ဘာသာရေးလား နိုင်ငံရေးလား

 
တစ်ခါက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဒကာကြီးတစ်ယောက် စင်္ကာပူလာ၍ ဆေးကုသမှုခံယူ၏။ ကြားသိရသမျှသတင်းမျာအရ သူ့ရောဂါက လွန်နေပြီဖြစ်သည်။ထောင်ထဲ၌ နှစ်ရှည်လများ နေခဲ့ရပြီး ဟုတ်တိပတ်တိ ဆေးကုသမှူလည်း ခံယူခဲ့ရဟန်မတူပေ။ရှိစေတော့၊ဤကိစ္စ။ စင်္ကာပူရောက်ပြီး ရက် အနည်းငယ်အကြာတွင် ထိုဒကာကြီး ဆုံးပါးသွားရှာလေတော့သည်။ ရေးလိုသောအကြောင်း အခုမှ စ ရတော့ မည်။

ထိုဒကာကြီး ၏ ဈာပန၌ အသုဘရှုကြွရောက်ရေးကိစ္စဖြစ်သည်။ စောစောကတော့ ဘာသိဘာသာပင်၊ နောက်မှ ရင်းနှီးသောဒကာ၏ လျှောက်ထားချက်အရ အသုဘရှုကြွရန် ရဟန်းတော် အခက်အခဲရှိနေကြောင်း သိခဲ့ရ တော့သည်။ ထိုဒကာကလည်း လူရင်းတွေဖြစ်သဖြင့် "အရှင်ဘုရားကတော့ ကြွမှကိုဖြစ်မယ်" ဟု လေသံပြင်းပြင်း ပင့်ဖိတ်လေတော့သည်။

အမှန်ပင်စိတ်မကောင်းဖြစ်မိ၏။ ထို့ကြောင့် မဖြစ် ဖြစ်အောင်ကြွခဲ့မည်ဟု အာမခံလိုက်သည်။ ထိုနောက်  မတ်ဆွေရဟန်းကို  ဖုန်းဆက်ရာ မင်းသွားရင် ငါလည်းလိုက်ရမှာပေါ့ ဟူသော သေဖော်သေဖက်စကား ပြန်ရခဲ့သည်။ အဆင်ပြေသွား၏၊ အနည်ဆုံး နှစ်ပါးတော့ရပြီ။ ခက်သည်က ဤကိစ္စမျိုးက တိုင်ပင်၍မကောင်း၊ အဖော်ညှိ၍မကောင်းဖြစ်သည်။

"အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်" ဟုဆိုလိုက်သည်နှင့် "အသုဘ" ကိစ္စပြောက်ခါ "နိုင်ငံရေး" ဟူသောအသွင် ပြောင်းသွားတတ်ပြန်သည်။ မတတ်နိုင်၊ သွားတော့သွားရမည်။ အမှန်မူ ထိုနေ့က ပါဠိကောလိပ် သင်တန်း ရှိသည်။ သို့သော် သင်တန်းတစ်နာရီနှင့် လူတစ်ယောက်၏ နောက်ဆုံးခရီး ဘယ်ဟာကပိုအရေးကြီသည်ကို လူတိုင်းသိ၏

စဉ်းစားမိသည်၊ သေဆုံးသူသည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူဖြစ်သည်။ သူသည် ဗုဒ္ဓဘာသာဝင်တစ်ယောက်လည်းဖြစ်သည်။ အသုဘရှုရန် သံဃာတစ်ပါးမှမကြွသော် (မည်သည့်အကြောင်းပြချက်ဖြင့်ဖြစ်စေ)  အရုပ်ဆိုး၏၊ရင်နင့်ဖွယ်ကောင်း၏။ သံဃာများလည်း သိက္ခာကျ၏၊ ရှက်ဖွယ်ဖြစ်၏။ (သဘောမတူက အငြင်းမပွားလို)ထို့ကြောင့် မဖြစ် ဖြစ်အောင်ကြွခဲ့မည်ဟု အာမခံလိုက်ခြင်း ဖြစ်သည်။

မိတ်ဆွေရဟန်း၊ အခြားအာဂန္တုတစ်ပါးနှင့် သုံးပါး ပင်နီဆူလာမှ မန်ဒိုင်းသို့ ထွက်ခဲ့ကြသည်။ မဆိုးပါ၊ လိုက်ပါပို့ဆောင်သူ တော်တော်များများရှိသည်။ တရားဟော ရေစက်ချရန် အချိန်ရောက်သောအခါ ကင်မရာမီး၊ ဗွီဒီယိုမီးများ တလက်လက်ရှိနေတော့သည်။ ဓာတ်ပုံနှင့် ဗွီဒီယိုများယနေ့ည မီဒီယာပေါ်သို့ရောက်ပေတော့မည်။ ဤခေတ်က  မီဒီယာခေတ်၊ မီဒီယာကိုတားမရ။

စောစောက ပြောခဲ့သလိုပင် "အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်" ဟူသောအမည်ကြောင့် "အသုဘ" တစ်ခုသည်  "နိုင်ငံရေး" ဟူသော ခေါင်စဉ်အောက်၌ မရိုးမယဉ် ပြန့်နှံ့သွားလေတော့၏။ တို့တော့ ရှင်းစရာလေးတွေရလာတော့မယ် ဟု ရယ်စရာပြောမိကြသေး၏။

အမှန်ပင်ရခဲ့ပါ၏၊ နောက်မှဆက်ပါမည်။
ဒုတိယကိစ္စက မြန်မာနိုင်ငံဆိုင်ရာ သံရုံး၌ မဲပေးကြသောနေ့ကဖြစ်သည်။ ညနေ သုံးနာရီလောက်ရောက်သော် ထို ဒကာကပင်အလောတကြီးဖုန်းဆက်ပြန်၏။ မြန်မာလူငယ်(၂၀၀၀)ခန့် သံရုံးရှေ့၌ မဲပေးရန်စောင့်နေကြသည်၊ သို့သော် လူတစ်ယောက် မဲပေးလျှင်(၁၅)မိနစ်ခန့်ကြာသဖြင့် တစ်နာရီကြာမှ လေးယောက်၊ အလွန်ဆုံး ငါးယောက်သာ  မဲပေးလို့ရသည်၊ ထို့ကြောင့် လူငယ်အများစုက အရမ်းဒေါသဖြစ်နေကြသည်။ စင်္ကာပူ ရဲသား၊ ရဲကားမျာကလည်း အဆင်သင့်စောင်ဆိုင်းနေကြသည်။ ပြဿနာတစ်ခုခုဖြစ်လျှင် ထိန်းမရ သိမ်းမရဖြစ်ကာ အားလုံးဒုက္ခရောက်ကုန်ကြလိမ့်မည်ဟု အလောတကြီးပြောလာပြန်သည်။ ဦးဇင်းတို့က ဘာလုပ်ပေးနိုင်မှာမို့လဲ ဟုမေးရာ ဘာမှလုပ်စရာမလိုပါ၊ အရှင်ဘုရားနဲ့ အခြားဆရာတော်တစ်ပါးကြွလာပြီး မျက်နှာပြပေးရုံပါ။ လူငယ်များကိုဒီနည်ဲး့နဲ့လာထိန်းပေးပါ။ အရှင်ဘုရားတို့ကိုမြင်ရလျင် သူ့တို့ဒေါသအတန်ငယ်ပြေနိုင်ပါသည်။ မိမိတို့နိုင်ငံသားများ ဒုက္ခမရောက်မီ ကြိုတင်၍ ကာကွယ်ပေးပါ ဟု သူကဆိုသည်။

စဉ်းစားစရာရှိသောကိစ္စဖြစ်သည်။ ယမန်နေ့ကမှ ဂျပန်နိုင်ငံ၌ ဂျပန်ရဲများနှင့် မဲပေးလာသောမြန်မာများ ရိုက်ကြနှက်ကြဖြစ်သဖြင့် ခေါင်းပေါက်သူပေါက်၊ ဆေးရုံရောက်သူရောက်၊အချုပ်ခန်းထဲရောက်သူရောက် ဝမ်းနည်းဖွယ်သတင်းဖတ်ခဲ့ရသည်။ ဤကိစ္စမျိုး စင်္ကာပူမှာဖြစ်လျှင်စင်္ကာပူဥပဒေအရ ပိုအထိနာနိုင်သည်။ စင်္ကာပူဥပဒေက ပို၍လက်သံပြောင်သည်။

ထို့ကြောင့် ကြွလိုကကြွ ၊မကြွလိုကနေ ၊ စင်္ကာပူအခြေစိုက် သံဃာအားလုံးကို ပင့်သင့်ကြောင်း ကိုယ်တိုင်ကတော့ ထို(သူတို့ညွှန်းဆို ပင့်ဖိတ်သော) ဆရာတော်နှင့်အတူ ကြွမည်ဟု ကတိပေးလိုက်သည်။

စင်္ကာပူရဲလည်း ခေါင်းမကွဲစေလို၊ ကိုယ့်လူမျိုးလည်း အချုပ်ကျ ကြိမ် အရိုက်ခံ မဖြစ်စေလို၊ မြန်မာသံရုံးလည်း ခဲအထိမခံစေလို။

သို့ဖြင့်ပင် ရောက်သွားခဲ့ကြရပြန်၏။

ရဟန်းသုံးပါးကို မြင်ခိုက် မြန်မာလူငယ်များက လက်အုပ်ချီကြ ၊ ထိုင်ဝတ်ချကြ၏။ မဆိုးဟုထင်သည်။ လူအုပ်ကြီး အတန်ငယ် ငြိမ်သက်နေသည်။

အဆိုးဆုံးက စောစောကပြောခဲ့သော မီဒီယာတည်း။

ချင်နယ် နယူးအေးရှားမှ လူများရောက်လာပြီး မေးကြတော့၏။ မြန်မာလူထုအပေါ် ရဟန်းတော်များ၏ သြဇာသက်ရောက်မှု၊ အဘယ်ကြောင့် သံဃာတော်များ ဤမဲပေးရာကြွလာကြသနည်း ၊ စသော မေးခွန်းများတည်း။ ပြောသောစကားက အင်္ဂလိပ်ဖြစ်နေ၍ ညီတော် နောင်တော်များက ချစ်ခြင်းတရားကြီးစွာ မိမိကို ရှေ့တင်ကြတော့သည်။

မတတ်နိုင်၊ ဖြေရတော့သည်။

ရဟန်းတော်များရောက်လာခြင်းက လူအုပ်ကြီးကို အနည်းငယ်ငြိမ်သက်စေရန်၊ စင်္ကာပူ၏ တည်ဆဲဥပဒေတို့ကို လေးလေးစားစား လိုက်နာကြဖို့ သတိပေးရန်၊ မနေ့ကဂျပန်မှာဖြစ်သော ကိစ္စမျိုး စင်္ကာပူမှာ မဖြစ်စေရန်၊ မိမိမြန်မာနိုင်ငံရေးအတွက်စင်္ကာပူ၏ ပြည်ထဲရေးကို မထိပါးမိကြစေရန် စသည်တို့ကို ပြောဆိုဖို့ ရောက်လာရခြင်းဖြစ်ကြောင်း ရှင်းပြရသည်။

ကိုယ်က နိုင်ငံရေးမပါအောင် ဖြေသည်ကိုပင် ထိုမီဒီယာက နိုင်ငံရေးနှင့်ဆိုင်သော မေးခွန်းကို မေးဖြစ်အောင် မေးသည်။

ရဟန်းတော်များ မဲပေးခွင့်ရှိသလား။ (ရဟန်းတော်များမှာ မရှိ)
ဘယ်ပါတီကို ကြိုက်သလဲဟူသော မေးခွန်းနှစ်ခုမေးသည်။

မခက်လှပါ။ နိုင်ငံတော်နှင့် ပြည်သူလူထုကို တိုးတက်ကြီးပွားအောင် လုပ်ပေးနိုင်သော ပါတီကို ကြိုက်ပါသည်။ နာမည်များကို မကြိုက်ပါ - ဟုပြောလိုက်သည် ။ ဘာမှ ပြဿနာ မဟုတ်ပါ။

ပြဿနာက ညမှ ဖြစ်တော့သည်။ ထိုချင်နယ်နယူးအေးရှားက ၎င်းသတင်းကို ဗွီဒီယိုများဖြင့် ဝေေ၀ဆာဆာ ထုတ်လွှင့်လေတော့သည်။

ထိုသတင်းကိုကြည့်မိသော ကျောင်းမှ တရုတ် ဒကာ ဒကာမများက ဖုန်းတဂွမ်ဂွမ်ဆက်ကာ ပြောကြ ၊ အပြစ်တင်ကြတော့၏။ သူတို့ကိုလည်း အပြစ်မဆိုသာ၊ ထိုနေရာကား ရဟန်းသွားသင့်သည့် နေရာမဟုတ်။ သို့သော်သွားသင့်သော အကြောင်းရှိသည်ဟုထင်ကာ ရဟန်းကြွခဲ့၏ ။ လပြည့်နေ့ည ဒကာ၊ ဒကာများ စုံသော အခါမှသာ ထိုကိစ္စကို တရားဟောရင်းရှင်းပြရသည်။ သူတို့နားလည် သဘောပေါက်သွားကြသည်။ ဒါဆိုရင်တော့ သွားကိုသွားရမယ်၊ ထောက်ခံတယ် ဟုပင်ဆိုလာကြသေးသည်။

