ပညာရေးမင်္ဂလာများ (ပျိုမြစ်နုနယ်မင်္ဂလာ)


တတိယဂါထာမှာတော့ ကလေးတစ်ယောက်ဟာ အတော်အတန် အရွယ်ေ ရာက်လာပြီလို့ ယူဆရပါတယ်။ ဗာဟုဿစ္စဉ္စကို အကြားအမြင်ဗဟုသုတ များခြင်း၊ ဗဟုသုတရှာမှီးခြင်းလို့ ဘာသာပြန်ကြတာ များပါတယ်။ တကယ်လို့ ဒီမင်္ဂလာ တရားတွေဟာ ပညာရေးအတွက် ရည်စူးတယ်ဆိုရင် ဗာဟုဿစ္စဉ္စ ကို အထက် တန်း ပညာရေးလို့ယူဆချင်ပါတယ်။ ကလေးရဲ့ အသက်ကိုလည်း အလယ် တန်းနဲ့ အထက်တန်း ကျောင်းသား အရွယ်လို့သတ်မှတ်ကြည့်ချင်ပါတယ်။

ဘာဖြစ်လို့ အထက်တန်းပညာရေးလဲဆိုရင် အထက်တန်းပညာရေးမှာ ကလေးတစ်ယောက်ဟာ ဘာသာရပ် များစွာကို သင်ကြားနေရလို့ပါပဲ။
ဒါကိုပဲ မြေစမ်းခရမ်းပျိုးပညာရေးလို့ ဆိုရင်ရကောင်းရနိုင်ပါလိမ့်မယ်။ ကလေး တစ်ယောက်ဟာ (မြန်မာပြည် ပညာရေးအရဆိုရင်) မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီ၊ သမိုင်း၊ သိပ္ပံဘာသာရပ် စတာတွေကို နည်းနည်းစီ အခြေခံ သင်ယူကြရပါတယ်။ ဒါကိုပဲ ဗဟုသုတ (သို့) ဗာဟုဿစ္စဉ္စ လို့ ခေါ်ချင်ပါတယ်။

ဘာကြောင့်လဲ။
၁။ ဘာသာရပ်တွေ များပြားနေခြင်း
၂။ တစ်ခုခုကို အားစိုက်လေ့လာမှု မရှိသေးခြင်း
၃။ သူဟာ ဘယ်ဘာသာရပ်မှာ ပိုပြီး ထက်မြတ်တယ်ဆိုတာကို ရွေးချယ်စီစစ် ကြည့်နေခြင်းတို့ကြောင့် ဖြစ်ပါတယ်။
နောက်ပြီး ဒီမင်္ဂလာဟာ သိပ္ပဉ္စ မင်္ဂလာဆီကို သွားဖို့ ခရီးစတင်နေခြင်းလည်း ဖြစ်ပါတယ်။

သိပ္ပဉ္စ

သိပ္ပဉ္စကိုတော့ အသက်မွေးဝမ်းကြောင်းပညာလို့ ခေါ်ကြပါတယ်။ လက်ရှိ ပညာရေး စနစ်တွေနဲ့ တိုင်းတာကြည့်ရင် သိပ္ပဉ္စကို တက္ကသိုလ်ပညာရေး လို့ ယေဘုယျကို ခြုံကြည့်ပြီး သတ်မှတ်ချင်ပါတယ်။ ကလေးရဲ့ အသက်ဟာ လည်း (၁၇) နှစ်သားကနေ (၂၃) (၂၄) ဝန်းကျင် ဖြစ်တန်ရာ ကောင်းပါတယ်။ တက္ကသိုလ်ပညာရပ်မှာ ကလေးဟာ ဘာသာရပ်အားလုံးကို သင်ကြားနေလို့ မရနိုင်တော့ပါဘူး။ အထက် တန်းမှာ သင်ကြားခဲ့ရတဲ့ ဘာသာရပ်တွေထဲ ကနေပြီး သူထူးချွန်တဲ့၊ သူစိတ်ဝင်စားတဲ့ ဘာသာရပ်တစ်ခုခုကို ရွေးချယ်ပြီး အထူးပြု လေ့လာရပါတော့တယ်။
ဒါကိုပဲ “မေဂျာ” ရွေးတယ်၊ “မေဂျာ” ချမှတ်ပေးတယ်လို့ ဆိုနိုင်ပါတယ်။



