သေနတ်အကြောင်း ပြောကြည့်မယ်

အရင်ဆုံး ဂလိုဘယ် ပိုလိစ် အမေရိကန်တွေနဲ့ စ ချင်ပါတယ်။
အမေရိကန် လက်နက်သိုလှောင်ရုံတွေရဲ့ ဆောင်ပုဒ်က "When guns are outlawed, only outlaws will have guns."   တဲ့။

၁။ နယူး မက္ကစီကိုပြည်နယ် Vaughn  မြို့မှာ လူဦးရေ ငါးရာလောက် ရှိပါတယ်။ သူတို့အားလုံးဟာ ( ရဲ အရာရှိ နှစ်ယောက်က လွဲရင် ) လွတ်လွတ် လပ်လပ် တရားဝင် သေနတ် ကိုင်ဆောင်ခွင့် ရှိကြပါ သတဲ့။
အဲ ဒါပေမယ့် အဲဒီ ရဲ အရာရှိ နှစ်ယောက်ကတော့ အကြမ်းဖက်မှု သမိုင်းရှိနေတော့  သေနတ် ကိုင်ဆောင်ခွင့် မရှိကြပါဘူး။
အမှု အခင်းဖြစ်လို့ ရဲတွေက သတိပေးတဲ့ အခါ
" လက်ထဲက လက်နက်ကို ချလိုက်ပါ၊ မဟုတ်ရင် ကျနော်တို့က ပက်ပက် စက်စက် ဆဲရပါလိမ့်မယ် " တဲ့။

၂။ ဖိလ်ပိုင် နိုင်ငံ ရဲ့ သေနတ်ကိုင် ပစ်သတ်မှုက ဥရောပတိုက်ထက် ပိုများပါ သတဲ့၊ ပြီးတော့ နယူးယောက်မြို့ မူကြိုကျောင်းတွေက  သေနတ်ကိုင် ပစ်သတ်မှု ထက်လည်း  ပိုများပါ သတဲ့။
သူတို့ရဲ့ ခရစ္စမတ် လက်ဆောင်ကကို " Give your loved one a Handgun this Christmas. "  (ဟန်းဖုန်း မပေးကြပါ၊ ဟန်းဂန်းပဲ ပေးကြတယ် )

၃။ အိန္ဒိယ မှာလည်း နိုင်ငံရေး သမားတွေက လွဲရင်  သေနတ်ကိုင်ဆောင်ခွင့် မရှိပါဘူး။
ကိုင်ဆောင်ခွင့် ရလို့ ကိုင်ဆောင်သူတွေရဲ့ နောက်ကြောင်းကို ပြန်ကြည့်တော့ ရာဇဝတ်မှုတွေ စုံနေပါတယ်။ လုယက်မှု၊ ဓားပြတိုက်မှု၊ သတ်ဖြတ်မှု စတဲ့ အမှု ၁၈ မှု ရှိပါသတဲ့။
အဲဒီ ၁၈ မှု ထဲမှာ ဆံပင်ပုံစံ ကိုးယို့ ကားယား ညှပ်ထားလို့ ဆိုပြီး ပစ်သတ်လိုက်မှုတောင် ပါဝင်နေပါတယ်။

၎။ တရုတ်ပြည် မှာလည်း သေနတ်နဲ့ အခြားလူကို ပစ်ရင် သေဒဏ်ပါ။ ဒါပေမယ့် အစိုးရအတွက် ပစ်ပေးတာဆိုရင်တော့ ရာထူး နှစ်ဆင့် ခုန် တက် သွားပါတယ်။
(မစ္စတာ ဂျင်းမ် )

၅။ ဖြစ်နိုင်ရင် အကူအညီတောင်းချင်လို့ပါ။
ရွှေဝါရောင် တော်လှန်ရေးတုန်းက လက်ကိုင်ဖုန်းနဲ့ သေနတ် အကြမ်းဖက်သမားတော့ မြန်မာ ပါလီမန်တွေထဲ မှာ တွေ့လိုက်ရပါတယ်။
ဂျပန် သတင်းထောက်ကို ပစ်သတ်ခဲ့တဲ့  သေနတ် အကြမ်းဖက်သမား ဘယ်ရောက်နေသလဲ သိချင်လို့ပါ။ ကျေးဇူးဆပ်ပါမယ်။
မြန်မာအကြောင်း လေ့လာသူတွေက " အစိုးရအတွက် ပစ်ပေးတာဆိုရင်  မြန်မာပြည်မှာက  တရုတ်ပြည်လို ရာထူး နှစ်ဆင့် မဟုတ်၊ ရာထူး ရှစ်ဆင့် တက်သွားတယ် " လို့ ပြောနေကြလို့ပါ။
ဘာပဲပြောပြော နောက်ဆုးံတော့ " When guns are outlawed, only outlaws will have guns." ပဲ မဟုတ်လား။


ဇင်ဝေသော်

နားဝင်မချို ( ၃ ) "စင်ကာပူ ( သို့ ) ရွှံ့မြေပေါ်ဆောက်တဲ့ အထပ် ( ၈၀ ) တိုက်တစ်လုံး"

လီကွမ်းယုရဲ့ Hard Truths (to keep Singapore going) ထဲက သင့်တော်မယ့် အပိုင်းတွေကို ရွေးပြီးဘာသာပြန်ထားတာပါ။ သူ့အတွေးအခေါ်၊ သူ့လုပ်ဆောင်ချက်တွေ အရင့်အရင် စာအုပ်တွေမှာ တချို့ပါခဲ့ပေမယ့် ဒီစာအုပ်ကတော့ လူငယ်ဂျာနယ်လစ်တွေနဲ့ တွေ့ဆုံမေးမြန်းထားတဲ့ အင်တာဗျူးဖြစ်ပြီး အမေးအဖြေပုံစံဆိုတော့ ပိုပြီးသွက်နေတယ်လို့ ခံစားရလို့ပါ။ တစ်စုံတစ်ရာ ရနိုင်ကောင်းပါရဲ့လို့ မျှော်လင့်မိပါတယ်။
ဇင်ဝေသော်


မေး။          ။ ကျွန်တော်ထင်တာကတော့ ချက်ချင်းကြီးတိုးတက်လာတဲ့ စီးပွါးရေးကသာ အန္တရာယ်ရှိပြီး နိုင်ငံရေးကတော့ ဒီလိုမဟုတ်ဘူးလို့ ထင်ပါတယ်။ အိမ်နီးချင်းနိုင်ငံတွေက အဓိကအရေးပါတဲ့အချက်တွေ ဖြစ်ပါလိမ့်မယ်။

ဖြေ။           ။ မေးခွန်းကကို အဓိပ္ပါယ်နှစ်ခွဖြစ်နေတယ်။ ဘဏ္ဍာရေးမတောင့်တင်းရင် ကာကွယ်ရေးလည်း မတောင့်တင်းဘူး။ ညီညီညွတ်ညွတ်နဲ့ အတူတကွလုပ်ဆောင်နိုင်တဲ့ ပညာတတ်ပြည်သူတွေမရှိဘဲ ဒီနှစ်ခုစလုံးကလည်း မဖြစ်နိုင်ပြန်ဘူး။ ဘဏ္ဍာရေးကို တောင့်တင်းအောင် ဘယ်လိုလုပ်မလဲ။ လူသားအရင်းအမြစ်ကနေ ရနိုင်သမျှ ပိုရအောင်လုပ်ယူရတယ်။ လူထုကိုလေ့ကျင့်ထိန်းကျောင်းပေး၊ စုစည်းပညာပေး၊ အခြားကမ္ဘာ့နိုင်ငံတွေနဲ့ သူတို့ကို ဆက်သွယ်ပေး၊ အဲသလို အင်တာနေရှင်နယ်ဖြစ်လာ တာဟာ နိုင်ငံအတွက် အဓိကတန်ဖိုးတွေဖြစ်လာတယ်။

ဒုတိယအချက်ကတော့ အိမ်နီးချင်းနိုင်ငံတွေကို ငါတို့က ကျော်တက်လာနိုင်ခဲ့တယ်။ အဲဒါကလည်း သူတို့က ငါတို့ကို ကြိုးကိုင်ဖို့ကြိုးစားလို့။ စင်ကာပူမှာ လူမျိုးပေါင်းစုံရှိတယ်။

၁၉၆၈- ခုတုန်းက အမေရိကကိုရောက်ပြီး ငါတွေ့ခဲ့ရတယ်။ ဥရောပတစ်တိုက်လုံးက အေးအေးဆေးဆေးလုပ်နေချိန်မှာ အမေရိကန်တွေက သူတို့စက်ရုံတွေ ကမ္ဘာအနှံ့ တိုးချဲ့ တည်ဆောက်နေကြတယ်။ လမ်းတစ်ဝက်အထိ အမေရိကန်တွေအတိုင်း ငါတို့စတင် ခဲ့ကြတယ်။ တရုတ်၊ ထိုင်ဝမ်နဲ့ ဟောင်ကောင်မှာ ယဉ်ကျေးမှုတော်လှန်ရေးဖြစ်နေတယ်။ သိပ်အန္တရာယ်မကင်းဘူး။ ဒီတော့ သူတို့က စင်ကာပူကို အခြေချဖို့ ရွေးချယ်ကြတယ်။ သူတို့လိုအပ်တဲ့ အနေအထားတွေဖြစ်အောင် တို့ဖက်က ဖြည့်ဆည်းပေးခဲ့တယ်။ အဲဒီနောက် စင်ကာပူဟာ ကွန်ပျူတာစင်တာတစ်ခု ဖြစ်လာခဲ့တယ်။ အဲဒီနောက်မှ ပက်ထရိုခဲမိကယ် ဘက်ကို ငါတို့ဦးပြန်လှည့်ကြတယ်။

အခု ငါတို့ရနေတဲ့ စီးပွါးရေးအနေအထားဟာ မဟာသီယာ မက်မက်မောမော လိုချင်နေတဲ့ အနေအထားပဲ။ ဥပမာ- ပင်လယ်ဆိပ်ကမ်း။ တို့ဆီကနေ သင်္ဘောတွေဖြတ်ယူဖို့ တန်ဂျွန်ပီလီပ ဆိပ်ကမ်း သူတည်ဆောက်ခဲ့တယ်။ ရထားလမ်းကြောင်းဖြတ်တောက်ဖို့ သူဆန္ဒရှိလာပြန်တယ်။ ဒီရထားလမ်းက ဂျူရောင်းဆိပ်ကမ်းနဲ့ တန်ဂျွန်ပါဂါကို ဆက်သွယ် ထားတာ။ တာရင်ဂနူက ကျောက်သံပစ္စည်းတွေ အိတ်စပို့လုပ်ကြဖို့ပဲ။ ၁၉၉၂- ခုနောက်မှာ ရထားလမ်းလည်းပိတ်သွားတယ်။ ပြီးတော့ ကလန်းဆိပ်ကမ်းဖက် ဦးလှည့်ကြတယ်။ နောက်ဆုံးတော့ အခု တန်ဂျွန်းပီလီပ ဆိပ်ကမ်းပေါ့။ သူတို့သဘောထားက “ I win, you lose” ပဲ။ အင်ဒိုနီးရှားကလည်း သိပ်မကွာလှဘူး။ ဂျကာတာဆိပ်ကမ်းနားက Tanjung Priok ဆိပ်ကမ်းကို ပုဂ္ဂလိကပိုင်ချပေးတော့မယ်ဆိုတော့ သူတို့ဘာပြောတယ်ထင်လဲ။ နိုး စင်ကာပူတဲ့။ အဲဒီဆိပ်ကမ်းကို ဟောင်ကောင်က ဟူချီဆန်ကိုပေးလိုက်တယ်။ ဘာတန် ဆိပ်ကမ်းကိုလည်း သူတို့ တိုးချဲ့ကြတယ်။ တို့ဆီက ကာစတန်မာတွေကို ဖြတ်ယူဖို့ပဲ။

ငါတို့ကို သူတို့ကြည့်မရတာက ငါတို့က နိုင်ငံတကာနဲ့ ဆက်ဆံနေသူတွေဖြစ်လို့ပဲ။ ဒီလိုနိုင်ငံတွေက တကမ္ဘာလုံးမှာရှိနေတာ။ လူဖြူတွေကို ကြည့်။ တောင်အာဖရိက၊ အာဖရိက၊ သြစတေးလျ၊ နယူးဇီလန်၊ ကနေဒါ တကမ္ဘာလုံးမှာရှိတယ်။ တကယ်တော့ လူ့ယဉ်ကျေးမှု သမိုင်းကကိုပဲ မဆုံးနိုင်တဲ့လူတွေ ရွေ့ပြောင်းအခြေချ နေထိုင်နေကြတဲ့ အကြောင်းအရာ တစ်ခုပဲ။

နောက်ဆုံး တတိယအချက်ကတော့ စင်ကာပူလူထုပဲ။ တို့က တစ်ယောက်နဲ့ တစ်ယောက် ထိုင်ပြီးငြင်းခုံနေကြရင် ဘယ်လိုလုပ်တိုးတက်လာမလဲ။ တို့လွတ်လပ်ရေး ရပြီးတဲ့နောက် ဘာဖြစ်လို့အင်္ဂလိပ်စာကို ရုံးသုံးအဖြစ် ရွေးချယ်ခဲ့တယ်ထင်သလဲ။ ငါ့ရဲ့ မီမ်မွား(ကိုယ်ရေးမှတ်တမ်း) ထဲမှာ ဒီအကြောင်း ထည့်ရေးခဲ့ပြီးပြီ။ တရုတ်ဘာသာစကားကို ရုံးသုံးထားဖို့ တော်တော်များများက ဆန္ဒရှိကြတယ်။ သူတို့ ထောက်ပြတာက တရုတ်ပြည်ဟာ စူပါပါဝါဖြစ်လာပြီး တရုတ်စကားဟာလည်း အရေးပါတဲ့ ဘာသာစကားတစ်ခု ဖြစ်လာတော့ မယ်ပေါ့။ သူတို့ကို ငါစိုက်ကြည့်လိုက်တယ်။ မင်းတို့မှာ ဒီပြဿနာမျိုး ရှိနေသကိုး။ မင်းတို့နဲ့ ဆန့်ကျင်ပြီး လုပ်ရလိမ့်မယ်။ စင်ကာပူကို သီရိလင်္ကာပုံစံဖြစ်သွားမှာကို မလိုလားဘူး။ လွတ်လပ်ရေးရပြီးတဲ့နောက် အင်္ဂလိပ်ရုံးသုံးကို ဖျက်သိမ်းပြီး ဆင်ဟလီဘာသာ ရုံးသုံး လုပ်လိုက်တယ်။ ဒီတော့ အင်္ဂလိပ်စာကောင်းကောင်းတတ်ထားတဲ့ တမီး(လ်) တွေ ဘာမှ အသုံးမကျဖြစ်သွားရော။ အဲဒီနောက် ပြဿနာပေါင်း သောင်းခြောက်ထောင် ဆက်တက်တော့တာပဲ။

ငါ့အကြောင်းပြချက်တွေက ရှင်းပါတယ်။ နံပါတ်တစ်- ပြည်တွင်းရေး တည်ငြိမ်အေးချမ်းရမယ်။ လူတိုင်းတန်းတူအခွင့်အရေးရမယ်။ လူတိုင်းအင်္ဂလိပ်စာ သင်ရမယ်။ ဘယ်သူမှ အင်္ဂလိပ်မဟုတ်တော့ ဘယ်သူမှ အခွင့်အရေး ပိုမရဘူး။

ဒုတိယက- ကမ္ဘာ့စီးပွါးရေးလောက သုံးစွဲတဲ့ဘာသာစကား။ ၁၉၆၀- ခုတွေမှာ တရုတ်က ဘာစီးပွါးရေးတွေများ ရှိနေလို့လဲ။ တရုတ်ပစ္စည်း၊ တရုတ်ဆေး၊ တရုတ်ဗိန္ဓောဆေး၊ ဒါပဲ။ အမေရိကန်တွေ TV ကနေ လုပ်ချလိုက်တော့ အင်္ဂလိပ်စကားက ကမ္ဘာကိုပြန့်သွားရော။ အခု အင်တာနက်။ တကမ္ဘာလုံးကို ခြုံမိနေပြီ။ အခုငါတို့က ပညာရေးဌာနချုပ်ဖြစ်နေပြီ။ အာဆီယံနိုင်ငံတွေက အင်္ဂလိပ်စာသင်ရမယ်လို့ သိလာကြပြီ။ ဒါဆို ငါတို့က ရှေ့ကရောက်နေနှင့်ပြီးသားပဲ။

ဘယ်အချက်က ငါ့ကိုမောင်းနှင်ခဲ့တာလဲ။
ပြည်တွင်းတည်ငြိမ်အေးချမ်းရေးပဲ။ လူတိုင်းကို တန်းတူရည်တူဆက်ဆံတယ်။ မင်းလုပ်နိုင်တာတွေပေါ် အခြေခံပြီး ငါတို့ဆုံးဖြတ်ချက်ချတယ်။ ဒါဟာ တန်းတူရည်တူ အခွင့်အရေးပဲ။ လူမျိုး၊ ဘာသာစကား၊ ကိုးကွယ်တဲ့ဘာသာတွေကို ကြည့်မနေဘူး။ မင်းအလုပ်လုပ်နိုင်ရင် မင်းအလုပ်ရမယ်။ ဒါပဲ။

ဒါက ငါတို့ကိုယ်တိုင်ဆုံးဖြတ်ခဲ့ရတာ။ လွန်ခဲ့တဲ့ နှစ်နှစ်က Gallup က နိုင်ငံတစ်ခုရဲ့ တိုးတက်မှုအတွက် သုတေသနလုပ်ပြီး လေ့လာကြတယ်။ အဓိကအချက်က အရည်အသွေးလို့ သူတို့ဆိုတယ်။ ၁၉၈၀- ခုတွေက သူတို့ပြောခဲ့တာရှိတယ်။ ဂျပန်နဲ့ ဂျာမဏီက စီးပွါးရေးမှာ အမေရိကကို ကျော်တက်တော့မယ်တဲ့။ မကျော်နိုင်ခဲ့ပါဘူး။ ဘာကြောင့်လဲ။ အမေရိက က တစ်ကမ္ဘာလုံးက ပညာရှင်တွေကို ဆွဲဆောင်နိုင်တယ်။ တရုတ်ပြည်ဟာ စူပါပါဝါဖြစ်လာနိုင် သလားဆိုတာ တရုတ်ပြည်ဟာ ကမ္ဘာ့ပညာရှင်တွေကို ဆွဲဆောင်နိုင်သလားဆိုတာပေါ်မှာ မူတည်နေတယ်။

စင်ကာပူက လက်ရှိအရည်အချင်းရှိသူတွေကို ရအောင်ထိန်းပြီး အရည်အချင်း အသစ်တွေကို ရအောင်ဆွဲဆောင်ရမယ်။ အရည်အချင်းဆိုရာမှာ ပညာရေးတစ်ခုတည်းကို ပြောနေတာမဟုတ်ပါဘူး။ ဘောလုံးသမားတွေ၊ တင်းနစ်သမားတွေ၊ အဆိုကျော်တွေ၊ အားလုံးအကုန်ပဲ။ ဒီတော့မှ နိုင်ငံက လှုပ်ရှားတက်ကြွနေမယ်။ မြို့ကိုတည်ဆောက်ရင်း တချိန်တည်းမှာ နိုင်ငံတော်ကိုပါ တည်ဆောက်ပြီးသား ဖြစ်နေရမယ်။

အရည်အချင်းဆိုတဲ့ ခေါင်းစဉ်အောက်မှာ လေးမျိုးခွဲကြည့်ကြတယ်။

၁။ တည်ထွင်ကြံဆသူ
၂။ စီးပွါးရေး ကျွမ်းကျင်သူ
၃။ ဦးဆောင်သူ
၎။ ဦးဆောင်သူကို လမ်းပြသူ- တဲ့။

အမေရိကန်တွေက အားလုံးကို အနိုင်ရလိုက်တယ်ဆိုတာက သူတို့မှာ အဲဒီလေးမျိုးစလုံး ရှိနေလို့ပဲ။ ဒီယဉ်ကျေးမှုကို သူတို့က စနစ်တကျ မွေးမြူပြီး အရည်အချင်းကို ပျိုးထောင်ယူကြတယ်။

အစတုန်းကတော့ ဒါတွေကို ငါလည်းနားမလည်ခဲ့ဘူး။ ငါတို့ ဗြိတိန်မှာ ကျောင်းပြီးခဲ့တာဖြစ်ပြီး ဗြိတိသျှတွေက အမေရိကန်တွေနဲ့ မတူဘူး။ သူတို့က အပြောင်းအလဲ လုပ်ဖို့ လက်နှေးတယ်။ သူ့ယဉ်ကျေးမှုနဲ့ သူပဲနေကြတယ်။ အမေရိကန်တွေကမှ တကယ့်စူးစမ်းရေးသမားတွေ။ ဒီကနေ့ ဘာလေ့လာမိသလဲဆိုရင် စင်ကာပူဟာ အကျိုးအမြတ်ရအောင် လုပ်နိုင်တဲ့နိုင်ငံ ဖြစ်ရမယ်။ ဒါမှ နိုင်ငံလည်း တိုးတက်ချမ်းသာ လာမယ်။ ဒါမှလည်း ကာကွယ်ရေးတောင့်တင်းပြီး အေးအေးချမ်းချမ်း နေလို့ရမယ်။ စင်ကာပူဟာ နော်ဝေလို၊ ဆွီဒင်လို၊ ဒိန်းမတ်လို အတူတူပဲလို့သာ သဘောထားလို့ကတော့ စင်ကာပူလည်း ပျောက်သွားမယ်။ စင်ကာပူဆိုတာ ရွံ့မြေပေါ်မှာ ဆောက်ထားတဲ့ အထပ်ရှစ်ဆယ်ရှိ တိုက်တစ်လုံးပဲ။ ဘယ်နည်းနဲ့ ဖြစ်နိုင်သလဲဆိုတာ တို့ခက်ခက်ခဲခဲ စဉ်းစားအကြံထုတ်ခဲ့ရတယ်။ အခုဆို နောက်ထပ် အထပ်(၂၀) တိုးပြီး အထပ်တရာရှိတဲ့ တိုက်တွေဆောက်နိုင်ပြီ။ ဒါက ငါတို့ဖောင်ဒေးရှင်း ဘယ်လောက်ကောင်းနေပြီလဲဆိုတာ မင်းတို့သဘောပေါက်ဖို့ သာဓကထုတ်ပြတာ။ စင်ကာပူရဲ့ အဓိက အရေးအကြီးဆုံးအချက်က လူမျိုးပေါင်းစုံတာ၊ ကိုးကွယ်ယုံကြည်မှု အချင်းချင်း နားလည်မှုရှိတာပဲ။ ဒါမရှိဘဲ တစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက်နေကြမယ်ဆိုရင် စင်ကာပူတော့သွားပြီ။

မေး။          ။ အချင်းချင်း ငြင်းခုံနေကြရင်ဆိုတာက နိုင်ငံရေးအယူအဆ မတူသူတွေကို ထိန်းသိမ်းတတ်တာရဲ့ ဆင်ခြေများဖြစ်မနေဘူးလား။

