လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင် (အမေးအဖြေ)


တစ်ကိုယ်ရေဘဝ
(ထွက်သွားဖို့ အဆင်သင့်ဖြစ်နေပြီ။ အမေးအဖြေ)

မေး ။ ။ မစ္စတာလီက အမည်ခံ ဗုဒ္ဓဘာသာလို့ တစ်ခါက ပြောဖူးတယ်နော်။ အခုလည်း ဒီအတိုင်းပဲလား။
ဖြေ ။ ။ ဟုတ်တယ်။ အရင်အတိုင်းပဲ။ ငါက ခရစ်ယန်လည်း မဟုတ်၊ တာအို ဘာသာဝင်လည်း မဟုတ်ဘူး။ ငါက ဒီ ဘာသာနှစ်ခုထဲမှာ ဘယ်အထဲမှ ပါမနေဘူး။

မေး ။ ။ မစ္စတာလီ ပြောတဲ့ “ဓလေ့ထုံးစံ” ဆိုတာ ဘာကို ဆိုလိုတာလဲ။
ဖြေ ။ ။ သတ်မှတ်ထားတဲ့နေ့မှာ မိဘဘိုးဘွားတွေကို အစားအသောက်တွေနဲ့ တင်ကြ၊ ပူဇော်ကြတာ စတာမျိုးပေါ့။ ငါတင်မြှောက်ပူဇော်ဖို့ အလုပ်သမားတွေ က စားပွဲပေါ် အဆင်သင့် ပြင်ဆင်ပေးထားကြတယ်။ ငါ မရှိတော့ရင် ဒါတွေ လည်း ရှိမှာ မဟုတ်တော့ဘူး။ ဒါက Qing Ming လက်ထက်က သုဿာန်သွားပြီး ရှင်းလင်းသုတ်သင်ပေးတာမျိုးပါ။ မျိုးဆက်တွေ ပြောင်းလာတာနဲ့အမျှ လုပ်ဆောင်တဲ့ ပုဂ္ဂိုလ်လည်း နည်းနည်း လာတယ်။ ဒါက ဓလေ့ထုံးစံပေါ့။

မေး ။ ။ ဘာသာတရား မရှိဘူးဆိုရင် စိတ်သက်သာအောင် ဘယ်လို ဖန်တီး ယူသလဲ။
ဖြေ ။ ။ စိတ်သက်သာမှုဆိုတာ နာကျင်ကိုက်ခဲတဲ့ ဝေဒနာတွေ အဆုံးသတ် မှုပေါ့။ ဘဝအဆုံး အပိုင်း (သေခြင်းတရား) အမြန်ရောက်လာပါစေလို့ ဆုတောင်း မျှော်လင့်ရတာပဲ။ အသက် (၈၉) နှစ်မှာ နာရေးသတင်းတွေကို ဖတ်ရင်း ငါ့ထက် အသက်ပိုရှည်အောင် နေရတဲ့လူ တော်တော် နည်းတယ် ဆိုတာ တွေ့ရတယ်။ ဒါနဲ့ ငါလည်း စဉ်းစားနေမိတယ်။ သူတို့ ဘယ်လိုနေပြီး ဘယ်လို သေခဲ့ကြပါလိမ့်၊ ဝေဒနာတွေ အကြာကြီး ခံစားခဲ့ကြရတာလား။ မလှုပ်နိုင်၊ မရှားနိုင် ဘဝနဲ့လား စသည်ဖြင့်ပေါ့။ အသက် (၈၉) နှစ်မှာ ငှက်ပျော တုံးလို ဘဝနဲ့ ပိုက်ကနေ အစာသွင်း မခံချင်ရင် ဆေးပညာအရ ကြိုတင် လမ်းညွှန်မှု (AMD) လုပ်ထားဖို့ ငါကတော့ အကြံပေးမှာပဲ။ အသက်ကယ်ဖို့ ဆိုပြီး ဘာမှ မလုပ်ပါနဲ့၊ သဘာဝအတိုင်းပဲ သေပါရစေလို့ ပြောလိုက်။

မေး ။ ။ အကြောင်းအမျိုးမျိုးတော့ ရှိမှာပေါ့။ စင်္ကာပူမှာ ဒါမျိုး လုပ်လေ့လုပ်ထ သိပ်မရှိသေးဘူး။
ဖြေ ။ ။ အေးလေ၊ သူတို့က သေခြင်းတရားကို ကြိုတင် ရင်မဆိုင်ချင်လို့ နေ မှာပေါ့။

