်။ ပြီးမှ ငါမှန်တယ်ဆိုပြီး နိုင်ငံရေးထဲ သူဝင်လာတာ။ စင်ကာပူရဲ့ နိုင်ငံရေးအခြေအနေလည်း တည်ငြိမ်ကောင်းမွန်လာပြီလဲဆိုရော သူကပြောတယ် “ ကဲ ကြည့်၊ ငါအိမ်ဝယ်ထားတဲ့အကြွေးတွေ မပေးရသေးဘူး” တဲ့။

ဒါကြောင့် လစာအပြောင်းအလဲကိစ္စကို ငါလုပ်ခဲ့ရတာ။ သက်တမ်းပေါင်းများစွာ အတူလက်တွဲ အလုပ်လုပ်ခဲ့ကြပြီး အနားယူတဲ့အချိန်ရောက်တော့ ဥပဒေဘက်ကို ပြန်သွားဖို့ သူ့မှာ ခွန်အားမရှိတော့ဘူး။

အနာဂတ်မှာ အခုပစ္စုပ္ပန်အခြေအနေအတိုင်းပဲ ရှိနေလိမ့်မယ်လို့ တွက်ထားလို့မရဘူး။ စထရိတ်တိုင်း(မ်) ကိုပဲကြည့်။ သူတို့က SPH (Singapore Press Holdings) စကောလားဆုတွေ ပေးကြတယ်။ အဲဒီအထဲက ဘယ်နှစ်ယောက် သူတို့အလုပ်ထဲမှာ ဆက်ရှိနေသလဲ။ ပြဿနာက အတူတူပဲမဟုတ်လား။ ကော်ပိုရေးရှင်းတစ်ခုခုမှာ လူထုဆက်သွယ်ရေး ဒါရိုက်တာတစ်ယောက်ဖြစ်နေနိုင်ပါလျက် ဘာကြောင့် အချိန်စားရ အိပ်ရတဲ့ ဂျာနယ်လစ်လုပ်နေမှာတုန်း။

ငါ့ဒုတိယသားတောင်မှ SAF က ရာထူးကို မလိုချင်တော့ဘူး။ သူများတွေက ပြောတယ်။ “ သူသာဆက်နေမယ်ဆိုရင် ကာကွယ်ရေးဌာနမှာ အကြီးအကဲဖြစ်နိုင်တဲ့ အရည်အချင်းတွေရှိတယ်” တဲ့။ သူက “ နိုး၊ ဆင်းတဲလ်(SingTel_ Singapore Telecom) ကိုပဲသွားမယ်” တဲ့။ SingTel ကနေထွက်ပြီး Fraser & Neave  ကို ဆက်ပြောင်းပြန်တယ်။

မျိုးဆက်က မတူတော့ဘူး။ စင်ကာပူမှာ ဖြစ်ခဲ့တာတွေ၊ ၁၉၆၄- ခုနှစ်က ကာဖျူးအမိန့် ထုတ်ခဲ့ရတာတွေကို သူကောင်းကောင်း မမှတ်မိဘူး။ ငယ်လွန်းသေးတာကိုး။ ငါ့သားအကြီးကျတော့ တစ်မျိုးဖြစ်သွားတယ်။ သူက မဲဆန္ဒနယ်တွေသွားပြီး စည်းရုံးရေးဆင်းတာ၊ မိန့်ခွန်းပြောရာတွေမှာ ငါနဲ့အတူ လိုက်လာတတ်တယ်။ ငါ တိုက်နေရတဲ့ စစ်ပွဲအခြေအနေကို သူသိတယ်။ ဒါကြောင့်လည်း သူကပြောတာ “ ကျွန်တော် နိုင်ငံရေးထဲဝင်မယ်” တဲ့။ နောက်မျိုးဆက်တွေဆီက ဒီလိုစိတ်ဓာတ်မျိုး မျှော်လင့်လို့ မရတော့ဘူး။ အခြေအနေတွေက တူမှမတူတာ။

