အာရှတန်ဖိုး ၃ ခု

၁။ လူ့ အကြိုက် နတ်လိုက်နိုင်ပြီ သို့သော်
မလေးရှားနိုင်ငံ ပီနန်မြို့ နားမှာရှိတဲ့ တောင်ကုန်းပေါ်က The God of Wealth နတ်ကျောင်းမှာ စတင်ခဲ့တာပါ။ လှပတဲ့ ရှုခင်းတွေကို တဝကြီး ကြည့်နိုင်ပေမယ့် ရောက်လာသူတိုင်းကတော့ ရှုခင်းတွေထက် ဂဏန်းလေးလုံး ရဖို့ပဲ စိတ် ဝင်စားကြပါသတဲ့။ လာတဲ့လူဦးရေ များတာရယ် ရောက်လာသူတိုင်းကလည်း ဂဏန်းလေးလုံးပဲ တောင်းတာရယ်ကြောင့် ကျောင်းထဲက နတ်က လူ့အလိုကို မလိုက်နိုင်တော့ပါဘူး။ ဒါ့ကြောင့် ဉာဏ်ကြီးတဲ့ ဂေါပက ဥက္ကဋ္ဌက နတ်ရုပ်အောက်မှာ ဂဏန်းလေးလုံး ခလုပ်နှိပ်တိုင်း ရနိုင်တဲ့ ( Computerize )လျှပ်စစ် ပစ္စည်းလေး ထည့်ပေးထားလိုက်ပါတယ်။ နတ်ကို ကန်တော့၊ ပြီးရင် ခလုတ်ကိုနှိပ်၊ ဂဏန်း လေးလုံးရ။ မလေးတရုတ်တွေ တော်တော် သဘောကျ ကြတယ်လို့ သိရပါတယ်။ ဒါ့ကြောင့် လူ့ အကြိုက် နတ်လိုက်နိုင်ပြီ သို့သော် အိုင်တီ အကူအညီ နဲ့ လို့ ဆိုရမှာပါ။

၂။ အိန္ဒိယအကြိုက် ဖီဖာ ( ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် ) မလိုက်နိုင်
၁၉၅၀ ခု ဝန်းကျင် ကမ္ဘာ့ဖလားဘောလုံးပွဲတွေ စတင် စ တုန်းကပါ။ ဘောလုံးပွဲတွေ ဒီလောက် ခေတ် မစားသေးသလို နိုင်ငံတွေကလည်း ၀င်ပြိုင်ဖို့ စိတ် မဝင်စားကြသေးပါဘူး။ အဲဒီတော့ ဗြိတိရှ ငယ်မွေးခြံပေါက် အိန္ဒိယကို ကမ္ဘာ့ဖလားဘောလုံး ပြိုင်ပွဲ ဝင်ရောက် ၀င်ပြိုင်ဖို့ ဖီဖာက ဖိတ်ကြားခဲ့ပါတယ်။ ဒါပေမယ့် အိန္ဒိယက တောင်းဆိုတာကို မလိုက်လျောနိုင်လို့ ဖီဖာ လက်လျော့ခဲရပါတယ်။ အိန္ဒိယတောင်းဆိုတာက တကယ်တော့ လွယ်လွယ်လေးပါ။ " ဘောလုံးကန်စဉ် ဘယ် အသင်းမှ ဘောကန် ဖိနပ် မစီးရ၊ မဇ္ဈိမသားတို့လို ခြေ ဗလာ ဖြင့်သာ ကစားရမည် " တဲ့။ ( ရွှေဓူဝံ ကလည်း လက်အိပ်ကြီးတွေ မပါဘဲ လက်ဝှေ့ထိုးဖို့ ဂျမနီ မှာ စိန်ခေါ်ခဲ့ပါသေးတယ်၊ တစ် ကမ္ဘာလုံး ကြောက်လို့ ဘာသံမှ မထွက်ခဲ့ပါဘူး )

၃။ လူ့အကြိုက် ပန်းပုဆရာလိုက်နိုင် သို့သော်
ဒါကိုတော့ မန္တလေး၊ ရတနာပူရ မြို့တော် မန္တလေးတောင်ခြေ ဘိုးဘိုး ကြီးဆီကို ပြန်သွားရပါမယ်။ ဉာဏ် အမြော်အမြင်ကြီးတဲ့ လူရည်လည် တစ်ယောက်က တောင်ခြေမှာ လူတွေ ကိုးကွယ်ဖို့ ဘိုးတော်ရုပ် တစ်ရုပ်လောက်ရှိရင် ဘစ်စနစ် အိုကေ လောက်တယ် ဆိုပြီး နာမည်ကြီး ပန်းပုဆရာထံ သွားပြီး ဘိုးဘိုး ကြီး ရုပ်တု ထုပေးဖို့ အပ်ပါတယ်။ ဘိုးဘိုး ကြီး ရုပ်တုက ဟုတ်ပါပြီ ဘယ်ပုံစံ ထုရမှာလည်း ဆိုတော့ နှစ်ယောက်စလုံး မြင်မှ မမြင်ဖူးကြတာ ဘယ် သိကြပါ့မလဲ။ ဒါနဲ့ အလုပ်လာအပ်တဲ့လူက ဘယ်သူနဲ့ တူတူ ဘိုးတော်ပုံ ပေါ်ရင် ပြီးတာပဲ လို့ ဖြေသတဲ့။ ကြံရာ မရတဲ့ အဆုံး ပန်းပုဆရာက သူ့ပုံကို မုတ်ဆိတ်မွှေးတပ်ပြီး ထုပေးလိုက်တော့တယ်။ အခုတော့ ကားအသစ်ဝယ်လို့ တောင်ခြေ ဘိုးဘိုး ကြီးကို မပြမိရင် ကားတိုက်မှု ဖြစ်သတဲ့။ အစပိုင်းတော့ ပန်းပုဆရာက ရယ်နေတာပေါ့။( နောက်ပိုင်းတော့ သူလည်း မရယ် နိုင်တော့ဘူး၊ သူကားဝယ်တော့ သူကိုယ်တိုင် တောင်ခြေက ဘိုးဘိုး ကြီးဆီ သွားပြခဲ့ရသေး သတဲ့။ ဒါမှ အန္တရာယ် ကင်းမှာ မဟုတ်လား။) ဟား ဟား။

( ၃ က သီဟနာဒ မိန့်တာပါ၊ မန္တလေးမြို့၊ ချမ်းသာကြီး ဆရာတော် ဦးဇောတိကာဘိဝံသ ဆီမှာ ဆန်း စာဝါ လိုက်ရင်း ဆရာတော်ရဲ့ ဩဝါဒကို မှတ်သား ခဲ့ရတာလို့ ပြောပါတယ်။ ဒါပေမယ့် ကွင်းစ ကွင်းပိတ်ထဲက စာသားကတော့ သူ ဖြည့်ထားတာ တဲ့။ ရယ်သံကတော့ သူနဲ့ ကျနော်ရယ်လိုက်လို့ ပေါင်းထွက်လာတဲ့ ကို အော်ပိုရိတ် အသံပါ )


ဇင်ဝေသော်

"စာဖတ်သူ အသံ - ပေါက်တတ်ကရ မှ ပေါက်တတ်ကရ သို့"

စာဖတ်သူ တစ်ယောက်ထံမှ  ပေါက်တတ်ကရ အင်တာဗျူး အတွက် ပေါက်တတ်ကရ ပြန်စာတစ်ဆောင် ရရှိခဲ့ပါတယ်။ နာမည်ကိုတော့ မပြောတော့ပါ၊ သူမနာမည် ခရစ္စတယ် ဖြစ်ပါတယ်။ ဖတ်ကြည့်ပါ။