မေး ။ ။ တချို့နိုင်ငံတွေမှာ တရားဝင် ခွင့်ပြုထားတဲ့ “euthanasia” (ရောဂါ မခံစားရစေဖို့ ဆေးဝါး အကူအညီဖြင့် အဆုံးစီရင်ပေးခြင်း) ကို လက်ခံ တယ်ပေါ့။
ဖြေ ။ ။ လူတွေကို သိသိကြီးနဲ့ သတ်ပစ်တာ မဟုတ်ဘဲ ဝေဒနာ အသည်း အသန် မခံစားရအောင် လူနာကိုယ်တိုင်က ရွေးချယ်တာမျိုး ဆိုရင်တော့ ဒတ်(ခ်ျ) တွေလို “Yes” လို့ ဆိုရမှာပဲ။ ဒါကြောင့် ငါ့ရဲ့ ဆေးပညာကြိုတင် လမ်းညွှန်ချက်မှာ “သွားပါရစေတော့” လို့ ဆိုထားတာ။

မေး ။ ။ မစ္စတာလီရဲ့ မြေးတစ်ယောက်က "ကောင်းမွန်တဲ့ ဘဝဆိုတာ ဘယ်လို ဘဝလဲ" လို့ မေးလာရင် ဘယ်လို ဖြေမလဲ။
ဖြေ ။ ။ အသက်နှစ်ဆယ်ကျော်မြေးတွေ ငါ့မှာ ရှိတယ်။ သူတို့ကတော့ ဒီလို မေးခွန်းမျိုး ဘာမမေးဘူး။ သူတို့ကိုယ်တိုင် သိထားပြီးကြပြီးသားပဲ။ လူတွေနေထိုင်တဲ့ ရုပ်ဝတ္ထုကမ္ဘာက ပြောင်းလဲနေသလို သူတို့ တွေ့ကြုံ ဆက်ဆံနေရတဲ့ လူတွေနဲ့အညီ မျိုးဆက်တိုင်းရဲ့ ဘဝရည်ရွယ်ချက် ပန်းတိုင်တွေလည်း ပြောင်းလဲလာတယ်။

မေး ။ ။ မစ္စတာလီ ဆိုလိုတာက လူငယ်တွေအပေါ် ပြောနေလည်း ဩဇာ သက်ရောက်မှု မရှိဘူး ဆိုလိုတာလား။
ဖြေ ။ ။ မဟုတ်ဘူး။ သူတို့အသက် ဆယ့်ခြောက်၊ ဆယ့်ခုနှစ်နှစ်အထိ အခြေခံ သဘောတရားတွေကို သင်ကြားပေးလို့ ရတယ်။ တစ်ခါတလေ ဒီထက် လည်း စောမယ်၊ အဲဒီနောက် သူတို့စိတ်ကို သူတို့ ပိုင်သွားပြီ၊ သူတို့မြင်တွေ့ သမျှတွေ၊ သူတို့နဲ့ ခေတ်ပြိုင်တွေရဲ့ ဩဇာလွှမ်းမိုးမှုပဲ သူတို့အပေါ်မှာ ရှိတော့ တယ်။

မေး ။ ။ နောက်ဘဝမှာ မစ္စတာလီရဲ့ ဇနီးကို တွေ့ရမှာ မဟုတ်ဘူး၊ တွေ့ရမယ် ဆိုတာ မယုံကြည်ဘူး လို့ ဆိုခဲ့တယ်နော်။ တစ်ယောက်တည်း တိတ်တိတ် ဆိတ်ဆိတ် အချိန်မှာတောင် ဒီယုံကြည်မှုက ရှိနေဆဲပဲလား၊ လူသားတစ်ယောက်အနေနဲ့ မမျှော်လင့်ကောင်းဘူးလား။
ဖြေ ။ ။ ဒီယုံကြည်မှုက ယုတ္တိမရှိဘူး။ နောက်ဘဝ ရှိတယ်ဆိုပါတော့၊ ဒါဆို ဘယ်နေရမှာ နောက်ဘဝက ရှိနေမှာလဲ။

မေး ။ ။ နာမ်ဘဝမျိုးနဲ့ပေါ့။
ဖြေ ။ ။ ဒါဆို တစ္ဆေသရဲတွေလိုပဲလား။ ငါတော့ မထင်ပါဘူး။

မေး ။ ။ မစ္စက်လီအကြောင်း မကြာမကြာ စဉ်းစားမိသလား။
ဖြေ ။ ။ သူ့အရိုးပြာအိုး ငါ့ဆီမှာ ရှိတယ်။ ငါသေပြီးရင် ငါ့အရိုးပြာအိုးကို သူ့အိုးနဲ့ အတူတူ ယှည်ထားဖို့ ငါ့ကလေးတွေကို မှာထားတယ်။ ဒါက ခံစားမှုသဘော သက်သက်ပါ။

