ခြင်းဝိုင်းထဲက ဖောင်းမှု ပိန်မှုများနှင့် ပိုင်ရှင်မဲ့ ပရိုက်ဘိတ်ဂျက်သုံးစင်း


ဒကာတော် မောင်ဇင်ဝေသော် စကားဖြင့် ပြောရသော် ဤတစ်ခါမှာဖြင့် ကိုယ့်ရင်ဘတ်ကို စိုက်တဲ့စား လုပ်ရပေအံ့။ သို့မှလည်း တရားရာကျပေမယ့်။ စိုက်ပါအံ့။ နာနာကျဉ်းကျဉ်စိုက်ပါအံ့။

 မန္တလေးသာသနာ့တက္ကသိုလ်၌ဖြစ်၏။

ရေထဲမှငါး ကြည်းကုန်းထက် အတင်ခံရစဉ်က ဖြစ်၏။ တနည်းဆိုရသော် စာမေးပွဲများပြီး၍ တရားထိုင်နေရသော ကာလဖြစ်၏။ စာပေနှင့် ရှုမှတ်မှုက လားလားမျှ မဆိုင် ။ ဘယ်၊ ညာ၊ ဖောင်းပိန်၊ ထိုင်၊ ထိ ၊ ပင်ပန်းလှပါဘိ။ အမှန်စေ့ဆော်သူ က သီဟနာဒ။ စေ့ဆော်မှုသည် စေတနာဖြစ်၏။

"ပင်ပန်းလှချေ၏။ ငါ့ရှင်တို့။ နေရာထိုင်လေး ခြင်းလုံးလိုလုံးပြီး ဝိုင်းခြင်းလေးများ ခတ်လိုက်ရလျှင် အလွန်လျော်ကန်ပေမယ့်။ သတိအမှတ်သာ မလွတ်စေနဲ့ပေါ့။ ညာခြေဖြင့် ခတ်သော် ညာ ဟုမှတ်၊ ဘယ်ခြေဖြင့် ခတ်သော် ဘယ် ဟုမှတ်။ ကျသွားရင် ကျသွားကြောင်း သိနေပါစေ။ "

တနင်္လာသား နှင့် သောကြာသားရဟန်းတို့ကား

“ ကောင်းပါ၏ ငါ့ရှင်။ ဘယ်နေရာမှာများ အဆင်ပြေမည်နည်း”

“သူခိုးပုန်းလိုသော် ရဲစခန်းမှူး ၊ စုံထောက်တို့ အိမ်အေး၌ ပုန်းရသကဲ့သို့ ဒုတိယနာယကချုပ်၏ ကျောင်းဆောင်ဘေး နေရာရွေးသော် လျော်ကန်အံ့" ဟုဆိုမိ၏။


များမကြာမီ တစ်ဝမ်းကွဲ ညီရဟန်းနှင့် အခြား တနင်္ဂနွေသားရဟန်းလည်း လာရောက်ပူးပေါင်းလေတော့၏။ ဝိုင်းကလေးက အတော်စည်၏။ ထို တနင်္ဂနွေသားရဟန်းသည် ထိုရေစက်ကြောင့်လားမသိ။ ယခု အတူပင်ရှိနေ၏။ အရှိန်ရလာသောအခါ ညာခြေ၊ ဘယ်ခြေ အမှတ်တွေ ကျဲလာပြီး သတိလက်လွတ်ဖြစ်ကာ အသံများ ထွက်သွားတော့၏။

ထိုအခါ ဒုတိယ နာယကချုပ်က အသံကြား၍ ဆင်းလာပြီး တွေ့သွားလေတော့၏။ သီဟနာဒ မျက်လုံးနှင့် ဒု-ချုပ်၏ မျက်လုံးတို့ကား တည့်တည့်ကြီး လမ်းကြုံလေတော့၏။ မတတ်နိုင်။ ရှေ့မျက်နှာနောက်ထား သီဟနာဒကား သတိစကားပြောပြီး လစ်လေတော့၏။ သိ၏။ သက်သေကားမရှိ။ မိတ်ဆွေရဟန်းများကလည်း ထို့အတူ လစ်ကြတော့။ ဒု-ချုပ်ကားမြင်၏။ မမိချေ။

ဓမ္မာရုံပေါ် ခြေချမှ အမှတ်ကပြန်ရသည်။ ငါ့ဖိနပ် (သို့) ပရိုက်ဘိတ်ချက်ခမျာတော့ သက်သေအဖြစ် နေရစ်ခဲ့ရရှာလေပြီ။ ထို့အတူ ညီမောင်ရဟန်းနှင့် တနင်္ဂနွေသား ရဟန်းများလည်း ပရိုက်ဗိတ် ဂျက်လေးများကို သက်သေအဖြစ် ထားခဲ့ကာ လစ်ခဲ့ရသည်ဟု သိရ၏။

