ပဟေဠိဆန်ဆန် ဖင်လန်က စက်ရုပ် လေးများ


(The Smartest Kids in the World)

မတူညီတဲ့ နိုင်ငံတွေရဲ့ ပညာရေးကွာဟမှုကို ရှင်းပြနိုင်ဖို့ ပညာရေးဆိုင်ရာ သမားတော်ကြီးတွေ အသေအလဲ ကြိုးစားပြီး အဖြေရှာနေကြ၊ ရှင်းပြနေကြ တယ်။ ဟိုး … အဝေးကြီးမှာ ရှိနေတဲ့ ကလေးတွေဆီအထိ အရောက် သွားကြ တယ်။ နိုင်ငံရေးသမားတွေ၊ ကျောင်းအုပ်ကြီးတွေနဲ့ တွေ့ဆုံ စကားပြောကြ တယ်။ ကျန်နေရစ်ခဲ့သူတွေကို ပြဖို့ ပါဝါပွိုင့်တွေ လုပ်ကြတယ်။ ဒါပေမဲ့ သူတို့ရဲ့ အဆုံးသတ် အဖြေက ရူးချင်စရာ ကောင်းလောက်အောင် ကိုးယို့ကားယား ဖြစ်နေတော့တယ်။

ပညာရေးမှာ ထိပ်တန်းရောက်နေတဲ့ ဖင်လန်နိုင်ငံကို ဥပမာအနေနဲ့ ကြည့်ပါ။ အမေရိကန် ပညာရေနယ်ပယ်မှာ ရှိတဲ့ ဆရာကြီးတွေက ဖင်လန်နိုင်ငံဟာ ပညာရေး လိုတရ ရပ်ဝန်းတစ်ခု ဖြစ်တယ်။ ကလေးတွေက ဆရာတွေကိုေ လးစားအထင်ကြီး ချစ်ခင်ကြတယ်။
ဖင်လန်နိုင်ငံ ဒီအခြေအနေကို ရောက်ခဲ့ရ တာဟာ ကလေးဘဝ ဆင်ရဲမွဲတေမှု နည်းပါးခြင်းဟာ အဓိကအကြောင်း ဖြစ်နိုင်တယ်လို့ ဆိုကြပါတယ်။ မတူညီတဲ့ လူတန်းစား ကွာဟမှုကြောင့် အမေရိကရဲ့ ကလေးဘဝ ဆင်းရဲမွဲတေမှုနှုန်း ဟာ ဖင်လန်ထက် အများကြီး မြင့်နေတယ်။
သူတို့အကြောင်းပြချက်အတိုင်းသာ ဆိုရင်တော့ ဆင်းရဲမွဲတေမှု မပပြောက်သေးသမျှ ပညာရေးလည်း တိုးတက်လာစရာ မရှိတော့ဘူး။ ပညာရေးကောင်းဖို့အတွက် ကလေးတွေကို ချမ်းသာအောင် အရင် လုပ်ပေးရမယ့် သဘောပဲ။

ဆင်းရဲမွဲတေမှု အကြောင်းပြချက်ဟာ အခြေခံကျသလို အဓိပ္ပါယ်လည်း ရှိပါ တယ်။ အမေရိကရဲ့ ကလေးဘဝ ဆင်းရဲမွဲတေမှု ရာခိုင်နှုန်းက (၂၀) ရှိပါ တယ်။ တစ်မျိုးသားလုံး အရုပ်ဆိုးစေတဲ့ အချက်ပါ။ ကလေးဘဝနဲ့ မတန်တဆ ဖိအားတွေအောက်မှာ နေကြရတဲ့ ကလေးတွေ ရှိတယ်။ အိမ်မှာ သင်ယူခွင့် လည်း သိပ် မရကြရှာဘူး။ သူတို့ကို ကျောင်းတွေက အကူအညီ ပိုပေးနိုင်အောင် ကြိုးစားကြရမယ်။