နံပါတ်(၁) ကြက်ဥ အတု ထုတ်လုပ်နိုင်ပြီမှန်း မသိလို့ ကိုလံဘတ် စွန့်စားခဲ့တာပါ။

နံပါတ်(၂) လူ့အခွင်းအရေးတောင်းဆိုတဲ့ ခေတ်မဟုတ်လို့ ဝေဿန္တရာက မိဖုရားကို လှူလိုက်တာ၊ တကယ်ဆိုရင်  ဝေဿန္တရာကို မိဖုရားက လှူလိုက်ရမှာ။

နံပါတ်(၃) အမှန်တော့ ရေသည်ယောက်ျားဇာတ်လမ်းက လူသေ လူဖြစ်ဝါဒကို ပြနေတာ၊ ရေထမ်းယောက်ျားဘဝက မင်းကြီးကြွလာတာကို စိတ်စွဲပြီး သေတော့ သူလည်း ဘုရင်ဖြစ်လာတယ် ကိုင်း ဘယ်နှယ့်ရှိစ။

နံပါတ်(၄) သိပ်လွယ်တာပဲ လွယ်လွန်းတာတောင် သူ့လောက် မလွယ်ဘူး၊ ပီအာရထားပြီးသား ဘဲတစ်ဗွေကို လက်ထပ်လိုက်ရင် ပြီးရော။ ကဲ ....( တကယ်က ပန်ဒါလည်း ပီအာ ပဲလေ၊ ဘဲ အစားထိုးချင်ရင် ပြောပါတယ် )

သရဲကြီးလ နှင့် နံရံ၏ အခြားတစ်ဖက် သုတ္တန်

သရဲကြီးလ ဟူသည် တရုတ်လူမျိုးများ လူနာ ( လ ကို အခြေခံ တွက်ချက်သော ) ပြက္ခဒိန်၏ ၇ လမြောက် လ ဖြစ်သည်။ ( ယခု နှစ်အတွက် ယခု လ ဖြစ်သည် ) နံရံ၏ အခြားတစ်ဖက် သုတ္တန် ဟူသည် တိရောကုဋ္ဋ သုတ်တည်း။ ( တီရ ဟိုမှာဖက်၊ ကုဋ တံတိုင်း၊ နံရံ ) ဘုရင် ဗိမ္ဗိသာရ၏ ဆွေမျိုး ပြိတ္တာများကို အကြောင်းပြု၍ ဟောခဲ့သော သုတ် ( သို့ ) ဆာနေသော ပြိတ္တာ သရဲများ ( Hungry ghosts ) ရှိသည်ဟု ထောက်ခံထားသော သုတ်လည်း ဖြစ်သည်။

စာပေ၌ တိုက်ရိုက် မလာသော်လည်း သရဲကြီးလ ရှိနိုင်၏ ဟု ယုံကြည်လိုက ယုံကြည်လို့ရသည်၊ မယုံကြည်က မယုံဘဲလည်း နေလို့ရသည်။ သို့သော် လူ့ ဘဝ ကတည်းက ဤ ( ၇ လမြောက် သရဲကြီးလ )သညာကို စွဲစွဲ မြဲမြဲ ယူထားလျှင် သရဲ ဖြစ်ရာ၌လည်း အချိန် သိပ်မကြာသေးလျှင် ဤသညာက မပျောက်လောက်သေး ပေ။ ထို့ကြောင့် မယုတ် မလွန် ရှိတန်ရာ၏ ဟုသာ ဆိုချင်သည်။ ကိစ္စ မရှိ။ ဆွေးနွေးလိုသည်က လူမျိုးခြား သာသနာပြု ကိစ္စ ဖြစ်သည်။ သဘော မတူလျှင် ခွင့်လွှတ်ကြပါလော့။

လူမျိုးခြား သာသနာပြုဟူသည် မိမိယဉ်ကျေးမှူကို ဇွတ်အတင်း မိတ်ဆက်ခြင်းထက် သူ့ ယဉ်ကျေးမှူထဲသို့ ဘုရား အဆုံးအမ ထိုးထည့်ပေးခြင်းဖြစ်သည်။ ရှင်းရန်လိုလမ့်မည်။ လူမျိုးတိုင်း၌ ယဉ်ကျေးမှူရှိ၏၊ ထို့ကြောင့် သူတို့က ယဉ်ကျေးမှူကို မလို ဘုရား အဆုံးအမသာ လို၏။ ဤအချက်ကို သဘော ပေါက်လျှင် လူမျိုးခြား သာသနာပြုရာ၌ ပို၍ ခရီးပေါက်မည် ထင်သည်။ ( ကိုယ်တိုင်လည်း ဘာမှတော့ မဟုတ် ) ဤ၌ ပြည်ပ သာသနာပြု နှင့် လူမျိုးခြား သာသနာပြု မတူကြောင်း သတိထားသင့်သည်။ ပြည်ပ သာသနာပြု အောက်၌ ပြည်ပရောက် မြန်မာများ ပါဝင်၏။



ပုဂံ သမိုင်းကို ကြည်ရာ ရှင် အရဟံကြောင့် ထေရဝါဒ သာသနာ ရောက်သွားသော်လည်း ရှေးရိုးစွဲ နတ်၊ တန္တရ၊ မန္တရ တို့ မပျောက်ကွယ် ခဲ့။ ဘုရင် အနော်ရထာက အတင်း အကျပ် မကိုင်တွယ်သောကြောင့်ဟု သမိုင်းပညာရှင်တို့ ဆိုသည်။ သို့သော် ဘာသာရေးဆိုင်ရာ ဩဝါကများက ရှင်အရဟံ ထံမှ ရသည်၊ ရှင်အရဟံက လမ်းညွှန်လျှင် ထေရဝါဒ သာသနာအပေါ် သည်းချေခိုက်နေသော ဘုရင် အနော်ရထာက ရှင်အရဟံ၏ ဩဝါဒကို မသွေဖီ တန်ရာ။ သို့သော် ( သို့သော်တွေများနေပြီ၊ သို့သော် လိုနေ၍ သုံးဦးအံ့ ) ပညာမြင့်လာလျှင် ကိုးကွယ်မှုလည်း မြင့်လာမည် ဟု ၂၁ ရာစုဆန်ဆန် ဘုရင် အနော်ရထာသုံးသပ်ခဲ့သည်။

ဆိုလိုသည်မှာ ရှေးရိုးစွဲ အသည်းခိုက် ယဉ်ကျေးမှုတို့ကို ဒေသနာနှင့် လုံးလုံး လျားလျား မဆန့်ကျင်လျှင် သာသနာပြုတို့ ကိုယ်တိုင်ကပင် သူတို့ ယဉ်ကျေးမှုကို ဝေဖန် ပုတ်ခတ်နေမည့်အစား ဒေသနာနှင့် ညှိကာ ပို၍ အဓိပ္ပါယ်ရှိသော ယဉ်ကျေးမှုဖြစ်အောင် လမ်းညွှန်တတ်ကြသည်။ တရုတ်တို့ သရဲကြီးကိစ္စ ဆိုလျှင် အနော်ရထာ မဆိုထားနှင့် အလွန် ရက်စက်သော တရုတ်ကွန်မြူနစ်ပင် လက်မြှောက်ရသည်။ မရပါ။ ထို့ကြောင့် အနော်ရထာမှန်သည်။ လူထု နှလုံးသားထဲက အစိမ်း အကျက် နတ်တို့ကို အနော်ရထာလည်း ဆွဲမထုတ်နိုင်။ သူတို့ အသိဉာဏ်ကသာ ဆွဲထုတ် နိုင်ပေမည်။ အတုယူလိုက ယူလို့ရသည်။



