စကားပြောသောဓာတ်ပုံများ (၃)


မေး။ ။ အရှင်ဘုရားရဲ့ သက်တော်ဘယ်လောက်ရှိပြီလဲ သိပါရစေ။
ဖြေ။ ။ ဦးဇင်းက မွေးခဲ့ပြီးပြီ၊ သေပြီလားဆိုတော့ မသေသေးဘူး။ ဒီတော့ ဦးဇင်းအသက်က မွေးခြင်းနဲ့သေခြင်းကြားက တစ်နေရာရာမှာရှိနေတယ်။ ဘယ်နေရာမှာလဲ မသိဘူး။ တစ်နေရာရာမှာပဲ။

(သမ္မတကြီးရဲ့ မဟာအင်တာဗျူး၊ မဟာဒိုင်ယာလော့ကို မှီငြမ်းဖြေဆိုသည်။ ဒဿန ပါသော်လည်း လိုရင်းမရောက်သဖြင့် မေးသူ၊ နားထောင်သူများ စိတ်ညစ် သွား ကြလေကုန်သည်ဟုဆို၏)


ဥပဒေနဲ့သမိုင်း


မြန်မာပြည်ပညာရေးက ဥပဒေနဲ့သမိုင်းကို တန်ဖိုးမထားဘူး။
ဒါဆို ဘယ်သူတွေက ဥပဒေရေးဆွဲပြီး ဘယ်သူတွေက နိုင်ငံရေး အနာဂတ်ပေါ်လစီချမှတ်မှာလဲ။
စင်္ကာပူရောက်လာတဲ့ အိမ်ဖော်လေးတွေတချို့က ဥပဒေဘွဲ့ရသူရ၊ သမိုင်းနဲ့ ဘွဲ့ရသူရ။ သူတို့ကို အထင်သေးတာ မဟုတ်ပါဘူး။
စင်္ကပူထောင်သွားတဲ့ ရှေ့နေဟောင်း လီကွမ်းယု၊ ကမ္ဘာ့နိုင်ငံရေးပေါ် လစီတွေ ရေးသွားတဲ့ (သမိုင်း၊ ပေါ်လစ်တီကယ်ဆိုင်းယင့်စ်ပညာရှင်) ကစ်ဆင်းဂျားတို့ ဟန်တင်တန်တို့ကို သွားမြင်မိလို့ပါ။
မတရားတဲ့ ဥပဒေဆွဲထားမိရင်တော့ သေနတ်နဲ့ထိုင်စောင့်မှ ဒီ ဥပဒေမြဲမှာ။

လိပ်တစ်ကောင်ရဲ့ အားသာချက် ၆ ချက်(နယူး ဗားရှင်း)


၁။ အသက်ရှည်အောင် ကျန်းမာရေးလုပ်ရတယ်ဆိုတဲ့ စကားဟာ လိပ်နဲ့ လုံးဝ မဆိုင်။ ပြေးလွှားနေတဲ့ ယုန်တွေ ခွေးတွေထဲမှာ ဘယ်သူ အသက်ရာကျော်နေ ရလို့လဲ။ ဘာမှမလုပ်ဘဲ သက်တန်းရာကျော်ရှည်တာ လိပ်ပဲရှိတယ်။(လိပ်နဲ့ဆွေမျိုး မတော်သူတွေ အတော်ဒုက္ခရောက်ရတယ်)

၂။ စောင်းကန်းစောင်းကန်း လမ်းလျှောက်လို့လည်း ဘာမှမဖြစ်(လူတွေစကားနဲ့ ဒါကို လိပ်ကြီးကတစ်ဖက်၊ ကမ္ဘာကြီးကတစ်ဖက်လို့ခေါ်တယ်)။ ဝင်တိုက်မိလည်း အခွံမာကြီးနဲ့ ဆိုတော့ ဘာမှမဖြစ်။ လိပ်က တည့်တည့်ကို မလျှောက်တတ် ဘူး။
(လူတွေစကားနဲ့ ဘန်ကာ ဂါးဘားမင့်လို့ခေါ်တယ်။ အပြင်မထွက်ရဲ၊ ဗုံးခိုကျင်းထဲ မှာပဲနေရသူ) ကြီးလေ မတည့်လေ။

၃။ လူတိုင်းကိုလည်း မျက်နှာ ပြနေစရာမလိုဘူး။ တခြားသတ္တဝါတွေဆို မျက်နှာ ချိုသွေးရ၊ အမြီးနံ့ရ။ လိပ်ကမျက်နှာမပြဘဲ အလုပ်ဖြစ်တယ်။ ခပ်တင်းတင်း၊ ခပ် တည်တည်ပဲ။

၎။ အားအားရှိ ကိုယ့်ဘက်ကို ယက်နေရုံပဲ၊ လိပ်ဆိုတော့ ဘယ်သူမှ ဘာမှပြော လို့ မရ။ ပြောလည်း ဘာမှမဖြစ်။ စကားပုံ ရှိနေလို့။

၅။ ဘယ်သူနဲ့မှ မတွေ့ချင်တော့ဘူးဆိုရင် ပင်လယ်ထဲဆင်းသွားပြီး နားအေး ပါးအေး ငုပ်နေလိုက်ရုံပဲ(လူတွေစကားနဲ့ ဒါကို အနားယူတယ်လို့ခေါ်တယ်)။ အကြောင်းရှိရင် ကောင်လေးတွေ ဆက်သွယ်ကြပေါ့(လူတွေစကားနဲ့ အကြံ ဉာဏ်တောင်းခံတယ်လို့ခေါ်တယ်၊ အရေးကြီးတာဆို လိပ်ကြီးမသိဘဲ ဘာမှ မလုပ်ရဲကြဘူးလို့ခေါ်တယ်။)

၆။ နောက်ဆုံး မဖြစ်မနေ ယုန်နဲ့ အပြေးပြိုင်ရရင်တောင် လိပ်ကနိုင်တယ်။



လူတွေစကားနဲ့ပြောတော့ ယုန်က မျိုးမစစ်လို့ ပြိုင်ပွဲဝင်ဖို့ ကွာလီဖိုင်း မဖြစ်တာ ရယ်၊ ခရာမမှုတ်ခင် လိပ် ယူနိုက်တက်က လေးပုံ တစ်ပုံ ရောက်နှင့်နေပြီးဖြစ်နေ တာရယ်ကြောင့် တဲ့။ တချို့ လိပ် ယူနိုက်တက်အဖွဲ့ဝင်တွေစကားအရ ယုန်က နားရွက်ထောင်လွန်းတယ် တဲ့)

ပြီးပါပြီ။
ဆက်ချင်ရင် ကိုယ်ဘာသာပဲ ဆက်ကြပါ။

သရဏဂုံရွတ်ဆိုရာမှာ


သရဏဂုံရွတ်ဆိုရာမှာ ပီသနေရမယ်ဆိုတာက အရေးကြီးတဲ့စကားမို့ နားလည် မှု လွဲမသွားစေဖို့ ချမှတ်ထားတဲ့လမ်းညွှန်ချက်ပါ(အတင်းစည်းရုံးထားတာ မဟုတ်၊ သူ့သဘောနဲ့သူ အာမခံပြီးဝင်လာတာဆိုတာမျိုး၊ ဘုရာလည်း ဒီလို ကွန်ပလိန်းတွေရင်ဆိုင်ခဲ့ရတယ်၊ ဒါ့ကြောင့် ခံစစ်စည်းလိုင်း တားထားတာ)။
ဆောင့်ဆောင့်အော်ရမယ်ဆိုတာမျိုး မဟုတ်ပါဘူး။ဘယ်ထေရဝါဒနိုင်ငံ မှာ မှ ဆောင့်ဆိုတာမျိုးမတွေ့ရဘူး။ မှတ်မိသေး တယ်။ ဒေးဝန်းဆရာတော်ကြီး ကမ္မဝါ ဖတ်တော့ ငြိမ်ငြိမ်လေး၊ နာလို့လည်းကောင်းတယ်။
ချက်ချင်းကြီး ကီးမြှင့်ဆိုတဲ့အသံ မှန်၊ မမှန်။
ကီးမြင့်လွန်းသွားပြီး ဆိုလိုတဲ့အဓိပ္ပါယ်ကို နားလည်ရခက်သွားရင်တော့ မူရင်း စကားတော်နဲ့ သွေဖီသွားပြီ။ ဒါက သေချာတယ်။

အားစိုက်မှု


ပြောဆိုတဲ့စကား၊ အလုပ်အကိုင် အခွင့်အရေး၊ လူနေမှုအဆင့်၊ ဝန်းကျင်ရဲ့ သန့်ရှင်းမှုတွေကြောင့် စင်္ကာပူက ယူနိုက်တက်အာစီယံဖြစ်နေတယ်။
ထိုင်း၊ မြန်မာ၊ အင်ဒို၊ မလေး၊ ဖိလစ်ပိုင် စတဲ့ နိုင်ငံအသင်းတွေကန်နေပေမဲ့ သူ့ပရိသတ်နဲ့သူ ရှိနေတယ်။ အခြားနိုင်ငံတွေမှာဆို ဒီလောက် ဟန်ချက် မညီနိုင်ဘူး။ သူက နိုင်ငံသေးတာလေးကို အားသာချက်လိုလိုဖြစ်အောင် အကွက်ချထားတာ။ အခြားနိုင်ငံတွေနဲ့စာရင် နိုင်ထက်စီးနင်းမှုလည်းနည်းတယ်။ ဥပဒေနဲ့ဥပဒေကို အကောင်အထည်ဖော်သူတွေရဲ့ အားစိုက်မှုက အဓိကဖြစ်မယ်။

ကျနော်ကတော့ ဇွန်းကိုပဲသုံးတယ်

တစ်နေ့မှာတော့ မိတ်ဆွေတချို့နဲ့အတူ အသစ်ဖွင့်ထားတဲ့ ရက်စတောရင့် ကို ရောက်သွားဖြစ်တယ်။
သန့်သန့်ရှင်းရှင်းရှိသလို စာပွဲထိုးအားလုံးကလည်း လူငယ်၊ လူ မမယ်လေးေ တွချည်းပါပဲ။ သူတို့ကို လေ့လာရင်း ပေါက်ပေါက်ရှာရှာမြင်တတ်တဲ့ ကျနော် ဟာ စာပွဲထိုးလေးရဲ့ အိပ်ထောင်ထဲက ဇွန်း၊ ခရင်းတစ်စုံကို မြင်မိတယ်။
လိုက်ကြည့်တော့ သူမှမဟုတ်ဘူး၊ စာပွဲထိုးအားလုံးရဲ့ အိပ်ထောင်တွေထဲမှာ ဇွန်း၊ ခရင်းတွေ ဆောင်ထားတာတွေ့ရတယ်။ တော်တော် အံ့ဩမိတယ်။
ဒါနဲ့ သွက်သွက်လက်လက် ရှိမယ့် အငယ်ဆုံး စာပွဲထိုးလေးကို မေးကြည့် မိတော့။
" ဒါက ဒီလိုပါ၊ ကျနော်တို့မှာ အချိန်ကုန်သက်သာမယ့် နည်းလမ်းနဲ့ပတ်သက် ပြီး သုတေသနလုပ်ရင်း အကြံပေးနေတဲ့ ကုမ္ပဏီတစ်ခု ရှိပါတယ်။ သူတို့ ရှာဖွေတွေ့ရှိချက်က လာရောက်စာသုံးသူတွေ စားပွဲပေါ်က လွတ်ကျတတ် တဲ့အထဲမှာ ဇွန်း၊ ခရင်းက နံပါတ် တစ်ပါ။ ၈၆ ရာခိုင်နှူံးရှိပါတယ်။ လွတ်ကျ တိုင်း စာဖိုခန်းထဲသွားပြီး ဇွန်း၊ ခရင်းတွေဆေးနေရတာက အချိန်ကုန် လူ ပမ်းဖြစ်ပါတယ်။ ဒါ့ကြောင့် ကျနော်တို့အားလုံး ဇွန်း၊ ခရင်းတွေ ဆောင်ထား ကြတာပါ"
ကျနော်ကိုယ်တိုင် တော်တော်အထင်တကြီး ဖြစ်သွားမိတယ်။ တယ် ဟုတ်ပါ လားပေါ့။
ပြောရင်းဆိုရင်း စာမယ်လုပ်နေစဉ် ကျနော့်လက်ထဲက ဇွန်း လွတ်ကျသွားေ တာ့ သူက ကဲ တွေ့ပြီမဟုတ်လားဆိုတဲ့ အပြုံးနဲ့ကြည့်ပြီး သူ အသင့်ဆောင် ထားတဲ့ ဇွန်းကို ထုတ်ပေးတယ်။



ခဏနေတော့ ဇွန်း၊ ခရင်းတင်မကဘဲ သူတို့ ဝတ်စုံတွေမှာ တွဲချုပ်ထားတဲ့ ကြိုးကွင်းလေးတွေကိုလည်း တွေ့ရပြန်တယ်။ ဒီ ကြိုးကွင်းလေးတွေကလည်း လူတိုင်းရဲ့ ဝတ်စုံမှာပါတယ်။ ဒီ ကြိုးကွင်းလေးတွေက ဘာအတွက်ပါလိမ့် ဆိုတာ ကျနော်လည်း ဉာဏ်မီသလောက် စဉ်းစားတာပဲ၊ အဖြေမရဘူး။ ဒါနဲ့ အဲဒီ စာပွဲထိုးလေးကိုပဲ မေးကြည့်ရတော့တယ်။
"မင်းတို့ ဝတ်စုံမှာ ပါနေတဲ့ ကြိုးကွင်းလေးတွေကရော ဘာအတွက်လဲကွ၊ အချိန်ကို ချွေတာဖို့ပဲလား၊ ဖြစ်နိုင်ရင် ရှင်းပြပအုံး"
ဆိုတော့ သူက အနားကပ်ပြီး..
"ရပါတယ် ဆရာ၊ ကျနော်တို့ အာလုံးက အမျိုးသားတွေချည်းပဲ မဟုတ်လား။ ဒီ ကြိုးကွင်းလေးတွေ ပါတော့ အပေါ့သွားတဲ့အခါ အချိန်ကုန် သက်သာပါ တယ်။ လက်နဲ့ ထုတ်၊ ကိုင်ပြီး အပေါ့သွားစရာ မလိုတော့ဘူး၊ ကြိုးကွင်းလေး နဲ့ ဆွဲထုတ်လိုက်ရင် ရပြီ၊ ဒီတော့ လက်ဆေးစရာမလိုတော့ဘူး။ အချိန်ကုန် သက်သာသလို ရေကုန်လည်း သက်သာသွားတာပေါ့ ဗျာ"

ဒီလောက် စနစ်ကျတဲ့ ရက်စတောရင့်ကို ကျနော် မချီးမွမ်းဘဲ မနေနိုင်တော့ ဘူး။ ဒါပေမဲ့ စဉ်းစားလို့ မရတာက လက်နဲ့မကိုင်ဘဲ အထဲကို ဘယ်လိုပြန် ထားမလဲ ဆိုတဲ့ကိစ္စပဲ။
ဒါနဲ့ ဆက်မေးကြည့်တော့ ကောင်လေးက အနားကပ်ပြီး တိုးတိုးလေးပြော တယ်....
"ကျန်တဲ့လူတွေကိုတော့ ကျနော်လည်း မသိဘူး၊ ကျနော်ကတော့ အသင့်ဆောင်ထားတဲ့ ဇွန်းကိုပဲ အသုံးပြုလိုက်တာပါပဲ"

(The World Joke Book ထဲက ရယ်စရာလေးကို သင့်သလို ပြန်ထားတာပါ)
11/06/2013

မချစ်မမုန်း


သင်္ခါရအပေါ် မချစ်မမုန်း ဥပေက္ခာဝင်သွားတော့ သင်္ခါရုပေက္ခာ။
သတ္တဝါတွေအပေါ်မချစ်မမုန်း ဥပေက္ခာဝင်သွားတော့ ဗြဟ္မဝိဟာရုပေက္ခာ။
ဘောလုံးပွဲအဖြေအပေါ်မချစ်မမုန်း ဥပေက္ခာဝင်သွားတော့ ဘောလုပေက္ခာ။
တောင့်တသေ၍ ကြောင့်ကြပြေသည့်ဉာဏ်။ သက်သာသွားတယ်။

ဒါနဲ့ အမှိုက်ရှင်းတဲ့ အဖွဲ့ကို တောင်ရေးမြောက်ရေး ရေးသူကရှိသေးတယ်။
ဂျပန်တွေကို အတုခိုးဆိုလား။ ကောင်းတာပဲ၊ ဘယ်သူ့အတုခိုးခိုးပေါ့။
၁၈ ရာစုကစလို့ အာရှတစ်တိုက်လုံး ဂျပန်ဆီက ပုံစံတစ်မျိုးမဟုတ်
တစ်မျိုးနဲ့ အတုခိုးနေကြရတာကြီးကို မေ့နေဟန် (သို့) မသိရှာဘူးထင်ပါရဲ့။

ဟန်တင်တန်ကို ကမ္ဘာကျော်စေတဲ့ အရက်စက်ဆုံး၊ အဆိုးဝါးဆုံးခန့်မှန်းချက် (၃)


ဒါပေမဲ့ ဖြစ်နိုင်ခြေအရှိဆုံးဖြစ်ပြီး စိတ်ကူးယဉ်ဖြစ်စဉ်ထဲမှာ စိတ် ကသိကအောက်ဖြစ်စရာ အကောင်းဆုံးက စစ်ဖြစ်ရခြင်းရဲ့အကြောင်းရင်းပါ။ စီဗီလိုက်ဇေးရှင်းတစ်ခုရဲ့ ပဓါန နိုင်ငံဖြစ်တဲ့ (တရုတ်)နဲ့ စီဗီလိုက်ဇေးရှင်းတူ အဖွဲ့ဝင်နိုင်ငံ(ဗီယက်နမ်)တို့ကြားမှာ အခြားစီဗီလိုက်ဇေးရှင်းရဲ့ ပဓါနနိုင်ငံဖြစ်တဲ့ (အမေရိကန်) နိုင်ငံက ကြားဝင် ဟန့်တားခြင်းဖြစ်ပါတယ်။

အမေရိကန်တွေဖက်ကကြည့်တော့ အပြည်ပြည်ဆိုင်ရာဥပဒေကို ကာကွယ်ဖို့၊ ဒီလို အနိုင်ကျင့်မှုကိုဟန့်တားဖို့၊ ပင်လယ်ရဲ့လွပ်လပ်မှုကို ကာကွယ်ဖို့ ၊ တောင် တရုတ်ပင်လယ်ထဲကရေနံကို သူတို့အနေနဲ့ ဆက်လက်ရယူနိုင်ဖို့၊ အရှေ့အာရှ ကို တစ်နိုင်ငံထဲက လွှမ်းမိုးထားတာကို ဟန့်တားဖို့ မဖြစ်မနေလုပ်ရမယ့် အလုပ်ဖြစ်ပါတယ်။ တရုတ်တွေဖက်ကကြည့်တော့ ဒါဟာ သည်းခံလို့မရတဲ့ ကိစ္စ၊ တရုတ်ကိုအရှက်ခွဲဖို့ ခြိမ်းခြောက်ဖို့အတွက် အနေက်စီဗီလိုက်ဇေးရှင်း ခေါင်းေ ဆာင် နိုင်ငံရဲ့ မောက်မာမှု၊ သူ့ဒေသတွင်းမှာ တစ်ရားဝင် လွှမ်းမိုးမှုရှိတဲ့ တရုတ် ရဲ့ လုပ်ပိုင်ခွင့်ကို ကပျက်ယပျက် လုပ်မှု၊ ကမ္ဘာနိုင်ငံရေး အရေးအခင်းမှာ တရုတ်ရဲ့ပါဝင် သင့်တဲ့ အခန်းကဏ္ဍကို ငြင်းဆန်မှုဖြစ်နေပါတယ်။

အတိုချုပ်အားဖြင့်ဆိုရရင် လာမယ့်လက်တလောကမ္ဘာမှာ စီဗီလိုက်ဇေးရှင်း စစ် ပွဲကြီးတွေကို ရှောင်ကြဉ် နိုင်ဖို့အတွက် စီဗီလိုက်ဇေးရှင်းတစ်ခု အတွင်းမှာဖြစ် ပွားနေတာကို အခြားစီဗီလိုက်ဇေးရှင်းဝင်နိုင်ငံက ၀င်ရောက် နှောက်ယှက်ခြင်း ကနေ ရှောင်ကြဉ်နေဖို့ပဲ ဖြစ်ပါတယ်။ တစ်ချို့နိုင်ငံတွေ အထူးသဖြင့် အမေရိ ကန် နိုင်ငံအတွက် ဒီအချက်ကို လက်ခံဖို့ ခက်ခဲလှတယ်ဆိုတာ သံသယဖြစ်စရာ မလိုပါဘူး။ စီဗီလိုက်ဇေးရှင်း စုံညီ ဗဟုမဏ္ဍိုင် ကမ္ဘာကြီးထဲမှာ ငြိမ်းချမ်းရေး အတွက် ပထမဆုံးလိုအပ်ချက်ဟာ စီဗီလိုက်ဇေးရှင်းတူ နိုင်ငံတွေကြား ပြဿနာထဲ ကို အခြားစီဗီလိုက်ဇေးရှင်းဝင်နိုင်ငံက ၀င်ရောက်စွက်ဖက်ခြင်း မပြုမှု “ရှောင်ကြဉ်မှုဥပဒေ=Abstening Rule” ပဲ ဖြစ်ပါတယ်။ ဒုတိယ လိုအပ်ချက်က “ပူးပေါင်း ညှိနှိုင်းရေး ဥပဒေ=Joint mediation Rule” ဖြစ်ပါတယ်။ မိမိတို့ စီဗီလိုက်ဇေးရှင်းဝင်နိုင်ငံတွေ၊ အုပ်စုတွေ ကြားက ပဋိပက္ခ တွေကို ထိန်း သိမ်းပေးခြင်း၊ ဟန့်တားပေးခြင်းကို ဆိုလိုပါတယ်။

စီဗီလိုက်ဇေးရှင်းတွေအကြား အင်အားတွေပိုပြီး ညီမျှလာနေတဲ့ ကမ္ဘာထဲမှာ ဒီဥပဒေ နှစ်ခုကို လက်ခံဖို့ဆိုတာ အနောက်အတွက်(သို့)အနောက်ကိုဖြုတ် ချဖို့(သို့)အနောက်ရဲ့ လွှမ်းမိုးထားတဲ့ အခန်းကဏ္ဍကို အစားထိုးနေရာယူဖို့ မျက်စောင်းထိုးနေတဲ့ စီဗီလိုက်ဇေးရှင်းတွေအတွက် မလွယ်ကူလှပါဘူး။ ဥပမာ အားဖြင့် ဒီကမ္ဘာကြီးထဲက ပဓါနနိုင်ငံကြီးတွေဟာ သူတို့လည်း အနုမြူလက်နက် ပိုင်ဆိုင်ခွင့်ရှိတယ်၊ မိမိရဲ့ အဖွဲ့ဝင် နိုင်ငံငယ်တွေ ဒီလိုလက်နက်တွေ ပိုင်ဆိုင် လာမှုကနေ တားမြစ်ခွင့်ရှိတယ်ဆိုတဲ့ အမြင်ရှိနေကြပါလိမ့်မယ်။

ပါကစ္စတန်အတွက်“အင်အားပြည့်အနုမြူလက်နက်စွမ်းရည်”ပိုင်ဆိုင်ဖို့ သူ့ရဲ့ ကြိုးစားခဲ့ရမှုတွေကို သမင် လည်ပြန်ကြည့်ရင်း သူ့အားထုတ်ခဲ့မှုတွေဟာ မှန် ကန်တယ်လို့ ဇူဖိကာ အလီဘူတို (Zulfikar Ali Bhutto) က ယုံယုံကြည် ကြည် ပြောဆိုခဲ့တယ်
”အစ္စရေးနဲ့တောင်အာဖရိကတို့မှာ အနုမြူစွမ်းရည် အပြည့်အ၀ ပိုင်ဆိုင် ထားရှိ ခဲ့ကြပြီးပြီလို့ ကျွန်တော်တို့သိရပါတယ်။ ခရစ်ယန်၊ ဂျူး၊ ဟိန္ဒူ စီဗီလိုက်ဇေး ရှင်းတွေအားလုံးမှာ အနုမြူစွမ်းရည် အပြည့်အ၀ရှိ နေခဲ့ကြပြီ၊ အစ္စလာမ် စီဗီလိုက်ဇေးရှင်းတွေမှာသာ မရှိသေးတာဖြစ်လို့ ဒါကို ပြောင်းလဲ ပစ်ရပါမယ်။”
(Note-18)

အထက်စီးလေသံ


Myo Win ကိုယ်တော်လဲ အထက်စီးလေသံလျော့တော်မူပါဖျာ့။ ပြင်လို့ရတာမို့ ဝေဖန်တာပါဖျာ့။
Like · Reply · 15 minutes ago