မေး။      ။ ပညာတတ်တွေပဲ အစိုးရထဲမှာ ရာထူးကြီးကြီးရတယ်ဆိုတဲ့ ဝေဖန်သံတွေအပေါ် မစ္စတာလီ ဘာပြောချင်ပါသလဲ။

ဖြေ။      ။ ဒါဆို ၁၉၆၈- ခုဆီ ပြန်ကြည့်ရအောင်။ အဲဒီတုန်းက တို့မှာ Chaing Hai Ding ရှိတယ်။ Wong Lin Ken ရှိတယ်။ သူတို့က Ph. D ဘွဲ့တွေနဲ့။ အလုပ်မဖြစ်ဘူး။ Tan Eng Liang ဆိုရင်လည်း Rhodes စကော်လာပဲ။

(Dr Chaing Hai Ding ဟာ ၁၉၇၀- မှာ နိုင်ငံရေးလောကထဲရောက်ပြီး ပါလီမန်အမတ်ဖြစ်ခဲ့၊ နိုင်ငံရေးထဲမှထွက်ပြီး နိုင်ငံပေါင်း (၁၀) နိုင်ငံအထိ စင်ကာပူသံအမတ်အနေနဲ့ (၁၀) နှစ်ကျော် ထမ်းဆောင်ခဲ့။

Dr Wong Lin Ken က ၁၉၆၈- ခုမှာ ပါလီမန်အမတ်ဖြစ်၊ ၁၉၇၀- မှ ၁၉၇၂ အထိ ပြည်ထဲရေးဝန်ကြီး၊ ၁၉၈၃- မှာ အနိစ္စရောက်။

Dr Tan Eng Liang က ၁၉၇၂- မှ ၁၉၈၀ အထိ ပါလီမန်အမတ်၊ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနမှာ စီနီယာ မီနီစတာအနေနဲ့ ၁၉၇၅- ကနေ ၁၉၇၈- အထိ တာဝန်ထမ်းဆောင်ခဲ့၊ ၁၉၇၉- မှာ ဘဏ္ဍာရေးဝန်ကြီးဌာနကို ပြောင်း၊ အဲဒီနောက် ၁၉၉၁- ခုအထိ Singapore Sports Council မှာ ဥက္ကဋ္ဌအနေနဲ့ ၁၉- နှစ်ကြာအောင်ထမ်းဆောင်၊ ထို့နောက် Singapore National Olympics Council ရဲ့ ဒုတိယဥက္ကဋ္ဌအဖြစ် ထမ်းဆောင်။ )

ဒီနောက် တို့ပိုပြီး လေးလေးနက်နက် စဉ်းစားကြတယ်။ အောင်မြင်တဲ့ ခေါင်းဆောင်ကောင်း၊ အောင်မြင်တဲ့ ဝန်ကြီးတစ်ယောက်ဖြစ်ဖို့ ဘာတွေလိုအပ်သလဲလို့ ထပ်တလဲလဲ ဆွေးနွေးအကြံထုတ်ကြရတယ်။ တဖြေးဖြေးနဲ့ မူဝါဒကိုပြင်၊ တခြားအဖွဲ့အစည်းတွေက ခေါင်းဆောင်ကို ဘယ်လိုရွေးချယ်ကြသလဲဆိုတာ လေ့လာပေါ့။ အဖွဲ့အစည်းတိုင်းမှာ ပညာရေးနဲ့ဆိုင်တာ၊ ဆက်ဆံရေးနဲ့ဆိုင်တာ စတဲ့နယ်ပယ်အသီးက ခေါင်းဆောင်တွေလိုတယ်။