ပြဿနာပြီးပြီဟုထင်ခိုက် ထို့ထက်ကြီးသော ပြဿနာပေါ်လာပြန်သည်။
စင်္ကာပူ လူဝင်မှုကြီးကြပ်ရေးက ခေါ်လေတော့သည်။

ထိုဗွီဒီယို သတင်းကို အခြေခဲပြီး မေးမြန်းသင့်သည်တို့ကို မေးမြန်းကြသည်။ စစ်ဆေးကြသည်။ ပြဿနာမရှိပါ။ မှန်တာတွေ ဖြေစရာ အများကြီးရှိသည်။ အချိန် နှစ်နာရီခွဲခန့်ကြာသော အင်တာဗျူးဖြစ်လေသည်။

နိုင်ငံရေးနှင့်ဘာသာရေးကိစ္စကို သူတို့နားလည်ကြသည်။

လက်ရှိအစိုးရက လူပဲဖြစ်ဖြစ်၊ အဖွဲ့ချုပ်ကလူပဲဖြစ်ဖြစ် သေဆုံး၍ အသုဘရှုပင့်သော် ထိုပင့်ခံရသောရဟန်းသည် ကြွရမည်။ ဤသည်မှာ နိုင်ငံရေးမဟုတ်၊ ဘာသာရေးသာ ဖြစ်သည်။ "Your government is smart enough to know that's not politic" ဟုပြောရာ သူတို့ပြုံးကြသည်။

သံရုံးကိစ္စကိုလည်း ရှေ့ကပြောခဲ့သည့် အတိုင်းရှင်းပြခဲ့သည်။

သူတို့လက်ခံကြသည်။ (လက်ခံသည်ဟုထင်သည်။) ထို့ကြောင့်ဆက်နေ၍ရခြင်းဟု မှတ်ရပေတော့သည်။

မည်သူ့ကိုမှ မထိခိုက်စေချင်သလို ဘာရည်ရွယ်ချက်မှလည်း ကြီးကြီးကျယ်ကျယ် မရှိပါ။ နိုင်ငံရေး၊ လူမှုရေး ၊ ဘာသာရေး ဟူသောကိစ္စရပ်များသည် တစ်ခုနှင့်တစ်ခု နှီးနွယ်နေရကား တစ်ခါတစ်ခါ ခွဲခြားရ အတော်ခက်လှသည်။

မည်သို့ဖြစ်စေ ၊ လုပ်သင့်သည် ထင်တာကို လုပ်လိုက်တာပဲကောင်းပါသည်။ အမြင်ဟူသည် ညှိရခက်သော ကိစ္စဖြစ်သည်။ ညှိစရာလည်းလိုတော့ မလိုပါ။ ထိုပြဿနာငြိမ်သက်အောင်ကား တစ်နှစ် နှစ်နှစ်ခန့် အချိန်ယူကာ ပြန်လည်တည်ဆောက်ရသည်။ သို့သော် တန်သည်ဟုထင်သည်။       ။


သီဟနာဒ
 










Copyright © 2011 ကမ်းလက်. All rights reserved.

ဉာဏ်တော် သက်တော်

ဘုရားကပညာတော်ပြီး မုတ်ဆိတ်မွှေး၊ ပါးသိုင်းမွှေးတွေမရှိဘူး။
တစ်ချို့ကမ္ဘာကျော်ကြီးတွေဆိုမုတ်ဆိတ်မွှေး၊ ပါးသိုင်းမွှေးတွေမရိတ်ကြဘူး။
ဘုရားက သီလသာရှိတာ သွားလေရာ တောင်ဝှေးလည်းမဆောင်ဘူး။
တစ်ချို့သူတော်စဉ်တွေဆို  တောင်ဝှေးလက်ကမချကြဘူး။
ဘုရားကသမာဓိသာရှိတာ ပုတီးကိုင်ထားတာလည်းမတွေ့ရဘူး၊
တစ်ချို့ဆို ပုတီးကိုရွှေချပြီးစိပ်ကြတာ။ ရွှေသမာဓိ။

သဗ္ဗညုတဉာဏ်ဆိုတာဘာလဲလို့ သေသေချာချာမသိဘူး။
ဒါပေမယ့် ဘာပဲမေးမေး ဘုရားရှင် ခေါင်းကုတ်စဉ်းစားရတယ်ဆိုတာမရှိဘူး။
"အင်း၊ အဲ၊ ဘယ်လိုပြောရမလဲ၊ ဟိုလိုပေါ့နော်" ဆိုတာတွေလည်းမတွေ့ရဘူး။

သဘောမပေါက်တာက
ဘုရားဆင်းတုတော်တွေ၊ ပန်းချီတွေကို
ဘုရားရှင်ရဲ့သက်တော်ကို ခန်းမှန်းလို့ရအောင်
ဘာလို့မထုကြ မဆွဲကြတာလဲ။

ကျောက်ဆင်းတုတွေဆို အသက်ကိုမှန်းလို့မရဘူး။
ဓမ္မစကြာဟောတော်မူတဲ့ဘုရားရှင်နဲ့
မဟာပရိနိဗ္ဗာနသုတ်ထဲက ဘုရားရှင် တူလို့ကိုမရဘူး။
ငရဲကြီးမှာကြောက်လို့ဆိုရင်တော့ မဆိုင်လှဘူးထင်တယ်။
ဘုရားက အရှင်မြတ်ကိုတော်တိုင် လှည်းအိုကြီးနဲ့ တူနေပြီလို့မိန့်ခဲ့တာပဲ။

ဗုဒ္ဓဘာသာတွေက မရဏကိုလက်ခံပြီး
ဘုရားရဲ့ဗျာဓိကို ပုံမဖော်ရဲကြသေးဘူး။
အိန္ဒိယကလာတဲ့  ကြေးဆင်းတုဘုရားတစ်ဆူ ဖူးခဲ့ရဖူးတယ်။
အဲဒီဆင်းတုကိုကြည့်ရင် သက်တော် ၅၀ နဲ့ ၆၀ ကြားလို့ ခန်းမှန်းလို့ရတယ်။
တော်တော်ကျေနပ်မိတယ်၊ ဒီလိုမှပေါ့။


ဇင်ဝေသော်








Copyright © 2011 ကမ်းလက်. All rights reserved.

Harvard တက္ကသိုလ် ပါမောက္ခ Francis Bowen က သံသရာဝါဒကိုလက်ခံယုံကြည်ကြရန် ခရစ်ယာန် ညီအစ်ကိုမောင်နှမများထံ ရေးသောစာ

ယခုလက်ရှိရထားသောဘဝသည် ပို၍မြင့်မြတ်သောနောက်ဘဝသို့ တက်လှမ်းရန် ထိန်းကျောင်းဖို့နှင့်ကြိုတင်ပြင်ဆင်ဖို့ဖြစ်သည်။ အလွန်မြင့်မြတ်သောဘဝသို့ ရောက်ရှိရန်
တစ်ခုတည်းသောဘဝကအချိန် အလွန်ပင် တိုတောင်းနေသည်။


ထာဝရကောင်းကင်ဘုံသို့ရောက်ရှိရန် သုံးနှစ်၊ ငါးနှစ်ဆိုသောကာလက
လုံးဝမလုံလောက်နိုင်ပေ။ ဝိဉာဉ်ကိုထိမ်းသိမ်းလေ့ကျင့်ရန်
ဤမျှတိုတောင်းသော အချိန်အကန့်အသပ်လေးထဲ၌ ဘယ်လိုဖြစ်နိုင်ပါမည်နည်း။

တူညီသောကိုယ်ရည်ကိုယ်သွေး ပါရမီတို့ဖြင့် တစ်ဘဝပြီးတစ်ဘဝခရီးဆက်ကြရင်း
ကျင့်စဉ်များအားဖြည့်၊ ကိုယ်ကျင့်တရားများဖြည်းဆည်း၊ စရဏနှင့်လူ့ကာရိုက်တာတို့ကို
ထူထောင်ကြရန် အဘယ့်ကြောင့်အဆက်မပြတ်ဖြစ်နေမည့် ဘဝများစွာ ရှိမနေရပါသနည်း။

လက်ရှိဘဝမှာ အတိတ်ကအကြောင်းတရားတွေရဲ့ အကျိုးဆက်တွေ ရှိနေပေမယ့်
အတိတ်ကို မှတ်မိနေရန်တော့မလိုအပ်ပေ။ လူတစ်ယောက်နှင့်တစ်ယောက်မတူညီအောင်
ခွဲခြားပေးနေသည့် စာနာနားလည်မှုနှင့် သိမြင်သဘောပေါက်မှုတို့ကို တည်ဆောက်ရန်
အများကြီး အထော်အပံ့ ပြုခဲသော အတိတ်စာမျက်နှာပေါင်း မည်မျှ ကျွန်ုပ်တို့ မေ့လျော့ပစ်ခဲ့ကြပြီနည်း။

ဒါတွေအားလုံးကို သတိမရခြင်းကြောင့်တော့ ကျွန်ုပ်တို့ဆောင်ရွက်ရမည့်ဝတ္တရားများ လျော့ပါးမသွားပါ။
ဘာတွေကို ဘယ်လို ဖြုန်းတီးခဲ့ကြတယ်ဆိုတာကို မေ့လျော့နေကြရင်တောင် အချိန်ကို အလွဲသုံးစားလုပ်ခဲ့တြယ်ဆိုတာကတော့ ထင်ရှားပါတယ်။

ယခုလတ်တလောမှာပင် မေ့လျော့နေသည့် အတ္တအခြေခံသော အတိတ်ကအကုသိုလ်တရားတို့၏ အကျိုးဆက်ဖြစ်ကြသော ကျန်းမာရေး မပြည့်စုံခြင်း၊ သမ္မာဆန္ဒနှင့်စွမ်းရည်သတ္တိများ မလုံလောက်ခြင်း
စတဲ့ ခါးသီတဲ့အကျိုးဆက်များကို ခံစားနေကြရဆဲပင်ဖြစ်သည်။ ထိုအကုသိုလ်များက အလွန်များပြားနေသည့်အတွက် ကျွန်ုပ်တို့ မှတ်သားမထားနိုင်ခဲ့ကြပေ။

လူတစ်ယောက်အတွက် ထာဝရ ကောင်းကင်ဘုံကို ချီးမြှင့်ဖို့ မိတ်ဆက်အနေနဲ့ပေးထားတဲ့
ဒီဘဝဟာ ထာဝရဘုရားရှင်၏ ဖန်ဆင်းပေးမှုသက်သက်ကြောင့်သာဆိုလျှင် ဘာကြောင့်
ဝိဉာဉ်တွေရဲ့ ပြင်ပပုံသဏ္ဌာန်ခြားနားချက်က ဒီလောက်ကြီးမားနေရတာလဲ လို့
ကျွန်ုပ်တို့မေးစရာရှိနေပါတယ်။

အကယ်၍ မီတန်ဆိုက်ကိုစစ်သာ တံခိုးရှင်အုပ်ချုပ်သည့် အစီအမံထဲ ပါသွားပြီလျှင် ယင်းပြဿနာပါ အတူတတကွပျောက်ကွယ်သွားပေတော့မည်။ လူတစ်ယောက်၏ လက်ရှိအခြေနေသည် သူ၏အတိတ်ကံကြောင့်ဖြစ်သည်ဆိုတဲ့ အမြင်ကနေကြည့်ပါ၊ အကုသိုလ်ကံနှင့် ထိုကံ၏အကျိုးဆက်ဟူသောဒေသနာသည် ခက်ခဲစွာလေ့လာရသည့်သင်္ခန်းစာဖြစ်သွားနိုင်သည်။

သို့သော် သူကိုယ်တိုင်အတိတ်ကအကြောင်းတရားတွေရဲ့အကျိုးကိုလက်ခံနေရသည်ဆိုသည့်အချက်ကိုမူ မည်သူကမှ စောဒကတက်၍မရနိုင်။ ကျွန်ုပ်တို့ခေါ်နေကြသည့်  သေခြင်းတရားသည်
နောက်ဘဝတစ်ခုဆက်ရန် အစပြုခြင်းသာဖြစ်သည်။

နောက်လာမဲ့ဘဝမှာ ဒီဘဝထက်ပိုပြီးမြင့် မြတ်မလာဘူးဆိုလျှင်ဖြင့်
ကျွန်ုပ်တို့ ကိုယ်တိုင်ကိုသာ အပြစ်တင်ရန်ရှိတော့သည်။


ဆုထားမျက်ချယ်












Copyright © 2011 ကမ်းလက်. All rights reserved.

