စီဗီလိုက်ဇေးရှင်းစုံ အရေးအခင်းများ - (5)


အခန်း (၈)
အနောက်နဲ့ အခြား ( The West and the Rest )
စီဗီလိုက်ဇေးရှင်းစုံ အရေးအခင်းများ - (5)

စစ်အေးကာလအတွင်းက အမေရိကန်နဲ့ ဆိုဗီယက်တို့ဟာ သမိုင်းဝင်လက်နက် အပြိုင်အဆိုင် တပ်ဆင် ခဲ့ကြပြီး နည်းပညာအရ ခေတ်မီဆန်းသစ်တဲ့ အနုမြူလက်နက်တွေ၊ သူတို့ကို သယ်ဆောင် နိုင်မည့် ယာဉ်တွေ ကိုလည်း အဆင့်မြင့်နိုင်သမျှ မြင့်အောင် ကြိုးစားခဲ့ကြတယ်။ သူတို့ အားပြိုင်မှုဟာ လက်နက်အပြိုင်အဆိုင် တပ်ဆင်မှုဖြစ်ပါတယ်။ စစ်အေးလွန်ကာလရဲ့ လက်နက်ပြိုင်ဆိုင်မှုက တစ်မူထူးခြားနေပါတယ်။ အနောက်ကို ကြည့်မရတဲ့နိုင်ငံတွေက အကြီးအကျယ်ဖျက်ဆီးနိုင်တဲ့ လက်နက်ကြီးတွေ ပိုင်ဆိုင်ဖို့ ကြိုးစားနေချိန်မှာ အနောက်က လည်း ဒီရည်ရွယ်ချက်တွေ အထမမြောက်ဖို့ ကြိုးစားဟန့်တားနေပါတယ်။ ဒီတော့ လက်ရှိအနေအထားက အပြန်အလှန်တပ်ဆင်နေခြင်း မဟုတ်တော့ဘဲ တပ်ဆင်ဖို့ကြိုးစားသူနဲ့ ဟန့်တားဖို့ ကြိုးစားသူတို့ရဲ့ အားပြိုင်ပွဲဖြစ်နေပါတယ်။ အနောက်ရဲ့ အနုမြူလက်နက်ပိုင်ဆိုင်မှုပမာဏနဲ့ စွမ်းဆောင်ရည်က စကားနိုင်လု ပြောနေကြတာကလွဲရင် လက်ရှိယှဉ်ပြိုင်မှုထဲမှာ ပါတောင်မပါဝင်ပါဘူး။ လက်နက်အပြိုင်အဆိုင်တပ်ဆင်မှုရဲ့ ရလာဒ်က နှစ်ဖက်စလုံးရဲ့ အခြေခံအရင်းအမြစ်တွေ ၊ ကြိုးစား လုပ်ဆောင်မှုတွေနဲ့ နည်းပညာအားပြိုင်မှုတွေအပေါ်မှာ မူတည်နေပါတယ်။ ကြိုတင်ခန့်မှန်းလို့ မရနိုင်ပါဘူး။ ဒါနဲ့နှိုင်းစာရင် တပ်ဆင်သူနဲ့ ဟန့်တားသူတွေရဲ့ကြားက ရလာဒ် ကို ခန့်မှန်းဖို့က ပိုလွယ်ကူပါတယ်။ ဟန့်တားဖို့ကြိုးစားနေတဲ့ အနောက်ကြောင့် သူတို့လက်နက်တပ်ဆင်မှုတွေ နှေးကွေးကောင်း နှေးကွေးသွားနိုင်ပေမယ့် ရပ်တန့်ပစ်လိုက် ကြမယ်တော့ မဟုတ်ပါဘူး။