ဥပမာအားဖြင့် အခုဖြစ်နေတဲ့ ဝန်ကြီးတွေရဲ့ နောက်ကြောင်းကို လိုက်ကြည့်ပေါ့။ သမ္မတ စကောလားရတဲ့လူ ဘယ်နှစ်ယောက်ဝန်ကြီးဖြစ်လို့၊ ဘယ်နှစ်ယောက် အောင်အောင်မြင်မြင် အလုပ်လုပ်ပြနိုင်သလဲ။ ပြီးတော့ SAF စကောလားတွေ၊ နိုင်ငံက ထောက်ပံ့ထားတဲ့ စကောလားတွေ၊ နိုင်ငံခြားက ထောက်ပံ့ထားတဲ့ စကောလားတွေ အကုန်ကြည့်လိုက်၊ ဘယ်နှစ်ယောက် အောင်မြင်သလဲ။

ငါဆိုရင် စကောလားမဟုတ်ဘူး။ ဂျယကုမာလည်း စကောလားမဟုတ်ဘူး။ Wong Kan Seng ကတော့ ထောက်ပံ့ကြေးရတယ်။ ပြီးတော့ သာမန်ရှန်မူဂရက်တနန် ။ သူလည်း စကောလားမဟုတ်ဘူး။ သူ့ကို ဘာကြောင့် ငါတို့ရွေးခဲ့တာလဲ။ သူက LSE ပထမအဆင့် မအောင်ဘူး။ အလယ်တန်းပညာရေးပဲရှိတယ်။ ဒါပေမယ့် သူက လက်တွေ့အလုပ်လုပ်ပြနိုင်တယ်။

အစိုးရအတွင်းသတင်းတွေ သူ့ကြောင့်ပေါက်ကြားသွားတာတောင်မှ သူ့ကို အလုပ်ထုတ်မပစ်နဲ့၊ သတိပဲခေါ်ပေးထားလို့ ငါပြောခဲ့သေးတယ်။ နောက်ဆုံး သူအလုပ်လုပ်နိုင်တယ်ဆိုတာသိတော့ သူ့ကိုနိုင်ငံရေးထဲသွင်းပြီး ပုံချပေးလိုက်တယ်။ သူဆိုရင် ဘဏ္ဍာရေးဝန်ကြီးကောင်း၊ ပညာရေးဝန်ကြီးကောင်းတစ်ယောက် ဖြစ်ခဲ့တယ်။ သူက စကောလားမဟုတ်ဘူး။

ဒါကို ဘယ်လိုအဖြေရှာကြည့်ခဲ့ရသလဲ။ ဆင်ခြင်သုံးသပ်ကြည့်လိုက်၊ အတွေ့အကြုံယူလိုက်နဲ့ပဲ ခရီးဆက်ခဲ့ရတယ်။

အစကတော့ ပညာရေးကို အခြေခံပြီး ငါတို့ရွေးခဲ့ကြတယ်။ ဒါပေမယ့် သိပ်အလုပ်မဖြစ်တာတွေများတယ်။ ပညာတတ်ကြပေမယ့် အရည်အသွေးတွေ မရှိကြဘူး။ ကဲ ဒီပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲ။

နှစ်တွေကြာလာတာနှင့်အမျှ ငါတို့သိလာတာက General Electric ပဲဖြစ်စေ၊ IBM ၊ Microsoft ပဲဖြစ်စေ ခေါင်းဆောင်တဲ့လူက အခြေခံအရည်အချင်းတွေအားလုံး ရှိနေတယ်ဆိုတာပဲ။ တို့လည်း ဒီအတိုင်း ခေါင်းဆောင်ရွေးဖို့ ဆုံးဖြတ်လိုက်ကြတယ်။

အိုင်ကျူမြင့်တာက ကောင်းပါတယ်။ လိုလည်းလိုအပ်ပါတယ်။ ဒါပေမယ့် အိုင်ကျူက လိုအပ်ချက်တွေထဲက တစ်ခုပဲ။ သူ့မှာ EQ လိုတယ်။ ခေါင်းဆောင်မှုစွမ်းရည်၊ သက်လုံ၊ ဆုံးဖြတ်ချက်ခိုင်မာမှု၊ ဖြတ်ထိုးဥာဏ်ရှိမှု စတာတွေလိုတယ်။ ကိုယ်လုပ်တဲ့အလုပ် အောင်မြင်သလား၊ မအောင်မြင်ဘူးလားဆိုတာ ဒီအချက်တွေက အဆုံးအဖြတ်ပေးတယ်။

