ဦးဂရုနဲ့လန်းဂွေ့မာစတာ(လှည့်ကြည့်မိတဲ့ ထောင့်ချိုးများ)


ဆရာနဲ့အနီးကပ်သင်ခဲ့ရတာမျိး မဟုတ်လေတော့ အင်္ဂလိပ်စာနဲ့ပတ်သက် လို့ ကျေးဇူးအတင်ရဆုံးက အဆောင်ဖော် ဦးဂရုနဲ့ သူ့ရဲ့လန်းဂွေ့မာစတာ ပဲဖြစ်ပါတယ်။ သာသနာ့တက္ကသိုလ် (မန်း) အတူနေရဟန်းတစ်ပါးက မိမိနဲ့ ပတ်သက်ပြီး
"သူတို့ အင်္ဂလိပ်က ကောင်းပြီပေါ့ကွာ၊ တက္ကသိုလ်သက်တန်းတစ်လျှောက်လုံး အင်္ဂလိပ်ပဲ ထိုင်လုပ်သွားတာ၊ အင်္ဂလိပ်အဘိဓာန်တောင် ထောင်ကျက်သွားတဲ့ လူတွေ" လို့ ဆိုတဲ့ မုဒိတာစကား တစ်ဆင့်ကြားရပါတယ်။ ဒါပေမဲ့ အင်္ဂလိပ် အဘိဓာန်ကို ထောင်ကျက်တာတော့ မဟုတ်ပါဘူး။ ဒါက ဒီလိုပါ။

ဦးဂရုမှာ အမေရိကန်ရောက် သူ့ ဘကြီးဘုန်းကြီးက လှမ်းပေးထားတဲ့ အသံထွက် အင်္ဂလိပ်အဘိဓာန် (လန်းဂွေ့မာစတာ) ရှိပါတယ်။ တစ်ချိန်ချိန်မှာ အမေရိကကို လှမ်းခေါ်ဖို့ သူ့ အတွက် သူ့ ဘကြီးဘုန်းကြီးရဲ့ ပြင်ဆင်ပေးမှုပါ။ ဦးဂရုက အခြား ဘာသာရပ်တွေကိုလည်း လုပ်နေရတော့ အင်္ဂလိပ်စာကို ဇောက်ချမလုပ်နိုင်ဘူး။ ဒါနဲ့ ဦးဇင်း သုံးချင်ရင်သုံးဆိုပြီး သူ့ လန်းဂွေ့မာစတာကို ငှားထားပါတယ်။ ဘယ်လိုကျေးဇူးတင်ရမှန်းတောင် မသိပါဘူး။ ကြားပဲကြားဖူးတဲ့ အဲဒီခေတ်
က ခြောက်သောင်းကျော်တန် ပစ္စည်းကြီး။ ဝယ်ဖို့ ပိုက်ဆံလည်း မရှိ၊ ပိုက်ဆံရှိ လည်း မြန်မာပြည်မှာ ဝယ်လို့မရ။

သူ့ရဲ့ လန်းဂွေ့မာစတာရလိုက်တဲ့နေ့ကစပြီး ကိုယ့်ရဲ့ ကို့ယို့ကားယား အသံထွက်တွေကို ထိုင်ပြင်နေမိ၊ စကားလုံးအသစ်တွေကို အတုခိုးရင်း လိုက်ပြောနေမိတယ်။ လူနဲ့သူ့အဘိဓာန်ကြီးက ခွဲလို့မရလောက်အောင်ဖြစ်သွား တယ်။ သုံးလလောက်သုံးပြီးတော့ အားနာတာနဲ့ "လိုမှ ငှားတော့မယ်" ဆိုပြီး သူ့ပြန်ပေးလိုက်တယ်။ ဒါတောင် တစ်ရက်ကို အနည်းဆုံး နာရီဝက်လောက်တော့ သုံးဖြစ်ပါတယ်။ တိုးတက်စပြုလာတဲ့ မိမိအင်္ဂလိပ်ဟာ အဲဒီ အဘိဓာန်ရဲ့ ကောင်းမှုကြောင့်လို့ ဒီနေ့အထိ ယုကြည်နေမိသလို ဦးဂရုနဲ့ သူ့ ဘကြီးဘုန်းကြီးရဲ့ ကျေးဇူးကိုလည်း တိုက်ဆိုင်တိုင်း အောက်မေ့လျက်ပါ။