အနောက်မဟုတ်တဲ့နိုင်ငံတွေရဲ့ စီးပွားရေးနဲ့ လူမှုရေး ဖွံ့ဖြိုးတိုးတက်လာမှု၊ အနောက်နိုင်ငံတွေရော အနောက်မဟုတ်တဲ့ နိုင်ငံတွေကပါလက်နက်တွေ၊ နည်းပညာကျွမ်းကျင်လိမ္မာမှုတွေကို ရောင်းချပြီး ငွေရှာလိုတဲ့ဆန္ဒ ၊ စီဗီလိုက်ဇေးရှင်းပဓာနနိုင်ငံတွေနဲ့ ဒေသတွင်း အင်အားကြီးနိုင်ငံတွေက သူတို့လူမျိုးစုတွေကို အကာအကွယ် ပေးလိုတဲ့ နိုင်ငံရေးသဘောထား၊ ဒါတွေအားလုံးက ဟန့်တားဖို့ကြိုးစားနေတဲ့ အနောက်ရဲ့ အားထုတ်မှုကို ကပျက်ယပျက် ဖြစ်စေပါတယ်။
လက်နက်ထိန်းချုပ်မှုဟာ ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းထဲက နိုင်ငံအားလုံးရဲ့ အကျိုး စီးပွားနဲ့ တည်ငြိမ်အေးချမ်းရေးအတွက်လို့ အနောက်အုပ်စုက ရှေ့တန်းတင်ပြောနေချိန်မှာ အနောက်မဟုတ်တဲ့ အခြား နိုင်ငံတွေကတော့ ဒါဟာ အနောက်ရဲ့ လွှမ်းမိုးမှုကို ကာကွယ်ထားခြင်းသာဖြစ်တယ်လို့ ယူဆကြပါတယ်။ လက်နက်ပျံ့နှံ့မှုအပေါ်အခြေခံပြီး အနောက် အထူးသဖြင့် အမေရိကန်တွေနဲ့ သူတို့ရဲ့ လုံခြုံရေးကို ထိပါးလာနိုင်စရာရှိတဲ့ ဒေသတွင်း အင်အားကြီးနိုင်ငံတွေရဲ့ စိုးရိမ်ပူပန်ပုံတွေကလည်း မတူညီကြဘူး။ ကိုးရီးယားကိုကြည့်ရင် ဒီအချက်က ပိုပြီး ထင်သာမြင်သာ ရှိပါတယ်။

၁၉၉၃- ခုနဲ့ ၁၉၉၄- ခုနှစ်တွေမှာ မြောက်ကိုးရီးယားရဲ့ အနုမြူလက်နက်နဲ့ ပတ်သတ်ပြီး အမေရိကန်တွေ ဆောက်တည်ရာမရဖြစ်နေခဲ့ကြတယ်။သမ္မတကလင်တန်က ၁၉၉၃-ခု နိုဝင်ဘာလထဲမှာ“ အနုမြူလက်နက် ပိုင်ဆိုင်သည်အထိ မြောက်ကိုးရီးယားကို လွှတ်ထားလို့ မရဘူး။ ဒီအတွက် ရပ်တည်ချက် အများကြီး ခိုင်မာကြရမယ်” လို့ ခပ်ရှင်းရှင်းပြောခဲ့တယ်။ လွှတ်တော်အမတ်တွေ၊ ကိုယ်စားလှယ်တွေ၊ ဘု(ရှ်) အစိုးရရဲ့ အရာရှိဟောင်းတွေကလည်း လက်ဦးမှုရယူပြီး မြောက်ကိုးရီးယားရဲ့ အနုမြူဆိုင်ရာ ပစ္စည်းတွေကို ဝင်ရောက်တိုက်ခိုက် ဖျက်ဆီးပစ်ဖို့ ဆွေးနွေးခဲ့ကြတယ်။ မြောက်ကိုးရီးယားရဲ့ အစီအစဉ်တွေနဲ့ ပတ်သက်ပြီး အမေရိကန်တွေ စိုးရိမ်ပူပန်တာက တစ်ကမ္ဘာလုံးလက်နက်ပျံ့ပွားမှုနဲ့ ဆိုင်ပါတယ်။ (မြောက်ကိုးရီးယားက အနုမြူပိုင်ဆိုင်သွားလို့) အရှေ့အာရှအတွင်း အမေရိကန်တွေရဲ့ လှုပ်ရှားမှုအတွက် အကျပ်ရိုက်စေနိုင်တာကြောင့် တင်မဟုတ်ဘဲ တကယ်လို့သာ မြောက်ကိုးရီးယားက အနုမြူနဲ့ ဆိုင်တဲ့ နည်းပညာတွေ အနုမြူလက် နက်တွေကို အခြားနိုင်ငံတွေကိုပါ ရောင်းချလိုက်ရင် အရှေ့အာရှနဲ့ အရှေ့အလယ်ပိုင်းဒေသတွေအထိ ထိခိုက်မှုရှိသွားနိုင်လို့ ( ပူပန်နေကြတာပါ)။

