ဒီဆောင်းပါးဘယ်မှာဆုံးမယ်မသိပေမဲ့ စတော့စလိုက်တယ်။ ဆုံးချင်တဲ့နေရာမှာ ဆုံးတော့။


(တစ်) ရှားနေပြီ

သူ့ဘွဲ့က ဦးပညာနန္ဒ၊ ပြည်သား၊ ရန်ကုန် နပသ ထွက်။ ၂၀၀၀ ဝန်းကျင်က မဟာသန္ထိသုခနေစဉ်မှာရင်းနှီးခဲ့တာ။ ရဟန်း ၂၁ ပါးမှာ လိုချင်မှု၊ ပူပန်မှု အနည်းဆုံးလို့ သူ့ကိုပြောရင် ဘယ်သူမှ ငြင်းချက်ထုတ်နေမှာမဟုတ်ဘူး။
ကျောင်းပိုင်ဖို့ မစဉ်းစားသလို အားစိုက်မှုလည်း ဘာမှမလုပ်ဘူး။ ဒီနေ့ ဒီ ကိုယ်တော်က မင်္ဂလာဒုံမှာ ကျောင်းဝင်းကြီးနဲ့ ကျောင်းနဲ့။ ပျံတော်မူသွားတဲ့ဆရာတော်က သွေးတစ်ဆက်မှမတော်တဲ့ သူ့ကို ဝိနည်းအစစ်အတိုင်း ပေးထားခဲ့တာ။ ငွေတစ်ပြားမှမကုန်သလို ကုန်ရမယ်ဆိုရင်လည်း သူ့မှာ ငွေဒီလောက် ဘယ်နည်းနဲ့မှ ရှိမှာမဟုတ်ဘူး။ သူ့ကံက ရှားသလို အဲဒီဆရာတော်မျိုးကလည်း ဒီခေတ်မှာ မရှိသလောက်ပဲ။
ဒီသတင်းကြားပေမဲ့ သူ့ဆီမရောက်ဖူးဘူး။ ဒါနဲ့ ဒီနှစ် စာအုပ်မိတ်ဆက်ပွဲအကြောင်း သူ့ကို မပြောတော့ဘူး။ ပြောလို့ သူရောက်လာရင် သူ့နေရာကို ကိုယ်ကသွားဖြစ်မှာ မဟုတ်တော့ဘူး။
သူ့ကံအကြောင်း၊ ဘာကြောင်းညာကြောင်းတွေပြောရင်း
"ကိုယ့်လူလည်း စင်္ကာပူမှာ မနေတော့ရင်(သို့) နေမရတဲ့ အနေအထားရောက်ရင် (၂၀၀၇ တုံးက စင်္ကာပူ ဘလက်ခ် စာရင်းထဲ ပါခဲ့တာကို သူသိလို့ဖြစ်မယ်) ဘယ်မှာ နေမှာလဲ၊ ရန်ကုန်မှာ ကျောင်းလေးဘာလေး လုပ်ထားသလား" လို့မေးတယ်။
"တပည့်တော်ဖြင့် ဒီကိစ္စကို စဉ်းကိုမစဉ်းစားမိတာ" ဖြေလိုက်လို့ စကားစ ဒီမှာပြတ်သွားတယ်။

(နှစ်) ဘိက္ခု ဉာဏိန္ဒလားဓမ္မဂင်္ဂါလား

ညပိုင်းရောက်တော့ ဒီကိစ္စနဲ့ပတ်သက်လို့ပဲ ဘိက္ခု ဉာဏိန္ဒပါးစပ်က ပွင့် လာပြန်ရော။ သုံးဆယ်ကျော်၊ လေးဆယ်ကျော် တကယ်အလုပ်လုပ်ရမယ့် အချိန်တွေ မှာ ကျောင်းဆောက်ဖို့လုပ်ရ၊ အုတ်၊ ထုံး၊ သဲ၊ ကျောက်တွေနဲ့ အချိန်ကုန် ရ ဆိုတဲ့ အဓိပ္ပါယ်မျိုးပါ။
ဓမ္မဂင်္ဂါလည်း ဒီအဓိပ္ပါယ်မျိုးဆောင်တဲ့ ဆောင်းပါးတစ်ပုဒ်ရေးဖူးတယ်မှတ်ပါတယ်။ သူကတော့ ဆရာဝန်တစ်ယောက်စကားကို ကိုးကားထားတာလို့ သတိရမိတယ်။
ဒါပေမဲ့ ဒါက မြန်မာပြည်ရဲ့ လက်ရှိရေစီးဖြစ်နေတယ်။ ရဟန်းဖြစ်ဖြစ်၊ လူဖြစ်ဖြစ် အကောင်ထွားလာလေလေ ကပ်နေဖို့ ခက်လေလေမဟုတ်လား။ သူတို့စကားတွေကြောင့် အထက်က မိတ်ဆွေကိုပေးခဲ့တဲ့အဖြေက ပိုခိုင်မာ သွားတယ်။

(သုံး) အနာဂတ်

တကယ်လို့ မြန်မာပြည်ရဲ့ မြို့ပြစနစ်က စင်္ကာပူလိုဖြစ်လာရင် ကိုယ်လုပ်ချင်ရာ တစ်ခုတည်းကို အားစိုက်လုပ်လိုတဲ့ ကျောင်းပိုင်မရှိ၊ ပိုင်ဖို့လည်းမကြိုးစားချင်တဲ့ ရဟန်းလတ်တွေအတွက် အဖြေရသွားနိုင်တယ်။
အခန်းတစ်ခန်း ငှား၊ သာသနာ့အလံ ထောင်၊ ဘုရားဆင်းတု တစ်ဆူထား ကိုးကွယ်၊ စာကြည့်၊ စာရေး၊ ကွန်ပျူတာစားပွဲ တစ်လုံးနဲ့ ဝါသနာပါရာ၊ ယုံကြည်ရာ လုပ်။ စာသင်တာ ဝါသနာပါရင် ဟောခန်းတွေ နာရီနဲ့ငှား၊ ကလေးတွေကို အင်္ဂလိပ်စာလိုဟာတွေ သင်ပေး။ ဒါဆိုရင် အုတ်၊ ထုံး၊ သဲ၊ ကျောက်တွေနဲ့လည်း အချိန်ကုန်စရာ မလို၊ မေတ္တသုတ်ထဲကလို သလ္လေခဝုတ္တိ၊ ကုလေသွနနုဂဒ္ဓေါ လည်းဖြစ်၊ ပြောင်းဆိုလည်း ပြောင်းလိုက်ပေါ့။

ခေတ်မှီလာတိုင်း ဘုရားအဆုံးအမနဲ့ဝေးသွားတာ မဟုတ်ဘူးဆိုတာ တွေးမိလို့ပါ။
စင်္ကာပူ တိုက်ခန်းတွေက သစ်တစ်ပင်၊ ဝါးတစ်ပင်နဲ့ ပိုတူတယ်။ ဒီနေ့ရှိလို့ မနက်ဖြန်ရှိမယ်ယူဆလို့မရဘူး။ ပြောင်းဆို ပြောင်းရတာ။ သစ်တစ်ပင်၊ ဝါးတစ် ပင်ဆိုတာတွေကို တစ်ယောက်ယောက်က လာခုတ်ယူသွားနိုင်သလို မျိုးပေါ့။

တကယ်က ဘာမှမရေရာတဲ့ အနတ္တအခွံမာနဲ့ဘဝထဲမှာ အဲသလောက် စဉ်းစားနေတာကကို လွန်နေပြီထင်တယ်။

Post a Comment