တရုတ်လူမျိုးများ လူနား ပြက္ခဒိန်၏ ၇ လမြောက် လ ဖြစ်သည့် သရဲကြီးလ ကို သီဟိုဠ် ဆရာတော်ကြီး တစ်ပါးက " စုပေါင်း ရေစက်ချပွဲတော်- General Transferring of Merits " ဟု သုံးလိုက်သည်။ ဘာကိုမှ မီးရှို့ရန်မလို၊ ဘုရားဆွမ်းကပ်၊ သံဃာများကို ဆွမ်းကပ် သင်္ကန်းလှူ၊ ကောင်းမှုများ ပြု၊ ထိုထို ပြိတ္တာတို့ကို ရေစက်ချ အမျှဝေပေးကြ။ သံဃာတော်တို့က တိရောကုဋ္ဋ သုတ်ကို ရွတ်ဘတ် သရဇ္ဈာယ်တော်မူကြသည်။ တရုတ်လူမျိုးများလည်း ယဉ်ကျေးမှုကြောင့် ပျက်ရယ်ပြု မခံရ၊ လူသားများလည်း ဒေသနာနှင့်အညီ ကုသိုလ် ပြုခွင့်ရ၊ စာအုပ်ထဲမှာ လှောင်ပိတ်မိနေသော တိရောကုဋ္ဋ သုတ်လည်း သံဃာတော်တို့ နှုတ်၊ နှလုံးသားထဲရောက်၊ လူတို့လည်း ပါဠိတော် စစ်စစ် နာကြားခွင့်ရ ( ရဟန်းစီ လူစီသော ဂါထာမဟုတ်၊ ဘုရားသီခဲ့သော ဂါထာ အစစ်များ ဟု ဆိုလိုသည် )။ အလွန် ပညာပါပြီး အလွန်လည်း ကျေးဇူးများ၏။ တရုတ်မှာ၊ဂျပန်မှာ၊ အမေရိကန်မှာ၊ မြန်မာမှာ ရှေးဟောင်း ယဉ်ကျေးမှုများရှိကြ၏။ မတူကြ။ သို့သော် ဒေသနာက တူ၏။ လူမျိုးခြား သာသနာပြုဟူသည် အဆုံးအမ က ရှေ့က သွားမှ ခရီးတွင်သည်။ ယဉ်ကျေးမှုများက ရှေ့ကသွားနေလျှင် ထိုဝန်ကြောင့် ဒေသနာပင် တိုးအား လျော့သွားတော့သည်။ နိုင်ငံခြားသားများက ငါးပါးသီလပဲ ယူမည်။ ဩကာသ ကိုတော့ လိုက်ဆိုနေမည် မဟုတ် ဟူလို။

ဤစာဖြင့် ကျေးဇူရှင် ဆရာတော် မဟာဝီရ အား ဦးညွတ်ပါ၏။ တရုတ်သရဲ၊ မြန်မာသရဲ၊ သူရဲပေါင်းစုံ တိရောကုဋ္ဋ သုတ်ကို နာကြားခွင့်ရပြီး ကျွတ် လွတ်ကြပါစေ။


သီဟနာဒ

နားဝင်မချို (၈) "လူတော်တွေနှင့် အားနည်းချက်"

လီကွမ်းယုရဲ့ Hard Truths (to keep Singapore going) ထဲက သင့်တော်မယ့် အပိုင်းတွေကို ရွေးပြီးဘာသာပြန်ထားတာပါ။ သူ့အတွေးအခေါ်၊ သူ့လုပ်ဆောင်ချက်တွေ အရင့်အရင် စာအုပ်တွေမှာ တချို့ပါခဲ့ပေမယ့် ဒီစာအုပ်ကတော့ လူငယ်ဂျာနယ်လစ်တွေနဲ့ တွေ့ဆုံမေးမြန်းထားတဲ့ အင်တာဗျူးဖြစ်ပြီး အမေးအဖြေပုံစံဆိုတော့ ပိုပြီးသွက်နေတယ်လို့ ခံစားရလို့ပါ။ တစ်စုံတစ်ရာ ရနိုင်ကောင်းပါရဲ့လို့ မျှော်လင့်မိပါတယ်။
ဇင်ဝေသော်


မေး ။     ။ လမ်းချော်သွားစေနိုင်တယ်ဆိုတာ ဘယ်လိုဟာမျိုးတွေပါလိမ့်။

ဖြေ ။    ။ ငါ့အလုပ်က လူငယ်အမတ်တွေကို ကူညီပေးဖို့ပဲ။ ငါက သိပ်အရေးမကြီတော့ဘူး။ အမတ်တွေရွေးရာမှာတော့ ငါနည်းနည်းပါတယ်။ ဝန်ကြီးချုပ်တွေဖြစ်ခဲ့ကြတဲ့ ဂိုချောက်တောင် နဲ့ လီရှန်လွန်းတို့က ဝန်ကြီးတွေရွေးချယ်ရာမှာတော့ ငါလုံးဝမပါတော့ဘူး။ သူတို့ပဲ ဆုံးဖြတ်တယ်။ တကယ်တမ်းပြောရရင် အခြေအနေတော်တော်များများမှာ ငါဝင်ပြောဖူး တာတွေ ရှိတယ်ကွ။ ဒီလူ့ကိုတော့ ဝန်ကြီးမရွေးသင့်ဘူး။ သူဟာ တန်းမမီဘူး ဆိုတာမျိုးတွေပေါ့။ ငါပြောပေမယ့် သူတို့ဘာသာသူတို့ ဆက်လုပ်တာတွေရှိတယ်။ တစ်ချို့က ကာရိုက်တာမခိုင်ဘူး။ အမျိုးသမီးတစ်ယောက်ဆိုရင် ငါးစိမ်းသည်ဆီသွားပြီး လက်ဆွဲနှုတ်ဆက်တယ်။ ပြီးတော့ ချက်ချင်းလက်ဆေးတယ်။ စည်းရုံးရေးဆင်းပြီဆိုရင် စားသောက်ဆိုင်တွေ (hawker centres ) ကိုလည်း သွားရတယ်။ လက်ဆွဲနှုတ်ဆက်ရတယ်။ တစ်နေ့တာ ပြီးဆုံးပြီဆိုမှ ဆပ်ပြာနဲ့လက်ဆေးပေါ့ကွာ။ မဟုတ်ဘူးလား။ လူထုရှေ့မှာ ဒီလိုမှ လိုက်လျောညီထွေမရှိနိုင်ရင် လူထုကို စာနာပါတယ်၊ နားလည်ပါတယ်လို့ ဘယ်လိုပြလို့ ရပါတော့မလဲ။

မေး ။     ။ ဒီစစ်စတန်ကြီးတစ်ခုလုံးကို တည်ဆောက်ခဲ့သူတစ်ယောက်အနေနဲ့ ဝန်ကြီးတွေကို အားနည်းချက် အနေနဲ့ ထောက်ပြ ထားခဲ့ချင်တဲ့ အချက်တွေများ မရှိဘူးလား။ ရှိရင်ဘာတွေလဲ။

ဖြေ ။    ။ အားနည်းချက်က လူတော်တွေ နိုင်ငံရေးဝင်လိုစိတ် မရှိတာပဲ။ နိုင်ငံခြားပညာရှင်တွေ ဝင်လာတာရှိတယ်။ ဒါပေမယ့် စီးပွါရေးတစ်ခုလုံးကို ကောင်းကောင်း လည်ပတ်နိုင်ဖို့ကတော့ လူတော်တွေလိုနေတုန်းပဲ။ အဖွဲ့တစ်ဖွဲ့မှာ လူတော် တစ်ထောင်လောက် ရှိမယ်။ သူတို့ကို စီမံခန့်ခွဲရေး၊ ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ အခြားပညာရှင်တွေရဲ့ အလုပ်တွေဆီဖြန့်ပြီး လွှတ်လိုက်နိုင်တယ်။ ဒီလိုပြန့်ပွါးနှုန်းက တော်တော်နည်းနေတယ်။ ဒီအတွက် ဘာတွေလိုမလဲ။ တစ်က- သဟဇာတဖြစ်မှု၊ နှစ်က- တာဝန်ကျေမှု၊ သုံးက- စွမ်းဆောင်ရည်ရှိမှုနဲ့ လေးက- လူထုနဲ့ တသားတည်းဖြစ်ပြီး လူထုကိုပါ အပါခေါ်နိုင်မှု၊ နံပါတ်လေးက အရေးအကြီးဆုံးပဲ။

