"လွတ်လပ်စွာ" ခေါင်းစဉ်အောက်မှာ ဘာညာ၊ ဘာညာ


ယနေ့ ဘာသာရေးနှင့် ပတ်သက်ပြီး အနည်းငယ် တို့ထိကြည့်ချင်သည်။
တလောလေးကပင် ရန်ကင်းတောင်ခြေရှိ၊ ဇင်ဘုန်းကြီး ဘောင်ဘီပြာ ဦးဉာဏကို ခဲခဲပျစ်ပျစ် ဝေဖန်ရေးသားထားသော ဆောင်းပါတစ်ပုဒ် ဖတ်လိုက်ရ သည်။ ရေးသူက ဘာသာရေးနယ်မှာ သိက္ခာရှိသူဟု ယူဆ၍ရသော ကလောင် တစ်ချောင်းဖြစ်သည်။ လွတ်လပ်စွာယုံကြည်ကိုးကွယ်မှု ခေါင်းစဉ်အောက်၌ သူ့ယုံကြည်မှုကို ကျုန်ုပ်တို့ နားလည်မှု ပေးမထားသင့်ပေဘူးလား။ သူ အဆုံးအမကို နှစ်ခြိုက် လို့ လိုက်နေသူများကိုလည်း ပြောစရာ အထွေအထူးမရှိဟု ထင်ပါသည်။

သူသည် ထေရဝါဒ မဆန်၊ ဇင် ဆန်သောအဓိပ္ပါယ် ပြန်ဆိုမှုများဖြင့် နေ ထိုင် ပြောဟောနေသူသာဖြစ်သည်။ ကျွန်ုပ်တို့ သိထားသင့်သည်က ဇင် ဗုဒ္ဓဘာသာသည်လည်း ကမ္ဘာမှာ တူတူတန်တန် နေရာတစ်ခု၊ အထူးသဖြင့် အနောက်တိုင်း လူဖြူများအကြား အခိုင်အမာ နေရာရယူထားသော အသွင်ကွဲ ဗုဒ္ဓဘာသာတစ်ခုသာဖြစ်ပါသည်။ ဇင် ဗုဒ္ဓဘာသာအကြောင်း
ဟောပြောကာမျှဖြင့် သာသနာဖျက်ဆိုပြီး ပုတ်ခတ်စွပ်စွဲနေလျင် ကျွန်ုပ်တို့ ကိုယ့်ယုံကြည်မှုကို တွယ်ဖက်ထားပုံက တစ်ယူသန်လွန်း မနေပေဘူးလား။

ကမ္ဘာ့ ဘယ်နိုင်ငံမှာမဆို ဇင် ဗုဒ္ဓဘာသာအကြောင်း လွတ်လပ်စွာ ဟောပြော ခွင့် ရှိပါသည်။
အနည်းငယ်ပိုဆိုးသည်က ထို ဦးဉာဏကြောင့်ပင် သာသနာကွယ်တော့မလို ဆိုနေခြင်းပင်။ ဘာမှ မဆိုင်ပါ။ နှစ်ပေါင်း ၂၅၀၀ ရာကျော် ရှင်သန်ခဲ့သော၊ အတုမရှိဉာဏ်တော်ဖြင့် ဟောကြားခဲ့သော ဒေသနာတော်သည် ဦးဉာဏကြောင့်သော်လည်းကောင်း၊ ဇင် ဗုဒ္ဓဘာသာကြောင့်သော်လည်းကောင်း ကွယ်ပရန် လုံးဝအကြောင်း မရှိပါ။

ကျွန်ုပ်တို့ သိထားသင့်သည်က ထေရဝါဒဆိုရာမှာပင် ပိဋကတ်သုံးပုံ ကို ကြောရိုးအဖြစ်လက်ခံထားသည်သာတူညီပြီး အဓိပ္ပါယ် ပြန်ဆိုမှုများ၊ ကျင့်သုံးမှုများ ထပ်တူရှမနေဟူသည့်အချက်ဖြစ်သည်။ ကိုယ့် ယုံကြည်မှုကို ကိုယ်လေးစားသလို သူ့ယုံကြည်မှု၊ သူ့ အဓိပ္ပါယ် ပြန်ဆိုမှုကို လည်း လေး စားရမည် မဟုတ်ပါလား။
ဤ၌ အနည်းငယ်ထပ်ဆိုရန်ရှိသေးသည်။ သူက ဘုရားအဆုံးအမတွေကို သူ့ သဘောကျ ပြင်လိုပြင်၊ စွက်လိုစွက်ဆိုလျင်တော့ ငုံ့မခံသင့်။ တစ်ခုခု ပြော ရပေမည်။ သို့သော် မူရင်း မဟာပဋ္ဌာနသုတ်အပေါ် ဖွင့်ဆိုမှု မတူညီကာမျှဖြင့်၊ ဒိဋ္ဌေ ဒိဋ္ဌမတ္တံ ကို သဘောပေါက်လက်ခံပုံ မတူညီကာမျှဖြင့်တော့ သာသနာ ဖျက် စာရင်းထဲ မသွင်းသင့်သေးဟု ထင်ပါသည်။

