ရှေးဟောင်းမင်္ဂလာများနဲ့ ခေတ်သစ် လူမှုဒိုင်မင်းရှင်း (၂)


ဆရာတပည့် ဆက်ဆံရေး ပြောင်းလဲလာရင် သူတို့ကြားက တာဝန်နဲ့ ၀တ္တရားတွေဟာလည်း မလွဲမသွေ ပြောင်းသွားမှာပဲ ဖြစ်ပါတယ်။

လင်မယား ပြိုင်တူ အလုပ်လုပ်နေရတဲ့ခေတ်၊ အမျိုးသားရဲ့ အိမ်ထောင်ဦးစီး၊ ဘရက်ဝင်းနား (Bread winner) ရာထူးလျောကျလာတဲ့ ခေတ်ကြီးမှာ “တစ်လမ်းသွား လင်၊ မယားကျင့်ဝတ်တွေဟာ" လည်း အလျားအနံ သင့်လှတော့မယ်မဟုတ်ပါ။ ဇနီးဖြစ်သူကြိုးစားလိုက်နာသည်ဆိုစေ တရား မျှတဟန် မတူတော့ပါ။

ရှေးယခင်က သခင်နဲ့ ကျေးကျွန်၊ ယနေ့ခေတ်မှာ အလုပ်ရှင်နဲ့ အလုပ်သမား၊ လူတန်းစား ကွဲပြားမှု အရမှန်ပေမယ့် သူတို့ကြားက ဆက်ဆံရေးကတော့ လုံးဝခြားနားခဲ့ပြီ ဖြစ်ပါတယ်။ (၁၉) ရာစု ဗြိတိသျှတွေရဲ့ ကျွန်စနစ် စတင် ဖျက် သိမ်းချိန်အထိ ကမ္ဘာဟာ ကျေးကျွန်စနစ်နဲ့ လက်ပွန်းတတီး ရှိနေခဲ့ပါတယ်။ တစ်ချိန်က အရှင်သခင်အတွက် ဘာမဆို၊ ဘယ်လိုပဲ ဆုံးဖြတ် ဆုံးဖြတ် မှန် ကန်ပေမယ့် ဒီနေ့အလုပ်ရှင်ဟာ အစိုးရ ဥပဒေ၊ NGO ဥပဒေတွေကြားမှာ ထင်ရာစိုင်းခွင့် မရှိတော့ပါဘူး၊ ဒါတွေက ဥပမာအရသာ ဆွေးနွေးတာ ဖြစ်ပြီး လူတန်းစား အသီးသီးကြားက ဆက်ဆံရေး ပုံစံဟာ ကွဲပြားလာနေပါတယ်။ ဒါကြောင့် တာဝန်နဲ့ ၀တ္တရားပုံစံတွေလည်း ကွဲပြားလာနေပါတယ်။ "အိပ်သော် ကား နောက်၊ ထသော်ကားရှေ့" တွေ အံမဝင်တော့ပါဘူး။
ဒါကြောင့် သိင်္ဂါလောဝါဒသုတ်လိုဒေသနာဟာ အပိတ်ဒေသနာလို့ အကြမ်း ကောက်ချက်ချ နိုင်ပါတယ်။

ဒီတော့ ဒီမှာ မေးခွန်း နှစ်ခုတက်လာပါတယ်။
၁။ ဘာသာရေးပုံစံခွက်အတိုင်း ဘ၀ကို ပုံဖော်ကြမှာလား?
၂။ ပြောင်းလဲလာတဲ့ ဘဝထဲကို ဘာသာရေးတန်ဖိုးတွေ ထည့်သွင်း ကျင့်သုံး ကြမှာလား?

ဘာသာရေးပုံစံခွက်အတိုင်း ဘ၀ကို ပုံဖော်မယ်ဆိုရင် သတိထားစရာ အကောင်းဆုံးအချက်က အစ္စလာမ်စာအုပ်ကြီးဝါဒ (Extreme Islamic Fundamentalism) ပဲဖြစ်ပါတယ်။ ခေတ်နဲ့ အံမ၀င်တော့ ဘူးဆိုတဲ့ အချက်ကို လက်မခံဘဲ (၁၇) ရာစု တန်ဖိုးတွေကို (၂၁) ရာစုက လူတွေပါ လက်ခံဖို့ ကြိုး စားရင်း သူတို့ဟာ ပတ်ဝန်းကျင်ရဲ့ အမြင်မှာ အစွန်းရောက်သူတွေ ဖြစ်သွား ခဲ့ရပါတော့တယ်။

နံပါတ်နှစ်ဖြစ်တဲ့ (ပြောင်းလဲလာတဲ့ ဘဝထဲကို ဘာသာရေးတန်ဖိုးတွေ ထည့် သွင်း ကျင့်သုံးခြင်းဟာ) ပိုပြီး အဓိပ္ပါယ်ရှိသလို နှစ်လိုဖွယ်ရာလည်း ကောင်း ပါတယ်။
(သိင်္ဂါလောဝါဒသုတ်လာ ၀တ္တရားတွေဟာ ဒီနေ့ လူမှု ဆက်ဆံရေးမှာလည်း ဒီအတိုင်းပဲ ရှိနေရမယ်လို့ ဆိုသူတွေလည်း ရှိကောင်းရှိပါလိမ့်မယ်။ သူတို့ကို အတိုက်အခံ မလုပ်လိုပါ။ ဘာမှလည်း မတုန့်ပြန်လိုပါ။ )

ဒီတန်ဖိုးတွေ ခေတ်မမီတော့လို့ ၀မ်းနည်းစရာလား?

