ဆူဇန်၊ ပပ၊ သီဟနာဒနဲ့ လီကွမ်းယု


ဆူဇန်ဆိုတာက အသက် ၃၀ ကျော်အရွယ်ရှိ ခပ်ချောချော အမျိုးသမီး တစ်ယောက်။ အပျိုကြီး၊ အောင်မြင်ဟန်တူတဲ့ စီးပွားရေး ရှိသူ၊ အနက်ရောင် BMW ကိုမောင်းတယ်။ ဗုဒ္ဓဘာသာဝင်၊ ကျောင်းကို မကြာမကြာလာတတ်တယ်။ သွက်တယ်၊ မျက်နှာချိုတယ်၊ မာနကြီးဟန်တော့ရှိတယ်။

ပပဆိုတာက ဧရာဝတီတိုင်းသူ၊ အသက်ပြည့်ဟန်မတူသေးဘဲ အိမ်ဖော်လာ လုပ်နေတဲ့ ဖြူဖြူညှပ်ညှပ် မိန်းကလေးတစ်ယောက်။ သူ့အသက်မေးရင် ၂၂ နှစ်လို့ပြောတတ်ပြီး ငါ့ကို လာမလိမ်နဲ့ဆိုတော့မှ အမှန်ကိုပြောတတ်သူ။

အခြားအိမ်ဖော်မလေး တစ်ယောက်လည်းရှိသေးတယ်။ စိုးစိုးဆိုပါတော့။ သူမကတော့ ကံထူးသူ၊ ဗုဒ္ဓဘာသာ အပျိုကြီးကျောင်းဆရာမကြီးက သမီးလို၊ သူငယ်ချင်းလိုဆက်ဆံတယ်။ သေရင် အမွေတွေများ ရနေမလားလို့တောင် အချင်းချင်း စမိသေးတယ်။

ထားတော့။ သူမကို လီကွမ်းယုစာအုပ်ပေးပြီး ဖတ်လို့ပြောတယ်။ အပျိုကြီးကျောင်းဆရာမကြီးကလည်းဖတ်ဖို့ တိုက်တွန်းပေးတယ်။ ဖတ်ဟန်တူပါတယ်။ အချက်တချို့ သူပြောပြနိုင်တယ်။
သူ့ပေးပြီး တစ်လလောက်အကြာမှာ ပပကိုလည်း ပေးဦးမှ၊ သူတို့ချင်း စကားစပ်မိ လို့ သိသွားရင် မကောင်းဘူး။ ပေးမယ်ဆိုတော့မှ အောက်မှာ စာအုပ်က ပြတ်နေ တယ်။
"နောက်တစ်ပတ်မှ ယူဟာ အောက်မှာ စာအုပ်မရှိဘူး၊ အပေါ်တက်ယူနေ ရမှာ"ဆိုတော့
"ဘုန်းဘုန်းကလည်း သမီးက သူခေါ်မှ လိုက်ရတာ၊ နောက်တစ်ပတ် သူက ခေါ်ချင်မှ ခေါ်မှာ၊ အခုပေးပါ" ဆိုလို့ ဟုတ်သားပဲလေဆိုပြီး တက်ယူပေး လိုက်တယ်။ သူမအနေနဲ့ စာအုပ်ထဲက အကြောင်းအရာတွေအားလုံးကို နားမလည်နိုင်လောက်ဘူးဆိုတာတော့ သိတာပေါ့။

နောက်တစ်ပတ်ရောက်တော့ ပပပြောသလိုပဲ၊ ပပ ပါမလာဘူး။ ဆူဇန်က
"ဘန္တေကသာ စာအုပ်ပေးတာ၊ ပပက မျက်နှာဖုံးကပုံတောင် ဘယ်သူ့ပုံမှန်း မသိဘူး" ပြောတယ်။
"မသိပဲဖတ်တော့ လောင်းရိပ်ကင်းပြီး ပိုတောင်ကောင်းသေးတယ်၊ ဖတ်နေ တာ တွေ့သလား၊ တစ်နေ့ တစ်နေ့ နာရီဝက်လောက် အချိန် ပေးပေး ပါ" ပြောတော့ ပေးပါမယ်လို့ ကတိပေးတယ်၊ သူလာရင် ဖတ်မဖတ် စစ်ဆေးကြည့်ပါလို့လည်းပြောတယ်။

ဒီတော့မှ
"ဆူဇန်ရယ်၊ လီကွမ်းယုလိုလူတစ်ယောက်ပြောထားတာတွေကို အိမ်ဖော် မိန်းကလေးတစ်ယောက်က ဘယ်လိုလုပ် လုံးစေ့ပတ်စေ့နားလည်နိုင်ပါ့မလဲ၊ ငါလည်း မမျှော်လင့်ပါဘူး။ ငါက စာရေးသူ၊ ဖတ် မဖတ် မသချာရင် ဘယ်လောက် ရင်းရင်း မပေးတတ်သူပါ၊ ဒါပေမဲ့ သူ့တို့ကိုကျ တစ်မျိုးဆက်ဆံရတယ်။ သူတို့ကို လည်း တူတူတန်တန်ဆက်ဆံတယ်ဆိုတာ ပြရတယ်၊ စိတ်ဓာတ်အားပေးရတယ်။ အနည်းဆုံး ဒီနယ်နမိတ်ထဲဝင်လာရင် သူ့ အနေနဲ့ ရဲတင်းနေရမယ်၊ ယုံကြည်မှု ရှိနေရမယ်၊ အိမ်ဖော်တစ်ယောက်ထက် ဗုဒ္ဓ ဘာသာတစ်ယောက်လို ခံစားရစေချင်တယ်၊ နောက်ပြီး ကံမလှတဲ့ ငါတို့ကလေးတွေအတွက် တတ်နိုင်သလောက် ဖေးမဖို့ ငါတို့မှာ တာဝန်ရှိနေယ်" လို့ ရှည်ရှည်ဝေးဝေး ရှင်းပြမိတယ်။ သူ နားလည်ဟန်ပါ။

နောက် ပပနဲ့တွေ့လို့ မေးကြည့်တော့ သူ့အိမ်ရှင်ရဲ့ ဆက်ဆံမှုက ပိုနွေးထွေးလာတယ်လို့ သိလိုက်ရပါတယ်။
တကယ်တော့လည်း ဒီစာအုပ်ပေးလိုက်တယ်ဆိုတာက ပပနားလည်ဖို့ထက် ဆူဇန်နားလည်ဖို့မို့ ပေးရကျိုး နပ်တယ်၊ ပစ်မှတ်ကို ထိတယ်လို့ ပြောရမှာပါ။ စာအုပ် လက်ဆောင်ပေးခဲ့သမျှတွေထဲမှာ ပပကိုပေးလိုက်ရတဲ့ ကျေနပ်ကြည်နူး မှုက တစ်သီးတစ်ခြားဆန်ဆန် နူးညံ့နေသလိုလိုပဲ။

Post a Comment