ကျနော့် အမြင် (Bertrand Russel)

"ပညာအားဖြင့်ဖြစ်စေ ကိုယ်ကျင့်တရားအားဖြင့်ဖြစ်စေ
သမိုင်းအရ တစ်ချို့လူတွေမြင်နေကြသလို
ဂျီးဇက်ခရိုက်ဟာ သိပ်အမြင့်ကြီးမှာရှိတယ်လို့ မထင်မိဘူး။

 ပညာနဲ့ သီလ အကြောင်းပြောရင်
ဗုဒ္ဓ ကို ဂျီးဇက်ခရိုက်ရဲ့ အထက်မှာ ကျနော်တော့ထားမိမယ်"

"I can not myself feel that either in the matter of wisdom
or in the matter of virtue Christ stands quite as high as
some other people know to history.

I think I should put Buddha above him in those respects."
(Bertrand Russel, Why I am not a Christian.)






Copyright © 2011 ကမ်းလက်. All rights reserved.

ဘောလုံး၊ ဒီမိုကရေစီနဲ့ အာဏာရှင်(သို့) Men-management

By- Matthew Syed
THE TIMES, LONDON.
            (ဒီဆောင်းပါးလေးက ဘောလုံးအကြောင်းပြောတာပေမယ့် လူ့အဖွဲ့အစည်းနဲ့ စီမံခန့်ခွဲမှုတစ်ချို့ကို ခပ်ပါးပါးလှစ်ပြသွားလို့ စိတ်ဝင်စားပြီး ဘာသာပြန်မိတာပါ။ စာရေးသူကတော့ အဖွဲ့အစည်းတစ်ခုအောင်မြင်ဖို့ ဒီမိုကရေစီလိုသလား၊ အာဏာရှင်စနစ်လိုသလား ဆိုတာကိုဖြေမသွားပဲ မေးခွန်းတစ်ချို့ကိုသာ ချန်ထားခဲ့တယ်။)

            ဂရိပညာရှင်ကြီး ပလေတိုက ဒီမိုကရေစီဆိုတာ ဖော်ရွေတဲ့အစိုးရရဲ့ ပုံသဏ္ဍာန်လို့ ဖွင့်ဆိုခဲ့တယ်။ ၂၁- ရာစု ဘောလုံးလောကကြီးရဲ့ ကျားကုတ်ကျားခဲ ရုန်းကန်နေရပုံကို သိသွားခဲ့ဟန် မတူဘူး။

            အားလုံးတစ်စုတစ်ဝေးတည်းထိုင်၊ ဘာတွေဖြစ်တယ်၊ ဘာတွေလုပ်ကြမယ်လို့ အဖြေရှာကြတာဟာ အလွန်မြင့်မြတ်တဲ့ အယူအဆပါ။ ဒါပေမယ့် ဒီလိုပွင့်လင်းမှုကပဲ ကိုယ့်ကိုပြန်ပြီး ဒုက္ခပြန်ပေးနိုင်သေးရဲ့။ အထူးသဖြင့် အတ္တအကြီးစား အားကစားသမားတွေကို ထိန်းချုပ်နေရတဲ့ (၃၄) နှစ်သား ပေါ်တူဂီ ချယ်ဆီးနည်းပြ ဖြစ်နေမယ်ဆိုရင်ပေါ့။

            သီအိုရီအရကတော့ Andre Villas-Boas ရဲ့ နည်းပညာက နားလည်လို့ရပါတယ်။ “ကျွန်တော့် အသက်အရွယ်ရယ်၊ ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝနဲ့ မကျင်လည်ခဲ့ဘူးတဲ့ ကျွန်တော် နောက်ကြောင်းရယ်ကြောင့် အာဏာရှင်ဆန်တဲ့စနစ်ကို ဘယ်တော့မှ ကျင့်သုံးမှာမဟုတ်ပါဘူး။” ဒါက ဒီလ ဥရောပဘောလုံးအဖွဲ့ချုပ်ရဲ့ နည်းပြများအတွက်ထုတ်ပြန်တဲ့ The Technician မှာ သူပြောခဲ့တဲ့စကားတွေပါ။

            “ ဒါကြောင့် ဘယ်လိုကစားမယ်၊ အသင်းရဲ့ ကစားကွက်ကို ဘယ်လိုပုံဖော်မယ်ဆိုတာနဲ့ပတ်သက်လို့ အားကစားသမားတွေကို တစ်ချို့လွတ်လပ်ခွင့် ပေးထားပါတယ်”

            ဒါက ပြဿနာပါ။ ဒီနေ့ ဘောလုံးသမားအများစုဟာ လေးစားမှုဆိုတဲ့ တစ်လမ်းသွားစနစ် ကျင့်သုံးနေကြပါတယ်။ ဒါကပဲ သူ့ကို ချယ်ဆီးအသင်းပိုင်ရှင် ရိုမန် အေဗရာမိုဗစ်ရှေ့မှာ အရူးတစ်ယောက်လို ဖြစ်သွားစေတော့တာပါ။ ဘောလုံးသမားတွေက သူ့ရဲ့နည်းစနစ်ပိုင်းကိုသာမက အသင်းလူရွေးမှုကိစ္စကိုပါ ဒီမိုကရေစီဆန်ဆန် မေးခွန်းတွေထုတ်ကြတယ်။ အဲဒါ ဘောလုံးလောကရဲ့ ဒီမိုကရေစီ ပြဿနာပါ။

            သူ့ရဲ့ ရှက်စရာအကောင်းဆုံးအချက်ကို မီးမောင်းထိုးပြသွားတာက ချယ်ဆီးဘောလုံးသမားတွေက နည်းပြဟောင်း မော်ရင်ညိုဆီ တက်(စ်) မက်ဆေ့ခ်ျတွေ ပို့နေဆဲဆိုတာဖြစ်ပြီး အဲဒီမက်ဆေ့တွေက သူ့ကိုသရော်တာ၊ သူ့ရဲ့ အူကြောင်ကြောင်နိုင်မှုတွေကိုပြောတာဆိုတာ သံသယရှိစရာ မရှိပြန်ဘူး။

            “သူ့အသင်းကို သူတည်ဆောက်ရမယ်။ တည်ဆောက်ရာမှာလည်း မော်ရင်ညိုဆီ မက်ဆေ့တွေပို့နေဆဲ ဆိုတဲ့ ကစားသမားတွေရှိနေသမျှတော့ အလုပ်ဖြစ်မှာ မဟုတ်ဘူး” လို့ ပေါ်တိုအသင်း ဥက္ကဋ္ဌ ပင်တိုကပြောပါတယ်။
            AVB (ချယ်ဆီးနည်းပြ) ရဲ့စကားက တင်းကျပ်တဲ့ အာဏာရှင်စနစ် ဘောလုံးအသင်းမှာ အရေးကြီးကြောင်း ဘောလုံးကြေငြာသူတွေအတွက် ထောက်ပြစရာတွေ ဖြစ်ခဲ့တယ်။ ချယ်ဆီး ကစားသမားဟောင်း တိုနီက “နည်းပြလုပ်နေတာတွေ မှားသလား၊ မှန်သလားဆိုတာ နည်းပြက အားကစားသမားတွေကို မေးနေရပြီဆိုရင် အဲဒီနည်းပြရဲ့ဘဝကလည်း အဆုံးသတ်ပါပြီ” လို့ အအောင်မြင်ဆုံးနည်းပြဘဝရဲ့ အခိုက်အတန့်ဟာ တင်းကျပ်တဲ့ အာဏာနဲ့ချုပ်ကိုင်ထားတဲ့အချိန်လို့ ထောက်ပြသွားခဲ့တယ်။

            စီမံခန့်ခွဲမှုမှာ အော်သော်ရတီက အရေးပါတာမှန်ပေမယ့် သိပ်ပြီးရိုးရှင်းလှတဲ့ကိစ္စတော့ မဟုတ်ပြန်ဘူး။ ထင်ရှားတဲ့ ဥပမာကိုပြပါမယ်။ လူးဝစ်ဆွာရက်(စ်) ပြဿနာမှာ လီဗာပူးနည်းပြ Kenny Dalglish က ပါဝါသုံးပြီး ကာကွယ်ပေးခဲ့တယ်။ (ဖာဂူဆန်ဆိုရင်လည်း ဒီအတိုင်းပဲ ကျင့်သုံးမှာပါ)။ ဒီတော့လူတွေက ဒီကိစ္စကို လီဗာပူးအသင်းပိုင်ရှင်ဆီ ထိုးပို့ပေးကြတယ်။ အသင်းပိုင်ရှင်က ဖိအားပေးလာတော့ Dalglish တစ်ယောက် လက်လျှော့တောင်းပန်ခဲ့ရတယ်။ ဒါ့ကြောင့် ဒါ့ဂလစ်(ရှ်) ပါဝါလျော့ကျသွားပါတော့တယ်။

            ဒီပြဿနာက ချယ်ဆီးမှာတော့ လုံးဝဆန့်ကျင်ဖက်ဖြစ်ပါတယ်။ ချယ်ဆီးပိုင်ရှင်က သူ့အာဏာပြဖို့ အချိန်ယူတာမဟုတ်ဘူး။ မန်နေဂျာရဲ့ လုပ်ပိုင်ခွင့်တွေကို ဝင်စွက်တတ်တယ်။ ကစားသမားတွေက မန်နေဂျာကို အာခံဖို့တောင် ဖရီးဒန်းပေးထားတာမျိုးပဲ။ နည်းပြခန့်ဖို့၊ ဖြုတ်ဖို့တောင် ဂျွန်တယ်ရီ (အသင်းခေါင်းဆောင်) နဲ့ တိုင်ပင်ကြောင်း မကြာခဏ ပြောတတ်ကြတယ်။

            တစ်ချို့ကလည်း ကြားခံလူလိုတယ်လို့ ဆိုကြပြန်တယ်။ မန်နေဂျာကို ဘောလုံးပွဲနဲ့ပတ်သက်လို့ အာဏာကုန်ပေးပြီး တခြားကိစ္စတွေမှာတော့ အုံနာ (သို့) စီအီးအိုတို့က စီမံဖို့ပေါ့လေ။ ဒါကလည်း ဟုတ်သလိုလိုနဲ့ မရေရာမှုတွေ ပြည့်သိပ်နေတာပါ။

            နည်းပညာဆိုင်ရာ ဒါရိုက်တာတွေအသာထားလို့ အုံနာတွေကိုယ်တိုင်ကတောင် လုံးဝမထိတဲ့ ဘောလုံးအသင်းနှစ်သင်း ဥရောပမှာ ရှိပါတယ်။ အဲဒါ မန်ချက်စတာ ယူနိုက်တက်နဲ့ အာဆင်နယ်ပါ။ အဲဒီကလပ်တွေမှာ ပုံစံကွဲ အာဏာရှင်ဆန်မှု ရှိနေပြန်ပါတယ်။ မန်ချက်စတာ ယူနိုက်တက်ကိုကြည့်ပါ။ ဘီဘီစီကို သပိတ်မှောက်ထားတဲ့ ဖာဂူဆန်ကို ဘီဘီစီနဲ့ အင်တာဗျူးလုပ်ဖို့ တဖွဖွတိုက်တွန်းခဲ့ပေမယ့် မရခဲ့ပါဘူး။ နောက်မှ သူကိုယ်တိုင် သပိတ်ပြန်လှန်ခဲ့တာပါ။ အဲဒီလိုပါပဲ။ ဘောလုံးသမား အရောင်းအဝယ်နဲ့ပတ်သက်လို့ အာဆင်ဝင်းဂါးရဲ့ ခေါင်းမာမှုနဲ့ပတ်သက်ပြီး ထိပ်တန်းအဖွဲ့လူကြီးတွေ မပျော်ရွှင်ကြပါဘူး။

            ဒါ့ကြောင့် ပထမဘောလုံးအသင်းကို ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ တိကျတဲ့အဖြေ မရှိဘူး။ ဘောလုံးအသင်းတွေကလည်း တခြားအဖွဲ့အစည်းတွေလိုပါပဲ။ မတူညီတဲ့ ယဉ်ကျေးမှုတွေနဲ့ တည်ဆောက်ထားတဲ့ အီကိုစစ်စတန်တစ်ခုပါ။ အောင်မြင်တဲ့အသင်းတိုင်းဟာ မတူညီတဲ့ ချဉ်းကပ်မှုတွေနဲ့ အလုပ်လုပ်နေကြရတာပါ။ တစ်ချို့က အုံနာကအာဏာရှိ၊ တစ်ချို့က အားကစားဒါရိုက်တာက အာဏာရှိ၊ တစ်ချို့မန်နေဂျာက အာဏာရှိပါ။

            အာဏာရှင်ဆိုတာကို ဖွင့်ဆိုဖို့ဆိုတာကတောင် သိပ်လွယ်ကူရှင်းလင်းတဲ့ကိစ္စ မဟုတ်ပြန်ပါဘူး။ ဥပမာ ဖာဂူဆန်ကို ကြည့်ပါ။ အဲရစ်ကန်တိုနာနဲ့ကျတော့ ပျော့ပျော့ပြောင်းပြောင်း ဖြစ်နေပြန်ရော။ အလားတူပါပဲ။ မော်ရင်ညိုနဲ့ ဘရိုင်ယန်ဂလော့(ဖ်) တို့လည်း- တစ်ချို့ကစားသမားတွေအပေါ်မှာ ဥပဒေကို သက်ညှာရမယ်ဆိုတာ လက်ခံထားကြတယ်။ ရောဘတ်တို မန်ချိနီလည်း ကာရိုက်တာ အမာစားထဲကပါပဲ။ သူလည်း ကားလို့(စ်) တက်ဗက်နဲ့ပတ်သက်လို့ အလျှော့ပေးခဲ့ရတာပါ။ ဘောလုံးအသင်းတစ်သင်းကို စီမံခန့်ခွဲဖို့ဆိုတာ ပုံသေဖော်မြူလာနဲ့ မရပါဘူး။ ကလိန်ဆန်ခြင်း၊ သိနားလည်ခြင်း၊ ရှင်းလင်းတဲ့အမြင်ရှိခြင်း၊ စည်းရုံးဆွဲဆောင်နိုင်ခြင်းတွေ လိုအပ်ပါတယ်။ ဒါကိုပဲ Men-management လို့ ခေါ်မလားပေါ့။

            AVB မှာ ဒါတွေရှိသလားဆိုတာကတော့ သံသယတွေနဲ့ စောင့်ကြည့်ကြရဦးမှာပါပဲ။


ဇင်ဝေသော်












ဖြည့်စွက်ချက်။ ။စာရေးသူကစောင့်ကြည့်ရဦးမယ်လို့ဆိုပေမယ့် စောင့်ကြည့်ဖို့သူ့လောက်စိတ်မရှည်တဲ့ ချယ်လ်ဆီးအသင်းပိုင်ရှင် အေဗရာမိုဗစ်က AVB ကို ထုတ်ပစ်လိုက်ပြီဖြစ်ပါတယ်။




Copyright © 2011 ကမ်းလက်. All rights reserved.

