စင်္ကာပူမှာ နေရတာ မငြီးငွေ့သေးဘူးလား


စင်္ကာပူမှာ နေရတာ မငြီးငွေ့သေးဘူးလားလို့ ရဟန်းငယ်တစ်ပါးကမေးတော့
ငြီးငွေ့စရာ မရှိဘူးဆိုတာလောက်ပဲ ဖြေခဲ့မိတယ်။

ကိုယ်တကယ်သိတဲ့ စင်္ကာပူက နားလည်မှုရှိတဲ့ အသိုင်းအဝိုင်းလေးရယ်၊ ကိုယ်လုပ်ချင်ရာ လုပ်ခွင့်ရနေခြင်းရယ်ပါ။ ဆင်တိုဆာတွေ စူပါမားကက်တွေ မပါဘူး။ နေရာတော်တော်များများကို ရောက်လည်း မရောက်ဖူးဘူး။

နောက်ပြီး စင်္ကာပူက ရဟန်းတစ်ပါးဟာ အသက်မွေးဝမ်းကျောင်းမှုက အစ လွတ်လပ်နေတယ်။ မိရိုးဖလာယဉ်ကျေးမှုအရ အမြင်ရိုင်းနိုင်ပေမဲ့ သူ့စနစ်နဲ့သူ လစာ ဆိုတာကလည်း စိတ်ကို ပိုလွတ်လပ်စေတယ်။ ဟင် ဘုန်းကြီးတွေကလည်း လစာနဲ့လားလို့မေးရင် နိုင်ငံဥပဒေအရ ဟုတ်ပါတယ်လို့ပဲ ဖြေရမှာပါ။

တဖြည်းဖြည်း ပြောင်းလဲယူလာတဲ့ စနစ်ကြောင့် ငါ့မှာ တာဝန်တွေရှိပါလားဆိုတဲ့ အသိစိတ်ထက်ပိုပြီး ငါမရှိရင်တော့ မဖြစ်ဘူးဆိုတဲ့ အတွေးမျိုး မရှိဘူး။ ဒီလူမရှိရင် ဟိုလူလုပ်ပေါ့။ ဒါကလည်း လွတ်လပ်ခြင်း တစ်မျိုးပါပဲ။ ငါမရှိတော့ရင် မြန်မာဘုန်းကြီး ရှိနိုင်ပါတော့မလား ဆိုတဲ့အတွေးမျိုးတောင် မရှိချင်တော့ဘူး။ စွမ်းတဲ့သူ လူကြီးဖြစ်ပေါ့။ ဒါက ဒီမိုကရက်တစ်ပဲ။ ဘုရားစကားတော်တွေနဲ့လည်း ကွက်တိပါပဲ။




စာရေးစာဖတ်ကို ဘ၀ရဲ့ အဓိက အစိတ်အပိုင်းထဲ ထည့်ထားတော့ ဘယ်နေရာမှာပဲနေနေ ဒါတွေလုပ်ခွင့်ရနေတဲ့နေရာဟာ ပျော်စရာပါပဲ။ ဒါတွေ လုပ်ခွင့်မရတဲ့နေ့မှာ စင်္ကာပူဟာ ငြီးငွေ့စရာ ဖြစ်လာပါလိမ့်မယ်။ အခုတော့ မီးမပျက်၊ ခြင်မရှိ၊ တစ်ကိုယ်ရေ လွတ်လပ်ခွင့် အပြည့်ရှိတဲ့နေရာလေးကို သမုဒယပါးပါးနဲ့ တွယ်နေဆဲပါပဲ။

ဒီနှစ်တွေအတွင်း ရေးမိတဲ့ စာမျက်နှာတွေကို ပြန်ရေတွက်ကြည့်မိတော့ မဆိုးလှဘူး ဆိုတာလောက်တော့ ပြနေပြန်တယ်။ ဒါနဲ့ပဲ.....