ဒါပေမယ့် တောင်ကိုးရီးယားကတော့ မြောက်ကိုးရီးယားရဲ့ အနုမြူလက်နက်ကို ဒေသတွင်း အကျိုးစီးပွား အတွက်လို့ ရှုမြင်တယ်။ တောင်ကိုးရီးယားအများစုက မြောက်ကိုးရီးယားရဲ့ အနုမြူဗုံးဟာ ကိုးရီးယား ( တောင်ရော မြောက်ပါ ) ရဲ့ ဗုံးလို့ ယူဆကြတယ်။ မြောက်ကိုးရီးယားက အနုမြူလက်နက်ကို တောင်ကိုးရီးယားနဲ့ ပတ်သက်ပြီး သုံးမှာမဟုတ်ဘူး၊ သုံးခြင်းသုံးရင် ကိုးရီးယားလွတ်လပ်ရေးနဲ့ ဂျပန်၊ အခြားနိုင်ငံတွေရဲ့ ရန်စကျူးကျော်မှုကို ကာကွယ်ဖို့အတွက်ပဲ အသုံးပြုလိမ့်မယ်လို့ ယူဆကြတယ်။

တောင်ကိုးရီးယား အရပ်ဖက်နဲ့ စစ်ဖက်အရာရှိတွေက တောင်မြောက်ပေါင်းစည်းမိသွားတဲ့ ကိုးရီးယားမှာ အနုမြူစွမ်းအင် ပိုင်ဆိုင်နေဖို့လည်း မျှော်လင့်ထားကြတယ်။ မြောက်ကိုးရီးယားက ငွေကုန်ကြေးကျခံ၊ အပြစ်တင်ခံပြီး ဗုံးရအောင်တီထွင်၊ ဒီလက်နက်ကို တောင်ကိုးရီးယားက နောက်ဆုံးပိုင်ဆိုင်မယ်။ မြောက်ပိုင်းက အနုမြူ လက်နက် စွမ်းအင်နဲ့ တောင်ပိုင်းက စက်မှုစီးပွားစွမ်းအင် ပေါင်းစပ်မိသွားရင် အရှေ့အာရှမှာ အဓိက အရေးပါတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်လာနိုင်တယ်လို့ ယုံကြည်နေကြတယ်။ အကျိုးဆက်အနေနဲ့ကတော့ (၁၉၉၄) ခုနှစ်မှာ မြောက်ကိုးရီးယား ကျွန်းဆွယ်အတွင်း ပြဿနာတက်နေပြီလို့ ဝါရှင်တန်က ယူဆနေချိန် ဆိုး(လ်)ကတော့ ဘာပြဿနာမှ မရှိသလို သဘောထားခဲ့တယ်။ ဒီမှာတင်ပဲ မြို့တော်နှစ်ခုကြားမှာ “ပူပန်ပုံ မတူညီခြင်း-Panic gap” ဖြစ်ပွားတော့တယ်။ ၁၉၉၄-ခု ဂျွန်လထဲ ဖြစ်ပွားနေတဲ့ အနုမြူပြဿနာ အကျပ်အရိုက်ဆုံး အခြေအနေကို ဂျာနယ်လစ်(ဇ်) တစ်ယောက်က ဒီလို သုံးသပ်တယ်။ “အနုမြူပိုင်ဆိုင်ဖို့ ကြိုးစားစဉ် နှစ်ပေါင်းများစွာကတည်းကရှိနေခဲ့တဲ့ တစ်မူထူးခြားမှုတွေထဲမှာ တစ်ခုကတော့ တစ်ပူပေါ်တစ်ပူဆင့်နေခြင်းပဲ ဖြစ်ပါတယ်။ ”အရှေ့အာရှမှာလည်း အမေရိကန်တွေနဲ့ ဒေသတွင်း အင်အားကြီးနိုင်ငံတွေအကြား စိုးရိမ်မှုမတူညီခြင်း ပြဿနာ ရှိခဲ့ပါတယ်။ အနုမြူလက်နက် ပျံ့ပွားမှုနဲ့ ပတ်သတ်ပြီး အမေရိကန်တွေက ဒေသတွင်း အနုမြူ ပိုင်ဆိုင်ထားတဲ့ နိုင်ငံတွေထက် ပိုပြီး ပူပန်နေကြတယ်။ အိန္ဒိယနဲ့ ပါကစ္စတန်တို့က သူတို့ချင်း အနုမြူအန္တရာယ်ကို လက်ခံနိုင်ပေမယ့် အမေရိကန်တွေ အကြံပြုတဲ့ အနုမြူစွမ်းအင် ကန့်သတ်ဖို့၊ လျှော့ချဖို့ (ဒါမှမဟုတ်) အနုမြူအားလုံး ဖျက်ဆီးပစ်ဖို့ ဆိုတာကို လက်ခံလို့ မရဘူး ဖြစ်နေကြတယ်။ (Note – 10)