သီအိုရီသဘောတရားပြီးလျှင် လက်တွေ့ကို ပြောချင်ပါသည်။ ပြည်ပမှာရှိ သည့် ကနဦးထေရဝါဒသာသနာပြုကျောင်းများ စတင်အခြေချချိန် ထိုထိုနိုင်ငံများရှိ အသွင်ကွဲ ဗုဒ္ဓဘာသာ ညီ၊ အစ်ကိုတို့၏ ငွေအား၊ စိတ်ဓာတ်အား စ သည့် အားပေးမှုများ မပါဝင်ဘဲ အောင်မြင်ဖို့ လုံးဝမဖြစ်နိုင်ပါ။ (မိမိတို့ မင်္ဂလ ဝိဟာရကျောင်း၊ မြန်မာကျောင်းကြီးတို့ စတင်စဉ်က မဟာယာန အကူ အညီ အများကြီး ရခဲ့ကြပါသည်) မဟာယာနဘုန်းကြီးတို့က ထေရဝါဒယဉ်ကျေးမှုဖြစ်သည့် ကထိန်ပွဲများကို တက်ရောက်သည်၊ လူများကလည်း ကထိန်သင်္ကန်းအလှူငွေများ ဗုဒ္ဓ ဘာ သာချင်း ညီရင်းအကိုလို စိတ်ဖြင့် အားတက်သရော ပါဝင်လှူဒါန်းကြသည်။ ကျွန်ုပ်တို့က အားမပေး၊ ဝေဖန်သည်။ မဟာယာနနှင့် ဇင် ကို စိတ်တိုင်း ကျ ဝေဖန်နေသည့် လစဉ်ထုတ် ဘာသာရေး မဂ္ဂဇင်းများရှိ (ခဲ့ဖူး) သည်။ အချိန်တွေ၊ ငွေတွေ၊ စက္ကူတွေ မကုန်ဘူးလား။

ကျွန်ုပ်ပြည်ထဲမှာရှိသည့် ဇင်၊ မဟာယာန ဗုဒ္ဓဘာသာစင်တာတို့ကို ညီရင်း အကိုစိတ်ဖြင့် ကျွန်ုပ်တို့ ဘယ်လောက် အားပေးကူညီမှု လုပ်နိုင်ကြပါသလဲ။ သူတို့ယုံကြည်မှုက မစစ်၊ မူရင်းမကျ၊ ဂရုစိုက်နေစရာမလို။ တို့ဟာကမှ အစစ်၊ မူရင်း၊ ဒီလိုလား။ သို့ဆိုလျင် ထိုအမြင်မျိုးဖြင့် ဗုဒ္ဓဘာသာသည် လည်း မြန်မာ့ ပထဝီနယ်ကို ကျော်ဖို့ အလွန်ခက်ခဲပေလိမ့်မည်။ "သူတော်ကောင်းဓာတ်၊ တရားမြတ်" စသော တရားသိမ်းဆောင်ပုဒ်တို့လည်း တစ်ချိန်က "မြန်မာ့အားကစား ကမ္ဘာလွှမ်းရမည်" ဆိုသည့် လေလုံးထွား ထွားဆောင်ပုဒ်နှင့်သာ တူနေပေလိမ့်မည်။

ဗုဒ္ဓဘာသာ ကမ္ဘာပြန့်နေသည့်အချက်ပင် အသွင်ကွဲ ဗုဒ္ဓဘာသာအနေနဲ့ သာ ပြန့်နေခြင်းဖြစ်ကြောင်း သတိမူသင့်ကြသည်။
အသွင်ကွဲ ဗုဒ္ဓဘာသာများသည် ညီ အစ်ကိုများဖြစ်သည်။ ညီအစ်ကို အချင်းချင်း ချစ်ခင် လေးစားကြဖို့ တစ်ယောက်နှင့်တစ်ယောက် ချွတ်စွတ် တူနေရန် မလို ပါ။ ရုပ်ချင်း ခွဲမရအောင်တူနေသည့် အမွှာများ ဖြစ်စရာ မလိုပါ။

ဘာသာပြန်ဆိုပုံ ကွဲလွဲမှုကို ပုံကြီးချဲ့ပြီး စွတ်စွဲပုတ်ခတ်နေရန် မသင့်တော့။ ယနေ့ခေတ်က လူတွေ တောင်းနေသည့် ဒီမိုကရေစီခေတ်၊ ကွဲလွဲခွင့် ရှိသော ခေတ်၊ ကွဲလွဲမှုကို (သဘောမတူရင်နေ) လေးစားရသော ခေတ်။

သီဟနာဒသည် ဇင်ဘုန်းကြီး ဘောင်ဘီပြာ ဦးဉာဏကို မသိ၊မတွေ့ဖူးပါ။ မှတ်ချက်။

Post a Comment