ကိုရီးယားရဲ့ ဝိဉာဉ်ကို ဖမ်းကြည့်ခြင်း (၂)


"မောနင်း ဂျက်စမင်း"
"မောနင်း ဆာ။ ညက ကောင်းကောင်းအိပ်ပျော်တယ်မဟုတ်လား"
"ပျော်ပါတယ်၊ ဒါပေမဲ့ အချိန်အပြောင်းအလဲရှိတယ်ဆိုတဲ့ ဂျက်စမင်းရဲ့မက်ဆေ့ဂ်ျ က မနက် နှစ်နာရီမှနော်"
"အချိန်အပြောင်းအလဲအတွက် စိတ်မကောင်းပါဘူး။ ဟုတ်တယ်၊ နှစ်နာရီထိုးမှ ဒီနေ့ရဲ့ အစီအစဉ်တွေ အဆုံးသတ်နိုင်ကြလို့ပါ"
"ဒါနဲ့ ဂျက်စမင်း ဒီမနက် ဘယ်အချိန်အိပ်ယာက ထခဲ့သလဲ၊ အိပ်ရေးရော ဝ, ခဲ့သလား"
"၆ နာရီခွဲ။ အခုတလော အကျင့်ရနေပြီ။ အရင်လကတည်းက အကြိုလေ့ကျင့်မှုတွေ လာလုပ်ခဲ့ရတယ်။ ကိုယ့်တာဝန်ပေးထားတဲ့ ဧည့်သည်က ဘယ်သူ၊ ဘယ်နိုင်ငံသား၊ ဘယ်ဟော်တယ်မှာ တည်းမယ်၊ သူ့လက်ရှိရာထူးက ဘာ၊ သူ့အတွက် ကျန်းမာရေးလိုအပ်ချက်က ဘာတွေဖြစ်မယ် စတာတွေ အကုန်လေ့လာထားရပါတယ်"
"ကျေးဇူးတင်ပါတယ် ဂျက်စမင်း၊ ဒါနဲ့ ညက ဒီကအပြန်မှာ ဘာတွေ ဆက်လုပ်ကြသေးသလဲ"
"အရင်ဆုံး တစ်နေ့တာရဲ့ လုပ်ငန်းတွေကို ပြန်လည်ဆွေးနွေးကြတယ်၊ အစီအစဉ်တကျ ဖြစ်သွားတာတွေရှိသလို ကမောက်ကမတွေလည်း အများ ကြီးပဲလေ။ နောက်ပြီး နောက်နေ့ရဲ့ အစီအစဉ်တွေကို ပြောင်းသင့်တာပြောင်း ရတယ်။ ဒါ့ကြောင့် အသိပေးဖို့ နောက်ကျသွားတာပါ"
"ကိစ္စမရှိပါဘူး၊ ဒီလောက်ကြီးတဲ့ပွဲမှာ ဒီလောက်တော့ ရှိမှပေါ့၊ ဧည့်သည် အများစုကလည်း နားလည်ကြမှာပါ"
"ဒါနဲ့ ဂျက်စမင်းတို့အုပ်စုမှာ ဆုံးဖြတ်ချက်ချတာက ဘယ်သူလဲ"
"သူက ကရိုလိုင်းလေ၊ မနေ့က နေ့လယ်စာ စားရင်း စကားပြောခဲ့သူလေ၊ သူက နယူးယောက်မှာမွေးတဲ့ ကိုရီးယန်း"
"အော် အေး သူပြောတယ်။ ငါ့ကိုတောင် ကမ္ဘာကျော်ခွင့်ရမယ်ဆိုရင် စင်္ကာပူကို ကိုယ်စားပြုမှာလား၊ မြန်မာကို ကိုယ်စားပြုမှာလား မေးသွားသေးတယ်"
"ဟုတ်တယ်၊ ဒီ ဟော်တယ်နှစ်ခုက ဧည့်သည်တွေနဲ့ပတ်သက်တာတွေကို သူက ဖိုင်နယ်လိုက်ဇ်လုပ်တယ်"
************************************************************************
အာရှတန်ဖိုးလား၊ အနောက်ကို စိန်ခေါ်မှုလား၊ လူမျိုးရဲ့ သဘာဝလား။ အားလုံး အမည်တပ်လို့ရပါတယ်။
၁။ ဒီမိုကရေစီဆန်ဆန် ဆွေးနွေးခွင့်ရှိတယ်။ နောက်ဆုံး ခေါင်းဆောင်က ဆုံးဖြတ်တယ်၊ ခေါင်းဆောင်က ဆုံးဖြတ်ပြီးရင် သဘောမတူလည်း လိုက်။
၂။ လူ့ရှေ့မှာ လူကြီးကို နှုတ်လှံမထိုးရဘူး။ သူတစ်ပြန် ငါတစ်ပြန်တွေ မရှိရဘူး။
၃။ အစီအစဉ်တကျမဖြစ်ဘူးဆိုရင် ဖုန်းမက်ဆေ့ဂ်ျ ချက်ချင်းပို့။ လမ်းညွှန်မှု အတိုင်းလိုက်။
၎။ တစ်နေ့တာရဲ့ ဖြစ်စဉ်ကို ပြန်လှန်သုံးသပ်၊ နောက်နေ့အတွက် အစီအစဉ် ဆုံးဖြတ်
**************************************************************************

ဒီယဉ်ကျေးမှုတွေကို ၂၀၀၂ ခု၊ စင်္ကာပူ လူငယ်တွေ မြန်မာပြည် ရောက်လာ ကတည်းက လေ့လာခွင့် ရခဲ့ပါတယ်။ အလုပ်မပြီးဘဲ လုံးဝမအိပ်ရဘူး။ ပွဲမှာ တစ်မိန့်တစ်အာဏာဆန်သလောက် သူတို့ချင်း တံခါးပိတ်ဆွေးနွေးပွဲမှာ ပွက်လောရိုက်နေတတ်တယ်။
*************************************************************************

အားလုံး ဘတ်စ်ကားပေါ်ရောက်လို့ သွားရမယ့်ခရီးစဉ်ကို ဒရိုင်ဘာရဲ့လက်ထဲ အပ်လိုက်ပြီလည်းဆိုရော ကျနော့်ဘေးက ဂျက်စမင်းလည်း အိပ်ပျော် သွားတော့တယ်။ အနည်းဆုံး တစ်နာရီတော့ သူမ အနားယူချိန်ရသွားတယ်။
သူ့ကို စာနာမိရင်း ပြူတင်းပေါက်ဘေးမှာ ထိုင်ဖို့ပြော၊ လွတ်ကျမလိုဖြစ်နေတဲ့ သူ့ရဲ့ဖွားဖက်တော် ဟန်းဖုန်းလေးကိုတောင် ယူကိုင်ပေးခဲ့ရသေးတယ်။ ဒါကို ဂျက်စမင်းမသိဘူး။ ကားရပ်တော့မှ ဆောရီး၊ သင့်ခ် ယူ တဲ့။

နေးရှင်းတစ်ခုရဲ့ အောင်မြင်မှုနောက်ကွယ်က သဲလွန်စတစ်ချို့ ဂျက်စမင်းဆီက ကျနော်ရလိုက်ပါတယ်။ သူမက ၂၁ နှစ်အရွယ် လူငယ်လေ။
(ဆက်ရန်)

 ***ကိုရီးယားရဲ့ ဝိဉာဉ်ကို ဖမ်းကြည့်ခြင်း***

Post a Comment