ဖြေ။           ။ မဟုတ်ဘူး။ ဒီလို မဟုတ်ဘူး။ လူမျိုးစုခြင်း၊ ယုံကြည့်မှုခြင်း၊ ယဉ်ကျေးမှုခြင်း၊ ဘာသာစကားခြင်းဖြစ်တတ်တဲ့ ပဋိပက္ခတွေကို ပြောတာ။ နိုင်ငံရေးသဘောထား မတူညီမှုက တခြားသပ်သပ်။ တကယ်လို့ ငါတို့မှာသာ လူမျိုးစုခြင်း၊ ယုံကြည်ကိုးကွယ်မှုခြင်း၊ ပဋိပက္ခတွေဖြစ်ကြည့် စင်ကာပူလည်း Beirut လို ပြိုကွဲသွားမယ်။ စင်ကာပူထဲမှာရှိတဲ့ မလေးတွေ၊ ပညာသိပ်မတတ်ရှာတဲ့ အိန္ဒိယန်းတွေကို သူတို့လည်း ဒီအဖွဲ့အစည်းထဲမှာပါတယ်၊ သူတို့လည်း ကိုယ်ပိုင်တိုက်ခန်းတွေရှိတယ်၊ အလုပ်အကိုင်တွေရှိတယ်၊ သူတို့ ကလေးတွေ လည်း အားလုံးရဲ့ကလေးတွေနဲ့အတူတူ ကျောင်းမှာပညာသင်ကြားခွင့်ရတယ်ဆိုတဲ့ အသိသာ ပေးမထားနိုင်ဘူးဆိုရင် ငါတို့လည်း Beirut လို ဖြစ်သွားမှာပဲ။ ဗုံးတွေ တစ်လုံးပြီးတစ်လုံး ပေါက်ထွက်လာမယ်။ (Beirut ဆိုတာ လက်ဘနွန်နိုင်ငံထဲက ခရစ်ယာန်နဲ့ မွတ်ဆလင်တို့ကြား ဖြစ်ပွါးခဲ့တဲ့ ပြည်တွင်းစစ်ပါ။ ၁၉၇၅- ခုနှစ်ကနေ ၁၉၉၀- အထိ ကြာမြင့်ခဲ့ပါတယ်။)

မေး။          ။ ဒီလို ထိလွယ်ရှလွယ်တဲ့ နိုင်ငံတစ်ခုက နိုင်ငံရေးအယူအဆ ကွဲပြားမှုကို လက်ခံကျင့်သုံးသွားနိုင်ပါသလား။

မင်းတို့က နိုင်ငံရေးသဘောထားတွေ ပျော့ပြောင်းသင့်ပြီ၊ အတိုက်အခံပါတီကို ခွင့်ပြုသင့်ပြီလို့ ဆိုကြတယ်။ ဒါဆိုရင် မင်းတို့ပတ်ဝန်းကျင်ကို ခဏလောက်လှည့်ပြီး ကြည့်လိုက်။ အရှေ့တောင်အာရှမှာပဲဖြစ်ဖြစ်၊ အရှေ့အာရှမှာပဲဖြစ်ဖြစ် အစိုးရအပြောင်းအလဲ လုပ်ပြီးတဲ့နောက် နိုင်ငံရေးတည်တည်ငြိမ်ငြိမ်နဲ့ ပုံမှန်ခရီးဆက်နိုင်တဲ့ နိုင်ငံတွေ့မိရင် ငါ့ကိုပြောပြစမ်းပါ။

ငါ့ရည်ရွယ်ချက်က ပီအေပီပါတီကို အမွှမ်းတင်ဖို့၊ ငါ့ကိုယ်ငါအမွှမ်းတင်ဖို့၊ ဘယ်ခေါင်းဆောင်ကိုမှ အမွှမ်းတင်ဖို့ မဟုတ်ဘူး။ စင်ကာပူရဲ့အနာဂတ် လုံခြုံကောင်းမွန်ဖို့၊ အေးအေးချမ်းချမ်းနဲ့ ပုံမှန်တိုးတက်နေတဲ့ နိုင်ငံတစ်ခုဖြစ်ဖို့ပဲ။ ငါက လုပ်ခဲ့ပြီးပါပြီ။ စင်ကာပူ အတွက် ဘာမှ ငါထပ်လုပ်မပေးနိုင်တော့ပါဘူး။

အခု ငါလုပ်နိုင်သေးတာကတော့ အတွေ့အကြုံတွေကို စေ့စေ့စပ်စပ် ပြန်လည်လေ့လာ သုံးသပ်ပြီး စင်ကာပူရှေ့ခရီး ဖြောင့်ဖြောင့်ဆက်ဖို့ အတွေ့အကြုံ ဖြန့်ဝေပေးခဲ့ဖို့ပါပဲ။ စင်ကာပူ ဒီအတိုင်းပဲ အမြဲရှိနေမလား။ ဒါကို ငါမသိဘူး။ စင်ကာပူဟာ တခြားအာဆီယံနိုင်ငံတွေနဲ့ မတူခြားနားသလား။ အခုထိတော့ မတူခြားနားဆဲပဲ။ ဒေသတွင်းမှာ သြဇာလွှမ်းမိုးမှုရှိဖို့ နေရာကောင်းမှာရှိနေကြတယ်။ လွတ်လွတ်လပ်လပ် လှုပ်ရှားလို့ရတယ်။ လွတ်လွတ်လပ်လပ် ပြောဆိုလို့ရတယ်။

ဒါဆိုရင် ငါတို့က နယူးဇီလန်လို အန္တရာယ်ရှင်း ဘေးကင်းတဲ့အနေအထားမှာလား။ ငါတို့လေတပ်တွေ ဖျက်သိမ်းပြီး နယူးဇီလန်လို အေးအေးဆေးဆေးပဲ နေကြတော့မှာလား။

ငါတော့ နယူးဇီလန်လို မဖြစ်ချင်ဘူး။ စီးပွါးရေးအရ အလုပ်ဖြစ်ပေမယ့် စိတ်လှုပ်ရှားစရာ မကောင်းဘူး။ ဟုတ်တယ်။ သူတို့က ကမ္ဘာမှာ အကောင်းဆုံးမြက်တွေ စိုက်ပျိုးနိုင်တယ်။ မြင်းတွေ၊ နို့စားနွားတွေ၊ သိုးဆိတ်တွေ မွေးမြူရာမှာတော်တယ်။ ဒါပေမယ့် ဘဝက ပျင်းစရာကြီးလို့ ငါထင်တယ်။ ငါတို့က ကမ္ဘာမှာ တိုးတက်မှုအမြန်ဆုံး တရုတ်နှင့် အိန္ဒိယကြားမှာ နေနေကြရတာ။ ငါတို့ပါရောပြီး တိုးတက်မလာဘူးဆိုရင် ငါတို့ရူးနေလို့ပဲ။

မေး။          ။ မစ္စတာလီ စင်ကာပူရပ်တည်ရေးအတွက် အဓိကအချက်တွေအကြောင်း ပြောစဉ်မှာ ကျွန့်တော့်ခေါင်းထဲမှာ စွဲသွားတာကတော့ ဒီလိုအမြင်တွေ လူထုထဲမှာ သိပ်မတွေ့ရဘူး ဆိုတာပါပဲ။ ပြီးတော့ ဒီလိုအတွေးအခေါ်တွေ ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေ ဆီရောက် သွားအောင် ဘယ်လိုဖြန့်ဝေရမလဲ ဆိုတာပါ။

ဖြေ။           ။ အမှန်ပဲ။

မေး။          ။ လူထုကြီးရဲ့အမြင်ကရော ဘယ်လိုရှိမလဲ။

ဖြေ။           ။ တို့နိုင်ငံဟာ ထုထည်မခိုင်မာလှဘူး။ ထိလွယ်ရှလွယ်ဖြစ်တယ်ဆိုတာ လူထုကို ဘယ်လိုပြောပြမလဲ၊ ဘယ်အခါ ပြောရမလဲဆိုတာ ဆုံးဖြတ်ရတယ်။ ဒါက လူထုရဲ့ မော်ရယ်လ် ကို ထိခိုက်နိုင်တယ်။ ဒါတွေက ငါစိုးရိမ်မိတာတွေ၊ ဒါတွေ ဆယ်နှစ်အတွင်းဖြစ်လာနိုင်သလား။ မဖြစ်နိုင်ဘူးလို့ ငါတော့ဖြေမယ်။ နှစ် ၂၀ ဆိုလည်း မဖြစ်နိုင်သေးဘူးလို့ ပြောရမှာပဲ။ ဒီကိုရောက်လာပြီး မိသားစုအမြစ်ပါတွယ်နေကြတဲ့ လူတွေက နှစ်ပေါင်းနှစ်ဆယ် လာနေကြတာ မဟုတ်ဘူး။ ထာဝရနေဖို့ ရောက်လာကြတာ။ ဟုတ်လား၊ မဟုတ်ဘူးလား။ ဆိုပါစို့၊ ငါက အားအားရှိတိုင်း စင်ကာပူဟာ အိမ်နီးချင်းတွေနဲ့ ဖိုက်တင်ချနေရမယ်လို့ ပြောကြည့်၊ တရုတ်၊ အိန္ဒိယက လာရောက်အခြေချတဲ့လူတွေက “ပြန်တာပဲ ကောင်းပါတယ်။ ဒါမှမဟုတ် အမေရိက (သို့) သြစတေးလျကိုလှမ်းကူးမှ။ သြစတေးလျက ဒီအန္တရာယ်ဇုန်နဲ့ ဝေးတယ်။ အကောင်းဆုံးကတော့ အမေရိကပဲ” လို့ အတွေးဝင်သွားကြလိမ့်မယ်။

စင်ကာပူးရီးယန်းတစ်ချို့တောင် အခုဒီအတိုင်း တွေးနေကြပြီ။



ဇင်ဝေသော်

မနာပ ဒါနနှင့် ရတာမလို လိုတာမရ

"မနာပဒါယီ လကတေ မနာပံ"
မြတ်နိုးဖွယ်ကို ပေးသူသည် မြတ်နိုးဖွယ်ကို ပြန်ရ၏။
ကာလဒါနနှင့် အကျိုးပေးကာလ တေ့လွဲများ ကိုရေးပြီး မနာပဒါနနှင့် ရတာမလို လိုတာမရကိုလည်း ရေးချင်သည်။

အမှန်မူ မိမိတို့ဘဝ၌ မရှိ၊ မရဟုပြောရန် အတော်ခက်လှ၏။ ရှိကြ၊ ရကြ၏။ ပိုင်ဆိုင်မှုပစ္စည်းတို့ ရှိကြ၏။ သို့သော် အမှန်တကယ်လိုနေတာကို ရရှိလာသည့် အခိုက်အတန့်ကတော့ သိပ်မများလှပေ။ ဤသည်မှာ မနာပဒါန ချို့တဲ့ခြင်းကြောင့်လားဟု ဒေသနာကိုကိုးကား၍ စဉ်းစားမိသည်။

မနာပဒါနဟူသည် နှစ်သက်မြတ်နိုးဖွယ်ကို ပေးလှူခြင်းဟု ဆိုရပေမည်။ သို့ဆိုလျှင် ဆက်လက် မေးမြန်းရန်ရှိလာပြန်သည်။

၁။ မိမိမြတ်နိုးသောအရာကို ပေးလှူခြင်းလား၊
၂။ အလှူခံပုဂ္ဂိုလ် မြတ်နိုး (အလိုရှိ ) သောအရာကို ပေးလှူခြင်းလား။

အဖြေနှစ်မျိုးလုံးကို “Yes” ဟု ဖြေလိုက ဖြေလို့ရ၏။ ပထမမေးခွန်းက စေတနာကို ရှေ့တန်းတင်၏။ ဒုတိယမေးခွန်းက အကျိုးသက်ရောက်မှုကို ရှေ့တန်းတင်၏။ ဗုဒ္ဓဘာသာစာပေနှင့် ပို၍နီးစပ်သူများအဖို့ ကမ္မနှင့် ကမ္မပထဟု မှတ်သားထားနိုင်ပါ၏။

ရှုပ်သွားပြီထင်၏။ ရှင်းဦးအံ့။
“စေတနာ ဟံ ဘိက္ခဝေ ကမ္မံ ဝဒါမိ” ဟူသော ဘုရားရှင်၏ ဗုဒ္ဓဘာသာ “အ” သုံးလုံးဖတ်စာအရ စေတနာသည် “ကံ” ဟု သိရ၏။ အဘိဓမ္မာကို ဆက်ကြည့်သောအခါ ထို“ကံ” ကမ္မပထမြောက်ဖို့ အကျိုးသက်ရောက်မှုလည်း လိုလာပြန်၏။ ဥပမာဆိုအံ့။ ကိုက်နေသော ခြင်တစ်ကောင်ကို သေစေလိုသောစေတနာဖြင့် ရိုက်လိုက်မိ၏။ ပါးနပ်သောခြင်က ထိုအန္တရာယ်ကို ရအောင်ရှောင်ထွက်သွား၏။ စေတနာက ဖြစ်ပြီးသွားပြီ။ “ကံ”ဟုဆိုက ရသွားပြီ။ ခြင်သေခြင်းအကျိုးသက်ရောက်မှုက မရှိ။ ထို့ကြောင့် ကမ္မပထ မမြောက်ဟု ဆုံးဖြတ်ရတော့၏။

အဘိဓမ္မာဆို၍ ရှုပ်သွားနိုင်၏။ နေ့စဉ်ဘဝ၌လည်း ဤကိစ္စမျိုး အများအပြားရှိ၏။ လူဆိုးတစ်ယောက်က သမ္မတတစ်ယောက်ကို ချောင်းမြောင်းလုပ်ကြံဖို့ ကြိုးစား၏။ ပြင်ဆင်၏။ အဝေးမှ ရိုင်ဖယ်ဖြင့်ပစ်၏။ ထိုကျည်ဆံက လွဲသွား၏။ မစ်(စ်) ဖိုင်းယား ဖြစ်သွား၏။ ထိုပုဂ္ဂိုလ်ကို ကြံစည်လုပ်ကြံမှုဖြင့်သာ တရားစွဲ၍ရ၏။ သမ္မတကို လုပ်ကြံသူဟု စွပ်စွဲ၍မရ။ သမ္မတက လွတ်မြောက်သွားသောကြောင့်ဖြစ်၏။

စာလာပေလာအရ-
၁။ သက်ရှိသတ္တဝါဖြစ်ခြင်း
၂။ သက်ရှိသတ္တဝါဟု သိခြင်း
၃။ သေစေလိုသော စေတနာပါခြင်း
၎။ စေတနာအားလျော်စွာ အားထုတ်ခြင်း
၅။ ထိုသတ္တဝါ သေဆုံးခြင်ဟု ငါးမျိုးပြထား၏။

ငါးမျိုးညီညွတ်လျှင် ကမ္မပထမြောက်တော့၏။ အတန်ငယ်ရှင်းပြီဟု ထင်၏။ မရှင်းလျှင်လည်း ထပ်မရှင်းတတ်တော့။ ယခင်စကားကို ဆက်ပါမည်။

၁။ မိမိမြတ်နိုးသောအရာကို ပေးခြင်း-
၂။ အလှူခံပုဂ္ဂိုလ် မြတ်နိုးသောအရာကို ပေးခြင်း။

နံပါတ်တစ်သည် (အဟောင်း) ကိုယ်မလိုချင်သောအရာကို ပေးခြင်းမဟုတ်၊ မိမိအမြတ်တနိုးထားသောအရာကို ပေးခြင်းဖြစ်၏။ ခက်ခဲ၏။ ပထမတန်းစား စေတနာဖြစ်၏။ တနည်းဆိုရသော် ကိုယ်ပေးချင်တာကို ပေးလိုက်ခြင်းဖြစ်၏။

မိမိအမြတ်တနိုးထားသောပစ္စည်းကို ပေးတာမှန်ပါလျက် အလှူခံ၊ အပေးခံက ထိုပစ္စည်းကို မြတ်မြတ်နိုးနိုးရှိပါရဲ့လားဟူသော မေးခွန်းတက်လာပြန်သည်။ တစ်ချို့ မြတ်နိုး၏။ တစ်ချို့ မမြတ်နိုးလောက်ပေ။

အတွေးချော်သွားသည်ဟုထင်လျှင် တောင်းပန်ပါ၏။ သာသနာဖျက်၊ မိစ္ဆာဒိဋ္ဌိစသော စကားလုံးကြမ်းကြမ်းကြီးများ သုံးစွဲဖို့မလိုပါ။ ဆိုချင်၏။ ကိုယ်ပေးချင်တာကို ပေးလှူခြင်းအကြောင်းကြောင့် တစ်ခုခုပြန်ရသောအကျိုးကို မမျှော်ကိုးသော်လည်း ရှိလာပေမည်။ ခက်သည်က ထိုရလာသော အကျိုးတရားကို ကိုယ်တကယ်မြတ်မြတ်နိုးနိုး ရှိပါ့မလားဟု စဉ်းစားစရာရှိ၏။ ကိုယ်က သူလိုတာပေးတာမဟုတ်ခဲ့ပဲ ကိုယ်မြတ်နိုးတာကို ပေးလိုက်မိခြင်းကို သဘောပေါက်ရမည်။ ကမ္မပထ အနည်းငယ် ချော်သွားနိုင်သည်။

ကိုယ်လည်းမြတ်နိုး၊ ကိုယ်ပေးတာကိုရပြီး တဖက်သားလည်း ပျော်ရွှင်မည်ဆိုလျှင်တော့ အကောင်းဆုံးဟု ဆိုရပေမည်။ ထိုသို့သောကံတို့က အကျိုးပေးသောအခါ ကိုယ်လည်းတစ်ခုခုရ၊ ထိုရတာကိုလည်း ကိုယ်ကအမြတ်တနိုးရှိ ဖြစ်လာပေမည်။

ထို့ကြောင့် “ရတာမလို၊ လိုတာမရ” ကိစ္စတို့သည် မနာပဒါန ချို့တဲ့ရာမှဖြစ်လာသော အကျိုးတရားတို့ဖြစ်နိုင်သည်ဟု စဉ်းစားမိခြင်းဖြစ်သည်။

“မြတ်နိုး” ဟူသော စကားအောက်၌ ပြောရန်ရှိလာပြန်သည်။ ပစ္စည်းကောင်းတိုင်း၊ တန်ဖိုးကြီးတိုင်းလည်း မြတ်နိုးမှုမဖြစ်တတ်ပေ။ ကိုယ်မြတ်နိုးတိုင်း သူများမမြတ်နိုးတတ်။ အိုင်ပက်ဝယ်ပြီး လက်ဆောင်ပေးလိုက်သဖြင့် ပျော်သွားသူရှိနိုင်၏။ ဒါကြီး မလိုချင်ပါဘူး။ ဈေးကြီးမှန်းသိပါတယ်။ ဒီပြင်ဟာလေးလုပ်ပါဆိုသူလည်း ရှိနိုင်၏။ ထို့ကြောင့် “မြတ်နိုး” ဟူသော အဖြေသည် ပုဂ္ဂိုလ်တစ်ဦးချင်းနှင့်သာ ဆိုင်ပေတော့သည်။

ရဟန်းတော်များကျင့်ဝတ်၌ အတော်ကောင်းသော ဝေါဟာရတစ်ခုတွေ့ရသည်။ “ဥာတိ၊ ပဝါရိတ” ဖြစ်၏။ ဆွေမျိုးနှင့် ပစ္စည်းလေးပါးဖြင့် ဖိတ်ကြားထားသော ဒကာ၊ ဒကာမတို့ကို ဆိုလိုသည်။ မနာပဒါနကို ပေးလှူသူများဟု သေချာပေါက်တွေးလို့ရသည်။ သူတို့သဘောအရ မလှူ၊ ရဟန်းက " ဒါတော့လိုအပ်နေပါတယ်” ဟု ဆိုမှသာ ထိုရဟန်းလိုအပ်သောပစ္စည်းကို ပေးလှူကြသူများဖြစ်၏။ ထိုပုဂ္ဂိုလ်များ “ရတာမလို၊ လိုတာမရ” တော်တော်နည်းပါးကြလိမ့်မည်ဟု သုံးသပ်စရာရှိသည်။

တစ်စုံတစ်ယောက်က အမှန်တကယ်လိုနေတာ မိမိထံမှာ တွေ့ရသဖြင့် ငါ့ကိုပေးလို့ရရင် ပေးစမ်းပါဟု တောင်းသောအခါတို့၌လည်း မနာပဒါန သေချာပေါက်ဖြစ်၏။ သဘာဝဘေးဒဏ် ကြုံတွေ့နေရသော ဒုက္ခသည်တို့ကို အစားအစာ၊ ဆေးဝါးစသည် ကူညီလှူဒါန်းသူတို့လည်း မနာပဒါယီများ ဖြစ်ကြ၏။

“လိုတာ မရ” ဟူသောစကား၌ ရှုပ်နေတာရှိလာပြန်သည်။ လူ့အလိုကား အဆုံးမသတ်။ ထို့ကြောင့် တဏှာ “လို” ထက် လိုအပ်ချက် “လို” ဟု ပြောရမည်ထင်သည်။ လိုအပ်ချက်က ဖြည့်လို့ရ၏။ တဏှာ“ လို” က ဖြည့်လို့မရ။ “ကံ” ကဖြည့်ဆည်းပေးနိုင်သည်မှာ လိုအပ်ချက်ကိုသာ ဖြစ်၏။ တဏှာ“လို” ကို ဘယ်ကံမှ မဖြည့်နိုင်။ အခြေခံလိုအပ်ချက်ကလေးတွေမှ မရှိသောဘဝသည် “ လိုတာမရ ” ဖြစ်၏။ ဇိမ်ခံ ပစ္စည်းများ အလျှံပယ် မရှိခြင်းသည် “လိုတာမရ” မဟုတ်၊ “ မရတာ လို ” ဖြစ်သွား၏။ ပိုဆိုးသွားတော့သည်။

တောင်းရမ်းရာ၌လည်း မတော်တရော် တောင်းရမ်းတာမျိုးလည်း ဖြစ်နိုင်ပြန်သည်။ ဝေဿန္တရာမှလွဲ၍ မည်သူမျှမဖြည့်ဆည်းနိုင်သော တောင်းရမ်းခြင်းမျိုးဖြစ်၏။

ထိုဇာတ်တော်ထဲ၌ ပုဏ္ဏားက မဒ္ဒီဒေဝီကို လာတောင်း၏။
ဝေဿန္တရာမင်းကြီးက ပါရမီဖြည့်ဖက်ဒေဝီကို လွန်စွာမြတ်နိုး၏။ အလှူခံပုဏ္ဏားကလည်း ဤမျှလိမ္မာချောမောသော အမျိုးသမီးကို (ဇာတ်တော်ထဲမှာ မဟုတ်လျှင်ပင်) မြတ်နိုးလောက်ပေသည်။ ထို့ကြောင့် ထိုအလှူပေးမှုက မနာပဒါနဖြစ်သွားတော့၏။ ဇာတ်တော်ထဲ၌ မင်းကြီးကို ပါရမီဖြည့်ရန် သိကြားမင်းက ပုဏ္ဏားယောင်ဆောင်၍ လာအလှူခံသဖြင့် ပြီးသွား၏။ ပြဿနာမရှိလိုက်။

အမှန်လက်တွေ့ဘဝတွင်မူ လူမှုရေးပြဿနာ သောင်းခြောက်ထောင်ဖြစ်သွားနိုင်၏။ ပုဏ္ဏားမှာ ဇနီးရှိနေခဲ့သော်၊ မဒ္ဒီက အပြစ်မရှိတဲ့သူမကို ပေးလှူလိုက်သဖြင့် တရားတွေ့သော်……။ …….သော်။

