Faces နဲ့ ဇင်ဝေသော်


Faces မဂ္ဂဇင်းနဲ့ ရေစက်ပြန်ဆုံခွင့်ရသည့်အတွက် ကျေနပ်ကြည်နူး ခံစားရ ပါသည်။ ဇင်ဝေသော်ကလောင်လေးကို ပထမဆုံး စတင်ဖော်ပြပေးသော မဂ္ဂဇင်းကြီးဖြစ်သဖြင့် Faces ကို ကျေးဇူးလည်း အထူးတင်မိသည်။ ထိုစဉ် အယ်ဒီတာချုပ်က ဒေါ်တူးတူးမြင့်သိန်းဖြစ်ပြီး သက္ကရာဇ် ၂၀၀၀ ဝန်းကျင်ကဟု ထင်ပါသည်။

Faces မဂ္ဂဇင်းရဲ့ "ဧည့်ခန်းဆောင်များကို ဖြတ်သန်းခြင်း" အခန်းမှာ "ကျနော် ဧည့်သည်၊ ကျနော့် ဧည့်သည်" ဆောင်းပါးလေးပို့ရင်း ရင်တထိထိတ်နဲ့ ပါ မပါ စောင့်စား ရင်ဖိုခဲ့ရသည့် ရဟန်းငယ်ဘဝကိုလည်း အမှတ်တရ ဖြစ်စေ သည်။ နာဂတောင်းပေါ်ကအဆင်း ရန်ကုန်ကို မလယ်မဝယ်တက်လာရင်း စာလည်းရေးချင်၊ စာမူခလည်းရချင်သဖြင့် Faces မှာ ကံစမ်း၊ လက်စမ်းခဲ့မိ သည်။ ထိုခေတ်က စာမူတစ်ပုဒ်ကို Faces က နှစ် ထောင်လား၊ သုံးထောင် လား ပေးသည်၊ တိတိကျကျ မမှတ်မိသော်လည်း စောနေလတ်ကလောင်နဲရေး တဲ့ အခြားမဂ္ဂဇင်းတွေထက် Faces က ပိုပေးတာ သေချာပါသည်။

ခေါက်ရိုးမကျိုးလှသော ရဟန်းတစ်းပါးအနေနဲ့ ဒကာ ဒကာမဆက်ဆံရေး ထက် စာရေးပြီး ပစ္စည်းလေးပါးရှာဖို့ ဆုံးဖြတ်ခဲ့သည်။ ထို "ကျနော် ဧည့်သည်၊ ကျနော့် ဧည့်သည်" ဆောင်းပါးလေး ပါလာပြီးတဲ့နောက်မှာတော့ ဇင်ဝေသော် ရဲ့လက်ကို ဒေါ်တူးတူးမြင့်သိန်းက ယုံကြည်သွားဟန်တူပါသည်၊ ကျွန်တော်နှင့် ငွေရောင်အနားကွတ်ပိုင်ရှင်များ" အခန်းဆက် ဆောင်းပါးတွေ ဆက်ရေးခဲ့သည်။ ထို့နောက် ဇင်ဝေသော်လည်း ပြည်နှင်ဒဏ်မဟုတ်ပေမဲ့ မြို့တော်မှ ထွက်ပြေးလာခဲ့ပြီး ခြင်္သေ့ရည်နို့ သောက်စို့ခဲ့ရသည်။
စင်္ကာပူရောက်ပြီးသည့်နောက် ဒေါ်တူးတူးမြင့်သိန်းနဲ့ ဒီမှာတွေ့ပြီး စာဆက်ရေးဖို့ သူမက အားပေးခဲ့တာကို သတိရမိသည်။ ရေးတော့ မရေးဖြစ်တော့ပါ။

အခု Faces မှာ ဦးမြင့်သူ (မြေလတ် မောင်မြင့်သူ) ရောက်နေသည်။ Faces ကို သူကိုင်နေသည်။ သံယောဇဉ် မပျယ်၊ ကျေးဇူးတရား အမှတ်ရနေဆဲမို့ Faces ဆိုလိုက်တာနဲ့ "ကြိုက်ရင်း သုံးပေါ့ဆရာရယ်" ဆိုပြီး ဘာသာရေး အနံ့ဖြူးတဲ့ လူမှုဒိုင်မင်းရှင်းကို ပြန်စနေမိပါတော့သည်။

ဇင်ဝေသော်ရဲ့ ပထမဆုံး မိတ်ဆွေ၊ ကျေးဇူးရှင်က Faces ဖြစ်ပါတယ်။
ဒေါ်တူးတူးမြင့်သိန်း၊ ဆရာ မောင်ကျော်သာ (ပဲခူး)၊ ဆရာ ဦးမြင့်သူ (မြေလတ် မောင်မြင့်သူ)နဲ့ Faces မိသားစုအားလုံးကို ဖေ့စ်ဘုတ်ကနေ ပဲ ကျေးဇူးစကား ဆိုလိုက်ရပါသည်။

ဇင်ဝေသော်

Post a Comment