~ ကျောင်းသား ~

 မနှစ်က ပါဠိကောလိပ် ပရင်စီပယ်ကို တက္ကသိုလ်တစ်ခုက ဂုဏ်ထူးဆောင်
ဒေါက်တာဘွဲ့ ဆပ်ကပ်တယ်။ဒီမှာလည်း ထပ်ပြီး ဂုဏ်ပြုကြတယ်၊
သက်တော် ၈၀ အထိ တစ်ခါတစ်ခါလမ်းလျှောက်ကြွလာပြီး စာသင်တတ်တဲ့
ဆရာတော် ရဲ့သာသနာ ချစ်စိတ်က ကြည်ညိုစရာ အကောင်းဆုံးပဲ။

ပူဇော်ပွဲ ဆိုတဲ့အတိုင်း ဆရာတော်ရဲ့ဂုဏ်တွေကို မွှမ်း သွားလိုက်ကြတာ။
အဓိက ကတော့ ပညာရေးနဲ့ ပတ်သက်တာတွေပါ။
ဆရာတော် မိန့်ရမဲ့ အလှည့်လည်းရောက်ရော
ဆရာတော်က ပြောသွားကြတာ စုံ လို့ပဲ တဲ့......
"But everyone is a student of the Buddhist teachings" တဲ့။
လှ လိုက်တဲ့စကါး။ ဒီလစ်တွေ ဘာတွေ ပါမသွားဘူး။
ထပ်ပြီး ကြည်ညို မိတယ်။









Copyright © 2011 ကမ်းလက်. All rights reserved.

ဒုက္ခိတကွန်ပျူတာ ဗြဟ္မာများနှင့်သာတန်၏

ကွန်ပျူတာသည် တန်ခိုးကြီးသည်ဟု ပြောခဲ့ပြီးပြီ။
          သို့သော် ထိုကွန်ပျူတာသည်လည်းကောင်း၊ ထိုကွန်ပျူတာ၏ အမွေခံ မျက်ခွက်ဘွတ်အုပ် သည်လည်းကောင်း၊ ထိုကွန်ပျူတာ၏ ဘိုးအေ တယ်လီဗေးရှင်းသည်လည်းကောင်း အင်္ဂါမစုံ၊ အာရုံ မညီသော ဒုက္ခိတများသာ ဖြစ်ကြပြန်တော့၏။

          မရှင်းသေးဟု ထင်၏။ အချို့ကား နားဝေး၍ အချို့ကား နားနီး၏။

          လူ၌ အာရုံငါးပါး (သို့) အာရုံခြောက်ပါး ရှိ၏။ ထို့အတူ အာရမ္မဏိကငါးပါး (သို့) အာရမ္မဏိက ခြောက်ပါးလည်း ရှိ၏။

          ထပ်ရှင်းဦးအံ့။ ကွန်ပျူတာသည် ကြည့်လို့ရ၏။ ထို့ကြောင့် ရူပါရုံ ရှိသည်ဟု သိလို့ရ၏။ ကွန်ပျူတာသည် နားထောင်လို့ရ၏။ ထို့ကြောင့် သဒ္ဒါရုံ ရှိသည်ဟု သိရ၏။ ကုန်ပြီ ဖြစ်၏။ ထိုကွန်ပျူတာသည် အနံ့ကိုမပေးနိုင်၊ လျှာဖြင့် စားလို့ရသည့် အရသာကို မပေးနိုင်၊ နူးညံ့၊ မာကျော၊ အိစက်၊ ခက်မာ စသော ဖောဋ္ဌဗ္ဗအာရုံကိုလည်း မပေးနိုင်။

          ကွန်ပျူတာ၌ရှိသောလူ၊ ၀န်းကျင်ရှုခင်း စသည်တို့ကို တထပ်တည်းကြည့်၍၊ ခံစား၍ ရ၏။ ကွန်ပျူတာ၏ အသံ၊ သီချင်းသံ၊ ငိုသံ၊ ရယ်မောသံ တို့ကိုလည်း ခံစား၍ရ၏။ ခက်သည်က ကွန်ပျူတာမှာပေါ်နေသော ထမင်းဝိုင်း၏ ထမင်းဟင်းများ၊ ဇွန်းသံ၊ ခက်ရင်းသံ စသည့် အာရုံနှစ်ပါးကို ခံစား၍ရသော်လည်း ထိုထမင်းပွဲ၏ အနံ့အသက်ကိုမူ ထိုကွန်ပျူတာက ထုတ်လုပ်မပေးနိုင်တော့။ ၀မ်းနည်းစရာ ကောင်း၏။ ၀မ်းသာစရာလည်း ကောင်း၏။


          နှင်းဆီတစ်ပွင့်ကို ပြနိုင်သော ကွန်ပျူတာသည် ထိုနှင်းဆီ၏ အနံ့ကို မပေးနိုင်။ ငါးကြော် တစ်ကောင်၏ပုံကို ပြနိုင်သော ကွန်ပျူတာသည် ထိုငါးကြော်၏ အရသာကို ထုတ်မပေးနိုင်။ ပွေ့ဖက် နေသော ဇနီးမယား (သို့) သမီးရည်းစားကို ပြနိုင်သော ထိုကွန်ပျူတာသည် ကြည့်ရှုသူအထံ ထိတွေ့ လို့ရသည့် ဖောဋ္ဌဗ္ဗအာရုံကို မပို့လွှတ်နိုင်တော့ချေ။ ၀မ်းနည်းဖွယ် ကောင်း၏။ ၀မ်းသာဖွယ်လည်း ကောင်း၏။

          သိပ္ပံသည် အသံဖြင့် ရှေးဦးစွာ မိတ်ဆက်ခဲ့၏။ သောမတ်(စ်) အက်ဒီဆင်က စတင်တွေ့ရှိ ခဲ့သည်ဟု မှတ်သားဖူး၏။ ဤကား အရေးမကြီး။ အမေရိကမှ စကားပြောနေလျှင် မြန်မာပြည်မှ ကြားရ၏။ ဒါ  လိုရင်း ဖြစ်၏။ တချို့က မယုံကြည်ကြ။ အရူးများဟုပင် ပြောခဲ့ကြ၏။ သို့သော် အရူးများဟုပြောဆိုသူများကိုယ်တိုင် အရူးများ ဖြစ်သွားကြ၏။ ယခု လူတစ်ယောက် အမေရိကားမှ စကားပြောနေလျှင် ကြားလိုက ကြားလို့ရ၏။ မကြားလိုက မကြားလို့ ရ၏။ မကြားလိုက မကြားလို့ရ၏ဟူသည် မကြားဟန်ဆောင်ခြင်းပေတည်း။

          ထို့နောက် စကားပြောနေသံကိုသာမက ထိုစကားပြောနေသူကိုပါ မြင်လို့ရလာပြန်၏။ အစကနဦးက လူသားတစ်ချို့ မယုံကြည်ကြ။ ယခုမူ ဤကိစ္စသည် ထမင်းစားရေသောက်ကိစ္စ ဖြစ်သွားပြီဖြစ်၏။ ထိုစကား မှန်၏။ ကွန်ပျူတာ၌ ရူပါရုံ ရှိ၏။ သဒ္ဒါရုံရှိ၏။