မြတ်နိုးရာကို လှူရခြင်းသည်လည်း လွယ်ကူသောကိစ္စမဟုတ်ပေ။
ဤကိစ္စမျိုး ဤလောက၌ မဖြစ်ဟုအတတ်ဆိုရန်ကား ခက်၏။ ဇနီးကိုပေါင်၍ ကမ္ဘာ့ဖလားဘောလုံးပွဲလောင်းသော အမျိုးသားတစ်ယောက်အကြောင်း ဖတ်ရဖူး၏။ သူ့ဇနီးကို မချစ်၍မဟုတ်ဟု သူကဆိုသေး၏။ စဉ်းစားရတော့ ခက်၏။

မည်သို့ဖြစ်စေ….
တဖက်သားလိုနေတာ၊ မြတ်နိုးနေတာလေးတွေကို ပေးရလျှင် ကိုယ့်အလှည့်မှာလည်း လိုနေတာ၊ မြတ်နိုးတာတွေပြန်ရနိုင်၏ဟု ကမ္မဝါဒ၏ အခြေခံကောက်ချက် ဆွဲလိုက်နိုင်၏။

သို့သော် တဖက်သားလိုနေတာက ပေးဖို့ခက်နေတာလည်း ဖြစ်ရတတ်၏။
တစ်ခါက ရွာတစ်ရွာက လူတစ်ယောက်သည် ဘုရားဆုပန်ဖြစ်ကြောင်း ဖွင့်ပြော၏။
ထိုအခါ ကြည့်မရသောလူတစ်ယောက်က “ဘုရားဆုပန်ရိုးမှန်ရင် ဝေဿန္တရာမင်းကြီးလို မင်းဇနီး ငါ့ပေး” ဟု အလှူခံ၏။

ဘုရားဆုပန် မင်းယောက်ျားက ဓားဆွဲ၍လိုက်၏။ သူက ဆို၏ “ငါက ဘုရားဆုပန်ထားပေမယ့် ဒါနပါရမီကို ဖြည့်တဲ့ဘဝမဟုတ်ဘူး။ ဝီရိယပါရမီကိုဖြည့်တဲ့ဘဝ။ မဟုတ်မဟတ် နင့်လိုကောင်တွေကို အားကြိုးမာန်တက် ရှင်းပစ်ရမယ့်ဘဝ” ဟု ဖြစ်၏။

ဘာပါရမီမှမဖြည့်သော ဇနီးတောင်းသည့်ယောက်ျား ထွက်ပြေးခဲ့ရ၏။
လိုအပ်ချက် “လို”နှင့် တဏှာ “လို” ကွဲပြားပြီး ပေးသူ၊ ယူသူများ မနာပဒါယီ၊ မနာပလာဘီများ ဖြစ်နိုင်ကြပါစေဟု…….။

မနာပဒါယီ= မြတ်နိုးဖွယ်ကို ပေးသူ၊ လှူသူ။
မနာပလာဘီ= မြတ်နိုးဖွယ်ကို ရသူ၊ အလှူခံသူ။
မနာပဒါန= မြတ်နိုးဖွယ်ကို ပေးလှူခြင်း။
( “ဘုရားဖြစ်ရေးပင် အေးဂျင့်ကပါလာ၏” ဆက်ရေးပါမည်။)


မေတ္တာဖြင့်
သီဟနာဒ

စာအုပ် ပျောက်ဆုံးမှု

သူမတို့အိမ်နားက လမ်းအကူးမှာ အိန်ဂျလာတစ်ယောက် ရှိုက်ကြီးတငင် ငိုနေရှာတယ်။
ကြင်နာတတ်တဲ့ အိမ်နီးချင်း အမျိုးသမီးတစ်ယောက်ကတွေ့ပြီး အိန်ဂျလာကို ချော့မော့ဖို့ ကြိုးစားတယ်။

“အိန်ဂျလာ … ဘာဖြစ်လို့ တစ်ယောက်ထဲလာပြီး ဒီမှာ ငိုနေတာလဲ”
“ကလေးပြုစုပျိုးထောင်နည်းစာအုပ် မေမေ ပျောက်နေတယ်” လို့ အန်ဂျလာက ဖြေတယ်။

“သမီးရယ် … ဒါများ ငိုစရာ မဟုတ်ပါဘူး”
“ဟုတ်တာပေါ့။ အဲ့ဒီစာအုပ် မရှိရင် မေမေက သူထင်ရာ သူလုပ်နေတာ” တဲ့။


Ref: Wisdom from laughter 


ကမ်းလက်







Copyright © 2012 ကမ်းလက်. All rights reserved.

နားဝင်မချိုတဲ့ အမှန်တရားတချို့ ( ၂ )

လီကွမ်းယုရဲ့ Hard Truths (to keep Singapore going) ထဲက သင့်တော်မယ့် အပိုင်းတွေကို ရွေးပြီးဘာသာပြန်ထားတာပါ။ သူ့အတွေးအခေါ်၊ သူ့လုပ်ဆောင်ချက်တွေ အရင့်အရင် စာအုပ်တွေမှာ တချို့ပါခဲ့ပေမယ့် ဒီစာအုပ်ကတော့ လူငယ်ဂျာနယ်လစ်တွေနဲ့ တွေ့ဆုံမေးမြန်းထားတဲ့ အင်တာဗျူးဖြစ်ပြီး အမေးအဖြေပုံစံဆိုတော့ ပိုပြီးသွက်နေတယ်လို့ ခံစားရလို့ပါ။ တစ်စုံတစ်ရာ ရနိုင်ကောင်းပါရဲ့လို့ မျှော်လင့်မိပါတယ်။
ဇင်ဝေသော်


မေး။          ။ အရင် စင်ကာပူခွဲထွက်ပြီးစကနဲ့နှိုင်းယှဉ်ရင် ဒီနေ့ မလေးရှားက သူတို့ပြည်တွင်းရေးကိုပဲ တစိုက်မတ်မတ်လုပ်ဖို့ အာရုံကျလာတော့ စင်ကာပူအပေါ်မှာထားတဲ့ သူတို့သဘောထားတွေ ပြောင်းလဲလာတယ်လို့ မထင်မိဘူးလား။

ဖြေ။           ။ ဒါကို မင်းတို့ယုံကြည်သလား။ ငါတို့လေယာဉ်ကွင်းရဲ့ အပြည်ပြည်ဆိုင်ရာ ထိပ်တန်းအဆင့်ကို ကျော်တက်ဖို့ ကြိုးစားနေကြတယ်။ ကမ္ဘာ့ခုံရုံးရဲ့ အဆုံးအဖြတ်နဲ့ စင်ကာပူက ပက်ဒရာ ဘရန်ကာကိုရလိုက်ပြီး မလေးရှားက Middle Rocks ကို ရလိုက်တယ်။ ဒီနှစ်ခုရဲ့ နယ်ခြားစည်း မခတ်ရသေးဘူး။ ၁၉၄၁- ခု ရပ်ဖဲ(လ်) ကောလိပ်မှာ တက်နေတုန်းက ကေဒါက ကျောင်းသားတစ်ယောက်ပြောတာကို ငါမမေ့သေးဘူး။ မင်းတို့ တရုတ်တွေ သိပ်များလွန်းတယ် တဲ့။ တကယ်က တရုတ်တွေက ဈေးဆိုင်တွေကို ပိုင်ဆိုင်ကြတယ်။ ပြောမယ့်သာပြောတာ၊ သူနေတဲ့ ကေဒါမှာ တရုတ်ကကနည်းနည်းလေးပဲရှိတယ်။

မလေးရှားနဲ့ ပူးပေါင်းလိုက်ရင် အဲသလို လူမျိုးစွဲစိတ်တွေ ပျောက်သွားမယ်လို့ ငါထင်ခဲ့မိတယ်။ ငါမှားသွားတယ်။ တန်ကု က တရုတ်ဆို လုံးဝအလိုမရှိတာ။ သူက လူကောင်းပဲ။ သူ့မှာ တရုတ်မိတ်ဆွေတွေ အများကြီးရှိတယ်။ ဒါပေမယ့် သူ့စိတ်ထဲမှာ မလေးရှားလူမျိုးက အမြဲတမ်း နံပါတ်တစ်ဆိုတဲ့ဝါဒ။ အဲဒါ သူ့ရဲ့ လူမျိုးရေးအမြင်ပဲ။

မေး။          ။ ဒါဆိုရင် နိုင်ငံရေးသဘောထားတွေ မပြောင်းသေးဘူးပေါ့။ တချို့ပြောနေကြတာကတော့ မျိုးဆက်သစ်လူငယ်ခေါင်းဆောင်တွေလက်ထက်မှာ ဒီလို စိတ်ဓာတ်တွေ ပျောက်သွားလိမ့်မယ်တဲ့။

ဖြေ။           ။ မလေးရှားရဲ့ ဘယ်မျိုးဆက်က ဒီလိုအခြေခံပြောင်းလဲမှုကို ပြောင်းလဲပစ်ဖို့ ကြိုးစားနေကြသလဲ။

မေး။          ။ ဒါဆို ဘယ်တော့မှ မပြောင်းလဲဘူးပေါ့။

ဖြေ။          ။ “ဘယ်တော့မှ ” ဆိုတဲ့စကားက အချိန်သိပ်ကြာလွန်းနေမယ်။ လတ်တလော ပြောင်းလဲဖို့ အလားအလာတော့ မမြင်မိဘူး။ စင်ကာပူမှာ လုံးဝမတူညီတဲ့ အခြေခံသဘောတရားတွေရှိတယ်။ ငါတို့က လူမျိုးပေါင်းစုံ မဲရစ်တိုကရေစီ။ လူမျိုးစုတွေရဲ့ကြား၊ လူမှုရေးနဲ့ စီးပွါးရေး မတူညီမှုတွေကြားမှာ ညီမျှခြင်းတစ်ခု ငါတို့ရှာဖွေနိုင်ခဲ့တယ်။

ငါ့ဆွေမျိုးတွေ ကွာလာလမ်ပူမှာရှိတယ်။ သူတို့ မလေးရှားကနေ အပြီးအပိုင် ထွက်သွားပြီး သြစတေးလျမှာ အခြေချနေကြတော့တယ်။ ငါတို့မှာက စင်ကာပူရှိတယ်။ ဒီမှာ ရိုးမြေကျနေထိုင်သွားကြဖို့လည်း ဆန္ဒရှိကြတယ်။ ငါတို့ခိုင်မာနေသရွေ့ အပြည်ပြည်ဆိုင်ရာ နိုင်ငံတွေနဲ့ သဟဇာတဖြစ်နေသရွေ့ စင်ကာပူက ဘာမှမဖြစ်ဘူး။ အေးဆေးပဲ။

အခုဆိုလိုတာက မတူညီတဲ့လူ့အဖွဲ့အစည်း၊ နိုင်ငံရေးခံယူချက်တွေကြောင့် အတူလက်တွဲပြီး အလုပ်လုပ်လို့ မရဘူးလို့ ပြောနေတာမဟုတ်ဘူး။ မလေးရှားနဲ့ အာဆီယံနဲ့ အတူလက်တွဲ အလုပ်လုပ်လို့ရတယ်။ မဟာသီယာနဲ့ ငါနဲ့ဆိုရင် အခုထိ သဘောတူစာချုပ်တွေ လက်မှတ်ထိုးနေကြတုန်းပဲ။

အတူလက်တွဲ အလုပ်လုပ်ဖို့ တစ်ယောက်ကိုတစ်ယောက် ချစ်နေစရာမလိုဘူး။ အကျိုးအမြတ်ရယူလိုမှုက ခံစားချက်ကိုတော့ ပယ်ဖျက်မပေးနိုင်ဘူးပေါ့။ ဒါပေမယ့် အားပိုကောင်းအောင်တော့ မောင်းနှင်ပေးနိုင်လိမ့်မယ်။ ဝန်ကြီးချုပ် နာဂျစ် ရာဇတ်ဆိုရင်လည်း ဆင်ခြင်သုံးသပ်နိုင်တဲ့ ခေါင်းဆောင်တစ်ယောက်ပဲ။ သူက ငါတို့နဲ့ ပူးပေါင်းအလုပ်လုပ်ချင်တယ်။ ဘာလို့ထင်သလဲ။ မလေးရှား အကျိုးအမြတ်ရနိုင်လို့။ ဒါပေမယ့် သူ့နိုင်ငံထဲက နိုင်ငံရေးသမားတွေလိုလူတွေရဲ့ ခံစားချက်နဲ့ ခံယူချက်ကို သူကောင်းကောင်း ကိုင်တွယ်နိုင်မှ ရလိမ့်မယ်။ မလေးရှားအတွက် အကျိုးအမြတ်ရနိုင်မယ့် ပရော့ဂျက်တွေအတွက် ဘယ်လောက်အထိ သူတို့စိတ်လိုလက်ရရှိကြသလဲဆိုတာနဲ့ စင်ကာပူအတွက် အကျိုးအမြတ်ကိုရော သူတို့ဖက်က ကူညီဖို့ အဆင်သင့်ဖြစ်နေကြပြီလား ဆိုတာကို မလေးရှားခေါင်းဆောင်တိုင်း စဉ်းစားထားသင့်တယ်။ ဒီမေးခွန်းကို ငါတို့က မေ့သွားမှာ မဟုတ်ဘူး။

မေး။          ။ စင်ကာပူနဲ့ မလေးရှားတို့ ခြားနားချက် ဒီထက်ပိုကွာသွားမယ်ဆိုရင် ကျွန်တော်တို့က ပိုအားကောင်းတဲ့ ဆွေရင်းမျိုးရင်းတွေလိုဖြစ်လာပြီး ဆက်ဆံရေး ပိုအဆင်ပြေမလာနိုင်ဘူးလား။

ဖြေ။           ။ အဖြေက “ရက်စ်” နဲ့ “နိုး” ပဲ။ ဒါဆို သူတို့ ငါတို့အပေါ် ဗိုလ်ကျလို့မရတော့ဘူးပေါ့။ ဒါပေမယ့် စိတ်ထဲမှာတော့ ပိုပြီးခံရခက်နေလိမ့်မယ်။ “စင်ကာပူကို ခွဲထွက်ခွင့် မပြုခဲ့သင့်ဘူး” ဆိုတာ သူတို့အမြဲတမ်းပြောနေကျစကား။ မလေးရှားသတင်းစာတွေကို ဖတ်ကြည့်။ တန်ကုက စင်ကာပူကို ခွဲထွက်ခွင့်မပြုခဲ့သင့်ဘူးဆိုတာ အခုအထိ ရေးနေကြတုန်းပဲ။

အစက ဒါတွေကို ငါကြိုသိခဲ့တယ်ထင်သလား။ ၁၉၅၂- ခုနှစ်တုန်းက ငါ့ရင်ထဲမှာ တော်တော်ကြီးပေါ့သွားလို့ ဟုတ်ပြီ၊ လွတ်လပ်ရေးရပြီ။ နိုင်ငံရေးထဲကို ငါဝင်တော့မယ်လို့ ဆုံးဖြတ်ခဲ့တယ်။ ဒါနဲ့ရှိတဲ့ငွေလေးတွေကို တရားရေးဘက်မှာ ရင်းနှီးလိုက်တယ်။ အဲသလိုနဲ့ နိုင်ငံရေးလောကထဲ ရောက်မှန်းမသိ ရောက်သွားရော။ အဲဒီအချိန်မှာ သိလိုက်ရတာက ငါကိုယ်တိုင် ကွန်မြူနစ်ဝါဒရဲ့ အကျဉ်းသားဖြစ်နေခဲ့ရပြီဆိုတာပဲ။ ဒီတော့ ကွန်မြူနစ်ဝါဒ မကြီးစိုးနိုင်တဲ့ မလေးရှားဆီကို ငါရောက်သွားတယ်။ မလေးရှားရောက်တော့ မလေးဗိုလ်ကျစိုးမိုးရေးနဲ့သွားပြီး ထိပ်တိုက်တိုးနေပြန်ရော။ နှစ်နှစ်အတွင်း ငါတို့ကို မောင်းထုတ်လိုက်တယ်။ ဒီတော့ ငါတို့လုပ်စရာရှိတာက စင်ကာပူ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်အောင် ကြိုးစားကြဖို့ပဲ။

ဒီပြဿနာတွေကို အစကတည်းက ကြိုသိခဲ့ရင် နိုင်ငံရေးထဲကို ငါရောက်လာမှာ မဟုတ်ဘူး။ ၁၉၅၉- ခုကနေစလို့ အသစ်ပြန်ကြိုးစားကြည့်ပါလားလို့ မင်းတို့ကပြောကြည့်။ ငါကတော့ “လုံးဝ” ပဲ။ မဖြစ်နိုင်တော့ဘူး။ ဒီလို ရလဒ်တွေရဖို့ လုံးဝမဖြစ်နိုင်တော့ဘူး။ ဒါတွေပြောရရင် အများကြီးပဲကွ။

၁၉၇၁- ခုနှစ်မှာ ငါနဲ့ ဗြိတိသျှလေဘာအစိုးရရဲ့ ဆက်ဆံရေး၊ ပြီးတော့ ဗြိတိသျှတပ်တွေ ရုတ်သိမ်းသွားတဲ့ ၁၉၇၅- ခုအထိ ကွန်ဆာဗေးတစ်အစိုးရနဲ့ ဆက်ဆံရေး၊ စုံလို့ပဲ။ သတိရမိတယ်ကွာ။ အဲဒီနောက် သမ္မတဆူဟာတိုနဲ့လက်တွဲပြီး စင်ကာပူကို အခြေကျအောင် ကြိုးစားခဲ့ကြတယ်။ ဆူဟာတိုက ရှဥ့်လဲလျှောက်၊ ပျားလဲစွဲဝါဒကို သဘောပေါက်တယ်။ အင်ဒိုနီးရှားနဲ့ စင်ကာပူ ပူးပေါင်းအလုပ်လုပ်ရင် ပိုအဆင်ပြေနိုင်မယ်။

အဲဒီနောက် ရာဇက်နဲ့ပေါင်းခဲ့တယ်။ သူက ဆုံးသွားပြန်ရော။ ပြီးတော့ ဟူစိန် အုန်း။ သူလည်း ကြာကြာမခံပြန်ဘူး။ အဲဒီနောက် မဟာသီယာ။ သူက ငါဟာ နှိမ်လို့မရဘူးဆိုတာ ကောင်းကောင်းသိတယ်။ ငါတို့ မလေးရှားပါလီမန်ထဲမှာ အတူတူတွေ့ကြတုန်းက ငါက ဘာကိုမှ အကြောက်အလန့်မရှိတဲ့ကောင်ဆိုတာ သူသိထားတယ်။

ဂိုချောက်တောင်တက်လာတော့ မဟာသီယာက ငါနဲ့သဘောတူထားတာတစ်ချို့ကို ပြောင်းလဲပြင်ဆင်လိုကြောင်း ပြောလာတယ်။ ဒါနဲ့ ဂိုချောက်တောင်ကို ငါပြောတယ်။ သူပြောင်းချင်တာတွေသာ ပြောင်းပေးလိုက်ရင် မင်းတော့ ဒုက္ခရောက်ပြီသာ မှတ်ပေတော့လို့။ သဘောတူထားတယ်။ ဒါပဲ။ ပြီးပြီပေါ့။ မဟာသီယာက ဒါကိုလုံးလုံးမကျေနပ်ဘူး။ ဒါနဲ့ ဂိုချောက်တောင်က ပြန်ပြောတယ်။ “ခင်ဗျားက ဟိုဟာပြောင်းချင်၊ ဒီဟာပြောင်းချင်နဲ့ ကျွန်တော်တို့က ဒါတွေကို လုပ်မပေးနိုင်ဘူး” တဲ့။ ငါတို့ NEWater ပရောဂျက် မအောင်မြင်ခင်က ရေအရောင်းအဝယ်အတွက် နှစ်တစ်ရာတိုးပြီး စာချုပ်ချုပ်ခဲ့ကြတယ်။ အဲဒီနောက် မဟာသီယာက ရေဂါလံတစ်ထောင်ကို သုံးရင်းဂစ်ပိုတောင်းတယ်။ အကြောင်းကတော့ ဟောင်ကောင်က တရုတ်ဆီက ရေဝယ်ရာမှာ ဂါလံတစ်ထောင်ကို နှစ်ရူပီးတောင်ပေးရလို့တဲ့။

နည်းပညာတွေ တိုးတက်လာတယ်။ သောက်ရေသန့်ရရှိရေးအဖွဲ့ကလည်း မနေမနား အားထုတ်ကြတယ်။ အခု ငါတို့ ရေသောက်ဖို့ အလုံအလောက်ရှိနေပြီ။ မဟာသီယာ တော်တော်စိတ်ညစ်သွားတယ်။ သူက ငါတို့ကို ရေနဲ့ခြိမ်းခြောက်ပြီး ငွေပိုရနိုင်သလောက်ရအောင် ကြိုးစားနေခဲ့တာ။

မေး။          ။ ကျွန်တော်နဲ့တွေ့တဲ့ မလေးတိုင်းကတော့ စင်ကာပူက စိတ်ကသိကအောက်ဖြစ်စရာ၊ သူတို့အစိုးရနဲ့ မီဒီယာကလည်း ဘယ်တော့မဆို မလေးဆိုရင် ကန်ထုတ်ပစ်မှာပဲ။ ဒါပေမယ့် ဒါကြောင့်တော့ မလေးရှားနဲ့ စင်ကာပူ စစ်ဖြစ်စရာမလိုပါဘူး- တဲ့။

ဖြေ။           ။ အေး ဒါဆိုကောင်းတာပေါ့။

မေး။          ။ ဒါဆိုရင် စိတ်အေးစရာပဲပေါ့။

ဖြေ။           ။ တကယ်တော့ စင်ကာပူက သူ့ကိုယ်သူကာကွယ်နိုင်ပါတယ်။ ဒါ့ကြောင့်- ။

မေး။          ။ ဒီလိုမဟုတ်ဘူးထင်တယ်။ မလေးရှားရဲ့ ကမ္ဘာ့အမြင်မှာ စင်ကာပူက အကျုံးမဝင်ပါဘူး။ စိတ်ကသိကအောက်ဖြစ်စရာ အနည်းငယ်သဘောလောက်တင်ပါ။

ဖြေ။           ။ ဒါဆို မလေးရှားအလုပ်သမားဝန်ကြီးပြောတာကို နားထောင်ကြည့်။ “စင်ကာပူကနေ ပြန်လွှတ်ခံလိုက်ရတဲ့ မလေးလူမျိုးသုံးသိန်းအတွက် ကျွန်တော်တို့ အလုပ်အကိုင်တွေ ဖန်တီးပေးထားပြီးသားပါ” တဲ့။ ကဲ အလုပ်အကိုင်တွေက ဘယ်မှာလဲ။ “ငါတို့က နိုင်ငံကြီး ပြဿနာမရှိ၊ ငါတို့လူမျိုးကို အချိန်မရွေး ပြန်ခေါ်နိုင်တယ်” ဆိုတာ ပြချင်ရုံပဲ။ ဘာကြောင့် သူတို့က နိုင်ငံကြီးဗိုလ်ကျစိုးမိုးရေးဝါဒရှိနေရတာလဲ။

မေး။          ။ သူတို့အဆိုအရကတော့ မလေးရှားက စင်ကာပူအကြောင်း စဉ်းစားတာထက် စင်ကာပူက မလေးရှားအကြောင်း စဉ်းစားနေတာက ပိုနေတယ်ဆိုလားပဲ။

