သစ္စာနယ်အဝင် ခရီးကြမ်း (သုံး) - ဥယျာဉ်မှားနေတဲ့ သစ်ပင်

"သာကိယ မင်းတစ်ပါးရဲ့ ရှေ့မှာ
လိပ်ပြာတောင်ပံနဲ့လူတွေ ခစားတယ်
သာကိယ မင်းတစ်ပါးရဲ့ နောက်မှာ
ကင်းမလက်သည်းနဲ့လူတွေ
လေးတင်ထားတယ်"

ခွင့်လွှတ်ပါ ခမည်းတော်
ကဏ္ဍကလည်း ဖွားဖက်တော်
ဆန္ဒလည်း ဖွားဖက်တော်
နန္ဒလည်း ဖွားဖက်တော်
ယသော်ဓရာလည်း ဖွားဖက်တော်
အလိုလိုပေါ်လာတဲ့ ရတနာတွေကပါသေး
ကဲ..ဒါဆိုရင်
ဘဝါဘဝက ဖွားဖက်တော် ဘယ်သူလဲ???

အဝိဇ္ဇာလား သင်္ခါရလား?
ဝိုးတဝါး
ဝိဉာဉ်လား နာမ်ရုပ်လား?
မကွဲပြား
သဠာယတနလား ဖဿဝေဒနာလား?
မထင်ရှား။

အကြောင်းတရား တို့မီး ရှို့မီးတွေနဲ့
ပြီးတော့မလိုနဲ့ တစ်ကပြန်စတာ ခံရ
ပဋိစ္စသမုပ္ပါဒ်ပြဇာတ်လို
အဝိဇ္ဇာက ကံ မကုန်တကုန်
သင်္ခါရက ဝတ်ရုံဝတ် (ခပ်တည်တည်နဲ့) နန်းတက်
လက်နေတဲ့ဝတ်ရုံ ခေါက်ရိုးမပြေခင်
ဝိဉာဉ် နာမ်ရုပ်က ပူးပေါင်းလုပ်ကြံ
ဘိသိက်ဝင်ခံတဲ့ဝိဉာဉ် နာမ်ရုပ်
သူတို့လည်း ခပ်လှုပ်လှုပ်ပါ။

ဝေဒနာနဲ့ ဖဿက
အာယတန အတွင်းလူခြောက်ယောက်နဲ့
မလွယ်ပေါက်က ထိုင်စောင့်နေကြရဲ့
ဝေဒနာမှ မရေမရာရှိတုန်း
တဏှာက ကြိုးတစ်ချောင်းနဲ့ လည်တဆန့်ဆန့်
ကဲ.....
တစ်ကန့်ဆင်း တစ်ကန့်တက်
ရက်ရက်စက်စက် ဒီဇာတ်ထဲမှာ
မြေဇာပင်ဘဝအမိုက်
ထန်းသီးကြွေခိုက် ကျီးနင်းခိုက်တဲ့လား??
မဖြစ်နိုင်လောက်ဘူး
ဖြစ်လို့လည်းမရဘူး။

ခွင့်လွှတ်ပါ ခမည်းတော်
ခမည်းတော်စောင့်ခဲ့ရတာက ဆယ့်ခြောက်နှစ်
အမောဖောက်နေတဲ့စင်္ကြဝဠာက လေးသင်္ချေကျော်။

ခွင့်လွှတ်ပါ ခမည်းတော်
သာကိယမင်းတစ်ပါးဟာ
တစ်ခါ တစ်ခါ
မဟာမြေရဲ့ သည်းခံမှုမျိုး
တစ်ခါ တစ်ခါ
အသားစားသတ္တဝါလိုရက်စက်
သူများနှလုံးသား မြားနဲ့ချိန်ခိုက်
အကုသိုလ်က ကိုယ့်ရင်မှာစိုက်နှင့်ပြီ။
အချိုးညီ ဓမ္မစရိုက်ကို
မသိယောင်ဆောင်
မိုက်တန် မိုက်ရတယ်။

သာကိယမင်းတစ်ပါးရဲ့ လက်ထဲမှာ
ကွေးကောက်လာမဲ့ လှံသွားတွေ
အားပေးအားမြှောက်လုပ်တယ်
သာကိယမင်းတစ်ပါးရဲ့ ရင်ဘတ်မှာ
လူဖတ်မခံဝန့်တဲ့
ဂူအောင်းသမိုင်းတွေရှိတယ်

သာကိယမင်းတစ်ပါးရဲ့ လက်မောင်းမှာ
ငါ ဆိုတဲ့ အတ္တအလံ
တထောင်းထောင်းလွင့်တယ်

သာကိယမင်းတစ်ပါးရဲ့ ရှေ့မှာ
လိပ်ပြာတောင်ပံနဲ့လူတွေ ခစားတယ်
သာကိယမင်းတစ်ပါးရဲ့ နောက်မှာ
ကင်းမလက်သည်းနဲ့လူတွေ
လေးတင်ထားတယ်။

သွားပါရစေတော့ ခမည်းတော်
ပုံရိပ်တစ္ဆေသုံးကောင်
နေ့ကြောင်တောင်ဝင်ခြောက်တဲ့နောက်
တစ်ယောက်တည်းက တစ်ဖက်
လောကကြီးက တစ်ဖက်
အမျက်သိုချင်
တစ်သက်စာသာ သိုလိုက်ပါတော့
ကာမနယ်ထဲက အဖေ့သားဟာ
တကယ်ကို
ဥယျာဉ်မှားနေတဲ့ သစ်ပင်ပါ။ ။

Post a Comment