          အာရုံလေးနှစ်ပါးဖြင့် လူသား၏ ဧည့်ခန်းကို အာဏာသိမ်းထားသော တယ်လီဗေးရှင်းကို မကျေနပ်သဖြင့် သက်ဆိုင်ရာဌာန နှစ်ခုသို့ စာရေးမေးဖူးသည်။ ထိုတယ်လီဗေးရှင်းသည် ရုပ်၊ အသံအပြင် ဂန္ဓာရုံဟုခေါ်သည့် အနံ့ကိုပါ ထုတ်လွှတ်ပေးနိုင်ခြေ ရှိမရှိ ကိစ္စဖြစ်၏။ အံ့သြဖွယ် ကောင်း၏။ တစ်ဌာနကတော့ လုံးဝ မဖြစ်နိုင်ဟုဆို၏။ အခြား တစ်ဌာနကတော့ ဖြစ်နိုင်ခြေရှိ၏ဟု ပြန်ဆို၏။ ရသာရုံနှင့် ဖောဋ္ဌဗ္ဗာရုံတို့ကတော့ လောလောဆယ် အခြေအနေအရ မဖြစ်နိုင်။ ဂန္ဓာရုံကိုမူ မဖြစ်နိုင်ဟု သူတို့ မဆိုရဲကြောင်းပြော၏။ ထိုအခါ ငါးကြော်ကိုသာမက ငါးကြော်အနံ့ကိုပါ ရတော့မည်ဖြစ်၏။

          ရဟန်းတော်များအတွက် သိပ်မကောင်း၊ ဗိုက်ဆာနေရသည့်အချိန်တွင် ငါးကြော်ကိုတွေ့ရ၊ ငါးကြော်၏ သင်းသင်းပျံ့ပျံ့အနံ့ကိုပါရမည်ဆိုလျှင် ထိုဗိုက်ဆာမှုဝေဒနာ ပို၍ဆိုးဝါးလာနိုင်၏။ သို့သော် သိပ္ပံပညာရှင်သည် ရဟန်းဗိုက်ဆာ၊ မဆာ ကိစ္စကြောင့်တော့ သူ၏တီထွင်မှုကို ရပ်ပစ်လိမ့်မည်မဟုတ်။ ရဟန်းက ကိုယ့်မျက်လုံးနှင့် ကိုယ့်နှာခေါင်းကို ပိတ်လိုက်ရုံသာရှိ၏။ တော်သေး၏၊ နှာခေါင်းက လက်ဖြင့်ပိတ်မှ လုံသော်လည်း မျက်စိနှစ်လုံးကမူ လက်မပါပဲ ပိတ်လို့ရ၏။ ပိတ်ချင်ဖို့သာ လို၏။ ပိတ်ဖို့ လက်မလို။

          အချို့က သီဟနာဒကို အရူးဟု ပြောကြ၏။ အဘယ့်ကြောင့်ဆိုသော် ရဲရင့်သော ကြိုတင် နိမိတ်ဖတ်မှု နှစ်ခုကြောင့် ဖြစ်၏။ အချို့ စိတ်ဝင်စားကောင်း ၀င်စားနိုင်၏။ ထို့ကြောင့် ပြောချင်သည်။
          ၁။ နောင်နှစ်ပေါင်း ၁၀၀၀ ကျော်သည့်အခါ ဘောလုံးကစားခြင်းထက် ပို၍ လူကြိုက်များသော အားကစားတစ်မျိုးပေါ်မည်
          ၂။ နောင်နှစ်ပေါင်း ၁၀၀၀ ကျော်သည့်အခါ အာရုံနှစ်ခုသာပေးနိုင်သော တယ်လီဗေးရှင်းက အနည်းဆုံး အာရုံသုံးခုပေးလိမ့်မည်- ဟူ၍ ဖြစ်၏။
          ဤမျှဆိုလျှင် အတန်ငယ် ရှင်းပြီဟုထင်သည်။

          လူသားက အာရုံငါးပါး(သို့) အာရုံခြောက်ပါးကို ခံစားနိုင်သည်။
          ထိုတယ်လီဗေးရှင်း၊ ကွန်ပျူတာစသည်ကတော့ လူသားကို အာရုံနှစ်ခုသာ ပေးနိုင်၏။ ထို့ကြောင့် အင်္ဂါမစုံ အာရုံမညီသော ဒုက္ခိတများဟု ဆိုခဲ့ခြင်းဖြစ်၏။
                                  
          စာပေ၌ သင်ကြားရ၏။ အထူးသဖြင့် အဘိဓမ္မာသဘောတရား ဖြစ်၏။ အချို့သော အထက် တန်းစား ဗြဟ္မာကြီးများ၌ အာရုံနှစ်ပါးသာရှိ၏ဟု ဆို၏။ တစ်နည်းဆိုရသော် စက္ခုပသာဒရုပ်နှင့် သောတပသာဒရုပ်ဆိုသည့် ပသာဒရုပ်နှစ်ခုသာရှိ၏ဟု ဆို၏။ ဤစက္ခုနှင့် သောတပသာဒရုပ်ရှိလျှင် ဘုရားဖူးခြင်း၊ တရားနာခြင်းကိစ္စနှစ်ခုကို လုပ်လို့ရပြီဖြစ်၏။ သူတို့ လုပ်လိုသော ကိစ္စနှစ်ခုကလည်း ဤမျှသာ ဖြစ်၏။ ဒုက္ခနည်းသွားသည်ဟု ဆိုရမည်ထင်သည်။

          မှန်၏။ ထိုဗြဟ္မာကြီးများအတွက် ရေမချိုးသူ၊ ညစ်ပတ်သူ၊ အာခံတွင်းနံ့ မကောင်းသူ တို့နှင့်အတူထိုင်နေရသော် သူတို့က ဂန္ဓာရုံကို မခံစားနိုင်သဖြင့် နှာခေါင်းပိတ်ရခြင်းဒုက္ခမှ ကင်းဝေး လိမ့်မည်။ထိုပုဂ္ဂိုလ်များနှင့် အတူတူနေထိုင်ရသူများ ဗြဟ္မာဖြစ်ဖို့ ကြိုးစားသင့်သည်ဟု ထင်သည်။

