လပြည့်နေ့ အင်တာဗျူး (ပေါက်တတ်ကရ)


မေး။ ။ အခုလို လပြည့်နေ့ကြီးမှာ ဘာလုပ်ရရင်ကောင်းပါသလဲ။
ဖြေ။ ။ တချို့က ကုသိုလ်ယူတဲ့အလုပ်တွေလုပ်ကြပါတယ်၊ ဥပုသ်စောင့်တာတို့ ဘာတို့ပေါ့ဗျာ။ ကျနော်ကတော့ ကုသိုလ်ပေးတဲ့အလုပ်ကို ပိုသဘောကျပါတယ်။

မေး။ ။ ကုသိုလ်ပေးတဲ့အလုပ်ဆိုတာက ဘယ်လိုဟာမျိုးပါလဲ။
ဖြေ။ ။ အစီးကုတ်ဆုံးသူငယ်ချင်းဆီက ပိုက်ဆံချေခြင်းပါ၊ အခြားနေ့တွေမှာထက် ဒီလိုနေ့တွေမှာ ရနိုင်ခြေပိုများပါတယ်။ တော်တော်နဲ့ ငွေမထွက်ဘူးဆိုရင် ဒီနေ့က လပြည့်နေ့ကြီး မနှမြောကောင်းဘူးလို့ သတိပေးလိုက်ပါ။ ဒါနဲ့မှ မရသေးရင် ဘုရားလောင်း ယုံမင်း ဘာညာတွေနဲ့ ရိုက်ထည့်လိုက်ပေါ့ဗျာ။

မေး။ ။ စီးကုတ်တဲ့သူငယ်ချင်းက နှစ်ယောက်ဖြစ်နေရင် ဘယ်သူ့ကို ရွေးမလဲ။
ဖြေ။ ။ နှုတ်လုံသူကို ရွေးမှာပေါ့။ အာချောင်တဲ့ကောင်က လျှောက်ပြောရင် ကိုယ်မွဲတာကို ကြေငြာဖို့ အေးဂျင့်ငှားလိုက်ရသလိုပဲလေ။

မေး။ ။ ချေးရင် ဘယ်လောက် ချေးသင့်ပါသလဲ။
ဖြေ။ ။ ကပ်စေးနဲတဲ့ကောင်ဆီကပဲ၊ များလေကောင်းလေပေါ့ဗျာ။ နိုင်ငံခြား စာရေးဆရာကြီးတစ်ယောက်ကပြောဖူး တယ်။ နည်းနည်းချေးရင် ကိုယ်က ပူနေရပြီး များများချေးရင် သူ ပူရတဲ့ အလှည့်ဖြစ်သွားတယ် တဲ့။

မေး။ ။ အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးပါ။
ဖြေ။ ။ ကျနော်ကလည်း ဖြေခွင့်ရလို့ ကျေးဇူးတင်ပါတယ်။

Post a Comment