ကချင်နဲ့ မြန်မာအစိုးရ၊ တရုတ်နဲ့ အမေရိကန် စစ်ဆင်ရေး

"ပဋိပက္ခ ငြိမ်းသွားတယ်။ ကချင်က ပေးတဲ့ ဒုက္ခမရှိတော့ဘူး။ ရေနံပိုက်လိုင်း အတွက်လည်း စိုးရိမ်စရာ မရှိတော့ဘူး။
ပဋိပက္ခ မငြိမ်းဘူး။ သူတို့တော့ (တရုတ်ပြည်အနေနဲ့တော့) ဒုက္ခ နည်းနည်း ခံရမယ်။ ဒီအတွက် အမေရိကန် မြန်မာ ဆက်ဆံရေး ပို တင်းမာလာနိုင်တဲ့ အကျိုးအမြတ် သူတို့ ရမယ်။
သေချာတာကတော့ ကချင်လက်နက်ကိုင်တွေနဲ့ မြန်မာစစ်တပ်က ကျည်ဆံချင်း ပစ်ခတ်နေချိန်မှာ တရုတ်နဲ့ အမေရိကန်တွေကလည်း ပေါ်လ စီချင်း ပစ်ခတ်နေကြတာပါပဲ။ "

မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးမှာ ပြည်တွင်းရေးတွေ ပါဝင်နေသ လို နိုင်ငံခြား ဆက်ဆံရေးတွေ လည်း ပါဝင်နေပါတယ်။ အထူးသဖြင့် တရုတ် ကိုပဲ မှီခိုနေရတဲ့ နိုင်ငံခြားရေး ပေါ်လစီဟာ လုံးဝ အလုပ် မဖြစ်နိုင်တော့ဘူး ဆိုတာတော့ အစိုးရအနေနဲ့ သေချာပေါက် သဘောပေါက်ခဲ့ပြီလို့ အခု အ တိုင်းဆို ပြောလို့ ရနေပါပြီ။

ဒီ ခပ်ဟဟ မြန်မာနိုင်ငံရဲ့ တံခါးပေါက်ထဲကို အထင်ကရ ဝင်လာတာက အမေရိကန်တွေ ဖြစ်နေတယ်။ ပြုပြင်ပြောင်းလဲ လာနေတဲ့ ပြည်တွင်းရေး ၊ နိုင်ငံခြားရေး မူတွေကြောင့်ဆိုပြီး ပိတ်ဆို့ထားတဲ့ စီးပွားရေး တံခါးတွေကို တစ်စချင်း ဖွင့်ပေးလာခဲ့တယ်။ လွန်ခဲ့တဲ့ နိုဝင်ဘာလက သမ္မတ အိုဘားမား ကိုယ်တိုင်ပင် သမိုင်းဝင် အလည်အပတ်ခရီး ရောက်လာခဲ့သေးတယ်။ အဲ့ဒီ အချိန်အထိ ဘာမှ ပြောသံဆိုသံ ကြီးကြီးကျယ်ကျယ် မကြားရသေးပါဘူး။

ဒီအသံတွေကို ထွက်လာအောင် ဆွပေးလိုက်တာကတော့ ကချင်လက် နက်ကိုင်အဖွဲ့နဲ့ မြန်မာစစ်တပ်အကြား လတ်တလော ဖြစ်ပွားနေတဲ့ အတိုက် အခိုက် ကိစ္စပါ။ ဒါလည်း ဖြစ်ရော အမေရိကန် အစိုးရဟာ မြန်မာအစိုးရ အပေါ် ထားတဲ့ သဘောထားကို ပြန်လည် စီစစ်သင့်ပြီ၊ စီးပွားရေး ပိတ်ဆို့ မှုတွေ ဖွင့်ပေးတာ၊ အိုဘားမား အလည်အပတ် သွားတာ စောလွန်းတယ် စတဲ့ လေသံတွေ သမ်းလာတယ်။