          ရသာရုံမရှိ၊ ရသတဏှာကို ဖြတ်ပြီးသည့်အတွက် ဗြဟ္မာများ အများစုနေထိုင်ရာ၌ ဂျေဒိုးနတ် တို့၊ ကေအက်(ဖ)စီတို့ ဆိုင်ဖွင့်မရောင်းနိုင်၊ စီးပွါးရေးလုပ်လို့မရ။ ထို့ကြောင့် ဂျေဒိုးနတ်တို့၊ ကေအက်(ဖ)စီတို့က ဗြဟ္မာဖြစ်ရေး ကမ်ပိန်းကို အသေအလဲ တားမြစ်ကြလိမ့်မည် ဖြစ်၏။ မည်သို့ဖြစ်စေ ဗြဟ္မာများ ငါးပိ  မကြိုက် သည်က သေချာလောက်၏။ သို့သော် အနံ့ကြောင့် မဟုတ်၊(  ရှေ့တွင်    ရေးခဲ့ပြီ) နာမည်ကြောင့် ဖြစ်နိုင်သည်။ ငါးပိဟူသည် ပိနေသောငါးကို ဆိုလိုသည်။ ငါးချဉ်ကိုလည်း ဗြဟ္မာကြီးများ မကြိုက်လောက်၊ ချဉ်သောကြောင့်ကား မဟုတ်  
(ရသတဏှာ မရှိကြောင်း ပြောနေဆဲ)၊ နာမည်ကြောင့်သာ ဖြစ်နိုင်၏။ ငါးချဉ်ဟူသည် ထမင်းလုံး
များဖြင့် ညစ်ပတ် နေသောငါးကို ဆိုလိုသည်။

          ဖောဋ္ဌဗ္ဗာအာရုံကို မခံစားထိုက်သော ဗြဟ္မာများ နေထိုင်ရာ၌ အနီရောင် အိပ်ခန်းများမရှိ၊ တိတ်တိတ်ပုန်း အနှိပ်ခန်းများမရှိ၊ မင်္ဂလာဆောင်ခြင်းမရှိ၊ သမီးရည်းစားထားသည်မရှိ၊ ရည်းစားစကား ပြောသည်မရှိ၊ ချစ်သော်လည်း နည်းနည်းတော့ တင်းထားမှ ဆိုတာမျိုးမရှိ၊ စိတ်ကောက်သည် ဟူ၍လည်း မရှိတော့။

          တစ်ခုကောင်းသည်မှာ ဗြဟ္မာများ၌ လိင်ခွဲခြားမှုပြဿနာ မရှိတော့။ ထို့ကြောင့် လိင်ခွဲခြားမှုကို ဆန့်ကျင်သူများအနေဖြင့် အကောင်းဆုံးဖြေရှင်းနည်းကား ဗြဟ္မာများဖြစ်အောင် ကျင့်လိုက်ခြင်း ပေတည်း။

          ထိုစကားတို့ကို ချုံ့အံ့။ အထက်တန်းစား ဗြဟ္မာကြီးများသည် ရူပါရုံနှင့် သဒ္ဒါရုံနှစ်ခုကိုသာ ဘုရားဖူးခြင်း၊ တရားနာခြင်းတို့အတွက် ချန်ထား၏။

          ယနေ့ ကွန်ပျူတာနှင့် တယ်လီဗေးရှင်းသည်လည်း ထိုရူပါရုံနှင့် သဒ္ဒါရုံနှစ်ခုကိုသာ ထရမ်စမစ်လုပ်နိုင်၏။ ကိုက်၏။ သဟဇာတ ဖြစ်၏။

          ကွန်ပျူတာသည် ဗြဟ္မာ့ဘုံ၌ ရောင်းအားပိုကောင်းလောက်၏။
                          
          တစ်ခါက မိတ်ဆွေရဟန်းတစ်ပါးသည် သူ့ကိုသူ ဗြဟ္မာ့ပြည်မှ ဆင်းသက်လာသူ ဖြစ်ဟန် ရှိကြောင်း အထောက်အထားများဖြင့် ပြော၏။ သူသည် အသားငါးကို မတပ်မော၊ ကာမဂုဏ်အာရုံ နည်းပါး၊ သတ္တ၀ါများအပေါ် မေတ္တာထားနိုင်ခြင်းကြောင့် ဖြစ်သည်ဟုပြော၏။ မှန်၏။ ထိုမျှအထိ မှန်သေး၏။

          ဗြဟ္မာ့ပြည်မှဆင်းလာသော သုဝဏ္ဏသာမ၏ မိခင် ဖခင်တို့ဖြစ်ကြသည့် ဒုကုလနှင့် ပါရိကာ တို့သည်လည်း ထိုအချက်အလက်များနှင့် ပြည့်စုံ၏။ ကာမဂုဏ် မပတ်သက်၊ မေတ္တာစစ် မေတ္တာမှန် တို့ဖြင့်သာ တစ်ဦးကိုတစ်ဦး ဆက်ဆံပြီး သစ်ဥသစ်ဖုတို့ဖြင့်သာ အာဟာရပြီးကြ၏။
          ခက်သည်ကား ထိုဒုကုလနှင့် ပါရိကာတို့၏ အသားအရေသည် ရွှေအဆင်းကဲ့သို့ ၀ါဝင်းသော အသားအရေများ ရှိကြ၏ဟုဆို၏။ ဗြဟ္မာ့ပြည်မှ လာဟန်တူသည်ဟု သူ့ကိုသူပြောသော ထိုရဟန်း ကား မြန်မာပြည်အလယ်ပိုင်းသား ဖြစ်ချေ၏။ စိတ်မဆိုးဘူးဆိုလျှင် ထို့ထက် တိတိကျကျ ပြောချင်၏။ ထိုမိတ်ဆွေရဟန်းသည် “         ” နယ်မှ ဖြစ်၏။ အသားဖြူစရာ အကြောင်းမရှိ။

          ထို့ကြောင့် သီဟနာဒက-
          “ ရှေးရှေးသော အကြောင်းပြချက်များဖြင့်ကား ညီညွတ်ပါ၏။ သို့သော်လည်း ရွှေအဆင်းကဲ့သို့ ၀ါဝင်းဟူသည့်အချက်ကား အရှင်ဘုရားနှင့်မညီ၊ အရှင်၏ အသားတော်သည် မည်းနက်တော် မူလှ ချည်ရဲ့” ဟု လျှောက်ထားသောအခါ……..
          ထိုရဟန်းနှင့် ကွန်ပျူတာ ကိုက်ညီ၏။

          အနှစ်ချုပ်ပါတော့အံ့….။
          ဗြဟ္မာများသည် ဘုရားဖူးခြင်း၊ တရားနာခြင်း အလို့ငှါ အာရုံနှစ်ပါးကိုသာ ရှိကြသကဲ့သို့ တယ်လီဗေးရှင်းနှင့် ကွန်ပျူတာတို့သည်လည်း ရူပါရုံနှင့် သဒ္ဓါရုံတို့ကိုသာ ထုတ်လွှတ်ပေးနိုင်၏။ လူကား အာရုံငါးပါးလုံးကို တောင်းဆို၏။ လူ၏ ဆန္ဒကို လိုက်လျောရန် လက်လျှော့ရသူများတွင် ကွန်ပျူတာလည်း ပါသွားရလေတော့သည်။

          ကွန်ပျူတာ မည်မျှစွမ်းစွမ်း၊ လူ့တဏှာနှင့် ယှဉ်လိုက်သောအခါ ဒုက္ခိတလေးသာ ဖြစ်ရရှာလေတော့သတည်း။ ထောင်ကြွားလွန်းသော ကွန်ပျူတာလေး လက်မှိုင်ချနေပုံကား သနားစရာပင်ကောင်းနေပေသေးတော့သည်။          




သီဟနာဒ
 













Copyright © 2011 ကမ်းလက်. All rights reserved.