ဖြေ။           ။ မဟုတ်ပါဘူး။ ဒီအကြောင်း ငါတို့မပြောခဲ့၊ မကြံစည်ခဲ့ပါဘူး။ ကိုယ့်အကြောင်းကိုယ်ပဲ စဉ်းစားတယ်။ ဒါက သူတို့ပြောနေတာပါ။ မလေးဘာသာနဲ့ သတင်းစာတွေကို ဖတ်ကြည့်။ တစ်ခါတစ်ခါ အင်္ဂလိပ်လို သတင်းစာမှာတောင်ပါသေးတယ်။


ဇင်ဝေသော်

နားဝင်မချိုတဲ့ အမှန်တရားတချို့ (၁)

လီကွမ်းယုရဲ့ Hard Truths (to keep Singapore going) ထဲက သင့်တော်မယ့် အပိုင်းတွေကို ရွေးပြီးဘာသာပြန်ထားတာပါ။ သူ့အတွေးအခေါ်၊ သူ့လုပ်ဆောင်ချက်တွေ အရင့်အရင် စာအုပ်တွေမှာ တချို့ပါခဲ့ပေမယ့် ဒီစာအုပ်ကတော့ လူငယ်ဂျာနယ်လစ်တွေနဲ့ တွေ့ဆုံမေးမြန်းထားတဲ့ အင်တာဗျူးဖြစ်ပြီး အမေးအဖြေပုံစံဆိုတော့ ပိုပြီးသွက်နေတယ်လို့ ခံစားရလို့ပါ။ တစ်စုံတစ်ရာ ရနိုင်ကောင်းပါရဲ့လို့ မျှော်လင့်မိပါတယ်။
ဇင်ဝေသော်


မေး။          ။ ခင်ဗျားမှန်တယ်ထင်တဲ့ ပုံရိပ်အတိုင်း စင်ကာပူကို ပုံဖော်ခဲ့တာလို့ တချို့ဝေဖန်သူတွေက ဆိုကြပါတယ်။ ဥပမာ အမြဲတမ်းစိုးရိမ်စိတ်နဲ့ နေရတာမျိုးပါ။ ဘာကြောင့်များ စင်ကာပူကျရှုံးသွားနိုင်တယ်လို့ အမြဲစိုးရိမ်ကြောင့်ကြနေရတာလဲ။

ဖြေ။           ။ ဖြစ်နိုင်မယ်ဆိုရင် စင်ကာပူကိုလည်း တခြားနိုင်ငံတွေဖြစ်တဲ့ ဒိန်းမတ်၊ နယူးဇီလန်၊ လက်ချင်စတိန်း၊ လူဇင်ဘတ်တို့လိုပဲ မြင်ကြည့်ချင်ပါတယ်။ ဒါပေမယ့် စင်ကာပူဟာ အန္တရာယ်ဇုန်ထဲမှာ ရှိနေပါတယ်။ တကယ်လို့ စင်ကာပူအစိုးရနဲ့ စင်ကာပူလူထုက အိမ်နီးချင်းတွေထက် လုံးဝပိုမသာဘူးဆိုရင်၊ ကိုယ့်ကိုကိုယ် မကာကွယ်နိုင်ဘူးဆိုရင် စင်ကာပူလည်း ပျောက်သွားပါလိမ့်မယ်။ ဒါက ငါတို့မျိုးဆက်ရဲ့ အမြင်သက်သက်မဟုတ်ပါဘူး။ နိုင်ငံတော်ကာကွယ်ရေးဌာနကို ရောက်လာသူတွေ၊
 နိုင်ငံခြားရေးဝန်ကြီးတွေ၊ စင်ကာပူရဲ့အခြေအနေကိုသိသူတွေ အားလုံးဒီလိုပဲ မြင်ကြပါတယ်။ ဒီအခြေအနေကို မျက်ကွယ်ပြုထားမိရင် အားလုံးဒုက္ခရောက်ကုန်မယ်။

စင်ကာပူတိုးတက်လာဖို့ အကူအညီပေးချင်တဲ့ အိမ်နီးချင်းနိုင်ငံမရှိဘူး။ အခုတိုးတက်လာခဲ့တာတောင်မှ တစ်ချိန်က သူတို့ရဲ့ သယံဇာတကိုမှီပြီး တိုးတက်လာတာလို့ ထင်ကြတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို ကြိုဆိုခဲ့တဲ့နောက်စီးပွါးရေးပေါ်လစီကို တွေ့မြင်သွားကြတဲ့အခါမှသာသူတို့အမြင်တွေ ပြောင်းသွားကြတာပါ။ ပြီးတော့ သူတို့လည်း ဒီအတိုင်းလိုက်လုပ်လာကြတယ်။ အခု ငါတို့က အချိန်အကြာကြီး မသေပဲ ရှင်ကျန်ခဲ့တော့ ဒေသတွင်းမှာ ရှေ့ကရောက်လာတယ်။ အပြည်ပြည်ဆိုင်ရာဆက်ဆံရေး၊ အခွင့်အရေးတွေကိုအမိအရရယူနိုင်တဲ့အားကောင်းမောင်းသန်မူဝါဒတွေလက်ကိုင်ထားမယ်ဆိုရင်
 နောင်နှစ်ပေါင်း ၅၀ နဲ့ တစ်ရာအထိ စင်ကာပူရှင်သန်သွားနိုင်တယ်လို့ ယုံကြည်မိပါတယ်။

မေး။          ။ Strong System (အားကောင်းမောင်းသန်မူဝါဒ) ဆိုတာ ဘာကိုဆိုလိုတာပါလဲ။ PAP ပါတီကပဲ အာဏာကို ဆုပ်ကိုင်ထားမယ်ဆိုတဲ့သဘောလား။

ဖြေ။          ။ PAP ပဲဖြစ်ဖြစ်၊ အခြားအစိုးရတစ်ခုပဲဖြစ်ဖြစ် ငါ့အနေနဲ့ စိတ်မဝင်စားပါဘူး။ လက်ရှိအစိုးရ ပီအေပီကို အကဲဖြတ်ဖို့ ဒီနေရာကိုရောက်လာတာ မဟုတ်ပါဘူး။ ခေါင်းဆောင်မှုစွမ်းရည်နဲ့ ပြည်သူလူထု၊ အဲဒီခေါင်းဆောင်ပိုင်းနဲ့ လူထုတစ်ခုလုံးရဲ့ ကိုယ်ကျင့်တရား၊ အတွေးအခေါ်နဲ့ ယုံကြည်မှုတွေ အထိရောက်အောင် တွေးစေချင်ပါတယ်။

မေး။          ။ စင်ကာပူဟာ ပုံမှန်နိုင်ငံ (a normal country) တစ်ခုမဟုတ်ဘူးဆိုတာကို လူတော်တော်များများက နားမလည်ကြဘူး။

ဖြေ။           ။ ဒိန်းမတ်တို့၊ နော်ဝေတို့မှာ အလယ်အလတ်အဆင့် အစိုးရလောက်နဲ့ ရပ်တည်နိုင်တယ်။ စင်ကာပူက မရပ်တည်နိုင်ဘူး။ လူထုယန္တရားကြီးတစ်ခုလုံး လျော့ကျသွားမယ်။ အရေးပါတဲ့ဌာနတွေ လျော့ကျသွားရင် အဖွဲ့အစည်းတိုင်းရဲ့ အရည်အသွေးတွေလည်း ကျသွားမယ်။ သူ့ထက်သာနေတဲ့ လူတစ်ယောက်ကို သူ့လောက်မှ အဆင့်မရှိတဲ့လူက အကဲခတ်ရင် မှန်ဖို့မလွယ်ဘူး။ ဒါ့ကြောင့် ကိုယ့်လောက်အဆင့်မရှိတဲ့ သူတွေဆီက သတ်မှတ်ချက်ကို မေးလည်းမေးမနေကြတော့ဘူး။ ကိုယ့်ထက်သာပေမယ့်လို့ “သူကတော့ ငါ့ထက်သာတယ်” လို့ မှတ်ချက်ပေးသူလည်း တွေ့ရခဲပါတယ်။ ခပ်ညံ့ညံ့လူတစ်ယောက် ထိပ်တန်းရောက်သွားပြီဆိုရင်တော့ စစ်စတန်တစ်ခုလုံး ပုံကျတော့တာပဲ။ ရှောင်လွဲလို့မရဘူး။

မေး။          ။ လူကြီးမင်းပြောသလို စင်ကာပူကတကယ်ပဲ အန္တရာယ်ရှိတဲ့ အနေအထားမှာ ဟုတ်ပါသလား။ တခြားနိုင်ငံသေးသေးလေးတွေမှာလည်း နိုင်ငံရေးပါတီ အားပြိုင်မှုတွေ ရှိနေပြီး စင်ကာပူမှာ ဘာဖြစ်လို့ ဒီလိုအားပြိုင်မှုအားမကောင်းရတာလဲ။ လူကြီးမင်းက ပုံကြီးချဲ့နေရာများ မရောက်ဘူးလား။

ဖြေ။           ။ နိုင်ငံရေးအားပြိုင်မှုကို မတားမြစ်ပါဘူး။ ငါတို့တားမြစ်တာက ပါလီမန်နဲ့ အစိုးရထဲမှာ မစွံတဲ့လူတွေ ပါဝင်လာမှာကို တားဆီးတာပါ။ အရည်အသွေးရှိတဲ့လူတိုင်းကို ကြိုဆိုပါတယ်။ အမှန်တကယ် အလေးအနက်ထားရမယ့် ခေါင်းဆောင် တစ်ယောက်ယောက်ကထပြီး စင်ပြိုင်အစိုးရထောင်မယ်ဆိုရင် သိပ်ကောင်းတာပေါ့။ စင်ကာပူမှာ ရွေးစရာရှိသွားတာပေါ့။ ဒါပေမယ့် သူရှေ့တန်းတင်လိုက်တဲ့ သူ့လူတွေကိုတော့ ကြည့်ကြရပါလိမ့်ဦးမယ်။ စင်ကာပူဟာ အန္တရာယ်မရှိဘူးလား။ ဒါဆို ဒီအစိုးရက ဘာကြောင့် ဂျီဒီပီရဲ့ ငါးရာခိုင်နှုံးကနေ ခြောက်ရာခိုင်နှုံးအထိ ကာကွယ်ရေးအတွက် သုံးနေရတာလဲ။ ငါတို့က အရူးတွေလား။ မင်းတို့ သိပါတယ်။ ဒီအစိုးရက ကပ်စေးနဲတဲ့အစိုးရပါ။

NEWater ဆိုတဲ့ ရေရရှိရေးအတွက် ရေဆက်သွယ်ဖို့ မြေအောက်ရေပိုက်လိုင်းတွေမှာ ဒေါ်လာ ၃.၆၅ ဘီလီယံ ကုန်ကျခံခဲ့ကြတယ်။ ရေနဲ့ပတ်သက်လို့ ဘယ်သူ့ကိုမှ အားကိုးစရာ မလိုအောင်လို့ပဲ။

စင်ကာပူအန္တရာယ်မရှိဘူးလား။ ဒါကို သူတို့ အခွင့်အရေးယူလိုက်ရင် အားလုံးသေပြီ။ ပင်လယ်ရေကြောင်းလိုင်းတွေ ဖြတ်တောက်လိုက်မယ်ဆိုရင် စီးပွါးရေးလည်း ရပ်သွားမယ်။ ဒီအတွက် ကျွန်တော်တို့အဖြေက ဘာလဲ။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၊ ပြီးတော့ ကိုယ်ပိုင်ကာကွယ်ရေးစွမ်းရည်၊ ပြီးတော့ အမေရိကန်နဲ့ သဘောတူလက်မှတ်ထိုးထားတဲ့ လုံခြုံရေးအခြေခံမူဝါဒ (Security Framework)။

ဘာ့ကြောင့် ကာကွယ်ရေးမှာ ထိပ်တန်းဝန်ကြီးကို ခန့်ထားရသလဲ။ အရေးမကြီးလှဘူးဆို။ သူဟာ ကက်ဘိနက်ထဲမှာ ဝန်ကြီးပြီးရင် သူပါပဲ။ အမာဆုံး၊ စွမ်းရည်အရှိဆုံး ဝန်ကြီးပဲ။ ငါတို့ဟာ လူလားမြောက်လာတဲ့ ကမ္ဘာထဲနေနေကြရတာပါ။ ဘာ့ကြောင့် စင်ကာပူငြိမ်းချမ်းတာလဲ။ စင်ကာပူကိုလာထိရင် ပြန်ပေးရမှာလည်းရှိတယ်ဆိုတာ သိကြလို့ပဲ။ တစ်ယောက်ယောက်က ငါတို့ကိုလာတိုက်ရင် ပြန်ပေးရမယ့်လျော်ကြေးက ပိုများသွားနိုင်တယ်ဆိုတာ သဘောပေါက်ထားကြလို့ပဲ။

မေး။          ။ ဒီအဖြေက ပုံမှန်နိုင်ငံတစ်ခုမဟုတ်ဘူးဆိုတာရဲ့ အဖြေမဟုတ်သေးဘူးလားလို့။

ဖြေ။           ။ ဒါတွေကို ပြောလိုက်မိတဲ့အတွက် ခွင့်လွှတ်ပါ။ မင်းနဲ့ငါ ဥာဏ်ရည်ချင်း တူတယ်ဆိုရင်တောင် ငါကလောကကြီးထဲမှာ ၈၅- နှစ်နေခဲ့ပြီး အတက်အကျတွေ အားလုံးကို ကျော်ဖြတ်ခဲ့ရပြီးပြီ။ အသက် ၃၂- နှစ်ကစလို့ ဒီနိုင်ငံအလုပ်ဖြစ်သွားအောင် ဘယ်လိုများလုပ်ရပါ့မလဲလို့ တစ်သက်လုံးစဉ်းစားနေခဲ့ရတာပါ။

အစပထမတုန်းကတော့ ငါတို့ရှင်သန်ဖို့အတွက် မလေးရှားနဲ့ပေါင်းရမယ်။ နို့မို့ မရှင်သန်နိုင်ဘူးလို့ ယုံကြည်ခဲ့တယ်။ ငါတို့ ရေ၊ ငါတို့ ကုန်ကြမ်းပစ္စည်း၊ ငါတို့ ပို့ကုန်၊ ပြီးတော့ စင်ကာပူအတွက် သွင်းကုန်တွေဟာ အများအားဖြင့် မလေးရှားကပဲ။ အဲဒါက အဲဒီအချိန်တုန်းက။ ဒီကိစ္စ မအောင်မြင်ခဲ့ဘူး။ တန်ကုက တရုတ်လူမျိုးတွေကို မနှစ်မြို့လို့။ ဒီနောက် နည်းလမ်းရှာကြတယ်။ နောက်ဆုံး မလေးရှားထဲကို ပေါင်းဝင်လိုက်ကြတယ်။ နောက်မှ ငါတို့သိလိုက်ရတာက မလေးအသာစီးယူတဲ့ မလေးရှားနိုင်ငံထဲမှာ စင်ကာပူ ခြေချုပ်လက်ချုပ်မိလိုက်ရပြီဆိုတာပဲ။ မလေးရှားပြောင်းလဲလာခဲ့သလား။ သူတို့ ဘယ်လိုပြောင်းလဲခဲ့ကြသလဲ။

သြဂုတ်လ ကိုးရက်နေ့ မလေးရှားကနေ ခွဲထွက်ခဲ့တော့ ဘာ့ကြောင့် ငါငိုခဲ့ရသလဲဆိုတာ သိသလား။ ငါတို့ ချီတက်ပွဲမှာ ပါဝင်ခဲ့ကြတဲ့ ထောင်သောင်းမကတဲ့ လူထုကြီးကို ချန်ထားခဲ့ရလို့။ သူတို့ ဒုက္ခရောက်နေရစ်မှာကို ခံစားရလို့၊ ပြီးတော့ ခေါင်းဆောင်မဲ့သွားတဲ့ လူနည်းစုလူမျိုးကွဲတွေ။ စင်ကာပူမှာ ခေါင်းဆောင်မှုစွမ်းရည် ထပ်အားဖြည့်ခဲ့ရတယ်။ ဒီကြားထဲ စင်ကာပူမှာ အန္တရာယ်မရှိပါဘူးလို့ မင်းကပြောတော့ ငါ့မှာ ပြောစရာကတော့ “ဘုရား၊ ဘုရား” ဆိုတာပဲ ရှိပါတော့တယ်။

SAF (Singapore Armed Forces) က ကွန်မန်ဒါတွေကို သွားမေးကြည့်။ လူငယ်တိုင်း ဘာ့ကြောင့် နှစ်နှစ် စစ်တာဝန်ထမ်းနေရသလဲ။ ကပ်စေးနဲတဲ့အစိုးရက ဘာ့ကြောင့် ဂျီဒီပီရဲ့ ၅/၆ ရာခိုင်နှုံး ကာကွယ်ရေးအတွက် သုံးနေရတာလဲ။ ဂယောင်ချောက်ချားနဲ့ ကြောက်နေ ကြတာလား။ ဒါမှမဟုတ် ဒါဟာရှင်သန်ဖွံ့ဖြိုးဖို့ တစ်ခုတည်းသော ရွေးချယ်စရာ ဖြစ်နေလို့လားလို့ မေးကြည့်ပါ။

ဒီလို စိုးရိမ်မှုအပေါ်မှာ လျှော့မတွက်သင့်ဘူး။ ဒါတွေဟာ တကယ့်ပြဿနာတွေပဲ။ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်ခဲ့လို့ ဒီနေ့ ဒီလိုဖြစ်နေတာ။ ဒီလိုမဟုတ်ရင် ခံသွားရမယ်။

ငါတို့ ရေပြဿနာနဲ့ပတ်သက်လို့ နောက်ဆုံး ရေနဲ့ပတ်သက်ပြီး စပယ်ရှယ်လစ် မဖြစ်ခင်အထိ ဘာ့ကြောင့်များ ငွေတွေဒါလောက်သုံးနေရတာလဲလို့ မစဉ်းစားမိဘူးလား။ ငါတို့ ဂျိုဟိုးကရေကို လိုတယ်ဆိုတာ မဟာသီယာက သိတယ်။ ၂၀၁၁- နှစ်မှာ ရေအရောင်းအဝယ် စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဆိုတော့ ရေနဲ့ပတ်သက်ပြီး အခက်အခဲတွေ့တော့မှာ ဆိုတာကိုလည်း ငါတို့သဘောပေါက်ထားတယ်။ ဒီနောက် ငါတို့က NEWater ကို ရှာတွေ့ခဲ့တာပဲ။ သူက ငါတို့ နောက်နေတယ်တောင်ထင်တာ။ ကဲ- စင်ကာပူမှာ အန္တရာယ်မရှိဘူးလား။

ဒီလို စိုးရိမ်မှုတွေကို လျှော့မတွက်သင့်ဘူး။ တကယ့်ပြဿနာကြီးတွေ။ ကိုယ့်ခြေထောက်ပေါ်မှာ ကိုယ်ရပ်တည်နိုင်ခဲ့လို့ ဒီနေ့ ဒီလိုနေနိုင်တာ။ မဟုတ်လို့ကတော့ ခံသွားရမယ်။ လုံခြုံရေးကောင်စီက ဝန်ခံကတိကဝတ်တွေ ချပေးခဲ့တယ်။ ကဲ ဒီတော့ ဘာဖြစ်လဲ။ ကူဝိတ်ကိုကယ်တင်ဖို့ ဘယ်သူတွေသွားခဲ့သလဲ။ အမေရိကန်တွေ။ ဘာ့ကြောင့်လဲ။ ရေနံကြောင့်။ ပြီးတော့ ကူဝိတ်ဘေးက ဆော်ဒီအာရေးဗျ။ ငါတို့ ရေငတ်နေရင် ဘယ်သူလာ ရေတိုက်မှာလဲ။ အမေရိကန်တွေလား။ နိုး။ ငါတို့ရေ ငါတို့ရအောင် ရှာသောက်တယ်။ ငါတို့ဘာသာ ငါတို့ကယ်တင်တယ်။


ဇင်ဝေသော်








Copyright © 2012 ကမ်းလက်. All rights reserved.

အသံရှင် ဘယ်သူလဲ

ဆရာဝန်က စိတ်ဝေဒနာရှင်တစ်ယောက်ကို မေးနေတာပါ။

“ဘယ်သူ ပြောနေတယ်ဆိုတာလည်း မသိ၊ ဘယ်ကလာတာလဲ မသိရတဲ့ အသံတွေ ကြားရတာများ ရှိသလား”

“ရှိတာပေါ့ ဒေါက်တာ”

“ဘယ်လို အချိန်တွေမှာ အဲ့ဒီလို ဖြစ်တတ်သလဲ”

“တယ်လီဖုန်းလာလို့ ကောက်ကိုင်ရင် ဖုန်းခေါ်တဲ့သူက သူဘယ်သူဆိုတာ မပြောတဲ့အခါတွေမှာပါ ဒေါက်တာ”


Ref: Wisdom from laughter


ကမ်းလက်







Copyright © 2012 ကမ်းလက်. All rights reserved.

