တရံရောက မန်း အကြောင်း ( ရှော့တ်နုတ် )


လျှို့ဝှက် သစ်ပင်

၁၉၉၄၊ ၉၅ ဝန်းကျင်လောက်က ကားလမ်းဘေးအိမ်တွေက အိမ်ထဲမှာရှိတဲ့ သစ်ပင်ငယ်ငယ်တွေကို မိုးကာတွေ၊ ပလပ်စတ်အမည်းကြီးတွေနဲ့ မမြင်အောင် အုပ်ထား၊ ဖွက်( ဝှက် ) ထားတတ်ကြတယ်။
ထူးဆန်းချက်တော့။ ဖြစ်ပုံက ဒီလို။
စစ်ဗိုလ်ချုပ်မှုးကြီးက သူလာရင် မန္တလေးတောင်ဝန်းကျင်မှာ သစ်ပင်တွေနဲ့ စိမ်းစိုနေတာ မြင်ချင်တယ်ဆိုလို့ တဲ့။ မန္တလေး အရာရှိတွေက နေ့ချင်းညချင်း စိမ်းစိုအောင် အိမ်တွေထဲမှာရှိတဲ့ အပင်တွေကို ဖြေထိုးစက်နဲ့ ဝင်ကော်ပြီး မန္တလေးတောင်ဝန်းကျင်က လမ်းဘေးတွေမှာ စိုက်ကြလို့ တဲ့။ ( ဗိုလ်ချုပ် မှုးကြီး ပြန်ရင် ပြန်ပေးမှာပါ လို့ ပြောကြတယ် တဲ့၊ သစ်ပင်ငှားတာ၊ အဲ အမြစ်ပြန်ပါ မပါတော့ အာမ မခံနိုင်ဘူးပေါ့ )

မန္တလေးတောင် စိမ်းလန်းစိုပြေရေးအသင်း

ဒီအသင်းက လည်လည်းလည် ရယ်လည်းရယ်ရ တယ်။ ဆောင်းဝင်ပြီဆိုတာ နဲ့ မန္တလေးတောင် စိမ်းလန်းစိုပြေရေး ပရောဂျက်က သူတို့နဲ့ မဆိုင်သလိုပဲ။ တန်ခူး၊ ကဆုန်ရောက်ပြီဆိုတာနဲ့ ဆိုင်းဘုတ်တွေ အသစ်ပြန်ထောင်၊ ဘာ လုပ်၊ ညာလုပ်နဲ့ အဲဒီ ပရောဂျက်က အသက်ပြန်ဝင်လာပြန်ရော။ ခဏနေတော့ မိုးတွေရွာလာပြီး မန္တလေးတောင်ကြီးလည်း စိမ်းစိုသွားရော။ ပိုင်တယ်။
အဲဒါက နှစ်တိုင်း။ အခုရော အဲလိုပဲလားတော့ မပြောတတ်ဘူး။


ဇင်ဝေသော်

Post a Comment