သူတို့ကား ပြဿနာမရှိ။ တနင်္ဂနွေသားရဟန်းက ယမန်နေ့ကမှ ဓမ္မာရုံစောင့်ကို ဖိနပ်အဟောင်းစွန့်ခဲ့၏။ ထိုဖိနပ်ကို ပြန်၍ အလှူခံလိုက်ရုံသာ။ ညီတော်မောင်ရဟန်းကလည်း ယမန်နေ့က အဆောင်ပြန်စဉ် ပရိုက်ဗိတ်ဂျက်ကို ဓမ္မာရုံမှာ မေ့ထားခဲ့၊ အဆောင်မှ ဓမ္မာရုံလာစဉ် အခြား ပရိုက်ဗိတ်ဂျက်ကို စီးခဲ့သဖြင့် ကွက်တိကျ၏။ အခြားနှစ်ပါးကား ပရိုက်ဗိတ်ဂျက်များ အတူပါလာကြ၏။ ပြဿနာကား သီဟနာဒတည်း။ ဤသည်ကား မိတ်ဆွေရဟန်းများ မိမိအပေါ် တွေးပူခြင်းတည်း။

မကြာပါ။ သုံးမိနစ်ခန့်သာထင်၏။ သံချောင်းခေါက်၏။ ဓမ္မာရုံကိုပိတ်၏။ အဝင်အထွက်မရှိရ။ တစ်နာရီ တရားထိုင်။ မည်သို့ အရေးယူသင့်ကြောင်း နာယကချုပ်နှင့် တိုင်ပင်ကြတော့၏။ သူတို့ထံ၌ ဖိနပ်သုံးရံရှိ၏။ အဆောင်ပြန်၍ ဖိနပ်ယူချိန်မရှိ။ တစ်နာရီပြည့်သော် နာယကများစေ့ငှစွာ စောင့်ကြပ်၍ တစ်ပါးချင်းစီထွက်ရတော့၏။ နာယကချုပ်နှင့် ဒု-ချုပ်တို့ကား ပို၍အရေးကြီးသော ပရိုက်ဗိတ်ဂျက်များ စီထားရာ၌ရှိ၏။ နာယကချုပ်က မိမိဖိနပ်ကိုသာ မိမိစီးကြဖို့ သြဝါဒ စကားအတန်တန်မှာကြားတော်မူ၏။ ဖိနပ်မရှိသော ရဟန်းတော် ခြင်းတောင်းထဲမှ ဖိနပ်ကို ယူ၍ စီးလော့ဟုလည်းမိန့်၏။ မှန်၏။ ခြင်းတောင်းလေးထဲ၌ ဖိနပ်သုံးရန်ရှိ၏။

သီဟနာဒထွက်သော် ပါချုပ်ဆရာတော်က
" ဟဲ့ သီဟနာဒ၊ ကိုယ့်ဖိနပ်ကိုယ်စီး" ဟု ပြုံးပြုံးကြီး မိန့်၏။

"မှန်လှပါ။ ဖိနပ်နံပါတ် (၁၁) ၊ တပည့်တော် ဖိနပ် ဧကန်ဖြစ်ပါ၏" ဟုလျောက်ထား၍ ခပ်တည်တည်ပင်ထွက်ခဲ့၏။


အတိုချုပ်ဆိုရသော် ရဟန်းတော်များအားလုံး ကုန်ပြီ။ ဖိနပ်ကိုယ်စီလည်းရှိကြ၏။ သို့ဖြစ်လျှင် ခြင်းတောင်းထဲမှ ရဟန်းတော်စီး ဖိနပ်များကား မည်သူပိုင်ဆိုင်သော ဖိနပ်များနည်း။ ပါချုပ်၊ ဒုချုပ်နှင့် နာယက များစဉ်းစားမရဖြစ်ကြတော့၏။ အလွန်လျင်သော ရဟန်းငယ်များတည်း။ အဆောင်ကို ပြန်က အနည်းဆုံးဆယ်မိနစ်တော့ကြာမည်။ ယခု သုံးမိနစ်အတွင်း ဖိနပ်တွေ ရီပလေ့(စ်) လုပ်ကြ၏။