အမြဲတန်း အထက်ကနေတာမဟုတ်ဘူး ထင်တာရယ်(မှားရင်ဆက်ထောက်ပြ ပါ၊ ရေးခဲ့သမျှစာတွေမှာ အတင်းအပျော့ နှစ်မျိးတွေ့ရမယ် မျှော်လင့်ပါတယ်)၊ ပတ်ချွဲနှပ်ချွဲ ဝါသနာမပါတာရယ်ကြောင့် ဝါသနာစရိုက်မတူရင် မဖတ်ဖို့ အကြံပြု ချင်ပါတယ်။

not suitable for babies under six months


*****

မင်္ဂလာပါ (ကမ်းလက် လပတ်လည်)


"ဗဟုသစ္စဉ္စကို အထက်တန်းပညာရေး(ဘာသာရပ်အခြေခံတွေ အများကြီး သင် ယူရ၊ အထူးပြုလေ့လာမှု မဟုတ်)၊ သိပ္ပဉ္စကို တက္ကသိုလ်ပညာရေး (အသက်မွေး ဝမ်းကြောင်းလို့ရတဲ့အထိ အထူးပြုလေ့လာ၊ မေဂျာ ဆပ်ဘဂျက် ယူရ) လို့ ဆွဲ ကြည့်မိပါတယ်။ လူငယ်တစ်ယောက်ရဲ့ဘဝနဲ့ပူးတွဲပြရင် ဗဟုသစ္စဉ္စဟာ အသက် ၅ နှစ်နဲ့ ၁၆ နှစ်ကြား၊ သိပ္ပဉ္စဟာ ၁၇ နှစ်နဲ့ ၂၄ နှစ် (သို့) အသက် ၃၀ (ဘွဲ့လွန်ကို ရည်ရွယ်) အကြားလို့ ကြည့်ထားပါတယ်"

တကယ်လို့ ဘဝတစ်ခုကို ဓားတစ်ချောင်းလိုဆက်ဆံပေးရမယ်ဆိုရင် လက်ရှိ အချိန်ဟာ ရေဖြန်းပေးရမယ့်အချိန် ဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်။ နှစ်နှစ်လောက် နိုင်ငံရေးစာအုပ်တွေနဲ့ လုံးထွေး သတ်ပုတ်ခဲ့ပြီးတဲ့နောက် လူက မာကျောလာပေ မဲ့ ဘဝက ပူလာပါတယ်။ ("လူ့ယဉ်ကျေးမှု" ဒုတိယတွဲနဲ့ "လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင်" က ပြင်ဆင်၊ တည်းဖြတ်ဖို့ပဲ ကျန်ပါတော့တယ်။)
ဒီအခိုက်......ထိုင်ဝမ်မှာရောက်စဉ်
"မင်း ရေးထားတဲ့ မောင်ငယ်ရင်သွေး နာဘိသေးလော့ တော်တော်ကောင်းတာပဲ၊ ငါတော့ လူတွေ့တိုင်းအဖတ်ခိုင်းတယ်၊ ဆက်ရေးပါ" ဆိုတဲ့စကား ဆရာတော်ကြီး ဦးနန္ဒဝံဆီက ကြားခဲ့ရပါတယ်။ အလားတူပဲ မောင်ငယ်ရင်သွေးရဲ့ အယ်ဒီတာ ကိုကောင်းကျော်ကလည်း အဲသလို ပင်ကိုယ်ရေးလေးတွေ မရေးဖြစ်ဘူးလားလို့ (အားမလို၊ အားမရသံ ခံစားမိတယ်) မေးလာပြန်တယ်။ တကယ်တော့ ကိုယ်တိုင် အအေးဓာတ်လိုနေတာလည်းပါဝင်ပါတယ်။

ပြဿနာက အရင်က မောင်ငယ်ရင်သွေးကို အခု ကိုယ်တိုင်မကြိုက်တော့ပါ။ ဖတ်ရတဲ့စာ၊ ကျင်လည်ရတဲ့ ဝန်းကျင်၊ ပြောဆိုဆွေးနွေးရတဲ့ အကြောင်းအရာ စတာတွေကြောင့် မိမိရဲ့ ပညာမဟုတ်တဲ့ သညာတွေ အရောင်ပြောင်း လာခဲ့ရ ပါ တယ်။ ရင့်ကျက်ခြင်းလား၊ ခေါင်းမာခြင်လား မကွဲပြားလှပါ။ ဒါနဲ့ပဲ ဗုဒ္ဓရဲ့ မင်္ဂလာ ပန်ခင်းဆီက မင်္ဂလာခိုး၊ မင်္ဂလာငွေ့တွေကို (မိမိမြင်သည်က ဘုရားသိစေချင် သည့် မင်္ဂလာအစစ် ဟုတ်ဟန်မတူ) တမေ့တမောပြန်မျှောကြည့်လာမိပါတယ်။

လက်ရှိ မင်္ဂလသုတ်ကို ချဉ်းကပ်ပုံဟာ အဖွင့်ကျမ်းတွေနဲ့ ညီတာရှိသလို မညီ တာတွေလည်းရှိနေနိုင်ပါတယ်။ သီးသန့်ကြီးခွဲမထွက်သလို မရ ရအောင်လည်း ဆွဲမညှိချင်ပါ။
ဥပမာ ဗဟုသစ္စဉ္စကို အထက်တန်းပညာရေး(ဘာသာရပ်အခြေခံတွေ အများကြီး သင်ယူရ၊ အထူးပြုလေ့လာမှု မဟုတ်)၊ သိပ္ပဉ္စကို တက္ကသိုလ်ပညာရေး (အသက်မွေးဝမ်းကြောင်းလို့ရတဲ့အထိ အထူးပြုလေ့လာ၊ မေဂျာ ဆပ်ဘဂျက် ယူရ) လို့ ဆွဲကြည့်မိပါတယ်။ လူငယ်တစ်ယောက်ရဲ့ဘဝနဲ့ပူးတွဲပြရင် ဗဟုသစ္စဉ္စဟာ အသက် ၅ နှစ်နဲ့ ၁၆ နှစ်ကြား၊ သိပ္ပဉ္စဟာ ၁၇ နှစ်နဲ့ ၂၄ နှစ် (သို့) အသက် ၃၀ (ဘွဲ့လွန်ကိုရည်ရွယ်) အကြားလို့ ကြည့်ထားပါတယ်။ ပညာရှင် တစ်ယောက်ရဲ့ "မင်္ဂလာတရားဟာ အရွယ်အတိုင်းသွားတယ်၊ ခရီးဆက်တယ်" ဆိုတဲ့စကားကနေ ဆင့်ပွားယူလိုက်ခြင်းပါ။ ဗုဒ္ဓဘာသာမဟုတ်တဲ့ စာဖတ်သူတွေ ပါ ဖတ်လို့ရစေဖို့ လိုအပ်ရင် အင်္ဂလိပ်ဝေါဟာရတချို့၊ အဆိုအမိန့်အချို့ကိုလည်း ထည့်သွားမှာပါ။ ဘာသာရေးစာအုပ်တစ်အုပ်လို ချဉ်းကပ်ကြည့်ခြင်းထက် သာမန် လူတစ်ယောက်လို လွတ်လွတ်လပ်လပ် ချဉ်းကပ်ကြည့်ခြင်းသာဖြစ်ပါတယ်။

ခေါင်းစဉ်မပေးရသေးပေမဲ့ ၂၀၁၄ နှစ်ကုန်ပိုင်းနဲ့ ၂၀၁၅ နှစ်ဦးပိုင်းတွေမှာ မင်္ဂလာ တရားတွေ တင်ပေးသွားဖို့ရှိပါတယ်။
မောင်ငယ်ရင်သွေး နယူးဗားရှင်းဆိုရင် ရပါလိမ့်မယ်။
ကလောင်နာမည်ကို သိပ်အလေးမထားတတ်လို့ လူပိုသိတဲ့ ဇင်ဝေသော်ကိုပဲ သုံးပါမယ်။ မင်္ဂလာရှိကြပါစေ။

(သူများကိုပြောပြီးရင် လုပ်ဖြစ်ဖို့၊ ပြီးဖို့လည်း ကိုယ့်ကိုယ်ကို တွန်းအားပိုပေးရ တတ်ပါတယ်၊ နို့မို့ ရှက်စရာ။ ဒါ့ကြောင့် ဒီနေ့ ဖွင့်ပြောလိုက်ခြင်းဖြစ်ပါတယ်။ အားယူခြင်း တစ်မျိုးပေါ့)

စကားပြောသောဓာတ်ပုံများ (၂)


၁။ ဘုရားလက်ထက်က ဧကသာဋက ပုဏ္ဏား၊ ဒီခေတ်မှာ ဧက လက်ပ်တော့ပ်ပုဏ္ဏား(Updated)ရှိတယ်။ သုံးယောက်ကြီးတောင်။
၂။ ဒိဗ္ဗစက္ခု၊ ဒိဗ္ဗသောတအဘိညာဉ်မရဘူးဆိုရင် အင်တာနက် လိုင်းကောင်းတဲ့နေ ရာမှာ နေထိုင်ပါ။
၃။ "သူလိုငါလို ဖေ့စ်ဘုတ်သုံးတဲ့သမဏဗြဟ္မဏတွေကို ကျနော့်ချွေးနဲစာလေးတွေ မလှူနိုင်ပါ" ဆိုသူဟာ သင် ဖေ့စ်ဘုတ်မသုံးလည်း လှူမယ့်သူတော့ မဟုတ်ပါ။ သူ့ထက် သင်တင်မယ့်စာကို ဂရုစိုက်ပါ။ ဟဲဟဲ။


ဘဝကိုပြန်လည်ပုံဖော်(Re-design) ယူခြင်း


၁၈ ရာစုက အင်္ဂလိပ်စာရေးဆရာ George Eloit ရဲ့ Silas Marner (ယက်ကန်းသည်) ဆိုတဲ့ဝတ္ထုထဲက Godfrey Cass ရဲ့ ကာရိုက်တာ ကနေ ဂယ်ရီဟေဒင် ဆွဲယူတဲ့ ကောက်ချက်ပါ။ လှပါတယ်။
သူ့မှာ အစစပြည့်စုံတဲ့ (အားလုံးနီးပါး) ဘဝရှိပါလျက် ကလေးယူလို့ မရနိုင်တဲ့ မိသားစုဘဝကို မကျေမနပ်ဖြစ်ပြီး ပူဆွေးရပုံကို ဖွဲ့ဆိုတာမျိုးပါ။
ဆိုလိုတာက ဘဝဆိုတာ ပုံစံအမျိုးစုံနဲ့ ပြန်လည်ပုံဖော်လို့ရတယ်။ ကလေး မရနိုင်တော့ဘူးဆိုတဲ့နောက် မိမိဘဝကိုလည်း ကလေးမရှိတဲ့ဘဝအနေနဲ့ ပုံဖော်ယူခြင်းလို့ ကောက်ယူနိုင်ပါတယ်။ အဲသလို မလုပ်နိုင်ရင် ဘာမှ မဟုတ် တာလေးအတွက် ထပ်တလဲလဲ ဝမ်းနည်းနေရတတ်တယ်ဆိုတဲ့အထိ ညွှန်းဆို ပါတယ်။
ဆိုလိုတာကတော့ ရှိမှု၊ မရှိမှုနဲ့အညီ ဘဝကို လှလှပပနေထိုင်ခြင်း အတတ်ပညာ လို့ဆိုရပါမယ်။
ဖတ်မိရင်း သဘောကျလို့။

ရှီ ဒါဒါ၊ ပိန် မာမာ


"ကမ်းလက်စာမျက်နှာမှာ"ဘပြောင်"ဆိုတဲ့ဝေါဟာရမသုံးဖို့ မေတ္တာရပ်ခံပါတယ်။ ဒါဟာ အက်သစ်အရ မှားပါတယ်။ ဦးသိန်းစိန် နဖူးပြောင်တာက ပြင်လို့ မရပါ။ မိတ်ကပ်တွေနဲ့ ဒေါ်စု မျက်နှာပြောင်တာက ပြင်လို့ရပါတယ်။ ပြင်မရတာကို ပျက်ရယ်ပြုခြင်းကမှားပြီး ပြင်လို့ရတာကို ဝေဖန်ခြင်းက အက်သစ်အရ မှန်ပါတယ်"

အခုတလော တရုတ်သမ္မတ ရှီအကြောင်းတွေများနေပါတယ်။ စိတ်မရှိကြပါနဲ့၊ ဒီနေ့မနက်လည်း လာပြန်ပါပြီ။
တရုတ်သမ္မတကို လူထုက အတော်သဘောကျလာဟန်ရှိပါတယ်။ သူတို့ လင်မယားနှစ်ယောက်အကြောင်း ရေးစပ်ထားတဲ့သိချင်းက တော်တော်ပေါ်ပြူ
လာဖြစ်နေသတဲ့။ ဒေါင်းလုပ် ၄၅ သန်းတောင် ရှိဆိုပဲ။ ဒါတောင် ဆိုရှယ်မီဒီယာ မဟုတ်လို့။ သီချင်းရဲ့အဓိကအချက်ကတော့ သူတို့ဇနီးမောင်နှံ ဘယ်လောက် လိုက်လျောညီထွေရှိတယ်၊ ပြည်သူတွေအပေါ် ဘယ်လောက် ဩဇာလွှမ်းမိုးမှု ရှိတယ်၊ သူ့ဇနီးက သူ့အပေါ် ဘယ်လို လွှမ်းမိုးမှုရှိတယ်ဆိုတာတွေပါ(ပွဲတစ်ပွဲမှာ သမ္မတကတော်က လူထုကို လက်ပြနေချိန် သမ္မတကလက်ပြမနေဘူး တဲ့၊ ဒါနဲ့ သမ္မတကတော်က မျက်စောင်းလှမ်းချိတ်လိုက်လို့ သမ္မတပါ လက်ပြလိုက်ရ တယ် ဆိုတာလေးတွေ ပါဝင်ပါသတဲ့)။



သူ့လုပ်ရပ် သတင်းတွေကိုဖတ်ရတာလည်း ကောင်းပါတယ်။ ဒါနဲ့ဆက်စပ်ပြီး မြန်မာသမ္မတ ဘယ်လိုလဲ၊ ဘာလဲဆိုတဲ့မေးခွန်းကလည်း တွဲပါလာတယ်။
တချို့ကလည်း"အာဏာတည်ဆောက်ဆဲမို့ မဖြစ်နိုင်ဘူးလား" လို့ ဆိုပါတယ်။ ဖြစ်နိုင်ပါစေ၊ ဖြစ်ပါစေပေါ့။ တကယ်က တရုတ်ပြောင်းလဲမှု စတင်ခဲ့ တာက မစ္စတာ တိန်လက်ထက်ကတည်းကပါ။ ကြာပါပြီ။ ဒါပေမဲ့ နောက်ကလိုက် တဲ့မြန်မာဟာ အချိန်ဒီလောက်မကြာသင့်ပါဘူး။ အနောက်ဒီမိုကရေစီဖြစ်ဖို့ နှင်္စ်ရာချီပြီးကြာပေမဲ့ အာရှဒီမိုကရေစီဖြစ်ဖို့ ဆယ်စုနှစ် ပဲလိုပါတယ်။ ဘာလို့လဲဆိုရင် ရှေ့မှာ လမ်းကြောင်းရှိပြီးသားမို့ပါ။ ရှောင်သင့် တာရှောင်၊ ဆောင်သင့်တာဆောင် ခရီးသွားရတော့ တောတိုးရသူလောက် အချိန် မလိုတော့ခြင်းကြောင့်ပါ။

ဒါနဲ့ ကမ်းလက်စာမျက်နှာမှာ ဘပြောင် ဆိုတဲ့ဝေါဟာရမသုံးဖို့ မေတ္တာရပ်ခံ ပါ တယ်။ ဒါဟာ အက်သစ်အရ မှားပါတယ်။ ဦးသိန်းစိန် နဖူးပြောင်တာက ပြင်လို့ မရပါ။ မိတ်ကပ်တွေနဲ့ ဒေါ်စု မျက်နှာပြောင်တာက ပြင်လို့ရပါ တယ်။ ပြင် မရတာ ကို ပျက်ရယ်ပြုခြင်းကမှားပြီး ပြင်လို့ရတာကို ဝေဖန်ခြင်းက အက်သစ်အရ မှန်ပါ တယ်။ ဒါဟာ ကမ်းလက်ရဲ့ ယုံကြည်ချက်၊ ရပ်တည်ချက်ပါ။ ဒီမူလေးအတိုင်း ခရီးဆက်ပါမယ်။

အမှာ။ ။ ဒါဒါက ဒေသသုံးစကားအရ ဦးလေးလို့အဓိပ္ပါယ်ရှိပြီး မာမာကတော့မေမေပါပဲ။

Don't let your emotional feeling rules your intellectual observation.


မစ္စတာရဲထွဋ် တောင်းပန်စကားမဆိုမီ ရက်စက်လှသော ကမ်းလက်ရဲ့ ခန့်မှန်း ချက်အတွက် ကွင်းတွင်း၊ ကွင်းပြင်၊ တစ်နိုင်လုံးက ဘောလုံးပရိသတ်များ ကို တောင်းပန်စကား ပြေကြားလိုပါတယ်။ ဆိုရိုးစကားအရ "Don't let your emotional feeling rules your intellectual observation." ခန့်မှန်းလိုက်မိပါတယ်။ ကလေးတွေ အသင်းလိုက် ကစားကွက် ကောင်းပါတယ်။ စင်္ကာပူရဲ့ Dead ball တွေက ကောင်းသွားလို့ ရှုံးရတာလို့ ယူဆမိပါတယ်။ ဒါကို လေ့ကျင့်ပေးနိုင်ရင် မဆိုးလှဘူး ယူဆမိပါတယ်။

ကမ်းလက် မှားပါစေ


အရင်နေ့က အတိုင်းပဲ
စင်္ကာပူရောက် ညီ၊ ညီမ၊ အကို၊ အမတို့ရေ
မိုးတွေကလည်းရွာ၊ ခြိမ်းလည်းခြိမ်းနေဆဲ ဒါပေမဲ့ ကျေးဇူပြုပြီး....
စည်းကမ်းသေဝပ်ခြင်းနဲ့ ခုံချိုးလူရမ်းကားတွေကို သင်္ခန်းစာပေးပါ။
အမှိုက်တွေသိမ်းခြင်းအားဖြင့် နိုင်ငံတော်အလံမီးရှို့သူတွေကို ပညာပေးကြပါ။
အမျိုးသားရေးသိက္ခာကို မြှင့်တင်ပေးခြင်းအားဖြင့် အင်တာဗျူးထဲမှာ နိုင်ငံကို ချစ်ပြ သူကြီးတွေထက် ပိုချစ်ပြကြပါ။

ဝမ်းနည်းစရာက
ကန်ပြီးပွဲနှစ်ပွဲခြေအရ
မင်းတို့မိခင်နိုင်ငံအသင်းက
မင်းတို့ထမင်းရှင် နိုင်ငံအသင်းကို
နိုင်ဖို့ သိပ်မလွယ်ဘူး ထင်တယ်၊ ကမ်းလက် မှားပါစေ။ ။

လယ်သမားစစ်တပ်


လီကွမ်းယုတို့ နိုင်ငံရေးအစီအမံချတယ်ဆိုတာ ကမ္ဘာ့သမိုင်းကို ကျေနေအောင် ဖတ်ထားတာ။ သူ့ဘေးက လူတွေကလည်း သူလိုပဲ။ မီဒီယာသမား လူငယ်တွေ ကလည်း ဒါတွေက ဟန်တင်တန်အယူအဆတွေမဟုတ်ဘူးလား၊ ဒါက မီယာရှေးမား၊ ဒါက ကစ်ဆင်းဂျား အယူအဆတွေမဟုတ်ဘူးလား ဆိုတာ မျိုး ထောက်နိုင်တဲ့အဆင့်အထိရှိတယ်။
ကိုယ့်နိုင်ငံရေးအစီအမံကို ကိုယ်ပဲချမှတ်ရတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ ကမ္ဘာ့ရေစီးကိုသိမှ ဒါက မှန်ဖို့များမယ်။ ဒါကိုသိဖို့ကလည်း စစ်တက္ကသိုလ်က လက်ချာနုတ်လောက်နဲ့တော့ မရနိုင်ဘူး။

အရေအတွက်များပြီး ထိရောက်မှုမရှိတဲ့ စစ်တပ်ကို လယ်သမားစစ်တပ်လို့ခေါ် ကြတယ်။ မြန်မာစစ်သားငါးသိန်းသာ အရည်အချင်းမှီရင် ဧရာမကြီးပဲ၊ ကိုယ့်နိုင်ငံ ကာကွယ်ရေးသာမက ဒေသတွင်း ငြိမ်းချမ်းရေး၊ သဘာဝအန္တရာယ်၊ လူအန္တရာယ် ကယ်ဆယ်ရေးတွေတောင် အကူအညီပေးနိုင်တဲ့ ပမာဏ။
လောလောဆယ်ကတော့ လယ်သမားစစ်တပ်ထွက်တွေမို့ ပြောင်းလဲလိုစိတ် ကလေး(တကယ်ရှိခဲ့ရင်)ရှိတာကိုပဲ ကျေးဇူးတင်ရတော့မှာပဲ။ အရည်အချင်း မြှင့်တင်လာကြကောင်းပါရဲ့။
ကစ်ဆင်းဂျား စာအုပ်ဖတ်ရင်း စိတ်မကောင်းလို့ ဒါလေး ရေးမိတယ်။ ဖတ်သူတွေ ရှိသရွေ့ ရေးလည်း ရေးရဦးမယ်။ လက်ရှိအမှန်တရားကနေရူးချင်ယောင် ဆောင် မနေချင်ဘူး။

ဟန်တင်တန်ကို ကမ္ဘာကျော်စေတဲ့ အရက်စက်ဆုံး၊ အဆိုးဝါးဆုံးခန့်မှန်းချက် (၂)


"ကျွန်တော် အခု တင်ပြခဲ့တဲ့ စိတ်ကူးယဉ်ဖြစ်စဉ်ဟာ စာဖတ်သူအတွက် အူကြောင်ကြောင်နဲ့ လုံးဝ မဖြစ်နိုင်တဲ့ပျက်လုံးအနေနဲ့ပဲ ရှိမယ်ဆိုရင် ဒါဟာ အားလုံး အတွက်ကောင်းပါတယ်။ ဒီထက်ပိုပြီး ကြီးမားတဲ့ စီဗီလိုက်ဇေးရှင်း စစ်ပွဲဇတ်လမ်း ဖြစ်ပေါ်မလာပါစေနဲ့လို့ပဲ ဆုတောင်းကြရ အောင်ပါ" (ဟန်တင်တန်)

ရေနံ ထိန်းချုပ်ဖို့နဲ့ ရေနံရှာဖွေဖို့ဟာ တိုက်(စစ်)ပွဲဝင်နိုင်ငံအားလုံးရဲ့ အဓိက ရည် ရွယ်ချက်ဖြစ်နေတယ်။ အနုမြူစွမ်းအင်အပေါ်မှာ အမြောက်အများ ရင်းနှီးမြုပ်နှံ မှုတွေလုပ်ခဲ့ပေမဲ့ ဂျပန်ကိုယ်တိုင်ကလည်း ပြည်ပက ၀င်လာတဲ့ ရေနံအပေါ် အများကြီးမှီခိုနေရတဲ့အတွက် တရုတ်နဲ့ အပေးအယူညီမျှရေးကို ပိုပြီးအားစိုက် ထုတ်။ ပါရှားပင်လယ်ကွေ့၊ အင်ဒိုနီးရှားနဲ့ တောင်တရုတ်ပင်လယ်ထဲက ရေ နံတွေသေချာပေါက်ရနိုင်ဖို့ကြိုးစား။ စစ်ပွဲကြီးအတွင်းမှာ အာရပ်နိုင်ငံတွေအားလုံး အစ္စလာမ် စစ်သွေးကြွတွေရဲ့ လက်အောက်ရောက်သွားလို့ ပါရှား ပင်လယ်ကွေ့ကနေ အနောက်ဆီကိုပေးပို့နေတဲ့ ရေနံတွေကလည်း လမ်းစပိတ် သွား၊ ဒီတော့အနောက်ဟာ ရေနံနဲ့ ပက်သက်ပြီး ရုရှားတွေ၊ ကေါ့ကေးရှန်းတွေနဲ့ အာရှအလယ်ပိုင်းနိုင်ငံတွေအပေါ် ပိုပိုပြီး အမှီပြုလာနေရ၊ အနောက်ခေါင်းဆောင်တွေက ရုရှားကိုသူတို့အဖွဲ့ထဲပါဝင်လာဖို့ အပြင်းအထန် အားထုတ်၊ တောင်ပိုင်းက ရေနံချမ်းသာတဲ့ မွတ်ဆလင်နိုင်ငံ တွေအပေါ် နယ်မြေ တိုးချဲ့ထိန်းချုပ်နိုင်ရေးအတွက် ရုရှားကို အနောက်က အကူအညီတွေပေးကြ (ဆိုပါတော့)။

