“လူတွေကို မုန်းတဲ့ရောဂါ”

        ဂရိဖလော်ဆော်ဖာ ဟေရာလီတပ်စ်(Heraclitus) က ကျွန်တော့် ဖေးဗရိတ်တွေထဲကတစ်ယောက်ပေါ့။ သူ့အိုင်ဒီယာတွေကြောင့်တော့ မဟုတ်ပါဘူး။ သူက တကယ့်ကို လူထူးဆန်းကြီးဖြစ်နေလို့ပါ။ သူ့မှာ နက်နဲတဲ့ အတွေးအခေါ်တစ်ချို့ရှိတယ်ဆိုတာတော့ မငြင်းပါဘူး။ သူဟာ စံပြ စိတ်လက်တစ်သစ် အဖိုးကြီးတစ်ယောက်ပါ။ သူနေခဲ့ရတာကလည်း အူကြောင်ကြောင်လူတွေ၊ လာဘ်ပေးလာဘ်ယူသူတွေ၊ ကိုယ်ကျင့်တရားပျက်နေသူတွေကြောင့် အမြဲစိတ်နောက်စရာကောင်းတဲ့ နေရာမှာပါ။ ဒါတွေကို မခံနိုင်တော့တဲ့နောက်ဆုံး လူတွေနဲ့ဝေးရာ တောင်တန်းတွေဆီ တစ်ယောက်တည်း ထွက်သွားခဲ့တယ်။ စားစရာဆိုလို့ မြက်နဲ့ သစ်ရွက်ပဲရှိတယ်။ ဒါပေမယ့် ဒီသဘာဝနဲ့အတူ ရှင်သန်နေရတဲ့ လိုက်(ဖ်)စတိုင်က သူ့ကို သဘောမတူနိုင်ခဲ့ဘူး။ ရောဂါတွေရပြီး မြို့ကိုပြန်လာခဲ့ရတယ်။

    မြို့ရောက်လို့ ဆရာဝန်တွေကိုပြကြည့်တော့လည်း သူ့ရောဂါကို ဘယ်သူမှ အမည်မဖော်နိုင်ဘူး။ ဒါကလည်း အံ့သြစရာတော့ မဟုတ်ပါဘူး။ သူ့ရောဂါအကြောင်း သူပြောပြနေတာကကို ပဟေဠိဆန်ဆန် ရှုပ်ထွေးနေတာကိုး။ နောက်ဆုံးအဖြေရှာလို့မရတော့ သူ့ရောဂါကို သူကိုယ်တိုင်ကုဖို့ ကြိုးစားခဲ့တယ်။ ကြိုးစားပုံကလည်း စိတ်ဝင်စားစရာတော်တော်ကောင်းတယ်။ နွားခြံထဲမှာအိပ်ပြီး နွားချေးတွေနဲ့ သူ့ကိုယ်သူ ဖုံးထားလိုက်တယ်။ သူ့ရောဂါတော့ ပျောက်မသွားဘူး၊ သူပဲ သေဆုံးသွားခဲ့ရှာတယ်။ တော်တော်စိတ်မကောင်းစရာပါ။ လူတွေ အတူတကွ ပူးပေါင်းလက်တွဲရေး၊ လူ့အဖွဲ့အစည်းမှာ ဟာမိုနီရှိရေးဆိုတဲ့ ဒဿနတွေနဲ့နေခဲ့တဲ့ လူကြီးတစ်ယောက်။ အဲသလို ဘဝဆုံးသွားရတာဟာ ကြေကွဲစရာပါ။

        တကယ်တော့ ဟေရာလီတပ်(စ်) ဟာ misanthrope လို့ခေါ်တဲ့ လူတိုင်းကိုကြည့်မရ၊ လူတိုင်းကို မယုံကြည်တဲ့ရောဂါရဲ့ ပြည့်စုံတဲ့ တက်(စ်) ဘုတ်ကြီးတစ်ခုပါ။ သူလိုပဲ လူ့အဖွဲ့အစည်းကနေကျဉ်ခွါ၊ မြက်သစ်ရွက်ကိုပဲစား၊ နွားချေးနဲ့ခြုံထားကြတဲ့လူတွေလည်း ရှိနေနိုင်တာပါပဲ။