အခြားဖိနပ် နှစ်ရံကို ပြောခဲ့ပြီ။ သီဟနာဒ ဖိနပ်ရပုံသာ ပြောရန်ရှိတော့၏။ ဓမ္မာရုံပေါ်ရောက်လျင်ရောက်ချင်း ပရိုက်ဗိတ်ဂျက်ကျန်ခဲ့သည်ကို သိသော သီဟနာဒသည် ဓမ္မာရုံ ကုဋီသို့ဝင်ကာ ကုဋီထဲမှာရှိသော ဖိနပ်ကို သင်္ကန်းကြားမှာ ဝှက်ပြီး မိမိ ဖိနပ်ချွတ်ရမည့်နေရာသို့ ရောက်အောင် စက္ကန့်ပိုင်းအတွင်း လှုပ်ရှားလိုက်ခြင်းတည်း။

ထို့ကြောင့် ဖိနပ်ဖြင့် သူခိုးဖမ်းရန်ကြံသော နာယကချုပ်ဆရာတော်နှင့် ဆရာတော်များအားလုံး လက်မှိုင်ချရတော့၏။

သို့သော် ထိုဆရာတော်များကလည်း ကြီးရာမှ ငယ်သည်မဟုတ်။ ငယ်ရာမှ ကြီးလာကြခြင်းသာ။ ထို့ကြောင့် ဖိနပ်ဖြင့် ဖမ်းမရသော် နေရာထိုင်ဖြင့် ဖမ်းအံ့ဟု နေရာထိုင်ကို ကြည့်သော် ဂျပန်လိုရေးထားသော သောကြာသားရဟန်း၏ ဘွဲ့ကို တွေ့လေတော့သည်။ ကံဆိုး၏။ အကြွားသန်သော ထိုသောကြာသားကြောင့် ပိပိရိရိလှုပ်ရှားခဲ့သမျှ သဲထဲရေသွန်ဖြစ်ရတော့၏။

အဆောင်ပြန်ရောက်၍ မိမိတို့ဖြစ်အင်ကို မိတ်ဆွေရဟန်းများအား သတင်းစာ ရှင်းလင်းပွဲလုပ်နေစဉ် ပါချုပ်ထံမှ ခေါ်စာ သောကြာသားထံရောက်လာတော့၏။ သောကြာသားသွား၍ မကြာမီ တနင်္လာသားကိုပါ ခေါ်ပြန်လေ၏။ သီဟနာဒလည်း မရယ်နိုင်တော့။ များမကြာမီ ညီတော်ရဟန်းနှင့် တနင်္ဂနွေသားရဟန်းကိုလည်း ခေါ်ပြန်၏။ ထို၌ ဒု-ချုပ်ဆရာတော်က သောကြာသားကို

" မင်းဖော်တာ မစုံသေးဘူး "
" စုံပြီဟု ထင်ပါ၏ဘုရား " (စုံပြီဟု မလျောက်၊ ထင်၏ ဟုသာလျောက်၏)

" မစုံသေး၊ ငါ့မျက်လုံးဖြင့် မြင်လိုက်ရသော အရပ်ရှည်ရှည်၊ မျက်မှန်ဝိုင်းဝိုင်းနှင့် ရဟန်းမပါသေး၊ ထိုရဟန်းကား မဟုတ်မဟတ်နေရာတွင် ရှေ့တန်းကရှိလှ၏။ ဖော်လော့။ မဖော့်သော် သင်တို့အားလုံးကို နှင်ထုတ်အံ့ " ဒု-ချုပ်ကမိန့်၏။

(သီဟနာဒကို မဖော်ကြခြင်းကား ပါချုပါဆရာတော်သည် သီဟနာဒ၏ဆရာ ဖြစ်နေသောကြောင့်တည်း ။ ဆရာတပည့်ရင်းနှီးမှုကလည်း နီးနီးကပ်ကပ်ရှိ၏။ )

မရတော့ချေ။ ဖော်ရလေတော့၏။ သီဟနာဒရောက်သော် ထိုဒု-ချုပ်ဆရာတော်က စုံချေပြီ။ ဤငါးပါးသာတည်းဟု ဆို၏။ သဘောထားကြီးတော်မူသော ပါချုပ်ဆရာတော်က အမိန့်တော်ချ၏။

၁။ သင်တို့သည် နိုင်ငံခြား သာသနာပြု ရွေးခြယ်ရာတွင် မပါဝင်တော့။
၂။ ယနေ့မှ စ၍ ဓမ္မာရုံမှန်တံခါး အပြင်ပင်မထွက်ရ။ ထွက်သော် တက္ကသိုလ်မှ နှင်ထုတ်ပြီးသား ဟူ၍မှတ် ပင်တည်း။