တစ်ချိန်ထဲမှာဘဲ အမေရိကန်က ဥရောပမဟာမိတ်နိုင်ငံတွေဆီက အကူအညီရဖို့ ကြိုးစားလာခဲ့တယ်၊ ဥရောပမဟာမိတ်နိုင်ငံတွေကလည်း သံတမန်အကူအညီနဲ့ ဘဏ္ဍာရေးအကူအညီတွေ တိုးပေးလာကြပေမယ့် စစ်ရေးအရပါဝင်မှုကို တွန့် ဆုတ်ဆုတ်ဖြစ်နေကြ။ ဒါပေမဲ့ တရုတ်နဲ့ အီရန်ကအနောက်တိုင်းနိုင်ငံတွေ ဟာ နောက်ဆုံးတော့ အမေရိကန်နဲ့ပေါင်းသွားမှာပဲဆိုပြီး စိုးရိမ်ပူပန်၊ အမေရိ ကန်တွေကိုယ်တိုင် ရှေ့က စစ်ပွဲနှစ်ပွဲမှာ ကြားနေခဲ့ရာကနေ နောက်ဆုံး ဗြိတိန်၊ ပြင်သစ်တို့နဲ့ပူးပေါင်းသွားတာကို အမှတ်ရ၊ စိုးရိမ်ပူပန်၊ ဒါကိုကာကွယ်ဖို့ သူတို့(တရုတ်နဲ့အီရန်)က ဘော့(စ်)နီးယားနဲ့ အယ်(လ်)ဂျီးနီးယားထဲမှာ အနုမြူ အသုံးပြုလို့ရတဲ့ တာလတ်ပစ် ဒုန်းကျည်တွေ တိတ်တဆိတ်တပ်ဆင်၊ ဥရောပ အင်အားကြီးနိုင်ငံတွေကို စစ်ပွဲထဲဝင်မပါဖို့ သတိပေး။ တရုတ်ရဲ့ အခြားနိုင်ငံတွေ အပေါ်ခြိမ်းခြောက်ဗိုလ်ကျမှုကြောင့် ဂျပန်နိုင်ငံကလွဲရင် တရုတ်လိုချင်တဲ့အဖြေရဲ့ ဆန့်ကျင် ဖက်တွေချည်းပဲထွက်လာ။ အမေရိကန်ထောက်လှမ်းရေးက အနုမြူ လက်နက်တပ်ဆင်ထားမှုကို တွေ့ရှိသွားပြီး သတင်းပို့၊ နေတိုးက အဲ့ဒီ လက်နက်တွေ ချက်ချင်း ရုတ်သိမ်းရမယ်လို့ အမိန့်ထုတ်။ နေတိုးအဖွဲ့က ဘာမှ မလှုပ်ရှားရသေးခင် သူတို့ကိုသူတို့ မွတ်ဆလင်တူရကီတွေရန်ကနေ ခရစ်ယန် ဘာသာကို အကာအကွယ်ပေးထားရမယ့် တပ်ဦးလို့ယုံကြည်၊ နာမည်ကောင်း ယူပြီး ဆာဘီးယားက ဘော့(စ်)နီးယားထဲကို ထိုးစစ် နဲ့ဝင်သွား၊ ခရိုအေးရှားကပါ သူတို့နဲ့ ပူးပေါင်း၊ သူတို့နှစ်နိုင်ငံက ဘော့(စ်)နီးယား နယ်မြေကို သိမ်းပိုက်၊ ဒုံး ကျည်တွေကို သိမ်းဆည်း၊ ၁၉၉၀ ခုနှစ်တွေက မအောင်မြင်လိုက်တဲ့ လူမျိုးစု သတ်ပွဲဆီကို ဦးတည်။

အယ်(လ်)ဘေးနီးယားနဲ့တူရကီတို့က ဘော့(စ်)နီးယားကို အကူအညီပေးဖို့ အား ထုတ်၊ ဂရိနဲ့ ဘူ(လ်)ဂေးရီးယား တို့က တူရကီဆီကို စစ်ချီ၊ တူရကီ တပ်သားတွေ ဘို(စ်)ပေါရပ်(စ်)ကို (Bosporas) ကျော်ဖြတ်နေတော့ အစ္စတန်ဘူမှာ ကျီးလန့်စာ စားတွေဖြစ်။ အဲ့ဒီအချိန်မှာပဲ အယ်(လ်)ဂျီးယားထဲကနေ ပစ်လိုက်တဲ့ အနုမြူ ထိပ်ဖူးတပ် ဒုံးကျည်က မာဆေးမြို့အပြင်ဘက်မှာပေါက်ကွဲ၊ နေတိုးအဖွဲ့က လက် တုန့်ပြန်တဲ့အနေနဲ့ မြောက်အာဖရိကရဲ့ ပစ်မှတ်တွေကို လေကြောင်းကနေ အကြီးအကျယ်တိုက်ခိုက် (ဆိုပါတော့)။

အမေရိကန်ပြည်ထောင်စု၊ ဥရောပ၊ ရုရှားနဲ့အိန္ဒိယတို့ဟာ တရုတ်၊ ဂျပန် မဟာ မိတ်အဖွဲ့ကိုဆော်ကြ၊ ပစ်ကြ။ အများဆုံးကအစ္စလာမ်တွေနဲ့ မဟာမိတ် အဖွဲ့ကိုဆော်ကြ၊ ပစ်ကြ။ နောက်ဆုံး တကယ့်ကမ္ဘာစစ်ပွဲကြီး ထဲကိုရောက်သွား။
ဒီလိုစစ်ပွဲကြီး ဘယ်လိုများအဆုံးသတ်သွားလေမလဲ။

နှစ်ဖက်စလုံးမှာလည်း အနုမြူလက်နက်ကြီးတွေရှိနေကြတယ်၊ ပိုင်ဆိုင်ထားသမျှ ထဲက အနည်းငယ်လောက်ကို သုံးစွဲလိုက်မယ်ဆိုရင်တောင် နှစ်ဖက်စလုံးရဲ့ အဓိကနိုင်ငံတွေဟာ တော်တော်များများ ပျက်စီးပြီးသားဖြစ်သွားပါလိမ့်မယ်။ နှစ် ဖက်စလုံးရဲ့ အနုမြူလက်နက် ခုခံချေဖျက်မှုတွေ အလုပ်ဖြစ်သွားမယ် ဆိုရင်တောင် နှစ်ဖက်စလုံး ချေကုန်လက်ပမ်းတွေ ကျပြီး အပစ်အခတ် ရပ်စဲရေး အတွက် ဆွေးနွေးညှို့နှိုင်းမှုတွေ လုပ်လာကြပါလိမ့်မယ်။ ဒါပေမဲ့ အရှေ့အာရှ တွင်းမှာ တရုတ် တစ်ဦးတည်း ဗိုလ်ကျမှုဆိုတဲ့ အဓိက ပြဿနာကိုတော့ ဖြေရှင်း လိုက်နိုင်မှာ မဟုတ်ပါဘူး။

အခြားနည်းကတော့ အနောက်ဟာ သာမာန်စစ်လက်နက်ကိုပဲ အသုံးပြုပြီး တရုတ်ကို အနိုင်ယူဖို့ ကြိုးစားလာနိုင်ပါတယ်။ ဒါပေမဲ့ တရုတ်နဲ့ ဂျပန် စစ်မိတ်ဖွဲ့ထားခြင်းကြောင့် အမေရိကန်တွေက ကမ်းခြေ တစ်လျှောက်မှာရှိတဲ့ လူဦးရေထူထပ်တဲ့ အဓိကမြို့တော်ကြီးတွေ စက်ရုံတွေကို ရေတပ်အသုံးပြုပြီး တိုက်ခိုက် လာမယ့် အန္တရယ်ကို ဂျပန်က အကာအကွယ်ပေးပြီးသားဖြစ် သွား တယ်။ နောက်ရွေးစရာ နည်းလမ်းကတော့ အနောက်ဖက်ကနေ တရုတ်ပြည်ကို ချဉ်းကပ်တိုက်ခိုက်ဖို့ပါ၊ တရုတ်နဲ့ ရုရှား စစ်ဖြစ်နေတော့ နေတိုးက ရုရှားကို အဖွဲ့ ၀င်ဖြစ်ဖို့ ကြိုဆိုနေလိမ့်မယ်။ ရုရှားနဲ့ ပူးပေါင်းပြီး ဆိုက်ဘေးရီးယားထဲမှာရှိနေတဲ့ တရုတ်ကျူးကျော်ရေး တပ်တွေကို တန်ပြန်တိုက်စစ်ဆင်မယ်။ အရှေ့အလယ်ပိုင်း က မွတ်ဆလင်တွေရဲ့ ရေနံနဲ့ ဓါတ်ငွေ့တွေကို ရုရှားက ထိမ်းချုပ်ထားနိုင်မယ်။ တိဘက်လူမျိုးတွေ ဝီဂါ တွေနဲ့ မွန်ဂိုလီယန်တွေကို တရုတ်အုပ်ချုပ်မှု ဆန့်ကျင်ရေးတွေလုပ်ဖို့ အားပေးအားမြှောက်လုပ်ကြမယ်။ တဖြေးဖြေးနဲ့ ရုရှား-အနောက် တပ်ပေါင်းစုတွေ အရှေ့ဖက်ဆီ ချီတက်ပြီး ဆိုက်ဘေးရီးယားထဲ ၀င်မယ်။ နောက်ဆုံးရလဒ်က ဂရိတ်ဝေါကို ကျော်ဖြတ်ပြီး ဘေကျင်း၊ မန်ချူးရီးယား နဲ့ နောက်ဆုံး ဟန်မြို့တော်ကို ချီတက်သိမ်းပိုက်ကြမယ်။

(က)အနုမြူလက်နက်တွေကြောင့် အပြန်အလှန်သေကြေပျက်စီးမှု၊ (ခ)နှစ်ဖက်ဆလုံးခြေကုန်လမ်းပမ်း ကျသွားခြင်းကြောင့် စစ်ပွဲရပ်နားဖို့ ညှိနှိုင်းဆွေးနွေးမှု
(ဂ) ရုရှားနဲ့ အနောက်တိုင်းတပ်ဖွဲ့တွေ တီယင်နန်မင် စကွဲယားအထိ ချီတက်သိမ်းပိုက်မှု(ဖြစ်နေပြီဆိုပါစို့)

စစ်ပွဲနဲ့ ပက်သက်လို့ (ဒီအဖြေသုံးခုထဲမှာ) ဘယ်အဖြေပဲထွက်လာသည် ဖြစ်စေ စစ်ပွဲထဲ ပါဝင်ခဲ့ရတဲ့ နိုင်ငံတွေအနေနဲ့ ရေရှည်မှာ စီးပွားရေး၊ လူဦးရေနဲ့ စစ်အင် အား ကျဆင်းလာမှုဟာ ရှောင်လွဲလို့မရနိုင်ပါဘူး။ ရာစုပေါင်းများစွာကြာခဲ့တဲ့ အရှေ့ကနေအနောက်ဆီ ပါဝါအပြောင်းအလဲဟာ တစ်ဖန် အနောက် ကနေ အရှေ့ဆီကို ပြန်ပြောင်းသွားမယ်။ ပြီးရင် စစ်ပွဲရလာဒ်ကြောင့် ပါဝါ အရွေ့အပြောင်းဟာ (အရှေ့- အနောက်၊ အနောက်-အရှေ့မဟုတ်တော့ ပဲ) မြောက်ကနေတောင်ဆီကို ဦးတည်သွားပါလိမ့်မယ်။ စီဗီလိုက်ဇေးရှင်းစစ်ပွဲကြီးနဲ့ပက်သက်ပြီး အကျိုးကျေးဇူးကြီးကြီးမားမား ခံစားလိုက် ရသူတွေကတော့ စစ်ပွဲထဲ မပါဝင်ခဲ့တဲ့ စီဗီလိုက်ဇေးရှင်းနိုင်ငံတွေပဲ ဖြစ်ပါလိမ့် မယ်။ အနောက်၊ ရုရှား၊ တရုတ်နဲ့ ဂျပန်တို့ဟာ သူ့အတိုင်းအတာနဲ့သူ ပျက်စီး ဆုံးရှုံးကုန်ကျပြီဖြစ်တဲ့အတွက် စစ်ပွဲထဲ ပါဝင်ခဲ့ပေမဲ့ သူတို့လောက် ပျက်စီးဆုံးရှုံးမှု မရှိတဲ့ အိန္ဒိယက ကမ္ဘာကို ဟိန္ဒူယဉ်ကျေးမှုအတိုင်း ပုံဖော်ကြိုးစားကြည့်ဖို့ လမ်းစ ပွင့်သွားပါလိမ့်မယ်။
စိတ်ဝမ်းအကြီးအကျယ်ကွဲခဲ့ပြီးပြီဖြစ်တဲ့ အမေရိကန်လူထုကြီးက အင်အားတွေ အဆမတန် ယုတ်လျော့ခဲ့ရတာကို လူနည်းစု လူဖြူ၊ အန်ဂလိုဆက်ဆွန် ပရို တက်စတင့် (Wasp) ရေပေါ်ဆီ လူတွေကြောင့်လို့ဝေဖန်အပြစ်တင်ပြီး စစ်ပွဲတွေ ထဲမှာမပါဝင်ခဲ့တဲ့ လက်တင်အမေရိက နိုင်ငံတွေရဲ့ အားအကောင်းဆုံးထောက်ခံ အားပေးမှုတွေနဲ့ စပိန်ခေါင်းဆောင်တွေက အမေရိကန်နိုင်ငံရေးမှာ အာဏာရ လာပါလိမ့်မယ်။
(Wasp- White Anglo- Saxon Protestant)
အာဖရိကတိုက်ကလည်း ဥရောပ ပြန်လည်တည်ဆောက်ရေးမှာ အကူအညီ ထိထိရောက်ရောက် ပေးနိုင်မှာ မဟုတ်၊ အကူအညီအစား ကျန်ရှိနေရစ်ခဲ့တဲ့ ဥရောပတိုက်သားတွေဆီ များပြားလှတဲ့ လူအုပ်ကြီးတွေသာ တစ်အုပ်ပြီး တစ်အုပ်ရောက်လာကြလိမ့်မယ်။ အာရှတိုက်ထဲမှာလည်း တကယ်လို့ တရုတ်၊ ဂျပန်နဲ့ ကိုရီးယား တို့က စစ်ဒဏ်ကြောင့် ဖွတ်ဖွတ်ညက်ညက် ကြေခဲ့ပြီဆိုရင် စစ်ပွဲထဲမှာ ဘက်မလိုက်နေခဲ့တဲ့ အင်ဒိုနီးရှားက သြစတေးလျန်း အကြံပေးတွေရဲ့ လမ်းညွှန်မှုနဲ့ အင်အားကြီးစိုးတဲ့ နိုင်ငံဖြစ်လာပြီး အရှေ့ဖက်ဆိုရင် နယူးဇီလန် အနောက်ဖက်မှာ မြန်မာနဲ့၊ သီရီလင်္ကာ၊ မြောက်ဖက်မှာ ဗီယက်နမ်အထိ လမ်း စဉ်တွေချပေးလာလိမ့်မယ်။ ဒါတွေအားလုံးဟာ အိန္ဒိယ၊ ပြန်လည်အားကောင်းလာတဲ့တရုတ်နဲ့ အင်ဒိုနီးရှား တို့ကြားက ပဋိပက္ခရှေ့ပြေး နိမိတ်တွေ ဖြစ်လာပါလိမ့်မယ်။

ကျွန်တော် အခုတင်ပြခဲ့တဲ့ စိတ်ကူးယဉ်ဖြစ်စဉ်ဟာ စာဖတ်သူအတွက် အူကြောင်ကြောင်နဲ့ လုံးဝ မဖြစ်နိုင်တဲ့ပျက်လုံးအနေနဲ့ပဲ ရှိမယ်ဆိုရင် ဒါဟာ အားလုံးအတွက်ကောင်းပါတယ်။ ဒီထက်ပိုပြီး ကြီးမားတဲ့ ဖြစ်နိုင်ခြေရှိတဲ့ စိတ်ကူး ယဉ် စီဗီလိုက်ဇေးရှင်း စစ်ပွဲဇတ်လမ်း ဖြစ်ပေါ်မလာပါစေနဲ့လို့ပဲ ဆုတောင်းကြ ရ အောင်ပါ။

မရင့်ကျက်တကျက်


ပုတ်ရဟန်းမင်ကြီးက ဥရောပကို "အဖွား" လို့ အဓိပ္ပါယ်ရှိရှိ ဥပမာပေးသွားတယ်။ တကယ်လည်း ဥရောပဟာ အရင့်ကျက်ဆုံး လူ့အဖွဲ့အစည်းပါ။ အချင်းချင်း သတ်ဖြတ်ပြီး၊ ကြွယ်ဝပြီး၊ တစ်ကမ္ဘာလုံးနီးပါးအုပ်ချုပ်ပြီး။ ဒီနေ့ ဥရောပဟာ အန္တရာယ်အကင်းဆုံး၊ သက်တောင့်သက်သာအရှိဆုံးနဲ့ အရင့်ကျက်ဆုံးလူ့ အဖွဲ့အစည်းပါ။ အဲဒီအထဲမှာ ဘာသာရေးအယူစွဲမှုအနည်းဆုံးလည်းပါတယ်။ ဘယ်ဘာသာရဲ့အဆုံးအမကိုမဆို လိုက်ရဲယူရဲတယ်။
အမေရိက ကတော့ ၅၀နဲ့၆၀ ကြားလောက်ထင်ပါရဲ့။ သူက ငယ်အိပ်မက်တွေ မရင့်ကျက်တကျက်။
ဒါနဲ့ ဒေါ်စုရဲ့ မိတ်ကပ်တွေ ထူလွန်းတယ်၊ ကင်မရာမီးအောက်မှာ အရောင်တွေတောင် လက်နေတယ်။

စကားပြောသောဓာတ်ပုံများ


၁။ ရိုမဲင်းတစ် သိပ်မဆန်နဲ့
၂။ လက်နှစ်ဖက်လုံးလှုပ်မရအောင် ဘယ်တော့မှ မပြုမူနဲ့
၃။ ဘယ်လောက်ချစ်ချစ် ကိုယ်နှာခေါင်းအဆိတ်ခံရတာ သူ့နှာခေါင်းသွားပြီး မနာဘူး။
(Posted by Zin Wai Thaw:March 3. 1213)



ဥခွံဖောက်အတွေး


နယူးယောက်တိုင်းမ် ဘက်ဆဲလား စိတ်ပညာဒေါက်တာ M. Scott Peck ရဲ့ လူလျှောက်နည်းတဲ့လမ်း (The Road less Traveled.) စာအုပ်ထဲက ဝါကျလေးနှစ်ကြောင်းပါ။
Thinking too little is your problem.
Thinking too much is somebody Else's problem.
တွေးတောမှုအားနည်းလွန်းခြင်းက သင့်ပြသနာ၊ တွေးတောမှု များလွန်းခြင်းက အခြားတစ်ယောက်ရဲ့ ပြသနာ လို့ ပြန်လိုက်ပါတယ်။

လူဟာ ဦးနှောက်ရှိနေတဲ့အတွက် တွေးတော့တွေးကြပါတယ်၊ ဒါပေမဲ့ ရှုထောင့်ပြောင်းပြီး မတွေးတဲ့အတွက် သူ့အတွေးက ပုံစံတူ ထပ်တလဲလဲ ပဲဖြစ်နေပြီး မသစ်တော့တဲ့သဘော၊ ဖန်တစ်ရာတေသဘောရှိနေပါတယ်။




ဗုဒ္ဓစာပေက ဥပမာယူပြောရရင် ဥခွံမပေါက်တာပဲဖြစ်ပါတယ်။ ဥခွံမပေါက်သေးတဲ့ ကြက်ငယ်ဟာ ဘယ်လောက်ပဲ လှုပ်ရှားလှုပ်ရှား ဥခွံထဲမှာပဲ ရှိနေတယ်။ ဥခွံပေါက်မှ အများကြီးကျယ်ပြန့်တဲ့ လောကအမြင်ကို သူရလိမ့်မယ်။
ဘုရားရှင်ကတော အဝိဇ္ဇဏ္ဍကောသံ အဝိဇ္ဇာတည်းဟူသောဥခွံ လို့ လှလှပပ ဥပမာပြုခဲ့တယ်။

ဘာရယ်မဟုတ်ပါ။ ဥခွံမပေါက်ရင် စဉ်းစား၊ စူးစမ်းမှုဆိုတဲ့ နာမ်တရား တစ်ခုတောင် ထောင်ကျနေတတ်တယ်ဆိုတာ တွေးမိလို့ပါ။
ကိုယ့်သံတိုင်နဲ့၊ ကိုယ့်သော့နဲ့ ပြန်ခပ်မိတဲ့ ကိုယ်ပိုင်ထောင်။
ပိုဆိုးတာက လူဟာ သူထောင်ကျနေမှန်း မသိတတ်ဘူး။

တို့သမ္မတကြီးက ဖလော်ဆော်ဖာ၊ တစ်နေရာရာ တဲ့


"ကျနော်တို့ တာထွက်ခဲ့ကြပြီ၊ ပန်းတိုင်မရောက်သေးဘူး။ ဒါဆို ကျနော်တို့ ဘယ်နေရာမှာလဲ၊ မသိဘူး၊ တာထွက်တဲ့နေရာနဲ့ပန်းတိုင်ကြားက တစ်နေရာ ရာမှာ ရောက်နေတယ်" တဲ့။
မနေ့ညက တစ်နာရီထိုးမှ နားထောင်မိလို့ ဘယ်လို ဆက်အိပ်ရမှန်းမသိ၊ အိပ်ရေး ပျက်သွားတယ်။ ဒါနဲ့ ငါရော ဘယ်နေရာရောက်နေပါလိမ့်ဆိုပြီး ထကြည့်မိတော့ ကုဋင်ပေါ်ရောက်နေတာ တွေ့ရတယ်။
ဖီးလင်း: အိပ်ရေးပျက်၊ ခေါင်းနည်းနည်းမူး၊ ဘယ်နေရာ ရောက်နေမှန်း မသိ။

ကျနော်နဲ့ ကုဋင်ဝါဒ၊ ကင်းခြေများဝါဒ၊ ထီးဝါဒများ


အမေး။ ။ အရေးတကြီးအစီအမံတစ်ခုရေးဆွဲဖို့ ဒေါက်တိုင် ဘယ်နှတိုင် လိုအပ် တယ်လို့ ယူဆပါသလဲ အန်တီ။
ဖြေ ။ ။ ဒါက အနေအထားအမျိုးမျိုးအပေါ်မူတည်ပါတယ်။ ကျမတို့ လက်ရှိအနေ အထားအရ ဒေါက်တိုင်လေးတိုင်လို့ အန်တီယုံကြည်ပါတယ်။
အမေး။ ။ ဒါဆို အန်တီက ကုဋင်ဝါဒပေါ့။
ဖြေ ။ ။ မှန်ပါတယ်ရှင်။

အမေး။ ။ ဘဘကြီးကရော ဘယ်လိုယူဆပါသလဲခင်ဗျာ။
ဖြေ ။ ။ အဟမ်း၊ အဟမ်း၊ ဘဘကြီးက ဒါကိုလက်မခံပါဘူး၊ ဒေါက်တိုင်က များလေကောင်းလေပါ၊ ဘဘကြီးသဘောကတော့ ဒေါက်တိုင် ၁၄ တိုင်လို့ ယူဆပါတယ်။ ဒါဆို အရောင်အသွေးပိုစုံပြီး ဒေါက်တိုင်တစ်တိုင် ကျိုးသွားလည်း ဘာမှ မဖြစ်တော့ဘူး။
အမေး။ ။ ဒါဆို ဘဘကြီးက ကင်းခြေများဝါဒပေါ့။
ဖြေ ။ ။ နိုင်ငံတော်နဲ့ပြည်သူလူထုအတွက်ပါ။

ဒါနဲ့ ဒီအဖြေအတွက် ပါမောက္ခကြီးဆီရောက်အောင်သွားပြီး သူ့ အယူအဆ ကို မေးမြန်းကြည့်ခဲ့ပါတယ်။
အမေး။ ။ အရေးတကြီးအစီအမံတစ်ခုရေးဆွဲဖို့ ဒေါက်တိုင် ဘယ်နှတိုင် လိုအပ် တယ်လို့ ယူဆပါသလဲ ပါမောက္ခကြီးခင်ဗျာ။
ဖြေ ။ ။ တစ်တိုင်ပဲလိုအပ်ပါတယ်၊ အလွန်ဆုံးနှစ်တိုင်ပေါ့၊ ဒီထက်မပိုသင့်ဘူး။
အမေး။ ။ ဒါလေးကို နည်းနည်းထပ်ရှင်းပြပါလား။
ဖြေ ။ ။ အစ္စလာမ်ကမ္ဘာမှာ ဒေါက်တိုင်တွေများလွန်းလို့ ဘယ်သူက အစီအမံရေး ဆွဲမယ်ဆိုတာ မရေရာသလို တစ်ယောက်ယောက်က အစီအမံရေးဆွဲပြီ ဆိုရင် လည်း ဆိုက်တူ၊ ဂိုက်တူ၊ ပါဝါတူ တစ်ယောက်က သဘောမတူတတ်ဘူး။ ဒါ့ကြောင့် အစ္စလာမ်ကမ္ဘာမှာ ပြသနာဖြစ်ပြီဆိုရင် ကိုယ်ဘာသာ မရှင်းနိုင်တော့ တာ။ အနောက်ဆိုရင် အမေရိက၊ ကွန်ဖျူးရှပ်မှာ တရုတ်၊ အဲသလို ရှိနေရမယ်။
အမေး။ ။ ဒါဆို ပါမောက္ခကြီးက ထီးဝါဒပေါ့။
ဖြေ ။ ။ အတိအကျပဲ။

ဒါမျိုးလေးတွေ ဖတ်ချင်တယ်


"တို့ပြည်ကြီးကို ကာကွယ်မလေ" သီချင်းတွေအော်ဆိုမနေပေမဲ့ တရုတ်သမ္မတာ ရှီ လုပ်ချက်ကတော့ စမ္ပာနဂိုရ်က နွားမတွေပေါင်ကျိုးလေရော။
အကျင့်ပျက်လာဘ်စားမှုတွေကို တစ်ရစ်ချင်းကိုင်လာတာ တော်တော်ဟုတ်နေပြီ။ သူခိုးကြီးတွေ ကမ္ဘာပတ် မဖြုန်းရဲတော့ဘူး။
ဥရောပ၊ အမေရိက၊ စင်္ကာပူပါ ဝင်ငွေတွေ ကျလာတယ်။ ပြည်ပတက္ကသိုလ် သွား တက်နှုန်းတောင် ကျဆင်းလာသတဲ့။
မစ္စတာရှီက ဗိုက်ပူရွှဲ အကျင့်ပျက်တွေနဲ့မိသားစုတွေကို မျက်ခြေမပြတ်စောင့် ကြည့်နေလို့ အာလုံးလန့်နေကြရတယ်။
ဘယ်နိုင်ငံဝင်ငွေကျကျ တရုတ်ပြည်ရဲ့ထွက်ငွေကို ပိတ်ပြီးသားဖြစ်သွားတယ်။ ဒါက "တို့ပြည်ကြီးကို ကာကွယ်" တာမဟုတ်လား။
အမေရိကန် ဘလက် လစ် ကြေငြာရုံနဲ့မရဘူး။ သမ္မတကိုင်မှ ရမှာ။
တရုတ်က ကွန်မြူနစ်အမည်ခံပြီး ဒီမိုကရေစီဆီ တစစ ဦးတည်နေချိန်
မြန်မာက ဒီမိုကရေစီအမည်ခံပြီး ဘယ်သွားနေပါလိမ့်????

