ဂဟကာရံ ဂဝေသန္တော၊ ဒုက္ခဇာတိ ပုနပ္ပုနံ


img source
ဒီထက် ဂလိုဘယ်ဆန်တဲ့ရွာ
ဘယ်မှာရှိနိုင်ဦးမလဲ
ကဲ ပြောကြ။

ပထမ လေးအိမ်စုရွာ(၁)
ရွှံ့ဗွက်ကထူထူ
အနံ့အသက်ကအူအူ
အိမ်နာမည်တွေက ခွေးသားရေပုရဗိုက်ပေါ်မှာ
မှင်နက်နက်နဲ့ ရေးထားလေရဲ့။

သူ့နောက်က ခွန်နှစ်အိမ်စုရွာ(၂)
မာယာကတချို့တဝက်
ကဗျာကယာကတချို့တဝက်
အိုင်ဒီယော်လော်ဂျီတွေက လက်ခမောင်း ခတ်
အိမ်နံပါတ်တွေက
(တတ်နိုင်ရင် တတ်နိုင်သလို)
ရွှေအိုရောင် ဖောင်းကြွစာလုံးတွေနဲ့။   

နောက်ဆုံးက အိမ်နှစ်ဆယ်စု ရွာကြီး(၃)
ကိန်းဂဏန်းကြီးတယ်
အနံကြီးကွင်းကျယ်
တော်တော့်ကောင်ကို ဟုတ်တယ်မထင်
(မသိရင်)
ခြေမချရဲလောက်စရာ
တကယ်ကို ထည်ထည်ဝါဝါပဲ
အိမ်နာမည်တွေကတော့
ငွေမှင်ရောင် ဖောင်းကြွပေါ့

ဒါပေမဲ့
သူသိတယ် ဒါတွေက
ခန်းနားတဲ့ နာရေးကြော်ငြာမျှသာ။

မထမယာမ်မှာ ပထမဉာဏ်ပွင့်တော့
မချင့်မရဲနဲ့ အရှင်က
ဒီရွာတွေရဲ့ အာခီတက်က ဘာလဲ
ဒီအိမ်တွေရဲ့ အာခီတက်ချာက ဘယ်သူလဲ
စေ့စေ့ငုငုကြည့်မိတော့
ရွာတိုင်းမှာ
သူ့ခြေရာတွေ ပြန်တွေ့ရလေရဲ့။

ဒီိတော့မှ
တို့ အရှင်ရဲ့ ဥဒါန်းသံ ညှင်းညှင်းက
"ဂဟကာရံ ဂဝေသန္တော၊ ဒုက္ခဇာတိ ပုနပ္ပုနံ" တဲ့။


၁။ အပါယ်လေးဘုံ
၂။ ကာမသုဂတိ ၇ ဘုံ
၃။ ဗြာဟ္မဘုံ ၂၀။

Post a Comment