ဆရာဝန်တွေ နိုင်ငံရေးထဲ ဆွဲသွင်းရတာတွေရှိတယ်။ ဥပမာ- ဒေါက်တာ Janil Puthucheary, Duke တက္ကသိုလ်ဒိန်း ကပြောတယ်။ “ဒီလူကို ဆေးကောလိပ်ရဲ့ ဒိန်းတစ်ယောက်အနေနဲ့ ကျွန်တော်မြင်ထားခဲ့တာ” တဲ့။ ဆေးပညာရပ်နဲ့ပတ်သက်ပြီး အိုင်ယာလန်၊ အင်္ဂလန်၊ သြစတေးလျမှာ ၁၅- နှစ်ကြာအောင် သူအလုပ်လုပ်ခဲ့ပြီးပြီ။ တော်တော် တော်တဲ့လူပဲ။ အခု သူ KK ( မိခင်နှင့်ကလေးစောင့်ရှောက်ရေး) ဆေးရုံမှာ လုပ်နေတယ်။ တို့သူ့ကို ဆွဲထုတ်ယူရမလား။ Balaji (ဗလကြီး) ကို တို့ဆွဲထုတ်ကြည့်တယ်။ သူသိပ်မလိုက်နိုင်ဘူး။ ဒါပေမယ့် သူဆက်ကြိုးစားမယ်လို့ပြောတယ်။ ပြီးတော့ အန် အိန်ဟန်ကို ဆွဲထုတ်တယ်။ ဗီဗီယံ ဗလဘရစ်ရှနန်ကို ဆွဲထုတ်တယ်။ သူတို့အောင်မြင်တယ်။ ဒါပေမယ့် ဒါဟာ ဆုံးရှုံးမှုပဲ။ သူတို့ဟာ ကင်ဆာနဲ့ မျက်စိခွဲစိတ်ကု ဆရာဝန်တွေအဖြစ် နှစ်ပေါင်းများစွာ လေ့လာခဲ့ရတာ။ အစောကြီးကတည်းက စီးပွါးရေးနဲ့စီမံကဏ္ဍထဲကို ရောက်ခဲ့ရင် ဒီထက်အများကြီး သာနိုင်တယ်။

လာမယ့် ၁၅-နှစ်၊ အနှစ် ၂၀- ကိုကြည့်။ အသက်ကြီးရွယ်အို ပြဿနာရှိနေတယ်။ ဒါက အရေးကြီးတဲ့ ပြဿနာပဲ။ စီးပွါးရေးသာ အားကိုးမနေဘူးဆိုရင် ဒီတာဝန်ကြီးက အလုပ်လုပ်နေတဲ့ စင်ကာပူးရီးယန်းတွေရဲ့ ပခုံးပေါ်မှာ သိပ်ပြီးလေးလံနေမယ်။ ဒါဆိုရင် လူတော်တွေက တခြားနိုင်ငံကို ထွက်သွားကြမှာပဲ။

ဒါဆို အတိုက်အခံပါတီက စင်ကာပူမှာ ရွေးစရာမရှိတော့ဘူးလို့ ပြောမှာပဲ။ လူသားအရင်းအမြစ်မှာ အမေရိက၊ သြစတေးလျတို့ရှိတဲ့ အချိုးလောက်တို့မှာ မရှိဘူး။

မေး ။     ။ဆိုလိုတာက ဘယ်အတိုက်အခံကမှ အခြားရွေးချယ်စရာတစ်ခုအဖြစ် ဖန်တီးမပေးနိုင်ဘူးဆိုတာလား။

ဖြေ ။    ။ ရှိကော ရှိနိုင်ရဲ့လား။ ငါတော့ မမြင်မိဘူး။ ဖြစ်နိုင်တာက ပီအေပီ နှစ်ခြမ်းကွဲသွားတာပဲ။ အကျိုးရှိနိုင်မလား။ တစ်ပါတီ၊ ရွေးကောက်ပွဲနှစ်ခုအပြိုင်။ ဒီတော့ ဘာဖြစ်မလဲ။ အတိုက်အခံက ပြန်ဝင်လာမှာပေါ့။ အတိုက်အခံပါတီထဲမှာ ဘေးထွက်တော့ ထိုင်မနေဘူး။ ပီအေပီတစ်ခြမ်းထဲကို ဝင်လိုက်မယ်။ အဓိပ္ပါယ်လုံးဝ မရှိဘူး။ တို့မှာ အရည်အချင်းရှိတဲ့လူ အဲသလောက်မများဘူး။

မေး ။     ။လုံးဝ မပြောင်းလဲသင့်တဲ့ နိုင်ငံရေးမူဝါဒတွေက ဘာတွေလို့ထင်ပါသလဲ။

ဖြေ ။    ။ အခြေခံအကျဆုံးတွေကတော့ လူမျိုးပေါင်းစုံ ညီညွတ်စွာနေထိုင်ရေး (Multiracialism) အခွင့်အရေးတန်းတူညီမျှရှိရေး။ ဒါပေမယ့် အကျိုးအမြတ်ကတော့ မတူနိုင်ဘူးပေါ့။ ပညာရေး၊ ကျန်းမာရေး၊ အိမ်ယာပိုင်ဆိုင်မှုမှာ အခွင့်အရေးအညီအမျှရှိရေး စတာတွေပဲ။ ပြီးတော့ လုပ်ရည်ကိုင်ရည်အပေါ်မှာ ဆုံးဖြတ်တဲ့ meritocracy ။ ဒါတွေဟာ အပြန်အလှန် ဆက်ဆံရေးဟာမိုနီနဲ့ ယုံကြည်မှုဘာသာအချင်းချင်း နားလည် သည်းခံခြင်းတွေရဲ့ အဓိကအချက်တွေပါပဲ။

မေး ။     ။အမြဲတမ်း အထွတ်အမြတ်တင်ထားရမဲ့ တန်ဖိုးတွေရော ရှိနိုင်မလား။

ဖြေ ။    ။ လူနည်းစုရဲ့ ကိုယ်စားလှယ်တွေ မွေးယူရမယ်။ ဒီအတွက် နည်းလမ်းနှစ်မျိုး သုံးနိုင်တယ်။ ကိုတာနဲ့ကိုယ်စားလှယ်တွေ ရွေးချယ်ခြင်း။ ဒါဆိုရင် မလေးတွေရဲ့ စရိုက်နဲ့ အခွင်းအရေးကို ပါတီတွေ ကျင့်သုံးလာဖို့ အားပေးသလိုဖြစ်လာမယ်။ ဒါမှမဟုတ် သူတို့ကို ပါတီပြောင်းခွင့်ပြုဖို့။ ဒါကပိုပြီး ပညာပါတယ်လို့ ငါထင်တယ်။ မလေးရှားမှာဆိုရင် မလေးလူမျိုးတွေရဲ့ မဲတွေပိုရဖို့ တရုတ်နဲ့ အိန္ဒိယလူမျိုးတွေထက် မလေးဦးရေတွေ ပိုများအောင်လုပ်တယ်။ လုပ်နည်းက တရားမဝင်နေထိုင်နေတဲ့ မလေးတွေကို တရားဝင်ဖြစ်အောင် လုပ်ပေးတာပဲ။ အဲသလိုဆိုရင် မလေးရှားထဲက ထွက်သွားတဲ့တရုတ်၊ အိန္ဒိယန်းတွေက ဘယ်တော့မှ ပြန်မလာတော့ဘူး။