ဖျက်ပစ်လိုက်ရတဲ့ ကွန်မင့်တစ်ခုအတွက် အဖြေ



၁။ ကချင်သူပုန်ဆိုတာ ဘယ်သူတွေလဲ။ သူတို့ဟာ ကချင်တိုင်းရင်းသား တိုင်းကို ကိုယ်စား မပြုဘူး။ လက်ရှိအစိုးရကိုသဘောမတူတဲ့ ကချင်တွေကို ကိုယ်စားပြု တယ်။ ဒါကို ယေဘုယျ ကချင်သူပုန်လို့ပဲခေါ်တယ်။

၂။ မြန်မာ့အစိုးရဆိုတာ ဘယ်သူတွေလဲ။
မြန်မာလူထုက လွတ်လပ်စွာ တင်မြှောက်ထားတဲ့ အစိုးရလား။ ဘယ်လောက် ရာခိုင်နှုန်းက လွတ်လွတ်လပ်လပ် သဘောတူထားသလဲ။ ရှိစေ။
ဘယ်လိုပဲဖြစ်ဖြစ် ဒီအစိုးဟာ မြန်မာ့အစိုးရသာဖြစ်တယ်။ အစိုးရအနေနဲ့ လေးစားတယ်၊ လေးစားချင်တယ်။

သရေနဲ့တော့ ကျနော်တို့ မပျော်ဘူး


သရေနဲ့တော့ ကျနော်တို့ မပျော်ဘူး။ ကျနော်ပြောချင်တာ မနေ့က ဘောလုံး ပွဲ ထက် အများကြီးပိုပါတယ်။ ဒီနေ့လို အမျိုးသားရေးစိတ်ဓာတ်တွေ တထောင်းထောင်းတောထတဲ့ခေတ် ကျနော်တို့ မမြင်ဖူးဘူး။ ဦးလှဝင်းပြောတဲ့ ဒဏ္ဍာရီတွေက ကျနော်တို့နဲ့ ဝေးလွန်းတယ်။ ခဏ ဘေးဖယ်ထားပါအုံး။
ဦးသိန်းစိန်နဲ့နီးစပ်ရာအရေခွံလဲအစိုးရအဖွဲ့က အဲဒီ အမျိုးသားရေးစိတ်ဓာတ် ဆိုတဲ့အားကြီးကို တမိတရ ဖမ်းယူနိုင်လေဦးမလား။ မသိဘူး။ မရေရာဘူး၊ ခြေလှမ်းအရွေ့တွေ နှေးလွန်းတယ်။ လွန်ခဲ့တဲ နှစ်နှစ်ကလောက် မယုံကြည်ချင်မိတော့ဘူး။

ဖုန်ဆိုးတောထဲက တိုးထွက်လာတဲ့ အမျိုးသားနိုင်ငံတော်တိုင်းရဲ့နောက်မှာ ပွင့်ထွက်မတတ် အမျိုးသားရေးစိတ်ဓာတ်တွေ မင်းမူနေခဲ့တယ်။ လိုက်ကြည့်၊ အမေရိကလား
ဂျပန်လား
ကိုရီးယားလား။
ဒီနေ့ ပြည်တွင်းပြည်ပ မြန်မာတိုင်းဟာ တစ်ခုတည်းသောအလံတော်အောက်မှာ ကမ္ဘာမကြေတွေ ပန်းတွေဝေသည်အထိ အော်ဆိုနေနိုင်ပြီ။ အဲဒါကြီးကို လက်ကြားယိုစေမှာလား။ ကျေးဇူးပြုပြီး ပြားရည်တစ်စက်နဲ့ ဝမ်းမသက်ပါရစေနဲ့။

ကချင်ပြည်နယ်က ဖက်မမျှတဲ့လူသတ်ပွဲ။ မေးပါရစေ၊ သူပုန်တွေက ဘယ်သူတွေ လဲ???
သူတို့နဲ့ပြည်မကြီးထဲကညီအကိုတွေ တစ်သားထဲပေါင်းစည်းလို့ရအောင် ရှစ်လမ်းသွား ကားလမ်းကြီးဖောက်ပေးထားတာ ရှိသလား???
သူတို့ပြည်နယ်ကထွက်တဲ့ကျောက်စိမ်းတွေအတွက် တန်ရာတန်ကြေး ဘာတွေပြန်ပေးထားသလဲ???
ကျောင်းသူလေးတွေရဲ့ လွမ်းသူ့ပန်းခွေနဲ့..
ကဗျာဆရာရဲ့ ကဗျာတစ်ပုဒ်လောက်နဲ့ ...အမျိုးသားရေး ရင်ကြားစေ့လို့ မရနိုင်ဘူး။



သမ္မတလုပ်ရတာ မလွယ်ဘူး၊ အစိုးရလုပ်ရတာ မလွယ်ဘူး၊ ဒီလိုလား။ ဒါဆို ဘယ်သူက လွယ်တယ်ပြောနေပါသလဲ။
"မလွယ်ရင် မလုပ်နဲ့၊ မလုပ်နိုင်ရင် ဆင်းလေ၊ လုပ်နိုင်သူ တက်လာလိမ့်မယ်" လို့ပဲ ပြောကြလိမ့်မယ်။


နောက်ပြီး ဖြစ်ကတတ်ဆန်း ပို့စ်တွေ၊ အရပ်ထဲက စကားတွေကလည်း ဝန်ကြီးတွေ ဖေ့စ်ဘုတ်၊ ဝန်ကြီးတွေပါးစပ်ကနေ ထွက်။ ရှက်တတ်ရင် သေဖို့ပဲ။ ဦး မရဲတရဲထွဋ်က ခပ်ငယ်ငယ်စာဖတ်ပရိသတ်ကို ပြားရည်တစ်စက်နဲ့ ဝမ်းသက်ဖို့ ကြိုးစားတယ်(ဒါမျိုးကို လူငယ်လေးတွေ ရေးကြ၊ လိုက်ခ်ကြ၊ ရှယ်ကြပါစေဗျာ၊ ဒီထက်အရေးကြီးတာတွေ အများကြီးပါ)။ ဘူးလက်လှဆွေက အမျိုးသားရေး ရင်ကြားစေ့ရေးအတွက် မိစ္ဆာဝါစာစကားပြောတယ်။ သူလည်း သေရာပါ နာမည်ဆိုးနဲ့၊ ခေသူတော့မဟုတ်။ လူဆိုတာ မတရားလွန်းဘူးထင်ရင် အသေခံပြီးတော်လှန်တယ်။
အဲဒါ လူ့သမိုင်း၊
အဲဒါ ကမ္ဘာ့သမိုင်း၊
အဲဒါ မြန်မာ့သမိုင်။
လက်ရှိ အမျိုးသားရေး ရေစီးကို အမိအရမယူနိုင်ရင် "ဘရူးတပ်စ်လည်း စစ်ရှုံးဖူးတယ်" ဆိုတာကို အမှတ်ရပါ။

စင်္ကပူကလူငယ်တွေ မကြားဖူးတာ ကောက်လုပ်တယ်။ တစ်သက်လုံး ရှုံးခဲ့ရတဲ့ အမျိုးသားရေးသိက္ခာဆယ်ပွဲကို
စည်းကမ်းရှိမှု၊
သေဝပ်မှု၊
တစ်သွေးတစ်ရောင်တည်းရှိမှု၊ အရှုံး(သို့)သရေကို သက္ခာရှိရှိလက်ခံနိုင်မှု၊ အနိုင်ကို မူးယစ်ဆေးဝါးမကူဘဲ ဂုဏ်ယူမှု။




ပြည်နယ်တွေနဲ့ပြည်မ တစ်သားထဲရှိတယ်ဆိုတာပြဖို့ ပထမဆုံး ကားလမ်းမ ကြီးတွေ၊ ရထားလမ်းသစ်ကြီးတွေ ဖောက်ပြလိုက်ပါ။ တန်းတူအခွင့်အရေးတကယ်ပေးပါ။ စကားလုံးတွေထက် ခရီးပေါက်ပါ တယ်။( နိုင်ငံတော်မှာ ငွေမရှိဘူး။ စင်္ကာပူမှာတော့ ဗိုလ်ချုပ်ကြီးတွေရဲ့ ဘန်ဂလိုတွေရှိတယ်။ တချို့က သူတို့အမည်နဲ့၊ တချို့က ခရိုနီ အမည်နဲ့။) အဲဒီကျည်ဆန်တွေ ကွေးကောက်မသွားလောက်ဘူးလား။ အဲဒါ ဗြိတိသျှတွေ အိန္ဒိယမှာလုပ်သွားတဲ့ မဟာဗျူဟာ၊ လိုက်မမီတဲ့ ၂၁ ရာစု စထရက်ဒဂျီမဟုတ်ဘူး။

ပြည်ပရောက် လူအနည်းငယ်ပြန်လာရုံနဲ့ (တချို့က တကယ့်အမျိုးသားရေး၊ တချို့က ဖော်လန်ဖား) ပြည်တော်ဝင်သီချင်း မဆိုပါနဲ့ဦး။
၉၉ ရာခိုင်နှုန်းက ဦးသိန်းစိန်နဲ့နီးစပ်ရာအရေခွံလဲ အစိုးရအဖွဲ့ ဘာလဲ၊ ဘယ်လဲ ကြည့်နေကြဆဲပါ။
ဝင်သွားသမျှကလည်း ခရိုနီသွားဖြဲပြတာများတော့ ဒုတိယအိမ်ဆီ ခြေဦးပြန် လှည့်လာကြတယ်။

ဘယ်အစိုးရရဲ့အလုပ်မှ မလွယ်ဘူး၊ အဲဒီမလွယ်တာတွေကို အစိုးရတိုင်းလည်း လုပ်ရမယ့်တာဝန်ရှိတယ်။ မှားခွင့်ရှိတယ်၊ မလုပ်ခွင့်တော့မရှိဘူး။
သေနတ်နဲ့ ကိုယ့်ပြည်သူကိုအုပ်ချုပ်မှုက မိစ္ဆာနိုင်ငံရေးလို့ခေါ်ပါတယ်။
ဦးနှောက် ဦးနှောက်ချင်း၊ အယူအဆ အယူအဆချင်း အားပြိုင်၊ ညှိနှိုင်း၊ အဖြေရှာတဲ့နိုင်ငံရေးက သမ္မာနိုင်ငံရေးပါ။

မြန်မာနိုင်သွားတာရှိတယ်။ အဲဒါ ကွင်းပြင်က ပရိသတ်။


၁၁ ယောက်ကြေးတုန်းက ဂိုးသွင်းမယ့်အသင်းက မြန်မာလိုလို၊ တစ်ဦးချင်းရော အသင်းလိုက်ပါ သာနေတယ်။ မလေးရှားကလည်း တစ်ယောက်လျော့ သွားရော ဂိုးမယ့်အသင်းက မလေးရှားလိုလို၊ ဘိုပါလိမ့်။
ပြောစရာ ပင်နယ်တီနှစ်လုံး၊ ၁၀ ယောက်နဲ့ တစ်နာရီကျော်။ မလေးရှားကို ဂုဏ်ပြု ရမလား၊ ကိုယ့်လူတွေ အပြစ်တင်ရမလား။
မြန်မာနိုင်သွားတာရှိတယ်။ အဲဒါ ကွင်းပြင်က ပရိသတ်။

အမူးသမားသုံးယောက်


အမူးသမားသုံးယောက် တက္ကစီငှားကြတယ်။
သူတို့ သုံးယောက်စလုံး လူမှန်းမသိအောင်မူးနေတယ်ဆိုတာကို ရိပ်မိတဲ့ တက္ကစီ သမားက သူတို့ကားပေါ်ရောက်ပြီး အင်ဂျင်ကို နှိုးလိုက်ပြီး ခဏနေတော့ အင်ဂျင် ရပ်၊ သူတို့ဆီက ပိုက်ဆံတောင်းတယ်။
ပထမလူက ပိုက်ဆံရှင်း၊ ဒုတိယလူက ကျေးဇူးလို့ပြောပြီး တတိယလူက တက္ကစီ သမားကို လက်သီးနဲ့လှမ်းထိုးတယ်။ ကားသမားလည်း လန့်သွားပြီး ဘာဖြစ်လို့ ထိုးရတာလဲမေးတော့
"နောက်တစ်ခါ ဖြည်းဖြည်းမောင်း၊ မင်းလုပ်ပုံနဲ့ ငါတို့အားလုံး သေကုန်တော့မလို့" တဲ့။

တကယ်လို့ ကုန်းဘောင်ခေတ်မှာ ဖေ့စ်ဘုတ်ရှိခဲ့ရင်


တစ်နေ့မှာပေါ့ဗျာ(ဘယ်နေ့လဲတော့မမှတ်မိဘူး)ကျွန်တော်တို့ရဲ့ ဘွရှင်သာလွန် မင်းတျားကြီး စစ်ကိုင်းဖက်ကိုဆင်စီးပြီး ခရီးထွက်စဉ်ကပေါ့။ စစ်ကိုင်းကိုရောက် တယ်ဆိုရင်ပဲ သူဆင်းရဲမတစ်ယောက် ထမင်းရေငှဲ့နေတာကိုတွေ့ရပြီး သူမ ငှဲ့ လိုက်တဲ့ထမင်းရည်တွေကလည်း လမ်းပေါ်အထိ စီးကျနေတယ်ဗျ။ အဲဒီအချိန်မှာ ကျွန်တော်ကလည်းဘွရှင်မင်းတျားကြီးနဲ့အတူရှိနေခဲ့တယ်။ အဲဒီမှာ ကျွန်တော်တို့ သတိထားမိတာက သူဆင်းရဲမချက်နေတဲ့ထမင်းအိုးက ပေါင်းအိုးမဟုတ်ဘူးဗျ၊ ဒါက သတိထားသင့်တဲ့အချက်ပဲ၊ တကယ်လို့ ပေါင်းအိုးနဲ့ချက်မယ်ဆိုရင် ထမင်း ရည် ငှဲ့နေစရာမလိုတဲ့အတွက် ဗီတာမင်အလေအလွင့်မရှိနိုင်တော့ဘူးပေါ့ဗျာ။

ဒါကိုမြင်တဲ့ ဖြတ်သွားဖြတ်လာတွေရှိပေမဲ့ ဘယ်သူမှ ဘာမှဝင်မပြောကြဘူး။ သူဆင်းရဲမက ရန်တွေ့မှာကြောက်လို့လည်းဖြစ်ချင်ဖြစ်မှာပေါ့ဗျာ။ ဒါပေမဲ့ သံဃာတော်တွေ၊ သက်ကြီးရွယ်အိုတွေကိုဆိုရင် ရန်တွေ့မယ်မထင်ပါဘူး။ သူတို့ကလည်း ဘာမှဝင်မပြောကြဘူး။ ထားပါတော့လေ။

ဒါနဲ့ ကျွန်တော်ရဲ့ ဘွရှင်မင်းတျားကြီးက ဆင်ပေါ်ကနေဆင်းပြီး "ဟယ်သူဆင်းရဲမ၊ သင်လုပ်ပုံက ဗီတာမင်အလေအလွင့်တွေဖြစ်စေသည်၊ ထမင်ပေါင်းအိုးလေးနဲ့ချက်သော် ဤပြသနာကို ရှောင်ရှားနိုင်သည်။ သင်တို့က ဘာမှမဖြစ်လောက်သည့် တောပြုန်း၊ တောင်ပြုန်း၊ မြစ်ပြုန်း၊ လယ်ယာမြေပြုန်း၊ ဂက်စ်ပြုန်း၊ ရေနံပြုန်း၊ သယံဇာတပြုန်း၊ အစစအရရာပြုန်တွေကို ပိုကြီးချဲ့နေ ကြပေမဲ့ ဤမျှ အလွန်တရာ အရေးကြီးသော ဗီတာမင်အလေအလွင့်ကိစ္စကို အသေးအမွှားဟုထင်တတ်ကြ၏၊ ယခုလို မုဗင်း ဖော်ဝါ့ဒ် ခေတ်ကြီးမှာ ငါတို့နိုင် ငံရဲ့ ကက်ပစီတီ လက်ကင်းဖြစ်နေမှုကို သင်တို့ သိဖို့ကောင်းသည်၊ ယခုလို ရီဖောင်းမင်းကာလ၌ ထမင်းရည်တက်စက်သည်လည်း ကျွန်းတောအုပ် ကြီးတစ် အုပ်၊ တောင်ကြီးတစ်လုံး၊ မြစ်ကြီးတစ်စီးမျှ တန်ဖိုးရှိလေ၏"
စသဖြင့် စသဖြင့်ဆုံးမလိုက်လို့ သူဆင်းရဲမ အမြင်မှန်ရသွားတယ်ဗျာ။

ဒါဘာဘဲ ဂျာ၊ ချင်ချင်ချယာလေးတွေ ချင်ချင်နိုင်အောင် တားတားက(အူးအူးက) မျှဝေတာပါ။

မြေးရဲထွဋ်
ဘွရှင်သာလွန်မင်းတျားကြီး၏ ပြောရေးဆိုခွင့်ရှိသူ
နေပြည်တော်

မျက်နှာကြောတင်းတယ်ပြောကြလွန်းလို့


ကိုယ့်ထက်မျက်နှာကြောတင်းတဲ့လူ ရှာပြီး ဓာတ်ပုံရိုက်လိုက်တယ်။ ထိုင်ဝမ်မှာ။ လူတော့ မဟုတ်၊ ရုပ်ထုကြီးပေါ့။ ဘာဖြစ်ဖြစ်လေ ကိုယ့်ထက် မျက်နှာကြောတင်းနေဖို့ အဓိကပဲ။



ခရီးစဉ်နှစ်ခု


လေရှီးတောင်တက်ခရီးသည် ကျွန်ုပ်ဘဝ၏ အရေးပါသောခရီးစဉ်တစ်ခုဖြစ်ခဲ့ သလို စင်္ကာပူရီးယန်းများနှင့် ရွာကိုသွားသောခရီးကလည်း မမေ့သင့်သည့် ခရီးတစ်ခုဟု ယုံကြည်ပါသည်။ ထိုခရီးစဉ်နှစ်ခုသည် ပုံစံမတူဆက်စပ်နေသည့် ခရီးများလည်းဖြစ်ပါသည်။
လေရှီးတောင်တက်ခရီးက ကျွန်ုပ်၏ခံနိုင်ရည်ကို စမ်းသပ်လိုက်တာဖြစ်ပြီး ရွာ အပြန်ခရီးကတော့ သူတို့ စင်္ကာပူရီးယန်းများအတွက် ကျွန်ုပ်၏လေရှီးတောင် တက်ခရီးနှင့် တူနေပါလိမယ့်မည်။ မည်သို့ဆိုစေ ထို ခရီးစဉ်နှစ်ခုစလုံးက ခရီးဖော်၏ဂုဏ်ရည်ကို ဖွင့်ဆိုပါသည်။

လေရှီးတောင်တက်ခရီးမှာ သူတို့တောင်ပေါ်သား၊ စစ်သားများ၏ခြေရာကို မှီအောင် ကျွန်ုပ်မလိုက်နိုင်ခဲ့ပါ။ ထို့ကြောင့် လမ်းဆုံရှိတိုင်း ကျွန်ုပ်လိုက်ရမည့် လမ်လေးပေါ် သစ်ခက်စိမ်လေးများ ချထားခဲ့ပြီး သူတို့ခရီးဆက်တတ်ကြပါသည်။ သတ်မှတ်ထားသည့်နေရာရောက်မှ စားခြင်း၊ နားခြင်းလုပ်ကြသည်။ ဆိုလိုသည် မှာ ထိုခရီးသည် ကျွန်ုပ်အတွက် ရွေးချယ်ခွင့်မရှိသည့်ခရီး၊ သူတို့ချမှတ်သည့် လမ်းစဉ်ကို တသွေမတိမ်းလိုက်ရမည့်ဆိုတာဖြစ်ပါသည်။
ရွာအပြန်ခရီးမှာတော့ ကျွန်ုပ်ကိုယ်တိုင်က လမ်းစဉ်ချမှတ်သူဖြစ်နေသည်။ သူတို့ အတွက်ခက်ခဲပြီး ကျွန်ုပ်အတွက် ပို၍ တာဝန်ကြီးပါသည်။ ကားလမ်းမရှိ၊ တစ်ခါ တစ်ခါ ယာခင်းထဲဖြတ်မောင်း၊ အညာကျေးလက်ရဲ့ ဖုန်တထောင်းထောင်း၊ သူတို့ အိပ်မက်ထဲမှာပင် ဤခရီးမျိုးမထွက်ဖူးပါဟုဆိုကြပါသည်။ ထိုအခါ သူတို့အတွက် အားပေးစကားတစ်ခွန်း ကျွန်ုပ်ပါးစပ်ထဲ ရောက်လာသည်။
"မင်းတို့ ငါ့ရွာကိုလာတဲ့ခရီးက ကြမ်းကောင်းကြမ်းမယ်၊ ဒါပေမဲ့ ဒီရွာလေးကနေ မင်းတို့ဆီရောက်အောင်လာရတဲ့ ငါ့ခရီးက ဒီထက်ကြမ်းတယ်" ဆိုတာဖြစ်ပါသည်။

