ကဆုန် ဝါဆို

ကဆုန်လပြည့် (Wesak Day) ရောက်တိုင်း မေးတတ်ကြ သည့် မေးခွန်း က မြန်မာပြည်မှာလည်း ဒီလိုပဲ ကြီးကြီးကျယ်ကျယ် ကျင်းပကြသလား ဆို သည့် မေးခွန်းဖြစ်သည်။
"Yes." ဟုဆိုက အလွယ်တကူ ပြီးနိုင်သော်လည်း အဖြေက အနည်းငယ် လိုနေသလိုပင်။ ကမ္ဘာ့ဗုဒ္ဓဘာသာများကြား၌ ဤနေ့ (ကဆုန်လပြည့်) က အထူးခြားဆုံး အကြီးကျယ်ဆုံးဖြစ်ပြီး ဝါဆိုလပြည့်က တကယ့်ကို သာမန် သာဖြစ်သည်။ မြန်မာပြည်မှာ ကဆုန်လပြည့်နှင့် ဝါဆိုလပြည့်က သူမသာ ကိုယ်မသာဖြစ်သည်။ မင်းကွန်းဆရာတော်ကြီး ဩဝါဒ မချွေခင်က ဝါဆို လပြည့်ကပင် ပို၍စည်ကားသယောင် ထင်မိသည်။
(ညောင်ရေ သွန်းရင်း ယေဓမ္မာ ဟေတုပ္ပဘာဝါ စသော ဥဒါန်း ဂါထာတော် များ၊ ပဋိစ္စသမုပ္ပါဒ် အနု၊ ပဋိလုံများ ရွတ်ဖတ်ကြလျှင် ပို၍ အကျိုးများဖွယ် ရှိသည်၊ ညောင်ရေ သွန်းခြင်းက မြန်မာ့ယဉ်ကျေးမှု သက်သက်သာဖြစ်၍ အဖျားကျပြီး ဥဒါန်းဂါထာတော်များက ဗုဒ္ဓနှင့် တိုက်ရိုက်ဆက်စပ်သဖြင့် အရင်းကျသည်)

ထိုအခါ ကဆုန်လပြည့်နှင့် ဝါဆိုလပြည့်ကို ဘာကြောင့် တန်းတူထားရတာ လဲ (စည်ကားစွာ ကျင်းပတာချင်း တူရတာလဲ) ဟူသော မေးခွန်းလည်း တက်လာတတ်သည်။
ကိုယ့် ဉာဏ်မီသလောက်ကြည့်မိတော့ ယဉ်ကျေးမှုကို အဓိက တွေ့ရသည်။ ရဟန်းတော်အရေအတွက် အခြားနိုင်ငံတွေထက် ပိုများနေခြင်းကြောင့် အရှင်တို့ ဝါဆိုရာနေ့၌ တစ်နွယ်ငင် တစ်စဉ်ပါ ဝါဆိုလပြည်မှာ ကျောင်းကန် ဘုရားတွေမှာ စည်ကားတာ ဖြစ်တန်ရာ၏ ယူဆမိသည်။

ထိုအခါ ဓမ္မစကြာတရားဟောတာ၊ ဝါဆိုဝါကပ်တာလည်း အရေးကြီးပါတယ်၊ ဒါပေသည့် ဘုရားအလောင်း ဖွားမြင်တာ၊ ပရိနိဗ္မာန်စံဝင်တာ၊ အထူးသဖြင့် ဘုရားအဖြစ်ရောက်ရှိတာလောက်တော့ အရေးမကြီး ဆိုသည့် မေးခွန်းလည်း ရှိလာတတ်ပြန်သည်။

ဤမေးခွန်းကိုတော့ ခေတ်စကားနဲ့ပဲ ရယ်စရာလို ဖြေမိသည်။ ကဆုန်လပြည့်မှာ ဘုရားဖြစ်တာပဲ ရှိသေးသည်၊ သတ္တလောက အတွက် ဘာမှ မလုပ်ရသေး၊ ရာထူး ခန့်အပ်၊ လက်ခံ သည့်သဘောသာရှိသည် ။ အော်ဖစ် ရှယ်လီ တကယ် အလုပ်စတာကတော့ ဝါဆိုလပြည့်နေ့မှသာဖြစ် သည်။ ဒါကြောင့် မြန်မာ့ ယဉ်ကျေးမှုမှာတော့ ဒီနှစ်ရက်ဟာ တန်းတူ အရေး ကြီးကြသည်ဟု ရယ်စရာလိုလို ဆိုမိသည်။
နောင်နှစ် ကဆုန်လတွေ ရောက်လျင်လည်း အခြား အခြား ပုဂ္ဂိုလ်တွေ က မေးကြဦးမှာ သေချာပါသည်။ သင်ကော ဘယ်လိုထင်ပါသလဲ။
အကြံဉာဏ်ကောင်းများ ရလျှင် လိုချင်ပါသည်။ ကျေးဇူးလည်း တင်ပါသည်။

Post a Comment