ဒီစနစ်ကို ငါတို့ မကျင့်သုံးဘူး။ meritocracy ထွန်းကားဖို့ သေသေချာချာ ပြင်ဆင်ထားရတယ်။ ဒါကို ထိပါးလာနိုင်တဲ့ အခြေအနေမျိုးမှာ သမ္မတက ဝင်ရောက်ထိန်းသိမ်းပေးဖို့လည်း ဗီတိုအာဏာ သမ္မတကို ပေးထားရတယ်။ ငါတို့မှာ ရွေးစရာသိပ်မရှိဘူး။

အကြောင်းတစ်ကြောင်းကြောင့်ပဲဖြစ်ဖြစ်၊ အများကြီးကြောင့်ပဲဖြစ်ဖြစ် မဲဆန္ဒရှင်တွေက နောက်ထပ်ပါတီအသစ်ကို မဲပေးကြည့်ရအောင် ဆိုတာမျိုးလည်း ရှိလာနိုင်တယ် ဆိုတာကိုလည်း ထည့်သွင်းစဉ်းစားထားရတယ်။ နိုင်ငံတော်ရဲ့ စီးပွါးရေးမထိခိုက်စေပဲ တစ်နှစ်၊ နှစ်နှစ်၊ သုံးလေးနှစ်အတွင်းမှာ အတိုက်အခိုက်ပါတီ ပေါ်ပေါက်လာမယ်ဆိုရင်လည်း တို့သဘောကတော့ ရှိပါစေပဲ။ ဒါပေမယ့် ဒါက စီးပွါးရေးရင်းနှီးမြှုပ်နှံသူတွေကြား အသံဗလံတွေ ထွက်လာစရာတော့ ရှိတယ်။ အစိုးရအသစ်က ငါတို့ချမှတ်ထားတဲ့ မူဝါဒအသစ်ကနေ မသွေဖီဘူးဆိုရင်တောင် စီပွါးရေးအကျပ်အတည်းကြားက ငါတို့ လွတ်မြောက်လာသလိုမျိုး လွတ်မြောက်ဖို့ မလွယ်ဘူးထင်တယ်။ ဒါက သတိကြီးကြီး ထားရတယ်။ စွမ်းနိုင်တဲ့ပုဂ္ဂိုလ်တွေ စုဝေးပြီး ဆွေးနွေးမှရတယ်။ ပြဿနာတော့ တက်နေပြီ။ ဒီပြဿနာ ဘယ်လောက်ကြမယ်မသိဘူး။ ဒါဆို အရေးအကြီးဆုံးက ဘာလဲ။ အလုပ်ပဲ။ သူတို့ အလုပ်ရှိရင် လစာရှိနေမယ်။ ဒါဆို အဆင်ပြေတယ်။ ဒါဆိုရင် စင်ကာပူးရီးယန်းတွေ အလုပ်ရှိနေဖို့ ငါတို့ ဘာလုပ်ကြမလဲ။ ဒီအတွက် ဘေးဖယ်ထားတဲ့ ရံပုံငွေရှိတယ်။ အကျပ်အတည်းကာလမှာ တို့က ဒီငွေတွေနဲ့ သူတို့ကို ထောက်ကန်ထားပေးတယ်။ လိုအပ်ရင် တစ်နှစ်၊ နှစ်နှစ်၊ သုံးနှစ်အထိ ငါတို့ ကျားကန်ပေးထားလို့ရတယ်။ ဒီတာဝန်တွေကို လူမှုဝန်ထမ်းတွေ လုပ်တာလား။ မဟုတ်ဘူး။ ဝန်ကြီးတွေလုပ်တာ။ သူတို့က လူမှုဝန်ထမ်းခေါင်းဆောင်တွေနဲ့ ဆွေးနွေးညှိနှိုင်းတယ်။ အလုပ်ဖြစ်မလား။ ဒါက အလုပ်သမားတွေကို တာဝန်တွေ၊ စိတ်တွေ ပိုဖိစီးစေမလား။ ခဏနား၊ ထပ်စဉ်းစား။ ကွင်းဆင်းပြီး လက်တွေ့စမ်းသပ်။ ပြီးတော့ သူတို့ကပြောတယ်။ ရပြီ၊ စကြစို့။ ကောင်းပြီ၊ မင်းတော့ အလုပ်ခဏနား၊ ထပ်ပြီး လေ့ကျင့်ရဦးမယ်။ လေ့ကျင့်ကုန်ကျစရိတ် တို့ကပေးမယ်။ ဒီလိုနဲ့ နောက်ဆုံးတော့ ပိုတိုးတက်လာတဲ့ လုပ်အားစွမ်းရည်တွေ ရလိုက်တယ်။ သာမန်အစိုးရက ဒါမျိုးလုပ်ပေးနိုင်မယ်လို့ ထင်သလား။ ငါတော့ မထင်မိဘူး။

မေး ။     ။ဆိုလိုတာက စင်ကာပူမှာ ပီအေပီကလွဲရင် အခြားခေါင်းဆောင် မရှိနိုင်တော့ဘူး။ ဒါကလည်း ပီအေပီက မူဝါဒကို သူတို့စိတ်ကြိုက်ရေးဆွဲ ထားလို့ မဟုတ်ဘူး။ အရည်အချင်း ရှိတဲ့ လူတွေ မလုံလောက်လို့။ ဒီလို ဆိုလိုတာလား။

ဖြေ ။    ။ ဟုတ်တယ်။ အရည်အချင်း မမီလို့။ အတိုက်အခံပါတီမှာ မေးခွန်းတွေ မေးတယ်။ မဲတော့ မပေးဘူး။ ဒါက ရုပ်လုံးပြသက်သက်ပါ။ သူတို့ ဒီအနေအထားမျိုးမရှိသေးဘူး။ ဆီဗီယာ လင်း (Non-Constituency MP) က ဒါကို သဘောတူတယ်။ အစိုးရတစ်ဖွဲ့အနေနဲ့ နိုင်ငံကိုလည်ပတ်ဖို့ သူတို့ အဆင်သင့်မဖြစ်သေးဘူးတဲ့။


ဇင်ဝေသော်

ရဟန်းနှစ်ပါးနှင့် မဲပေးခွင့် ရှိ ၊ မရှိ အိပ်မက်

"ရဟန်းနှစ်ပါးနှင့် မဲပေးခွင့် ရှိ ၊ မရှိ အိပ်မက် " ဆောင်းပါးသည် ယခုနှစ် May 12 ရက်က တင်ခဲ့သော ဆောင်းပါးဖြစ်သည် ။ ဤ ဆောင်းပါးကို ညီတော်တစ်ပါးဟု ယူဆရသည့် Siriyatana Dhamma Center ဘလော့ဂ် အပေါ်၌ အချိန် အတော်ကြာအောင် တွေ့ခဲ့ရသည်။ သို့သော် ဘယ်က ဘယ်လိုတွေ့သွားကြသည် မသိ မနေ့ညကမှ ဖတ်ကြ ရှဲကြ လုပ်နေကြသည်။ အတော်ပင် များသွားသည်။ ယင်းတို့တွင် ဘဝ အလင်း က ပြောသွားခဲ့သည့် " ဒီကိစ္စကို FB မှာရှိတဲ့ သံဃာတော်များအားလုံး ပါဝင်ဆွေးနွေးသင့် " ဆိုသော မှတ်ချက်ကို သဘောတွေ့ သဖြင့် ဆွေးနွေးလိုသူများ ပါဝင်ဆွေးနွေးနိုင်ရန်၊ မဆွေးနွေးလိုသော်လည်း အနည်းဆုံး ဤ ကိစ္စနှင့် ပတ်သက်ပြီး သဘောတူ မတူ ဆန္ဒပေးလို့ရရန် စီစဉ်လိုက် မိပါသည်။ စိတ်ဝင်စားသူ လူ ရှင် ရဟန်း ပါဝင်နိုင်ရန် ရည်စူးပါ၏။ ဤ ကိစ္စ မည်မျှ အရေးပါသည် ဆိုသော အချက်သည် နောင်တော် ညီတော် တို့၏ တုန့်ပြန်မှုအပေါ် မှီတည်နေသည် ဟုသာ စကား ဆိုလိုချင်ပါတော့သည်။ သီဟနာဒ သဘောကား ဤ ဆောင်းပါးဖြင့် ထင်ရှားစေခဲ့ပြီး ဖြစ်ပါသည်။ ဤမျှ လေးပင်သော အကြောင်း အရာသည် ဤ ဆောင်းပါးမျှဖြင့် ပြည့်စုံပြီဟု မယုံကြည်ပါ။ ထို့ကြောင့် မေးလိုသော ကိစ္စ၊ ဖြည့်စွက်လိုသော ကိစ္စ တို့ကို ပွင့်ပွင့် လင်းလင်း ပြောကြစေလိုပါ၏။