ဟန်ဆောင်ပြုံးမဟုတ်ဟု ထင်ပါသည်။ သူတို့ နှစ်နှစ်ကာကာပြုံးကြသည်။ ခရီး အတွက် သူတို့အဆင်သင့် ဖြစ်နေကြပြီဟု ယုံကြည်လိုက်သည်။ မှန်ပါသည်။ ခက်ခက်ခဲခဲ၊ ပျော်ပျော်ပါးပါးဖြင့် ရွာကို ရောက်ခဲ့ကြဖူးပါသည်။
ဤခရီးနှစ်ခုသည် သာမန်ခရီးတွေထက် အဓိပ္ပါယ်ပိုဆောင်နေတာတော့ သေချာ ပါသည်။ ဘာမှန်းတော့ ကျွန်ုပ်လည်း ပြောမပြတတ်ပါ။

ဟန်တင်တန်ကို ကမ္ဘာကျော်စေတဲ့ အရက်စက်ဆုံး၊ အဆိုးဝါးဆုံးခန့်မှန်းချက်


(အဆိုးဝါးဆုံးအခြေအနေကို ဆွဲပြလိုက်လို့ သက္ကရာဇ်တွေလွဲမှားမှုရှိပေမဲ့ ကမ္ဘာ့ခေါင်းဆောင်တွေအတွက် ရှောင်ရှားစရာတစ်ခု ရသွားတယ်ဆို တာတော့ ငြင်းလို့မရပါဘူး တဲ့)
****************************************************************************
ဆိုကြပါဆို့ သက္ကရာဇ်(၂၀၁၀)ခု ကိုရီးယားနိုင်ငံပေါင်းစည်းသွားပြီးဖြစ်တဲ့အတွက် ကိုရီးယားထဲမှာရှိတဲ့ အမေရိကန် တပ်တွေအားလုံးတပ်ဆုတ်သွားမယ်၊ ဂျပန်ထဲမှာရှိတဲ့အမေရိကန် စစ်အင်အားကိုလည်း အများကြီး လျှော့ချလိုက်မယ်။ ထိုင်ဝမ်နဲ့ တရုတ်ပြည်မကြီးတို့ အပြန်အလှန် သဘောတူညီမှုရ၊ ထိုင်ဝမ်ဟာ (နားလည်မှုသဘောအရ) လွပ်လပ်တဲ့နိုင်ငံ၊ ဒါပေမဲ့ ဘေဂျင်းရဲ့ သြဇာခံအဖြစ်နဲ့ ရှိနေမယ်။ ၁၉၄၆ ခုနှစ်က ခရိုအေးရှားနဲ့ ဘယ်လာရုရှားအတိုင်း (Belorussia) တရုတ်ရဲ့ထောက်ပံ့မှုနဲ့ ထိုင်ဝမ်က ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်လာမယ်။ တောင် တရုတ်ပင်လယ်ထဲက ရေနံရှာဖွေတူးဖော်ရေးက အရှိန်အဟုန်ကောင်းလာ၊ အများစုက တရုတ်ရဲ့လက်အောက်မှာ တစ်ချို့ကတော့ အမေရိကန် ကုမ္ပဏီကြီးတွေ အုပ်စိုးထားတဲ့ ဗီယက်နမ်ရဲ့ လက်အောက်မှာ၊ တရုတ်က သူရရှိပိုင်ဆိုင်နေပြီဖြစ်တဲ့ အင်အားအသစ်တွေကနေ သွေးထိုးပေးလိုက်တော့ ပင်လယ်ပြင်တစ်ခုလုံး သူတို့ထိန်းချုပ်မှုအောက်မှာရှိနေရမယ်လို့ အချုပ်အချာ အာဏာ ဆိုတဲ့စကားနဲ့ ပင်လယ်တစ်ပြင်လုံး သူတို့ပိုင်တယ်ကြေငြာချက် ထုတ်ပြန်။ (တစ်ကယ်တော့ အချုပ်အချာအာဏာ ဆိုတာ သူတို့အမြဲတမ်းပြောနေ ကျစကားပါ) ဗီယက်နမ်တွေက ဒါကို လက်မခံဘူး။ သူတို့ကြားမှာ တိုက်ပွဲတွေ ဖြစ်ပွား။ ၁၉၇၉ ခုနှစ်က အရှက်ခွဲခံခဲ့ရတာကို လက်စားချေဖို့ တရုတ်က ဗီယက်နမ်ထဲကို ကျူးကျော်သိမ်းပိုက်၊ ဗီယက်နမ်တွေက အမေရိကန် ကို စစ်အကူအညီတောင်း၊ တရုတ်ကလည်း ဘေးထွက်နေဖို့ အမေရိကန်တွေကို ရာဇသံပေး၊ ဂျပန်နဲ့ အခြားနိုင်ငံတွေကလည်း ကြောက်ပြီးဘာလုပ်လို့ ဘာကိုင်ရ မှန်းမသိ (ဖြစ်နေပြီဆိုပါစို့)။

ဗီယက်နမ်အပေါ်တရုတ်ရဲ့ ဗိုလ်ကျအောင်မြင်မှုကို လက်မခံနိုင်ဘူးလို့ အမေရိ ကန်တွေကပြော၊ တရုတ်အပေါ် စီးပွားရေးပိတ်ဆို့မှုတွေလုပ်။ သူ့ရဲ့လက်ကျန် ပင်လယ်တွင်း ရေတပ်ကို တောင်တရုတ်ပင်လယ် ထဲမှာ တပ်ဖြန့်ထား။ ဒါဟာ သူတို့ရဲ့ ရေပိုင်နက်ကို ကျူးကျော်မှုဆိုပြီး တရုတ်ကအမေရိကန်တွေကို စွပ်စွဲ။ လေကြောင်းကနေတိုက်ပွဲဆင်။ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် နဲ့ ဂျပန်ဝန်ကြီးချုပ်တို့ရဲ့ အပစ် အခတ်ရပ်စဲရေး ဆွေးနွေးညှို့နှိုင်းမှု မအောင်မြင်။ အရှေ့အာရှဒေသတွင်းမှာ တိုက်ပွဲတွေက ဟိုနေရာဖြစ် ဒီနေရာဖြစ် (ဖြစ်နေပြီဆိုပါစို့)။

ဂျပန်ကလည်း တရုတ်ကိုတိုက်ခိုက်တဲ့အတွက် ဂျပန်နိုင်ငံထဲရှိ အမေရိကန် တပ် စခန်းတွေကို တားမြစ် ပိတ်ပင်၊ သူတို့ရဲ့ကြားနေ၀ါဒနဲ့ “ဓါးခုတ်ရာလက် ဝင်မလျှို လို” လို့ အမေရိကန်တပ်စခန်းတွေအားလုံး ရုပ်သိမ်း မယ်ကြေငြာ။ ထိုင်ဝမ်နဲ့ တရုတ်ပြည်မကြီးထဲ စစ်ဆင်ရေးတွေလုပ်နေတဲ့ တရုတ်ရေငုပ် သင်္ဘောတွေနဲ့ တိုက်လေယဉ်တွေက အရှေ့အာရှထဲမှာရှိနေတဲ့ အမေရိကန် စစ်သင်္ဘောတွေနဲ့ အထောက်အကူပြုပစ္စည်း၊ အဆောက်အဦးတွေကို လေကြောင်း၊ ရေကြောင်း ကနေတိုက်ခိုက်။ အကြီးအကျယ်ဆုံးရှုံးမှုတွေဖြစ်။ တစ်ချိန် တည်းမှာပဲ တရုတ် ကြည်းတပ်က ဟနွိုင်းနဲ့ဗီယက်နမ် နိုင်ငံတော်တော်များများကို တိုက်ခိုက် သိမ်း ပိုက်လိုက်မယ် (ဆိုပါတော့)။

တရုတ်ရော အမေရိကန်ပါ တစ်ဦးနယ်မြေထဲအထိ ရောက်အောင်ပစ်ခတ်နိုင်တဲ့ အနုမြူလက်နက်တွေ ရှိနေတော့(ဘယ်သူမှ စတင်မသုံးစွဲရဲပဲ)မဆုတ်သာ မတက်သာ အနုမြူသရေပွဲဖြစ်နေ။ စစ်ဦးကာလမှာ အနုမြူလက်နက်တွေကို မသုံးစွဲကြ။ အနုမြူနဲ့တိုက်ခိုက်လာနိုင်ခြေကို နှစ်နိုင်ငံစလုံးရှိ လူထုတွေက အထိတ်တလန့်ဖြစ်။ အမေရိကန်လူထုရဲ့ အထိတ် တလန့်ဖြစ်မှုက ပိုအားကောင်း။ ဒီတော့ အမေရိကန်တွေက
“ဒီအန္တရာယ်ကို ငါတို့ ဘာကြောင့် ရင်ဆိုင်နေ ရတာလည်း၊ တရုတ်က တောင် တရုတ်ပင်လယ်ကို သိမ်းပိုက် ရုံတင် မကဘဲ အရှေ့တောင်အာရှတစ်ခုလုံးကို သိမ်းပိုက်တော့ရော ငါတို့အပူ လား။”
မေးလာမယ်။

စပိန်လူမျိုးတွေအများစုနေထိုင်တဲ့ အမေရိကန် အနောက်တောင်ပိုင်းပြည် နယ်တွေမှာ စစ်ပွဲဆန့်ကျင်ရေးတွေ အားကောင်းလာ၊ လူထုတွေနဲ့ ပြည်နယ် အစိုးရတွေက “ဒီစစ်ပွဲက ငါတို့စစ်ပွဲ မဟုတ်ဘူး” ဆိုပြီး ၁၈၁၂ ခုနှစ်က နယူးအင်္ဂလန်လို စစ်ပွဲအတွင်းကနေ ဘေးထွက်နေ။ ကနဦး အောင်မြင်မှုနဲ့အတူ အရှေ့အာရှအတွင်းမှာ တရုတ်တွေ အင်အားထပ်ကောင်းလာတော့ အမေရိ ကန်တွေက ၁၉၄၂ခုက ဂျပန်ရဲ့လမ်းစဉ် နောက်ကို လိုက်ဖို့ စိတ်ကူးရလာကြ၊ ရုတ်တရက်ကြီးခေါင်းမာလာတဲ့ တက်သစ်စပါဝါကို နှိပ်ကွပ်ဖို့ အရင်းအနှီးက သိပ်ပြီး ကြီးမားလွန်းနေတယ်၊ ဒီတော့ စေ့စပ်ညှို့နှိုင်းမှုတွေလုပ်၊ နေရာအနှံ့အပြားတိုက်ပွဲတွေကို အဆုံးသတ် (သို့) ကရော်ကမည် စစ်ပွဲလေးတွေသာ အနောက်ပစိဖိတ် သမုဒ္ဒရာထဲမှာ ကျန်ခဲ့တော့မယ် (ဆိုပါတော့)။

ဒါပေမဲ့ တစ်ချိန်တည်းမှာ ဒီစစ်ပွဲကြီးရဲ့ အရှိန်အဟုန်က အခြားစီဗီလိုက်ဇေး ရှင်းတွေထဲရှိ နိုင်ငံကြီးတွေ ဆီကိုပါ ရိုက်ခတ်သွား။ အရှေ့အာရှတွင်းမှာ တရုတ်ခြေချုပ်မိနေတဲ့အချက်ကို အခွင့်ကောင်းယူပြီး အိန္ဒိယက ပါကစ္စန်ရဲ့ အနုမြူလက်နက်နဲ့ အခြားလက်နက်တွေ ရသလောက် ဖျက်ဆီးပစ်နိုင်ဖို့ ရုတ်တရက် ထိုးစစ်ဆင်တိုက်ခိုက်တယ်။ အစပိုင်းမှာတော့ အောင်မြင်မှုတွေရ၊ နောက်ပိုင်းကျတော့ ပါကစ္စတန်၊ အီရန် နဲ့ တရုတ်တို့ရဲ့ စစ်မဟာမိတ်သဘောတူညီမှုက အသက်ဝင်လာပြီး အီရန်က ပါကစ္စတန်ကို အကူအညီပေးဖို့ ခေတ်မီဆန်းသစ်တဲ့ စစ်လက်နက်တွေနဲ့ အတူရောက်လာ။ အိန္ဒိယကိုယ်တိုင် လူမျိုးစုအသီးသီးဆီ ကထွက်လာတဲ့ အီရန်တပ်တွေနဲ့ ပါကစ္စတန်ပြောက်ကြား သူပုန်တွေကြားမှာ ညှပ်ပူးညှပ်ပိတ် မိနေ။ အိန္ဒိယရော ပါကစ္စတန်ကပါ အာရပ်နိုင်ငံတွေဆီက အကူအညီတွေ ကိုတောင်း။ အိန္ဒိယက အရှေ့နောက်အာရှတွင်း အီရန်လွှမ်းမိုးလာနိုင်တဲ့ အန္တရယ် (အခြား အာရပ်နိုင်ငံတွေကို) သတိပေး။ ဒါပေမဲ့ ကနဦးပိုင်းမှာ တရုတ်က အမေရိကန်အပေါ် အနိုင်ရလိုက်တဲ့အချက်က မွတ်ဆလင်နိုင်ငံတွေ အတွင်း အနောက်ဆန့်ကျင်ရေး ၀ါဒကို အားပေးအားမြှောက်ပြုလာနေ။ အနောက်ကိုထောက်ခံနေတဲ့ တူရကီအပါအ၀င် ကျန်ကောင်းကျန်ရာ အာရပ် အစိုးရတွေကလည်း မွတ်ဆလင်လူငယ်ထုကြီးရဲ့ နောက်ဆုံးလက်ကျန် အုပ်စုအင်အားကြောင့်ဖြစ်ပွားလာတဲ့ အစ္စလာမ်မစ်လှုပ်ရှားမှုတွေအောက် တစ်နိုင်ငံပြီးတစ်နိုင်ငံကျရောက်။ ဒီအချိန်မှာ အနောက်တိုင်း အားနည်းမှု က သွေးထိုးပေးလိုက်တော့(သူတို့ကို မြှောက်ပေးလိုက်သလို ဖြစ်သွားတော့) အနောက်ဆန့်ကျင်ရေးတွေ အရှိန် အဟုန်ကောင်းလာပြီး အစ္စရေးကိုဝင်တိုက်၊ အရေအတွက်အများ ကြီးလျှော့ချထားတဲ့ အမေရိကန် တပ်မ(၆)ကလည်း အစ္စရေးကိုကာကွယ်မှုမပေးနိုင်တော့ဘူး (ဆိုပါတော့)။

တရုတ်နဲ့ အမေရိကန်တို့က အဓိကနိုင်ငံကြီးတွေရဲ့နောက်ကနေ အားပေးထောက်ပံ့၊ တရုတ်က စစ်ရေးအရအောင်ပွဲရလိုက်တော့ ဂျပန်က လည်း ကြောက်ကြောက်ရွံ့ရွံ့နဲ့ သာမန်ကြားနေ၀ါဒနိုင်ငံကနေ တရုတ်ဖက် မသိမသာယိုင်တဲ့ကြားနေ၀ါဒအဖြစ်ကူးပြောင်း၊ တရုတ်တောင်းဆိုချက်တွေကို လိုက်လျော၊ နောက်ဆုံး စစ်မဟာမိတ်ဖြစ်သွားကြ။ ဂျပန်စစ်ကားတွေက ဂျပန်နိုင် ငံထဲရှိ အမေရိကန် တပ်စခန်းတွေကို သိမ်းပိုက်၊ အမေရိကန်က ရေးကြီး သုတ်ပြာနဲ့ သူ့တပ်သားတွေကို ကယ်ဆယ်ရေးလုပ်၊ အမေရိကန်က ဂျပန်နဲ့ အဆက်အသွယ်ဖြတ်မယ်ကြေငြာ၊ အနောက်ပစိဖိတ်သမုဒ္ဒရာထဲမှာ ဂျပန်နဲ့ အမေရိကန် ရေတပ်သင်္ဘောတွေ အကြား တိုက်ပွဲတွေ ဟိုနေရာဖြစ် ဒီနေရာဖြစ်။ စစ်ပွဲကြီးအစမှာ တရုတ်က ရုရှနဲ့ အပြန်အလှန် လုံခြုံရေး သဘောတူညီမှု စာချုပ်ချုပ်ဆိုဖို့ ကမ်းလှမ်း။ (ဟစ်တလာနဲ့ စတာလင်တို့ စာချုပ်ကို အမှတ်ရစရာ) ဒါပေမဲ့ တရုတ်ရဲ့စစ်ပွဲအောင်မြင်မှုအပေါ် ဂျပန်ရဲ့သဘောထားနဲ့ ရုရှားရဲ့ သဘောထားတို့ မတူကြ၊ ရုရှားက တရုတ်ထင်သလို မတုန့်ပြန်။ တရုတ်ရဲ့ ရလာနိုင်ခြေရှိတဲ့ အောင်ပွဲနဲ့ အရှေ့အာရှအတွင်း တရုတ်လွှမ်းမိုးမှုက မော်စကို ကိုထိတ်လန့်စေခဲ့၊ ရုရှားက တရုတ် ဆန့်ကျင်ရေး လမ်းစဉ်ကိုလိုက်ပြီး ဆိုက်ဘေးရီးယား ထဲမှာ စစ်တပ်အင်အားတွေ ထပ်ဖြည့်။

ဆိုက်ဘေးရီးယားထဲမှာ နေထိုင်နေကြတဲ့ တရုတ်လူမျိုးတွေက ကန့်ကွက် ဆန့်ကျင်မှုတွေပြုလုပ်လာကြ။ တရုတ်က သူ့နိုင်ငံသားတွေကို အကာ အကွယ်ပေးဖို့ စစ်အင်အားသုံး၊ ဗလာဒီဗိုစတော့(Vlasivastok) အမ်မားမြစ်ဝှမ်း (Amur River Valley)နဲ့ ဆိုက်ဘေးရီးယား အရှေ့ပိုင်း နေရာအချို့ကို သိမ်းပိုက်။ ရုရှားနဲ့တရုတ်စစ်တပ်တွေရဲ့ တိုက်ပွဲတွေ ဆိုက်ဘေးရီးယား အလယ်ပိုင်း မှာဖြစ်ပွား၊ တရုတ်ရဲ့ “အထိန်းသိမ်းခံ” အနေနဲ့ထားရှိခဲ့တဲ့ မန်ဂိုရီးယားမှာ ဆန္ဒပြမှုတွေဖြစ်ပွား (ဆိုပါတော့)။ 

ဒါမျိုးသတင်းလေးတွေ လုပ်ပါအုံး ဦးရဲထွဋ်


အကျင့်ပျက်၊ လာဘ်စား ဗိုလ်ချုပ်ကြီးဟောင်း Xu Caihou ရဲ့အိမ်ကို ဝင်စစ်တော့ အမေရိကန်ဒေါ်လာ၊ ယူရို၊ တရုတ်ယွမ် ငွေစက္ကူတွေ တန်ချိန်ထက်ကျော်နေ သတဲ့။ ကျောက်မျက်၊ ကျောက်စိမ်း၊ ရတနာပစ္စည်းတွေနဲ့ ရှေးဟောင်းပစ္စည်းတွေ ကလည်း သိုလှောင်ခန်းထဲမှာ မနည်းမနောဆိုပဲ။ ဒါတွေသိမ်းဆည်းသယ်ဆောင်ဖို့ (စစ်)ထရပ်ကား ဆယ်စီးတောင်လိုဆိုပဲ။
လက်ရှိသမ္မတ ရှီက တကယ်ဆော်နေတာ။ အကောင်ကြီးတွေကို ကိုင်နေတာ။ တရုတ်ပြည်အတွက် ဝမ်းသာစရာကောင်းတယ်။



ခင်ဗျားရေးတဲ့ အဝေးပြေးလမ်းပေါ် ကားပျက်၊ ဝန်ကြီးက ဆင်းကူ သတင်း၊ ကိုယ်တွေ့ ဆောင်းပါးက ဖတ်ကောင်းပါတယ်။ဆိုရှယ်မီဒီယာဆိုရင် ဝမ်းသာစရာ သတင်းလေးပေါ့။ ဒါပေမဲ့ လူကြီးမင်း ပေ့ဂ်ျက အော်ဖစ်ရှယ် နည်းနည်းဖြစ်ဖြစ် ပိုဆန်နေသင့်တယ်။ ဘာပဲဆိုဆို လူကြီးမင်းဝေါပေါ်မှာ အထက်ပါ တရုတ်ပြည် သတင်းမျိုး မျှော်နေမိတာတော့ အမှန်ပဲ။

သမ္မတပါးစပ်ပေါက်လို့ဆိုရင်ရတဲ့ လူကြီးမင်းဆီက
"ဟိုင်း၊ ဟယ်လို၊ မင်္ဂလာမနက်ခင်းပါရှင်၊ မနေ့ညက ကားပျက်နေတာတွေ့လို့ မီးတို့ ဆင်းကူခဲ့ရသေးတယ်၊ သာဓုခေါ်ကြပါအုံး ညှော်" ဆိုတာထက်
"အကျင့်ပျက် ဗိုလ်ချုပ်ကြီးအိမ် ရှောင်တခင် ဝင်စစ်ဆေး၊ ခိုးယူထားသော ပြည်သူ့ ဘဏ္ဍာများ တွေ့ရှိ၊ နိုင်ငံတော်အစိုးရက တည်ဆဲဥပဒေနဲ့အညီ အရေးယူနိုင်ရန်..." စတာလေးတွေ ထွက်လာရင် ကောင်းမှာ။

အခုတော့ မေ့နေပြီပေါ့လေ(ပျင်းလို့ ရေးတဲ့စာ၊ ဘာမှ မှတ်စရာမပါ)


စိတ်ဓာတ်ခိုင်လွန်းလို့ ကွမ်းဆက်စားနိုင်တာ။ ဝယ်လှူတဲ့ ဒကာ၊ ဒကာမတွေ လည်း အတိုက်အခံတွေကြားထဲက လှူနေရတာ။
ဘေးက "စင်္ကာပူရောက်တာတောင်၊ လည်ချောင်းကင်ဆာ၊ ဝိနည်းတော်နဲ့ မညီ" စသဖြင့် စသဖြင့်။
ဆရာ ဒကာ ညီညွတ်လွန်းလို့၊ နို့မို့ ဒီယဉ်ကျေးမှု ပြတ်တာကြပြီ။
သာဂါရာ အနာဂါရာ စ။

ခါတိုင်း ကြာသပတေးနေ့မှာ ကွမ်းရွက်ပြတ်တတ်တော့ သောကြာနေ့ ဒကာမကြီးတွေကို မျှော်တတ်တယ်။ သူတို့ကလည်း မယိမ်းမယိုင် ကျောက်စာ တိုင် စေတနာနဲ့ ရှားရှားပါးပါးကွမ်းလှူသူတွေထဲက တစ်ဖွဲ့။
ဖြစ်ပုံက မနေ့ကမှ ကိုဖြူဖွေးလာပို့သွားတော့ ဒီနေ့ သောကြာနေ့ဆိုတာ မေ့နေမိ တယ်။
ဒါတင်မကဘူး အပေါ်တက်လာတာတောင် ကွမ်းရွက်ထုတ်လေး အောက် မှာ မေ့နေရစ်ခဲ့တယ်။
လူသာဆိုရင် "အခုတော့ မေ့နေပြီပေါ့လေ ဘာညာ" ရှုပ်နေမှာ။ ကွမ်းရွက်လေးတွေမို့ မပြောတတ်လို့သာကိုး။

ဟန်တင်တန်ပြောတဲ့ စင်္ကာပူ


" ဆွေမျိုးကောင်းစားရေး ၀ါဒီဆီကို ဦးတည်သွားနိုင်တဲ့ ကြီးစဉ်ငယ်လိုက် မိသားစုအခြေခံ ကွန်ဖျူးရှပ် ၀ါဒ ထက် တစ်ဦးချင်း စွမ်းဆောင်ရည်ကို အဓိက ဦးစားပေးလိုခြင်းကြောင့်ဖြစ်ပါတယ်"