ဒါပေမဲ့ ဒီပြဿနာက ဒီလောက် ရိုးစင်းတာလည်း မဟုတ်ပြန်ဘူး။
ဆင်းရဲမှုသာ အဓိကပြဿနာဆိုရင် နော်ဝေကို ဘယ်လို ပြောကြမလဲ။ နော်ဝေ ဟာ အခွန် အမြင့်ဆုံး ပေးရပြီး အစိုးရရဲ့ စောင့်ရှောက်မှု အရဆုံး၊ ကျန်းမာရေး စောင့်ရှောက်မှု အကောင်းဆုံး၊ သဘာဝ အရင်းအမြစ် အချမ်း သာဆုံး နိုင်ငံ အနည်းငယ်ထဲမှာ ပါဝင်နေတဲ့ နိုင်ငံပါ။ ကလေးဘဝ ဆင်းရဲမွဲတေမှုမှာ နော်ဝေနဲ့ ဒိန်းမတ် တူပါတယ်။ (၆) ရာခိုင်နှုန်းတောင် မရှိဘဲ ကမ္ဘာမှာ ဆင်းရဲမွဲတေမှု အနည်းဆုံး နိုင်ငံတွေပါ။ ပညာရေးနဲ့ ပတ်သက်လို့ သုံးစွဲရာမှာလည်း နော်ဝေဟာ အမေရိကလောက် ရှိပါတယ်။ ဒါပေမဲ့ နော်ဝေက ကလေးတွေဟာလည်း ၂၀၀၉ - ခု အပြည်ပြည်ဆိုင်ရာ စစ်တမ်းမှာ (နိုင်ငံတကာစစ်တမ်းမှာ) အမေရိကန် ကလေးတွေလိုပဲ သိပ် မစွံလှပါဘူး။ နော်ဝေမှာ တစ်ခုခု ချွတ်ယွင်းနေတယ်။ သေချာတယ်။ အဲဒါ ဆင်းရဲမွဲတေမှုတော့ မဟုတ်နိုင်ပါဘူး။

အလားတူပါပဲ။ ဖင်လန်နိုင်ငံသားတွေကလည်း သူတို့ပညာရေး အောင်မြင်မှုနဲ့ ပတ်သက်လို့ အကြမ်းဖျင်း အဖြေတစ်ခုကို ပေးကြပါတယ်။ သူတို့က လွန်ခဲ့ တဲ့နှစ်ပေါင်း ရာချီကတည်းက ပညာရေးကို တန်ဖိုးထားကြလို့ပါတဲ့။
ကဲ … အဲဒီအဖြေအတိုင်းသာဆိုရင် (၁၉၅၀) ခုနှစ်တွေမှာ ဘာကြောင့် ဖင်လန်က ကလေး (၁၀) ရာခိုင်နှုန်းပဲ အထက်တန်းပညာရေး ပြီးဆုံးရတာလဲ။
(၁၉၆၀) ခုနှစ်တွေမှာ ကျေးလတ်နေ ကလေးတွေနဲ့ မြို့ပြနေ ကလေးတွေရဲ့ ပညာရေးက ဘာကြောင့် အများကြီး ကွာဟနေတာလဲ။ ဒီလိုအထိ ပြန်ကြည့်မိတော့ ဖင်လန်ရဲ့ ပညာရေးအပေါ်ထားတဲ့ သဘောတ ရားကလည်း မညီမမျှပဲပေါ့။
ဘယ်လို ဖြစ်တာပါလိမ့်။
တစ်ချိန်တည်းမှာပါပဲ၊ အမေရိကန်သမ္မတ အိုဘားမားနဲ့ သူ့ရဲ့ ပညာရေးဝန်ကြီး က တောင်ကိုရီးယားရဲ့ ပညာရေးကို မနာလို ဝန်တိုတောင် ဖြစ်မိတယ်ဆိုပြီး ကလေးတွေရဲ့ လေးစားမှုကို ခံရတဲ့ ကိုရီးယားကျောင်းဆရာတွေ၊ နောက် ကနေ တွန်းအားပေးနေတဲ့ ကိုရီးယားမိဘတွေကို ချီးကျူးပြောဆို လာပြန်ပါ တယ်။
ဒီအချက်ကို ပြန်ကြည့်တော့ ကိုရီးယားနဲ့ ဖင်လန် တူညီတဲ့အချက်ရယ်လို့ လည်း ဘာမှ မရှိဘူးဆိုတာ တွေ့ရပြန်ပါတယ်။ ကိုရီးယားရဲ့ ပညာရေးစနစ်က စာမေးပွဲနဲ့ မောင်းနှင်နေတာ ဖြစ်ပြီး ကျောင်းသားတွေကလည်း အမေရိ ကန် ကျောင်းသားတွေထက် လေ့လာချိန် ပိုနေပါတယ်။

