သူတို့အတွက် ချမိသည့် သက်ပြင်း

စင်္ကာပူလာစဉ် အင်္ဂလိပ်စကားလုံးဝ မပြောတတ်သည့် နောင်တော် ရဟန်း တစ်ပါးက ယခင်ကအမြင်နှင့်တိုင်းတာပြီး မှတ်ချက်ပေးသည်။
"အရင်ကဆိုရင် မင်းနဲ့ တရုတ်တွေနဲ့ ဒီထက်ပိုပြီး ပြုံးပြုံးရွှင်ရွှင်ရှိတယ်၊ အခု အဲသလိုမဟုတ်တော့ဘူးလားလို့" ဟု ဖြစ်သည်။
သူ့ကို ခပ်တိုတိုတော့ဖြေမိသည်။
"အရင်က တပည့်တော်က ဆုံးဖြတ်ရတဲ့ နေရာမှာမဟုတ်ဘူး၊ တာဝန် ဒီလောက် မရှိဘူး။ လူတိုင်း ချစ်အောင်နေလို့ရတယ် ဘုရား၊ အခု အခြေ အနေက ဆုံးဖြတ်စရာရှိရင် ရဲရဲဆုံးဖြတ်ရတော့ မကြိုက်သူ၊ သဘောထား မတိုင်ဆိုင်သူတွေ ရှိနေမှာပေါ့၊ အရေးကြီးတာက အများစု လက်ခံနေဖို့ပါပဲ" ဟူ၍သာ ဖြစ်သည်။

ရဟန်းမှာလည်း စိတ်ဖိစီးမှုရှိသည် ဆိုလျင် လူမျိုခြားကြား မနေဖူးလျှင် အထူးအဆန်း ဖြစ်နိုင်သည်။ မြန်မာပြည်မှာတော့ ကျောင်းတစ်ကျောင်းမှာ ဆရာတော်က အချုပ်ဖြစ်သည်။ ဟင်းကို ဘယ်လိုချက်ရတယ်ဟု ဆရာတော် ကဆိုလျင်ပင် နေ့တိုင်း ဟင်းချက်နေသော ဒကာမက နားထောင်တတ် သည်။ နိုင်ငံခြားတွေမှာတော့ ဆရာတော်၏ ဗွီတိုအာဏာက အကန့်အသတ် ရှိသည်။ ပို၍ ဒီမိုကရက်တစ်ဆန်လာသည်။ လူတိုင်း ပြောခွင့် ဝေဖန်ခွင့်ရှိသည်။ ကောင်းသည်ဟု ယုံကြည်မိသည်၊ ကိုယ့် အားနည်းချက်ကိုလည်း သိလို့ရသည်။

မိမိအရင်နေသွားသည့် ဆရာတော်က ဒါတွေတော့ ငါရှိစဉ် ပြောင်းလဲသွား မည်ဟု မိန့်သည်။ ထို့ကြောင့် သူ့ကိုပင် အရှင်ဘုရားက အဲဒါတွေ မပြောင်း လဲခင် အရှင်ဘုရားကို သူတို့က အရင်ပြောင်းသွားလိမ့်မယ် ဟု ရယ်စရာ ပြန်လျှောက်မိသည်။ ဤကျောင်း၏အဓိပတိ ဆရာတော်ကြီးက ၂၀၀၂ ခုမှာ ပျံတော်မူသည်။ သူရှိစဉ် အရာအားလုံးက သူ့ခြေသူ့လက်၊ တပည့်တွေကလည်း ငယ်မွေးခြံပေါက်ချည်းဖြစ်သည်။ ထို့ကြောင့် ပွဲလမ်းရှိလို့ ဘုန်းကြီးပင့်လျှင်ပင် ဘယ်နေ့ မင်းတို့ ဆွမ်းစားလာခဲ့ကြ ဟု ဖီတ်ကြားလိုက်ရုံသာ။ ကား အကြိုအပို့က ဘယ်လိုလဲ စသည့်မေးခွန်းမျိုး မည်သူမှ မမေးရဲကြ။ စ ရောက်စဉ်ကတည်းက ဆရာတော်ကြီး မရှိတော့ သည့်နောက် ဒါတွေတော့ ပြင်သင့်သည်ဟု ခံစားမိသည်။ သို့သော် ကိုယ့်မှာ တာဝန်မရှိသေးတော့ ရေလိုက်ငါးလိုက်သာ နေလိုက်သည်။ အမှန်မူ ရေ လိုက်ငါးလိုက်နေခြင်းက လူမုန်းနည်းသည်။ သို့သော် ရေလိုက်ငါးလိုက်စနစ်က တာဝန် တကယ်ရှိလာလျင် ကျင့်သုံးဖို့ ခက်လာသည်။