အမေရိကန်နဲ့ အနောက်နိုင်ငံတွေရဲ့ အကြီးအကျယ် ပျက်စီးစေနိုင်တဲ့ လက်နက်ကြီးတွေပျံ့ပွားမှု ထိန်းချုပ်ရေး ကြိုးပမ်းချက်ဟာ ဆက်လက်ရှိနေဦးမယ့် သဘောရှိသလို အောင်မြင်မှုလည်း သိပ်ရှိလှမယ် မဟုတ်ဘူး။ မြောက်ကိုးရီးယားကို အနုမြူလက်နက် ပိုင်ဆိုင်ခွင့် မပြုသင့်ဘူးလို့ သမ္မတ ကလင်တန် ပြောအပြီး တစ်လအကြာမှာ အမေရိကန် ထောက်လှန်းရေး အေဂျင်စီက မြောက်ကိုးရီးယားမှာ အနုမြူဗုံး တစ်လုံး၊ နှစ်လုံးအထိတောင် ရှိနေနိုင်ပြီလို့ သတင်းပို့ခဲ့တယ်။ (Note–11) အဲဒီနောက် မြောက်ကိုးရီးယားအပေါ် ထားရှိတဲ့ အမေရိကန်ရဲ့ ပေါ်လစီကလည်း ဒဏ်ပေးစနစ်ကနေ ဆုပေးစနစ်ကို ပြောင်းသွားပြီး အနုမြူလက်နက် မတိုးချဲ့ဖို့အတွက်ပဲ နားချကြတော့တယ်။ အလားတူပဲ အိန္ဒိယနဲ့ ပါကစ္စတန်တို့ရဲ့ အနုမြူပိုင်ဆိုင်ဖို့ ကြိုးစားခြင်းကို မရပ်တန့်နိုင်ခဲ့သလို အီရန်ရဲ့ အနုမြူအစီအစဉ်ကိုလည်း မဟန့်တားနိုင်ခဲ့ပါဘူး။