☺ ဘရန့် နယူး ဗုဒ္ဓဘာသာ ☺

တော်တော်နောက်တဲ့ အနောက်ကလူတွေ ဘုရားကရွှတ်နောက်နောက် ပြောရမယ်လို့။
ရှေ့နေမကြီး ကမေးဖူးတယ် ဘုရားက ဝမ်းဒါးဖူး တီးချား၊ ဝမ်းဒါးဖူး စပီကာ၊
ဆင့် ဆော့ဖ် ဟျူးမား မရှိတာ မဖြစ်နိုင်ဘူးတဲ့။
ပိဋကတ်ထဲက ရီစရာ ပျက်လုံးလေးတွေ စုပေးစမ်းပါ တဲ့။ ခက်ရချည့်။

ဟုတ်တာ မဟုတ်တာ အပထား ဘရန့် နယူး ဗုဒ္ဓဘာသာတွေက
ဘုရား ရီစရာ မပြောဘူးဆိုတာ သိပ်မယုံကြဘူး။
သူတို့ အမြင်က ဂွတ်စပီကာတိုင်း ဒါမပါရင် မဖြစ်နိုင်။
ပါဖက်စပီကာမှာ ပါဖက် ဂျုတ် တွေရှိနေရမယ့်။ စာအုပ်ထဲ မပါတာပဲ ရှိမယ်တဲ့။
ဆရာ့ဆရာတွေပြောစကား အရကတော့ ထိုထို ရယ်ရွှင်ဖွယ်စကားများကို
ကျမ်းစာပေါ့ပျက်မှာ စိုးလို့ သင်္ဂါယနာ၌ မတင်အပ်တဲ့။

ဒါဆို ဖြူစင်တဲ့ ရယ်စရာ ပြုံးစရာလေးတွေ ဘုရား မိန့်ခဲ့ပုံတော့ရပါတယ်။
ခက်တာက ကျမ်းစာ ပေါ့မှာစိုးတော့ .......
ရယ်စရာမပါလည်း ဘုရားကတော့ မြတ်နိုးစရာ၊ ချစ်စရာကြီး ပါ တဲ့။
တော်တော်နောက်တဲ့ အင်ဒရူး။ ။

အမေရိကန် ဇနီးမောင်နှံ အမှတ်တရ။











Copyright © 2011 ကမ်းလက်. All rights reserved.

နာလန္ဒာရင်ခွင်၌ ရူးသွပ်သွားသောပန်းသီးတစ်လုံး



နယူတန်ကြီး ဂရဗတီကိုမတွေ့ခင်က ပန်းသီးတစ်ချို့ မိုးပေါ်ပျံတက်ကြလေသလား။ ထိုပန်းသီးများ မြေပေါ်ကျလာခြင်းအပေါ်၌ရော နယူတန်၏နိယာမက မည်မျှသြဇာ သက်ရောက်မှု ရှိလေသနည်း။ မသိတော့။ သိတာတစ်ခုပဲ ရှိသည်။ သူမကို တွေ့ချင်နေသည်။ သူမကို တွေ့ချင်လှသည်ဟု သိသော်လည်း နယူတန်သိသည့် တတိယနိယာမကို လူအများ မသိကြသေးသည့်အတွက် မိုးပေါ်ပျံတက်လိုသည်ဆိုက ပန်းသီးတစ်ချို့ ပြန်တက်လို့ ရသေးသည် ထင်၏။ နောက်ဆုံး အခွင့်အရေးဖြစ်သည်။


          မကြာမီ ကမ္ဘာမြေ၏ဆွဲငင်အားအကြောင်းကို လူအများသိလာလိမ့်မည်။ ထိုအခါ မည်သည့် ပန်းသီးမှ မိုးပေါ်ပျံခွင့် မရနိုင်တော့။ ပန်းသီးများ မိုးပေါ်မပျံနိုင်တော့သော်လည်း ကျွန်တော်သူမကို တွေ့လိုက တွေ့လို့ရသေး၏။ မှန်၏။ ယနေ့ မိုးပေါ်ပျံတက်သွားသော ပန်းသီးသည် ရူးသွပ်သောပန်းသီး ဖြစ်သွားတော့၏။ အမှန်မူ ဤကိစ္စသည် ပန်းသီးနှင့် ဘာမှမဆိုင် နယူတန်ဆိုသည့်ပုဂ္ဂိုလ် မူးမူးနှင့် ပန်းသီးပင်အောက် ဝင်အိပ်ခြင်းနှင့်သာ ဆိုင်၏။ မည်သို့ဖြစ်စေ ကျွန်တော်သူမကို တွေ့လိုခြင်းသည် ရူးသွပ်မှုမဟုတ်သလို မူးမူးနှင့် ပန်းသီးပင်အောက် ဝင်အိပ်လိုက်ခြင်းလည်းမဟုတ်။ ဟုတ်သည်ဟု တစ်ယောက်ယောက်က ပြောလာပါကလည်း ငြင်းဆန်မိမည်တော့မဟုတ်။
 
           သူမနာမည်သည် နာလန္ဒာ ဖြစ်သည်

          ကြာပန်းတစ်ချို့ ခေါင်းပေါ်မှာပန်ထားတတ်သည်ဟု ကြားခဲ့ဖူး၏။ သူမနာမည်ကို ကျွန်တော် မသိ။ သူမနာမည် နာလန္ဒာဖြစ်သည်။

 
          သူမကို မည်သူက မွေးထုတ်ပေးလိုက်သနည်း။ မသိ။ သူမ၏ အပျိုရည်များ မည်သူက စုပ်ယူသွားသနည်း။ မသိ။ မသိဟူသည် သမိုင်းကို မသိခြင်းဖြစ်သည်။ သမိုင်းဟူသည် နောက်လှည့်လှည့်ကြည့်ရသော အလုပ်တစ်ခုဖြစ်သဖြင့် အလွန်ဇက်ညောင်းသော ပညာရပ် တစ်ခု ဖြစ်သည်။ သမိုင်းသင်ရန် အနှိပ်ခန်းလို၏။

          နာလန္ဒာသည် တစ်ခုလပ်ဖြစ်သည်။ သားတွေရဲ့အမေလည်း ဖြစ်သည်။ သူမမှာ သမီးတော့ မရှိ။ သို့သော် လှချက်က စက်စက်ယိုသော အမျိုးသမီးဖြစ်သည်။ သူမနာမည်ကို ကျွန်တော်မသိ။ သူမနာမည် နာလန္ဒာဖြစ်သည်။ ဟုတ်သည်။ တွေ့ပြီ။

          “ ရှင်က ကျွန်မနဲ့ တွေ့ချင်လို့ လိုက်ရှာနေတာဆို”
          “ မင်းက ဘယ်သူလဲ။ ငါရှာနေတဲ့လူက မင်းလား”
          “ ရှင်တွေ့ချင်လို့ ရှာနေတဲ့လူကို တွေ့နေတာတောင် ရှင်ကဘယ် သူမှန်းမသိဘူးလား”