ပြောင်းလဲရေးဟူသည် လွယ်ကူလှသော ကိစ္စမဟုတ်၊ သူတို့ အရိုးစွဲနေသော အမြင်၊ အမူအကျင့်ကို ချက်ချင်းစွန့်လွှတ်ဖို့ကခက်သည်။ မှန်တယ်ထင်သောကြောင့် ဖြစ်သလို အတ္တကြောင့်လည်း ဖြစ်နိုင်သည်။ ဤ၌ ဒေါ်စုပြောသည့်စကားတစ်ခွန်းကို သတိရမိသည် " ပြောင်းလဲမှုဟာ မြင်သာရမယ်၊ ညင်သာရမယ်" ဖြစ်သည်။ မှန်လှသည်။

အရင်က ဆရာတော်လို ပါးစပ်ဖြင့် ဖွင့်မပြောမိသော်လည်း ပြောင်းလဲသင့် သည်ထင်သောကိစ္စအချို့ကို ပြင်နိုင်ခဲ့သည်ဟု ယုံကြည်မိသည်။ ပင့်သံဃာများ ကား အကြို အပို့ကိစ္စ၊ သံဃာများ (အတွင်းသိ၊ အပြင်သိဆို လျင်) ညအိပ်ညဉ့်နေ လက်ခံခြင်း၊ အလှူခံငွေများ အခြားဌာနတွေကို လှူဒါန်း ရာ သသံဃာ၏ သဘောတူညီချက်ရယူဖို့၊ ဗုဒ္ဓဘာသာကို သင်တာဆိုလျှင် ဘယ်ဘာသာစကားနဲ့ သင်သင် လက်ခံဖို့ စတာတွေ ဖြစ်သည်။ သူတို့ လက်ခံအောင်လည်း ပြောရသည်။ လီကွမ်းယု ယနေ့ ဝန်ကြီးချုပ်ဆိုလျှင်ပင် တချို့ ဥပဒေတွေ ပြောင်းကို ပြောင်းရမည်၊ ထို့အတူ ဆရာတော်ကြီး သက်ရှိ ထင်ရှားရှိနေဆဲဆိုလျှင်လည်း တချို့ စည်းကမ်းတွေကို ပြောင်းရတော့မည် စသဖြင့် ခပ်မာမာ ပြောရသည်။ စီမံခန့်ခွဲသည့် ဂေါပကလူကြီးတွေက လက်ခံကြ၏။ ထို့ကြောင့်လည်း အလုပ် ဆက်လုပ်လို့ ရနေခြင်းဖြစ်သည်။