အီးကျူပေတံထဲ မဝင်သူများ

(ဗိုလ်ချုပ်အောင်ဆန်း၊ သခင်ဖေသန်း(ဦးသာဓု)၊ ဂျော့ဂ်ျဘားနတ်ရှော၊ ကိုလတ်-အင်းဝ)

EQ ဆိုတဲ့ စိတ်ပညာဆိုင်ရာဝေါဟာရ ပေါ်လာတာ သိပ်မကြာလှသေးပါဘူး။ အထူးသဖြင့် နိုင်ငံရေး၊ စီးပွါးရေးကဏ္ဍတွေမှာ အီးကျူဟာအရေးပါလာလို့ ဒီနေ့အစိုးရ တော်တော်များများက လူငယ်တွေကို အိုင်ကျူသာမက အီးကျူပါအဆင့်မြင့်လာဖို့ ကြိုးစားပေးနေကြပါတယ်။ ဒီအကြောင်း စဉ်းစားမိနေချိန်မှာ မောင်သွေးချွန်ရဲ့ “ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်စစ်တမ်း” စာပေဝေဖန်ရေးဆောင်းပါးကို ဖတ်လိုက်မိတယ်။ ပိတောက်ပွင့်သစ် အနှစ် (၂၀) မြောက် မဂ္ဂဇင်းထဲမှာပါ။ မောင်သွေးချွန် ခပ်စပ်စပ် (အမြဲတမ်းလိုလို) ဝေဖန်လိုက်တာက ဇေယျသူရဲ့ “ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်မှုရှာပုံတော်”်ပါ။

“ဗိုလ်ချုပ်အသက်ရှင်စဉ်က EQ အယူအဆ မပေါ်သေးသော်လည်း ဗိုလ်ချုပ်သည် EQ အယူအဆမြင့်မား သူဖြစ်ကြောင်း အကဲခတ်နိုင်သည်-” (ဇေယျသူ၊ စာ ၂၁)

“EQ ပေတံကြောင့် ဗိုလ်ချုပ်ရဲ့ အင်မတန်ပေါ်လွင်ထင်းရှားလှတဲ့ မဟုတ်မခံစရိုက်ဟာ မှေးမှိန်ငုပ်လျှိုးသွားခဲ့ပါတယ်။ ဗိုလ်ချုပ်ရဲ့ ဟောဟောဒိုင်းဒိုင်းနဲ့ စိတ်မြန်ကိုယ်မြန် စရိုက်လက္ခဏာတွေကို ကျွန်တော်တို့ စာအုပ်တော်တော်များများမှာ ဖတ်ခဲ့ဖူးပါတယ်။ ဒေါက်တာမောင်မောင်ရေးပြီး မောင်မြတ်မိုးဘာသာပြန်တဲ့ “မြန်မာ့ အောင်ဆန်း” စာအုပ်မှာ ဗိုလ်လက်ျာာမှတ်တမ်းတင်ထားတာကိုကြည့်ရင် သိနိုင်ပါတယ်။ (မောင်သွေးချွန်၊ စာ ၁၄၁ ပိတောက်ပွင့်သစ်)

“ဗိုလ်ချုပ်ရဲ့ ဒီလိုရဲရဲတောက် ပြောင်မြောက်တဲ့ဖြစ်ရပ်တွေကို EQ ပုံစံခွက်ထဲ ဘယ်လိုဇွတ်ရိုက်သွင်းမှာလဲ။ EQ သီအိုရီနဲ့ ဘယ်လိုတိုင်းတာမှာလဲ။ ဗိုလ်ချုပ်ကို “သံတမန်ခေါင်းဆောင်” ခေါင်းစဉ်အောက်မှာ သံတမန်ပေတံနဲ့ တိုင်းတာနေပုံဟာလည်း ဘယ်လိုမှ မအပ်စပ်ပါဘူး။ ဗိုလ်မိုးကြိုးကို ဓား- ဓားခြင်း၊ မောင့်ဘက်တန်ကို စကား- စကားခြင်း ခပ်ကြမ်းကြမ်း တုံ့ပြန်ခဲ့ပုံတွေဟာ ဘယ်မှာသံတမန်ဆန်နေပါသလဲ။ ဗိုလ်ချုပ်ရဲ့မျက်နှာပေါ်မှာ ဘယ်တုန်းကမှ သံပြုံးတမန်ပြုံး မရှိခဲ့ပါ။ (ဟန်ဆောင်ပြုံးမရှိခဲ့ပါလို့ ဆိုလိုပါတယ်) ။ (မောင်သွေးချွန်၊ နှာ -၁၄၁၊ ပိတောက်ပွင့်သစ်)

တော်တော်ထိမိတဲ့ တုန့်ပြန်ချက်ပါ။ ဗိုလ်ချုပ်ဟာ အီးကျူပေတံနဲ့ ဘယ်လိုမှ ညှိလို့မရပါဘူး။ သူ့ကိုချစ်သူတွေကလည်း သူ့ရဲ့ဘွင်းဘွင်းကြီးကို ချစ်ကြတာပါ။ သူ့ကွန်မစ်(တ်) မန့် ကို ချစ်ကြတာပါ။

တိုက်ဆိုင်မှုပါပဲ။ ပိတောက်ပွင့်သစ် အမှတ်-၃၅ မှာ အီးကျူပေတံထဲ လုံးဝမဝင်တဲ့ လူတစ်ယောက်ထပ်တွေ့လာပြန် ပါတယ်။ သူကတော့ သခင်ဖေသန်းဆိုတဲ့ စာရေးဆရာ၊ ဒါရိုက်တာ (ဦး) သာဓုပါပဲ။

“မဟုတ်မခံစိတ်ရှိသူဟာ
ရန်သူပေါတယ်…….
မှန်ရာကို တဲ့တိုးပြောလို့
အမုန်းခံရတယ်ဆိုရင်
ဒါဟာ
သာဓုအဖို့ အရသာပဲ” တဲ့။

၁၈-၆-၈၉ သာဓုလက်ရေးမူ လက်မှတ်တို့နဲ့ တွေ့ရတယ်။ “သာဓု လူဝါးဝတယ်” “ ဝန်ကြီးတစ်မတ်” စတာတွေကို ဖတ်ကြည့်ရင် (ဦး) သာဓုလည်း ဘယ်နည်းနဲ့မှ အီးကျူပေတံထဲ မဝင်နိုင်ပါဘူး။

“သို့သော် သူ့အိမ်ရောက်လာသော သူများကတော့ ဖြုံသွားရပေမည်။ အဘယ်ကြောင့်ဆိုသော် ဧည့်ခန်း၌ရှိနေသော စာတို့က “အလိုက်သိပါ” “ကိုယ်နှင့်မဆိုင် မကိုင်နှင့်” “အလုပ်လုပ်မှ ထမင်းစားရမည်” “ညဥ့်အိပ်ဧည့်သည် လက်မခံ” “သောက်စားမူးယစ်သူများ မလာရ” စသော သူ၏မူဝါဒများဖြစ်လေရာ နောက်ဆုံးစာကိုတော့ ကျွန်တော်နှင့်တင့်တယ်က သူ့အိမ်ပဒေသာပြောင်းသည့်နေ့မှာပင် “ဟေ့- ဒါကိုတော့ ဖြုတ်ပစ်လိုက်ပါ၊ တို့မူဝါဒနှင့်မကိုက်ညီဘူး” ဆိုသဖြင့် နေရာတကာ ခေါင်းမာတတ်သော သာဓုသည် “သောက်စားမူးယစ်သူများ မလာရ” ဆိုသောစာကို ဖြုတ်ပစ်လိုက်ရတော့၏။ (ကျွန်တော့်ဘဝဇာတ်ကြောင်း၊ သော်တာဆွေ(ပြန်လည်ဖော်ပြ)၊ ပိတောက်ပွင့်သစ်၊ နှာ-၃၄ )

သူတို့ရယ်မှလည်း မဟုတ်ပါဘူး။ ကမ္ဘာကျော်စာရေးဆရာကြီး ဂျော့ခ်ျ ဘားနတ်ရှောဆိုရင်လည်း စိတ်ထဲမှာရှိတဲ့ အတိုင်း ပြောတတ်လွန်းလို့ အီးကျူပေတံက သူ့အနားတောင် ကပ်လို့ရမယ်မထင်ပါဘူး။

“မွေးလာတဲ့ကလေးက ငါလိုအရုပ်ဆိုးပြီး၊ နင်လို အူတူတူလေး ဖြစ်နိုင်တယ်ဆိုတာလည်း တွက်ထားအုံး” ဆိုတဲ့စကားတွေ။

“လူကို စက်နဲ့အစားထိုးလို့ရတယ်။ နွားမကိုတော့ အစားထိုးလို့မရဘူး။ ဒါဆို လူက နွားမလောက် အသုံးမကျလို့ပေါ့” လို့ ပြောတတ်တာမျိုးတွေကိုကြည့်ရင် သိသာနိုင်ပါတယ်။

ဒါ့ကြောင့် သူ့ကို မတ်တွိန်းက မှတ်ချက်ချတာဖြစ်ပါလိမ့်မယ်။ “ဂျော့ဘားနတ်ရှောဟာ လူကောင်းကြီးပါ။ သူ့မိတ်ဆွေတွေကတော့ သူ့ကိုတစ်ယောက်မှ မချစ်ကြဘူး” တဲ့။

ကျွန်တော် ပုဂ္ဂိုလ်ရေးအရသိတဲ့ ရွှေမြန်မာ အယ်ဒီတာချုပ် ဒေါက်တာခင်မောင်လတ်(ကိုလတ်၊ အင်းဝ) ဆိုရင်လည်း အီးကျူထိုင်ငိုရမယ့်လူပါပဲ။ ကျန်းမာရေးကြောင့် မဂ္ဂဇင်းရပ်သွားလို့သာပါ။ နို့မို့တော့ သူ့ရဲ့ “တော်တော်ခွကျတဲ့လူ” က ဆက်ပြီးခွကျနေမယ့် သဘောရှိပါတယ်။ မဟုတ်မခံစိတ်နဲ့ ခွကျကျအမူအယာဟာ တွဲပါလာသလားလို့ စဉ်းစားစရာပါ။

တစ်နေ့က မြန်မာမီဒီယာတစ်ခုက အင်တာဗျူးဖို့ (၅) နာရီချိန်းတယ်။ ဗျူးမယ့်ကောင်လေးက သူ့အကြောင်းနဲ့သူ နောက်ကျပြီး ၆-နာရီခွဲလောက်မှ ရောက်လာတယ်။ ရောက်လာပြန်တော့လည်း ကတ်ကုန်နေရတာနဲ့၊ ဘာနဲ့။ ဒါနဲ့ ကိုလတ်(အင်းဝ) နဲ့ မဗျူးလိုက်ရဘူး။ မဗျူးရယုံတင်မကဘူး၊ အချိန်ကိုလေးစားဖို့ ဆောက်နဲ့ထွင်းလိုက်သေးတယ်။

တကယ်တမ်းပြောရရင် ရိုးသားမှုကို လျော်ကြေးအနေနဲ့ မပေးလိုက်ရဘူးဆိုရင် အီးကျူရှိနေတာ ကောင်းတယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ကျွန်တော်ထုတ်ကြည့်မိတဲ့ လူလေးယောက်စလုံးကတော့ “အီးကျူတွေ ဘာတွေ လာမလုပ်နဲ့၊ မဟုတ်တာ မဟုတ်တာဘဲ” လို့ ပြောကြမယ့်သူတွေချည်းပါပဲ။

သူတို့အားလုံးဟာလည်း သူတို့အတိုင်းအတာနဲ့ သူတို့ အရည်အချင်းရှိကြသူတွေချည်းပါပဲ။ ဒါနဲ့ပဲ ကျွန်တော့်အီးကျူ ဆောင်းပါးလည်း အဆုံးသတ်လို့မရတော့ ဒီအတိုင်းပဲ ထားလိုက်မိပါတယ်။

“ထားတယ်၊ ဘာဖြစ်လဲ။ အီးကျူတွေ ဘာတွေ လာမလုပ်နဲ့”


ဇင်ဝေသော်








Copyright © 2012 ကမ်းလက်. All rights reserved.

အရက်ကြောင့် ဖြစ်မယ် ^_^

လူနာတစ်ယောက်ကို စစ်ဆေးပြီး ဘာမှ အဖြေမရတဲ့နောက် ဆရာဝန်က လူနာကို ပြောတယ်။

“ခင်ဗျား ဘာဖြစ်သလဲဆိုတာ တိတိကျကျ မပြောနိုင်သေးဘူးဗျာ။
အရက်ကြောင့်လို့ ကျနော်တော့ ထင်တာပဲ”

ဒါနဲ့ လူနာက ချက်ချင်း ဆရာဝန်ကို အားတုံ့အားနာနဲ့ ပြောတယ်။

“ကောင်းပါပြီ ဒေါက်တာ။ ဒေါက်တာ အမူးပြေမှ ကျနော် ထပ်လာပြပါဦးမယ်”


Ref: Wisdom from laughter


ကမ်းလက်







Copyright © 2012 ကမ်းလက်. All rights reserved.

အို... နိုး...... ဘုရားဆင်းတုတော်ကိုမှ ကွယ်.......!


ပြင်သစ် နိုင်ငံသား သုံးယောက်  ဘုရားဆင်းတုတော်ရဲ့ နှုတ်ခမ်းတော်ကို နမ်းမှုကြောင့် သိရိလင်္ကာနိုင်ငံ ကန္ဒီမြို့မှာ အဖမ်းခံခဲ့ရပါတယ်။ အမျိုးသမီး နှစ်ယောက်၊ အမျိုးသား တစ်ယောက် ဖြစ်ပြီး အဲသလို ဓာတ်ပုံရိုက်တာက အမျိုးသမီး ဖြစ်ပါတယ်။ ဓာတ်ပုံကို ကူးရာမှာ ဖလင်ဆေးသူက တွေ့ရှိပြီး ရဲကို အကြောင်းကြားရာမှ တဆင့် အဖမ်းခံခဲ့ရခြင်း ဖြစ်ပါတယ်။ ပြစ်ဒဏ် အနေနဲ့ ငါးနှစ်အတွင်း ထောင်ဒဏ် ခြောက်လ ကျခံရမှာဖြစ်ပြီး  ထောင်ဒဏ်ကို ရွှေ့ဆိုင်းလိုက်တဲ့ အတွက် သူတို့သွားလိုရာကိုတော့ သွားနိုင်တယ် လို့ ဆိုပါတယ်။

အရင်လကပဲ ဗုဒ္ဓဘာသာ ကျမ်းစာများကို အသရေ ဖျက်မှုကြောင့် အာရပ် တိုးရစ်  ငါးယောက်လည်း အဖမ်းခံခဲ့ရကြောင်း ဘီဘီစီ သတင်းဌာနက ဖော်ပြထားပါတယ်။ ထို့အပြင် အမေရိကန် ရပ်ပ် ( Rap star ) အဆိုကျော် အကွန် ( Akon )ကိုလည်း ဘုရားဆင်းတုတော်ရှေ့ မတော်တရော် အမျိုးသမီးပုံနဲ့ တွဲပြီး မြူးဇစ် ဗွီဒီယိုထုတ်ခဲ့မှုကြောင့် ၂၀၁၀ ခု မတ်လကပိတ်ခဲ့ဖူးပါတယ်။

လွန်ခဲ့တဲ့ ရှစ်နှစ်က ဗုဒ္ဓ ဘား မြူးဇစ် ( Buddha bar music ) နဲ့ ဘီကီနီဝတ်းထားတဲ့ ဘုရားပုံတော်ကို တွေ့ရပြီး ရဟန်းတော်တွေက ဘာသာရေး စော်ကားမှုဖြစ်ကြောင်း တင်ပြလာလို့ အားလုံးကို ရှာဖွေ ဖမ်းဆီးဖို့ တရားရုံးချုပ်က ရဲ နဲ့ ကာစတန် ဌာန ကို အမိန့် ထုတ်ခဲ့ရပါသေးတယ်။

သီရိလင်္ကာ နိုင်ငံဟာ ဘာသာရေးနဲ့ ပတ်သက်လို့ ဥပဒေ တင်းကြပ်ကြောင်း ၊ မတော်တရော် အဝတ်အစားများနဲ့ ဘုရား ကျောင်း ကန်တွေထဲ ဝင်ခွင့်ပင် မရှိကြောင်း သိရပါတယ်။

Ref: S.T. 23,8.2012.


ကမ်းလက်







Copyright © 2012 ကမ်းလက်. All rights reserved.

ပိုကောင်းအောင် လုပ်တတ်သွားပြီ

မြေးမလေးက အဖွားရဲ့ ရင်ခွင်ထဲဝင်ပြီး သူမအဖွားရဲ့ ဖြူနေတဲ့ ဆံပင်တစ်ချို့နဲ့ ပြောင်နေတဲ့ ခေါင်းတစ်ခြမ်းကို စိတ်ဝင်တစား ကြည့်ရင်း အရေတွေ တွန့်နေတဲ့ အဖွားရဲ့ပါးကိုလည်း သူ့လက်ချောင်းလေးတွေနဲ့ လိုက်စမ်းနေတယ်။

“အဖွားကို ဘုရားသခင်က ဖန်ဆင်းပေးလိုက်တာနော်”

“ဟုတ်တာပေါ့ ကလေးရဲ့”

“သမီးကိုလည်း ဘုရားသခင်က ဖန်ဆင်းတာပဲလား”

“မှန်တာပေါ့ ကလေးရဲ့”
“ဒါဆို - ဘုရားသခင်က ဖန်ဆင်းတဲ့အလုပ်ကို အခု ပိုပြီး ကျွမ်းကျင်လာတယ်လို့ အဖွား မထင်ဘူးလား” လို့ ချောမွေ့နေတဲ့ သူမပါးကို စမ်းရင်း ပြောလိုက်တယ်။


ကမ်းလက်







Copyright © 2012 ကမ်းလက်. All rights reserved.

စကားထစ်လည်း ရှင်ဘုရင်လောက်တော့ ဖြစ်နိုင်တယ်

ဒီဆောင်းပါးလေး ဖတ်ရင်းနဲ့ စကားထစ်တတ်တဲ့ ကိုရင်ကြီးကို ဆရာတော်က ဆားအငံ၊ အပေါ့ မေးတယ်ဆိုတဲ့ အဖြစ်အပျက်လေးကို သတိရမိတယ်။ ဆရာတော်က ပါးစပ်ထဲမှာ ကွမ်းတွေနဲ့ဆိုတော့ ကိုယ်တိုင်မြည်းကြည့်လို့ မရဘူး။ ဒါနဲ့ ကိုရင်ကြီးကို မေးရတာပါ။

ကိုရင်ကြီးက စကားထစ်တော့ “ခပ်… ခပ်… ခပ်”။
ဆရာတော်က ဆားတွေ ထပ်ခပ်တာပေါ့။
ကိုရင်ကြီး ထပ်ပြောတာက “ခပ်ငန်ငန်ပါဘုရား” တဲ့။
စားလို့ မရလောက်တော့ဘူးပေါ့လေ။

ကလေးတွေ စကားထစ်တဲ့နေရာမှာ စကားလုံး ထစ်နေတာ၊ ပြောမယ့်စကား တစ်ဝက်မှာ ထစ်နေတာ၊ ဘာစကားသံမှ ထွက်မလာတာ ရှိတတ်ပါတယ်။ စကားကို ကြိုးစားပမ်းစား ပြောရာမှာ မျက်နှာစတဲ့ အမူအယာတွေလည်း ပြောင်းလဲနေတတ်ပါသတဲ့။ စကားပြောတတ်စ ကလေးတွေ ထစ်တာမျိုးကတော့ ကလေးအများစုမှာ ဖြစ်တတ်ပြီး ကြာရင် ပျောက်သွားတတ်တဲ့ သဘော ရှိပါတယ်။

စကားထစ်ခြင်းနဲ့ ပတ်သက်လို့ ဖြစ်နိုင်ခြေ လေးခု ရှိနိုင်ပါတယ်။
၁။ မျိုးရိုးဗီဇ
၂။ အာရုံကြောဆိုင်ရာ အလုပ်လုပ်မှု ပုံမမှန်ခြင်း
၃။ ကလေးကြီးထွားစအချိန်
၎။ မိသားစုဖိအားပေးခြင်းတို့ ဖြစ်ကြပါတယ်။

စကားထစ်တတ်တဲ့ ကလေးတွေထဲမှာ (၆၀) ရာခိုင်နှုန်းကတော့ မျိုးရိုးနဲ့ ပတ်သက်ပါတယ်။ အရုံကြောဆိုင်ရာ ပညာရှင်တွေ တွေ့ရှိချက်အရ စကားထစ်တတ်သူတွေရဲ့ အာရုံကြော အလုပ်လုပ်မှုတွေဟာ တစ်ခြားသူတွေနဲ့ မတူကွဲပြားနေတတ်ပါတယ်။ ကလေးတွေရဲ့စကား၊ ဘာသာကွဲစကားတွေကို ပြောဖို့ ကြိုးစားခိုက်မှာလည်း ဒီလို ထစ်တာမျိုးတွေ ရှိတတ်ပါတယ်။

တွေ့ဖူးတဲ့ ကလေးတစ်ယောက်ဆိုရင် သုံးနှစ်ကျော်လောက်အထိ ဘာစကားမှ မပြောနိုင်သေးဘူး။ မိဘတွေက နှစ်ယောက်စလုံး မြန်မာတွေပါ။ အဘိုးအဘွားတွေက ထိုင်းမှာဆိုတော့ အဲ့ဒီကလေးက ထိုင်းမှာနေစဉ် ထိုင်းစကားတွေလည်း ကြားနေရ၊ အိမ်မှာ မြန်မာစကားတွေလည်း ကြားနေရ၊ မူကြိုကို သွားပြန်တော့ တရုတ်၊ အင်္ဂလိပ်စာတွေလည်း ကြားရ၊ ဘာသာစကားလေးမျိုးကြားမှာ ဘာပြောရမှန်းမသိ ဖြစ်နေရှာတာပေါ့။ ပြောမယ်ပြောတော့လည်း သုံးဘာသာတော့ တော်တော်ကောင်းအောင် ပြောနိုင်သွားတယ်။

မိသားစုက အလောတကြီးနဲ့ ကလေးကို အတင်း သင်ပေးနေရင်လည်း စကားထစ်တတ် ပြန်ပါသတဲ့။ ကလေးငါးရာခိုင်နှုန်းလောက်ကတော့ အသက်ငါးနှစ်မှာ တစ်ချိန်ချိန် ဒီအတွေ့အကြုံမျိုး ရှိလာနိုင်တယ်လို့ ဆိုပါတယ်။ စကားထစ်တာ ခြောက်လထက်ကျော်ပြီးဆိုရင်တော့ နည်းနည်း စိုးရိမ်စရာပါ။ ဒီကလေးတွေထဲက လေးပုံတစ်ပုံဟာ လူကြီးဖြစ်သည်အထိ ထစ်သွားတတ်ပါတယ်။ စကားထစ်နေတဲ့ ကလေးတွေကို ကူညီနိုင်မယ့် နည်းလမ်းတွေ အများကြီး ရှိပါတယ်။ ဆောင်းပါးရှင်က နည်းလမ်း (၇) ချက် ထုတ်ပေးပါတယ်။

၁။ ကလေးနဲ့ စကားပြောတဲ့အခါ ဖြေးဖြေးပဲ ပြောရမယ်၊ ရပ်နားပြီး ပြောရမယ်။ သူပြောပြီးတဲ့နောက် မိမိက ပြန်မပြောမီ စက္ကန့် အနည်းငယ် ရပ်ထားပေးရမယ်။ ကိုယ်က အေးအေးဆေးဆေး ပြောပေးခြင်းဟာ “ဖြေးဖြေးပြော၊ ဘာဖြစ်လို့ လောနေတာလဲ” ဆိုတဲ့ စကားတွေထက် အများကြီး ထိရောက်ပါတယ်။

၂။ ကလေးကို မေးခွန်းတွေ အများကြီး မမေးသင့်ပါဘူး။ မေးခွန်းတွေ မေးမယ့်အစား သူပြောတာတွေကိုပဲ အသိအမှတ် ပြုပေးသင့်ပါတယ်။

၃။ သူ စကားပြောနေတဲ့အချိန်မှာ သူ့စကားကို စိတ်ပါလက်ပါ နားထောင်နေတယ်ဆိုတာ ကိုယ်အမူအရာအားဖြင့် သူသိအောင် ပြပါ။ သူ ဘယ်လိုပြောတယ်ဆိုတာကို စိတ်ဝင်စားဟန် မပြပါနဲ့။

၎။ ကလေးငယ်နေစဉ်မှာ သူနဲ့စကားပြောပြီး သူ့ကို မိနစ်အတော်ကြာ အနားယူထားခွင့် ပြုပါ။ အဲ့သလို တိတ်ဆိတ်ငြိမ်သက်ခိုက်မှာ သူဟာ ယုံကြည်မှုကို တည်ဆောက်နိုင်ပါတယ်။

၅။ မိသားစုအဖွဲ့တွေအားလုံး သူနဲ့ စကားပြောဖို့၊ သူပြောတာ နားထောင်ဖို့ အလှည့်ကျ တာဝန်ယူပါ။ ပြိုင်တူ မပြောပါနဲ့။ စကားထစ်တတ်တဲ့ ကလေးတွေဟာ သူတို့ စကားပြောနေစဉ် အနှောက်အယှက် ကင်းလေလေ အဆင်ပြေလေလေပါပဲ။

၆။ ကိုယ်ဘယ်လို ဆက်ဆံသလိုဆိုတာ အမြဲတမ်း သတိရှိပါ။ သူ့စကားကို ကိုယ်က နားထောင်နေတယ်၊ အေးအေးဆေးဆေး စကားပြောလို့ရတယ်ဆိုတာ သူသိနေပါစေ။

၇။ ဒါတွေ အားလုံးထက် အရေးကြီးတာက သူဟာ ဘယ်လိုကလေးပဲ ဖြစ်ဖြစ် ကိုယ့်ကလေးကို အရှိအတိုင်း လက်ခံနိုင်ဖို့ပါ။ သင့်ထံက အရေးအကြီးဆုံး အကူအညီကတော့ သူစကားထစ်တာပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် သင့်ဆီက ထောက်ပံ့အားပေးမှု သူရရှိနေဖို့ပါပဲ။

ကလေးစကားပြောတဲ့အခါ (၁၀) ရာခိုင်နှုန်းထက် ပိုထစ်နေတယ်၊ စကားပြောဖို့ အဆမတန် အားထုတ်ယူနေရတယ်၊စကားပြောရင်း မထစ်ဖို့ စကားလုံးတွေ ရွေးခြယ်နေရတယ်၊ အသံအပိုတွေ ပါဝင်နေတယ်ဆိုရင်တော့ အထူးကျွမ်းကျင်သူတွေနဲ့ တွေ့ဆုံဆွေးနွေးပြီး အကူအညီ တောင်းသင့်ပါတယ်။

“The King’s Speech” ဆိုတဲ့ သမိုင်းရုပ်ရှင်ဇာတ်ကားထဲမှာ နံပါတ်ခြောက် ဂျော့(ဂ်ျ)ဘုရင်ရဲ့ နေရာမှာ သရုပ်ဆောင်ရတဲ့ မင်းသား Colin Firth ဟာ စကားပြော အထူးကျွမ်းကျင်သူတွေရဲ့ အကူအညီ ယူခဲ့ရပါသတဲ့။ ဂျော့(ဂ်ျ)ဘုရင်က စကားထစ်လို့ပါတဲ့။

နောက်ဆုံးတော့ စကားထစ်ရင်တောင် ရှင်ဘုရင်လောက်တော့ ဖြစ်နိုင်သေးတာပဲ မဟုတ်လား။

Ref: Coping with a stammer
By Dr Chu Chi Ping,
Paediatric medicine consultant
Raffles Hospital


ဇင်ဝေသော်








Copyright © 2012 ကမ်းလက်. All rights reserved.