အင်း ဟုတ်တယ်။ ငါသူ့ကို မမြင်ဖူးဘူး။ မင်းက နာလန္ဒာလား
          “ ဟုတ်တယ်လေ၊ ကျွန်မက နာလန္ဒာ။ လာလေ၊ ဒီနားမှာ လာထိုင်။ စကားပြောရအောင်

          “ ဒါနဲ့ မင်းက အပျိုနာလန္ဒာလား၊ တစ်ခုလပ် နာလန္ဒာလား
          “ အတူတူပဲ။ အပျိုလည်း ကျွန်မပဲ။ တစ်ခုလပ်လည်း ကျွန်မပဲ

          ဒီတော့မှ ရှင်းသွားတော့သည်။ ကျွန်တော်တို့နှစ်ယောက် အုတ်ခုံပေါ်မှာ ထိုင်နေကြသည်။ လေအနည်းငယ် တိုက်နေသည်ဟုထင်၏။ လရောင်လည်း အနည်းငယ် ဖြာကျနေသည်ထင်၏။ နေရောင်လား၊ လရောင်လားတော့ မကွဲပြား။ ဒီအရောင်နှစ်ခုက ရှုပ်ထွေးလွန်းသည်။ သေချာတာကတော့ သူမနှင့် ကျွန်တော်ထိုင်နေသော အုတ်ခုံကြီးက မှောင်မနေ။

          ထိုစဉ် လည်ဆံမွှေးကားကားဖြင့် မြင်းရိုင်းတစ်ကောင် ပြေးလွှားလာနေသည်ကို တွေ့လိုက်ရ၏။ ထိုမြင်းသည် ဆွတ်ဆွတ်ဖြူနေသော မြင်းတစ်ကောင်တည်း။

          “နာလန္ဒာ၊ ကြည့်လိုက်စမ်း။ မြင်းဖြူတစ်ကောင် တို့ဆီပြေးလာနေတယ်။ သူ့ရဲ့ လည်ဆံမွှေးတွေက သိပ်လှတာပဲ

          “ ရှင်က ဘာတွေလာပြောနေတာလဲ။ အဲဒါ ကျွန်မပဲလေ
          “ မဟုတ်ပါဘူးကွာ၊ မင်းက ငါနဲ့ အတူတူထိုင်နေတာပဲ
          “ ဟုတ်တယ်။ ယုံချင်ယုံ၊ မယုံချင်နေ။ အဲဒီ မြင်းဖြူမလေးကလည်း ကျွန်မပဲ

  ဒီတော့မှကျွန်တော်သဘောပေါက်သည်။ ဟုတ်သည်။ လည်ဆံမွှေးကားကားဖြင့်  ပြေးလာနေသော  မြင်းဖြူမလေးသည် နာလန္ဒာဖြစ်သည်။ သိပ်မကြာ မြင်းဖြူမနာလန္ဒာက ထွက်ပြေးသွားပြန်သည်။ ကျွန်တော်တို့ ထိုင်နေခဲ့ကြသည်။ ဘာကြောင့် ထိုင်နေကြသည်ကို နှစ်ယောက်စလုံး သိကြဟန်မတူ။

          “ ရှင်ပြန်ချင် ပြန်တော့လေ။ မိုးချုပ်နေပြီ
          “ ငါမပြန်သေးဘူး။ မိတ်ဆွေတစ်ချို့နဲ့ တွေ့ရဦးမယ်
          “ အမျိုးသားလား၊ အမျိုးသမီးလား
          “ အမျိုးသား

          “ သူတို့က ရှင့်ကို ဘဝနေနည်း၊ ထိုင်နည်းမေးလိမ့်မယ်။ ရှင့်ကိုမှ ရွေးပြီးမေးတာတော့ မဟုတ်ဘူး။ လာတဲ့သူတိုင်းကို မေးတာ

          “ ဟုတ်လား၊ မင်းက ဘယ်လိုလုပ်သိတာလဲ။ ထားပါတော့၊ ဒါဆို ငါမသွားတော့ဘူး။ နေနည်းက စာပေထဲမှာပါတာပဲ။ မြင့်သောနေရာ မြတ်သောနေရာတွေမှာ မနေရဘူးလေ။ ထိုင်နည်းကတော့ ငါတို့အခုထိုင်နေသလို ထိုင်တာကပိုကောင်းတယ်။ မြေမညီရင် ထိုင်ရခက်တယ်လေ။ မင်းလိုကောင်မလေးနဲ့ ထိုင်နေတာ မှန်ကန်တဲ့ထိုင်ခြင်းပေါ့

          “ ရှင် ဘယ်မှာအိပ်မှာလဲ
          “ ဟိုတယ်ကို ပြန်ရမှာ။ ဒါပေမယ့် ပြန်စရာမလိုတော့ဘူး
          “ ဘာဖြစ်လို့လဲ

          “ မိတ်ဆွေတွေဆီ ငါမသွားတော့ဘူးလေ။ သူတို့ဆီသွားရင် သူတို့က ဟိုတယ်လိုက်ပို့ကြမှာ။ ပြီးတော့ အခန်းတံခါးကိုဖွင့်ပြီး အပြင်ကိုကြည့်ကြမယ်။ ပြန်ပိတ်ဖို့မေ့သွားပြီး ဒီအတိုင်းထားခဲ့ကြလိမ့်မယ်။ ငါလည်း ဒါကိုမသိလိုက်ဘူး။ မင်းအကြောင်းစဉ်းစားရင်း အိပ်ပျော်သွားမယ်။ မနက်လင်းတော့ ငါအအေးပတ်နေလိမ့်မယ်

          “ ရှင်တကယ်ပြောနေတာလား
          “ တကယ်ပြောတာ။ ငါတို့ ဒီအတိုင်းပဲ ထိုင်နေရအောင်။ ဟိုတယ်ကိုပြန်ရင် အအေးပတ်မှာ

          ကျွန်တော်တို့ ထိုင်နေခဲ့ကြသည်။ ဘာကြောင့် ထိုင်နေခဲ့ကြသည်ကိုတော့ မသိ။ စကားတွေပြောကြသည်။ များလွန်းသွားသည့်အတွက် ဘာတွေပြောခဲ့ကြသည်ဆိုတာကို မမှတ်မိ။ ထိုကြောင့် ပြန်ရေးနေစရာမလိုတော့။ အလုပ်ရှုပ်သက်သာသွားသည်။

          ခက်သည်က စကားပြတ်သွားသော အခိုက်အတန့်များဖြစ်သည်။ ကိုယ့်အသက်ရှူသံကို ကြားရသည်။ သူမ အသက်ရှူသံကိုလည်း ကြားရသည်။ ရင်ခုန်ုသံ ကိုကား မကြားရ။ ရင်ခုန်သံဟူသည် ဒေါက်တာများသာ ကြားခွင့်ရသော အခွင့်ထူးဖြစ်သည်။ နားကြပ်ရှိလျှင်တော့ ဒေါက်တာမဟုတ်လည်း နားထောင်လို့ရသည် ထင်၏။ ကျွန်တော့မှာ နားကြပ်မရှိ။