ငါနိုင်ငံရေးထဲစရောက်တော့ ကက်ဘိနက်ထဲမှာ ထိပ်တန်းအဆင့် ငါးယောက်ပါတယ်။ ကျန်တာတွေက သူလိုကိုယ်လိုပဲ။ ဒီတော့ အဲဒီထိပ်တန်းငါးယောက်ရဲ့ ပခုံးပေါ်မှာ တာဝန်တွေ ပုံကျနေတော့တာပဲ။ Goh Keng Swee ၊ Hon Sui Sen ၊ Lin Kin San ၊ ရာဇရတနန်တို့ကိုကြည့်။ သူတို့က ထိပ်သီးအဆင့်တွေ။ ကျန်တာတွေကတော့ သာမန်ပဲ။ Toh Chin Chye ဆိုရင် Ph.D ဘွဲ့ကြီးနဲ့။ သုတေသနလုပ်ရာမှာ သိပ်တော်တယ်။ ဒါပေမယ့် အလုပ်မဖြစ်ဘူး။ ဒါနဲ့သူ့ကို ဒုတိယဝန်ကြီးချုပ်ရာထူးကနေ ဖယ်လိုက်ရတယ်။ တကယ်တော့ သူကပါတီရဲ့ခေါင်းဆောင်ပဲ။ ဒါပေမယ့် ပြဿနာဖြစ်ရင် အကြောင်းအကျိုးညီညီ မရှင်းနိုင်ဘူး။ သူလုပ်တာတွေက အမှားတွေချည်းပဲ။

၁၉၆၄- ခု စက်တင်ဘာလမှာ ဒုတိယအကြိမ် အရေးအခင်းဖြစ်တော့ ငါက စင်ကာပူမှာမရှိဘူး။ ငါပြန်ရောက်တော့ အက်ဒီ ဘာကာ(Eddie Barker) ကပြောတယ်။ “သူသာ လူကြီးဆိုရင် ကျွန်တော် အစိုးရအဖွဲ့ထဲက ထွက်မယ်” တဲ့။

ဒါနဲ့ပဲ သူလည်းမျက်နှာမပျက်ရအောင် သူ့နေရာကို ဂိုကင်ဆွီးကို လွှဲပေးလိုက်ရတယ်။ ဂိုကင်ဆွီးက ဒီလိုပြဿနာမျိုးတွေကို ကောင်းကောင်းကိုင်တွယ်နိုင်တယ်။

ဒါကို ငါလူသိခံခဲ့သလား။ နိုးပဲ။

သူ့အားနည်းချက်တွေကို ငါတေးမှတ်ခဲ့သလား။ ရက်(စ်)။

ဒီလိုမှမလုပ်ရင် ငါတို့အားလုံး ဒုက္ခရောက်မှာ။ သူ့ကို ငါဆက်ဆံခဲ့တာကို အခြေခံပြီး ငါဘာလုပ်တယ်ဆိုတာ မင်းတို့ သဘောပေါက်နိုင်တယ်။ သူလုပ်ဆောင်ခဲ့တာတွေကို တန်ဖိုးမရှိအောင် ငါလျှောက်ပြောနေတာ မဟုတ်ပါဘူး။ ငါဆိုလိုတာက သူတော်တဲ့အပိုင်းမှာပဲ သူတော်တယ်ဆိုတာပဲ။