ဆိုရှယ်ကွန်ယက်လား ဆိုရှယ်ထောင်ခြောက်လား !

Facebook ကို social network လို့ သုံးခဲ့ကြတယ်။
လတ်တလော စင်ကာပူမှာကြုံနေရတဲ့သတင်းနှစ်ပုဒ်ကို ဖတ်မိတော့
ကိုယ့်ဘဝတက်လမ်းကို အဟန့်အတားဖြစ်စေနိုင်တဲ့
ဆိုရှယ်ထောင်ခြောက်များဖြစ်နေပြီလားလိုလည်း စဉ်းစားစရာဖြစ်လာပြန်တယ်။

ပထမသတင်းကတော့ တရုတ်လူမျိုး NUS (National University Singapore)အင်ဂျင်နီယာ နောက်ဆုံးနှစ်ကျောင်းသား Sun Xu ပါ၊ သူကတော့ "more dogs than men  in Singapore" လို့ သူ့ FB မှာတင်လိုက်တယ်။
ကိုယ်ရေးကိုယ်တာ မကျေနပ်မှုက ဒီလိုရေးလိုက်တော့ နိုင်ငံအဝှမ်းပြန့်သွားတယ်။
နစ်နာစရာရှိရင် သူပဲနစ်နာမှာပေါ့။ သူ့ကို NUS ပညာရေးဘုတ်အဖွဲက့ ဒဏ်ငွေ ဒေါ်လာသုံးထောင်၊ လူထုအကျိုးပြုလုပ်အားပေ သုံးလ ချမှတ်ခဲ့တယ်။
ဒါကိုမဖြည့်ဆည်းသေးသမျှ ဘွဲ့မပေးတဲ့။
တစ်ချို့အဆိုအရ ကျောင်းထုတ်မပစ်တာ ကံကောင်းပါပဲ တဲ့။

ဒီသတင်းမှပြောလို့မပြီးသေးဘူး နောက်တစ်ယောက်က
အင်ဒီးယန်းတွေကို ပုတ်ခတ်တဲ့သတင်း တင်လိုက်ပြန်တယ်။
Shimun lai ဆိုတဲ့ နာမည်နဲ့ တဲ့။ သူ့ပရိုဖိုင်ကိုတော့ ဖော်ပြထားတာမတွေ့ရဘူး။
မီဒီယာတုန့်ပြန်မူအရ အခြေအနေ သိပ်မကောင်းဘူး။ ဘာတွေဖြစ်လာအုံးမယ်မသိသေးဘူး။

သတင်းနဲ့ပြန်ကြားရေး လက်ထောက်မန်နေဂျာ Lim Bio Chuam ကတော့
FB သမားတွေအတွက် မှတ်သားစရာစကားချန်ထားခဲ့တယ်၊
"There is false impression that your posts on Face Book and Twitter are private."
ပညာရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်ကလည်း ကျောင်းသားတွေကြား ဒီလိုတွေဖြစ်နေမှုဟာ"regrettable"လို့ပြောသွားခဲ့ပါတယ်။

ဒါတွေက နိုင်ငံအဝှမ်းအထိရောက်လာလို့သိကြရတာပါ။

(မောင်သစ်ဝေ စကားငှာပြောရရင် သတင်းစာထဲ မပါတဲ့ နာရေးကြော်ငြာတွေ
ဘယ်လောက်များမလဲ မသိရဘူး။)

အညွှန်း => စထရိတ် တိုင်း(မ်)၊ ၂၈၊၃၊၂၀၁၂။



ဇင်ဝေသော်







Copyright © 2011 ကမ်းလက်. All rights reserved.

မဟာဂန္ဓာရုံဆရာတော်နှင့် မောင့်လပြည့်ဝန်း

မတူတာများကို နှိုင်းဦးအံ့။
            လဲ့ဂျင့်ကြီးများဖြစ်ကြသော (ဦး) စိုင်းခမ်းလိတ်ရေး၍ (ဦး) စိုင်းထီးဆိုင် ဆိုခဲ့သော သီချင်းပုဒ်ရေတို့ကား များလွန်းလှ၏။ အရေအတွက်ပင် မသိ။ သို့သော် မဂ္ဂဇင်းတစ်စောင်၌ ဖတ်ရဘူး၏။(ဦး) စိုင်းထီးဆိုင် ကိုယ်တိုင်ကြိုက်ပြီး ပရိတ်သတ်နှစ်သက်ဆုံးသီချင်းကို ပြပါဆိုလျှင်မူ “မောင့်လပြည့်ဝန်း” ဟူသတတ်။

            ရဟန်းပင်ဖြစ်သော်ငြား မောင့်လပြည့်ဝန်းကိုကား ခံစား၍ရ၏။

            စိုင်းခမ်းလိတ်ကား ရာပေါင်းများစွာ ရေးခဲ့ရ၏။ သူရေးသော တေးသီချင်းလည်း ကောင်းကြ၏။ သို့သော် ပရိတ်သတ်အကြိုက်ဆုံးဆိုသည့် “မောင့်လပြည့်ဝန်း” ကို ရေးသူကား ကိုနေဝင်း(မဇ္ဈိမလှိုင်း၊ မန္တလေး) ဖြစ်နေခဲ့၏။ ကိုနေဝင်းအတွက် ဝမ်းမြောက်ရသော်လည်း စိုင်းခမ်းလိတ်အတွက်ကား စိတ်မကောင်းစရာ ဖြစ်ရသည်။ အလွန်ရှားပါးသော တေးရေးဆရာကြီး ဖြစ်၏။

            မာဃလက္ဘက်ရည်ဆိုင်ထဲမှ ထွက်လာသောစကား မှန်ပါလျှင် ထိုမောင့်လပြည်ဝန်း၏ အဓိကကျသောအပိုဒ်သည် အိမ်သာထဲမှရသည်ဟု ဆို၏။(မာဃလက္ဘက်ရည်ဆိုင်ဟူသည် မာဃ သင်္ကန်းတိုက်ကဖွင့်သော အိမ်တော်ရာဘုရားထောင့်က ဆိုင်ဖြစ်သည်။ ကိုနေဝင်း၊ ကိုရဲလွင်၊ ကိုမောင်မောင်တို့ အုပ်စု လက္ဘက်ရည်သောက်တတ်သောဆိုင် ဖြစ်သည်။)

            ကိုနေဝင်း အိမ်သာတက်သည်။ သွပ်မိုးထားသော အိမ်သာ၌ အပေါက်ကလေးရှိသည်။ မော့ကြည့်ခိုက် ထိုအပေါက်ကလေးထဲမှ လပြည့်ဝန်းကို တွေ့ရသည်။ လက်ရွေ့၍ အိမ်သာနှင့် အိမ်သာမိုးအပေါက်ကမရွေ့။ ထို့ကြောင့် ထိုအပေါက်ထဲမှ မြင်နေရသော လပြည့်ဝန်းကလေး ကွယ်သွား၏။ ထိုအခါ “အမှောင်ညကို စွန့်သွားတဲ့……မောင့်လပြည့်ဝန်း” ဟူသော သံစဉ်နှင့် စာသားလေး ရလိုက်သည်ဟု ဆိုကြ၏။ ကိုနေဝင်းပါးစပ်က ထွက်ကျလာသည် မဟုတ်သဖြင့် မှန်၊ မမှန်ကား အတည်ပြုမရ။ သို့သော် ခံစား၍တော့ရ၏။

            မည်သို့ဆိုစေ စိုင်းထီးဆိုင်ဆိုခဲ့သော ရာပေါင်းများစွာ သီချင်းများတွင် အများစုသည် စိုင်းခမ်းလိတ်ရေး၏။ ကိုနေဝင်းရေးသောသီချင်းကား အနည်းငယ်သာ ဖြစ်သည်။ ထိုအနည်းငယ်တွင် ပရိတ်သတ်အနှစ်သက်ဆုံး သီချင်းတစ်ပုဒ် ပါသွားသည်။ ဤကိစ္စက စိုင်းခမ်းလိတ်ညံ့ခြင်းကြောင့် လုံးဝမဟုတ်။ စန်းဟု ပြောလိုက ပြောနိုင်သည်။ မလုံလောက်၊ ကံဟု ဆိုနိုင်ပြန်သည်။ မအပ်စပ်လှဟု ထင်သည်။ ထို့ကြောင့် မပြောလို။ စိုင်းခမ်းလိတ်ကိုလည်း လေးစား၏။ ချစ်၏။ ကိုနေဝင်းကိုလည်း လေးစား၏။ ချစ်၏။

            သီဟနာဒ (၃၅) နှစ်ပြည့်သောနှစ်၌ မိမိအပေါ် သြဇာလွှမ်းမိုးမှုအရှိဆုံး ဆရာတော်တစ်ပါးကို ရှာမိ၏။ ငယ်ဆရာ၊ ကြီးဆရာ၊ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ၊ ဖတ်ဆရာ အစုံဖြစ်၏။ ဆရာလည်း စုံလှ၏။ မိုးကောင်းတိုက်၌ နေခဲ့သဖြင့် ဒေဝန်းဆရာတော်ကြီး၊ သိန်းသန်းဆရာတော်တို့နှင့်လည်း မကင်း။ ပညာတတ်ရဟန်းများ သိမ့်သိမ့်တုန်ရသော ဆရာတော်များဖြစ်၏။ လူပုဂ္ဂိုလ်များကမူ သိပ်မသိကြဟုထင်သည်။

            သာသနာ့တက္ကသိုလ်(မန္တလေး)၌ နေခဲ့ရသဖြင့် မင်းကွန်းတိပိဋကဓရ ဆရာတော်ကြီး၊ နာယကချုပ် ဆရာတော်တို့နှင့်လည်းမကင်း။




            သို့သော် မိမိလျှောက်လှမ်းနေရသော၊ လျှောက်လှမ်းနေဆဲဖြစ်သောလမ်းကြောင်း၏ အဓိက မီးရှူးးတိုင်ကား မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ ဖြစ်နေခဲ့သည်။ သီဟနာဒသည် ရွှေကျင်မဟုတ်၊ မဟာဂန္ဓာရုံ၌လည်း မနေခဲ့ဖူး။ သို့သော် (သို့သော်တွေ များနေပြီ။ မတတ်နိုင်၊ လိုလျှင်တော့ သုံးရလိမ့်မည်။) ဘဝအပေါ် သြဇာအရှိဆုံးဆရာတော်ကား မဟာဂန္ဓာရုံ ဆရာတော် တည်းဟု အသက်(၃၅) နှစ်ပြည့် မွေးနေ့က သိလိုက်ရသည်။

            ဆရာတော် ဦဥက္ကဋ္ဌ၊ အရှင်အရိယာဝံသတို့ကိုလည်း ကြည်ညို၏။
            ဒေးဝန်းဆရာတော်၊ သိန်းသန်းဆရာတော်တို့ကိုလည်း ကြည်ညို၏။
            မင်းကွန်းတိပိဋကဆရာတော်ကြီးကိုလည်း လှိုက်လှိုက်လှဲလှဲ ကြည်ညို၏။

            အခြေပြုသဂြိုဟ်စာအုပ်နိဂုံး၌ အရှင်ဇနကာဘိဝံသ ရေးထားခဲ့သော ဆန္ဒလေးကို ကိုရင်ဘဝကတည်းက ကြည်ညိုသည်။ ဤစာအုပ်(အခြေပြုသဂြိုဟ်) ထက် ကောင်းသောစာအုပ် ပေါ်လာပါက ဤစာအုပ်(အခြေပြုသဂြိုဟ်)လေး ကွယ်ပရစ်ပါစေ၏ ဆုတောင်းပတ္ထနာပြုခဲ့၏။