မေး ။ ။ မျှော်လင့်ချက်ရော မရှိဘူးလား။
ဖြေ ။ ။ မရှိပါဘူး။ သူလည်း မရှိတော့ဘူး။ သေသွားတဲ့နောက် ကျန်ရစ်ခဲ့တာ က အရိုးပြာအိုး တစ်လုံးပဲ။ ငါလည်းပဲ အရိုးပြာအိုးတစ်လုံး ချန်ထားခဲ့ပြီး သွားရမှာပဲ။ ခံစားချက်အနေနဲ့တော့ ငါတို့ အရိုးပြာအိုး နှစ်လုံး ယှဉ်တွဲထား တာပေါ့။ ဒါပေမဲ့ နောက်ဘဝမှာ အတူပြန်ဆုံဖို့ဆိုတာကတော့ တကယ်ဖြစ် လာဖို့ ခက်ခဲလွန်းလှပါတယ်။ ဒါပေမဲ့ ဟိန္ဒူတွေကတော့ ဒါကို ယုံတယ် မဟုတ်လား။

မေး ။ ။ ဟုတ်ပါတယ်။ ဒါက ဟိန္ဒူယုံကြည်မှုပါ။
ဖြေ ။ ။ ဒီဘဝမှာ ကောင်းကောင်းနေရင် နောက်ဘဝဟာ ပိုကောင်းတယ်၊ ကောင်းကောင်းမနေရင် ခွေးစသည် ဖြစ်တတ်တယ်ဆိုတာမျိုးလေ။

မေး ။ ။ ဗုဒ္ဓဘာသာတွေလည်း ဒါကို ယုံကြည်ကြပါတယ်။

ဖြေ ။ ။ ဒါပေမဲ့ ဟိန္ဒူတွေလောက် အယူပြင်းပြင်းထန်ထန် မရှိလှပါဘူး။

မေး ။ ။ ကက်ဘိနက်ထဲမှာ ရှိနေတုံးကနဲ့ နှိုင်းစာရင် ဒီနေ့ နေ့စဉ် လုပ်ငန်းတွေ က တော်တော် ကွာခြားသွားသလား။
ဖြေ ။ ။ ကွာတာပေါ့။ အခု ဖိအား မရှိတော့ဘူး။

မေး ။ ။ ဒါပေမဲ့ မစ္စတာလီက အမြဲတမ်းလိုလို ဖိအားတွေကြုံရတိုင်း ကောင်းေ ကာင်းမွန်မွန် ဖြေရှင်းနိုင်ခဲ့တယ် မဟုတ်လား။
ဖြေ ။ ။ အလုပ်ဖိအားဆိုတာ ဆုံးဖြတ်ချက် ချရတာမျိုးကို ခေါ်တာလေ။ တစ်ချိန် တည်းမှာ ဆုံးဖြတ်ချက် ချစရာတွေ ပြိုင်ပြီး ရောက်လာရင် မွေးခွန်းတွေ ကို သေသေချာချာ စီစစ်ပြီး ဆုံးဖြတ်လိုရတာပါ။ ဆုံးဖြတ်ပြီးပြီဆိုတဲ့နောက် နောက်ပြန်ဆုတ်လို့က မရတော့ဘူး။ ဖိအားချင်း မတူကြဘူး။

မေး ။ ။ အဲသလို ဖိအားတွေကို သတိမရဘူးလား။
ဖြေ ။ ။ မရပါဘူး။ ဘာ့ကြောင့် သတိရနေရမှာလဲ၊ ငါလုပ်ရမယ့်တာဝန်ကို လုပ်ခဲ့ပြီးပြီပဲ။