        တစ်ခါက တစ်ကျောင်းတည်းအတန်းအတူနေခဲ့ရတဲ့ ကျောင်းနေဖက် အမျိုးသမီးတစ်ယောက်နဲ့ တွေ့ရတယ်။ အတိတ်ကိုသတိရပြီး အရင်က ကျောင်းနေဖက်သူငယ်ချင်းတွေနဲ့ ပြန်တွေ့ရရင်ကောင်းမှာပဲလို့ သူမကိုပြောမိတော့-

        “ ကျွန်မတော့ တစ်ယောက်နဲ့မှ မတွေ့ချင်ဘူး။ ကျောင်းနေဖက်တွေအားလုံးကို ကြည့်လို့ကို မရဘူး” လို့ သူမက ဆိုပါတယ်။
        နောက်တစ်ယောက်က အင်္ဂလန်ကပါ။ သူ့မှာ သွေးတိုးရောဂါရှိတယ်။ ဘာ့ကြောင့် သွေးတိုးရတယ် ဆိုတာ ဘယ်ဆရာဝန်မှ အဖြေထုတ်လို့မရဘူး။

        “ ဘာဖြစ်တယ်ဆိုတာ ငါတော့သိတယ်။ အိမ်မှာထိုင်ပြီး လူတွေအကြောင်းကို ထိုင်စဉ်းစားနေတာ။ ဒါနဲ့ ဒေါသတွေဖြစ်၊ သွေးပေါင်တွေတက်ဖြစ်လာတာ။ အကြောင်းက အဲဒါပဲလို့ ” မိတ်ဆွေက ဆိုပါတယ်။
        လူတိုင်းကို ကြည့်မရတဲ့ရောဂါ ဘာလို့ရတာလဲ။လူတွေက တစ်ယောက်နဲ့တစ်ယောက်မတူတော့ ဘာ့ကြောင့် လူတွေကို မုန်းတာလဲ၊ ဘာ့ကြောင့် လူတိုင်းကို မယုံကြည်နိုင်တာလဲဆိုတဲ့ အကြောင်းတရားတွေ အများကြီးကွဲပြားနေနိုင်တာပေါ့။ ဒီမစ်ဆင်(န်)သရောပစ်ရောဂါနဲ့ပတ်သက်လို့  အတော်ပြည့်စုံတဲ့အဖြေကို ပေးခဲ့တာကတော့ ဟေရာလိတပ်(စ်)ရဲ့နောက် နှစ်တစ်ရာလောက်မှာပေါ်လာတဲ့ ဂရိတွေးခေါ်ပညာရှင် ပလေတိုပါပဲ။

        သူက ပြောတယ်။
        “ ဒီရောဂါဟာ လူတစ်ယောက်ကို အကြွင်းမဲ့ယုံကြည်၊ အကြွင်းမဲ့ အားထားရာကနေ၊ ဒီလူဟာ ယုံကြည်စရာမကောင်းဘူး၊ အားထားစရာမကောင်းဘူးလို့ တွေ့မြင်လိုက်ရတဲ့အခါတွေမှာ ဖြစ်တာပါ။ အဲဒီကစပြီး လူတွေ့တိုင်း မုန်း၊ လူတွေ့တိုင်း မယုံကြည်ဖြစ်တော့တာပဲ” တဲ့။

        ဒီရောဂါဟာ လူတဖက်သားကို သဘာဝမကျ အလွန်အမင်းမျှော်လင့်ထားရာကနေ ဒီလိုမဖြစ်လာတဲ့ အခါမျိုးမှာလည်း ဖြစ်နိုင်ပါတယ်။ တဖက်သားကြောင့် မဟုတ်ပါဘူး။ ကိုယ့်မျှော်လင့်ချက်နဲ့ကိုယ် ဒုက္ခရောက်ရတာပါ။ ဒီလိုတွေဖြစ်လာတဲ့အခါ ကျွန်တော်တို့အများစုက လူတဖက်သားကို အတ္တကြီးသူ၊ ပျင်းရိသူ၊ ညှာတာမှု မရှိသူ၊ လေးလေးနက်နက်မရှိသူ၊ ခပ်ကြောင်ကြောင်လူ၊ ကျေးဇူးတရားမသိတတ်သူလို့ ထင်တတ်ကြပါတယ်။