            အရှင်မြတ်၏ကျမ်းစာအုပ် ကမ္ဘာရှည်သ၍ တည်ရစ်ပါစေဟု ဆုတောင်းတော် မမူခဲ့။ မည်ကဲ့သို့သော ဆရာတော်နည်း။ အတ္တအလွန် နည်းရှာ၏။ ဂိုဏ်း ဂဏကွဲ ကင်းတော်မူ၏။ ခေတ်မီ၏။ ရိုးသား၏။ အတွေးအမြင်ကား အထက်တန်းကျလှ၏။ စိတ်ကို ပြင်၏။ ရုပ်ကိုလည်း ပြင်၏။

            မှုံတေတေရဟန်းတို့ကို အားမပေး။ ပိန်သေးလွန်းသောရဟန်း ဆွမ်းပိုစားရန်၊ ပိုအိပ်စက်ရန် သြဝါဒပေး၏။ ရဟန်းများ ဗိုက်ခေါက်ထွက်နေသည်ကို သဘောတွေ့တော်မမူ။ ရဟန်းများ ရုပ်ချောနေရမည်ဟု ဆိုတော်မူ၏။ ကမ္ဘာက ပြောနေသည်။ ပါစင်နယ်လတီဟူသော ဗိုလ်စကား ဤဆရာတော်ကြီး မမှတ်သားဖူးခဲ့။ ဝဲ(လ်) ရောင်း(ဒ်ထ်) ဖြစ်ရမည်ဆိုသည့် အင်္ဂလိပ်စကားလုံး ဤဆရာတော်ကြီး ကြားဖူးတော်မမူလောက်။

            သို့သော် ဤဆရာတော်ကား ကြောက်စရာအလွန်ကောင်း၏။ “ကြောက်”ဟူသည် “Fear” ကို မဆိုလို။ “Respect, admire, hard to compare” စသော အက်ဂျစ်တစ်များကို ဆိုလိုသည်။

            သင်းပိုင်ဝတ်ရာတွင် နှစ်လိပ် လိပ်လျှင်မြဲပြီ။ သုံးလိပ် မလိပ်နှင့်၊ ဗိုက်ထွက်လာသည်။ ထို့ကြောင့် သင်းပိုင်ရှည်နေလျှင် ဖြတ်ပစ်ရမည်ဟု ဆိုမိန့်တော်မူ၏။နာမ်တရားသက်သက်ဖြင့် ခြောက်သွေ့နေသော အသိုင်းအဝိုင်းထဲ၌ ပြုပြင်ရမည့် ရုပ်တရားတို့ကို ရဲရဲကြီး မိတ်ဆက်တော်မူ၏။

            ဤဆရာတော်အကြောင်း ရေးသားရန် သီဟနာဒ၌ ဦးနှောက်မရှိ။ ဦးနှောက် မမှီ။ အခြေပြုသဂြိုဟ် နိဂုံးပတ္ထနာနှင့် သင်းပိုင်သုံးလိပ် မလိပ်ရဟူသော သြဝါဒစသည်တို့ကြောင့် ဖြစ်မည်။ ဘဝ၌ လွှမ်းမိုးမှု ကြီးလွန်းလှသည်။ သို့သော် မဖူးတွေ့ခဲ့ရ။ မဟာဂန္ဓာရုံ၌လည်း မနေခဲ့ရ။ ဆရာကား ဖြစ်ခဲ့၏။

            စဉ်းစားရန်တော့ ရှိသည်။ ဘုရားရှင်ကို ဆရာတင်ရန်၊ ဘုရားနှင့် နဖူးတွေ့၊ ဒူးတွေ့ ဖူးတွေ့ရန် မလို။ ဇေတဝန်ကျောင်း၌ သတင်းသုံးဖူးဖို့မလို။ ပုပ္ဖာရုံ၌ သတင်းသုံးဖူးဖို့ မလို။ ဆရာ တော်လိုက ထိုအရာများမရှိလည်း တော်လို့ရသည်။ ထို့ကြောင့် မဟာဂန္ဓာရုံဆရာတော်ကို တဖက်သတ် ဆရာတော်လိုက်၏။ နာမည်ကြီးသောကြောင့် မဟုတ်မှန်း သေချာ၏။ ထို့ကြောင့် ရှက်စရာလည်း မလိုတော့။

            ထို့ကြောင့် မဆိုင်ရာကို နှိုင်းသည်ဟု ဆိုခဲ့၏။

            စိုင်းထီးဆိုင်၏ များစွာသော သီချင်းများတွင် ပုဒ်ရေအနည်းငယ်သာ ရေးခဲ့သော ကိုနေဝင်း၏ “မောင့်လပြည့်ဝန်း” ကပရိသတ်အနှစ်ခြိုက်ဆုံး သီချင်းတစ်ပုဒ် ဖြစ်သကဲ့သို့၊ သီဟနာဒ၏ဘဝတွင် ဆရာပေါင်းများစွာ ရှိနေပါလျှက် မဆီမဆိုင် ကိုယ်မသိ၊ မဖူးခဲ့ရသော မဟာဂန္ဓာရုံဆရာတော်ကြီးက အင်ဖလူးယင့်(စ်) အကြီးဆုံး ဖြစ်နေခဲ့၏။ မတတ်နိုင်။

            စိုင်းခမ်းလိတ်အတွက် စိတ်မကောင်းရသလို ဆရာများကို တောင်းပန်ဖို့သာ ရှိတော့၏။
            ထို့ကြောင့် အရှင်ဇနကဘိဝံသနှင့် မောင့်လပြည့်ဝန်းဟု ရေးလိုက်မိခြင်း ဖြစ်၏။ ပုဂ္ဂလိက ခံယူချက်ဖြစ်၏။ ပြီးပြီဟုဆိုက ဆိုနိုင်၏။ ပြီးပါပြီ။

            ဤစာသည် တစ်စုံတစ်ရာကို မပေးနိုင်ဟုဆိုပါက ရီဆိုက်ကယ်ဘင်(ဓာတ်ဦးနှောက်အမှိုက်ပုံး) ထည့်လိုက်ကြပါစေဟူလို….။




သီဟနာဒ








Copyright © 2011 ကမ်းလက်. All rights reserved.

နှိုင်းယှဉ်ကြည့်ခြင်း

 "ဘာသာတရားတွေကို နှိုင်းယှဉ်ကြည့်နေရတဲ့ကျောင်းသားတစ်ယောက်အနေနဲ့
ဗုဒ္ဓဘာသာဟာ ကမ္ဘာမှာရှိတဲ့ ဘာသာတရားတွေထဲမှာ အပြည့်စုံဆုံးဘာသာလို့ထင်တယ်။

ဗုဒ္ဓရဲ့အတွေးအခေါ်၊အီဗိုလူးရှင်းသီအိုရီ နဲ့ ကံ ကံ၏အကျိုးဆက်စပ်ပြဆိုမှုတွေမှာ
အခြားခေတ်ပြိုင်ဘာသာတွေထက် အပြတ်အသတ် သာနေတယ်။"

"As a student of comparative religions,I believe that
Buddhism is the most perfect one the world has ever seen.

The philosophy of the Buddha,the theory of revolution and
the law of kamma were far superior to any other creed."
(Prof.Karl Gustay Jung,a leading psychologist)







Copyright © 2011 ကမ်းလက်. All rights reserved.

ဗုဒ္ဓဘာသာသည် ဟိန္ဒူဘာသာ၏ နှလုံးသားဖြစ်သည်

 
ကိုယ်က သူများကိုကြည့်သလို၊ သူများက ကိုယ့်ကိုမြင်တာလေးတွေလည်းသိရတာ တစ်ခါတစ်ခါတော့ ကောင်းပါတယ်။ ဒါ့ကြောင့် ဟိန္ဒူဘာသာရေးဂုရုကြီး ဆွာမိ ဝိဝေကာနန္ဒရဲ့ Buddhism: The Fulfillment of Hinduism ကို ဘာသာပြန်လိုက်ပါတယ်။ နှီးနှောကြည့်လို့ရတာပေါ့။ သဘောတူတာ၊ မတူတာအပထားလို့ပေါ့။ Agree to Disagree ပေါ့လေ။
26- Sep- 1983 (CHICAGO)

သင်တို့ ကြားခဲ့ကြသည့်အတိုင်း ကျွန်ုပ်က ဗုဒ္ဓဘာသာမဟုတ်၊ သို့သော် ကျွန်ုပ်က ဗုဒ္ဓဘာသာဖြစ်နေပြန်တယ်။ တရုတ်၊ ဂျပန်၊ သီရိလင်္ကာ စတဲ့နိုင်ငံတွေမှာ ဗုဒ္ဓရဲ့ အဆုံးအမကို လိုက်နာကြ၏။ အိန္ဒိယ၌ကား ဗုဒ္ဓကို ထာဝရဘုရားရှင်၏ တမာန်အဖြစ် ကိုးကွယ်ကြတယ်။ ကျွန်ုပ်က ဗုဒ္ဓဘာသာကို ဝေဖန်တော့မယ်လို့ ယခုလေးပင် သင်တို့ကြားခဲ့ကြရတယ်။ အမှန်မူ ကျွန်ုပ်တို့ ထာဝရဘုရားရှင်၏ တမန်တော်ကို ဝေဖန်ဖို့ကမူ ဝေလာဝေးဟု ပြောချင်ပါတယ်။

သို့သော် ကျွန်ုပ်တို့အမြင်က ဗုဒ္ဓကို သူ၏တပည့်သားများက ကောင်းကောင်းနားမလည်ကြဟူ၍ ဖြစ်သည်။ ယနေ့ ဟိန္ဒူဘာသာနှင့် ဗုဒ္ဓဘာသာတို့အကြားက ခြားနားချက်သည် ဂျူးဘာသာနဲ့ ခရစ်ယာန်ဘာသာတွေရဲ့ ခြားနားချက်အတိုင်းပါပဲ။ ဂျီးဇက်ခရိုက်က ဂျူးပါ။ သကျမုနိက ဟိန္ဒူပါ။ ဂျူးတွေက ဂျီးဇက်ကို ကန့်ကွက်တယ်။ လက်ဝါးကပ်တိုင်ပေါ်တင်တယ်။ ဒါပေမယ့် ဟိန္ဒူတွေက သကျမုနိကို လက်ခံတယ်၊ ထာဝရဘုရားအနေနဲ့ ကိုးကွယ်တယ်။

ဟိန္ဒူဘာသာဝင်တွေအနေနဲ့ အမှန်တကယ်ခြားနားတဲ့ ခြားနားမှုကို ပြောပြလိုတာကတော့ သကျမုနိရဲ့ သင်ကြားမှုတွေထဲမှာ အသစ်ဆိုလို့ မပါသလောက်ပါပဲ။ သူလည်း ဂျီးဇက်လိုပါပဲ။ ဖြည့်ဆီးပေးဖို့ လူ့ပြည်ကို ရောက်လာတာဖြစ်ပြီး ဖျက်ဆီးဖို့ ရောက်လာတာ မဟုတ်ပါဘူး။

ဂျူးဘာသာဝင်တွေက ဂျီးဇက်ကို နားမလည်သလို၊ ဗုဒ္ဓရဲ့ တပည့်သားတွေကလည်း ဗုဒ္ဓရဲ့ အဆုံးအမ အရေးကြီးပုံကို နားမလည်ကြပါဘူး။ ဂျူးတွေက သမ္မာကျမ်းစာဟောင်းကို နားမလည်ကြသလို၊ ဗုဒ္ဓဘာသာဝင်တွေကလည်း ဟိန္ဒူဘာသာရဲ့ မှန်ကန်တဲ့ပြည့်စုံမှုကို နားမလည်ကြပါဘူး။

ထပ်ပြောပါရစေ၊ ဗုဒ္ဓဟာ ဖျက်ဆီးဖို့ ရောက်လာတာ မဟုတ်ပါဘူး။ ဟိန္ဒူဘာသာအတွက် ယုတ္တိဗေဒကို ဖြည့်စွက်ဖို့၊ ယုတ္တိဗေဒ ဖွံ့ဖြိုးဖို့ ရောက်လာခဲ့တာပါ။

            ဟိန္ဒူဘာသာကို အကြမ်းဖျင်းနှစ်မျိုးခွဲကြည့်နိုင်ပါတယ်။
            ၁။ သမရိုးကျ ဟိန္ဒူ နဲ့
            ၂။အစစ်အမှန် ကိုယ်ကျင့်ရေး၊ စိတ်ဓာတ်ရေးရာဟိန္ဒူရယ်လို့ပါ။
ဒုတိယဟိန္ဒူအမျိုးအစားကို ရဟန်းတွေက လေ့လာလိုက်စားကြပါတယ်။
အဲဒီမှာ ဇာတ် ဆိုတာ မရှိပါဘူး။ အနိမ့်ဆုံးဇာတ်ကလာသူ၊ အမြင့်ဆုံးဇာတ်ကလာသူနှစ်ဦးဟာ ရဟန်းဖြစ်ပြီးတဲ့နောက် ဘာမှမရှိထပ်တူဖြစ်သွားပါတယ်။ ဘာသာရေးမှာ ဇာတ်မရှိပါဘူး။ ဇာတ်ခွဲခြားမှုဆိုတာ လူမှုရေးကိစ္စသက်သက်ပါ။