မေး ။ ။ ကက်ဘိနက် အစည်းအဝေးတွေ၊ လူငယ်ဝန်ကြီးတွေနဲ့ အပြန်အလှန် ဆက်ဆံရတာမျိုးတွေကို သတိမရဘူးလားလို့ ဆိုလိုတာပါ။
ဖြေ ။ ။ သတိမရပါဘူး။ နေရာဖယ်ပေးရတော့မယ့် အချိန်ရောက်ပြီလို့ ထင်တယ်။ ငါ့အသက်က အခု (၈၉) နှစ်။ ငါတို့ ကျင်လည်ခဲ့ရတဲ့ ကမ္ဘာနဲ့ အချက်အလက်တွေကို ကြည့်ရင် ပြောပြနေပုံအရ ငါ့ခေါင်းထဲမှာ စင်္ကာပူရဲ့ ပုံစံ၊ စင်္ကာပူရဲ့ တွေးခေါ် သုံးသပ်ပုံတွေက ပုံသေကြီး ဖြစ်နေပြီ။ စင်္ကာပူက ငါတို့ခေတ်နဲ့ မတူ ပြောင်းလဲနေတယ်။ လူနေရပ်ကွက်တွေထဲ ငါကိုယ်တိုင် သွားခဲ့တယ်။ ရပ်ကွက် အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံခဲ့တယ်။ သူတို့နဲ့ အပြန် အလှန် ဆက်ဆံခဲ့တယ်။ လက်တွေ့ကျကျ ကွင်းဆင်းကြည့်ရတာကို ကျေ လည်း ကျေနပ်တယ်။ အခု ဒါမျိုးတွေ မရှိတော့ဘူး။ သူတို့သတင်းပို့သလောက်နဲ့ ပြီးနေရတယ်။ ဒီနှစ်ခုက လုံးဝ မတူဘူး။ ဒီတော့ ဒီတာဝန်ကို လက်တွေ့ကွင်းဆင်းနိုင်တဲ့ လူတွေရဲ့ လက်ထဲပဲ အပ်ခဲ့ရတော့ တယ်။

မေး ။ ။ ၂၀၁၁ - ခု ရွေးကောက်ပွဲကြီးအပြီး မကြာမီမှာပဲ အစိုးရအဖွဲ့ထဲ ကနေ နှုတ်ထွက်ဖို့ ဆုံးဖြတ်ချက် ချလိုက်ခြင်းအတွက် နောင်တရော မရမိ ဘူးလား။
ဖြေ ။ ။ မရပါဘူး။ အောက်ခြေလူတန်းစားတွေနဲ့ ထိတွေ့ ဆက်ဆံနိုင်တဲ့ စွမ်းရည် (ကျန်းမာရေး သန်စွမ်းမှု) မရှိဘဲ ဘယ်လိုလုပ် ဆုံးဖြတ်ချက်တွေ ချနိုင်တော့မှာလဲ။ စိတ်ကျန်းမာရေးက ပြဿနာ မရှိဘူး။ ငါ့မှာ လေဖြတ်တာ၊ အတိတ်မေ့တာတွေ မရှိဘူး။ ဒါပေမဲ့ စိတ်သွားတိုင်း ကိုယ်က မပါတော့ဘူး။ အခု အင်တာဗျူး မလုပ်ခင်မှာပဲ နေ့လည်စာ အနည်းငယ်စား၊ စက်ပေါ်မှာ လမ်းလျှောက် ကျန်းမာရေးလုပ်၊ (၁၅) မိနစ် အနားယူခဲ့ရတယ်။ အရင်က ဒါမျိုးတွေ မလုပ်အပ်ခဲ့ဘူး။

မေး ။ ။ ဒီတော့ လုပ်ချင်လျက် မလုပ်ခဲ့ရတဲ့ကိစ္စမျိုးတွေ မရှိဘူးပေါ့။
ဖြေ ။ ။ မရှိဘူး။ စိတ်ကူးထဲ ရှိတာတွေ လုပ်ခဲ့ပြီးပြီ။ ဝန်ကြီးချုပ် ရာထူးကို ဂိုချောက်တောင် လက်ထဲ လွှဲအပ်ခဲ့တယ်။ သူ့ကို အကူအညီတော့ ဆက်ပေးခဲ့တယ်။ သူကလည်း ဒီရာထူးကို လီရှန်လွန်းလက်ထဲ လွှဲအပ်ခဲ့ပြန်တယ်။ အခု မျိုးဆက်က ငါ့မျိုးဆက်နဲ့ မတူတော့ဘူး။ ငါ့အကူအညီတွေကလည်း အရင်လောက် အဓိပ္ပါယ် မရှိတော့ဘူး။ သူတို့ တရုတ်တိုင်းရင်းသား ဘာသာစကားနဲ့ တီဗွီအစီအစဉ်တွေ ပြန်လွှင့်ဖို့ စိတ်ကူးတာမျိုးက လွဲရင်ပေါ့။

ဆက်ရန်

ဇင်ဝေသော်

Post a Comment