သဘောမတူစရာ အဲသလို ကျယ်ကျယ်လောင်လောင် အသံတွေကို ကြား လိုက်ရပြီး ပညာရေးအဆင့် မြင့်မား၊ အရွယ်မတိုင်မီ ကျောင်းထွက်မှု ရာခိုင်နှုန်းသုည၊ ကောလိပ်ဘွဲ့ရ အရေအတွက်တွေနဲ့ ပြည့်နှက်နေတဲ့ ကျွန်းနိုင်ငံပေါ်က ကလေးတစ်ယောက်ရဲ့ ဘဝဟာ ဘယ်လိုများ နေမလဲ ဆိုတာ စဉ်းစားလို့မရ ဖြစ်နေခဲ့ရပါတော့တယ်။
ဖင်လန်က ကလေးတွေကရော ကျမဖတ်နေတဲ့ စာအုပ်ထဲကအတိုင်း နောဒစ် စက်ရုပ်ကလေးတွေ ဖြစ်နေလေမလား။ ကိုရီးယားကလေးတွေကရော ဒီအောင်မြင်မှုကို ချိုမြိန်တဲ့ အရသာလို့ ယူဆကြပါသလား။
သူတို့ မိဘတွေကရော ဘယ်လိုလဲ။ မိဘတွေအကြောင်း ဘယ်သူမှ ဘာမှ မပြောကြဘူး။

မိဘတွေရဲ့ အခန်းကဏ္ဍက ဆရာတွေလောက် အရေးမပါလို့လေလား။
ဒါနဲ့ပဲ အထက်မြတ်ဆုံး ကလေးတွေရှိရာ နိုင်ငံတွေဆီ တစ်နှစ်ကြာခရီး ထွက်ဖို့ ကျွန်မ ဆုံးဖြတ်လိုက်မိပါတော့တယ်။ အဲဒီစက်ရုပ် သေးသေးလေးတွေကို ကျွန်မကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ တွေ့လိုက်ချင်တယ်။
အင်္ဂါနေ့မနက် ဆယ်နာရီမှာ သူတို့ ဘာတွေများ လုပ်နေကြပါလိမ့်၊ သူတို့ကျောင်းက ပြန်ရောက်ရင် မိဘတွေက သူတို့ကို ဘာတွေ ဘယ်လို ပြောကြပါလိမ့်။ သူတို့ တကယ်ရော ပျော်ပျော်ရွှင်ရွှင် ရှိကြရဲ့လား။

နော့ဒစ်စက်ရုပ်ကလေးတွေကို ကိုယ်တိုင်ကိုယ်ကျ တွေ့မြင်နိုင်ဖို့အတွက် သူတို့အထဲ ရောက်နေပြီးသား (သူတို့နဲ့ အနီးဆုံးမှာ ရောက်နေတ)ဲ့ အတွင်းလူ တစ်ယောက်တော့ လိုနေတာပေါ့။ သူဟာ ကျမကိုယ်တိုင် မမြင်နိုင်၊ မသိနိုင် တာတွေကို မြင်နိုင်တွေ့နိုင်တယ်လေ။ ဒါနဲ့ ကျမလည်း အကူအညီ ပေးနိုင်တဲ့ ကျွမ်းကျင်လူငယ် အဖွဲ့လေးတစ်ဖွဲ့ကို ဖွဲ့လိုက်မိတော့တယ်။

သက္ကရာဇ် (၂၀၁၀) နဲ့ (၂၀၁၁) ခုကြားမှာ အတော်ဆုံးဆိုတဲ့ နိုင်ငံ သုံးနိုင်ငံရဲ့ ဘဝထဲမှာ လက်တွေ့နေလာခဲ့ကြတဲ့ အမေရိကန်လူငယ် သုံးယောက်နောက် ကို ခြေရာခံ လိုက်နိုင်ခဲ့ပါတယ်။
သူတို့ကလည်း ဒီပရောဂျက်ရဲ့ တစ်နှစ်ကြာ ဖော်ရိန်းအိတ်ချိန်း စွန့်စားခန်းမှာ အဓိက ပါဝင်ကူညီကြဖို့ သဘောတူခဲ့ကြပါတယ်။ သူတို့ ရှိနေတဲ့ နိုင်ငံတွေဆီ ကျမက သွားရောက်ခဲ့သလို ပြန်ရောက်လာတဲ့ နောက်မှာလည်း အဆက် အသွယ် မပြတ်ခဲ့ကြပါဘူး။

သူတို့အမည်တွေက ကင်(မ်) (Kim) အဲရစ် (Eric) နဲ့ တွမ် (Tom) တို့ပါပဲ။ သူတို့ကပဲ သူတို့ရဲ့ ခဏ နားခိုရာအိမ်၊ ခဏ အပန်းဖြေရာ ကော်ဖီဆိုင်၊ ခဏခိုလှုံရာ နိုင်ငံခြား မြေပေါ်မှာ ကျမရဲ့ ကိုယ်ရံတော်လေးတွေအဖြစ် ပံ့ပိုးပေးကြခဲ့ကြပါတယ်။

ဇင်ဝေသော်

Post a Comment