"ရေကြီးအောင် ဘယ်လိုလုပ်သလဲ"

ရှေ့နေနဲ့ အင်ဂျင်နီယာတို့ ကာရစ်ဘီယံမှာ ဟောလီးဒေးထွက်ရင်း ဆုံမိကြတယ်။

ရှေ့နေက " ကျနော့်တစ်အိမ်လုံး မီးလောင်ပြာကျ သွားတယ်ဗျာ၊ အဲဒါ အာမခံ ကုမ္ပဏီက ပေးတဲ့ လျော်ကြေးငွေနဲ့ ကျနော်လည်း  ဟောလီးဒေးထွက်လာခဲ့တာ " လို့ ပြောတယ်။

အင်ဂျင်နီယာက " တိုက်ဆိုင်လိုက်တာဗျာ၊ကျနော့်တို့အိမ်ကိုလည်း ရေတွေကြီး အကုန် ပျက်စီးသွားလို့ အာမခံ ကုမ္ပဏီက ပေးတဲ့ လျော်ကြေးငွေနဲ့ ကျနော်လည်း  ဟောလီးဒေးထွက်လာခဲ့တာပဲ "

ဒီတော့ ရှေ့နေက " ဒါနဲ့ ရေကြီးအောင် ခင်ဗျား ဘယ်လို စ လုပ်တာလဲ " တဲ့။

( ရယ်တတ်သူ များပြီး ရယ်စရာရေးတတ် ပြောတတ်သူက နည်းတော့ ဂျုတ်တွေက ထပ်နေတတ်ပါတယ်၊ ဒီ ဂျုတ်တွေက       စာအုပ်ထဲက ရွေးထုတ်ထားတာပါ။ မကြားဖူးသေးရင် ရယ်ရ ပြုံးရတာပေါ့။)


ကမ်းလက်







Copyright © 2012 ကမ်းလက်. All rights reserved.

အဖေ ပြောပြတဲ့ အဘိုး ဦးဘခင် ( ဦးဘိုးခင် ) အကြောင်း

လူရှင်းရတဲ့ နတ် အငြင်းပွားမှု အပြီး  အဘိုး ဦးဘခင် နဲ့ ပတ်သက်တဲ့ ပြုံးစရာလေးတွေကို ဖောက်သည်ချ ချင်လာပါတယ်။ အဖေ ကကို တတိယ ဂျင်နရေးရှင်း ဖြစ်နေတော့ ဝေးတော့ ဝေးလှပါပြီ။ ရွာမှာတောင် ဒီအကြောင်း သိသူ မီသူက သိပ် မရှိတော့ မှတ်မိသမျှ လေးတွေကိုပဲ ပြန်ရေးလိုက်မိပါတယ်။
" အဘိုး ရွှေတိဂုံ ဥက္ကဋ္ဌ ဖြစ်တာ လက်ဝှေ့ ကြောင့်လို့ ပြောရင် ရတယ်ကွ....................."

"မာစတာက သက်လုံ ပိုကောင်းတယ်"
မောင်ဘခင်က ငယ်ငယ်ကတည်းက မြန့်မာရိုးရာ လက်ဝှေ့ကို ကောင်းကောင်း တတ်တယ်။ လူကလည်း တုတ်တုတ် ခိုင်ခိုင်ပဲ။ ဂျပန်ခေတ်၊ ဂျပန်တွေရွာထဲ ဝင်လာချိန် ဘခင်တို့ ကာလသားတွေက ကောက်ရိုးပုံပေါ်မှာ နပမ်းလုံးနေကြတယ်။ ဂျပန်တွေကို မြင်တော့ တစ်ချို့ကထွက်ပြေးတာပေါ့။ ဂျပန်က မပြေးနဲ့ သူလည်း အသန်ဆုံးရွာသားနဲ့ နပမ်းလုံးချင်တယ် လို့ ပြောသတဲ့။ ဒီတော့ လက်ညှိုးတွေက ကာလသား ခေါင်း ဘခင် ဆီကိုပေါ့။
ဒီလိုနဲ့  နပမ်းပြိုင်ကြရော။ မောင်ဘခင် ကပဲ ပြိုင်တိုင်း နိုင်နေတယ်။ သဘောကောင်းတဲ့ ဂျပန်က စိတ်မတိုဘူး။ တစ်ခုရှိတာက သူရှုံးတိုင်းထပ်ထပ် စိန်ခေါ်တာ။ အိမ်ပြန်လို့ မရဘူး။
ဒါကိုသိတဲ့ မောင်ဘခင်က မသိမသာလေး အရှုံးပေးလိုက်တယ်။ သူတို့ခေတ် မဟုတ်လား။ ဒီတော့မှ ဂျပန်ဗိုလ်က
" ဘူးရမား က သန်တယ်။ မာစတာလောက် သက်လုံ မကောင်းဘူး။ ဒါကြောင့် နောက်ဆုံး အချီမှာ ရှုံးရတာ၊ သက်လုံကောင်းအောင် မာစတာ သင်ပေးဦးမယ် " တဲ့။
ဘာပဲပြောပြော မောင်ဘခင် အိမ်ပြန်ခွင့် ရသွားတယ်။

"လက်ဝှေ့ ချန်ပီယံ ( သို့ ) ပဲလှော်စားနေတဲ့ အညာသား"
ခေတ်အမြင်ရှိတဲ့ မောင်ဘခင် ဟာ တစ်ရွာမပြောင်း သူကောင်း မဖြစ်ကို ယုံတယ်။ ဆွေမရှိ၊မျိုးမရှိ ရန်ကုန်ကို တက်သွားတယ်။ ဖြစ်ရိုး ဖြစ်စဉ် အတိုင်း ဘုန်းကြီးကျောင်းမှာ ကပ်နေတာပေါ့။
သူ့ ဘဝ အချိုးအကွေ့ ကတော့ လက်ဝှေ့ပွဲ ဝင်ကြည့်မိရာက စခဲ့တာပါ။ စိန်ခေါ် အလွတ်ထိုးပွဲမှာ စဉ်ပေါ်က ချန်ပီယံကို ယှဉ်ရဲသူ မထွက်လာဘူး ဖြစ်နေတယ်။ ချန်ပီယံ ကလည်း လက်ရုံး လက်မောင်းတွေ ပြလို့ပေါ့။ ပဲလှော်ဝါးရင်း တစ်ယောက်တည်း
" ဒီကောင်ကွာ ငါတက် ထိုးလိုက်ရ " လို့ ညည်းမိရာက  ဘေးလူက ကြားသွားပြီး
" ညီလေး တကယ် ချမလား၊ အကိုတို့လည်း ဒီကောင့်ကို ကြည့်မရဘူး။ မယှဉ်နိုင်လို့သာ၊ ဒီကောင်က ဗမာ မစစ်ဘူး၊ အဖြူစပ် "
" သူနဲ့ တကယ် တက်ထိုးလို့ရသလား "
" ရတာပေါ့၊ လာ၊ ကြိုးဝိုင်း ဒိုင်ဆီ သွားမယ် " ဆိုပြီး လူငယ် တစ်စုက ဝိုင်းတင်ပေးလိုက်ကြတယ်။ အဲဒီ အချိန်မှာ သူ့ခါးပိုက်ထဲက ပဲလှော်တွေ မကုန်သေးဘူး။
ဒါနဲ့ပဲ ချန်ပီယံ ကို စိန်ခေါ်တဲ့ ပဲလှော်စားနေတဲ့ အညာသား တို့ ပွဲ ဖြစ်သွားတော့တယ်။ သူ ထိုးဖြစ်တဲ့ အဓိက အကြောင်းကတော့ ငွေ ပြတ်နေတာရယ်၊ ဒီကောင်က ဗမာ မစစ်ဘူး၊ အဖြူစပ် ဆိုတာ ရယ်ပါ တဲ့။
ချန်ပီယံ  ကလည်း ချန်ပီယံ  ပဲ မဟုတ်လား။ ပွဲအဖြေက သရေ လို ဖြစ်နေတယ်။ အဖြေကို ရူးရူး မိုက်မိုက် ရှာတာကတော့ အညာသားပဲ။ အရပ် အမောင်း နဲ့ ပညာမှာ ချန်ပီယံက သာတယ်။ လက်သီး ပိုပြင်းတာက အညာသား။
အနာခံ ဝင်တိုးပြီး အညာသားက လက်သီး နှစ်လုံးချင်း လဲ ပစ်လိုက်တယ်။ " ငါလည်း မူးနောက်သွားတာ ပဲ " အဘိုးခင်က ပြန်ပြော တယ်။ ချန်ပီယံ ကတော့ ဒုတိယ လက်သီးချက် အပြီး ထကို မထ နိုင်တော့တာ တဲ့။
ဒီလိုနဲ့ ပဲလှော်စားနေတဲ့ အညာသား ဟာ ချန်ပီယံ ဖြစ်သွားတော့တယ်။

"ရွှေတိဂုံ ဂေါပက ဥက္ကဋ္ဌ"
အဲဒီနောက် လူလည်း အထိုက်အလျောက်သိ၊ ဩဇာရှိတဲ့ ဆရာတော်တွေကလည်း သဘောကျ၊ ဆက်ဆံရေလည်း ပြေပြစ်၊ အရည် အချင်းလည်းရှိတော့ ရွှေတိဂုံ ဂေါပက ဥက္ကဋ္ဌ အဖြစ် တင်မြှောက်တာ ခံရတယ်။
ဦးသန့်အတွက် မြန်မာက ဂုဏ်ယူသလို ရွာကလည်း အဘိုးခင် အတွက်  ဂုဏ်ယူမဆုံးကြဘူး။ ဒီလိုနဲ့ ပဲလှော်စားနေတဲ့ အညာသား ဟာရွှေတိဂုံ ဂေါပက ဥက္ကဋ္ဌ ဖြစ်ခဲ့ရပြန်တယ်။

"သူ့ အဖေ ပစ္စည်း သူ့ သားက ယူတာပဲ"
တစ်နေ့တော့ ရွှေတိဂုံ ဩဝါဒါစရိယ ဆရာတော် တစ်ပါးက ဘုရား ခြေတော်ရင်းက ပန်းအိုး ကြီး တစ်လုံးလောက် သူ့ ကျောင်းအတွက် လိုချင်တယ်လို့ မိန့်ပါ သတဲ့။  ဂေါပက ဥက္ကဋ္ဌ ဒုက္ခ ရောက်တာပေါ့။  ဆရာတော် ကိုလည်း မငြင်းချင်၊ ဘုရား ပစ္စည်း လက်လွှဲပေးလို့ကလည်း တာဝန် မကင်း၊ ဒါနဲ့
" တပည့်တော် တာဝန်ကျတဲ့ အချိန်မှာ မြင်းလှည်းနဲ့ လာသာ တင်ယူသွားပါ၊ ဘယ်သူ့ကိုမှလည်း ဘာမှ အမိန့်မရှိပါနဲ့။ အရှင် ဘုရား ကိုယ်တိုင်  မြင်းလှည်းပေါ်မှာတော့ ပါမှ ဖြစ်မယ် ဘုရား " တဲ့။
ညနေ စောင်းတော့ မြင်းလှည်းနဲ့ လာတင်တယ်။ ဦးဘိုးခင်ကလည်း ကြည့်နေတယ်။
 ဂေါပက အစည်းအဝေးမှာ ဒီကိစ္စ ပြောကြတော့တာပေါ့။ ဦးဘိုးခင် တာဝန်။ သူ့ မျက်စေ့အောက်မှာ ဖြစ်သွားတာ  စသည်ပေါ့။ ဒီတော့ စကားတတ်တဲ့ အညာသားက
" ကိုရင်တို့၊ ကျုပ်တို့ ဂေါပက ဆိုတာ မပျက်စီးဖို့ပဲ စောင့်ရှောက်ရတာပါ။ သူ့ အဖေ ပစ္စည်း သူ့ သားက လာယူတာကို တားပိုင်ခွင့် မရှိလို့ ဘာမှ မပြောသာ၊ ကြည့်လို့သာ နေလိုက်ရပါတယ် " ဖြေသတဲ့။
ဘုရားနဲ့ ရဟန်းက သား အဖ ။ ဂေါပက က လူ၊ တစိမ်းတရံ သက်သက် မဟုတ်လား။
ဒါတွေ အထဲမှာ နမ်းစား နမ်းစေ ကတော့ ရေပမ်း အစားဆုံး အဘိုးခင် ရဲ့ ဖြတ်ထုံးပါ တဲ့။


ဇင်ဝေသော်







Copyright © 2012 ကမ်းလက်. All rights reserved.

နုပျို ဆည်းဆာ ( သို့ ) သိပျော် ရှိပျော်

" အဘိုး၊' ကြီးမှ ဝက်သက်ပေါက် ' ဆိုတဲ့ စကားကို ဘယ်သူပြောခဲ့တာလဲ "
" ဒါတော့ မသိဘူး မြေးရဲ့၊ ဒါပေမယ့် ဆိုကရေးတီး မပြောခဲ့ဘူး ဆိုတာတော့ သေခြာတယ် "
" ဘာဖြစ်လို့လဲ အဘိုး "
" ဆိုကရေးတီး ကြီးက အသက် တော်တော်ကြီးမှ မြူးဇစ်တွေ သင်ယူ၊ အကတွေ သင်ယူခဲ့သေးတယ် "
" ကြီးကောင်း ကြီးမှ အဘိုးရယ်၊ ဘာဖြစ်လို့ သင်တာ တဲ့ တုန်း "
" တစ်ခုခုကို သင်ကြားတတ်မြောက်လို့ ကျေနပ် ပျော်ရွှင်ရတာက တစ်ခုခုကို ပိုင်ဆိုင်ရလို့ ကျေနပ် ပျော်ရွှင်ရတာတက် ပိုပြီး အဓိပ္ပါယ် ရှိ လို့ တဲ့ "


ဇင်ဝေသော်







Copyright © 2012 ကမ်းလက်. All rights reserved.

စိတ်ရောဂါ နဲ့ စတက်တစ်စတစ်

အင်တာဗြူး တစ်
" ပရီးမီးယားလိဂ် ပွဲစဉ်တွေ ဒီနေ့ စပြီ၊ ၂၀၁၂၊၂၀၁၃ ရာသီမှာ ဘယ် အသင်း ချန်ပီယံ ဖြစ်နိုင်ပါသလဲ '
" မန်ချက်စတာ ယူနိုက်တက်၊ မဟုတ်ရင် အခြား တစ်သင်းသင်း ချန်ပီယံ ဖြစ်မယ် "
" တော်လှပါလား၊ ဘာကြောင့်များပါလဲ "
" ဘာကြောင့်မှ မဟုတ်ဘူး၊ ဗေဒင်ဆရာတွေလို မလွဲအောင် ဖြေတာ။ တူနယ် တယ်နယ် "

အင်တာဗြူး နှစ်
" ပရီးမီးယားလိဂ် ပွဲစဉ်တွေ ဒီနေ့ စပြီ၊ ၂၀၁၂၊၂၀၁၃ ရာသီမှာ ဘယ် အသင်း ချန်ပီယံ ဖြစ်နိုင်ပါသလဲ '
" မန်ချက်စတာ ယူနိုက်တက်၊ မဟုတ်ရင် အခြား တစ်သင်းသင်း ချန်ပီယံ ဖြစ်မယ် "
" သေခြာလှပါလား၊ ဘာကြောင့်များပါလဲ "
" ဒီမှာကြည့်
ချန်ပီယံများ ဇယား ခုနှစ် အလိုက်
၁၉၉၂၊၁၉၉၃ မန်ချက်စတာ ယူနိုက်တက်
၁၉၉၃၊၁၉၉၄ မန်ချက်စတာ ယူနိုက်တက်
၁၉၉၄၊၁၉၉၅ ဘလက်ဘန်း ရိုဗာ
၁၉၉၅၊၁၉၉၆ မန်ချက်စတာ ယူနိုက်တက်
၁၉၉၆၊၁၉၉၇ မန်ချက်စတာ ယူနိုက်တက်
၁၉၉၇၊၁၉၉၈ အာဆင်နယ်
၁၉၉၈၊၁၉၉၉ မန်ချက်စတာ ယူနိုက်တက်
၁၉၉၉၊၂၀၀၀ မန်ချက်စတာ ယူနိုက်တက်
၂၀၀၀၊၂၀၀၁ မန်ချက်စတာ ယူနိုက်တက်
၂၀၀၁၊၂၀၀၂ အာဆင်နယ်
၂၀၀၂၊၂၀၀၃ မန်ချက်စတာ ယူနိုက်တက်
၂၀၀၃၊၂၀၀၄ အာဆင်နယ်
၂၀၀၄၊၂၀၀၅ ချယ်လ်ဆီး
၂၀၀၅၊၂၀၀၆ ချယ်လ်ဆီး
၂၀၀၆၊၂၀၀၇ မန်ချက်စတာ ယူနိုက်တက်
၂၀၀၇၊၂၀၀၈ မန်ချက်စတာ ယူနိုက်တက်
၂၀၀၈၊၂၀၀၉ မန်ချက်စတာ ယူနိုက်တက်
၂၀၀၉၊၂၀၁၀ ချယ်လ်ဆီး
၂၀၁၀၊၂၀၁၁ မန်ချက်စတာ ယူနိုက်တက်
၂၀၁၁၊၂၀၁၂ မန်ချက်စတာ စီးတီး
သိပ္ပံ နည်းကျ စတက်တစ်စတစ် နည်းနဲ့ တွက်မှ တိကျတဲ့ အဖြေရမယ်။ သမိုင်း ဟစ်စထရီ ကို ပြန်ကြည့်၊ မန်ယူက သူများဆီက ချန်ပီယံဘွဲ့ကို တစ် နှစ်အတွင်း ပြန် ခလိန်းတတ်တဲ့ အထောက် အထား ရက်ကော့ ခိုင်ခိုင်မာမာ တွေ့ရတယ်။ဥပမာ ဘလက်ဘန်း ရိုဗာ။ အားဆနယ်။ ချယ်လ်ဆီး။ သုံးနှစ်လုံး လုံး ချန်းပယံ ဘွဲ့နဲ့ ဝေးနေတာက အားဆနယ် နဲ့ ချယ်လ်ဆီး ကွန်ဗိုင်း ဖြစ်သွားလို့။ ချယ်လ်ဆီး ထရင့်ကို ကြည့်ရင် မန်ချက်စတာ စီးတီးလည်း ဖြစ်နိုင်တယ်။နှစ် နှစ် ဆက်တိုက်။ ဒါပေမယ့် အားလုံးကို ထရေ့ဘက် လုပ်ရင် မန်ချက်စတာ ယူနိုက်တက်က ပေါ်စေဘယ်လတီး ပိုများနေတယ် "
စသဖြင့် စသဖြင့်၊ စသည် စသည်။အီးတီစီ၊အီးတီစီ။

ကွန်ကလူးရှင်း
" ခေါင်းနောက်တယ်ကွာ၊ နောက်ဆုံးတော့လည်း အဖြေက ငါနဲ့ အတူတူပဲ၊ ဘာ စတက်တစ်စတစ် လဲ။ တူနယ် တယ်နယ် "
စိတ်ငြစ်သွားတဲ့ စိတ်ရောဂါသည် ထွက်သွားတော့တယ်။ သူလည်း ဒါတွေကို မခံစားနိုင်ဘူး ထင်ရဲ့။ ။


ဇင်ဝေသော်







Copyright © 2012 ကမ်းလက်. All rights reserved.

ဓမ္မ ခမည်း ခမက်များ ဥပေက္ခာ အသင်းတော်ကြီး


ကျနော့် မိတ်ဆွေ ရွေးခဲ့တဲ့ ပရဟိတ အဖွဲ့ နာမည်ပါ။ သူတို့ အသင်းကို မှတ်ပုံတင်ဖို့ သွားတုန်းကတော့ ဒီထက်လှတဲ့ နာမည်လေး တစ်ခုခု ကို စိတ်ကူးခဲ့ပါ သတဲ့။ ဥပမာ ပုညသဟာယ။ မရှိတော့ပါဘူး။ နာမည်တူ ရှိပြီးသားပါ။ ဓမ္မမိတ်ဆွေများ။ ဓမ္မ ညီအကို မောင်နှမများ။ တစ်ခုမှ မရှိတော့ပါ။ ဒါနဲ့ အင်္ဂလိပ်လို စဉ်းစားကြည့်တယ်။ Buddhist Fellowship. Dhamma Fellowship စသည်။ ဒါတွေလည်း မရတော့ ပါဘူး။
ရီလေးရှင်းနဲ့ ပတ်သက်တဲ့ နာမည်တော့ မရနိုင်တော့ဘူး။ ဒါနဲ့ ဗြဟ္မစိုရ် ဆန်ဆန် နာမည်လေးတွေ ရွေးကြပြန်တယ်။ မေတ္တာရှင်။  မေတ္တာပန်းတို့ ဘာညာ ဘာညာ။ မကျန်တော့ပါဘူး။ ကရုဏာ နာမည် နဲ့လည်းမရ၊ မုဒိတာနဲ့လည်း နောက်ကျ။

သူများ မယူသေးလို့ ကျန်တာက ရီလေးရှင်းနဲ့ ပတ်သက်လို့ ခမည်း ခမက်၊  ဗြဟ္မစိုရ် နဲ့ ပတ်သက်လို့ ဥပေက္ခာ။ ဒါတောင် နောက်တစ်ပတ်လောက်ကြာရင် မသေချာဘူး ဆိုလို့ ကျနော့် မိတ်ဆွေက ဒီနာမည်နဲ့ပဲ မှတ်ပုံ တင်ခဲ့ပါသတဲ့။

" ဓမ္မ ခမည်း ခမက်များ ဥပေက္ခာ အသင်းတော်ကြီး "

ကျနော်တို့ စင်ကာပူမှာ ပရဟိတအဖွဲ့ နာမည် မထပ်အောင် ရွေးရတာတောင် ဘစ်ဂ် ချဲလင့် ရယ်။



ဦးကိုမောင် (ပြုံးစိစိဖတ်စာ)







Copyright © 2012 ကမ်းလက်. All rights reserved.