သကျမုနိကိုယ်တိုင်က ရဟန်းတစ်ပါးပါ။ သူကပဲ ကြီးမားမြင့်မြတ်တဲ့နှလုံးသားနဲ့ ဝေဒကျမ်းတွေထဲက ငုတ်လျှိုးနေတဲ့အချက်တွေကို ဖော်ထုတ်ပြီး ကမ္ဘာကို ဖြန့်ချီပေးခဲ့တာဖြစ်ပါတယ်။

ဘာသာရေးစည်းရုံးမှုနဲ့ လက်တွေ့ကျင့်သုံးမှု တစ်ထပ်တည်းဖြစ်အောင် ပြုလုပ်နိုင်ခဲ့သူတွေထဲမှာ ဗုဒ္ဓဟာ ပထမဆုံးလူသားပါပဲ။ ဒီအရှင်မြတ်ရဲ့ ဂုဏ်ကျက်သရေတွေဟာ အရှင်ရဲ့ မဟာကရုဏာအပေါ်မှာ တည်နေပါတယ်။ အထူးသဖြင့် အသိဥာဏ်နုံ့သူတွေနဲ့ ဆင်းရဲသားတွေကို ပိုပြီးကရုဏာသက်တော်မူခဲ့ပါတယ်။
           
သူ့တပည့်အချို့ဟာ ဗြဟ္မဏတွေပါ။

ဗုဒ္ဓ တရားဒေသနာတွေ ဟောကြားနေတဲ့အချိန်မှာ သက္ကဋဘာသာဟာ စကားပြောဘာသာစကားသက်သက် မဟုတ်တော့ပါဘူး။ ဒါပေမယ့် ပညာရှင်တွေသာ လေ့လာနိုင်တဲ့ ဘာသာစကားဖြစ်နေပါတယ်။ ဗုဒ္ဓရဲ့ ဗြဟ္မဏတပည့်အချို့က ဗုဒ္ဓရဲ့ အဆုံးအမတွေကို သက္ကဋဘာသာပြန်ဆိုဖို့ ဆန္ဒရှိခဲ့ပါတယ်။ ဗုဒ္ဓကတော့ ရှင်းရှင်းပဲငြင်းဆိုခဲ့ပါတယ်။

 “ငါဟာ ဆင်းရဲသားလူထုအတွက်ဖြစ်တယ်။ ဒီလူတွေ နားလည်တဲ့ဘာသာစကားနဲ့ပဲရှိပါစေ” လို့ မိန့်ခဲ့တယ်။ ဒါ့ကြောင့် ဗုဒ္ဓဒေသနာတော်တွေဟာ အိန္ဒိယရဲ့ ဒေသသုံးဘာသာစကား (ပါဠိ) နဲ့ပဲ ရှိနေခဲ့ပါတယ်။

ဖလော်ဆော်ဖီတွေ၊ မက်တာဖီးဇစ်တွေ ဘယ်လောက်ပဲ တိုးတက်တိုးတက် သေခြင်းတရားဆိုတာရှိနေသ၍၊ လူသားတွေမှာ အားနည်းချက်တွေရှိနေသ၍၊ ထာဝရဘုရားရှင်ကို ကိုးကွယ်မှုဆိုတာ ရှိနေမှာပါ။

ဗုဒ္ဓရဲ့တပည့်သား ဖလော်ဆော်ဖာတွေက ဗုဒ္ဓရဲ့အဆုံးအမ အကူအညီနဲ့ ဝေဒဆိုတဲ့ကျောက်ဆောင်ကို အတိုက်အခံလုပ်ခဲ့ကြတယ်၊ မရခဲ့ဘူး။ နောက်ဆုံး ဗုဒ္ဓမွေးဖွားရာ အိန္ဒိယကလူတွေ အလွန်အမြတ်တနိုးထားတဲ့ ဗုဒ္ဓဒေသနာတွေကို အိန္ဒိယအပြင်ဘက် ယူထွက်သွားခဲ့ကြပါတော့တယ်။

အဲဒါရဲ့ အကျိုးဆက်ကတော့ ဗုဒ္ဓဘာသာဟာ အိန္ဒိယပြည်ထဲမှာ သေဆုံးပျောက်ကွယ်သွားခဲ့ရခြင်းပါ။ ဒီနေ့ ဗုဒ္ဓမွေးဖွားခဲ့တဲ့ အိန္ဒိယကလူတွေထဲမှာ သူတို့ကိုသူတို့ ဗုဒ္ဓဘာသာလို့ ခေါ်ဆိုသူမရှိတော့ပါဘူး။ (ဗုဒ္ဓဘာသာနှစ်သန်းရှိတယ်လို့တော့ သိရပါတယ်- ဘာသာပြန်သူ)

တချိန်ထဲမှာပဲ ဗြဟ္မဏဘာသာလည်း တစ်ချို့လက်လွတ်ဆုံးရှုံးခဲ့ရပြန်တယ်။ ဒါတွေက ဗြဟ္မဏဝါဒ ပြန်လည်ပုံဖော်ဖို့ လူတိုင်းအတွက် ကရုဏာနဲ့ ပေးကမ်းကူညီမှုတို့ပါ။

ဗုဒ္ဓဘာသာရဲ့ မက်ဆေ့(ခ်ျ) တွေကနေတဆင့် ဂရိသမိုင်းပညာရှင်တွေဆီ ပို့ပေးလိုက်နိုင်ခဲ့တဲ့ “မုသားပြောတဲ့ ဟိန္ဒူမရှိ၊ ဖောက်ပြန်တဲ့ ဟိန္ဒူ အမျိုးသမီးမရှိ” ဆိုတာတွေပါ ပျောက်ဆုံးခဲ့ရပါတော့တယ်။

            ဗုဒ္ဓဘာသာမပါပဲ ဟိန္ဒူဘာသာရပ်တည်လို့မရဘူး။
            ဟိန္ဒူဘာသာမပါပဲလည်း ဗုဒ္ဓဘာသာရပ်တည်လို့မရဘူး။

ဗုဒ္ဓဘာသာဟာ ဟိန္ဒူရဲ့ဦးနှောက်မပါပဲ မရပ်တည်နိုင်သလို၊ ဟိန္ဒူဟာလည်း ဗုဒ္ဓဘာသာရဲ့ နှလုံးသားမပါပဲ ရပ်တည်လို့မရဘူး။ ဒီနှစ်ဘာသာကို ခွဲခြားဖို့ကြိုးစားခဲ့တာဟာ အိန္ဒိယရဲ့ ကျရှုံးးမှုပဲ။ ဒါနဲ့ပဲ အိန္ဒိယမှာ သူတောင်းစားမီလျံသုံးရာရှိခဲ့တယ်။ သူ့ကျွန်ဘဝ ရောက်ခဲ့ရတယ်။

ဒါ့ကြောင့် ဟိန္ဒူရဲ့ဦးနှောက်နဲ့ ဗုဒ္ဓရဲ့လူသားဆန်တဲ့ နှလုံးသားပေါင်းစပ်ပြီး ဗုဒ္ဓဘာသာနဲ့ ဟိန္ဒူဘာသာ အတူတကွလက်တွဲသွားကြဖို့ တောင်းဆိုလိုပါတယ်။

                                                                                               

Original version by Swami Vivekananda >> Buddhism: The Fulfillment of Hinduism



ဆုထားမျက်ချယ်












Copyright © 2011 ကမ်းလက်. All rights reserved.

ခေတ်ရင်ခုန်သံ(အတတ်ကျူး)


အဘိုး။      ။  ရှေးတုန်းကပေါ့ကွယ် တက္ကသိုလ်ကနေပညာသင် ပြန်လာတဲ့                   
                   ကျောင်းသားလေးသုံးယောက်ဟာ ကျားသေကို အသက်သွင်းမိလို့                             
                  အားလုံးသေခြင်းကိုရောက်ကြရသတဲ့။

မြေး   ။      ။  ဒါကဘာဟုတ်သေးလို့လည်း အဘိုးရဲ့၊ဂျပန်နိုင်ငံမှာ အလုပ်ကူညီလုပ်ဖို့                             
                    တည်ထွင်ထားတဲ့ စက်ရုပ်က အလုပ်သမားတစ်ယောက်ကိုဝင်ရိုက်လို့ သေပါလေရော။

အဘိုး။      ။   ဟေ...ဟုတ်လား။တယ်ထူးဆန်းသကိုးကွဲ့။


ဦးကိုမောင်




























Copyright © 2011 ကမ်းလက်. All rights reserved.

ဂလိုဆို ဂလိုဘယ်ဖြစ်တာကြာပါပြီ

ဒီဆောင်းပါးက အဆက်လိုဖြစ်နေတော့ ဒီဆောင်းပါးရဲ့ အစကိုဖော်ပြဖို့ လိုလိမ့်မယ်ထင်ပါတယ်။ “The World is truly a global village” ဆိုတဲ့ စင်ကာပူက ဆရာကြီးလီကွမ်းယုရဲ့ဆောင်းပါးကို ဖတ်မိပြီး တတိယနိုင်ငံသားတစ်ယောက် ခံစားရတာလေးတွေကိုရေးဖို့ အတွေးပေါ်လာပါတယ်။

ကမ္ဘာကြီးဟာ တကယ့်ကို ဂလိုဘယ်ရွာဖြစ်နေပြီဆိုတာကို သက်သေပြဖို့ သူက အကြောင်းသုံးချက် ဆွဲထုတ်ပြပါတယ်။

      ၁။ တစ်နိုင်ငံနှင့် တစ်နိုင်ငံ စီးပွါးရေးဆက်စပ်နေပြီး တစ်နိုင်ငံ အကြပ်ရိုက်တာနဲ့ အခြားနိုင်ငံတွေကိုပါ ထိခိုက်စေနိုင်တယ်။
      ၂။ ကူးသန်းသွားလာရေးနဲ့ ဆက်သွယ်ရေးဟာ ကမ္ဘာကို တိုးလျှိုပေါက်နေပြီ။
      ၃။ ဆင်းရဲတဲ့နိုင်ငံသားတွေက ချမ်းသာတဲ့နိုင်ငံတွေဆီ ခိုလှုံနေထိုင်မှု များသထက်များလာပြီဖြစ်တယ်-
            ဆိုတဲ့ အချက်သုံးချက်ကို ထောက်ပြခဲ့တယ်။


နံပါတ်တစ်နဲ့ပတ်သက်လို့ ဂရိနိုင်ငံမှာ လတ်တလောကြုံတွေ့နေရတဲ့ ကပ်ဆိုက်မှုက အီးယူ၊ အမေရိကတို့ကို ထိခိုက်စေပြီး၊ အီးယူ၊ အမေရိက ကနေတဆင့် အာရှနိုင်ငံများအထိ ထိခိုက်မှုရှိကြောင်း ဝါရင့်နိုင်ငံရေးဆရာကြီး ပီပီ ထောက်ပြဆွေးနွေးသွားခဲ့တယ်။

နံပါတ်နှစ်နဲ့ပတ်သက်လို့ သူငယ်စဉ်ဘဝနဲ့ ဒီခေတ်ကလေးတွေရဲ့ဘဝကို နှိုင်းယှဉ်ပြသွားတာပါ။ သူ့တုန်းက အင်္ဂလိပ်မဂ္ဂဇင်း၊ စာအုပ်အဟောင်းလေးတစ်အုပ်ဖတ်ရဖို့ နှစ်လလောက်စောင့်ပြီး အဟောင်းဆိုင်ကနေ ဝယ်ယူဖတ်ခဲ့ရပုံ၊ ဒီခေတ်ကလေးတွေကျတော့ အင်္ဂလိပ်စာအုပ်တစ်အုပ်ကို အင်္ဂလန်နဲ့ အချိန်တူ ရယူဖတ်ရှုနိုင်ကြကြောင်း၊ စာပို့မယ်ဆိုရင်လည်း အနည်းဆုံးငါးရက်ကြာပြီး ဒီနေ့ခေတ်မှာတော့ အိုင်ဖုန်း၊ အိုင်ပက်၊ စကိုက်(ပ်)၊ ဂူးဂဲလ်ချက်တင်ကနေ ချက်ချင်းမက်ဆေ့ခ်ျတွေ ပို့နိုင်၊ လက်ခံနိုင်ကြောင်း ရှင်းပြဆွေးနွေးခဲ့တယ်။

