သတိရတယ် ကောင်မလေးရယ်


မနောက်ပါနဲ့
နက်ကက်အီကော်နောမစ်ဆိုတာ
ဝစ်လစ်စလစ်စီးပွားရေး မဟုတ်ဘူး
မိုးပေါ်ထောင်ဖောက်တာတွေကို ကြောက်တတ်ခဲ့တော့
နားပိတ်ရတာနဲ့ လက်က မအားတော့ဘူး။
မလိမ်တတ်မှတော့
ရိုးရိုးလေးပြောတာက ကုသိုလ်ရမယ်ထင်တယ်။

ဒီနေ့ ဘယ်လောက် အသည်းကွဲရကြောင်း
နောက်နေ့ ချစ်သူနဲ့ ဘယ်လိုကြည်နူးရကြောင်း
ဒီနေ့ ခွဲမသွားနဲ့ ချစ်သူဆိုတဲ့အကြောင်း
နောက်နေ့. ရပါတယ်. ငါ့ကိုထားခဲ့ပါအကြောင်း
ဘာညာ ဘာညာ
ဒီလိုနဲ့ မိုးလေဝသ ဖော့ကပ်စ်တွေ
ပင်လယ်ရေပြင်လို မြင့်တက်လာကြောင်း။

ရွာ့အပြင်က သရက်ပင်အောက်မှာ ဖြစ်ခဲ့တာပါ
အမှုကြီးအောင် တောကြီးမျက်မည်း မလုပ်ပါနဲ့
ကံကောင်းချင်ရင်
စပါတာကပစ်လုပ်တန်း ကစားပေါ့
၂၀၁၅ ယတြာ။

ငါ့ဓာတ်ပုံ
တံဆိပ်ခေါင်း ဖြစ်သွားရင်
ငါ သေးသွားတာလား
ငါ ကြီးသွားတာလား
လူဖတ်လို့ကောင်းအောင် အဆုံးသတ်ရရင်
သတိရတယ် ကောင်မလေးရယ် ပေါ့။ ။

ဇင်ဝေသော်

(January 8 at 12:36am)

Post a Comment