ညီမလေးကိုပြောမိတဲ့ ထမင်းခြောက်ကြော် ပုံပြင်


တစ်ခါတုံးကတဲ့ ညီမလေး ရေ.......
"ကျမတို့ဘဝက ကြမ်းပါတယ်ရှင်၊ အစကတည်းက ရွှံ့ထဲရေထဲကို ပစ်ချခြင်း ခံခဲ့ရပြီး အဲဒီဘဝထဲကနေလွတ်အောင် မနည်း ရုန်းကန်ခဲ့ရတာပါ။ ဒီနောက်တော့ အရွယ်ရောက်၊ ဖွံ့ကြ၊ ဖြိုးကြ၊ ပြီးတော့ သဘာဝအတိုင်းပဲ သီးကြပွင့်ကြပေါ့ရှင်။ ပိုဆိုးတာက အခက်အလက်လည်းစုံရော လှီးတာ ဖြတ်တာတွေကို ပုံစံမျိုးစုံ ခံစား ကြရပါတယ်။ ပြီးတော့ အရေခွံတွေကို ခွာသလို ခွာကြပြန်ရော၊ ဘယ်လောက် နာကျင်မလဲ၊ စဉ်းစားသာကြည့်ပေါ့။ ဒါနဲ့ ပြီးပြီလို့ ထင်နေမိတာ၊ ဘယ်ဟုတ်ရပါ့မ လဲ၊ အားလုံးကို အမှောင်ထဲထည့်ပြီး ထွက်ခွင့်လှုပ်ရှားခွင့်မရအောင် ပိတ်ဆို့ခြင်းခံ လိုက်ရပြန်ပါတယ်။
နေသာခိုက်ဘဝလေးရယ်လို့ လွတ်လွတ်လပ်လပ်ရေချိုးခွင့်၊ ရေကူးခွင့် ရလိုက်ခြင်းပါ၊ ရှင်တို့ကတော့ ဒါကိုပဲ ဓားသွားထက်က ပျားရည်စက်ခေါ် မလားပေါ့။ ဘာပဲဖြစ်ဖြစ် ဒါလည်း ဘဝအစိတ်အပိုင်းပဲမဟုတ်လား။

ဘယ်ဟုတ်မလဲ၊ ဒီနောက်တော့ ပွက်ပွက်ဆူနေတဲ့ ရေနွေးအိုးထဲ ထည့်ပြုတ်တာ ခံလိုက်ရပြန်ပါတယ်။ အခု လက်ရှိအနေအထားကိုရောက်ဖို့ အဲသလို ဘဝမျိုးစုံ ရင်ဆိုင်ခဲ့ရတာပါ ရှင်" လို့ သူဌေးမလေးရဲ့ ထမင်းပုဂံထဲရှိ ထမင်းစေ့လေး က ပြောပြနေသတဲ့။

သူမပြောသမျှကို ခံစားချက်အပြည့်၊ နားလည်မှုအပြည့်နဲ့ ငြိမ်ငြိမ်လေး နားထောင်ပေးနေသူကတော့ ဘုန်းကြီးကျောင်းသားလေးလက်ထဲက ထမင်းခြောက်ကြော်လေးတဲ့ကွယ်။
သူက ဘာမှဝင်မပြောဘူး၊ နားပဲ ထောင်နေတာ၊ တချို့ကိစ္စတွေက မပြောလည်း အချိန်တန်ရင်သိတာမျိုးမဟုတ်လား။ ပြောနေလည်း အချိန်မတန်သေးရင် နားပူတာပဲရှိမယ်လေ။
နောက်ပြီး ငါ့ဘဝက မင်းထက်ဆိုးပါတယ်ကွာလို့ ပြောလိုက်ရင် ဟိုပြောနေ တဲ့ကောင်မလေး အရှိန်ပျက်သွားမှာပေါ့။




ဟင်း ဟင်း ဟင်း "ဘဝအကြောင်းကို မင်း ဆက်လေ့လာပါဦး" ပြောလိုက်မိလို့
"ဆရာလာမလုပ်နဲ့ တောက်ချလိုက်မယ်" လို့ ပြန်ပြောမှာကို ကြောက်လို့လည်း ဖြစ်ချင်ဖြစ်မှာပေါ့ကွယ်။
ပျင်းလို့ပြောတဲ့ပုံပြင်မို့ ဘာမော်ရယ်၊ ညာမော်ရယ်တွေ ဒီအထဲမှာ မပါပါဘူး၊ အပျင်းပြေပဲပေါ့ နော် ညီမလေး။ ။

Post a Comment