သူတို့ ဘယ်လိုပဲ ဝေဖန်ဝေဖန် အမေရိကန် အစိုးရကလည်း မြန်မာ အစိုးရ အပေါ် လက်ရှိ ထားထားတဲ့ ဆက်ဆံရေးမူဝါဒကို ပြန်လည် စီစစ်ဖို့ လေသံ လုံးဝ မဟပါဘူး။ ဒါတင် မကဘူး။ အရင်ကတည်းက အစီအစဉ် ရှိနေခဲ့တဲ့ ဒုတိယကမ္ဘာစစ်အတွင်းက ပျောက်ဆုံးခဲ့တဲ့ အမေရိကန်စစ်သား (၇၃၀) ကျော်နဲ့ ပတ်သက်တဲ့ သဲလွန်စတွေ ရှာဖွေဖို့ ဟာဝိုင်ယီ အခြေစိုက် အထူးစုံစမ်း စစ်ဆေးရေးအဖွဲ့ကို လွှတ်ဖို့ ရှိနေပါတယ်။ ဒါနဲ့ ပတ်သက် ပြီး နေမထိ ထိုင်မသာ ဖြစ်နေရှာတာက တရုတ်ပါပဲ။

ကချင်၊ မြန်မာကြား အပစ်အခက်နဲ့ ပတ်သက်လို့ တရုတ်မှာ ခံစားချက်နှစ်မျိုး ရှိနေနိုင်ပါတယ်။
၁။ ကချင်နဲ့ မြန်မာအစိုးရကြား ငြိမ်းချမ်းရေးလည်း ရစေချင်တယ်။
၂။ ငြိမ်းချမ်းရေးလည်း မရစေချင်ဘူး။

ကချင်နဲ့ မြန်မာအစိုးရကြား ငြိမ်းချမ်းရေး ရစေချင်တယ် ဆိုတာက တရုတ် အရေး သက်သက်ပါ။ ဒီစစ်ပွဲကြောင့် အနည်းနဲ့အများ တရုတ်ကိုလည်း သွား ထိပါတယ်။ အခု လက်ရှိမှာကိုပဲ ယူနန်ပြည်နယ်ထဲမှာ ထောင်ပေါင်း များစွာသော ကချင်ဒုက္ခသည်တွေ ပြေးဝင်လာကြတယ်။ ပြီးတော့ ဒေါ်လာ နှစ်ဘီလီယံ တန်ဖိုးရှိတဲ့ ရေနံပိုက်လိုင်းကိစ္စကိုလည်း မထိခိုက်စေချင်ပါဘူး။ ဒါ့ကြောင့် ဒီပဋိပက္ခ အမြန်ပြေလည်သွားဖို့ တရုတ်က ဆန္ဒရှိတယ်ဆိုတာ ငြင်းလို့ မရဘူး။

တစ်ချိန်တည်းမှာပဲ ဒီပဋိပက္ခကို ဒီအတိုင်းပဲ ရှိစေချင်ပုံ ရတယ်ဆိုတဲ့ သုံးသပ် ချက်ကိုလည်း ပညာရှင်တချို့က သံသယအဖြစ် ချန်ထားခဲ့ကြပြန်ပါတယ်။ ဒါကတော့ အမေရိကန် အစိုးရနဲ့ လုံးဝ ပတ်သက်နေပါတယ်။ ဆိုလိုတာက ဒီပဋိပက္ခ ငြိမ်းအေးသွားရင် အမေရိကန် မြန်မာ ဆက်ဆံရေးဟာ ပိုပြီး ချောမွေ့လာစရာ ရှိပါတယ်။ ဒီပဋိပက္ခက ဒီအတိုင်းပဲ ရှိနေမယ် (သို့မဟုတ်) ဒီထက် ဆိုးရွားလာမယ်ဆိုရင် တစ်နည်းမဟုတ် တစ်နည်း အမေရိကန်မြန်မာ ဆက်ဆံရေးကို ထိခိုက်လာနိုင်ပါတယ်။