ဒီလိုတူညီမှုတွေကို စုစည်းသတ်မှတ်နိုင်ဖို့ သဘာဝကျကျအားစိုက်ထုတ်မှုမျိုးကို စင်္ကာပူလိုအလွန်သေးမွှားတဲ့ နိုင်ငံလေးမှာ ၁၉၉၀ ခုနှစ်တွေက ဖြစ်ပွားခဲ့ပါတယ်။ စင်္ကာပူနိုင်ငံသားတွေဟာ အကြမ်းဖြင်းအားဖြင့် တရုတ် (၇၆ %)၊ မလေး မွတ် ဆလင် (၁၅%) အိန္ဒိယန်း ၊ တမီး (လ်)နဲ့ ဆစ်(ခ်) (၆%)ဖြစ်ပါတယ်။ အတိတ်ကာလတုန်းကတော့ အစိုးရက “ကွန်ဖျူးရှပ် ၀ါဒ တန်ဖိုးကို” သူ့လူထု ကြားမှာ ရေပန်းစားအောာင် ကြိုးစားခဲ့ပါတယ်။ ဒါအပြင် လူတိုင်း ပညာတက်မြောက်ရေးနဲ့ အင်္ဂလိပ်စကား ကျွမ်းကျင်စွာ တက်မြောက်ရေးအတွက်လည်း အစိုးရက လမ်းစဉ်ချပါတယ် သမ္မတ ၀ီကင်ဝီ (Wee Kin We) က ၁၉၈၉ ခု ဇန်န၀ါရီလ သူ့ရဲ့အဖွင့်မိန့်ခွန်းထဲမှာ ၂.၇ သန်းရှိတဲ့ စင်္ကာပူ လူမျိုးတွေဟာ အနောက်ယဉ်ကျေးမှုရဲ့ လွှမ်းမိုးမှုနောက် ရောက်နေပြီး “နိုင်ငံခြားအတွေးအခေါ်နဲ့ နည်းပညာသစ်တွေ ရရှိရေး” တွေကြောင့် ဘ၀နေထိုင်နည်းနဲ့ တန်ဖိုးတွေ လျော့ကျလာနေကြောင်း ၊ တစ်ချိန်က ရှေးဟောင်း အာရှကိုယ်ကျင့်သီလ၊ တာဝန် ၀တ္တရားနဲ့ အဖွဲ့အစည်း အပေါ်ထားရှိခဲ့တဲ့ သဘောထားတွေဟာ အနောက်တိုင်းအမြင်၊ ပုဂ္ဂလိက အမြင် နဲ့ အတ္တ ဗဟိုပြု အမြင်တွေကို နေရာဖယ် ပေးနေရတယ်ကြောင်း ပါလီမန် ကို ထောက်ပြပြောဆိုခဲ့ပါတယ်။ တစ်ဆက်တည်းမှာပဲ စင်္ကာပူလူမျိုး တစ်ယောက် ရဲ့ အနှစ်သာရကို ခြုံငုံ နိုင်မိစေဖို့ မတူညီတဲ့ လူမျိုးစု၊ ကိုးကွယ်မှုတွေထဲကနေ တူညီမှုတွေကို ပေါင်းစုပြီး အဓိကတန်ဖိုးတွေ သတ်မှတ်ပေးဖို့ လိုအပ်ကြောင်း သူကတိုက်တွန်းပြောကြားသွားခဲ့ပါတယ်။

သမ္မတက ဒီတန်ဖိုးလေးခုကို အကြံပြုခဲ့ပါတယ်-

၁။ တစ်ဦးချင်းစီထက် အဖွဲ့အစည်းကိုရှေ့တန်းတင်ရန်

၂။ မိသားစုဆိုတာ အခြေခံလူ့အဖွဲ့အစည်းရဲ့ အခြေခံအုတ်မြစ်တစ်ခု ဖြစ်တယ်လို့ စွဲမြဲလက်ခံထားရန်

၃။ ပြဿနာကြီးတွေကို ဖြေရှင်းရာမှာ အငြင်းပွားခြင်းထက် အများဆန္ဒအတိုင်း ဖြစ်စေရန်

၎။ လူမျိုးရေး ၊ ဘာသာရေးနဲ့ ပက်သက်ပြီး နားလည်သည်းခံပြီး သဟဇာတ ဖြစ်ဖြစ် နေထိုင်ကြရန်

သူ့မိန့်ခွန်းကြောင့်ပဲ နောင်နှစ်နစ်အကြာ အစိုးရရဲ့ ရပ်တည်ချက်ကိုဖော်ပြမယ့် စက္ကူဖြူစာတန်းမှာ စင်္ကာပူ ရီးယန်းတန်ဖိုးတွေနဲ့ ပက်သက်လို့ အကြီး အကျယ်ဆွေးနွေးခဲ့ကြတယ်။ စက္ကူဖြူ စာတန်းက သမ္မတ တင်ပြခဲ့တဲ့ တန်ဖိုးလေးခုစလုံးကို လက်ခံပြီး ပုဂ္ဂလိက၀ါဒဆိုတဲ့ ပဉ္စမမြောက်တန်ဖိုးကို ထပ်မံထည့်သွင်းခဲ့တယ်။ အကြောင်းကတော့ ဆွေမျိုးကောင်းစားရေး ၀ါဒီဆီကို ဦးတည်သွားနိုင်တဲ့ ကြီးစဉ်ငယ်လိုက် မိသားစုအခြေခံ ကွန်ဖျူးရှပ် ၀ါဒ ထက် တစ်ဦးချင်း စွမ်းဆောင်ရည်ကို အဓိက ဦးစားပေးလိုခြင်းကြောင့်ဖြစ်ပါတယ်။

စက္ကူဖြူစာတန်းက သတ်မှတ်တဲ့ စင်္ကာပူရီးယန်းတွေရဲ့ ဘုံတန်ဖိုးတွေကတော့-

၁။ လူမျိုးစုထက် နိုင်ငံကို ဦးစားပေး၊ တစ်ဦးချင်းစီထက် အဖွဲ့အစည်းကို ဦးစားပေးရေး

၂။ မိသားစုဆိုတာ လူ့အဖွဲ့အစည်းရဲ့ အခြေခံအကျဆုံးအုတ်မြစ်

၃။ တစ်ဦးချင်းစီရဲ့ အရည်အသွေးကို အသိအမှတ်ပြု ထောက်ပံ့အားပေး

၎။ ငြင်းခုံမှုထက် အများဆန္ဒကိုဦးစားပေးရေး

၅။ လူမျိုးရေး ၊ ဘာသာရေး သဟဇာတ ဖြစ်ရေး

ပါလီမန် ဒီမိုကရေစီနဲ့ ပထမတန်းစား အစိုးရဖြစ်ရေးကို ပြောဆိုခဲ့ကြပေမဲ့ “ဘုံတန်ဖိုးတွေ” ထဲမှာ နိုင်ငံရေးတန်ဖိုးကတော့ ဒီအထဲမှာ အထင်ကရပျောက်ရှနေခဲ့ပါတယ်။ အစိုးရအသားပေးပြောဆိုတာက “စင်္ကာပူဟာ အာရှလူအဖွဲ့ အစည်းတွေထဲမှာပဲရှိတယ်“ ဒါကြောင့် “အာရှလူ့အဖွဲ့အစည်း အနေနဲ့ပဲ ဆက်လက်တည်ရှိနေရမယ်” ကျွန်တ်ေတို့ အင်္ဂလိပ်စကားပြော၊ အနောက်တိုင်းဝတ်စုံတွေ ၀တ်နေကြပေမဲ့ စင်္ကာပူရီးယန်းတွေဟာ အမေရိ ကန်တွေ မဟုတ်သလို အန်ဂလိုဆက်(က်)ဆွန်တွေလည်း မဟုတ်ကြပါဘူး။ လာမယ့်အနာဂတ်ကာလမှာ စင်္ကာပူရီးယန်းတွေသာ အမေရိကန်တွေ၊ ဗြိတိသျှတွေ သြစတေးလျန်းတွေနဲ့ ကွဲပြားမှုမရှိတော့ဘူးဆိုရင်၊ ဒီထက် ပိုဆိုးတာ က သူတို့ဆီက မကောင်းတဲ့ အတုတွေကို ခိုးယူခဲ့မိမယ်ဆိုရင် (ဆိုလိုတာက ယဉ်ကျေးမှု တစ်ပက်နွမ်းနိုင်ငံ) ဒီနိုင်ငံ ကြီးတွေနဲ့ အတူတူပဲ ဖြစ်သွားပြီး ကမ္ဘာနိုင်ငံရေးလောကမှာ အခြေလွတ်ပြီး ကိုယ်ပိုင်အမွေအနှစ်တွေ ပျောက်ဆုံးသွားရလိမ့်မယ် ဆိုတာဖြစ်ပါတယ်။ (Note-21)




စင်္ကာပူရဲ့ စီမံကိန်းဟာ အနောက်နဲ့မတူ၊ လူမျိုးရေးနဲ့ ဘာသာရေး ဘုံတူညီ ချက်တွေကို ရှာယူပြီး ကိုယ်ပိုင် ယဉ်ကျေးမှု အိုင်ဒင်တတီ ဖြစ်လာအောင် ကြိုးစား ယူလိုက်တဲ့ ရည်ရွယ်ချက် ကြီးမားပြီး အမျှော်အမြင်ကောင်းတဲ့ အားထုတ်မှု တစ်ခု ပါ၊
အနောက်ရဲ့ တန်ဖိုး သတ်မှတ်မှု၊ အထူးသဖြင့်အမေရိကန်တွေရဲ့ တန်ဖိုးသတ် မှတ်မှုဟာ လူ့အဖွဲ့အစည်းထက် တစ်ဦးချင်းရဲ့ အခွင့်အရေးကို အများကြီး ပိုအရေးပေးတာ၊ လွပ်လပ်စွာ ပြောရေးဆိုခွင့် ၊ အတွေးအခေါ်ခြင်း ယှဉ်ပြိုင်ရာက ထွက်ပေါ်လာတဲ့ အမှန်တရား ၊ နိုင်ငံရေး ပါဝင်ပက်သက်မှုနဲ့ နိုင်ငံရေးယှဉ်ပြိုင် မှု တွေကိုပိုပြီးအရေးပေးတာ၊ လူတော်တွေက အုပ်ချုပ်တာ၊ ပညာတတ်တွေက အုပ်ချုပ်တာ၊ တာဝန်ကျေတဲ့ အစိုးရက အုပ်ချုပ်တာထက် တရားဥပဒေက အုပ်ချုပ် တာကို အများကြီးပိုအရေးပေးတာတွေ တွေ့ရမှာ အသေအချာပါ။

ဒါပေမဲ့အနောက်တိုင်းသားတွေအနေနဲ့ စင်္ကာပူရဲ့ တန်ဖိုးတွေထဲကို ဖြည့်စွက် လိုတာ၊ ဒီတန်ဖိုးတွေဟာ အနိမ့်စားရွေးချယ်မှုလို့ ခံယူကောင်းခံယူကြမှာဖြစ်ပေမဲ့ အဓိပ္ပါယ် မရှိတဲ့ တန်ဖိုးတွေလို့ ပြောမဲ့သူကတော့ မရှိသလောက်ဖြစ်ပါလိမ့်မယ်။

Chess


*****

အမေရိကန်


နိုင်ငံခြားရေးဝန်ကြီး ဝင်စတန်လော့ဒ် (Winston Lord) ပြောသလို “အာရှသားတွေဟာ သူတို့ရဲ့ အောင်မြင်မှုကို ပိုပြီး အသိအမှတ်ပြုသလို ပိုပြိး လည်း ဂုဏ်မောက်လာကြတယ်။ သူတို့က တန်းတူဆက်ဆံရေးကို မျှော်လင့် ထားကြပြီး အမေရိကန်ပြည်ထောင်စုကိုလည်း
“အပြည်ပြည် ဆိုင်ရာလူစွာလို့ မသတ်မှတ်ရင်တောင် အပြည်ပြည်ဆိုင်ရာ ကလေးထိန်း” လို့ ယူဆနေကြ တယ်။

အမေရိကန်ယဉ်ကျေးမှုထဲမှာရှိတဲ့ မရှိမဖြစ်အချက်တွေက နိုင်ငံတကာ အရေး အခင်း တွေကြားမှာ လူစွာမဟုတ်ရင်တောင် ကလေးထိန်းဖြစ်ဖို့ အမေရိကန် ကိုတွန်းပို့နေပါတယ်။
(ဟန်တင်တန်)

မတိုးတက်လို့ရတဲ့ဆု


သဘာဝန်းကျင် အသန့်ရှင်းဆုံးဆုဆိုတာနဲ့ပတ်သက်လို့ သိပ် ဝမ်းမသာနဲ့
အဲဒါက မတိုးတက်ဘူး၊ စက်မှုစီးပွား မထွန်းကားဘူးဆိုတဲ့သဘော။
ခါးလှ ဝမ်းဝတဲ့နိုင်ငံတွေ ဒီဆု မရတတ်ဘူး(သန့်လှပါတယ်ဆိုတဲ့ စင်္ကာပူအပါအဝင်)
နိုဘယ်လ်ဆုရှင်ရှိတယ်ဆိုတာနဲ့ ပတ်သက်လို့ သိပ်ဝမ်းမသာနဲ့
အဲဒါက အရက်စက်ဆုံး၊ အယုတ်မာဆုံး အာဏာရှင်ရှိနေတယ်ဆိုတဲ့သဘော။
(လူညို အိုဘားမားတို့က လွဲရင်)
လူတွေက ကမ္ဘာမှာ ရှားရှားပါးပါးကျန်နေတဲ့ ၁၉ ရာစု သဘာဝအလှလေး မြင်ချင်ကြတယ်။
အဲ... မြန်မာလိုတော့ သူတို့ မမွဲချင်ဘူး။
စက်မှုထွန်းကားပြီဆိုတာနဲ့ သန့်လည်းမသန့်ရှင်းနိုင်တော့ဘူး။
ဘာမှမလုပ်ရဘဲ မတိုးတက်လို့ရတဲ့ဆုကို ဂုဏ်ယူရင် အဲဒီဝန်ကြီး အူလို့။ ဒါပဲ။

ကမ္ဘာ့ အိမ်သာနေ့



မြန်မာလွှတ်တော်မှာ ဘာသတင်းထူးသလဲတော့မသိဘူး၊ ဒီမှာတော့ ကမ္ဘာ့ အိမ်သာနေ့ ။ 

ဘာနေ့ ညာနေ့စတာတွေကို ကြည့်မရဖြစ်နေသူတွေအတွက်တော့ စိတ် မကောင်းစရာပဲ။
စင်္ကာပူက မစ္စတာ Jack Sim အဆိုတင်သွင်းလို့ ကုလသမဂ္ဂက အတည်ပြု လိုက်ပြီ။
ကမ္ဘာ့ အိမ်သာနေ့ တဲ့။ နိုဝင်ဘာ ၁၉ ရက်နေ့ ဆိုပဲ။
အကြံပြုချင်တာကတော့ နိုဝင်ဘာ ၁၉ ရက်နေ့မှာ ဝမ်းမချုပ်ကြစေနဲ့ ပေါ့။

ကျနော်တို့ ဆက်ရေ နေရဦးမယ့် တောင်ဖက်မုခ် လှေကားထစ်များ


ဇင်ဝေသော်, အမှတ်တရ -Posted on 11/18/2012
(တစ်ရက်နောက်ကျသွားတယ် ဗျာ)


ရာသီက သံစဉ်ညှိနေတုန်း
ကင်ဆာက လက်တံရှည်သလောက်
သေခြင်းတရားက လက်ရဲဇက်ရဲ ရှိလွန်းတယ်
ကြယ်ကြွေတဲ့ညတွေ လွန်ပါစေ။

ကြိုးကြာတွေ ရောင်စဉ် ( ၇ ) သွယ်တန်းတော့
မဟာဆန်တဲ့ ပန်းခရမ်းပြာတွေ ဝေးကွာကုန်တယ်
သူများ ခူးပြီးသားပန်းကို မနမ်းလိုသူကိုမှ
ပွတ်တိုက်သွားတဲ့ စမ်းချောင်းလေး ရယ်။

" ရင်ထဲဝင်ရောက် ကူးစက်တဲ့
ပြင်ပဇီဝ ပိုးမွှားကြောင့် "
ဖြစ်တည်မှု မြစ်တစ်စင်း ဘင် ခဏ ဆိုက်လေရော

"ခေါ်မနေ နဲတော့ ဒီတစ်ခါရောက်ရင်
သွားခွင့်ပြုဦး ခွင့်ပြုပါဦးလေ "
" တမင်တကာ ဒုက္ခ
ပြေစေ ပြောလို့ သိမ်းရုပ် လိုက်စို့ "

" တဖြည်းဖြည်းနဲ့ တို့ခြေလှမ်းများ ရွေ့နေ
တစ်နေ့နေ့တော့ ရောက်မယ် လှမ်းတဲ့ လမ်းရေ
ရှိရှိသမျှ တို့ ခွန်အားနဲ့ ရှေ့ကို "
မိုးမခပင်တွေ အပျိုဖော် မဝင့်တဝင်
" လွန်ခဲ့သောနေ့ " သံစဉ်ကို ဘာလို့များ တီးခတ်ရတာလဲ ဗျာ။

ကိုမွန်းအောင် ပို့လာတဲ့ သွေးနီရောင်မုန်တိုင်းကို
မဇ္ဈိမလှိုင်းက စိုက်ပျိုးထား ဆို
မှိုင်းညို့ကာ တောင်ရဲ့နောက်ကွယ် နေဝင်တော့
တောင်ဖက်မုခ်က လှေကားထစ်တွေကို ရေတွက်လို့ မရတော့ဘူးပေါ့
ဘာပဲ ဖြစ်ဖြစ်
ရိုးရိုးလေးတော့ လွမ်းပါရစေ ဗျာ။

မန္တလေးတောင် မရှိ
ငြိမ်းကျော် မရှိ
မဇ္ဈိမလှိုင်း မရှိ
ခင်မောင်တိုးမရှိ
( အဲသလိုဆို )
ဒီ စင်္ကာပူမှာ
ရိုဘော့တစ် နှလုံးသားပဲ ရှိမှာပေါ့ လို့
ကမ္ဘာမကျော်တဲ့ ကဗျာတစ်ပုဒ် စပ်ဖူးပါတယ်။


 

ဒီက ကမ်းလိုက်တဲ့ တို့ လက်ကို မင်း
ဆုပ်ချင်ဆုပ် ပုတ်ချင်ပုတ်
မျှော်ကာလွမ်းမိတဲ့ ညဖက်ဆို
တေး ရေးချင်ရေး ဆိုချင်ဆို "
သံစဉ်တော့ ချိုချင်မှ ချိုမှာပေါ့ မျက်သွယ်ရတနာသူ။

" ရင်မှာ လှိုက်ခတ် ကျပ်တင်း လို့
ဝေဒနာ ဖြစ်ခဲ့ပြီမို့
တစ်နေရာ ရှောင်ထွက်သွားပါရစေ "

" သွားတော့မယ် မိန်းကလေး................
.....................................................မင်းရှိုက်သံ နားထဲ စွဲနေရဲ့ "

" ကုန်လွန် ရွေ့ သွားတဲ့နေ့တွေ
ပြန်လည် ကိုယ်စားတော့ မရနိုင်ဘူး မေ
မျှော်လေဦး နောက်ကွယ် ဟို................... အဝေးဆီ "
ဝေနှင်း၊ နှင်းဝေ၊ နှင်းဝေ၊ဝေနှင်း။

ကြွေသွားတဲ့ နုပျိုခြင်းများ တဲ့ လား
ကမ်းမဲ့ ပန်းဗေဒါတွေ တဲ့လား
ဘယ်ဆီ ဘယ်မှာ ရည်ရွယ်ရာကို တဲ့ လား
လေးညှို့ရှင် ရွေးရာ ထိမှန်ကြတာပေါ့။

" ကမ်းလက် " ဆိုတာကပင်
မဇ္ဈိမလှိုင်းကို လွမ်းလို့ ရွေးမိတဲ့ မွေးစား နာမ် တစ်ခုပါ
ရိုးရိုးလေး လွမ်းပါရစေ။
ကြယ်ကြွေတဲ့ညတွေ လွန်ပါစေ။
ဒီလိုနဲ့
ကျနော်တို့ ဆက်ရေ နေရဦးမယ့် တောင်ဖက်မုခ် လှေကားထစ်များ။ ။


 ကမ်းလက် 

မေတ္တာဖြင့်တည်ခင်းသော


"ဆောရီး၊ဆောရီး၊ နည်းနည်းနောက်ကျသွားတယ်"
နာရီ တကြည့်ကြည့်နဲ့ နှင်းစက်လေးပြေးအဝင်


"ဘာ ဆောရီးလဲ၊ ဘယ်အချိန်ရှိနေပြီလဲ၊ မပြောလိုက်ချင်ဘူး ဟွန့်"
နှင်းဆီဖူးလေးက ဆီးပြီး ရန်အတွေ့


"ဟေ့ ဖြစ်ကြပြန်ပြီလား မတည့်အတူနေတွေ၊ ဒါ ငါ့မျက်စေ့အောက်မှာပဲ ရှိသေးတာနော်"
လမင်းကြီးက ဒေါနဲ့မောနဲ့လိုလို ခပ်တည်တည်ဆူ


"ခ်ခ်ခ်၊ အာ့က ဖြစ်နေကျ၊ ဘာမှ မှုတ်ဘူးရယ်၊ ပြီးတော့ပြီးသွားတာ"


ကြယ်စင်တချို့က ပါးစပ်အုပ်ရင်း ရယ်လို့
တဲပုတ်လေးထဲက ပုလွေသံ လွင့်မလာမီအထိ ဆိုပါတော့ ဗျာ။ ။


 

နေရာလွဲနေသော ဝိသေသနပုဒ်


"အမျိုးဘာသာသာသနာကို ယုတ်နိမ့်စွာ ပစ်မှား ရှုတ်ချ စော်ကားသော NLD ပါတီ မှ Htin Lin Oo (ထင် လင်း ဦး) ခွေ ရ ပါ ပြီ ။"
ဝိသေသနပုဒ် နေရာလွဲနေတယ်၊ ဖြစ်သင့်တာက "NLD ပါတီ မှ အမျိုး ဘာသာ သာသနာ ကို ယုတ်နိမ့်စွာ ပစ်မှား ရှုတ်ချ စော်ကားသော Htin Lin Oo (ထင် လင်း ဦး)" ပါ။
အခုဝိသေသနက NLD ရှေ့မှာထားလိုက်တော့ ဝါးလုံးသိမ်းရိုက်သလို တစ်ပါတီ လုံးပါသွားတယ်။ စာရေးသူမှာ ဒီစေတနာမျိုး မရှိနိုင်ဘူးလို့ ယုံကြည်မိပါတယ်။
မြန်မာသဒ္ဒါကိုပြောတာပါ။ နိုင်ငံရေး မဟုတ်။

အနက်ရှိုင်းဆုံးအမြစ်တွယ်နေ တဲ့ အလေးနက်ဆုံးကွဲပြားမှု


တချို့လေ့လာသုံးသပ်သူတွေကတော့ ဘာသာတရားရဲ့ အရေးပါမှုကို ခပ်လျှော့လျှော့တွေးတော သုံးသပ်တတ်ကြပါတယ်။ ဥပမာအားဖြင့် လူမျိုးစုမတူ၊ ကိုးကွယ်မှုဘာသာမတူညီဘဲ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်ခဲ့ကြ၊ အချင်းချင်း အပြန် အလှန်အိမ်ထောင်ပြုကြတဲ့ ဘော့(စ်)နီးယားက ဆပ်(ဗ်)တွေနဲ့ မွတ်စလင်တွေ ကို ထောက်ပြခဲ့ကြပါတယ်။
နောက်ပြီး ဖရောက်ရဲ့ (Freud) “အတ္ထပေမ၀ါဒ ကွဲပြားမှုအနည်းငယ်” ကို အထောက်အထားပြပြီး ဘာသာတရားရဲ့အရေးပါမှုကို ဘေးဖယ်ထုတ်လို ကြပါ တယ်။ (Note 21) ဒါပေမဲ့ ဒီကောက်ချက်ဟာ အရှည်ကိုမကြည့်တဲ့ အမြင်ကျဉ်း မြောင်းမှုသာဖြစ်ပါတယ်။ နှစ်ပေါင်းထောင်ချီပြီးကြာနေပြီဖြစ်တဲ့ လူ့သမိုင်းက ပြောပြနေချက် အရကတော့ ဘာသာမတူညီမှုဟာ “အနည်းငယ် ကွဲပြားမှု” မဟုတ်ပါဘူး။ လူသားတွေရဲ့ ရင်ထဲမှာ "အနက်ရှိုင်းဆုံးအမြစ်တွယ်နေ တဲ့ အလေးနက်ဆုံးကွဲပြားမှု" လို့တောင် ဆိုလို့ ရနိုင်ပါလိမ့်မယ်။ မကြာမကြာလည်းဖြစ်၊ ပြင်းထန်မှုလည်းရှိ၊ အကြမ်းဖက်မှုတွေလည်း ပါဝင် တတ်တဲ့ အန္တရာယ်စည်းကြောင်းစစ်ပွဲတွေကို မတူညီတဲ့ (နတ်)ဘုရားတွေအပေါ် ယုံကြည်မှုတွေက အကြီးအကျယ် မီးစာထည့်ပေးနေတာ ဖြစ်ပါတယ်။

(ဟန်တင်တန်)

တစ်အုပ်လုံးပြန်စစ်ရင်း ကောင်းနိုးရာရာစာပိုဒ်တွေ တင်ပေးနေတာပါ။ စိတ်က သိကအောက် မဖြစ်ကြဘူးလို့တော့ မျှော်လင့်ရပါရဲ့။ ဆရာတော်ဦးဗုဒ်စကားနဲ့ဆိုရင် ဇင်ဝေသော်အဖို့ကတော့ ဒီစာအုပ်ဟာ ထုံးအိုးထဲ နှစ်ထားရမယ့်စာအုပ်ဖြစ်နေပါတယ်။