          ရင်ခုန်သံက ပုံမှန်ဖြစ်နေသည်။ ဒါဟာ မရိုးသားမှုတစ်ခုပေပဲ။ ဒီလို မဖြစ်သင့်။ တိတ်ဆိတ်သောညချမ်း၌ အလွန်လှပသော နာလန္ဒာလိုမိန်းကလေးနှင့် နှစ်ယောက်တည်း ရှိနေခိုက် ပုံမှန်သာခုန်နေသော ရင်ခုန်သံသည် မရိုးသားမှုစစ်စစ် ဖြစ်သည်။ အနည်းငယ်တော့ မြန်နေသင့်၏ (သို့) နှေးနေသင့်၏။ ဒါမှ ရိုးသားမှု ဖြစ်သည်။ ဒါဖြင့် သူမကကော ကျွန်တော့်လိုပဲ ရှိနေလိမ့်မည် ထင်၏။

          ရိုးသားမှုကို ရှာဖွေရန် ရင်ခုန်သံကို မြန်ပေးလိုက်သည်။ ဟုတ်ပြီ။ ဒီလိုအချိန်မှာ ဒီလောက်တော့ မြန်နေသင့်သည်။ ဟုတ်သလိုလိုရှိသော်လည်း မဟုတ်။ လူကမောလာသည်။ အသက်ရှူရတာ မဝချင်တော့။ ဘာဖြစ်သွားသနည်း။ သူမရော ဒီလိုဖြစ်နေသလား။ မသိ။



          ဒါနဲ့ အသက်ရှူသံကို နှေးပေးလိုက်သည်။ မှန်သည်။ ပုံမှန်ဖြစ်မနေဖို့သာ အရေးကြီး၏။ ဤအချိန်မျိုး ပုံမှန်ဖြစ်နေခြင်းသာ မရိုးသားမှုတည်း။ ခံစားမှုသည် ရိုးသား၏။ ကြိုက်သလို ခံစားလို့ရ၏။ စကားလုံးမပါသေးသ၍ ခံစားမှုက ရိုးသားသည်။ အသက်ရှူသံနှေးသွားသည်။ ဟုတ်သလို လိုထင်သည်။ မဟုတ်။ မောလာပြန်သည်။ မတတ်နိုင်တော့။ မရိုးမသားဟု ဆိုလိုကဆိုစေ ပုံမှန်အသက်ရှူသံဆီကို ပြန်သွားရတော့၏။

          သွားမည့်သာသွားရသည် ဤအချိန်မှာ ပုံမှန်ဖြစ်မနေသင့်ဟုတော့ ထင်နေဆဲ ဖြစ်သည်။
          မောလှသည်။

          ကံကောင်းထောက်မသည်။ နေလား၊ လလားမသိ ထွက်လာသည်။ နံနက်ခြောက်နာရီ ဖြစ်သည်။ နေထွက်တာဖြစ်ဖို့ ရာခိုင်  နှုန်းများသည်။

          ကျွန်တော် ပြန်သင့်ပြီ။ ပြန်ရတော့မည်။

          ဒါနဲ့ လက်ကိုဆန့်ပေးလိုက်သည်။ လက်ဆွဲနှုတ်ဆက်ရန် ဖြစ်သည်။ အရှက်ကြီးသော နာလန္ဒာက ဘေးကိုဝေ့ဝိုက်ကြည့်သည်။ ထို့နောက် သူမလက်ကို မရဲတရဲထုတ်ပေးသည်။ သူမလက်ကို မဆွဲပဲနှုတ်ဆက်လို့ ရသည်။ နှုတ်မဆက်ပဲလည်း ပြန်လို့ရသည်။ သို့သော်-

          သူမလက်ကို ကိုင်ဆွဲနှုတ်ဆက်ချင်သည်။ ယဉ်ကျေးမှုမဟုတ်၊ အမြတ်တနိုး အမှတ်တရဖြင့် သူမလက်ကို ကိုင်လိုက်ခြင်းဖြစ်သည်။ သူမလည်း သိလိမ့်မည်ထင်သည်။ မည်သို့ဆိုစေ ဤနောက်ဆုံးဝါကျသည် ရိုးသား၏။

(နာလန္ဒာမှ မိတ်ဆွေများသို့ အမှတ်တရ)
 

ဇင်ဝေသော်














Copyright © 2011 ကမ်းလက်. All rights reserved.

Monasteries (ဘုန်းတော်ကြီးကျောင်းများ)

ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတွေရဲ့ သမိုင်းကို ကြည့်ရင် ရာဇဂြိုဟ်မှာရိုတဲ့ ဝေဠုဝန်ကျောင်းက ရှေးအကျဆုံးပါ။ ဘုရင် ဗိမ္ဗိသာရ ရဲ့ကောင်းမှုပေါ့ ၊အစပိုင်းမှာ ကျောင်းဆောင်ရိုးရိုး သေးသေး ဖြစ်ဟန်တူပြီး တဖြည်းဖြည်းနဲ့ အဆောင်တွေတိုးလာပြီး ကြီးလာဟန် ရှိပါတယ်။

အဲဒီနောက်မှာတော့ နာလန္ဒာပါ၊အေဒီ ၇ ရာစု ကပေါ့၊ ရဟန်းတော်ပေါင်း တစ်သောင်းကျော် သီတင်းသုံးနေထိုင်နိင်တယ်၊သမိုင်းမှာ အကြီးဆုံး ဘုန်းတော်ကြီးကျောင်းလို့ပြောရင် ရပါလိမ့်မယ်။

ဒီခေတ်ထဲမှာတော့ အမရပူရမြို့က မဟာဂန္ဓာရုံကျောင်းက အကြီးဆုံး လို့ဆိုရမယ် ထင်ပါတယ်၊ သံဃာတော် သုံးထောင်ခန့် သီတင်းသုံး နေထိုင်နိုင်တယ်။

Buddhist monks and Monasteries in India.S.Dutt.1962.
A Guide to Buddhism A to Z.S.Dhammika. 2008.








Copyright © 2011 ကမ်းလက်. All rights reserved.