လူရှင်းရတဲ့ နတ်အငြင်းပွါးမှု

ဒီခေတ်ကြီးဟာ လူတရားသူကြီးက နတ်နှစ်ပါးအငြင်းပွါးမှုကို ဖြေရှင်းပေးရတဲ့ ခေတ်ရောက်လာပါပြီ။ အထူးသဖြင့်တော့ နတ်ပေါ်ပြူလေးရှင်းပိုများတဲ့ အာရှတိုက်မှာပေါ့။ အနောက်ကတရားသူကြီးတွေလည်း ဒါမျိုးလေးတွေ ကြုံတွေ့စေချင်ပါတယ်။ ဒါပေမယ့် အနောက်က တရားသူကြီးတွေကတော့ နတ်လို့ကိုယ့်ကိုကိုယ်ထင်နေတဲ့ ပုဂ္ဂိုလ်တွေနဲ့တင် တော်တော်အကြပ်ရိုက်နေကြရရှာတာပါ။

ဘာပဲဖြစ်ဖြစ် အိန္ဒိယက တရားသူကြီး ဒေး(ဗ်) ဒါရှန်ဓုဒ်ကတော့ နှစ်ပေါင်းများစွာ အငြင်းပွါးမှုဖြစ်နေတဲ့ နတ်နှစ်ပါးအကြား ကြားဝင်ဖျန်ဖြေပေးနိုင်ခဲ့ပါတယ်။

အဲဒီ နတ်နှစ်ပါးက ရှရင်ဂါ ရီရှိနဲ့ ဘာလုနဂါးနတ်တို့ဖြစ်ပါတယ်။ နတ်ပေါင်း(၂၀၀) ကျော်ထဲမှာ သူတို့နှစ်ယောက် ဘယ်သူကရာထူးပိုမြင့်သလဲဆိုတာ အငြင်းပွါးလာလိုက်ကြတာ ၁၉၇၁- ခုနှစ်ကတည်းကလို့ အင်ဒိုအာရှသတင်းဌာန (Indo- Asian News Service) က ဖော်ပြခဲ့ပါတယ်။ ဒါကိုထောက်ရင် စစ်တပ်တွင်း ဗိုလ်ချုပ်ကြီးတွေ ရာထူးလုတာက ဘာမှ မထူးဆန်းတော့သလိုပါပဲ။

ဒါကို အမြင်ကတ်တဲ့ နတ်ပွဲဖြစ်မြောက်ရေးကော်မတီက နတ်နှစ်ပါးစလုံးကို နတ်အဖွဲ့အစည်းထဲကနေ ဒဏ်ခတ်ပြီး သူတို့အပြစ်တွေကို ကုစားဖို့ တုလုတောင်ကြားကို ပို့လိုက်ကြပါသတဲ့။ အဲဒီ တုလုတောင်ကြားကလည်း နတ်နဲ့မစိမ်းတဲ့ဒေသမို့ ဒေဝဘူမိ(နတ်နန်း) လို့ခေါ်ပါတယ်။

ဒါပေမယ့် ဒီကိစ္စက အခုတော့ ပြေလည်သွားပါပြီ။ Himachal ဒေသတရားရုံးချုပ်က ဖြေရှင်းလိုက်နိုင်ခဲ့ပါပြီ။ ရှရင်ဂါ ရီရှိကို အကိုကြီးတစ်ယောက်အနေနဲ့ နံပါတ်(၂) နေရာကိုပေးပြီး ဘာလုနဂါးကိုတော့ ညီငယ်တစ်ယောက်အနေနဲ့ နံပါတ်သုံးရာထူးကို ပေးလိုက်ပါသတဲ့။

နတ်နှစ်ပါးကတော့ သဘောတူကြပုံရပါတယ်။ ဘာမှ အထွန့်မတက်ကြပါဘူး။ သူတို့နောက်ကလူတွေကတော့ တောင်ပြောမြောက်ပြော ပြောကြပါတယ်။ ဒီလူတွေအတွက်တော့ အချိန်ကုန်ခံမနေတော့ပါဘူး။ ကျွန်တော့် စာဖတ်ပရိသတ်တစ်ယောက်ဖြစ်တဲ့ ဂေါ်ရီ ဆင်း ပြောတာပဲ သဘောကျတယ်။ “အဲသလို အူကြောင်ကြား ဇာတ်လမ်းတွေရှိနေလို့ အိန္ဒိယမှာ နေ နေတာ” တဲ့။

မိုက်တယ်။ လူတရားသူကြီးက စူပါနယ်ချရယ် အငြင်းပွါးမှုကို ဖြေရှင်းပေးနိုင်တယ်။
တရားသူကြီး ဒေဝဒါရှန်ကို ဖြစ်နိုင်ရင် အကူအညီတောင်းပြီး အခြားနတ်အငြင်းပွါးမှုတွေကိုလည်း ဖြေရှင်းပေးဖို့တောင်းဆိုချင်တယ်။

ဥပမာ- ဂျပန်နိုင်ငံ ဟီမေဂျီ(Himeji) ရဲတိုက်က အိုကီကု (Okiku) ဆိုတဲ့ နတ်အတွက်ပါ။ ညညမှာ သူက တံတိုင်းကနေတက်တက်လာပြီး တစ်ကနေ ကိုးအထိရေတွက်တတ်တယ်။ ပြီးတော့ ငယ်သံပါအောင်အော်ပြီး ငိုတတ်တယ်။ အဖြစ်အမှန်ဇာတ်လမ်းကို မသိရင်တော့ သွေးပျက်စရာပေါ့။ ဖြစ်ပုံက အိုကီကုဟာ ပန်းကန်ဆယ်လုံးစုံကနေ တစ်လုံးကျကွဲလို့ သေဒဏ်ပေးခံလိုက်ရတာကနေ နတ်ဖြစ်လာတာပါ။

တရားသူကြီးက ဒီလိုအမိန့်ချကောင်းချနိုင်ပါတယ်။ ပန်းကန်ကိုးလုံးပဲရှိတဲ့အစုံဟာ ပန်းကန်ဆယ်လုံးရှိတဲ့ ပန်းကန်အစုံထက် အော်ဖစ်ရှယ်လီ အဆင့်ပိုမြင့်တယ်။ လူပြည်မှာပဲဖြစ်ဖြစ်၊ နတ်ပြည်မှာပဲဖြစ်ဖြစ်။

အင်ဒိုနီးရှားနိုင်ငံ၊ ဂျာဗားမှာလည်း ပင်လယ်စောင့်နတ် ရိုယို ကီနူး(လ်) Roro Kidul ဆိုတာရှိပါတယ်။ သူမကတော့ သူမအထွက်အမြတ်ထားတဲ့ အစိမ်းရောင်ကို ဝတ်ထားတဲ့ တိုးရစ်တိုင်းကို ပင်လယ်ထဲ ဆွဲနှစ်တတ်ပါတယ်။

ဒါဆိုရင် တရားသူကြီးက အစိမ်းရောင်ဘီကီနီဟာ လူ့ပြည်၊ နတ်ပြည် နှစ်ပြည်လုံးမှာ တရားမဝင်လို့ အမိန့်ထုတ်စရာရှိပါတယ်။

တရားသူကြီးဟာ ဘယ်လောက်ပဲစွမ်းစွမ်း သူ့ကိုယ်သူ နတ်လို့ထင်နေတဲ့ ပုဂ္ဂိုလ်တွေကိုတော့ ဝေးဝေးကရှောင်ရမယ့်သဘောပါ။ ဟုတ်ကဲ့- ကျွန်တော် ခင်ဗျားကိုပြောနေတာပါ ဒေါ်နယ်ထရန့်(ပ်)လို့ Nury Vittachi က အဆုံးသတ်ထားပါတယ်။

နတ်နဲ့ နမ်းစား နမ်းစေ
သူ့ဆောင်းပါးကိုဖတ်ပြီး အဖေပြောဖူးတဲ့ နတ်ပုံပြင်ကို သတိရမိတယ်။
တစ်ချိန်က ရွှေတိဂုံကုန်းတော်ပေါ်မှာ နတ်ကတော်တွေနဲ့ ရှုပ်ပွနေတယ်။ ဒါကို ဂေါပကဥက္ကဌ ဘိုးဘိုးခင်( ဦးဘခင်လို့လည်း ခေါ်ကြတယ်) က လုံးဝကြည့်လို့မရဘူး။ ဒါနဲ့ တာမွေက ကာလသားခေါင်းကိုခေါ်၊ ရုပ်သန့်သန့် အပြောကောင်းကောင်း ကောင်လေးတစ်ယောက်ကိုရွေးပြီး အချောဆုံး၊ အငယ်ဆုံး နတ်ကတော်လေးဆီသွားပြီး နတ်မေးခိုင်းပါသတဲ့။

ဘိုးဘခင်ပေးထားတဲ့ လမ်းညွှန်ချက်က “ မင်းမိန်းမသေသွားတာ ဘယ်ဘုံ၊ ဘယ်ဘဝများ ရောက်နေပြီလဲ၊ ခေါ်ပေးစမ်းပါလို့ နတ်ကတော်ကို အကူအညီတောင်းပါ။ နတ်ကတော်က ခေါ်ပေးမယ်ဆိုပြီး ကိုယ်တွေဘာတွေ တုန်လာပြီဆိုရင် စိတ်မထိန်းနိုင်လို့ပါဆိုပြီး နတ်ကတော်လေးကို ဖက်သာနမ်းပေတော့။ ဘယ်သူ့ကိုမှ ကြောက်စရာမလိုဘူး။ ငါက ရွှေတိဂုံ ဂေါပကဥက္ကဌ၊ ပြီးတော့ မင်းနတ်မေးတဲ့နေရာနဲ့ မလှမ်းမကမ်းမှာ ငါရှိနေမယ်၊ ပိုင်အောင်သာ လုပ်-” ပါတဲ့။

အဲသလိုဆိုလိုက်တော့ အဲဒီနေရာကနေ ဝင်ရောက်သရုပ်ဆောင်လိုတဲ့ ကာလသားတွေများနေလို့ တော်တော်ရွေးထုတ်ခဲ့ရတယ်လို့ ဆိုပါတယ်။ ထားပါတော့။

အရွေးချယ်ခံရတဲ့ကောင်လေးကလည်း အချောဆုံးနတ်ကတော်မလေးကိုရွေးပြီး နတ်မေးတယ်။ သူ့ဇနီးဆုံးတာ ရက်ပိုင်းပဲရှိသေးတယ်၊ အိပ်မက်တွေလည်း မက်တယ်။ သူမ ဘယ်ဘုံဘယ်ဘဝ ရောက်နေပြီလဲ- ပေါ့။ နတ်စိမ်းဖြစ်နေရှာတယ်လို့ နတ်ကတော်က ဖြေသတဲ့။ ခေါ်ပေးမယ်ဆိုပြီး နတ်ကတော်မလေးလဲ တုန်လာရော ကောင်လေးက သင်ထားတဲ့အတိုင်း လုပ်တော့တာပေါ့။

အဲဒီအချိန်မှာ ဘေးကနတ်ကတော်တွေက မြင်သွားပြီး ဝိုင်းလာကြတယ်။ ပါးရိုက်မယ်၊ နားရိုက်မယ်တွေဖြစ်ကုန်တော့ ဂေါပကဥက္ကဌ ဦးဘခင်က ချက်ချင်းရောက်လာပြီး ဘာမှမသိသေးသလို ဖြစ်ပျက်ပုံကို မေးတာပေါ့။ ရွှေတိဂုံပေါ်မှာ ဘာမှခိုက်ရန်မဖြစ်ဖို့၊ မကျေနပ်ရင် တရားရုံးမှာ ရင်ဆိုင်ကြဖို့ ဦးဘခင်ကပြောပြီး ငြိမ်းအေးစေလိုက်သတဲ့။

နတ်ကတော်များသမဂ္ဂက ဒီကိစ္စကို တော်တော်အခဲမကျေဖြစ်နေလေတော့ ဝန်ထောက်ဆီအထိ အမှုကရောက်သွားလေရော။ ဖြစ်ချင်တော့ ဝန်ထောက်နဲ့ ဦးဘခင်က မိတ်ဆွေရင်းတွေ။ ဒါကိုလည်း ဦးဘခင်က ကြိုတွက်ထားတာကိုး။ ဒါနဲ့ ဝန်ထောက်က ဒီကိစ္စကတော့ဖြင့် Natural အရေးအခင်းမဟုတ်၊ Supernatural ကိစ္စဖြစ်တယ်။ ဒီကိစ္စကို ရွှေတိဂုံဂေါပက ကပဲဆုံးဖြတ်ချက်ချစေလို့ အမိန့်ထုတ်လိုက်ပါတယ်။

ဒါနဲ့ ဒီအမှုက ဦးဘခင်ဆီပြန်ရောက်လာရော။
အမှုစီရင်ချက်ချမည့်နေ့မှာတော့ ကာလသားအဖွဲ့တွေ၊ နတ်ကတော်သမဂ္ဂ၊ စိတ်ဝင်စားစရာကောင်းတဲ့အမှုမို့ လာရောက်ကြည့်ရှူနားထောင်ကြတဲ့ ပရိသတ်ကလည်း တော်တော်ကြီးများတယ်လို့ ဆိုပါတယ်။

ဦးဘခင်ရဲ့ ဆုံးဖြတ်ချက်က ရှင်းရှင်းလေးပါ။
နတ်ကတော်များရဲ့ သိက္ခာကို စဉ်းစားစရာရှိသလို၊ လူငယ်လေးရဲ့ ခံစားမှုအတိုင်းအတာကိုလည်း မျက်ကွယ်လို့မရ။ ရှင်ကွဲ ကွဲခဲ့ရတဲ့ဇနီးချောလေးကို သတိရတဲ့စိတ်ဟာ နတ်ကတော်ရဲ့ကိုယ်မှာ သူ့ဇနီးဝိဥာဉ်ကူးပြီလည်းဆိုရော မထိန်းနိုင်၊ မသိမ်းနိုင်ပဲ ဖြစ်သွားရတာ၊ ရိုင်းရိုင်းစိုင်းစိုင်း ပြုမူတာမဟုတ်သလို ကြိုတင်ကြံစည်မှုသဘောလည်း မတွေ့ရပါ။ တကယ်လို့ မရိုးမသားဆိုရင်လည်း နေ့ခင်းကြောင်တောင် လူစည်ကားလှတဲ့ ရွှေတိဂုံရင်ပြင်တော်ပေါ်မှာ ဒီကိစ္စမျိုး မကြံစည်ပါဘူး။ သူနမ်းတယ်ဆိုတာကလည်း နတ်ကတော်ရဲ့ပါးထက် သူ့ဇနီးဟောင်းရဲ့ ဝိဥာဉ်ကိုသာ နမ်းတာပါလို့ ကောင်လေးကလည်း ဖွင့်ဆိုထားပါတယ်။

ဒါကြောင့် ကောင်လေးမှာ လုံးဝအပြစ်မရှိကြောင်း ရွှေတိဂုံဂေါပကအနေနဲ့ ဆုံးဖြတ်ပါတယ်။

ဒါပေမယ့် ဒီကိစ္စက လူ့ကိစ္စပါမက နတ်ကိစ္စပါ ပါဝင်နေတဲ့အတွက် နတ်ကတော်မလေးမှာ သူ့ဇနီးဟောင်းရဲ့ ဝိဥာဉ်ပူးကပ်ပြီး ကောင်ကလေးကို နမ်းချင်လာတယ်ဆိုရင်လည်း ဂေါပကအဖွဲ့အနေနဲ့ နတ်ကိစ္စမို့ ဘာမှပြောစရာမရှိပါ။ ရှေးဘုရင်များလက်ထက်တော်က “ သေစား သေစေ” အမိန့်လို “နမ်းစား နမ်းစေ” လို့သာ သဘောထားပါကြောင်း အမိန့်ချမှတ်လိုက်ပါသတဲ့။

နတ်ကတော်တွေကတော့ ဦးဘခင်ကို ရွံ့ကြောက်ကြီးဖြစ်သွားကြတာပေါ။့ ဘာပဲဖြစ်ဖြစ် အဲဒီအချိန်ကစလို့ ရွှေတိဂုံပေါ်မှာ နတ်ကတော်ချောချောတွေ မရှိတော့တာလို့ ဆိုပါတယ်။ ရွှေတိဂုံနဲ့ နတ်ကတော် ဆက်စပ်လို့မရတဲ့ ဆရာတော်တွေ၊ ဒကာ ဒကာမတွေကတော့ ဦးဘခင့်ဆုံးဖြတ်ချက်အတွက် သာဓုခေါ်မဆုံးဖြစ်ကြရတယ်လို့ ဆိုပါတယ်။

သူချမှတ်တဲ့ အမိန့်ကလည်း တော်တော်ရေပန်းစားသွားတယ်လို့ ဆိုပါတယ်။ နမ်းစား နမ်းစေ တဲ့။

နတ်အရှုပ်အရှင်းကို ဆုံးဖြတ်ရာမှာ အိန္ဒိယထက် ကျွန်တော်တို့က လက်ဦးတယ်ဆိုတာလေးကို သတိရမိလို့ ပြန်ရေးလိုက်တာပါ။

မပြီးသေးတဲ့ကိစ္စက-
အင်ဒိုနီးရှား၊ ဂျာဗားက ပင်လယ်စောင့် နတ်သမီးက အစိမ်းရောင်ဝတ်ထားရင် ပင်လယ်ထဲဆွဲနှစ်တယ်ဆိုတဲ့ကိစ္စပါ။

ကျွန်တော်တို့နိုင်ငံက ခေါင်းမာမာနဲ့ အစိမ်းရောင်ကြီးတွေကို သင်္ဘောပေါ်တင်ပြီး အဲဒီဂျာဗားကို လွှတ်လိုက်ရရင် ဘယ်လိုနေမလဲလို့ စဉ်းစားမိလို့ပါ။(အဆင်ပြေရင် လက်ခုပ်သံကြားပါရစေ)။ မသေပါစေနဲ့။ မှတ်လောက်သားလောက်ဆိုရင် ရပါပြီ- လို့။

နောက်ပြီး ကိုယ့်ကိုကိုယ်နတ်တစ်ပါးထင်နေတဲ့ ဒေါ်နယ်ထရန့်(ပ်) လို့ မစ္စတာ ဂျင်း(မ်) က တို့သွားသေးတယ်။

ကျွန်တော်တို့ဆီမှာလည်း ကိုယ့်ကိုကိုယ်နတ်ထင်နေတဲ့ပုဂ္ဂိုလ်တွေ ရှိနေလို့ပါ။

“ ရေဗူးပေါက်တာ မလိုချင်ဘူး၊ ရေပါတာပဲ လိုချင်တယ်” တဲ့။

ရေဗူးပေါက်နဲ့ ရေပါအောင်သယ်ဖို့ကတော့ နတ်ပဲစွမ်းနိုင်တော့မှာပေါ့။ အင်္ဂလိပ်ခေတ်က ရေဗူးပေါက်က အခုထိ မဖာရသေးဘူးလေ။

နတ်ပုံပြင် တကယ်ပြီးပါပြီ။ ။


ဇင်ဝေသော်








Copyright © 2012 ကမ်းလက်. All rights reserved.

လွဲသူ

( အခန်း တစ် )
" ဂျိန်း ဂျလိန်း "
"         "
"         "
"         ? "
" တကယ် မရှိလို့ပါ မောင်ရင် ရယ်။ အသက်ကို ချမ်းသာပေးပါ။ ရှိရင် ပေးပါတယ်။
ရွှေ၊ ငွေ( ဖောရိန်း ငွေ၊ ဒိုမက်စတ် ငွေ )၊ ကား၊ တိုက်၊ စူပါမားကက်၊ ကန်ထရိုက်၊
ဂရမ် ကြိုက်တာတွေ အားလုံး ယူ သွားပါ "

"         ? "
" တစ်ခုမှကို မရှိတာပါ၊ ဘုရား စူး ပါရစေ ရဲ့ "
"         ? "
" ဒေါ်ဒေါ် အမျိုးသား မှာလည်း တကယ် မရှိတာပါ၊ ဒေါ်ဒေါ် သိတာပေါ့ "

"         !"
"စိတ်ချပါကွယ်၊ နောက် သုံးနှစ်ဆို မင်းလိုတာ စုထားပေးပါ့မယ်။ အခု အသက်ကို ချမ်းသာပေးပါ။ "

( အခန်း နှစ် )
" အဲဒီ လူ သူလိုချင်တာ ရမသွားဘူး ဆို၊ မဖြစ်နိုင်တာ။ အဖွားကြီးကလည်း အငိုကောင်း လို့ ဖြစ်မယ် "
" ငါတော့ အဘိုးကြီး အဖွားကြီး ဆီမှာ တကယ် မရှိတာလို့ ယုံတယ် "
" ဒါနဲ့ အဲဒီ လူ လိုချင်တဲ့ ပစ္စည်းက ဘာတဲ့ လဲ "
" ဗြဟ္မစိုရ် တရား လေးပါး တဲ့။ တစ်ပါး ပါးကို လာတောင်း တာ၊ ရှိသလောက် ပေါ့ "
" အော်.....၊ အင်း ........... "


ဇင်ဝေသော်








Copyright © 2012 ကမ်းလက်. All rights reserved.