မဟုတ်ဘူးလို့ ထင်ပါတယ်။ ခေတ်ရဲ့ လွှမ်းမိုးမှုရှိတဲ့ အဆုံးအမ၊ ယဉ်ကျေးမှုကို အခြေခံတဲ့ အဆုံး အမတွေဟာ ခေတ်ပြောင်း ယဉ်ကျေးမှုပြောင်းရင် အံ မ၀င် ဖြစ်သွားတတ်ပါတယ်။ သိင်္ဂါလောဝါဒသုတ်ဟာ သဘာဝဓမ္မကို အခြေ မခံပါ။ လူမှုဆက်ဆံရေးကို အခြေခံပါတယ်။ ဒါကြောင့် လူမှုဆက်ဆံရေး ပုံစံ ပြောင်း သွားတာနဲ့ အံဝင်ခွင်ကျဖြစ်ဖို့ ခက်ခဲသွားပါတယ်။ ဒါတွေကို ရှေးဟောင်း အမွေအနှစ်အနေနဲ့ တန်ဖိုးထားသင့်ပါတယ်။ ဒါပေမယ့် ဒီတန်ဖိုးတွေနဲ့ အညီဖြစ်မှ ဘ၀ဟာ အဓိပ္ပါယ်ရှိမယ်၊ မျိုးဆက်သစ် တွေကို ဒီ တန်ဖိုးတွေနဲ့ပဲ တိုင်းတာသတ်မှတ် ပုံဖော်မယ်ဆိုရင်တော့ ခေတ်ရေစီးနဲ့ ကြည့်ရင် အတန်ငယ် နောက်ကျနေခဲ့ပြီလို့ ဆိုချင်ပါတယ်။ အံမ၀င်တာကို အတင်းကြီး ဇွတ်သွင်း အံဝင်ဖို့ ကြိုးစားခြင်းဟာ အနည်းငယ် အကျည်းတန် ပါတယ်။

သိပ္ပံနဲ့ ကိုးကွယ်မှု

လူ့အဖွဲ့အစည်းအနေနဲ့ ခြုံကြည့်ရင် ဒီတန်ဖိုး နှစ်ခုဟာ အဓိက ကြောရိုးနှစ် ခု ဖြစ်ပါတယ်။
သူတို့ နှစ်ခုဟာ မတူပါဘူး။ လုံးဝမတူတာလားဆိုတော့လည်း မဟုတ်ပါဘူး။ တူတဲ့နေရာတွေ ရှိသလို မတူတဲ့နေရာတွေလည်းရှိပါတယ်။ သိပ္ပံက အချက် အလက် (Fact) အပေါ်မှာ အခြေပြုပြီး ကိုးကွယ်မှုက ယုံကြည်မှု (Belief) ပေါ်မှာ အခြေပြုပါတယ်။ ထာဝရဘုရားရှင်မရှိနိုင်ဘူးဆိုတဲ့ သိပ္ပံ ပညာတွေ့ရှိချက်ဟာ မမှိတ်မသုန် ယုံကြည်တဲ့ ခရစ်ယာန်တွေရဲ့ ယုံကြည်မှုကို မလှုပ်နိုင်ခဲ့ပါဘူး ။ (အနည်းဆုံး ဒီနေ့အထိ ဘာမှ မဖြစ်သေးပါဘူး။) စိတ်ပျက်စရာကောင်းတာ တစ်ခုက သိပ္ပံပညာက တစ်ခုခုကို တွေ့လိုက်ပြီဆိုတာနဲ့ ဘာသာရေးပညာရှင်တွေက သူတို့ ဘာသာရေး အဆုံးအမထဲမှာ ဒါတွေရှိပြီးသား၊ သူတို့ဘာသာဟာ သိပ္ပံနဲ့ ညီတယ် ဆိုတာတွေ ရေးကြပြောကြတတ်ပါတယ်။

ဥပမာ နယူတန်ရဲ့ ကမ္ဘာမြေဆွဲအားကို ကမ္ဘာက အသိအမှတ် ပြုခဲ့ရတဲ့နောက် လူ့အဖွဲ့အစည်းထဲက သက်ရှိသက်မဲ့အရာတွေအားလုံးဟာ တိုင်ကပ် နာရီ ကြီးရဲ့ အစိတ်အပိုင်း လေးတွေလိုပဲဖြစ်တယ်လို့ ယူဆလာကြပါတယ်။ အဲဒီအခါမှာ ဒီအယူအဆတွေဟာ မိမိတို့ဘာသာနဲ့ တစ်ထပ်တည်း ကျတယ် လို့ ပြောဆိုရေးသားမှုတွေ တွေ့ရပါတယ်။ ဒါမျိုးတွေ အများကြီးပါ။ တကယ်တော့ မတူတာကို အတင်းဆွဲညှိနေခြင်း အားဖြင့် တန်ဖိုး တက်မလာ တဲ့ အပြင် တန်ဖိုးတောင်ကျနိုင်ပါတယ်။

ဆက်ရန်
ဇင်ဝေသော်

Post a Comment