(စင်္ကာပူမှ ပြန်ရောက်ပြီး ရွာမှာ အလှူကြီးပေးစဉ် နိုင်ငံခြား သာသနာပြုရွေးရာတွင် သင်တို့ မပါတော့ဆိုသည့် ချစ်ခင်ရိုသေရပါသော ပါချုပ်ဆရာတော်ကို ရွာအထိ ပင့်သွားခဲ့၏။ လိုက်လည်းလိုက်တော်မူရှာ၏။ လွမ်းမိပါ၏ ဆရာအရှင်။ )

မှန်တံခါး အပြင်ကို မထွက်ရဆိုသော် ရေသောက်ဖို့ပင် ခက်တော့၏။ ရေအိုးများက အပြင်မှာတည်း။ သို့သော် ထိုသောကြာသားနှင့် သီဟနာဒတို့က နိုင်ငံခြားသားမိတ်ဆွေများ ပေါကြ၏။ ထိုမိတ်ဆွေတို့က ထိုထိုဤဤ ပြစ်ဒဏ်ကို ရယ်မောကြပြီ။ သို့ဖြစ်လျှင် ပူတော်မမူကြပါနှင့်။ ဆဲဗင်းအပ်၊ ပက်(ပ်)စီ၊ အလိုရှိရာ ဘုဉ်းနိုင်ဖို့ ဓမ္မာရုံအထိ ရောက်အောင် ဆောင်ပေးပါမည်ဟု ဆိုကြကာ လှူကြသဖြင့် တရားထိုင်ခန်းမှာပင် ဘယ်ဘက်မှာ ပက်(ပ်)စီ၊ ညာဘက်မှာ ဆဲဗင်းအပ် ၊ မထပ်အောင်ပင်ရှိတော့၏။

ပါချုပ်၏ အမိန့်တော်က မှန်တံခါး အပြင်မထွက်ရသာဖြစ်၏။ ဖျော်ရည်ဗူး များယူမလာရဟုမပါ။ သို့သော် ဆရာ့ဆရာများ မျက်လုံးစပါးမွှေးစူးရန်ကား ဖြစ်ခဲ့၏။ ထိုစဉ်က ဆဲဗင်းအပ် ၊ ပက်(ပ)စီသည် ယခုလောက် မပေါသေး။

အတိုချုပ်ရသော် ဤသို့ဖြင့် တရားစခန်းပြီးသွား၏။
စာမေးပွဲပြီး၍ ခရီးထွက်ရန် ပါချုပ်ကို သွားကန်တော့စဉ်….

" သီဟနာဒ၊ မင်း ဖိနပ် ဘယ်ကရတာလည်း အမှန်ဖြေ " ဟုမေး၏ ။
“ ကုဋီထဲက ရပါသည် ဘုရား “
“ ကုဋီထဲက ဖိနပ်က ငါကိုယ်တိုင် ထည့်ထားတာ မင်းတို့ စစ်တော့ ငါထည့်ထားတဲ့ ဖိနပ်ကို ငါမေ့နေလို့ မင်းလွတ်သွားတာ “
“ ကျေးဇူးကြီးလှပါ၏ ဘုရား “

“ ပြီးတော့မှ ဒီဖိနပ်ကို သတိရပြီး သွားရှာတာ ဖိနပ်က သူ့နေရာသူရောက်နေပြန်ရော ။ မင်းလက်ချက်ဆိုတာ ငါသိတယ်။ မိသာမမိလိုက်တာ “
“မှန်ပါ။ အဆောင်ရောက်ရောက်ခြင်း ဓမ္မာရုံစောင့်ကို စီးသွားဖို့ပြောပြီး ကုဋီထဲမှာ ချွတ်ထားခဲ့ဖို့ ငါးမိနစ်အတွင်းခိုင်းလိုက်တာပါဘုရား “
“ နောက်မလုပ်နဲ့ ၊ သွားတော့ “ ဟု မိန့်လေတော့သည်။

နောက်မလုပ်နဲ့ ဆိုသော်လည်း နားမထောင်ခဲ့သော တပည့်မိုက်အတွက် အကြိမ်ကြိမ် စိတ်ရှည်တော် မူခဲ့ရသော ဆရာသည်ကို ရိုကျိုးဦးခိုက်လိုက်ရပါ၏။

မန္တလေးကြီးရဟန်း မလုပ်တတ်တာ သိပ်မရှိ။ မလုပ်ချင်တာသာရှိ၏။ ယခု ခြင်းမခတ်တော့။ ခြင်းလုံးဝယ်ပြီး မလှူကြရန် မေတ္တာရပ်ခံလို၏။

( ပါချုပ်ဆရာတော် ဦးသုစာရိန္ဒာလင်္ကာရအား ဤစာဖြင့် ဦးခိုက်ပါ၏။ စကားချပ်)

 သီဟနာဒ
(12-Nov-2011)


(images from internet)

Post a Comment