            ဒီအထိ သိပ်မထူးဆန်းလှပါဘူး၊ လူတိုင်းသိနေတဲ့ကိစ္စပါ။

            သူနောက်ဆုံးထောက်ပြသွားတဲ့အချက်က ဒီဆောင်းပါးရဲ့အသက်လို့ ပြောရင်ရပါတယ်။

အာရှနဲ့ အာဖရိကမှာရှိတဲ့ ဆင်းရဲသားနိုင်ငံတွေကလူတွေဟာ အမေရိကနဲ့ ဥရောပနိုင်ငံတွေဆီ မရ ရတဲ့နည်းနဲ့ ဝင်ရောက်အခြေချနေထိုင်နိုင်ဖို့ ကြိုးစားနေကြကြောင်း၊ ကြိုးစားကြရာမှာလည်း တရားဝင်သောနည်း၊ မဝင်သောနည်းတို့ကို သုံးစွဲနေကြကြောင်း ထောက်ပြခဲ့တယ်။

            သူအဓိကထားပြောသွားခဲ့တာကတော့ တရုတ်ပြည်မကြီးပါ။

ဒီလို လူကုန်ကူးသူတွေကို မြွေဦးခေါင်း (Snakeheads) လို့ တရုတ်ပြည်ကြီးထဲမှာ ခေါ်ကြပါသတဲ့။ အီးယူနဲ့ အမေရိကထဲကိုရောက်ဖို့ ကွန်တိန်နာထဲမှာ လှောင်ပိတ်လို့ပင် လူကုန်သွင်းကြကြောင်း ထောက်ပြခဲ့ပြန်ပါတယ်။
အချုပ်ဆိုရရင် ဒီကိစ္စကို တားမြစ်လို့မရနိုင်ပါဘူး။ ဒါကြောင့် ချမ်းသာတဲ့နိုင်ငံကြီးတွေမှာ လူမျိုးစုတွေအများကြီး ရှိနေနိုင်ပါတယ်။ တစ်နိုင်ငံထဲမှာ အဲဒီလိုလူမျိုးစုတွေ အများကြီး ကွဲပြားနေထိုင်နေကြခြင်းကြောင့်ပင် ကမ္ဘာဟာပိုပြီး ဂလိုဘယ်ဆန်လာတယ်ဆိုတဲ့ အကြောင်းနဲ့ နိဂုံးချုပ်ခဲ့ပါတယ်။

သူက တရားမဝင်နေထိုင်သူတွေကို အဓိကထောက်ပြခဲ့ပေမယ့် တရားဝင်တွေကိုတော့ ထောက်မပြခဲ့ပါဘူး။ သိရသလောက်ကတော့ ဂျာမဏီဘောလုံးအသင်းမှာ ဂျာမန်နာမည်နဲ့ ဘောလုံးသမားစစ်စစ် တစ်ဝက်မရှိဘူးတဲ့။ တူရကီနဲ့ အရှေ့ဥရောပကလူမျိုးတွေ အခြေချနေထိုင်ရာကနေ လက်ရွေးစဉ်ဘောလုံးသမားတွေ ဖြစ်လာလို့တဲ့။

အင်္ဂလန်က စာရေးဆရာတွေ ရေးနေတာလည်းကြာပါပြီ။ အင်္ဂလိပ်ဘောလုံးသမားတစ်ချို့ရဲ့ နာမည်တွေကို အင်္ဂလိပ်လူမျိုးတွေ အသံမထွက်တတ်တော့လို့တဲ့။ ဒါက ဘာ့ကြောင့်ဖြစ်ရတာလဲ။ ဘယ်ကစ ဖြစ်လာရတာလဲ။ ဒါတွေကိုလည်း တွက်ချက်ဖို့လိုပါလိမ့်မယ်။

            ကျွန်တော်ပြောချင်တာက ဒီကိစ္စပါ။

ဆင်းရဲတဲ့နိုင်ငံသားတွေက ချမ်းသာတဲ့နိုင်ငံတွေထဲကို ရိုကျိုးစွာ ဝင်ရောက်နေထိုင်တာကိုပြောရင် လူချမ်းသာတွေက ဆင်းရဲတဲ့နိုင်ငံတွေထဲ အင်အားသုံးဝင်ရောက်နေထိုင်ခဲ့တာတွေကိုလည်း မေ့ထားလို့ မရပါဘူး။ ဆိုလိုတာက ကိုလိုနီ နယ်ချဲ့ခဲ့တာတွေပါ။ အင်္ဂလိပ်တွေ အိန္ဒိယကိုသိမ်းတယ်။ မြန်မာပြည်ကို သိမ်းတယ်။ သိမ်းပိုက်ပြီး အင်္ဂလိပ်လူမျိုးတွေ အိန္ဒိယထဲကို ဝင်ရောက်နေထိုင်ရင်း မြန်မာပြည်ထဲကို ဝင်ရောက်နေထိုင်ကြတယ်။ ဝင်ရောက်နေထိုင်ရင်းနဲ့ အင်္ဂလိပ်တွေနဲ့ အင်ဒီးယန်းတွေ၊ မြန်မာတွေ အိမ်ထောင်တွေကျကြတယ်။ ဒီလိုနဲ့ ကပြားကုလားတွေ၊ ကပြားမြန်မာတွေ ဖြစ်လာခဲ့တော့တာပါပဲ။




အခု ဆင်းရဲသားတွေက ချမ်းသာတဲ့နိုင်ငံတွေဆီ ဝင်ရောက်နေထိုင်ပေမယ့် သူတို့ကျင်လည်နေတာက သူတို့လူမျိုးစုလေးထဲမှာပဲ ဖြစ်နေတတ်သလို ဟိုတုန်းက ဗြိတိသျှတွေလည်း ကိုလိုနီချဲ့ခဲ့ကြပေမယ့် သူတို့နေထိုင်တာကတော့ သူတို့အဖြူအုပ်စုလေးထဲမှာပဲ ဖြစ်ပါတယ်။ ဘာမှ မထူးဆန်းပါဘူး။

ပြင်သစ်တို့၊ အင်္ဂလန်တို့က အာဖရိကစပ်တဲ့လူတွေဆိုတာ သူတို့ကိုလိုနီနယ်ချဲ့ရင်းနဲ့ ပါလာတဲ့ သူတို့ မျိုးဆက်တွေပါ။

ဒါတွေကို ထည့်မစဉ်းစားပဲ ခပ်ကျို့ကျို့ဝင်သူတွေကို ထောက်ပြပြီး အပေါ်စီးကနေ ဝင်လာကြတဲ့ ဥရောပက လူလည်ကြီးတွေကို မထောက်တော့ ဆရာကြီးလီကွမ်ယု ဆောင်းပါးက သိပ်ပြီးမဟုတ်လှဘူးလို့ ထင်ပါတယ်။

နိုင်ငံတစ်နိုင်ငံထဲမှာ လူမျိုးစုများစွာနေထိုင်လို့ ဂလိုဘယ်လို့ခေါ်ရင်တော့ ဒီကမ္ဘာဂလိုဘယ်ဖြစ်နေတာက (၁၉) ရာစုကတည်းကပါ။ ဘယ်သူလုပ်တာလဲဆိုရင် လူချမ်းသာကြီးတွေပါ။ လူဆင်းရဲတွေ မဟုတ်ကြပါဘူး။

            ဂလိုဆိုတော့လည်း ဂလိုဘယ်က ကြာလှပေါ့။

ဇင်ဝေသော်
 
 







Copyright © 2011 ကမ်းလက်. All rights reserved.

လူဝင်စား


လူငယ်။      ။ အဘ၊ လူဝင်စားဆိုတာ တကယ်ရှိသလား။

အဘ  ။      ။ ဟ မောင်ရင်ရ - ရှိနိုင်တာပေါ့ကွာ၊ ဒါပေမယ့်လောကကြီးထဲမှာ လူဝင်စားတွေထက်
                   ဝင် ဝင်စားတဲ့လူတွေက ပိုများတယ်ကွဲ့။

လူငယ်။      ။ ကျနော် လူဝင်စားကို မတွေ့ဖူးသေးဘူး။

အဘ   ။      ။ ဝင်စားတဲ့လူတွေကများတော့ လူဝင်စားတွေ ရှားသွားလို့နေမှာပေါ့ကွယ်။





ဦးကိုမောင်

 
















Copyright © 2011 ကမ်းလက်. All rights reserved.

လယ်သမားကြီး ဗုဒ္ဓ

 
              “ ဘုဉ္ဖတု ဘဝံဂေါ တမော ကဿကော ဘဝံ၊
            ယံ ဟိ ဘဝံဂေါ တမော အမတပ္ဗလမ္ပိ ကသိံ ကဿတိ။
            လယ်ထွန်တတ်သော အရှင်ဂေါတမ၊ ဘုန်းပေးသုံးဆောင်တော်မူပါ၊ အရှင်ဂေါတမသည် နိဗ္ဗာန်တည်းဟူသော အသီးကိုရရှိအောင်ပင် လယ်ထွန်နိုင်သော လယ်သမားကြီးဖြစ်ပါပေ၏။
                                                                                       ( ကသိဘာရဒွါဇပုဏ္ဏား)

            “ကောက်စိုက်နေသော ရဟန်းများ” ကိုဖတ်ပြီး လယ်သမားကြီးဗုဒ္ဓအကြောင်းကိုလည်း ရေးချင်သည်။ ဘုရားရှင်လယ်လုပ်ခြင်းနှင့် တိုက်ရိုက်ဆက်စပ်နေသောသုတ်ကား ကသိဘာရဒွါဇသုတ်(သဂါထာဝဂ္ဂသံယုဂ်၊ ဥပါသကာဝဂ်) ပင်ဖြစ်သည်။

             ဆွမ်းရပ်လာသော ဘုရားရှင်ကို လယ်သမားကြီး ဘာရဒွါဇက ဆန်စပါးရလိုလျှင် ငါလိုလယ်လုပ်ပေါ့ဟူသော ပုဏ္ဏား၏စကားကို အခြေခံကာ လယ်ယာလုပ်ခြင်းနှင့်စပ်သော ဒေသနာကို ဟောတော်မူခဲ့ခြင်းဖြစ်သည်။

            သဒ္ဓါတရားသည် မျိုးစေ့ဖြစ်ပြီး ဣန္ဒြိယသံဝရသီလဟူသော မိုးရေဖြင့် ရှင်သန်ကြီးထွားစေသည်။
          ဝိပဿနာပညာ၊ မဂ်ပညာတို့သည် ထမ်းပိုး၊ ထွန်တုံးများဖြစ်ကြပြီး ဟိရိသြတ္တပ္ပတရားနှစ်ပါးကား ထွန်သန်နှစ်ချောင်းဖြစ်ကြသည်။

            သမာဓိစိတ်သည် ထိန်းပေးသောကြိုးဖြစ်၍ ဝိပဿနာသတိ၊ မဂ်သတိတို့သည် ထွန်သွားနှင့် နှင်တံတို့ဖြစ်ကြ၏။

            ကာယသုစရိုက်သုံးပါး၊ ဝစီသုစရိုက်လေးပါးတို့ဖြင့် စိုက်ခင်းကိုကာရံပြီး ပစ္စည်းလေးပါးအာဟာရ၌ စက်ဆုပ်မှုတရားတို့ကို မပြတ်စောင့်ကြပ်နေ၏။

            မှန်ကန်သောသစ္စာဟူသည့် တံစဉ်ဖြင့် ကောက်ရိတ်သိမ်းမှုကို ပြု၏။

            ကိုယ်စိတ် ဝီရိယနှစ်ပါးကား လယ်ထွန်နွားလားကြီးနှစ်ကောင်တည်းဟု လယ်သမားကို လယ်ဒေသနာဖြင့် ညှိပြီးဟောလိုက်သည့်အခါ ဘာရဒွါဇ သည်းခြေခိုက်သွားတော့သည်။ ထို့ကြောင့် အထက်ပါ “ဘုဉ္ဖတု ဘဝံဂေါ တမော….” စသော စကားကို ဝမ်းသာအားရလျှောက်ထားခြင်း ဖြစ်ပေသည်။ (အသေးစိတ်သိလိုသူများ ထိုသုတ်ကို ရှာဖတ်ကြပါ)။

            ဘုရားရှင်၏ လယ်ယာနှင့်စပ်သောဒေသနာကား ဤမျှမကသေးပါ။

 (ပုံကို ဤနေရာမှ ရယူခဲ့ပါသည်။)

            ဗီဇသုတ် ( ခန္ဓဝဂ္ဂသံယုဂ်၊ ဥပါယဝဂ်) ၌ မျိုးစေ့ငါးပါးအကြောင်းကို အသေးစိတ်ဟောတော်မူခဲ့ပြန်သည်။
           
၁။ အမြစ် မျိုးစေ့
            ၂။ အဆစ် မျိုးစေ့
            ၃။ အစေ့ မျိုးစေ့
            ၄။ ပင်စည် မျိုးစေ့
            ၅။ အညွှန့် မျိုးစေ့

            စည်ပင်ကြောင်း မျိုးစေ့ငါးမျိုးကိုပြကာ-
            ၁။ ဝိဥာဉ်သည် မျိုးစေ့နှင့်တူ၏။
            ၂။ ရူပက္ခန္ဓာ၊ ဝေဒနက္ခန္ဓာ၊ သညာ ၊ သင်္ခါရက္ခန္ဓာတို့သည် မြေနှင့်တူ၏။
            ၃။ တဏှာကား ရေနှင့်တူသည်ဟု- စိုက်ပျိုးရေးနှင့်ဆက်စပ်သော ဒေသနာကို ဟောတော်မူပြန်၏။

