စီ..မံ..ခန့်...ခွဲ....မှု



ပန်းချီ - ဦးလှပေါ်(မန္တလေး) Source
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ လက်ပန်ဆိုတဲ့ ရွာလေးမှာ "ပန်မေတ္တာ"လို့ခေါ်တဲ့ နာရေးအသင်းရှိတယ်။ ပရဟိတသမားလေးတွေ ဖွဲ့ထားတာ။
တလောက (အနည်းဆုံး) တိုင်းအဆင့်ပါဝါရှိတဲ့ ဆရာတော်တစ်ပါးက ရှိပြီးသား ကို အားပေးထောက်ပံ့ဖို့ထက် သူ့လက်အောက်မှာ အဖွဲ့သစ် ထပ်ဖွဲ့ဖို့ စိတ် ညွတ်တော်မူတယ်။
ဒါနဲ့ "ကိုးဆယ်ဆ" ဆိုတဲ့ နာရေးအသင်း ထွက်ပေါ်လာပြန်ရော(နာမည်လေးက သင်းသကို)။ အတိုက်အခံ ပရဟိတနာရေးအသင်းပေါ့။ ဟဲ ဟဲ။
သိပ် မတည့်ကြတော့ဘူး။
မကြာပါဘူး၊ ရွာမှာ လူတစ်ယောက် ဆုံးရော။
လက်ရှိအဏာရ နာရေးအသင်းကလည်း အသုဘချပေးဖို့ ရောက်လာ၊ အတိုက်အခံ နာရေးအသင်းကလည်း ရောက်လာ။
အသုဘကို သူ ချမယ်၊ ငါချမယ်တွေ ဖြစ်ကုန်ရော။
လက်ရှိအဏာရ နာရေးအသင်းကလည်း ဒါက ငါတို့ လုပ်လာတဲ့ အလုပ်တွေပဲ။ မင်းတို့က အခုမှ.............။
အတိုက်အခံ နာရေးအသင်းကလည်း ဒါတွေ ငါတို့ မသိဘူး။ ငါတို့ချမယ်။ ငါတို့ကို့ ဖွဲ့ပေးသွားတဲ့ ဆရာတော်က တိုင်းဥက္ကဌဆရာတော်။
ဗိုလ်ချုပ်ကြီးတွေ၊ ဝန်ကြီးတွေ ကိုးကွယ်တဲ့ဆရာတော်။ ရွာကိုကြွလာတာတောင် တိုင်းအရာရှိတွေပါလာတယ်။

မာန်လေးတွေလည်း ပါတယ်။ အရင်က တည့်နေတဲ့ရွာလေး အခု ကွဲကုန်ရော။
ကဲ ဘာကို အပြစ်တင်မလဲ
အရင်က ရှိနေပြီးသား "ပန်မေတ္တာ"ကိုလား။
အတိုက်အခံ နာရေးအသင်း"ကိုးဆယ်ဆ"ကိုလား။
နှစ်ယောက်ပြိုင်တူ မခေါ်ဘဲ တစ်ယောက်တည်းဆွဲခေါ်တဲ့ သေမင်းကိုလား။

အဲဒါ ရွာအဆင့်ပဲ ရှိသေးတာနော်။
စီ မံ ခန့် ခွဲ မှု။
အဲဒါ အူပြီဆိုရင် လူကောင်း၊ လူရိုးတွေ ရန်သူဖြစ်ကုန်ကြရော။

Post a Comment