၁၉၉၅ - ခု၊ ဧပြီလထဲမှာ ကျင်းပတဲ့ အနုမြူလက်နက်ထိန်းချုပ်ရေး သဘောတူညီမှု (Nuclear Nonproliferation Treaty) ကွန်ဖရင့်မှာလည်း လက်နက်ထိန်းချုပ်ရေး သဘောတူညီမှု စာချုပ်ကို နှစ်အကန့် အသတ်မရှိ သတ်မှတ်မလား၊ ၂၅ နှစ် သတ်မှတ်မလားဆိုတဲ့ ကိစ္စဟာ အဓိက ဆွေးနွေးစရာ ကိစ္စဖြစ်နေခဲ့တယ်။ နှစ်အကန့်အသတ်မရှိ တိုးချဲ့သတ်မှတ်ရေးအဆိုကို အမေရိကန်တွေက ဦးဆောင်တင်ပြတယ်။ ဒါပေမယ့် နိုင်ငံ အများစုကတော့ လက်ရှိ အနုမြူပိုင်ဆိုင်ထားတဲ့ အင်အားကြီးငါးနိုင်ငံက သူတို့ရဲ့ အနုမြူစွမ်းအင်ကို သိသိသာသာကြီး လျှော့ချမှု မလုပ်ဘူးဆိုရင် သဘောမတူနိုင်ဘူးလို့ ဆိုလာကြတယ်။ ဒါ့ အပြင် အီဂျစ်ကလည်း ဒီသဘောတူညီမှုကို အစ္စရေးပါ လက်မှတ်ထိုးပြီး လုံခြုံရေးအတွက် ထောက်လှန်းစစ်ဆေးမှုကို လက်ခံမှ သဘောတူနိုင်မယ်လို့ ဆိုလာပြန်တယ်။ နောက်ဆုံးမှာတော့ လက်သိပ်ထိုး စည်းရုံးမှု၊ လာဘ်ပေးမှု၊ ခြိမ်းခြောက်မှု၊ မဟာဗျူဟာတွေကို အသုံးချပြီး နှစ်အကန့်အသတ်မရှိ တိုးချဲ့သတ်မှတ်မှု အဆိုအတွက် အမေရိကန်တွေ အနိုင်ရလိုက်ကြတယ်။ နှစ်အကန့်အသတ်မရှိ တိုးချဲ့သတ်မှတ်မှုကို ဆန့်ကျင်ခဲ့ကြတဲ့ အီဂျစ်နဲ့ မက္ကစီကိုနိုင်ငံတွေကလည်း စီးပွားရေးမှာ အမေရိကန်တွေအပေါ် မှီခို နေရလေတော့ လက်လျှော့ခဲ့ရတယ်။ အများစု သဘောတူညီမှုအရ နှစ်အကန့်အသတ်မရှိ တိုးချဲ့သတ်မှတ် ချက်ကို သဘောတူခဲ့ကြပေမယ့် မွတ်စလင် (၇) နိုင်ငံ (ဆီးရီးယား၊ ဂျော်ဒန်၊ အီရန်၊ အီရတ်၊ လစ်ဗျား၊ အီဂျစ်နဲ့ မလေးရှား) အာဖရိက တစ်နိုင်ငံ ( နိုင်ဂျီးရီးယား) တို့ကတော့ နောက်ဆုံးစကား လက်ဆုံ ဆွေးနွေးပွဲမှာ သဘောမတူကြောင်း ထုတ်ဖော် ပြောကြားခဲ့ကြတယ်။ (Note – 12)

အမေရိကန်တွေချမှတ်တဲ့ ပေါ်လစီအတိုင်း ၁၉၉၃ - ခုနှစ်ရောက်တော့ အနောက်ရဲ့ပေါ်လစီက လက်နက် ထိန်းချုပ်ရေးကနေ လက်နက်ပြန့်ပွားမှု တန်ပြန် ထောက်လှမ်းရေး ( Nonproliferation to Counterproliferation ) ပေါ်လစီကို ပြောင်းသွားတယ်။ အနုမြူပြန့်ပွားနေမှုက ရှောင်လွှဲလို့ မရတဲ့ကိစ္စမို့ ဒီပေါ်လစီ အပြောင်းအလဲက လက်တွေ့ကျပါတယ်။ ဒီအတိုင်းသာဆိုရင် လက်နက်ပြန့်ပွားမှုကို ထောက်လှန်းရေးပေါ်လစီကနေ လက်နက်ကို စနစ်တကျ တပ်ဆင်အသုံးပြုရေးပေါ်လစီအထိတောင် ဆက်လက်ပြောင်းသွားစရာရှိပါတယ်။
ဒါပေမယ့် ၁၉၉၅ - ခုနှစ်အထိ အမေရိကန်နဲ့ အနောက်အုပ်စုဟာ လက်နက်ပြန့်ပွားမှု ဟန်တား ရေး (hold-down) ပေါ်လစီကို လက်ကိုင်ထားကြဆဲ ဖြစ်ပြီး နောက်ဆုံးမှာတော့ သူတို့ကျရှုံးဖို့ ရှိနေပါတယ်။ အနုမြူနဲ့ အခြားဖျက်စီးရေး လက်နက်ကြီးတွေ ပြန့်ပွားနေမှုဟာ အချိန်ဆွဲထားလို့သာ ရပြီး စီဗီလိုက်ဇေးရှင်းစုံ ကမ္ဘာမှာ ဒီလက်နက်တွေ ပြန့်ပွားမှု ကို လုံးဝ တားဆီးလို့ မရနိုင်ပါဘူး။

ဆက်ရန် -
ဇင်ဝေသော်

Previous posts
(1) http://tiny.cc/8kkwnx
(2) http://tiny.cc/pyrxnx
(3) http://tiny.cc/kveznx
(4) http://tiny.cc/x5d1nx
(5) http://tiny.cc/mi03nx

Post a Comment