ဘာကြောင့်မှန်းမသိ... ဘာမှ မဖြစ်သလို


ဘာကြောင့်မှန်းမသိ ဘိုးဘိုးက ဖေ့ဖေ့ကို ဆူပါသည်။
ဘာကြောင့်မှန်းမသိ ဖေဖေက မေမေ့ကို ဆူပြန်ပါသည်။
ဘာကြောင့်မှန်းမသိ မေမေက မမကြီးကို ငေါက်ပါသည်။
ဘာကြောင့်မှန်းမသိ မမကြီးက မမလေးကို ခေါင်းခေါက်ပါသည်။
ဘာကြောင့်မှန်းမသိ မမလေးက ကျွန်တော့်ကို ခေါင်းခေါက်ပြန်ပါသည်။
ဘာကြောင့်မှန်းမသိ ကျွန်တော်က အောင်နက်ကြီးကို ခြေထောက်နဲ့ ကန်လိုက်ပါသည်။
ဘာကြောင့်မှန်းမသိ အောင်နက်ကြီးက ဘိုးဘိုးတောင်ဝှေးကို သေးနဲ့ ပန်းပါသည်။

ဒါဟာ....
ဘိုးဘိုးပြောတဲ့ ကံ ကံ၏အကျိုးလား
ဖေဖေ့စာအုပ်ထဲက ပါဝါ ဘဲလန့်စ်ဆိုတာလား
မေမေနာတဲ့ တရားခွေထဲက ပဋိစ္စသမုပ္ပါဒ်ဆိုတာလား
မမကြီး စာကျက်နေတဲ့ ဂေဟစစ္စတမ်ဆိုတာလား
မမလေး ရွတ်နေတဲ့ ရေသံသရာလား
ငါးနှစ်သား ကျွန်တော် မသိပါ။

အခု ကျွန်တော်သိတာက
အောင်နက်ကြီးကလည်း ဘာမှမဖြစ်သလို အိပ်လို့
ဘိုးဘိုးကလည်း ဘာမှ မဖြစ်သလို သူ့တောင်ဝှေးကြီးကို ညာလက်နဲ့ပွတ်သပ်လို့
ကျွန်တော်ကလည်း ဘာမှမဖြစ်သလို ပြုံးလို့။
(ရေးပြီးသားလေးကို ပြင်ရေးထားတာပါ)***

Post a Comment