***ပုန်းနေရတဲ့ ဒေသနာတော်***

စဉ်းစားကြပါအုံး
ကမ္ဘာကြီးက လုံးပြီး ဝိုင်းနေတော့
ညောင်ဦးဖက် ကမ်းပြိုပြီးရင်
စမ္ပာနဂိုရ်ကို ရေဆက်တိုက်စားတယ်။

"အပြစ်ရှိသူ ဆယ်ယောက်လွတ်နေပါစေ
အပြစ်မဲ့သူ တစ်ယောက်ကို မဖမ်းမိပါစေနဲ့"
ပုလိပ်တွေ ရွတ်ဖတ်တဲ့ အစ်သစ်စကား
နားနဲ့ဆတ်ဆတ် တို့ကြားဖူးတယ်။

ဘင်လာဒင် လွတ်ချင် လွတ်ပါစေ
တို့ ကွန်မန်ဒိုတစ်ယောက်ရဲ့အသက်
ပွဲမထွက်ခင်ကပဲ စိုးရိမ်နေရရင်
အနေအထားကို ခဏစောင့်ကြည့်
သတိ...သတိ....သတိ
အဟုတ်ရယ်
ဘင်လာဒင် တကယ်မိတော့
ကွန်မန်ဒိုသွေးတစ်ပေါက် မြေ မသောက်လိုက်ရဘူး။

တကယ့် စစ်ပွဲကြီးတွေမှာတောင်
ဟိုး အရင်ကလို နိုင်ပြီးရော မဟုတ်တော့ဘူး။

ကိုယ့်လူ အသေအပျောက် မရှိဖို့
ကိုယ့်လူ အသေအပျောက် နည်းဖို့
ပြီးတော့
သူ့လူပါ အသေအပျောက် နည်းဖို့
တွက်ကြ ချက်ကြ
ရှောင်မရတဲ့ စစ်ပွဲမှာတောင်
အက်သစ်တော့ ရှိကြရတယ်လေ
သေသူတွေက အပြစ်မဲ့သူတွေ ဖြစ်နေတတ်လွန်းလို့။

ဥရောပက ဗုဒ္ဓဘာသာလက်သစ်တွေ
ဟစ်တလာကလွဲရင်
ဟစ်တလာ စစ်သားငယ်ကိုတောင် မပစ်နိုင်ဘူးဆိုလို့
ကွန်ထရိုဗာရှယ်တွေ ဖြစ်လို့။

အမေရိကလား
ဂျပန်လား
ဂျာမဏီလား
စင်္ကာပူလား
ကမ္ဘာ့နိုင်ငံတိုင်းမှာလည်း
"ဝံသာ" တော့ "နု" ကြပါတယ်
ဒါပေမဲ့
ဦးနုခေတ်က "ဝံသာ" နု သလိုတော့မဟုတ်ဘူး
အနုနည်းနဲ့ ပညာပါပါနုကြတယ်။

ညောင်ဦးက ကမ်းပြိုတာတွေ
စမ္ပာနဂိုရ်မှာ ရေနစ်နေသူတွေ
ဒါတွေ ဒါတွေကို
ထိတ်လန့်စွာ တွေ့နေရတော့
"ကောဓေန ကောဓံ
ဒေါသေန ဒေါသံ"

ဘုရားရှင်ရဲ့ ဒေသနာအမှန်လည်း
နေရာမမှန်ဘူး အဆိုခံရမှာ စိုးထင်ရဲ့
စာအုပ်ထဲက ထွက်မလာရဲရှာဘူး။



ခက်ဆစ်
ကွန်ထရိုဗာရှယ်=အငြင်းပွားဖွယ်
ကောဓေန ကောဓံ=အမျက်ကို အမျက်ဖြင့်
ဒေါသေန ဒေါသံ= ဒေါသကို ဒေါသဖြင့် (ကိစ္စမပြီး၊ မအောင်မြင်နိုင်ရာ)

Post a Comment