“လူနဲ့နီးတဲ့ ဘုရား”

နှောင်းပိုင်းဗုဒ္ဓဘာသာဖြစ်တဲ့ မဟာယာနဝါဒက ဆင်းသက်လာတဲ့ ဘုရားရှင်ရဲ့ပုံရိပ်ဟာ လူသားနဲ့ဝေးကွာသထက် ဝေးကွာလာပြီး နတ်နဲ့ပိုပိုတူနေပါတော့တယ်။ သာမာန်လူတွေလုပ်တာကိုင်တာတွေကိုဆိုရင် ဘာမှမလုပ်၊ လုပ်စရာပင်မလိုတော့သလောက် ဖွင့်ဆိုလာခဲ့ကြတယ်။

ဒါပေမယ့် ဗုဒ္ဓဘာသာရဲ့ ရှေ့ပိုင်းအကျဆုံးမှတ်တမ်းများဖြစ်ကြတဲ့ ပိဋကတ်သုံးပုံထဲမှာ တွေ့ရတဲ့ ဘုရားရှင်ရဲ့ပုံရိပ်ကတော့ ဘုရားဖြစ်လို့ အနည်းငယ်ကွဲလွဲနေတာကလွဲရင် သာမာန်လူတွေလုပ်တတ်တဲ့ နေ့စဉ်လုပ်ငန်းတွေကို ဘုရားလည်း ပြုမူဆောင်ရွက်တော်မူတယ်ဆိုတာ တွေ့ရပါတယ်။

ဘုရားရှင်ရဲ့ နေ့စဉ်လုပ်ငန်းတွေကကိုပဲ ဘုရားတစ်ဆူအနေနဲ့ ကြည့်မယ်ဆိုရင် ခန့်မှန်းထားသလို၊ ယုံကြည်မျှော်လင့်ထားသလို ဖြစ်နေတယ်ဆိုတာ တွေ့ရပါတယ်။

တစ်နေ့တာရဲ့အချိန်တော်တော်များများကို ရဟန်းရှင်လူတွေကို တရားဒေသနာတော်များ ဟောကြားရင်း အချိန်ကုန်လွန်စေပါတယ်။ ဧည့်သည် သောင်သည်ရောက်လာရင် အလုပ်အကျွေး ရဟန်းတစ်ပါးပါးကို အရိပ်အောက်မှာ ဖျာအခင်းခိုင်းပြီး အဲဒီပုဂ္ဂိုလ်နဲ့ အတူထိုင် တရားဓမ္မတွေ ညွှန်ပြနေတတ်ပါတယ်။ (D-1-152) ဘုရားရှင်ရဲ့နောက်မှာ အရှင်အာနန္ဒာ (သို့) အခြားရဟန်းတော်တစ်ပါးပါးက မတ်တပ်ရပ်ပြီး ဘုရားရှင်ကို ယပ်ခတ်ပေးနေတတ်တယ်ဆိုတာလည်း တွေ့ရပြန်ပါတယ်။ ( D-11-72, M-1- 83)

အခါတစ်ပါးမှာလည်း အရိပ်ကောင်းတဲ့ တောထဲကိုကြွပြီး နေ့ခင်းပိုင်းခဏအနားယူဖို့ အရှင်အာနန္ဒာကို ဖျာယူခဲ့ဖို့ မိန့်တော်မူတယ်။ (D-11-102) ဘုရားရှင်ဟာ တစ်နေ့တစ်ကြိမ်ပဲ ဆွမ်းဘုန်းပေးတယ်။ အများအားဖြင့် ဆွမ်းခံထွက်ပြီး ပင့်ဖိတ်သူများရဲ့အလှူကိုလည်း လက်ခံပါတယ်။ သတိအမှတ်နဲ့ ဆွမ်းဘုန်းပေးပြီး ပြီးတဲ့အခါမှာလည်း လက်တော်၊ သပိတ်တော်တို့ကို ဆေးကြောတော်မူတယ်။( M-11-138-139)

သာမာန်လူတွေလိုပါပဲ ဘုရားရှင်ရဲ့ကိုယ်ခန္ဓာဟာ ညစ်ထေးတတ်ပါတယ်။ ဒါ့ကြောင့် ရေသပ္ပါယ်တော်မူရပါတယ်။ ဘုရားရှင် ရေသပ္ပါယ်အပြီး အပေါ်ပိုင်းကိုယ်ခန္ဓာ နေစာလှုံတယ်ဆိုတာ စာပေမှာတွေ့ရပြန်ပါတယ်။ (M-1-161)

မစားခင်ရေချိုးတဲ့အကျင့်ဟာ အိန္ဒိယရဲ့ယဉ်ကျေးမှုပါ။ ဒါကြောင့် ဆွမ်းဘုန်းမပေးမီမှာ ဘုရားရှင် ရေသပ္ပါယ်တော်မူတတ်ပါတယ်။ ဆွမ်းဘုန်းပေးအပြီးမှာတစ်ခါတစ်ရံကျိန်းစက်တော်မူတတ်ပါတယ်။(M1-250)ဒါပေမယ့်ဒီလိုကျိန်းစက်တော်မူခြင်းဟာ နွေရာသီလိုမျိုးမှာဖြစ်တတ်ပြီးဘုရားရှင်သက်တော်ကြီးရင့်လာမှလို့ယူဆစရာရှိပါတယ်။သက်တော်ထောက်လာတဲ့နောက် နေ့ခင်းပိုင်းတွေမှာ နေစာလှုံတတ်တယ်ဆိုတာ တွေ့ရပါတယ်။(S-V-216)


ဘုရားရှင်ဟာ အရှင်ရဲ့အချိန်တွေကို သတ္တဝါတွေအတွက်ပဲ ပေးထားတာများပါတယ်။ ဒါပေမယ့် တစ်ခါတစ်ခါ တစ်ပါးတည်း ကိန်းအောင်းနေလိုတော်မူတယ်ဆိုတာလည်း တွေ့ရပြန်ပါတယ်။ အဲသလိုအခါမျိုးမှာ အရှင်မြတ်ကို မနှောက်ယှက်ဖို့ အလုပ်အကျွေးရဟန်းကို မှာကြားထားတတ်ပါတယ်။ (D-1-151) တစ်ခါတစ်ရံ မည်သူ့ကိုမှ အသိမပေးဘဲ တစ်ပါးတည်း တစ်နေရာရာကိုလည်း ကြွသွားတော်မူတတ်ပြန်တယ်။(S-111-95)

တစ်ခါတစ်ခါ ညနေပိုင်းတွေမှာဆိုရင် ဂီလာနရဟန်းတော်တွေဆီကြွသွားပြီး ကူညီတာ၊ နှစ်သိမ့်အားပေးတာတွေလည်း လုပ်တော်မူတတ်တယ်။ အဲသလိုပါပဲ ညချမ်းတွေမှာဆို အေးအေးဆေးဆေး စင်္ကြံလည်းကြွတော်မူတတ်တယ်။ ကျန်းမာရေး ခြေညောင်းလက်ဆန့်သဘောမျိုးပါသလို စင်္ကြံတရားရှုမှတ်တဲ့သဘောမျိုးလည်း ပါဝင်ပါတယ်။ ပြီးတော့ ညဥ့်နက်တဲ့အထိ တရားဒေသနာတွေ ဟောနေတုန်းပဲဆိုတဲ့ အထောက်အထားတွေ အများကြီးတွေ့ရတယ်။ (D-11-86)

အလျဉ်းသင့်တဲ့အခါတွေမှာဆိုရင် စွမ်းဆောင်နိုင်တဲ့ ရဟန်းတစ်ပါးပါးကို တရားဟောဖို့စေခိုင်းပြီး ဘုရားရှင်ကိုယ်တိုင် တရားပြန်နာနေတတ်တယ်။ တစ်ခါမှာတော့ တရားနာနေစဉ် ကျောပြင်ညောင်းကိုက်တော်မူလာလို့ လဲလျောင်းရင်း တရားနာတော်မူခဲ့တယ်။ (A-V-123,124)

တစ်ညမှာ ဘုရားရှင်ဘယ်လောက်ကြာအောင် ကျိန်းစက်တော်မူသလဲဆိုတာနဲ့ ပတ်သက်လို့ တိတိကျကျ မူရင်းမှတ်တမ်း မတွေ့ရပါဘူး။ ပိဋကတ်သုံးပုံအရ ညပိုင်းအချိန်တော်တော်များများကို တရားရှုမှတ်ရင်း ကုန်ဆုံးတယ်လို့ သိရပါတယ်။ (A-111-299)

ဘုရားရှင်သက်တော်ထင်ရှားရှိစဉ်မှာ သာမာန်လူတွေလုပ်တတ်တဲ့ အချို့အသေးအဖွဲလေးတွေကို ဘုရားရှင်လည်း လုပ်တော်မူတတ်ပါတယ်။ဥပမာအားဖြင့် ဧည့်သည်တွေဝင်လာလို့ရအောင် ဂန္ဓကုဋိတံခါးကို ကိုယ်တော်တိုင်ဖွင့်ပေးတာမျိုးတွေ( D-1,89)၊ အဆောက်အဦးထဲမဝင်ခင် ခြေဆေးကြောတာမျိုးတွေ(D-11-85)၊ ကျောင်းထဲဝင်ပြီဆိုရင် အထဲမှာရှိနေသူတွေကို အသိပေးဖို့ ချောင်းဟန့်တာမျိုးတွေ(M-1-161) ရှိတတ်ပါတယ်။

ဝိနယပိဋကတ်မှာတော့ ဘုရားရှင်ရဲ့လူသားဆန်မှုနဲ့ပတ်သက်ပြီး ပြုံးရယ်ချင်စရာ အဖြစ်အပျက်ကလေးတစ်ခု တွေ့ရပါတယ်။

အခါတစ်ပါးမှာတော့ ဘုရားရှင်ဟာ တရားဟောတော်မူစဉ် နှာချေတော်မူပါတယ်။ ဒီတော့ တရားနာပရိသတ်ကြီးတစ်ခုလုံးက “ စီရံ ဇီဝ” သက်တော်ရာကျော်ရှည်ပါစေလို့ ရွတ်ဆိုကြတယ်။ အဲဒီ ဆုတောင်းသံတွေကြောင့် တရားဟောရတာလည်း အရှိန်ပျက်သွားတာပေါ့။ ဒါ့ကြောင့် ဘုရားရှင်က တစ်ယောက်ကနှာချေလို့ “ စီရံ ဇီဝ” ဆိုရုံနဲ့ အသက်တကယ်ရှည်မရှည်၊ အသက်ရှည်သော်ငြား “ စီရံ ဇီဝ” ဆိုတဲ့ စကားကြောင့် ဟုတ်မဟုတ်မေးတော်မူလို့ ရဟန်းတွေက မဟုတ်နိုင်၊ မဖြစ်နိုင်ကြောင်း ဖြေကြားကြတယ်။ ဒီလို မရွတ်ဆိုဖို့၊ ရွတ်ဆိုဖို့လည်း မလိုအပ်ကြောင်း ရဟန်းတော်တွေကို တားမြစ်ခဲ့တယ်။ (Vin-11-140)

လူတော်တော်များများက သဗ္ဗညုတဥာဏ်တော်ကို ရုပ်ပိုင်းဆိုင်ရာ အံ့ဘနန်းဖြစ်မှု၊ တန်ခိုးအရှိန်အစော်တွေနဲ့ တွဲပြီးကြည့်တတ်ကြတယ်။ မိရိုးဖလာ ဗုဒ္ဓဘာသာနိုင်ငံတွေက တစ်ချို့ဆိုရင် ဘုရားရှင်ရဲ့ အရပ်တော်ဟာ (၅) မီတာ ရှိတယ်လို့ ယုံကြည်တတ်ကြတယ်။ ပြီးတော့ မြေပြင်မှာမကြွပဲ ငှက်တွေလိုကောင်းကင်မှာပဲ ဈာန်နဲ့အမြဲကြွတယ်လို့ ယုံကြည်တတ်ကြတယ်။ ကိုယ်တော်မြတ်တစ်ခုခုလိုအပ်တိုင်း နတ်သား၊ နတ်သမီးတွေက ဖြည့်ဆည်းပေးတတ်တယ်။ ဘုရားရှင်ဟာ ရေသပ္ပါယ်ဖို့တောင် မလိုဘူး။ အရှင်ရဲ့ အရေတော်၊ အသားတော်ဟာ နူးညံ့ချောမွေ့လွန်းတော့ ဖုန်တင်လို့တောင် မရလို့တဲ့။

ပြီးတော့ ဘုရားရှင်ရဲ့ပုံတော်တွေအားလုံးကလည်း အသက်ရှစ်ဆယ်အရွယ်မှာတောင် နုပျိုနေတဲ့ပုံတွေ တွေ့ရတယ်။

ဘုရားရှင်ဟာ အလွန်ထူးကဲမြင့်မြတ်တဲ့ အတုမရှိပုဂ္ဂိုလ်မြတ်ကြီးဆိုတာ မှန်ပါတယ်။ အံ့ဖွယ်တန်ခိုးတော်တွေရှိတာ၊ ပြသခဲ့တာတွေလည်း မှန်ပါတယ်။ ဒါပေမယ့် လူတွေထင်ထား၊ တင်ထားသလိုတော့ မဟုတ်ပါဘူး။ ဘုရားရှင်ရဲ့ အတုမရှိဂုဏ်တော်တွေဟာ အရှင်မြတ်ရဲ့မေတ္တာ၊ ကရုဏာဓာတ်တွေ၊ သည်းခံခြင်း၊ ရဲစွမ်းခြင်းနဲ့ အေးငြိမ်းခြင်းတွေပါ။ အထူးခြားဆုံးကတော့ သံသရာဒုက္ခကို ဘယ်လိုရပ်လိုက်ရမလဲဆိုတာကို နားလည်းသဘောပေါက်ခြင်း သဗ္ဗညုတဂုဏ်တော်တွေပါ။

အမွှမ်းတင်တာတွေများတော့ ဘုရားကလူတွေနဲ့ ပိုဝေးဝေးသွားပြီး နတ်တွေနဲ့ ပိုနီးသွားတယ်။ လူတွေအတွက် အားတက်စရာ မကောင်းလှဘူး။ ဒါကို မဟာယာနလုပ်ချလိုက်ပုံက ဘုရားရှင်ဟာ သက်တော်ရှစ်ဆယ်ပဲနေသွားတယ်ဆိုတာ သိပါလျက်နဲ့ ထာဝရမသေဆုံး၊ အချိန်နှင့်အမျှ တည်ရှိနေသလိုလို ထင်သွားရတယ်။

ပိဋကတ်တော်စစ်စစ်က မှတ်တမ်းရက်ကော့တွေကိုကြည့်တော့မှ ဘုရားဟာ အတုမရှိဂုဏ်ရည်တွေကလွဲရင် သာမာန်သူလိုငါလိုပဲ နေပြသွားတယ်ဆိုတာ တွေ့ရပါတော့တယ်။ ဘာပဲပြောပြော ပိဋကတ်တော်ထဲက ဘုရားက လူနဲ့ပိုနီးတယ်။

နှောင်းပိုင်းဗုဒ္ဓဘာသာစာပေကို ကြည့်လေလေ၊ ဘုရားရှင်က လူသားနဲ့ ဝေးလေလေ။

Ref_ The Buddha’s habits and routine
A Guide to Buddhism_ A to Z by S Dhammika 2008.


သီဟနာဒ







Copyright © 2012 ကမ်းလက်. All rights reserved.

=> Myanmar got talents <=

ဦးသန့် လိုလူ ကမ္ဘာအတွက် မြန်မာက မွေးထုတ်ပေးတယ်။
ပြည်တွင်းမှာတော့ ဦးနေဝင်းက ဦးသန့်ထက် ပိုတော်တယ် လို့ သူ့ကိုယ်သူ ထင်တယ်။

ဒေါ်အောင်ဆန်းစုကြည်လို လေဒီကို ကမ္ဘာအတွက် မြန်မာက မွေးထုတ်ပေးတယ်။
ပြည်တွင်းမှာတော့ ဗိုလ်ချုပ်ကြီးကတော်တိုင်းက ဒေါ်စုလောက်တော့ သူ တို့လည်း စွမ်း သတဲ့။

Myanmar got talents => ဂက်စ်တွေ၊ ရေနံတွေ အလျှံပယ်ရှိတယ်။
ဒါပေမယ့် လူထုကို အမှောင်ထဲမှာ နေနိုင်အောင် စွမ်းဆောင် ပေးနိုင်တယ်။

Myanmar got talents => ရေကောင်းရေသန့် မြစ်ကြီးလေးသွယ် ရှိတယ်။
ဒါပေမယ့် လူထုကို ရေ ရှားပါးအောင် စွမ်းဆောင် ပေးနိုင်တယ်။

Myanmar got talents => It held election.
But it locked the winners up and the losers still manage to hold the key.

Myanmar got talents => .........

Myanmar got talents => .........


ဦးကိုမောင်







Copyright © 2012 ကမ်းလက်. All rights reserved.

ပြုံးမိတဲ့ သတင်း သုံးပုဒ်

၁။ မဇ္ဈိမဒေသက ယောဂ ဆရာ Baba Ramdev
ကွန်ဂရက်ပြောင်းလဲဖို့ လူစု လူဝေး နဲ့ ဆန္ဒပြတာ ခွင့်ပြုချက် မရဘဲ ပြလို့ ဒီတစ်ခါ အဖမ်းခံရတယ်။ ကွန်ဂရက်ခေါင်းဆောင်က ဂုရု စွတ်ထားတဲ့ မျက်နှာဖုံး ကွာကျသွားပြီ။ သူ တကယ်စိတ်ဝင်စားတာက နိုင်ငံရေး၊ ယောဂ က အယောင်ဆောင်ထားတာ တဲ့။ ယောဂ ဆရာက ဒါတင်မကဘူး၊ ပြည်တွင်းဖြစ်ကို အားပေးကြဖို့လည်း လှူံ့ဆော်ဖူးတယ်။ ပြုံးမိတာက အဲဒါပါ။ မီဒီယာက ဝင်ထောက်တယ်။ ပြည်တွင်းဖြစ်ကို အားပေးကြဖို့သာ ပြောတယ်။ သူကတော့ အမေရိကန်ဖြစ် ပရိုက်ဘိတ် ဂျက်လေယဉ်ကို စီးတာ တဲ့။

၂။ အိုလံပစ်လည်းပြီးရော မယ်မယ်ရရ ဆုမရ လိုက်တဲ့ အိန္ဒိယ
တိုင်းမ် သတင်းစာက ဖွင့်ချလိုက်တယ်။ စားပွဲတင်းနစ် မှာ အားကစားသမား ၁၇၃ ယောက် ပါဝင် ယှဉ်ပြိုင်ခဲ့တယ်။ ၅၅ ယောက်က တရုတ်သွေး။ ၄၅ ယောက်က တရုတ်ပြည် မွေး။ ဘရာဇီးက Lin Gui ၊ အမေရိက ကိုယ်စားပြုတဲ့ Ariel Hsing ၊ လူဇင်ဘတ်က Xia Liam Ni ၊ တူရကီက Bora Wong ။ အားလုံး တရုတ်တွေ။ ၂၃ နိုင်ငံ ခွဲပြီး ပြိုင်နေကြတာ။ အဲဒါ အင်တာနေရှင်နယ် အားကစား လား တဲ့။ မဆိုးဘူး။ ခရစ်ကက်ထက်တော့ ကြည့်လို့ ပိုကောင်းတယ် ထင်တာပဲ။

၃။ အာဆင်နယ် ဘောလုံးသမားအသစ် ဂျာမနီက ပိုဒေါစကီး
ဂိုးသွင်းတော့ အာဆင်နယ် ပရိဿတ်တွေက ဂုဏ်ပြုရင်း အော်ကြတယ်။ "Lukas Podoski scores goals when he wants" တဲ့။ နောက်တာမှတ်နေတာ။ တကယ်ရယ်။ မြန်မာလိုတော့ သရော် နေသလိုပဲ။ သူဂိုးသွင်းချင်စိတ်ပေါက်ရင် ဂိုသွင်းတယ် ရယ်လို့။ ဒါနဲ့ မိုက်တိုင်ဆန် ကလည်း သူ့ One-man ရှိုးမှာ ကတိပေးထားခဲ့တယ်။ ကျနော် ကတိပေးပါတယ်။ ပရိသတ်တွေ အားလုံး နားရွက် နှစ်ဖက်နဲ့ အိမ်ပြန်ရပါစေမယ် တဲ့။ ကိုယ့်နားရွက်ကို သူပြောမှ ပြန် စမ်းမိတယ်။



ဇင်ဝေသော်








Copyright © 2012 ကမ်းလက်. All rights reserved.

စတူးဒင့်တွေ အပေါ်တူ နတီးတွေ ရတော့မယ်

ဟဲမင်ဝေး တို့ အုပ်စုက အင်္ဂလိပ်စာ၊ စကား မဟုတ် အမယ်ရကန် လင်းဂွေ့ တဲ့၊
ဟုတ်တယ်၊ ဒီကောင်တွေက " ယ " သံတွေ အကုန်ဖြုတ်တာ။

ဘယ်ကလာ စကျူးဒင့် ရမှာတုန်း။ တီယူ = တူ ပေါ့။ စတူးဒင့်၊ အပေါ်တူ နတီ။
မနက်ပိုင်း သတင်းဆို နယူးစ် ကနေ နူးစ် ပြောင်းတယ်။ နျူးကလီးယား မဟုတ် နူး ခလျား။
တစ်ခုခု မှာဖို့ ( Menu ) မင်နျူး ကြည့်စရာ မလို မဲန် နူး ဆို ရပြီ။

ဗရိတိရှ် က အသံထွက် မငြိမ်ဘူး။
Sch တွေကို စကူး လုပ်လိုလုပ်၊ ရှက်ဒျူး လို့ ထွက်လိုထွက်။ အမယ်ရကန် လင်းဂွေ့က စကူးလ်၊ စကက် ဒူးလ် တဲ့။
မယုံရင်ကြည့် school စကူးလ်၊ schedule ရှက်ဒျူး လ် တဲ့။ ဘယ်ကလာ၊ စကူးလ်၊ စကက် ဒူးလ်။
တာဝန် ရှိတယ်၊( duty )ဒူးတီ ပေါ့၊ ဘယ်လိုလုပ် ဂျူတီမှာတုန်း။ ဒီယူ ဒူ။ လူတိုင်းသိ။

ဒီကောင်တွေက အို သံတွေ တစ်ဝက် ဖျေက်တယ်။ ဟဲမင်ဝေး ပြောတယ်၊ ပျင်း လို့ တဲ့။
ဟော့ ဒေါ့တ် လား၊ ဘယ်ကလာ၊ ဟာ့ ဒါ့ဂ်။
ဆေးရုံဆိုလို့များဟော်စပီတယ် မနေနဲ့ ဟာ့ စပဒယ်။
ဟက်ဗ်တူတွေ မလိုဘူး၊ got to go ဂါ့ တာ့ ဂိုး ဆို ရနေပြီ။ အိုင် ဂါ့ဒါ့ဂါ့ ဆို နားလည်ပြီ။

ဟဲမင်ဝေး ပြောတာကို သဘောတူတယ်။
သူတို့ အသံမှာ " တ " ကနေ " ဒ " ကို ပြောင်း၊ " ဒ " ကနေ " န " ကို ပြောင်းတယ်။
ဝေါထား ( water )ကနေ ဝေါဒါး၊ ဝန့် တူ( want to )ကနေ ဝန္န ( wanna )၊ အိုင် ဝန္န ဂါ့တ် အ ခပ် ပါ့ဖ် ဝေါးဒါး။

တူရှင် ( ကျူရှင် မဟုတ် ) ဆရာတွေ ပြောသလို အော့ဖင်း ( often ) မှ မှန်တယ်ဆိုရင်တော့ သွားပြီ။
အော့ဖတင် လည်း မှန်တာ ပဲ။ ဘီဘီစီ ကို မေးကြည့်၊ ဗွိုက် စ် ဖ် မာ့ရိက ( The Vice of America ) ကို နားထောင်ကြည့်။

" ယ " သံတွေကို ဖျက်၊ " အို " သံတွေ ကို တစ်ဝက်ပေမယ့် " ရ် " သံကျတော့ သယ်လာခဲ့ကြပြန်ရော၊
မက်တာရ် ( matter ) တဲ့၊ မိုဟာမက် ဆင်း လောက်တော့ ရှည်စရာ မလိုဘူး။
မက်တာရ် တစ်လုံးထဲဆို ရ် သံက မသိမသာ၊ နောက်မှာ သရ ရှိရင် မက်တာ ရော ဖ်( matter of )၊
စတား ရောဖ် ( star of ) တွေ ဖြစ်ပြန်ရော၊အီးသား ကိုတော့ ပျင်းလို့ မပြောဒေါ့ဘူး။

ဂျဲပဲ န်တို့ ခိုရီးယားတို့ ( ခိုးရယား၊ ပိုပြန်တဲ့ အခါ) လိုပဲ
တို့ စတူးဒင့်တွေလည်း အပေါ် တူနတီတွေ ရဒေါ့မယ်။
ဆီးယား လိတ် ဒါ။


ဦးကိုမောင်







Copyright © 2012 ကမ်းလက်. All rights reserved.