ဝန်ကန်စိန်က စကောလားမဟုတ်ဘူး။ ဂျယကုမာရက စကောလားမဟုတ်ဘူး။ ဒါပေမယ့် သူတို့က ကောက်ချက်ချတာပိုင်တယ်။ လူထုနဲ့ ဆက်ဆံတတ်တယ်။ ကဲ ဒါဆို ဘာကြောင့် ဝန်ကန်စိန်ကို ငါရွေးခဲ့သလဲ။

ဗီယက်နမ်ကလူတွေ လှေတွေနဲ့ ဒီကိုရောက်လာတော့ ကာကွယ်ရေးဝန်ကြီး ဂိုကင်ဆွီးကပြောတယ် “ဒီကောင်တွေကို ပြန်ပို့” တဲ့။ အဲဒီတုန်းကဆိုရင် ဝန်ကန်စိန်က အရူးတစ်ယောက်လို အလုပ်လုပ်တာ။ သူတို့စက်လှေတွေကို ပြင်ပေးတယ်။ သူတို့ကို ရေနဲ့ အစားအစာတွေ ဝေပေးတယ်။ သူတို့ကို ပြန်လွှတ်မှ ရမယ်။ နို့မဟုတ်ရင် စင်ကာပူနိုင်ငံ သူတို့နဲ့ပြည့်သွားမယ်။ သူက အလုပ်နဲ့ သက်သေပြတဲ့လူ။ သူ့မှာ အဲသလိုအရည်အချင်းရှိတယ်။ အမှန်ကို မြင်နိုင်တယ်။ စဉ်းစားတတ်တယ်။ လက်တွေ့အလုပ်လုပ်တယ်။

မေး။      ။ နိုင်ငံရေးမှာ ဒီလိုစွမ်းဆောင်နိုင်တဲ့ပုဂ္ဂိုလ်တွေကို ဘယ်လိုသိအောင်လုပ်၊ ဘယ်လို ရှာဖွေထုတ်တယ်ဆိုတာကို သိချင်တဲ့သာမန် စင်ကာပူလူငယ်တွေကို မစ္စတာလီ ဘယ်လိုပြောမလဲ။
ဖြေ။      ။ လူတော်လူစွမ်းတွေအားလုံး ငါတို့တွေ့ခဲ့တယ်လို့ ငါမပြောပါဘူး။ ငါပြောတာက အရည်အချင်းရှိသူတွေကို ရှာဖွေပြီး သူတို့ဆီရှိနေတဲ့ အရည်အချင်းတွေကို ရအောင်ထုတ်ယူတယ်လို့ ပြောတာပါ။ Chaing Hai Ding ဆိုရင် တကယ့်သမိုင်းပညာရှင်၊ နောက်ဆုံးသူ့ကို သံအမတ်ပဲခန့်လိုက်ရတယ်။ ဝန်ကြီးကောင်းဖြစ်မလာဘူး။ Tan Eng Liang ဆိုရင်လည်း ငါတို့ ပယ်ပစ်ရတယ်။ နောက်ဆုံးတော့ ကိုယ့်စွမ်းရည်နဲ့ လုပ်ဆောင်ချက်သာ အဓိကကျတာပါ။ ပညာရေးအဆင့်အတန်းနဲ့ ဘာမှမဆိုင်ဘူး။

မင်းမှာ အရည်အချင်းရှိသလား။ ဒါဆို မင်းမှာ အခွင့်အရေး (၅၀) ရာခိုင်နှုန်းကျော်တယ်။ သူတို့ အလုပ်လုပ်နေစဉ်မှာ တကယ်စွမ်းတဲ့လူတွေက သက်သေပြသွားကြတယ်။ ဒါကြောင့် ဒီနိုင်ငံရေးက အိုင်ကျူတင်မဟုတ်ဘူး။ မင်း အိုင်ကျူကို လက်တွေ့ဘယ်လောက် အသုံးချနိုင်သလဲ ဆိုတာပဲ။


ရေပေါ်ဆီ ( ၂း ၂ )

 ဇင်ဝေသော်