Dirty job

အင်္ဂလိပ်စာမှာ Dirty ဆိုတဲ့စကားလုံးနဲ့ ပတ်သက်လို့ ကောင်းတဲ့ အဓိပ္ပါယ် ထွက်တာ တော်တော်နည်းပါတယ်။ Dirty hand၊ Dirty money စ သဖြင့်ပေါ့။ ဒါပေမဲ့ ထူးထူးခြားခြား Dirty job ဆိုတာကတော့ ချစ်စရာ ၊ လေးစားစရာ အဓိပ္ပါယ်ရှိနေတယ်။ သူများတကာ မလုပ်ချင်တဲ့ အလုပ်တွေ ကို Dirty job လို့ခေါ်တယ်။ ဒါတွေကို မဖြစ်လို့ အနစ်နာခံပြီး လုပ်နေရ သူေ တွကို Dirty job လုပ်နေရသူတွေလို့ ခေါ်ပါတယ်။ အဖွဲ့အစည်း တစ်ခုခုမှာဆို လူမကြိုက်တဲ့ သတင်း ထုတ်ပြန်ပေးရတာ၊ တစ်ယောက်ယောက်ကို အလုပ်ဖြုတ်ရတာ စတာတွေဟာ အများအားဖြင့် မျက်နှာပူစရာ၊ သိက္ခာကျ စရာတွေ ရှိတတ်တော့ လူတိုင်း လက်ရှောင်လိုကြပါတယ်။ မဖြစ်မှသာ လုပ်ကြရတာမျိုးတွေပါ၊ ဖြစ်နိုင်ရင် တစ်ယောက်ယောက်ကို လွှဲပေးလိုက် တတ်ကြတာပါ။

ဘောလုံးအားကစားမှာလည်း အဲသလို Dirty job လုပ်ရသူတွေရှိတယ်။ သူတို့က အလယ်တန်း ခံစစ်သမားတွေ ဖြစ်နေတတ်တယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်ဝန်းကျင်ကဆို ချယ်ဆီးက မိုက်ကယ် လီလီ၊ အာဆင်နယ်က ပက်ထရစ် ဗီယာရာ၊ မန်ယူက ရှိုင်ကိန်းတို့ဟာ စံပြတွေပါပဲ။ ရော်နယ်ဒိုတို့ ဆံပင်ပုံစံ မပျက်ခင် ရှိုင်ကိန်းရဲ့ ဘောင်းဘီ၊ အင်္ကျီတွေကတော့ ရွှံ့တွေ နဲ့ ပေပွနေတတ်တယ်။ အသင်းအတွက် အနစ်နာခံပြီး ဖျက်နေရတော့ အဝါတွေ၊ အနီတွေ ထိတာကလည်း မကြာခဏပဲပေါ့။ တကယ်တမ်း နာမည်တွေကို ယူသွားတာက ရော်နယ်ဒိုတို့လို ဂိုးသွင်းသူတွေဖြစ်နေ တတ်တယ်။ ဒါပေမဲ့ အသင်းရဲ့ ကျောရိုးကိုသိတဲ့ နည်းပြတွေကတော့ တိုက်စစ်မှူးကို ရောင်းချင်ရောင်းမယ်၊ ကျောရိုးကြီးတွေကို ရောင်းဖို့ ပို လက်တွန့်တတ်ကြတယ်။

မှတ်မိသေးတယ်။ ဘောလုံးလွတ်ထွက်သွားတာက ရော်နယ်ဒိုခြေထောက်ထဲက၊ ရော်နယ်ဒိုက ဒါကို လိုက်ဆယ်ကြည့်တယ်၊ မမီဘူးဆိုတော့ ခါး လက်ထောက်ပြီး ရပ်ကြည့်နေလိုက်တော့တယ်။ သူ့ကြောင့် ပျက်တဲ့ဘောလုံးကို အနာခံပြီး လိုက်ဆယ်ရတာက ရှိုင်ကိန်းတို့ပေါ့။ ဒါက သူ့တာဝန်လို ဖြစ်နေတာကိုး။

အဲသလိုပါပဲ။ ကျနော်တို့ ဘဝတွေထဲမှာလည်း တချို့လူတွေကြောင့် ပျက် သွားတဲ့ ဘောလုံးကို တချို့လူတွေက အနာခံပြီး လိုက်ဆယ်ရတာတွေ ရှိတယ်။ သူတို့ မှာ အဝါ အနီ အဆို အဆဲတွေလည်း ထိတတ်တယ်။ ဖြစ်နိုင်ရင်တော့ လူတိုင်းဟာ ရော်နယ်ဒိုလို ဆံပင်ပုံစံ မပျက် ကြွကြွလေး ကစားချင်တာပေါ့။ ဒါပေမဲ့ ရော်နယ်ဒို ၁၁ ယောက်နဲ့ ဘောလုံးအသင်း တည်ဆောက်လို့မှ မရတာပဲ။
Dirty job လုပ်နေရသူတွေဟာ အသင်း (အဖွဲ့အစည်း) အတွက် ဖြူစင် စွန့်လွှတ်ရဲသူတွေဖြစ်ကြပါတယ်။ နှလုံးသားသေးရင် လုပ်လို့မရဘူး။

တိုက်တိုက်ဆိုင်ဆိုင် ကိုတိုးကြီးရဲ့ ခွန်အားဖြည့် မိငယ် သီချင်း အလိုလို ပါးစပ်ထဲရောက်လာတယ်
"အများအကျိုးအတွက် တာဝန်ထမ်းရွက်တဲ့အခါ တကယ် ကိုယ်ကျိုး စွန့်နိုင်မှ"