အခု သူဘယ်မှာရှိပြီး ဘာတွေလုပ်နေမှန်းမသိတာက မိမိရဲ့ အထင်ကရအရှိဆုံး ဆက်ဆံရေး အားနည်းချက်ကြီးပါ။ ရင်ထဲမှာပဲ ရှိနေတယ်။ အဲဒီအချိန်ကစလို့ ပိုက်ဆံရှိရင် အဝယ်ချင်ဆုံးပစ္စည်းက အသံထွက် အင်္ဂလိပ်အဘိဓာန်ဖြစ်နေခဲ့ တယ်။ သိပ်မလိုတော့တာတောင် ငယ်ရွယ်စဉ်ကအိပ်မက်မို့ ဝယ်လည်း ဝယ်ဖြစ် ခဲ့တယ်။ စင်္ကာပူကိုထွက်လာမှ အရှင်စက္ကပါလကို(ထင်တာပဲ) ပေးထားခဲ့တယ်။

နောက်ပြီး အင်္ဂလိပ်အသံထွက်နဲ့ပတ်သက်လို့ အလေးထားမှု မြန်မာတွေမှာ အားနည်းတတ်တယ်(လို့ ထင်တယ်)။ နှုတ်ခမ်းတွေ၊ လျှာတွေ၊ ပါးစပ်ပေါက်အနေ အထားတွေကအစ လေ့လာသူတွေကို သရော်တော်တော်လည်း လုပ်တတ်ကြ တယ်(ဗိုလ်ချုပ်တောင် သရော်ခံ မလွတ်ခဲ့ဘူး)။ မလုပ်အပ်ဘူး ထင်ပါတယ်။ ပေါ့တော့တော့နဲ့ သူ့အသံကို အလွယ်မရနိုင်ဘူး။ တကယ်က ပုဒ်စစ်ကျမ်းဆိုတာ ပါဠိအသံထွက်ဖို့ အာ၊ လျှာ၊ သွား၊ နှုတ်ခမ်း အနေအထားတွေ ကို ဖွင့်ဆိုပြတဲ့ ဖိုနစ်တစ်ကျမ်းတစ်ကျမ်းဆိုတာ မမေ့အပ်ဘူး။

အင်္ဂလိပ်ပဲ ပြောလို့တော့ ရတာပေါ့။ နိုင်ငံတိုင်း၊ လူမျိုးတိုင်း ပုံစံအမျိုးမျိုးနဲ့ ပြောနေ ကြတာပဲ။ ဒါပေမဲ့ ဘယ်လိုအင်္ဂလိပ်လဲဆိုတဲ့ ကွဲပြားမှုကလည်း နိုင်ငံတိုင်း၊ လူမျိုး တိုင်းမှာရှိတယ်။
ကိုယ့်အင်္ဂလိပ်က "စံ" မဝင်ရင် ထမင်းဝင်စား၊ ဈေးဝင်ဝယ်လို့ရပေမဲ့ ပညာရှင် ကြား ထဲတော့ မရောက်နိုင်ဘူး။
ဘာရယ်မဟုတ်ပါဘူး။ လက်ရှိနေရာမှာ ခဏရပ်၊ နောက်ကိုလှည့်ကြည့်မိတော့ အသားဖြူဖြူနဲ့ ဦးဂရုရဲ့ပုံရိပ် ရင်မှာထင်လာလို့ ........

Post a Comment