        တစ်ခါတစ်ခါ သူများကြောင့် ကိုယ်စိတ်ပျက်ရသလို၊ ကိုယ့်ကြောင့်သူများ စိတ်အနှောင့်အယှက်ဖြစ်ရတာတွေလည်း ရှိတတ်ပါတယ်။ ဒါကိုသိထားပြီး အရှိအတိုင်းပဲ ကြည့်တတ်မြင်တတ်တာ ကောင်းပါတယ်။ စိတ်ထိခိုက်လွယ်တာပဲဖြစ်ဖြစ်၊ အကောင်းမြင်ဝါဒ နေရာအထားအသို လွဲတာပဲဖြစ်ဖြစ်၊ ဒါကိုသဘောမပေါက်ရင် စိတ်ပျက်စရာတွေက တိုးတိုးလာပြီး နောက်ဆုံးခါးခါးသီးသီး မုန်းတဲ့အဆင့်ကို ရောက်သွားတတ်ပါတယ်။ ဒီရောဂါကို ရှောင်ကျဉ်ဖို့ကတော့ သူများဆီက ဘာမှသိပ်မမျှော်လင့်တာပဲဖြစ်ပါတယ်။ လူတွေက ကိုယ့်အကြိုက်ကို လိုက်နေကြမှာမှ မဟုတ်တာ။ တကယ်ဆို ဆိုးဆိုးဝါးဝါးတောင် တုံ့ပြန်တတ်ကြတာပဲ။

        ဒါပေမယ့် လူတွေကို လေးစားထားဖို့လည်း လိုအပ်ပါတယ်။ ဘယ်လောက်ပဲဆိုးဆိုး ကောင်းကွက်လေးတွေတော့ ကိုယ်စီရှိနေတတ်ကြတာပဲ။

        ဒီအတွက် ဒတ်(ခ်ျ) အတွေးအခေါ်ပညာရှင် Baruch Spinoza ကတော့ “ ငိုလည်း မနေနဲ့၊ အရမ်းကြီးလည်း ကျေနပ်မနေနဲ့၊ နားလည်ဖို့သာ ကြိုးစား” လို့ ပြောထားခဲ့ပါတယ်။ တော်တော် အဓိပ္ပါယ်ရှိတဲ့စကားပါ။
 
*****

Gary Hayden ရဲ့ Why some people hate everyone ကို အဆင်ပြေသလို ဘာသာပြန်ထားတာပါ။ တကယ်တော့ ထူးထူးခြားခြားကြီး မဟုတ်လှပါဘူး။ ဗုဒ္ဓဘာသာအနေနဲ့ကတော့ “ ယံ ပိစ္စံ န လဘတိ၊ တမ္ပိ ဒုက္ခံ” ပါပဲ။ မျှော်လင့်တာတွေဖြစ်မလာတဲ့အခါနဲ့၊ မမျှော်လင့်တာတွေ ဖြစ်လာတတ်တဲ့အခါတွေမှာ ဖြစ်တတ်တာပါပဲ။ တစ်ခုရှိတာက ဗုဒ္ဓစာပေမှာ ဒေါသလို့ရှိပေမယ့်၊ misanthrope နဲ့ ထပ်တူကျမဲ့ စကားတော့ရှာရခက်ပါတယ်။ သူ့ရဲ့အဓိပ္ပါယ်က dislike and mistrust everyone ပါ။ ဒေါသရဲ့ အခြားနာမည်တစ်မျိုးဖြစ်တဲ့ အာဃာတနဲ့တော့ ဆင်တူတယ်လို့ထင်ပါတယ်။

        မမျှော်လင့်တာတွေဖြစ်တတ်တာနဲ့ ပတ်သက်လို့ ကြေကွဲဖွယ် အဖြစ်အပျက်လေးတစ်ခုလောက် မျှချင်ပါတယ်။ (၇၅) ကျပ်တန်တွေ တရားမဝင်ကြေငြာခဲ့တဲ့ ဦးစိန်လွင်လက်ထက်ကပါ။ ရှိစုမဲ့စုငွေတွေအားလုံးက (၇၅) ကျပ်တန်တွေကြီးပဲဆိုတော့ အဖိုးကြီးတစ်ယောက် စိတ်ဖောက်ပြန်သွားရရှာပါတယ်။ မကြမ်းပါဘူး၊ ယဉ်ယဉ်လေးပါ။ ယဉ်လွန်းလို့ သူ့ကိုတောင် သနားမဆုံးဖြစ်ကြရပါတယ်။ စိတ်ဖောက်ပြန်သွားတဲ့နောက် သူက ဘာစကားမှ မပြောတော့ဘူး။ သူ့ကိုဘာမေးမေး သူပြောတာက တစ်ခွန်းထဲပဲ-

        “ စိန်လွင့်နှယ် နောက်…တာ”
တဲ့။


 ဇင်ဝေသော်