ရေ၊ လေ၊ မြေသန့်ရှင်းရေး အကောင်းဆုံးဆု


"အာဆီယံဒေသတွင်း ရေ၊ လေ၊ မြေသန့်ရှင်းရေး အကောင်းဆုံးဆု ရန်ကုန်ရရှိ"

ဓာတ်ကြီးလေးပါးမှာ တစ်ပါးလိုနေတယ်။ မီးပါ ပါသင့်တာ။
မီးသန့်ရှင်းတာက တစ်ခါတစ်ခါ စင်းလုံးချော၊ အဖြူထည်သက်သက်၊ လာကိုမလာတာ။

အော်နာ ကစ်လင်းတဲ့ ကွယ်တို့


ဒုက္ခမခံနိုင်လို့ဇနီးက ယောက်ျားအိမ်ကထွက်ပြေး၊ ဘယ်ရောက် ဘာဖြစ်မှန်း မသိရ။
မိခင်က ပူဆွေး၊ ခမည်းခမက်က ထွက်ပြေးတဲ့ သမီးကြီးအစား သမီးငယ် ကိုပေးဖို့တောင်းဆို။
ငိုရင်း အမေက ငြင်းတော့ လူသုံးယောက်က အိမ်ထဲ ကျူးကျော်။ သမီးငယ်နောက်ကျောကို သေနပ်နဲ့ ပစ်။

အမေဖြစ်သူကအလ္လာအမည် တကြော်ကြော် အော်ခေါ်ရင်း ကယ်တင်ဖို့ တောင်း ခံ။
ပစ်သတ်သူတွေက အလ္လာအရှင်မြတ်အမိန့်တော်အရ ဆိုတော့ မခက်ပေဘူးလား။

ဆေးကြောင့်လေးနေရတာတွေကလည်း ဟိုမှာ ဒီမှာ ကပိုကရို။
ဒီခေတ်ကြီးထဲမှာ ကံအဆိုးဆုံးက ဘာသာတရားတွေ။
လူတွေက သူ့ကို ကိုယ်လိုသလို သုံးနေကြတယ်။

ဥရောပမှာတော့ အဟောအလုပ် မညီတာတွေကြောင့် ဘာသာမဲ့သူတွေများလာ။
အပြစ်ဆိုစရာ တကယ်မရှိဘူး။ ဘာတံဆိပ်မှမရှိလည်း လူကောင်းနေသရွေ့ ချီးကျူးတယ်။
ဘာသာမဲ့ရင် ရိုင်းသွားမှာစိုးကြသတဲ့။
ဘာသာနဲ့ရော ဘယ်လောက်များ ယဉ်ကျေးကြလို့လဲ။

ကဲ ဖြေကြည့်ရအောင်။

ကွန်ဖျူးရှပ်-အစ္စလာမ်မစ် မဟာ မိတ်အဖွဲ့ နဲ့ ကဒါဖီ


ဂရေဟမ် ဖူလာ (Graham Fuller) ကတော့ “ ကွန်ဖျူးရှပ်-အစ္စလာမ်မစ် မဟာ မိတ်အဖွဲ့ အမှန်တကယ် ပေါ်ပေါက်လာနိုင်ပါတယ်။ ဒါဟာ မိုဟာမက်နဲ့ ကွန်ဖျူးရှပ်က အနောက်ဆန့်ကျင် ရေးဝါဒီတွေ ဖြစ်နေလို့မဟုတ်ပါဘူး။ ဒီယဉ်ကျေးမှုတွေက သူတို့နာကျည်းမှုတွေကို ဖော်ပြဖို့ အဆင်း ဘီးတပ်ပေးနေ လို့ပါ။ ဒီအတွက် အနောက်တိုင်း ကိုယ်တိုင်ကလည်း အပြစ်မကင်းပါဘူး။ အနောက်တိုင်းနိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးနဲ့ ယဉ်ကျေးမှု လုံးဝ လွှမ်းမိုးထားခြင်း က အခြားနိုင်ငံ တွေကို “ငါတို့အတွက် ဘာဆိုဘာမှ မကျန်တော့ဘူး” ဆိုပြီး "တဆစ်ဆစ် နာကျင်စေပါတယ်” လို့ သုံးသပ်ပြခဲ့ပါတယ်။
(ဟန်တင်တန်)

ဒီလို ပူးပေါင်းဆောင်ရွက်မှု ဖြစ်ပေါ်လာဖို့ တောင်းဆိုမှုတွေထဲမှာ မူအမ်မား အယ် ကဒါဖီ (Muammar al-Qadhafi) ရဲ့ တောင်းဆိုမှုက ရင်လှိုက်သည်းလှိုက် အရှိဆုံးပါ။ ၁၉၉၄ ခု၊ မတ်လထဲမှာ သူက ဒီလို ကြေငြာခဲ့ပါတယ်။
“ကမ္ဘာ့နိုင်ငံရေးအစီအမံအသစ်ဆိုတာ ဂျူး-ခရစ်ယန်တွေက မွတ်စလင်တွေ ကို ထိန်းချုပ်မှုပါ။ ပြီးရင်၊ သူတို့ကလည်း စွမ်းနိုင်မယ်ဆိုရင် ကွန်ဖျူးရှပ်ဝါဒ၊ ပြီးရင် အိန္ဒိယ၊ တရုတ်၊ ဂျပန်နိုင်ငံတွေမှာရှိတဲ့ အခြားဘာသာတွေကို ထိန်းချုပ်ကြပါလိမ့် မယ်။ အခု ခရစ်ယန်တွေ ဂျူးတွေ ပြောနေတဲ့စကားက ကွန်မြူနစ်ဝါဒကို ချေမှုန်းဖို့ ငါတို့ သံဓိဌာန် ချခဲ့ကြတယ်။ အခု အစ္စလာမ်နဲ့ကွန်ဖျူးရှပ်ဝါဒကို ချေမှုန်းရမယ် ဆို တာ ဖြစ်ပါတယ်။
ကွန်ဖြူးရှပ်အုပ်စုကို ဦးဆောင် လာမယ့်တရုတ်နဲ့ အမေရိကန်ဦးဆောင်လာမယ့် ခရစ်ယန်အုပ်စုတို့ ထိပ်တိုက်တွေ့ကြဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ အမှား အမှန်ဆုံးဖြတ်ခွင့် ကျွန်တော်တို့မှာ မရှိပါဘူး။ ဒါပေမဲ့ နယ်ချဲ့တွေရဲ့ ဆန့်ကျင်ဖက် မှာ ကျွန်တော်တို့ရပ်တည်ကြရပါမယ်။ ကွန်ဖျူးရှပ်ဝါဒနဲ့အတူ ကျွန်တော်တို့ရှိနေပြီး သူတို့နဲ့မဟာမိတ်ဖွဲ့၊ သူတို့နဲ့အတူ လက်တွဲတိုက်ခိုက်ရင်း ကျွန်တော်တို့ရဲ့ ဘုံရန် သူကို ချေမှုန်းကြရပါမယ်။
မွတ်စလင်တွေဖြစ်ကြတဲ့ ကျွန်တော်တို့တတွေဟာ ကျွန်တော်တို့ ဘုံရန်သူကို တိုက်ခိုက်နေတဲ့ တရုတ်ကို ပံ့ပိုးကူညီကြမယ်။---

တရုတ်အောင်မြင်ပါစေလို့ ကျွန်တော်တို့ ဆန္ဒပြုပါတယ်"------(Note 44)

(ကဒါဖီ)

မာလာလာ အလုပ်ရှုပ်နေသလား


၁။ မာလာလာ အလုပ်ရှုပ်နေသလား။
ဟုတ်ပါတယ်ရှင်၊ ကျမရေးတဲ့စာအုပ်ကို ပြန်ပြီး အမှားပြင်၊ တည်းဖြတ်လုပ်နေရလို့ပါ။ အချိန်တော်တော်ကုန်တာပဲ။
၂။ အကြိုက်ဆုံးစာ၊ စာရေးဆရာက ဘယ်သူပါလဲ။
ပေါ်လို ကိုးလ်ဟိုးရဲ့ အဂ္ဂိရတ်ဆရာ။(Paulo Coelho, Alchemist)
၁။ က မာလာလာစကားကို ငှားပြောတာ။
၂။ ပေါ်လို ကိုးလ်ဟိုးကို မြန်မာပြည်မှာ ဆရာသစ္စာနီတို့မိတ်ဆက်လို့ အနည်းငယ်ပဲ သိကြတာ။ ကမ္ဘာကျော်၊ ဘက်ဆဲလား၊ ပို့စ်မော်ဒန်ဟန်။

အော် မာလာဆိုတာ ဒီလိုကောင်မလေးကိုး လို့......

ဒီကိစ္စ အသာထားလိုက်ပါဦး


အရေးကိစ္စအများစုနဲ့ပတ်သတ်ပြီး ဂျပန်တွေအပါအဝင် အခြား အာရှခေါင်းဆောင်တွေက အမေရိကန်ခေါင်းဆောင်တွေရဲ့ ကမ်းလှမ်းချက်ကို ယဉ်ယဉ်ကျေး ကျေးနဲ့ ဘယ်လိုငြင်းရမလဲဆိုတာ သိရှိနေကြပါပြီ။ အချိန်တော်တော်များများမှာ အာရှရဲ့ ပြောရိုးဆိုစဉ် ဖြစ်တဲ့
“ ဒီကိစ္စ အသာထားလိုက်ပါဦး”
နဲ့ပဲ ပြီးနေကြပါတယ်။

(ဟန်တင်တန်)

မှတ်စု


"ပစ္စုပ္ပန်ကို မကျေနပ်လို့
အနာဂတ်နောက် အသည်းအမည်းလိုက်ရင်း
ခမ်းနားတဲ့ အတိတ်ကအမွေအနှစ်တွေ မေ့ကျန်ခဲ့မှာ စိုးလို့
ဒီ သင်တန်းကို စခဲ့ပါတယ်"

ကိုယ်တိုင်ရေးပြီး မေ့နေတာကြာပြီ၊ မနေ့က ကျောင်းသားမိခင်တစ်ယောက်က ဒါလေးဖတ်မိပြီး သူ့ကလေးနှစ်ယောက်ကို ကျောင်းအပ်မိကြောင်းပြောလို့ ပြန်သတိထားမိတယ်။ မမေ့ခင် ထပ်တင်ထားတော့ မှတ်စုဖြစ်သွားရော။

အာရှ၊ တရုတ်နဲ့အမေရိက - စီဗီလိုက်ဇေးရှင်း သပွတ်အူ (လူ့ယဉ်ကျေးမှု ပဋိပက္ခ)


"အာရွန်ဖရိုတ်ဘာ ( Aaron Friedberg ) ပြောသလိုဆိုရင် ဥရောပရဲ့ အတိတ် ဟာ အာရှရဲ့ အနာဂတ်ပါပဲ။" (ဟန်တင်တန်)

(၂၀)ရာစုရဲ့ ဒုတိယနှစ်(၅၀)အတွင်း ဖြစ်ပွားခဲ့တဲ့ အာရှ၊ အထူးသဖြင့် အရှေ့ အာရှရဲ့ စီးပွားရေးအပြောင်းအလဲဟာ ကမ္ဘာမှာ အထင်ကရအဖြစ်ဆုံး ဖွံ့ဖြိုးတိုး တက်မှုပါ။ ၁၉၉၀-ခုနှစ်ရောက်တော့ စီးပွားရေးဖွံ့ဖြိုးတိုးတတ်မှုကြောင့် စီးပွားရေး စောင့်ကြည့်လေ့လာသူ အများအပြား ကျေနပ်အားရမှုတွေ ရှိလာခဲ့ တယ်။ အရှေ့အာရှနဲ့ ပစိဖိတ်ဒေသအတွင်း နိုင်ငံတွေ အတွင်း စီးပွားရေး ကွန် ယက်ကြီး ချိတ်ဆက်မိသွားမယ်၊ ဒီ နိုင်ငံတွေလည်း ငြိမ်းချမ်းပြီး ညီညီညွတ် ညွတ် ရှိလာတော့မယ်လို့ သူတို့က ကြိုတင်ခန့်မှန်းခဲ့ကြတယ်။ ဒီအကောင်းမြင် ဝါဒက စီးပွားရေးအပြန်အလှန်ဆက်သွယ်မှု့ဟာ ငြိမ်းချမ်းရေးအတွက် အထောက်အပံ့ဖြစ် စေတယ်ဆိုတဲ့ သံသယဖြစ်ဖွယ်သုံးသပ်မှု့ကို အခြေခံထား တာဖြစ်ပါတယ်။ ဒါပေမယ့် မှန်းချက်နဲ့နှမ်းထွက်မကိုက်ခဲ့ဘူး။

စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုက နိုင်ငံတစ်နိုင်ငံ အတွင်းမှာရော သူနဲ့ အခြားနိုင် ငံတွေရဲ့ ဆက်ဆံရေးမှာပါ မတည်မငြိမ် ဖြစ်ပွားစေ ၊ နိုင်ငံတွေနဲ့ ဒေသတွင်း အင်အားဟန်ချက်ညီမှုကို အဟန့်အတားဖြစ်စေပါတယ်။ စီးပွားရေးအပြန် အလှန် ဆက်သွယ် မှုက လူတွေအချင်းချင်း ထိတွေ့ဆက်ဆံရေးကိုသာ အားကောင်းလာစေပြီး သူတို့ချင်း သဘောတူညီမှုကိုတော့ ဆောင်ကျဉ်း မပေးနိုင်ပါဘူး။ သမိုင်းကြောင်းအရ ဆိုရင် စီးပွားရေး အပြန်အလှန် ဆက်ဆံ မှုကြောင့် သူတို့အချင်းချင်းကြားက မတူကွဲပြားမှုတွေကို ပိုမိုသိမြင် လာပြီး အပြန်အလှန်စိုးရိမ်မှုတွေလည်း ပိုမိုဖြစ်ပွားလာတက်တယ်လို့ ပြသနေပါ တယ်။ နိုင်ငံတွေအချင်းချင်း အပြန်အလှန် ကုန်သွယ်မှုဟာ ပဋိပက္ခရော အကျိုး အမြတ်ကိုပါ မွေးဖွား ပေးနိုင်ပါတယ်။ အတိတ်ကကြုံတွေ့ခဲ့ရတဲ့အတိုင်းသာဆိုရင် အာရှရဲ့ စီးပွားရေး နေခြည် ဟာ နိုင်ငံရေးအရိပ်မည်းကြီးကို ပေါ်ထွက်လာစေပြီး အာရှအတွင်းမှာ မငြိမ် သတ်မှုတွေနဲ့ ပဋိပက္ခတွေ ဖြစ်ပွားလာနိုင်ခြေရှိပါတယ်။
အာရှရဲ့စီးပွားရေးတိုးတက်လာမှုနဲ့ အာရှ လူ့အဖွဲ့အစည်းတွေရဲ့ ယုံကြည်ချက် အား ကောင်းလာခြင်းကြောင့် ကမ္ဘာ့နိုင်ငံရေးမှာ အနည်းဆုံး သုံးနည်းသုံးမျိုးနဲ့ ကမောက်ကမ ဖြစ်စေနိုင်ပါလိမ့်မယ်။

( ၁ ) စီးပွားရေးတိုးတက်လာမှုကြောင့် အာရှနိုင်ငံတွေဟာ သူတို့ရဲ့ စစ်အင် အားတွေကို တိုးချဲ့နိုင်မယ်။ သူတို့နိုင်ငံတွေ အချင်းချင်းအကြား အနဂတ် ဆက် ဆံရေးနဲ့ ပတ် သတ်လို့ မသေချာ၊ မရေရာမှုတွေ တိုးပွားလာမယ်။ စစ်အေး ကာလအတွင်း ငုတ်လျှိုး သွားခဲ့တဲ့ကိစ္စတွေ၊ ယှဉ်ပြိုင်မှုတွေ ပြန်လည် အားကောင်းလာမယ်။ ဒါကြောင့် ဒီဒေသ အတွင်းမှာ ပဋိပက္ခနဲ့ မငြိမ်မသက် မှုတွေ ဖြစ်ပွားဖို့ ရာနှုန်းများသွားတယ်။

( ၂ ) စီးပွားရေးတိုးတက်လာမှုကြောင့် အာရှနိုင်ငံတွေနဲ့ အနောက်နိုင်ငံတွေ အကြား အထူးသဖြင့် အမေရိကန်နဲ့အကြားမှာ ပြဿနာတင်းမာမှုတွေ တိုးပွား လာနိုင်ပြီး ဒီအကျပ်အတည်းတွေကြားကနေ အာရှနိုင်ငံတွေအနေနဲ့ လွတ်မြောက်အောင်ပွဲခံနိုင်ဖို့ အားကောင်းလာစေတယ်။

( ၃ ) အာရှရဲ့ အကြီးဆုံးစီးပွားရေးအင်အားဖြစ်တဲ့ တရုတ်စီးပွားရေး တိုးတက် လာမှုကြောင့် ဒီဒေသအတွင်း တရုတ်ကလွှမ်းမိုးထားပြီး တစ်ဦး တည်းဗိုလ် ကျဖို့လည်း တရုတ်က အားထုတ်လာမယ်။ ဒီတော့ ဒေသတွင်းနိုင်ငံတွေအနေနဲ့ တရုတ်နဲ့အတူပဲ ပူးပေါင်းမလား၊ တရုတ်လွှမ်းမိုးမှုကို တွန်းလှန်နိုင်ရေးအတွက် အင်အားချိန်ခွင်လျှာညှိဖို့ ကြိုးစားမလား ဆိုတာတွေဖြစ်လာမယ်။

ရာစုနှစ်ပေါင်းများစွာကြာတဲ့ အနောက်ရဲ့ နိုင်ငံတကာဆက်ဆံရေးသမိုင်းဆိုတာ သူတို့ အထဲက အင်အားကြီးနိုင်ငံတွေအချင်းချင်းပဲ ပြိုင်ဆိုင်နေခဲ့တာဖြစ် ပါတယ်။ သူတို့ အားပြိုင်မှု ထဲ ဝင်လာသူဆိုလို့ (၁၈) ရာစုက ရုရှားနဲ့ (၂၀) ရာစုထဲက ဂျပန်ပဲ ရှိခဲ့ပါတယ်။ ဥရောပဟာ အင်အားအကြီးဆုံးနိုင် ငံတွေ ပြဿနာဖြစ်ရာ၊ အတူတကွ ပူးပေါင်းရာ၊ အဓိက ကစားကွင်းကြီး ဖြစ်နေ ခဲ့တယ်။ စစ်အေးကာလအတွင်းမှာတောင် ထိပ်သီးချင်း ထိပ်တိုက် တွေ့ဆုံမှုက ဥရောပရဲ့ ဗဟို ချက်မထဲမှာ ဖြစ်ခဲ့တာပါ။
စစ်အေးလွန်ကာလရဲ့ နိုင်ငံတကာ ဆက်ဆံရေးမှာတော့ အရေးကြီး နယ်မြေ သစ်တစ်ခု တိုးလာခဲ့ပါတယ်။ အဲဒါဟာ အာရှ၊ အထူးသဖြင့် အရှေ့အာရှပါပဲ။ အရှေ့အာရှထဲမှာ ဂျပန်၊ တရုတ်၊ အော်သိုဒေါက်(စ်)၊ ဗုဒ္ဓဘာသာ၊ မွတ်စလင်နဲ့ အနောက်စီဗီလိုက်ဇေးရှင်းဆိုပြီး စီဗီလိုက်ဇေးရှင်း ခြောက်ခုထဲက လူ့အဖွဲ့ အစည်းတွေ ရှိနေကြတယ်။ တောင်အာရှပါဆိုရင် ဟိန္ဒူ စီဗီလိုက်ဇေးရှင်းပါ ထပ်တိုးလာပါတယ်။

စီဗီလိုက်ဇေးရှင်းလေးခုရဲ့ ပဓာန နိုင်ငံကြီးတွေ ဖြစ်ကြတဲ့ ဂျပန်၊ တရုတ်၊ ရုရှားနဲ့ အမေရိကန်တို့ဟာ အရှေ့အာရှမှာ အရေးပါတဲ့ဇတ်ကောင်ေ တွ ဖြစ်နေကြတယ်။ တောင် အာရှပါဆိုရင် အိန္ဒိယနိုင်ငံပါဝင်လာပါတယ်။ အင်ဒိုနီးရှားကလည်း တက်သစ်စ မွတ်စလင် ပါဝါ နိုင်ငံဖြစ်တယ်။ ဒါ့အပြင် အရှေ့အာရှထဲ စီးပွားရေး အင်အား ကြီး ထွားလာတာနဲ့အမျှ ထပ်တိုးလာမယ့် အလယ်အလတ်စားအင်အားရှိတဲ့ နိုင်ငံအများအပြားလည်းရှိနေတယ်။ ဥပမာ တောင်ကိုးရီးယား၊ ထိုင် ဝမ်နဲ့ မလေးရှား၊ ဗီယက်နမ်ကလည်း ဒီအထဲ ပါဝင်လာဖို့ အလားအလာရှိနေတယ်။ ဒီတော့ သူတို့နိုင်ငံတကာ ဆက်ဆံရေး ပုံစံက အလွန်ရှုပ်ထွေး နေပြီး ၁၈ ရာစုနဲ့ ၁၉ရာစုအတွင်း ဥရောပမှာ ဖြစ်ပွား ခဲ့တာတွေနဲ့ တူညီမှုတွေ အများ အပြားရှိနေတယ်။ ဗဟိုမဏ္ဍိုင် အနေအထား ကို တွန်းပို့ပေးမယ့် မငြိမ်သက်မှု၊ မရေရာမှုတွေနဲ့ ပြည့်နှက်နေတယ်။

အရှေ့အာရှရဲ့ ဗဟုမဏ္ဍိုင်၊ ဗဟုစီဗီလိုက်ဇေးရှင်းသဘောက အနောက်ဥရောပ နဲ့ ကွဲလွဲနေပါတယ်။ စီးပွားရေးနဲ့ နိုင်ငံရေးသဘောမတူညီမှုတွေက အဲဒီခြားနား ချက်တွေကို ပိုပြီးကြီးထွားစေလိမ့်မယ်။ (၁၈-၁၉) ရာစုအတွင်းက အနောက်နိုင် ငံတွေမှာ အခြေတကျ ဖွံ့ဖြိုးပြီး ဒီမိုကရေစီစနစ် ရှိခဲ့ကြတယ်။ ဈေးကွက်စီး ပွားရေးနဲ့ စီးပွားရေးဖွံ့ဖြိုးမှုက အမြင့်ဆုံး အဆင့်မှာရှိခဲ့တယ်။ ၁၉၉၀- ခုနှစ်တွေ ရဲ့ အလယ်ပိုင်းမှာ အရှေ့အာရှအတွင်း တည်ငြိမ်တဲ့ ဒီမိုကရေစီနိုင်ငံ တစ်နို င်ငံရှိလာခဲ့ပြီး ဒီမိုကရေစီကိုစတင်ကျင့်သုံးဆဲ မတည်မငြိမ်နိုင်ငံတွေ အများ အပြားရှိနေတယ်။
ကမ္ဘာ့အကြွင်းအကျန် ကွန်မြူနစ်အာဏာရှင်၊ လေးငါးနိုင်ငံ၊ နောက်ပြီး စစ် အစိုးရတွေ၊ တစ်ဦးတည်းအာဏာရှင်တွေ၊ တစ်ပါတီအာဏာရှင်စနစ်တွေ ရှိနေ တယ်။ စီးပွားရေးဖွံ့ဖြိုးမှုအဆင့်ကလည်း ဂျပန်၊ စင်္ကာပူတို့ကနေ ဗီယက်နမ်၊ မြောက်ကိုးရီး ယားအထိ ကွာဟလွန်းလှတယ်။ သွားနေတဲ့ ယေဘူယျလမ်းစဉ်ကတော့ ဈေးကွက် စီးပွားရေးနဲ့ တံခါးဖွင့်စီးပွားရေးဆီကိုပါ။ ဒါပေမယ့် စီးပွရေးစနစ်က မြောက်ကိုးရီးယားလို အားလုံးကို အစိုးရကချုပ်ကိုင်ထားတဲ့စနစ်တွေ၊ ပုဂ္ဂလိကပိုင်နဲ့ အစိုးရပိုင် စနစ် ရောနှောမှုတွေ၊ ဟောင်ကောင်လို အစိုးရပိုင်ကနေ ပုဂ္ဂလိကပိုင် စီးပွားရေးဆိ ကူးပြောင်းဆဲစနစ်တွေဆိုပြီး ပုံစံအမျိုးမျိုး ရှိနေတယ်။
ဒေသတွင်းမှာ တစ်ခါတစ်ခါ တရုတ်သြဇာနဲ့နိုင်ငံရေးအစီအမံ ချမှတ်နိုင်တာက လွဲရင် အနောက်ဥရောပလို နိုင်ငံတကာအဖွဲ့အစည်း (ဗြိတိသျှတွေရဲ့ သတ်မှတ် ချက်အရ) အရှေ့ အာရှမှာ မရှိသေးပါဘူး။ Note – 17 