ဤကျောင်းက စုံ၏။ တရုတ်ရှိသည်၊ တရုတ်ဆိုရာ၌ အင်္ဂလိပ်စကားပြော တရုတ်၊ မင်ဒရင်း စကားပြော တရုတ်ရှိသည်၊ သိရိလင်္ကာတွေ ရှိသည်၊ ယခု မြန်မာရှိသည်။ လုပ်ငန်းတွေအနေနဲ့ကြည့်လျှင် ဆန်းဒေးစကူးရှိသည်၊ ပါဠိကောလိပ်ရှိသည်၊ အရွတ်အဖတ် သင်တန်းများရှိသည်၊ တရုတ်လို၊ အင်္ဂလိပ်လို အလွတ်သင်တန်းများရှိသည်၊ ဝိပဿနာသင်တန်းရှိသည်၊ စုံလှ ၏။ ဘုံဆိုင် ဥပဒေမရှိလျှင် တစစီကွဲသွားမည်။ ထိုအခါ ပြတ်ပြတ်သားသား ပြောဆို ဆုံးဖြတ်ရ၏။ ဥပဒေ ချမှတ်ကြရ၏။
ထို့ကြောင့် ဒီ မြန်မာရဟန်းလက်ထက်မှာ ဒီလိုတွေလုပ်၊ ဒါတွေပြောင်း ဆိုသူတွေလည်း ရှိနိုင်ပါ၏။ အမှန်က ကော်မတီနှင့် ဆွေးနွေးပြီးမှ လုပ် လို့ ရသည်။ ကော်မတီကလည်း ဘုန်းကြီးနှင့် တိုင်ရသည်။
အထက်ပါ နောင်တော်ရဟန်းမိန့်သော စကားများလည်း ဤ လူများကို ရည်စူးဟန်တူပါသည်။

ဤသည်မှာ သာမန် ကျောင်းတစ်ကျောင်း၏ ခေါင်းဆောင်လွန်ကာလ ကို ပြောင်းလဲနေပုံ၊ ပြောင်းလဲကြရပုံဖြစ်ပါသည်။ မလွယ်ပါ။ အရေး ပါ သည့် ကော်မတီ ( ဂေါပက) ဥက္ကဋ္ဌနှင့် အခြားပုဂ္ဂိုလ်များကိုယ်တိုင်၊ မိမိ ကိုယ်တိုင် ဆုံးရှုံးသွားသည့် အပြုံးမျက်နှာတချို့ ရှိနိုင်ပါ၏။ သို့သော် ဤ အရာတို့သည် မိမိတို့ယုံကြည်ရာကို ပြောင်းလဲဖို့အတွက် ပေးလိုက် ရ သည့် လျော်ကြေးဟု မှတ်ယူကြရပါတော့မည်။ အမှန်မူ သီဟိုဠ်ကျောင်းမှာ မြန်မာဘုန်းကြီး ကျောင်းထိုင်တင်သည်ဆိုကတည်းက ဂေါပကဖက်က ပြောင်းလဲမှု စခဲ့ခြင်းဟု ဆိုနိုင်သည်။

ဤသည်မှာ သာမန် ကျောင်းတစ်ကျောင်း၏ ခေါင်းဆောင်လွန်ကာလ ကို ပြောင်းလဲရာ၌ အခက်အခဲတို့ဖြစ်သည်။ မလွယ်လှပါ။

သို့ဆိုလျှင် နိုင်ငံအလိုက် ပြောင်းလဲနေသော၊ ထို တာဝန်ကို အဓိက ယူထား ရသော သမ္မတကြီး ဦးသိန်းစိန်အတွက်လည်းကောင်း၊ အကြည်ညိုခံ၊ အလေးစားခံ ဘဝမှ တကယ့်ပြောင်းလဲရေး ရေစီးထဲ စီးဝင်လိုက်ရ သည့် ဒေါ်စုအတွက်လည်းကောင်း စာနာစွာ သက်ပြင်းချလိုက်မိ၏။
သေးလျှင် သေးသလို၊ ကြီးလျှင် ကြီးသလို လွယ်ကူသော ပြုပြင်ပြောင်း လဲရေးဟူသည် မရှိပါ။
လူတိုင်းလက်ခံဖို့မလို၊ ၅၅ ရာခိုင်နှုန်းလက်ခံလျှင် ခေါင်းဆောင်ဖြစ်နိုင်ကြ ပါသည်။