ဒါက ဘာ“ဇ” ပါလိမ့်


တစ်ခါက အဘိဓမ္မာဆရာတစ်ယောက်ဟာ ရွာထဲကလူတွေကို “အသံ” နဲ့ပတ်သက်လို့ ရှင်းပြနေသတဲ့။

          “ မိုးခြိမ်းသံ၊ တော်လဲသံ၊ သစ်ကိုင်းကျိုးသံ၊ ရေစီးသံ စတဲ့အသံတွေက ဥတုကြောင့် သက်သက်ဖြစ်တဲ့ အသံတွေမို့ “ဥတုဇ” အသံလို့ ခေါ်ပါတယ်။ စကားပြောသံ၊ ငှက်မြည်သံ၊ တောက်ခေါက်သံ၊ လေချွန်သံ၊ ငြီးတွားသံ စတဲ့ အသံတွေကတော့ စိတ်၊ ဥတုဆိုတဲ့ အကြောင်းနှစ်ပါးကြောင့် ဖြစ်လာတာမို့ “စိတ္တဇ၊ ဥတုဇ” အသံလို့ ခေါ်ပါတယ်”


          ရွာသားတွေကလည်း တယ်ဟုတ်ပါလားပေါ့လေ။ လသာသာအောက်မှာ စိတ်ဝင်တစား နားထောင်နေကြတုန်းမှာပဲ-

          “ ဘူ” ဆိုတဲ့ အသံကြီးတစ်သံ လူတွေကြားထဲက ထွက်လာသတဲ့။

        ဒါကို သိပ်ပြီးစိတ်မနှံ့ရှာတဲ့ လူတစ်ယောက်က-

          “ဆရာကြီးခင်ဗျား၊ အခုနက မြည်သွားတဲ့ “ဘူ” ဆိုတဲ့ အသံကြီးကရော ဘာ့ကြောင့်ဖြစ်တဲ့အသံလို့ ထင်ပါသလဲခင်ဗျာ” လို့ မေးသတဲ့။

          အဘိဓမ္မာဆရာကြီးလည်း နည်းနည်းတော့ အောင့်သွားတာပေါ့။ ဒါပေမယ့်ဆရာကြီး ဆိုတော့ ဖြေရတော့ မှာပေါ့။

          “သူ့ဘာသာ ရိုးရိုးလေလည်တာဆိုရင် ဥတုဇ၊ ဥတုကြောင့်။ မင်းစိတ်ပုပ်လို့ ညှစ်ပေါက်လိုက်တာဆိုရင် စိတ်၊ ဥတုကြောင့် ဖြစ်တာမို့ စိတ္တဇ၊ ဥတုဇရုပ်” တဲ့။

          အဖြေကြားတော့ အရူးက ( စိတ်မနှံ့ရုံပါ၊ ဆိုက်ကိုအဆင့် မရောက်ပါဘူး)-

          “ ဆရာကြီး အဖြေတွေက ရှုပ်လိုက်တာဗျာ။ တကယ်တော့ ဒီအသံက ဘာကြောင့်မှ မဟုတ်ဘူး။ ပဲကြီးလှော်နဲ့ ဆူးပုပ်ရွက်ကြောင့် ဖြစ်တာ။ ခေါ်ခြင်းခေါ် ပဲကြီးလှော် ဇ၊ ဆူးပုပ်ရွက် ဇရုပ်(အသံ) လို့ ခေါ်ရမှာပါဗျာ။ လွယ်နေတာကို ရှုပ်အောင်လုပ်ကြတယ်ဆိုပြီး ထွက်သွားလေတော့သတဲ့။

          ငတူးရေ၊ ခက်ပုံက အရူးဆိုတော့လည်း ဘာမှပြန်ပြောလို့ မရဘူးလေကွယ်။ အဘိဓမ္မာစကားဝိုင်းကြီးလည်း ပျက်ကရော။

          ဟဲ…ဟဲ၊ ပဲကြီးလှော် ဇ၊ ဆူးပုတ်ရွက် ဇ တဲ့၊ ဟုတ်တော့ ဟုတ်သား။


                                                                                            ဦးကိုမောင်






















Copyright © 2011 ကမ်းလက်. All rights reserved.

❄ အနိစ္စ ရိုးပြတ်တော ❄

ဒီ သက္ကရာဇ်တွေပေါ့ကွယ်
အရွယ်တင်နေချက်က
ဆယ်စုနှစ် တစ်သားမွေးတိုင်း
တစ်သွေးလှတယ်။

တို့မှာသာ
ဆာနေတဲ့ ကမ္ဘာမြေက
လျှာတစ်ပြင်ပြင်နဲ့ စားမလို့
ကျွေးထားရတဲ့ တို့ခန္ဓာကိုယ်
တစ်သားမှမမွေးရဘဲ တစ်သွေးချင်းဆုတ်
ဒီ ဆယ်စုကို စာရင်းချုပ်တော့
အမေအို ရေအိုးတစ်လုံး ကျကွဲ ခဲ့။

ဗိုလ်အောင်ဒင်လို ရီတဲ့ ဒီ ဆယ်စုနှစ်နဲ့
သေနတ်ချင်း ယှဉ်ပစ်မလို့ ကျည်ထိုးတုန်း
အဖေတစ်သက်လုံး ဆောင်းခဲ့တဲ့ ဝါးခမောက်
ကျပျောက်ခဲ့ရပြန်ပေါ့
ခွင့်လွှတ်တော့အဖေ ရေ။

ဒီ ဆယ်စုနှစ်တွေ အတွင်း
ဘာတွေရင်းလို့ ဘာတွေမြတ်သလဲ
အဲ သစ္စာနှစ်ရောင် နှင်းဆီတစ်ပွင့်
အိပ်မက်ထဲ ဖြစ်ဖြစ် ပွင့်စေရမယ်။

သစ္စာနယ်အဝင်ဟာ ခရီးကြမ်းကြောင်း
အဖေ ကောင်းကောင်း ညွှန်ပြခဲ့။
စားသုံးသူ သက္ကရာဇ်ကို
သစ္စာနဲ့ဖြိုမှ ပြိုသကွဲ့။
ကိုယ့်တောင်ပံ တစ်စုံကို အားနာလို့
မုန်တိုင်း တစ်ချို့ကို ကွင်းပါရစေ အမေ။

နောက် ဆယ်စုနှစ်မှာ
သစ္စာနှစ် ပခုံးဦးမှာမှီဖို့
စီးချင်းထိုးရမဲ့ အတ္တတို့ ဝေဝေစီ။

တရွေ့ရွေ့မို့ပါ
လာတော့ လာနေပါတယ်
အဖေနဲ့ အမေ့ ဆီ။ ။


ဇင်ဝေသော်









Copyright © 2012 ကမ်းလက်. All rights reserved.

သားအတွက် စကားလက်ဆောင်

ဘုရားရှင်ကိုယ်တော်မြတ် တရားဟောကောင်းတော်မူချက်က ရာဟုလာကိုယ်တော်လေးကို ရာဟုလာလေးနဲ့တန်အောင် ရိုးရိုးလေးဆုံးမတော်မူခဲ့တယ်။ ခက်တာက ဆုထားတို့လူကြီးတွေက မလိုက်နာနိုင်သေးတာ။

"If there is a deed , Rahula, you wish to do, reflect thus:
Is this deed conducive to my harm,
Or to others' harm,
Or that of both?
Then is this a bad deed entailing suffering.
From such a deed you must resist."