       စာပေအလိုအရ ရဟန်းနှစ်ပါးကို ဂန္ထဓူရနှင့် ဝိပဿနာဓူရဟုလည်းကောင်း၊ အရညဝါသီ ( တောနေရဟန်း) နှင့် ဂါမဝါသီ ( မြို့၊ ရွာနေ ရဟန်း) ဟုလည်းကောင်း ခွဲခြားထားနိုင်သည်။ အဓိပ္ပါယ်အားဖြင့် ဆင်ဆင်တူမည်ထင်ပါသည်။ သို့သော် ယနေ့လက်ရှိအနေအထားအရတော့ တော်တော်ကွဲပြားနေပြီဖြစ်သည်။ တစ်ချိန်ကမူ ဝိပဿနာဓူရ ရဟန်းက တောတွင်အနေများခဲ့ပုံရသော်လည်း ယနေ့ဝိပဿနာကား မြို့၌ပို၍ပင် ထွန်းကားနေတော့သည်။

       ရှေးတုန်းကတော့ တောနေရဟန်းဂိုဏ်း သီးသန့် မြန်မာပြည်တွင်လည်း ရှိခဲ့ပုံရသည်။ ယနေ့တော့ မရှိတော့။ တစ်ပါးစ၊ နှစ်ပါးစ မိမိယုံကြည်ချက်နှင့်မိမိ တောရိပ်ခိုခြင်းသာ ရှိတော့သည်။ ဂိုဏ်းဂဏဟုမရှိတော့။ ထိုင်းနိုင်ငံ၌ ဤယဉ်ကျေးမှုရှိသေးသည်။ အဂျန်ချာတို့ ဦးဆောင်ခဲ့ဟန်တူသည်။ ဦးဆောင်ခဲ့သည်မဟုတ်စေကာမူ သူ့နောက်ပိုင်းမှ Forest Tradition က ပို၍ခေတ်စားလာသည်။ မည်သို့ဖြစ်စေ ဤကိစ္စက ဆောင်းပါးရေးလိုသောကိစ္စမဟုတ်ပါ။

       လူမည်းခေါင်းဆောင် မာတင်လူသာကင်း၏ “My Dream ” ကဲ့သို့ သီဟနာဒ၏ အိပ်မက်ကိုရေးလိုခြင်းဖြစ်သည်။ သူ့ဒရင်း(မ်) လောက် ကမ္ဘာမကျော်လည်း ရှိစေ။ ကိုယ့်အိပ်မက်ကိုမူပြောချင်သည်။

       ယနေ့ မြန်မာပြည်က ရွေးကောက်ပွဲ ဖီးဗားတက်နေသည်။ နှစ်ပေါင်းအတော်ကြာ မဲမပေးခဲ့ရသော မြန်မာလူထုများ မဲပေးခွင့်အနည်းငယ်ရလိုက်သဖြင့် ပျော်မဆုံး၊ မော်မဆုံး ဖြစ်နေကြသည်။ ပျော်လည်း ပျော်ထိုက်ပါ၏။ သို့သော် မဲပေးရသောအရသာကို အရွယ်ရောက်ပါလျက် မခံစားရရှာသော လူတန်းစားနှစ်ရပ်ရှိသည်။ ထိုနှစ်ရပ်ကား အရူးများနှင့် ရဟန်းတော်များပင်ဖြစ်သည်။ ဘယ်တုန်းကမှ အသိအမှတ်ပြုခြင်းမခံခဲ့ရသော ရွေးကောက်ပွဲကတည်းက ဤစကား ရေပန်းစားနေခဲ့သည်။ အရူးနှင့် ရဟန်း မဲပေးခွင့်မရှိဟု ဖြစ်သည်။

       ယခုပြောလိုသောကိစ္စသည် ရဟန်းမဲပေးခွင့်ရှိရေး၊ မရှိရေး အိပ်မက်တစ်ခုသာ ဖြစ်ပါသည်



       ထို့ကြောင့် ရဟန်းသံဃာကို ဂိုဏ်းဂဏအနေဖြင့် မခွဲခြားဘဲ ( သုဓမ္မာ၊ ရွှေကျင်စသည်) ရဟန်း၏ အကျင့်နှင့်ပတ်သက်ပြီး တောနေရဟန်းဂိုဏ်းနှင့် မြို့နေ ရွာနေရဟန်းဂိုဏ်းဟု ခွဲခြားကြည့်လိုက်ခြင်းဖြစ်သည်။

       သစ်ဥသစ်ဖုကိုသာ ဘုန်းပေးပြီး သမထ၊ ဝိပဿနာ မေတ္တာဘာဝနာဖြင့်သာ နေတော်မူကြသော ရဟန်းတော်များအတွက် မည့်သည့်အစိုးရတက်သည်၊ မည်သူအုပ်ချုပ်နေသည်ဆိုသောကိစ္စက အရေးမကြီးလှပေ။ ထို့ကြောင့် အရညဝါသီဂိုဏ်းကို မဲမပေးစေရ၊ ထိုသံဃာများကလည်း ဤမျှလောကီဆန်သောကိစ္စကို စိတ်ဝင်စားတော်မူကြလိမ့်မည်မဟုတ်ပေ။

       ပြဿနာကား မြို့နေ၊ ရွာနေ ( ဂါမဝါသီ၊ နဂရဝါသီ) ရဟန်းတော်များ ဖြစ်သည်။ ထိုရဟန်းတော်များက လူကြားထဲ၌နေရသဖြင့် လူထုနှင့် ဆက်စပ်နေသည်။ ထို့ကြောင့် လူထု၏ ဒုက္ခ၊ သုက္ခတို့ သူတို့ကိုထိခိုက်စေ၏။

ရွှေဝါရောင်အရေးအခင်းကပင် လူထု၏ဒုက္ခကြောင့် အုံကြွလာကြသော ရဟန်းတော်တို့၏ လှုပ်ရှားမှုတစ်ခုဖြစ်သည်။ လူထု၏ဘဝက အုပ်ချုပ်သောအစိုးရနှင့် ဆက်စပ်နေလျှင် ထိုရဟန်းတော်တို့နှင့် အစိုးရကလည်းသွယ်ဝိုက်၍ ဆက်စပ်နေတော့သည်။ သို့ဖြစ်လျှင် မြို့နေ၊ ရွာနေရဟန်းတော်များလည်း အုပ်ချုပ်မည့်အစိုးရကို ရွေးချယ်ပိုင်ခွင့်ရှိသင့်သည်။