တရုတ်ပြည်ရဲ့ ဒီသဘောထားကို ရိပ်မိတဲ့ အမေရိကန်တွေကလည်း မြန်မာနဲ့ သူတို့ ဆက်ဆံရေးဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးနဲ့သာ ဆိုင်ပြီး အခြားနိုင် ငံ တစ်နိုင်ငံနဲ့ (တရုတ်နဲ့) မြန်မာ့ ဆက်ဆံရေး အားနည်းသွားအောင် လုပ်လို တဲ့ဆန္ဒ လုံးဝမပါကြောင်း အစိုးရပိုင်းက ပြောလာတယ်။ သူတို့ ပြောတာတွေ ကိုလည်း တရုတ်ပြည်က မယုံကြည်ပြန်ဘူး။

ဒီထက်ပိုပြီး ကျယ်ကျယ်လောင်လောင် ဝေဖန်လာတာတွေကတော့ တရုတ်ပြည်က သတင်းစာ ဆောင်းပါးတွေပါ။

သူတို့အဆိုအရ အရှေ့တောင်အာရှနဲ့ မြန်မာနိုင်ငံမှာ ရှိနေတဲ့ တရုတ် စီး ပွားရေးနဲ့ တရုတ်မဟာဗျူဟာကို ဟန့်တားဖို့ အမေရိကန်တွေက ခြေသွက် လက်သွက် ဝင်ရောက်လာတာ ဖြစ်တယ် ဆိုတာပါ။

ဒီထက် ပိုပြင်းထန်တဲ့ ဝေဖန်သံက စောစောပိုင်းက ဖြစ်ပွားခဲ့တဲ့ လက်ပန်းတောင်း အရေးအခင်းမှာတောင် အမေရိကန်တွေရဲ့ လက်ချက် လုံးဝ မကင်းနိုင်ဘူးဆိုတဲ့ အချက်ပါ။ ဒီအချက်ကတော့ တရုတ် အမြင် နည်းနည်း ချော်နေတယ်လို့ ဆိုရမှာပါ။ လက်ပန်းတောင် အရေးအခင်း က ပြည်တွင်းက ပြည်သူတွေရဲ့ ဆန္ဒသာ ဖြစ်ပြီး အမေရိကန်တွေ ရဲ့ နိုင် ငံရေးပေါ်လစီ ဝင်ရောက် စွတ်ဖက်ခွင့် တော်တော်နည်းတယ်လို့ ဆိုရမယ် ထင်ပါတယ်။

လက်ပန်းတောင်ကိစ္စကို အမေရိကန်တွေရဲ့ စနက် မကင်းဘူးလို့ ကြံဖန် ဝေ ဖန်လို့ ရပေမဲ့ ကချင်လက်နက်ကိုင်တွေနဲ့ ဖြစ်ပွားနေတဲ့ ပဋိပက္ခကိုတော့ အမေရိကန်စနက် မကင်းဘူးလို့ ပြောလို့ လုံးဝ မရနိုင်တဲ့ အနေအထားမှာ ရှိပါတယ်။

ဒီတော့ ကချင်နဲ့ မြန်မာအစိုးရကြားက ပဋိပက္ခကိုတော့ တရုတ်က မြွေမသေ၊ တုတ်မကျိုးဝါဒကို ကိုင်ထားပါလိမ့်မယ်။

ပဋိပက္ခ ငြိမ်းသွားတယ်။ ကချင်က ပေးတဲ့ ဒုက္ခမရှိတော့ဘူး။ ရေနံပိုက်လိုင်း အတွက်လည်း စိုးရိမ်စရာ မရှိတော့ဘူး။
ပဋိပက္ခ မငြိမ်းဘူး။ သူတို့တော့ (တရုတ်ပြည်အနေနဲ့တော့) ဒုက္ခ နည်းနည်း ခံရမယ်။ ဒီအတွက် အမေရိကန် မြန်မာ ဆက်ဆံရေး ပို တင်းမာလာနိုင်တဲ့ အကျိုးအမြတ် သူတို့ ရမယ်။
သေချာတာကတော့ ကချင်လက်နက်ကိုင်တွေနဲ့ မြန်မာစစ်တပ်က ကျည်ဆံချင်း ပစ်ခတ်နေချိန်မှာ တရုတ်နဲ့ အမေရိကန်တွေက လည်း ပေါ် လစီချင်း ပစ်ခတ်နေကြတာပါပဲ။

 ဇင်ဝေသော်

Post a Comment