မင်္ဂလာပါ (ကမ်းလက် လပတ်လည်)


"ဗဟုသစ္စဉ္စကို အထက်တန်းပညာရေး(ဘာသာရပ်အခြေခံတွေ အများကြီး သင် ယူရ၊ အထူးပြုလေ့လာမှု မဟုတ်)၊ သိပ္ပဉ္စကို တက္ကသိုလ်ပညာရေး (အသက်မွေး ဝမ်းကြောင်းလို့ရတဲ့အထိ အထူးပြုလေ့လာ၊ မေဂျာ ဆပ်ဘဂျက် ယူရ) လို့ ဆွဲ ကြည့်မိပါတယ်။ လူငယ်တစ်ယောက်ရဲ့ဘဝနဲ့ပူးတွဲပြရင် ဗဟုသစ္စဉ္စဟာ အသက် ၅ နှစ်နဲ့ ၁၆ နှစ်ကြား၊ သိပ္ပဉ္စဟာ ၁၇ နှစ်နဲ့ ၂၄ နှစ် (သို့) အသက် ၃၀ (ဘွဲ့လွန်ကို ရည်ရွယ်) အကြားလို့ ကြည့်ထားပါတယ်"

တကယ်လို့ ဘဝတစ်ခုကို ဓားတစ်ချောင်းလိုဆက်ဆံပေးရမယ်ဆိုရင် လက်ရှိ အချိန်ဟာ ရေဖြန်းပေးရမယ့်အချိန် ဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်။ နှစ်နှစ်လောက် နိုင်ငံရေးစာအုပ်တွေနဲ့ လုံးထွေး သတ်ပုတ်ခဲ့ပြီးတဲ့နောက် လူက မာကျောလာပေ မဲ့ ဘဝက ပူလာပါတယ်။ ("လူ့ယဉ်ကျေးမှု" ဒုတိယတွဲနဲ့ "လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင်" က ပြင်ဆင်၊ တည်းဖြတ်ဖို့ပဲ ကျန်ပါတော့တယ်။)
ဒီအခိုက်......ထိုင်ဝမ်မှာရောက်စဉ်
"မင်း ရေးထားတဲ့ မောင်ငယ်ရင်သွေး နာဘိသေးလော့ တော်တော်ကောင်းတာပဲ၊ ငါတော့ လူတွေ့တိုင်းအဖတ်ခိုင်းတယ်၊ ဆက်ရေးပါ" ဆိုတဲ့စကား ဆရာတော်ကြီး ဦးနန္ဒဝံဆီက ကြားခဲ့ရပါတယ်။ အလားတူပဲ မောင်ငယ်ရင်သွေးရဲ့ အယ်ဒီတာ ကိုကောင်းကျော်ကလည်း အဲသလို ပင်ကိုယ်ရေးလေးတွေ မရေးဖြစ်ဘူးလားလို့ (အားမလို၊ အားမရသံ ခံစားမိတယ်) မေးလာပြန်တယ်။ တကယ်တော့ ကိုယ်တိုင် အအေးဓာတ်လိုနေတာလည်းပါဝင်ပါတယ်။

ပြဿနာက အရင်က မောင်ငယ်ရင်သွေးကို အခု ကိုယ်တိုင်မကြိုက်တော့ပါ။ ဖတ်ရတဲ့စာ၊ ကျင်လည်ရတဲ့ ဝန်းကျင်၊ ပြောဆိုဆွေးနွေးရတဲ့ အကြောင်းအရာ စတာတွေကြောင့် မိမိရဲ့ ပညာမဟုတ်တဲ့ သညာတွေ အရောင်ပြောင်း လာခဲ့ရ ပါ တယ်။ ရင့်ကျက်ခြင်းလား၊ ခေါင်းမာခြင်လား မကွဲပြားလှပါ။ ဒါနဲ့ပဲ ဗုဒ္ဓရဲ့ မင်္ဂလာ ပန်ခင်းဆီက မင်္ဂလာခိုး၊ မင်္ဂလာငွေ့တွေကို (မိမိမြင်သည်က ဘုရားသိစေချင် သည့် မင်္ဂလာအစစ် ဟုတ်ဟန်မတူ) တမေ့တမောပြန်မျှောကြည့်လာမိပါတယ်။