***အမျိုးသားနေ့ စတေးတပ်***


လူ အသုံးကျတော့ အမှိုက်က သယံဇာတဖိုးရတယ်။
လူ အသုံးမကျတော့ သယံဇာတက အမှိုက်ဖိုးပဲရတော့တယ်။
အမှိုက်ဖိုးပဲရတာလေးကို အသုံးမကျတဲ့လူက
သူ့အိပ်ကပ်ထဲပဲ ထည့်နေတော့
သယံဇာတလူတွေတောင်
လူအမှိုက်မဖြစ်ဖို့ ကျားကုတ်ကျားခဲ။


(27/11/2013) 

အရွေ့


သူကနာရီကိုကြည့် နာရီက သူ့ ကိုကြည့်။
လက်တံတွေအရွေ့ကို သူကကြည့် စက္ကန့် တွေက သူ့ ကိုကြည့်။
ရေတွက်နေတာ သူလား နာရီလားမကွဲပြား။

အကြီးမ=Sanda Wynn Shein(Good King Henry) ပေ့ဂ်ျပေါ်က ကူးတင် ထားတာပါ။ အိမ်အပြန် သင်းကွဲဧကစာရီရဲ့ ညည်းချင်းထင်ပါရဲ့။
သဘောကျမိလို့။

ထို့ကြောင့် အမေဟု ခေါ်သည်


ပုံစံအပျက်ဆုံးရက်စက်မှုတွေထဲမှာ အလှပဆုံး မေတ္တာတရား ရှိနေတတ်တယ်။
ကျနော်ပြောနေတာက မိခင်လောင်းမဒမ် Frances Sgn အကြောင်းပါ။
ပထမဆုံးကလေးရဲ့ကိုယ်ဝန်နဲ့ အဆင့်လေးရောက်နေတဲ့ကင်ဆာ တစ်ချိန်တည်း မညှာမတာ သူမဆီရောက်လာခဲ့တယ်။
အဆင့်လေးရောက်နေတဲ့ကင်ဆာအတွက် ကုထုံးက လေဆာရောင်ခြည်၊ ဒါဆို ကလေးကို ထိခိုက်တော့မယ်။
သူမ ကလေးကိုရွေးလိုက်ပါသတဲ့။ လူသားတိုင်းရဲ့ ဂုဏ်ပြုလက်ခုပ်သံကို သူမ ခံယူထိုက်တယ်။
ဝမ်းတွင်းက ကလေးရဲ့ နှလုံးခုန်သံဟာ အချိုမြဆုံး ဂီတသံစဉ် တဲ့။
လူတွေကလည်း လူတွေဆိုတဲ့အတိုင်း ထင်မြင်ချက်တွေ အမျိုးမျိုးပေးကြလေမပေါ့။
ဒါပေမဲ့ အချိဆုံးဂီတကို နားဆင်ရင်း
ရက်စက်တဲ့ ကင်ဆာပိုးကို အံတုရင်း
ဖြစ်ကတတ်ဆန်းပြောတတ်တဲ့ လူတွေရဲ့ အမြင်ကို နားပိတ်ရင်း
လောကကြီးထဲ ကလေးတစ်ယောက် သူမ မွေးပေးလိမ့်မယ်။



***************************************************************************
တလောလေးက ဘုရားရှင်ရဲ့ "မိခင်ကျေးဇူး နို့တစ်လုံးဖိုးတောင် မကြေ" ဆိုတဲ့ စကားဟာမှားတယ် ဆိုပြီး လူတတ်လုပ်ရေးထားတဲ့ ဆောင်းပါးတစ်ပုဒ် တက်လာ ပါတယ်။ အတော် စိတ်ပျက်ဖို့ကောင်ပါတယ်။
ဒီ ကြေမကြေကို ဘာတွေနဲ့ တိုင်းတာမှာလဲ။ စကားလုံးစကားလုံး ချင်းလား။ ဒီ စကားက မဂ္ဂင်ရှစ်ပါးလို အချက်အလက် "Facts" ကို အခြေခံထားတာလား၊ ခံစားမှု "Feeling" ကို အခြေခံထားတာလား။ ခံစားမှု Feeling ကိုအခြေခံရင် အချက်အလက် Facts နဲ့ ညှိမရတတ်ဘူး။
ကျနော်တို့လက်ခံထားတဲ့ အမှန်တရားက စကားတစ်ခွန်းဟာ ပြောသူအပေါ် မူတည်ပြီး အဓိပ္ပါယ် ကွဲလွဲသွားတယ်ဆိုတာပါ။

"ဂေါတမဗုဒ္ဓ ဘာတွေပဲလုပ်ပေးလုပ်ပေး(သူ ဘာကြီးပဲဖြစ်ဖြစ်) သူ့ မိခင်ရဲ့ နို့ တစ်လုံးဖိုးတောင် မကြေဘူး" ဆိုတာမျိုး ဒေဝဒတ်ဆီက ထွက်လာရင် အဲဒါ ဣသာ၊ မစ္ဆရယကြောင့်။

"ငါ ဘုရားရှင်ကိုယ်တိုင်ပင် (မိခင်ရဲ့ကျေးဇူးတွေကိုထောက်ဆရင်) မိခင်ရဲ့ နို့ တစ်လုံးဖိုး ကြေအောင်မဆပ်နိုင်ဘူး ချစ်သားတို့" ဘုရားရှင်က တကယ်မိန့်ခဲ့ ရင် ကျေးဇူးနဲ့ ဂါရဝကြောင့်။

ကြားလူက(အဋ္ဌကထာဆရာ) ဝင်ပြောတာဆိုရင် ဒါက အနုပညာကိစ္စ၊ သီဖွဲ့မှု ကိစ္စ။

မိခင်ရဲ့ကျေးဇူးတွေကိုထောက်ဆရင် ဘုရားရှင်ဆိုတဲ့ ဂုဏ်ပုဒ်တောင်ငယ်တယ်။ ဘယ်လောက်လှ၊ ဘယ်လောက် နှိမ်ချ၊ ဘယ်လောက် ဂါရဝကြီးတဲ့ စကားလဲ။ (ပါဠိတော်မလာဘူး၊ ဟုတ်ပါတယ်။ မလာရုံနဲ့ ဘာကြောင့် ဒီလောက်လှတဲ့ ကွန်းဆက်ကို သတ်ပစ်ချင်ရတာလဲ)
**************************************************************************
ဘယ်လိုပဲ ဆိုဆို ဒီလိုမိခင်တွေရှိနေသရွေ့ ဘယ်လိုမိခင်ဘွဲ့တွေမှလည်း အပိုမဆိုနိုင်ပါဘူး။
ကျနော်တို့ဘဝ ပရိုဂရမ်တွေထဲမှာ အမေတွေဟာ ဆော့ဖ်ဝဲ တာဝန်ကို ယူထားကြရပါတယ်။

ဒီလိုကြီးတဲ့ အဖေရယ်


ကိုယ့်တောင်ပံတစ်စုံကို အားနာလို့
(မကြောက်ပေမဲ့)
မုန်တိုင်းတချို့ကိုတော့ ကွင်းခဲ့ရပါတယ်။

မူးစုပဲစု မိုးတိမ်လေးမို့
(မသားနားပေမဲ့)
တကယ်လိုတဲ့ စိုက်ခင်းလေးထဲပဲ ရွာလိုက်ချင်တယ်။

အလုံးထွားပေမဲ့
စားမရတဲ့အသီးတွေက များနေတော့
မိုးခါးရေဆိုတာက
အဖေ့သားတို့ဈေးကွက်စီးပွားရေးထဲမှာ
ဘက်ဆဲလား တဲ့လေ။

အချစ်စစ်တို့လမ်း မဖြောင့်ဖြူးဘူး


အိုဗားမားလည်း အမေရိကန်သမ္မတ တစ်ယောက်အနေနဲ့ ပြောခွင့်ရှိသမျှ ပြော သွားခဲ့ရှာတာပါပဲ။လုပ်စရာတွေက ကိုယ်တိုင်ပဲ လုပ်ကြရ လိမ့်မယ်။ လူငယ် စကားနဲ့ပြောတော့ "အချစ်စစ်တို့လမ်း မဖြောင့်ဖြူးဘူး"။
နိုင်ငံရေးစကားနဲ့ပြောတော့ " ပြုပြင်ပြောင်းလဲရေးလမ်း မဖြောင့်ဖြူးဘူး"။
မဟုတ်ပါဘူး၊ တကယ်က ဘယ်လမ်းမှ မဖြောင့်ဖြူးဘူး။

ပြုပြင်ပြောင်းလဲရေးလမ်း မဖြောင့်ဖြူးဘူး အောက်မှာ အဓိက ပြသနာနှစ်ခု ရှိနေ ပါတယ်
၁။ တရားခြင်း မတရားခြင်းကိုဘေးဖယ်ထားပြီး ပြသနာမဖြစ်ရေးကို ဦးတည်ထား တဲ့ အာရှရဲ့ အရိုးစွဲပေါ်လစီနဲ့ မတရားရားဘူးထင်ရင် ပြသနာကို ရင်ဆိုင်ဖို့ သွေး မကြောင်တဲ့ အနောက်တိုင်းပေါ်လစီ။

၂။ လူထုကိုမောင်းနှင်ဖို့ အကြွင်းမဲ့ အာဏာပိုင်ဆိုင်နေရမယ်ဆိုတဲ့ အာရှနိုင်ငံ အများစု(ဒီအထဲမှာ စစ်တပ်ခေါင်းဆောင် အများစုပါနေဟန်တူတယ်)ရဲ့ အရိုး စွဲပေါ်လစီနဲ့ လူထုကိုမောင်းနှင်ဖို့ အကြွင်းမဲ့ တစ်ဦးချင်းအခွင့်အရေး ပေးထားရ မယ်ဆိုတဲ့ အနောက်တိုင်းပေါ်လစီ။
ဒီ ပေါ်လစီကြီးနှစ်ခုကြားမှာ မြန်မာဟာ ခြေချုပ်လက်ချုပ် မိနေတယ်။





၁။ တရုတ်စတဲ့နိုင်ငံကြီးတွေက ဒီမိုကရေစီမရှိလည်းရတယ်ဆိုတဲ့ ချဉ်းကပ်မှုတွေ နဲ့ ဘာတွေဖြစ်နေနေ ပြဿနာမတက်ရေးရှေးရှုပြီး မြန်မာ့ပြည်တွင်းရေးကို ထမင်း ရည်ပူလျှာလွှဲလုပ်တယ်။ ပြဿနာမတက်ရင်တော်ပြီ၊ ပြဿနာမတက်အောင် ဘယ်လိုကိုင်တွယ်နေသလဲဆိုတာ လုံးလုံးမှ စိတ်မဝင်စား။ အရွယ်မရောက်သေး တဲ့ အညံ့စား ပေါ်လစီ။

အနောက်က အရင်းထဲကနေ အမြတ်ရနိုင်သလောက်ရအောင် ဈေးဆစ်ယူတဲ့ လူလားမြောက် ပေါ်လစီကိုကိုင်ဆွဲလာတယ်။
ကျနော်တို့ ဘယ်လောက် အမြတ်ရလိုက်မလဲ။
ကံ လား။
မဟုတ်ပါဘူး။ လူထု နိုင်ငံရေးအမြင်၊ လူထု ရပ်တည်ချက်ပါ။

၂။ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ လစ်ဘရယ်မလိုဘူးဆိုတဲ့အယူဝါဒတွေနဲ့ တရုတ်၊ စင်္ကာပူတို့က မျှားခေါ်နေချိန်
လွတ်လပ်ခွင့်မရှိတဲ့ ကြွယ်ဝမှုရဲ့ အဓိပ္ပါယ်က ဘာလဲလို့ အနောက်က ကျယ်ကျယ်လောင်လောင် မေးခွန်းတွေထုတ်နေတယ်။
(ဘာပဲပြောပြော ပညာတတ်တတ်လာတဲ့ လူ့အဖွဲ့အစည်းဟာ လစ်ဘရယ်ကို ပိုလိုချင်တယ်ဆိုတာသိလို့ လီရှန်လွန်းတို့ ဖေ့စ်ဘုတ် ကိုယ်တိုင်သုံးနေရတယ်၊ သနားပါတယ်၊ သူ့မှာ မောင်ရဲထွဋ်မရှိရှာဘူး)

စစ်တပ်လူထွက်တွေနဲ့ခရိုနီ၊ ခရိုဝါက တစ်ဖက်၊ ဒေါ်စုနဲ့ တောင်ပြောမြောက်ပြော အူတူတူ အဖွဲ့ချုပ်အဖွဲ့ဝင်တချို့က တစ်ဖက်။
အမျိုးသားရေး အစွန်းရောက်၊ မရောက်၊ မရောက်တရောက်က တစ်ဖက်၊ လစ်ဘရယ်က တစ်ဖက်။
ကုလားဖြူမယား အဖွားကြီးဆိုသူတွေက တစ်ဖက်၊ ဘပြောင်ခေါ်သူတွေက တစ်ဖက်။
သဘာဝကျစွာ လွတ်လွတ်လပ်လပ် ကွဲနေကြလေရဲ့။

လမ်းတိုင်းက မဖြောင့်၊ အတွန့််၊ အကောက်၊ အဆင်း၊ အတက်၊ ရှေးတိုးနောက် ဆုတ်မရ အခြေအနေမျိုးစုံနဲ့၊ တစ်ခါတစ်ခါ နောက်လှည့်နေသလို ထင်နေရ တတ်ပြန်ရော။

အိုဘားမား စကားနဲ့ပြောတော့ "ငုတ်..မိ... သဲ.. ထိုင်.. တက်.. နိုင်.. ဖျား.. ရောက်။"
ဆာ အက်ဒွင် အာနိုးစကားနဲ့ပြောတော့ "ဆုမတောင်းနဲ့၊ အမှောင်က လင်းမလာ ဘူး"

ဒေါ်စုရေ......
လူငယ်တွေကတော့ အချစ်စစ်တို့လမ်း မဖြောင့်ဖြူးဘူး တဲ့။

အိုဘားမားလောက်တော့ ပျင်းတောင်ပျင်းသေး


ဝီးလ် စမစ်ရဲ့ မိဘ၊ ဘိုးဘွားတွေက လူမည်းကျွန်တွေ။
ဝီးလ် စမစ်က ကမ္ဘာကျော်မင်းသားဖြစ်လာပြီး မီလျံနာ ဖြစ်၊ လူဖြူတွေကို အလုပ်ပြန်ပေးတယ်။
ဂျေဒန် စမစ်ရောက်တော့ ကရာတေး ကစ် ပေါက်သွား၊ သူ့အဖေကလည်း ဒီဇာတ်ကားဝင်ငွေကို
သူ့နာမည်နဲ့ ဘဏ်မှာအပ်ပေးထားတာဆိုတော့ ၁၁ နှစ်သားနဲ့ မီလျံနာ အစောကြီးဖြစ်သွားရော။
အဲဒါ ဂျင်နရေးရှင်းအားပဲ။
အိုဘားမားလောက်တော့ ဂျေဒန် စမစ်က ပျင်းတောင်ပျင်းသေး ဟဲ ဟဲ

ဖေ့စ်ဘုတ်က နည်းနည်လေးမှလျှော့တွက်လို့မရ။


သူတို့လည်းတစ်လုံးမှ နားလည်ဟန်မတူ၊ ကိုယ်လည်းသူ့ဝေါပေါ်ကစာ တစ်လုံးမှ နားမလည်။ အောက်ပါအကောင့်က ဒရက်စ်ကုတ်ဒ် ဓာတ်ပုံကြည့်ပြီး မနေ့က လိုက်ခ် လုပ်သွားတယ်။
Minju Kim
경희사이버대학교 Kyung Hee Cyber University တဲ့။
ကမ်းလက်ကို လိုက်ခ်ထားတဲ့အထဲမှာ အမျိုးသားက ၆၃ ရာခိုင်နှုန်းရှိပြီး အမျိုးသမီးက ၃၇ ရာခိုင်နှုန်းပဲရှိတယ်။
ကမ်းလက်စာက အမျိုးသမီးအများစုကြိုက်မဟုတ်ဘူး ထင်ပါရဲ့။

နားမလည်လို့ စိတ်ညစ်စရာ မလို

အင်္ဂလိပ်စကားကို ပြောတာပါ။ တီဗွီမှာလာတဲ့ တချို့အင်တာဗျူးတွေဆို တခါ တခါ ဘာတွေပြောနှေမှန်းကို မသိဘူး။
ကိုယ်ကပဲ ညံ့သေးတာလားဆိုပြီး စိတ်ညစ်ရတတ်တယ်။ တကယ်က သူတို့ ပြောတာတွေကလည်း ဆက်စပ်လို့ မရတတ်ဘူး။
မယုံရင် အမေရိကန်မလေး (Ms Caite Upton at the 2007 Miss Teen USA pageant.) ရဲ့ အင်တာဗျူး အဖြေကို ကြည့်ပါ။
လတ်တလော သုသေသနအရ အမေရိကန်ငါးယောက်မှာ တစ်ယောက်က အမေရိက တည်နေရာကို ကမ္ဘာ့ မြေပုံမှာ မရှာနိုင်ဘူး။ ဘာကြောင့်လို့ ထင် ပါသလဲ တဲ့၊



Question: “Recent polls have shown a fifth of Americans can't locate the U.S. on a world map. Why do you think this is?”

သူမ အဖြေက
Answer: “I personally believe that U.S. Americans are unable to do so because, uh, some, uh, people out there in our nation don't have maps and, uh, I believe that our education like such as in South Africa and, uh, the Iraq, everywhere like such as, and, I believe that they should, our education over here in the U.S. should help the U.S., uh, or, uh, should help South Africa and should help the Iraq and the Asian countries, so we will be able to build up our future.”

ကိုယ်က နားမလည်လိုက်တာ မဟုတ်ဘဲ နားလည်စရာလည်း မပါလာဘူး။

21/06/2013

ဟဲမင်ဝေးပေးတဲ့ တစ်သက်စာ သင်္ခန်းစာ


(စင်္ကာပူထုတ်၊ ရွှေမြန်မာမဂ္ဂဇင်းမှာ အခန်းဆက်ရေးပြီး စင်္ကာပူမှာပဲ စာအုပ်ဖြစ် သွားတဲ့(အဲဒီအချိန်တုံးက ဆင်ဆာကြောင့်) "လူလားမမြောက်သေးတဲ့ အတွေး များ" ထဲက တစ်ပုဒ်ပါ။ ကိုယ်တိုင် အကြိုက်ဆုံးထဲမှာ ပါဝင်ပါတယ်။ အခု တိုက်ဆိုင်လို့ ဖေ့စ်ဘုတ်ဟန်နဲ့ အကျဉ်းလေးပေါ့)

ဆောင်းပါးရဲ့ အသက်က "My son, I want to give you some personal advice. Never delay kissing a pretty girl or opening a bottle of whiskey. Both should be investigated as quickly as possible." ပါ။ မိန်းမချောတစ်ယောက်ကိုတွေ့ရင် အနမ်းပေးဖို့နဲ့ ဝီစကီတစ်လုံးတွေ့ ရင် ဖောက်မြည်းဖို့ ဘယ်တော့မှ လက်မနှေးနဲ့ ဆိုတာဖြစ်ပါတယ်။ ဒါပေမဲ့ နောက်ခံဇာတ်လမ်းမပါရင် ဒီစကားကလည်း ပေါ့ရွှတ်ရွှတ်ဖြစ်နေတယ်။ ဒီလိုပါ။
***************************************************************************

စစ်ကြီးအပြီး ဝီစကီတွေရှားပါးချိန် တရုတ်တစ်ယောက်မှာဝီစကီတွေ ဖာတွေ လိုက်ရှိနေတယ်၊ သူက သူ့ဝီစကီတွေ ရောင်းဖို့တင်ဒါခေါ်တယ်၊ နောက်ဆုံး ဆရာကြီး ဟဲမင်ဝေးနဲ့ ဈေးတည့်သွားတယ်၊ သူတို့ဈေးက ဝီစကီတွေအတွက် ဆရာကြီး ဟဲမင်ဝေးက တရုတ်ကို သင်္ခန်းစာသုံးခုပေးဖို့ဖြစ်ပါတယ်။

ဝီစကီတွေ့ရင်လက်မနှေးတဲ့ ဟဲမင်ဝေးက အိမ်ရောက်ရောက်ချင်းဖောက် ကြည့်တော့ ဝီစကီမဟုတ်ဘဲ ရေနွေးကြမ်းတွေသာဖြစ်နေတယ် ဆိုတာ တွေ့ ရပါသတဲ့။ တရုတ်ရဲ့ မရိုးသားမှုမဟုတ်ဘဲ တရုတ်ကိုယ်တိုင် အညာခံထားရ တယ်လို့ ဆရာကြီးက ယုံကြည်တယ်။ ဒါ့ကြောင့် သူ့ကတိအတိုင်း သူ့ သင်္ခန်းစာတွေ ဆက်ပေးနေတယ်၊ "တရုတ်၊ မင်းတော့ အညာခံလိုက်ရပြီ" လို့လည်း မပြောဘူး။
ဒါနဲ့ နောက်ဆုံးသင်္ခန်းစာအဖြစ် "My son, I want to give you some personal advice. Never delay kissing a pretty girl or opening a bottle of whiskey. Both should be investigated as quickly as possible." ကိုပေးခဲ့တာပါ။

သူပြောလို့ ကျန်နေတဲ့ဝီစကီပုလင်းတွေကိုဖောက်မြည်းတော့မှ အားလုံး ရေနွေး ကြမ်းတွေဖြစ်နေတယ်ဆိုတာ သူတွေ့လိုက်ရတယ်။ ဒီတော့မှ ဆရာကြီး ဟဲမင်ဝေးဟာ တန်ဖိုးဖြတ်မရတဲ့ သူ့ဘဝအတွေ့အကြုံတွေကို (သိသိကြီး) ကတိ အတိုင်း ရေနွေးကြမ်းနဲ့လဲသွားရတယ်ဆိုတာ သူသိလိုက်ရတယ်။ ဒါပါပဲ။ ဆရာကြီးရဲ့ လူကြီးလူကောင်းဆန်ပုံကို တရုတ်တစ်ယောက် ပြန်ရေးထားတဲ့ ဝတ္ထုတိုပါ။

မှတ်ချက်။ တစ်ချိန်တုံးက ဒီအကြောင်းသူငယ်ချင်းတွေကို ပြောပြမိတော့ သူတို့က လူကြီးလူကောင်းဆန်မှုသင်္ခန်းစာထက် လက်မနှေးဖို့သင်္ခန်းစာပဲ ယူသွားကြ တယ်။ ဟဲမင်ဝေး အကိုးအကားနဲ့ဆိုတော့ အထောက်အထားလည်း ပိုခိုင်သွား တာပေါ့။

အမေရိကန်ရဲ့ ပုခုံးပေါ်မှာ


"အနောက်တိုင်းခေါင်းဆောင်တွေရဲ့ အဓိကတာဝန်ဟာ အခြားစီဗီလိုက်ဇေး ရှင်းတွေ အနောက်ပုံစံဖြစ်လာအောင် ပုံသွင်းပေးဖို့ကြိုးစားခြင်းမဟုတ်ဘူး၊ ကျဆင်းလာနေတဲ့ ပါဝါကြောင့် ဒါကဖြစ်လည်း မဖြစ်နိုင်ဘူး။
သူတို့တာဝန်က အနောက်တိုင်း စီဗီလိုက်ဇေးရှင်းရဲ့ သူမတူတဲ့ ဂုဏ်ရည်တွေကို ထိန်းသိမ်းဖို့၊ ကာကွယ်ဖို့နဲ့ပြန်လည်းဆန်းသစ်ဖို့ပဲဖြစ်ပါတယ်။ အမေရိကန်ဟာ အင်အားအကောင်းဆုံး အနောက် နိုင်ငံဖြစ်နေတော့ ဒီတာဝန်ဟာ အမေရိကန်ရဲ့ ပုခုံးပေါ်မှာ လုံးလုံးလျားလျား ကျရောက်နေပါတယ်။"
(ဟန်တင်တန်)

ဒရက်စ်ကုတ်ဒ်


ဒရက်စ်ကုတ်ဒ်ဆိုတာ ဒါမျိုးကိုခေါ်တာ။
ကိုရီးယားဝတ်စုံလောက်တော့ ဘုန်းဘုန်းတို့ဝတ်စုံက ညီမလေး ခေါ်လိုက်မယ်။
သီဟနာဒတို့ ဒရက်စ်ကုတ်ဒ်က နှစ်ပေါင်း ၂၅၀၀ ကျော်လာခဲ့ပေါ့။