       “ ရဟန်းနှင့် မဲပေးခြင်းဘာမှမဆိုင်” ဟု ပြောလိုက ပြောနိုင်၏။ သို့သော် ဘာသာရေးဝန်ထမ်းများ မဲပေးခွင့်မရှိသော ဒီမိုကရက်တစ်နိုင်ငံ မည်မျှရှိပါသနည်း။ ထေရဝါဒနိုင်ငံတို့တွင် သီရိလင်္ကာက ရှေ့အတော်ရောက်နေသောနိုင်ငံ ဖြစ်သည်။ ရဟန်းတစ်ပါးသည် ဆန္ဒရှိပါက မဲပေးရုံသာမက မဲပါအရွေးခံခွင့်ရှိသည်။ ရဟန်းပါလီမန်အမတ်ရှိသည်။ “ ဒါမျိုးကတော့ မကောင်းပါဘူး၊ ကြာရင် သာသနာကွယ်လိမ့်မယ်” ဟု ရဟန်းတစ်ပါး ပါလီမန်အမတ်ဖြစ်တာနဲ့ သာသနာကွယ်သည်အထိ ဆွဲတွေးသူများလည်း ရှိတတ်သည်။ မဆိုင်လှပါ။

       မှန်တော့ မှန်ပါသည်။ ယနေ့ မြန်မာဗုဒ္ဓဘာသာများအနေဖြင့် ပါလီမန်အမတ်ဖြစ်နေသော ရဟန်းတစ်ပါးကို ဖူးတွေ့ရန် အတန်ငယ် ကသိကအောက်တော့ ဖြစ်နိုင်ပါသည်။ ကျင့်သားမရကြသေးသောကြောင့်သာ ဖြစ်သည်။ မည်သို့ဆိုစေ ရဟန်းတစ်ပါးအနေနှင့် နိုင်ငံရေးကိစ္စထဲ၌ သိသိသာသာ ပါဝင်နေခြင်းကတော့ မကောင်းပေ။ မဖြစ်သင့်ဟုလည်း ထင်သည်။ သို့သော် မဲပေးခြင်းနှင့် ဝင်ရောက်အရွေးခံခြင်းက လုံးဝမတူညီပေ။

       ရဟန်းတော်များလည်း အစိုးရကို ရွေးချယ်ခွင့်ရှိနေသင့်သည်။

       ယနေ့ ရဟန်းတော်များသည် အစိုးရပိုင်းကလုပ်ရမည့်တာဝန်တစ်ချို့ကို ဝင်ရောက်လုပ်ကိုင်နေကြရသည်။ အဓိကအားဖြင့် ပညာရေး။ ကျန်းမာရေး၊ လူမှုရေးကိစ္စများဖြစ်သည်။ ဗြိတိသျှကိုလိုနီခေတ်က ပညာရေးနှင့်ပတ်သက်ပြီး ရဟန်းတော်များ မားမားမတ်မတ်ရပ်ခဲ့ပြီး ဘ/ကကျောင်းများ ဖွင့်လှစ်သင်ကြားခဲ့ကြသည်။ အဓိကအကြောင်းက ဘာသာရေး၊ စာပေနှင့် ယဉ်ကျေးမှု ပျောက်ကွယ်မည်ကို စိုးရိမ်တော်မူကြသောကြောင့် ဖြစ်သည်။ အမှန်မူ ကလေးပညာရေးဟူသည် အစိုးရက တာဝန်ယူလုပ်ဆောင်ရမည့်ကိစ္စ ဖြစ်သည်။ လူမျိုးခြားအစိုးရက မိမိတို့လိုသော ပညာရေးကို ပေးမည်မဟုတ်။ ထို့ကြောင့် ကိုယ်ပေးလိုသော ပညာရေကို ကိုယ်တိုင်သာပေးကြရပေတော့သည်။ ဆိုလိုသည်မှာ အစိုးရကမလုပ်၍ ကိုယ်တိုင်လုပ်နေကြရခြင်းသာ ဖြစ်သည်။ သို့ဖြစ်လျှင် ထိုအစိုးရပြောင်းလဲဖို့အတွက် ရဟန်းတော်များမှာလည်း သွယ်ဝိုက်၍ တာဝန်ရှိနေပြန်သည်။

       ယနေ့ နိုင်ငံတော်ကား အဘက်ဘက်က ချွတ်ယွင်းလျက်ရှိသည်။ ထင်ရှားသောသာဓကမှာ မန္တလေးမှာ မီးလောင်တိုင်း ရဟန်းတော်များပိုတွေ့နေရတတ်ခြင်းပင် ဖြစ်သည်။ (ယခုတွေ့ရသေးသလားတော့ မသိပါ)။ ဤအလုပ်များသည် မီးသတ်သမားများ လုပ်ရမည့်အလုပ်ဖြစ်သည်။ သို့သော် ထိုမီးလောင်သော နေရာက မိမိ၏ ရဟန်းဒကာ၊ ဆွမ်းဒကာများ အိမ်တွေနှင့် နီးနေလျှင် ထိုရဟန်းမှာလည်း တာဝန်သွယ်ဝိုက်၍ ရှိသွားတော့သည်။ ထိုဒကာများ ဒုက္ခရောက်လျှင် ထိုရဟန်းလည်း ဒုက္ခရောက်တော့သည်သာ။ မည်သို့ဆိုစေ မီးသတ်ကား၊ မီးသတ်သမားများ၊ အစိုးရဆိုင်ရာဝန်ထမ်းများက ကျပ်ကျပ်မတ်မတ်လုပ်ပေးနေမည်ဆိုလျှင် ထိုရဟန်းဝင်ပါလာစရာ မလိုပေ။ သူတို့က ထိုသို့မလုပ်လျှင်တော့ ရဟန်းက ဝင်ပါလာပေလိမ့်မည်။ မီးလောင်နေသည်ကို ကျည်ဆံဖြင့် ငြှိမ်းသတ်၍မရပါ။ လူဆူလျှင် ကျည်ဆံဖြင့် ငြှိမ်းနိုင်သော်လည်း မီးလောင်လျှင်တော့ ကျည်ဆံဖြင့်မရတော့။ ထို့ကြောင့် ရဟန်းတော်များနှင့် အုပ်ချုပ်မည့်အစိုးရကလည်း သွယ်ဝိုက်၍ ဆက်စပ်နေပြန်တော့သည်။

       ပို၍ တစိမ်းတရံဆန်သောကိစ္စက ရဟန်းနှင့် အလုပ်အကိုင်ရှာဖွေပေးရေး ( ဂျော့ဖ် ခရီရေးရှင်း) ကိစ္စဖြစ်သည်။ ရဟန်းတစ်ချို့က ဤကိစ္စများပင်ပါဝင်နေကြသည်။ လူတစ်ချို့ကို အလုပ်အကိုင်လေးဘာလေးရစေရန် စီမံပေးလာကြသည်။ တကယ်တမ်းဆိုရလျှင် နိုင်ငံအတွင်း၌ အလုပ်လက်မဲ့ဦးရေလျှော့ချရေးသည် အစိုးရ၏တာဝန်တစ်ရပ်သာဖြစ်သည်။ နိုင်ငံတစ်ဝှမ်းလုံးကိစ္စဖြစ်သဖြင့် အစိုးရလုပ်မှလည်း ထိရောက်သည်။ အစိုးရကလုပ်မပေးနိုင်သည့်အခါ အစိုးရလုပ်ရမည့်အလုပ်တစ်ချို့ကို ရဟန်းတော်မျာလုပ်လာကြသည်။ ထိုသို့သော ရဟန်းတော်များအတွက် အစိုးရရွေးချယ်ပိုင်ခွင့် ရှိနေသင့်သည်။

       ဒါကို ဝိနည်းတော်ထဲမှာ မပါဘူး- ဟု ဆိုနိုင်သည်။ သို့သော် ဝိနည်းတော်နှင့်မညီဟုလည်း ပြောရန်ခက်ပါသည်။ ဝိနည်းတော်၌ အစိုးရကို၊ အတိုက်အခံပါတီကို မဲပေးက အာပတ်သင့်စေဟု ဆိုမထားသောကြောင့် ဖြစ်သည်။