"ချစ်သား၊ တစ်ခုခုလုပ်တော့မယ်ဆို ဒီလိုလေးစဉ်းစား...
သားကို ထိခိုက်နာကျင်စေမလား၊
သားသူငယ်ချင်း၊ ဖေဖေ မေမေ ၊ ဘိုးဘိုးဘွားဘွားတို့ကို 
ထိခိုက်နာကျင်စေမလား၊
သားကိုရော သူတို့ကိုပါ ထိခိုက်နာကျင်စေမလား၊
နာကျင်စေတယ်ဆို - ဒါမျိုးတွေကို မလုပ်နဲ့၊
ဒါက အကုသိုလ်" ။    ။

"If there is a deed you wish to do, reflect thus:
Is this deed not conducive to my harm,
Nor to others
harm,
Nor to that of both?
Then is this a good deed entailing happiness.
Such a deed you must do again and again."


"သားတစ်ခုခု လုပ်တော့မယ်ဆို ဒီလိုလေးစဉ်းစား...
ဒါလုပ်ရင် သားပျော်ပျော်ရွှင်ရွှင်ရှိမလား၊
သားသူငယ်ချင်းတွေ၊ ဖေဖေ မေမေ ၊ ဘိုးဘိုးဘွားဘွားတွေရော ပျော်
ရွှင်မလား၊
သားရော သူတို့ကိုပါ ပျော်ရွှင်စေမလား
ပျော်ရွှင်တယ်ဆို - ဒါမျိုးကိုလုပ် ။
ခဏ ခဏလုပ် ၊ ဒါက ကုသိုလ် ။"

Majjhima Nikaya, Rahulovada Sutta.
မဇ္ဈိမနိကာယ ၊ ရာဟုလော ဝါဒသုတ်



  ဆုထားမျက်ချယ်


















Copyright © 2011 ကမ်းလက်. All rights reserved.

လက်ညှိုး

လက်ညှိုး ()
ဒေါ်စောရှင် ဆီမှာ ထူးဆန်းမှု နှစ်ခုရှိတယ်၊တစ်ခုက လေယဉ်သံကြားရင် နားကို လက်ဝါးနဲ့ အုပ်ထားတတ်တာရယ် နောက်တစ်ခုက လက်ညှိုးလေး တစ်ချောင်း ပြတ်နေတာရယ်ပါ။လေယဉ်သံကြားလို့နားကိုလက်နဲ့အုပ်တာကတော့ ဂျပန်ခေတ်က ပါလာတဲ့သနားစရာဆိုက်ကိုပါ။ဂျပန်တွေကနားကပ်ဖြုတ်ရတာခက်နေရင်နားကိုဖြတ်ယူ တတ်ကြတယ်လို့ ပြောကြပါတယ်။ ဒါတွေကို မြင်ရင်း ကြောက်ကြောက်နဲ့ စိတ်ရောဂါဖြစ်သွားရှာတာလို့ ဆိုကြပါတယ်။ လက်ညှိုးလေး တစ်ချောင်း ပြတ်နေရှာတာကတော့ ကလေးဘဝတုံးကသူမ အစ်ကိုက အင်္ဂုလိမာလ လုပ်တန်းကစားရင်း သူမ လက်ညှိုးလေးကို ဖြတ်လိုက်တာ လို့ ဆိုကြပါတယ။     ။

လက်ညှိုး ()
သရော်စာရေးတဲ့ စာရေးဆရာ တစ်ယောက်ရေးတာ ဖတ်ရဖူးတယ်၊ဇာတ်တော်တွေကို ဗွီဒီယိုပြန်ရိုက်ရင် ရှုံးမှာ မကြောက်ရဘူးတဲ့၊ဒါနဲ့ရိုက်လိုက်ကြတာဆင်ဆာလည်းတင်ရော အင်္ဂုလိမာလအကြောင်းကို ပြန်ရိုက်တာ သုံးယောက်တောင်ပြိုင်တူဖြစ်နေသတဲ့။ဇာတ်တော်တူတာ ထားတော၊့ဒါကိုကွဲသွားအောင် ဘာလုပ်ရမလဲ လို့အကြံတောင်းတော့ သူတို့က လက်ညှိုးဖြတ်ရင် တို့က လက်ခလယ်ဖြတ်၊သူတို့ကလက်ခလယ်ဖြတ်ရင် တို့က လက်သူကြွယ်၊ကိုဖြတ်၊ဖြတ်စရာ ကျန်ပါသေးတယ် တဲ့၊အကြံပေး ခေါင်းပြေးပုံပါ။     ။

လက်ညှိုး ()
အင်္ဂုလိမာလက လက်ညှိုးကိုဖြတ်တာလား၊ လက်သန်းကိုဖြတ်တာလား မသိဘူး၊တစ်ချို့လူရဲ့ လက်သန်းက တစ်ချို့လူရဲ့လက်ညှိုးလောက်ရှိတယ်၊ ဒါကို သူ့ဆရာက ဘယ်လို ခွဲသိမှာလဲ။အင်္ဂုလိက တော့လက်ချောင်းပါ။ထားတော့၊ အင်္ဂုလိမာလ တစ်ဖြစ်လဲ ဟိံသက ကဘာကြောင့်လက်ညှိုး တွေဖြတ်တာပါလိမ့်။မဟုတ်မှလွဲရော ကိုယ့် အလုပ်ကို မလုပ်ဘဲ သူများကိုလျှောက် လက်ညှိုးထိုးတတ်တဲ့ လူ့ဘာဝကို သင်္ခန်းစာပေးခဲ့တာဖြစ်မှာ။လူတွေက မယူကြလို့သာ။     ။

လက်ညှိုး ()
မသိတော့ဘူး၊အမိန့်ပေးတာလည်း လက်ညှိး၊ အပြစ်ပြောတာလည်း လက်ညှိုး၊ ကောင်းရာ မွန်ရာလမ်းညွှန်ပြသပေးတာလည်း ဒီလက်ညှိုးပဲ၊ သေနတ်မောင်းကိုဆွဲတာလည်း လက်ညှိုးဆိုတော့။လက်ညှိုး မရှိရင် လောကကြီး ဘယ်လိုနေမလဲ၊ စိတ်ဝင်စားရင် ကူစဉ်းစားပေးကြပါဦး။     ။

ဇင်ဝေသော်
(ကမ်းလက်)










Copyright © 2011 ကမ်းလက်. All rights reserved.

~ မေတ္တာ ~



ဘုရားရှင်ရဲ့မေတ္တာကြောင့် အမူးသမား နာဠာဂီရိဆင် ဒူးထောက် ခဲ့တယ်။
ဒီမေတ္တာပါပဲ သစ္စက တစ်ယောက်ကိုတော့ ပိုလို့မောက်မာစေပြန်ရော။
မေတ္တာက လူထက် တိရစ္ဆာန်ကို ပိုစူးစေ ထင်ရဲ့။
ဘုရားရှင်ရဲ့ မေတ္တာ ဆစ်ဂနယ် အားနည်းလို့တော့ ဟုတ်ဟန်မတူ။
မေတ္တာကို လက်ခံမဲ့ သစ္စကရဲ့ ဒီဗိုက်စ်လေး တစ်ခု ပျောက်နေလို့ပဲ ဖြစ်ရမယ်။
ပြီး။  ။





















Copyright © 2011 ကမ်းလက်. All rights reserved.