လက်ရှိ မင်္ဂလသုတ်ကို ချဉ်းကပ်ပုံဟာ အဖွင့်ကျမ်းတွေနဲ့ ညီတာရှိသလို မညီ တာတွေလည်းရှိနေနိုင်ပါတယ်။ သီးသန့်ကြီးခွဲမထွက်သလို မရ ရအောင်လည်း ဆွဲမညှိချင်ပါ။
ဥပမာ ဗဟုသစ္စဉ္စကို အထက်တန်းပညာရေး(ဘာသာရပ်အခြေခံတွေ အများကြီး သင်ယူရ၊ အထူးပြုလေ့လာမှု မဟုတ်)၊ သိပ္ပဉ္စကို တက္ကသိုလ်ပညာရေး (အသက်မွေးဝမ်းကြောင်းလို့ရတဲ့အထိ အထူးပြုလေ့လာ၊ မေဂျာ ဆပ်ဘဂျက် ယူရ) လို့ ဆွဲကြည့်မိပါတယ်။ လူငယ်တစ်ယောက်ရဲ့ဘဝနဲ့ပူးတွဲပြရင် ဗဟုသစ္စဉ္စဟာ အသက် ၅ နှစ်နဲ့ ၁၆ နှစ်ကြား၊ သိပ္ပဉ္စဟာ ၁၇ နှစ်နဲ့ ၂၄ နှစ် (သို့) အသက် ၃၀ (ဘွဲ့လွန်ကိုရည်ရွယ်) အကြားလို့ ကြည့်ထားပါတယ်။ ပညာရှင် တစ်ယောက်ရဲ့ "မင်္ဂလာတရားဟာ အရွယ်အတိုင်းသွားတယ်၊ ခရီးဆက်တယ်" ဆိုတဲ့စကားကနေ ဆင့်ပွားယူလိုက်ခြင်းပါ။ ဗုဒ္ဓဘာသာမဟုတ်တဲ့ စာဖတ်သူတွေ ပါ ဖတ်လို့ရစေဖို့ လိုအပ်ရင် အင်္ဂလိပ်ဝေါဟာရတချို့၊ အဆိုအမိန့်အချို့ကိုလည်း ထည့်သွားမှာပါ။ ဘာသာရေးစာအုပ်တစ်အုပ်လို ချဉ်းကပ်ကြည့်ခြင်းထက် သာမန် လူတစ်ယောက်လို လွတ်လွတ်လပ်လပ် ချဉ်းကပ်ကြည့်ခြင်းသာဖြစ်ပါတယ်။

ခေါင်းစဉ်မပေးရသေးပေမဲ့ ၂၀၁၄ နှစ်ကုန်ပိုင်းနဲ့ ၂၀၁၅ နှစ်ဦးပိုင်းတွေမှာ မင်္ဂလာ တရားတွေ တင်ပေးသွားဖို့ရှိပါတယ်။
မောင်ငယ်ရင်သွေး နယူးဗားရှင်းဆိုရင် ရပါလိမ့်မယ်။
ကလောင်နာမည်ကို သိပ်အလေးမထားတတ်လို့ လူပိုသိတဲ့ ဇင်ဝေသော်ကိုပဲ သုံးပါမယ်။ မင်္ဂလာရှိကြပါစေ။

(သူများကိုပြောပြီးရင် လုပ်ဖြစ်ဖို့၊ ပြီးဖို့လည်း ကိုယ့်ကိုယ်ကို တွန်းအားပိုပေးရ တတ်ပါတယ်၊ နို့မို့ ရှက်စရာ။ ဒါ့ကြောင့် ဒီနေ့ ဖွင့်ပြောလိုက်ခြင်းဖြစ်ပါတယ်။ အားယူခြင်း တစ်မျိုးပေါ့)

Post a Comment