       ဘုရားလက်ထက်ကတော့ မဲစနစ်ကို သံဃာထဲတွင်သာ ကျင့်သုံးခဲ့ဟန်တူသည်။ အစိုးရကိစ္စ၊ ရှင်ဘုရင်ကိစ္စကတော့ ဧကရာဇ်၊ ပဒေသရာဇ်များဖြစ်ကြသောကြောင့် မည်သူမျှ မဲပေးရန်မလိုတော့ပါ။ ထိုကိစ္စမျိုးမရှိခဲ့သည့်အတွက် ပြဿနာမရှိခဲ့။ ပြဿနာမရှိခြင်းကြောင့် သိက္ခာပုဒ်လည်း ပညတ်ရန်မလိုခဲ့ပေ။ ထို့ကြောင့် ဝိနည်းကိစ္စကို ပြောလို့မရတော့။ “ မသင့်တော်ဘူး ထင်ပါတယ်” ဟုသာ ခပ်ဝါးဝါး ပြောနိုင်တော့သည်။

       လတ်တလော နှစ်(၂၀) နှင့် (၃၀) အကြား၌ နိုင်ငံခြားသာသနာပြုကိစ္စ တော်တော်ခေတ်စားလာကြ၏။ ( အရင်က ပီနန်ဆရာတော်တို့၊ ဆရာတော် ဦးသေဌိလတို့လို တစ်ပါးစ၊ နှစ်ပါးစသာရှိသည်။) မြန်မာရဟန်းတော်များ ပြည်ပကို တော်တော်ထွက်လာကြ၏။ အလုပ်အကိုင်ရှာဖွေရန်ထွက်လာသော မြန်မာများလည်း ဆတိုးမကများလာ၏။ ပရော်ဖက်ရှင်နယ်တွေပါ၏။ မဟုတ်တာတွေလည်းပါ၏။ ပရော်ဖက်ရှင်နယ်တွေက ပြဿနာမဟုတ်သော်လည်း ပရော်ဖက်မရှင်သူတို့ကား ဒုက္ခကြီးလှ၏။ ဘယ်သူသေသေ၊ ငတေမာရင်ပြီးရောဆိုသည့် အလုပ်အကိုင်ရှာဖွေပေးသော အေးဂျင့်များ၊ ပြည်တွင်းဒုက္ခကိုသာသိပြီး ပြည်ပဒုက္ခကို မသိကြရှာသော ငမိုက်သား၊ ငမိုက်သူများ။ ကျွန်စနစ်မရှိဟုဆိုစေ၊ ကျွန်စနစ်ထက်ဆိုးသော ပညာပါပါဒုက္ခပေးတတ်သော စစ်အေးအရင်းရှင်များ၊ စသည်တို့ကြောင့် လူမှုရေးပြဿနာများက များလှ၏။

       ထိုပြဿနာများကို မြန်မာနိုင်ငံဆိုင်ရာသံရုံးများက ဖြေရှင်းပေးရမည်ဖြစ်သည်။ ထိုသံရုံးက မရှင်းသောအခါ ထိုပြဿနာများက စာနာတတ်သော မြန်မာလူနည်းစုနှင့် ရဟန်းတော်များထံ ရောက်သွားတတ်သည်။ ( လွန်ခဲ့သော နှစ်နှစ်ခန့်က ဖြစ်သည်။) ဘုန်းကြီးအမှုရွာမပတ်ရပဲ ရွာမှုများ ဘုန်းကြီးတွေထံ ပတ်လေတော့သည်။ ထိုအခါ ရဟန်းတော်တစ်ချို့က အစိုးရလုပ်ရမည့်တာဝန်တို့ကို ဝင်လုပ်ရလေတော့သည်။

       ထိုရဟန်းများမှလည်း အစိုးရကောင်းပေါ်ထွက်ရေးအတွက် တာဝန်ရှိပေသည်။ ဆိုလိုသည်မှာ မဲပေးခွင့်ရစေသင့်သည်။

       ရှေးရိုးစွဲအမြင်ဖြင့် “မဖြစ်သင့်” ဟု ဆိုသော ပုဂ္ဂိုလ်များရှိနေပေလိမ့်မည်။ ထိုရှေးရိုးစွဲကြောင့် ဘယ်လောက်နောက်ကျကျန်ခဲ့ပြီလဲဟု တွေးရန်ရှိလာပြန်သည်။

       ကြည့်ပါ။ အင်္ဂလိပ်စာကို တိရစ္ဆာနကထာ (မဂ်ဖိုလ်မှ ဖီလာဖြစ်သောစကား) ဟုဆိုကာ မသင်ခဲ့ကြ။ မသင်တော့ မစွံကြ။ သာသနာပြုရာမှာပင် နောက်ကောက်ကျကျန်ခဲ့ကြ၏။ ပိဋကတ်တော်များကို အင်္ဂလိပ်ပြန်ထားသော အင်္ဂလိပ်ဘာသာများကို တိရစ္ဆာနကထာဟု မည်သူပြော၍မှန်အံ့နည်း။ ဤသို့ဆိုလျှင် ပါဠိမှ မြန်မာမှုပြုထားသော မြန်မာပြန်ကျမ်းစာများကိုလည်း တိရစ္ဆာနကထာတွင် ထည့်ကြမှသင့်ပေလိမ့်မည်။ အကြောင်းကား မူရင်းပါဠိဘာသာဖြင့် မဟုတ်သောကြောင့်တည်း။

       အချုပ်ဆိုရသော် မြို့နေရွာနေရဟန်းများသည် လူထုကြီးနှင့်ဆက်စပ်နေသည်။ ထို့ကြောင့် လူထုခံစား၊ စံစားနေရသော ဒုက္ခ၊ သုက္ခတို့လည်း သူတို့ကို ထိခိုက်စေသည်။ လူထုကြုံတွေ့နေရသော ဒုက္ခ၊ သုက္ခတို့သည် အများအားဖြင့် အုပ်ချုပ်သောအစိုးရနှင့် ဆက်စပ်နေသည်။ ထို့ကြောင့် ထိုရဟန်းတို့နှင့် အစိုးရပေါ်လစီတို့လည်း ထိစပ်နေပေတော့သည်။

       ထို့ကြောင့် မှန်ကန်သောအစိုးရပေါ်ထွက်လာရေးအတွက် ရဟန်းတော်များမှာလည်း တာဝန်မကင်းပေ။ ထို့ကြောင့် “ သတ္တာနံ ဟိတာယ၊ သုခါယ” ကိုထောက်ကာ လူထုကြီးပွါးတိုးတက်ဖို့ဆိုလျှင် မဲပြားလေးတစ်ပြား ထည့်ရုံမျှဖြင့် အာပတ်ကြီးကြီးကျယ်ကျယ် သင့်မည်မဟုတ်ကြောင်း အိပ်မက်မက်မိသည်။

       အမှန်ဆိုရမူ ချက်လက်မှတ်ကို အလှူခံရခြင်းထက် မဲပြားကိုကိုင်ခြင်းက အာပတ်သင့်ဖို့ ရာနှုံးပိုနည်းပါသည်။

       သို့သော် သံဃာရတနာကို ဦးထိပ်ထားသောအားဖြင့် လူပုဂ္ဂိုလ်များ မဲမပေးမီ သုံးရက်ခန့်ကြိုတင်ပြီး ဆန္ဒရှိသော သံဃာတော်များကို မဲပေးခွင့်ပြုလိုက်လျှင် တံခွန်နှင့် ကုက္ကားဟု အိပ်မက်တစ်ခု မက်လိုက်မိပါတော့သတည်း။



သီဟနာဒ








Copyright © 2012 ကမ်းလက်. All rights reserved.