တစ်နည်းဆိုရင် သူရွေးခြယ်ခဲ့တဲ့ မေဂျာရပ်ဆိုင်ရာမှာ ဘယ်လောက် နားလည် မှုရှိသလဲ ဆိုတာအပေါ်မူတည်ပြီး သူ့ရဲ့ အသက်မွေးဝမ်းကြောင်းမှု အဆင်ပြေ၊ မပြေလည်း ကွဲပြားသွားပါတော့တယ်။ ဗာဟုဿစ္စဉ္စ အားကောင်းလို့ (အထက် တန်း ပညာရေး အမှတ်ကောင်းလို့) သိပ္ပဉ္စ (တက္ကသိုလ်က အဓိကဘာသာရပ်) ကို အဆင့်မြင့်မြင့် အောင်မြင်ခဲ့မယ်ဆိုရင် သူ့ရဲ့ အသက်မွေးဝမ်းကြောင်းမှု ကိစ္စက အလွန်းအမင်း မခက်ခဲတော့ဘူး ဆိုတာမျိုးပါ။
ဒီနေရာမှာ မြန်မာ့ပညာရေးနဲ့ ပတ်သက်ပြီး ရယ်စရာ ကောင်းနေတဲ့ အချက် က ရှေ့နေပညာရပ်၊ သမိုင်းပညာရပ်တွေမှာ ပေါ့တော့တော့ သဘောထားခြင်း ပဲ ဖြစ်ပါတယ်။ အဆင့်မြင့် ကမ္ဘာ့ပညာရေးတွေမှာ ဒီပညာရပ်တွေကို တလေး တစား ရှိကြပါတယ်။
ဥပဒေပညာရပ်က ဥပဒေရေးဆွဲသူတွေကို မွေးဖွားပေးပြီး သမိုင်းပညာရှင်တွေ က ရှေ့ဖြစ်နောက်ဖြစ်တွေကို တွက်ချက်မှန်းဆပြီး နိုင်ငံရေးပေါ်လစီ၊ လူမှုရေး၊ ပညာရေး၊ လုံခြုံရေး ပေါ်လစီတွေကို ချမှတ်ပါတယ်။

ဒီပညာရပ်တွေကို တလေးတစားမထားတဲ့ မြန်မာနိုင်ငံရဲ့အနာဂတ်ဟာ ဘယ် ဆီများ ဦးတည် နေလေဦးမလဲ။
ဒီထက်ပိုပြီး ဝမ်းနည်းစရာ၊ ရယ်စရာ ကောင်းတာက စင်ကာပူကိုလာပြီး အိမ်ဖော်လုပ်နေတဲ့ မိန်းကလေးတွေထဲမှာ ဥပဒေနဲ့ ဘွဲ့ရသူ၊ သမိုင်းနဲ့ ဘွဲ့ရ သူတွေ ရှိပါတယ်။ တော်တော်ကြီး ကမောက်ကမ နိုင်တဲ့ ပညာရေးစနစ်ပါ။ စင်ကာပူကို ပုံစံပြောင်းပေးလိုက်တဲ့ ရှေ့နေဟောင်းကြီး လီကွမ်းယု (ဥပဒေ ပညာရှင်)၊ ကမ္ဘာ့နိုင်ငံရေး အစီအမံတွေကို ရေးဆွဲပေးတဲ့ ကစ်ဆင်းဂျားနဲ့ ဟန်တင်တန် (သမိုင်း၊ နိုင်ငံရေးသိပ္ပံ ပညာရှင်) တို့ကို အားနာစရာ ကောင်း လှပါတယ်။

ထားပါတော့၊ တတိယမင်္ဂလာကို ဆက်ကြည့်တော့ ဝိနယော စ သုသိက္ခိတော ကို တွေ့ရပါတယ်။ ဒါဆိုရင် ဝိနည်းဆိုတာ ဘာလဲ၊ ရှေးဟောင်းအမွေအနှစ် စာပေတွေအရ လူ့ကျင့်ဝတ်၊ ရဟန်းကျင့်ဝတ်၊ လူ့စည်းကမ်း၊ ရဟန်းစည်းကမ်း လို့ ဆိုပါတယ်။ ဒီမှာ လူ့ဝိနည်းရဲ့အဓိပ္ပါယ်ကို ပြောင်းလဲသတ်မှတ်တာမျိုး မဟုတ်ရင်တောင် ဖြည့်စွက်သတ် မှတ်ဖို့တော့ လိုလာပါတော့မယ်။ ဘာဖြစ်လို့ လဲဆိုရင် ကမ္ဘာဟာ ပိုပြီး ရောထွေးယှက်တင် ဖြစ်လာနေလို့ပါ။ အလွန်သေး ငယ်တဲ့ ကမ္ဘာကြီးထဲမှာ ယုံကြည်မှု၊ ကိုယ်ကျင့်တန်ဖိုး သတ်မှတ်မှု မတူညီတဲ့ များစွာသော လူသားတွေဟာ အတူတူ ညှပ်ပူးညှပ်ပိတ် နေနေကြရပါတယ်။ ဒါကြောင့် တစ်ယောက်အကြောင်း တစ်ယောက်မသိဘူး။ တစ်ယောက် ကိုယ် ကျင့်ကို တစ်ယောက်က နားလည်မပေးနိုင်ဘူး ဆိုရင် နေရထိုင်ရတာ အဆင် မပြေသလို ပြဿနာတွေလည်း အများကြီး တက်လာနိုင်ပါတယ်။
ဒါကြောင့် ဝိနယ ကို လူ့ကျင့်ဝတ်၊ ရဟန်းကျင့်ဝတ်အပြင် ယဉ်ကျေးမှုဓလေ့ ထုံးစံ၊ အကျဉ်းချုပ်ပြောရင် စီဗီလိုက်ဇေးရှင်း တန်ဖိုးကို သိနားလည်မှုလို့ ဘာသာပြန်ကြည့်ချင်ပါတယ်။

ဆက်ရန်
ဇင်ဝေသော်

Post a Comment