            “ကပ္ပိယံ ကရောဟိ၊ ကပ္ပိယံ ဘန္တေ” ဟူသော ပါဠိဖော်မြူလာကို ဘုန်းကြီးများနှင့် နီးကပ်သူတိုင်း သိကြ၊ ကြားဖူးကြလိမ့်မည်ထင်သည်။ အပင်ပေါက်စေနိုင်သော အသီး (မျိုးစေ့) ကို ရဟန်းတော်များကိုယ်တိုင် လှီးဖြတ်ဘုန်းပေး၍ မရ၊ ကပ္ပိယက ကူညီမှသာ အဆင်ပြေနိုင်သည်။

            ထို့အတူ သစ်ပင်၊ သစ်ကိုင်းများကို မခုတ်ဖြတ်ကြရန်လည်း တားမြစ်တော်မူခဲ့သည်။
            မြက်ခင်းစိမ်းစိမ်း၌ တံတွေးစသော အညစ်အကြေးများ မစွန့်ပစ်ရန် တားမြစ်တော်မူခဲ့သည်။

            ဘာရဒွါဇသုတ်နှင့် ဗီဇသုတ်တို့က မြန်မာဗုဒ္ဓဘာသားများနှင့် ပို၍ရင်းနှီးနေသော်လည်း ဝန်းကျင်ထိန်းသိမ်းရေးကို ပို၍အာရုံစိုက်ကြသော ကမ္ဘာရှိဗုဒ္ဓဘာသာများ၌မူ လှီးဖြတ်၍ မစားရ၊ သစ်ပင် မခုတ်ရ၊ မြက်ခင်းပေါ် တံတွေးမထွေးရဆိုသော အဆုံးအမများက ပို၍ရေပန်းစားလျှက်ရှိသည်။ ဘုရားရှင်ကိုပင် တောတောင်ဝန်းကျင်ထိန်းသိမ်းရေး ကမ်ပိန်းကို ပထမဆုံးစတင်ခဲ့သူဟု ဆိုစမှတ်ပြုကြသည်။ The Buddha is the first environmentalist ဟုဖြစ်လေသည်။ ကြည်နူးစရာကောင်းပါ၏။


            သံဃာ့ဂုဏ်ကိုးပါးကို ဖော်ပြရာ၌ပင် လယ်လုပ်ခြင်းကိုမွေ့တော်မူသော ဘုရားရှင်က “အနုတ္တရံ ပုညခေတ္တံ လောကဿ” ဟု ဥပမာပေးတော်မူခဲ့ပြန်သည်။ လယ်မရှိသော စင်္ကာပူကလူများ အခက်တွေ့နိုင်သော ဂုဏ်တော်တစ်ပါးဖြစ်လေသည်။           

            နောက်ဆုံးပြောလိုသောကိစ္စမှာ ရဟန်းတော်များ၏ သင်္ကန်းချုပ်လုပ်ပုံ ဖြစ်လေသည်။

            စိဝရက္ခန္ဓကအရ လယ်သမားတို့၏ လယ်ကန်သင်းကိုကြည့်ကာ သင်္ကန်းချုပ်လုပ်ပုံကို ပုံဖော်တော်မူခဲ့သည်ဟုဆို၏။ သို့သော် ဤကိစ္စကို ရှင်းရှင်းလင်းလင်း မသိခဲ့ရ။

            ယခုနှစ် အိန္ဒိယသို့သွားမှသာ ဗာရာဏသီသို့ လေယာဉ်ဆင်းရန် ဝဲပျံနေခိုက် အောက်မှာရှိနေသော လယ်နှင့် လယ်ကန်သင်းတို့ကို ငုံ့ကြည့်မိ၏။ ထို့နောက် မိမိဝတ်ရုံထားသော သင်္ကန်းကိုလည်း ကြည့်မိ၏။ မှန်ပေသည်။ သင်္ကန်း၏ အစိတ်အစိတ်သော အကွက်တို့သည် လယ်သမားတို့ လက်ကွက်များနှင့် လုံးဝတူနေတော့သည်။

            ထိုအခါ သင်္ကန်းရုံထားသည်ထက် လယ်ကွက်ကြီးများကို ကောက်ရုံထားသလိုပင် ခံစားမိပေတော့သည်။

            မှန်ပါသည်။ ဘုရားရှင်ကား လယ်သမားအစစ်ပင်ဖြစ်သည်။
            လယ်လုပ်ခြင်းကိုသာမက လယ်ကွက်များကိုပင် ဝတ်ရုံထားတော်မူလေသည်။

အမှာ။                ။ မွေးမြူရေးသမား ဗုဒ္ဓ
                     ရွက်လွှင့်တော်မူနေသော ဗုဒ္ဓ တို့ကို ဆက်ဖော်ပြပါမည်။


သီဟနာဒ







Copyright © 2011 ကမ်းလက်. All rights reserved.

ကောင်းကင်လှံစိုက်

လူငယ် ။       ။ အဘ ...
အဘ    ။        ။ ဟေ ..

လူငယ် ။       ။ လူတွေက မြေနိမ့်ရာ လှံစိုက်တတ်ကြတယ်၊ ဘာကြောင့်လဲဗျ။

အဘ   ။        ။ လှံစိုက်ကြတာပါကွာ၊ မြေနိမ့်ရာရယ် ဘာရယ်မဟုတ်ပါဘူး၊
                       လူလေးက ကုန်းပေါ်မှာစိုက်ထားတဲ့လှံတွေကို မတွေ့ဖူးသေးလို့။
                       သစ်ပင်ကြီးတွေရဲ့ ပင်စည်တွေထဲလည်း လှံစိုက်ကြပါတယ်။

လူငယ် ။       ။ အဲဒါ ဘာကြောင့်လဲဗျ။

အဘ   ။        ။ ကောင်းကင်ပေါ်တက်ပြီးလှံစိုက်မရလို့ဖြစ်မှာပေါ့။
                       ကျောက်တုံးပေါ်မှာလည်း လှံကစိုက်ထားလို့မရဘူးလေကွယ့်။


ဦးကိုမောင်














Copyright © 2011 ကမ်းလက်. All rights reserved.

ကြွက်သေတစ်ကောင်နှင့်ခေတ်သစ်စီးပွားရေးမူ(၇)ချက်

 ၁။ (က)ကျွမ်းကျင်ပညာရှင်တို့၏စကားကို မှတ်သားတတ်ခြင်း။
    (ခ)အကျိုးအမြတ်မရှိလှဟု ထင်ရသော်လည်း ရဲရဲဝံ့ဝံ့လုပ်ကိုင်ရဲခြင်း။
ဇာတ်တော်ထဲလာလူငယ်သည် "ဤကြွက်သေကို အရင်းအနှီးပြု၍ စီးပွားရေးလုပ်စားတတ်လျှင် ကောင်းစွာချမ်းသာလိမ့်မည်" ဟူသောဘုရင့် ဘဏ္ဍာတော်ထိမ်း၏ စကားကို မှတ်သားခဲ့သည်။(က)
ထို့နောက် ကြွက်သေကိုကောက်ယူကာ မေးမြန်းစုံစမ်းခြင်းအနည်းငယ်ပြုက ကြောင်စာကျွေးသူများထံ တစ်ပြားဖြင့် ရောင်းပြီး သူ့စီးပွားရေးကိုစတင်ခဲ့သည်။(ခ)




၂။(က) သုံးသပ်ဆင်ခြင်မှု၌ ပါးနပ်ခြင်း။
    (ခ)  အရှုံးခံရင်းနှီးမှုကိုပြုလုပ်ပြီး ဆားဗစ်တန်ဖိုးကို မြှင့်တင်ခြင်း။
ကြွက်သေရောင်း၍ရသော တစ်သပြာသောငွေဖြင့် အိုးတစ်လုံးကိုဝယ်ယူခဲ့သည်။ အိုးကိုရေဖြည့်ပြီး ပန်းခူးရာမှ မောမောပန်းပန်းပြန်လာကြသောပန်းခူးသမားတို့ကို အေးချမ်းသောရေဖြင့် ဧည့်ဝတ်ပြုခဲ့သည်။(က)
ပန်းခူးသမားတို့က ကျေးဇူးဆပ်သ့်အနေဖြင့် သူ့ကိုပန်းများပြန်ပေးကြသည်။ ထိုပန်းများကိုပြန်ရောင်းပြီး ရှစ်ဆပိုသောဝင်ငွေကို ထပ်ရှာခဲ့ပြန်သည်။(ခ)




၃။(က) အခြားသူများက ပြဿနာထင်နေသော အခြေအနေကို အခွင့်အရေးတစ်ခုဟု သုံးသပ်နိုင်ခြင်း။
    (ခ) သူတစ်ပါးတို့ကို့ စည်းရုံးသိမ်းသွင်းနိုင်ခြင်း။

ဥုံ မဏိ ပဒ်မေ ဟုမ်( Om mani Padme Hum)

ဥုံ မဏိ ပဒ်မေ ဟုမ် ဆိုတာ သက္ကဋစကားဖြစ်ပြီး
မဟာယာန ဗုဒ္ဓဘာသာဝင်တွေ ကရုဏာကုကိုယ်စားပြုတဲ့
အဝလောကိတစွာရ ကို ဆုတောင်းအရိုအသေပြုတဲ့ စကားပါ။

ဒီစကားက ခရစ်ယန်တွေရဲ့ "Praise the Lord" နဲ့
မွတ်စလင်တွေရဲ့ " God is Great!" နဲ့ ဆင်ဆင်တူပါတယ်။

ဒီစကားကို သက္ကရစ် လေးရာစုနဲ့ ခွန်နှစ်ရာစု ကြားမှာပေါ်ထွက်ခဲ့တဲ့
Karandavyaha Sutra ထဲမှာ ပထမဆုံးတွေ့ခဲ့ရတာပါ။
ဒါပေမဲ့ ဒီစကားကို သုံးစွဲနေကြတာကတော့ ဒီထက်အများကြီးရှေးကျပါတယ်။

အဲဒီစကားခြောက်လုံးထဲမှာ ဥုံ နဲ့ ဟုမ်က အဓိပ္ပာယ် ထွေထွေထူးထူးမရှိပါဘူး၊
ma ni pad me လေးလုံးက ရတနာရွှေကြာ လို့အဓိပ္ပာယ်ရပါတယ်။
အဝလောကိတစွာရ ကိုညွှန်းဆိုတယ်လို့ ဆိုရင်လည်းရပါတယ်။

ဥုံ မဏိ ပဒ်မေ ဟုမ် ဆိုတာအဝလောကိတစွာရဆီက အကူအညီတောင်းတာ၊
ကရုဏာဂုဏ်ကိုကြည်ညိုတာ၊အနုဿတိပွားများတာ အထိ အဓိပ္ပာယ်ရှိပါတယ်။
A Guide to Buddhism A to Z.



Copyright © 2011 ကမ်းလက်. All rights reserved.

မပြုံးရက်ခဲ့သော ပြုံးဖွယ်များ

           အကြောင်းမသိသော် ရိုက်ချင်စရာပင်ကောင်းသေး၏။ သူတို့မေးလိုက်ပုံက “ ဦးနု နေကောင်းသလား” တဲ့။ ဘယ်က ဦးနုလည်းဟု ဆက်မေးရာ ကျုပ်တို့ကို အဝတ်အစားတွေ၊ စောင်တွေ၊ ဆီ၊ ဆန်၊ ဆားတွေပေးတဲ့ ဦးနုပေါ့တဲ့။ သို့မှ စဉ်းစားမိသည်။ နိုင်ငံတော်ဝန်ကြီးချုပ်ဟောင်းကြီး ဦးနုကို မေးနေကြခြင်းတည်း။ ထိုမြို့ကလေး၌ ဦးနု စိုက်ပေးခဲ့သော ညောင်ပင်လည်းရှိ၏။

           ဦးနုလာစဉ် ကျုပ်တို့အားလုံး ဗုဒ္ဓဘာသာလုပ်ခဲ့ကြသည်။ သူမလာတာကြာတော့ ကျုပ်တို့တစ်ရွာလုံး ခရစ်ယာန်ပြောင်းလိုက်ကြပြီဟု ဆိုကြပြန်၏။ မည်သို့ပင်ဖြစ်စေ ဦးနုအကြောင်းကို ဒဏ္ဍာရီဆန်ဆန် တစ်ယောက်ကိုတစ်ယောက် ပြောရစ်၊ မှာရစ်ကြသည်ဟု ထင်သည်။ အမှန်ဆိုရမူ ကိုယ်တိုင်ပင် ဦးနုကို ဝေဝါးဝါး။ သမိုင်းသာ သိသည်၊ လူကို မသိ။ သူတို့က အစိုးရအဆက်ဆက်ပြောင်းသည်ကိုပင် မသိကြ။ ဦးနုရှိဆဲ၊ အသက်ရှင်ဆဲ၊ ဦးနု အစိုးရ အုပ်ချုပ်ဆဲဟုပင် ထင်နေကြသည်။

           ထို့ကြောင့် ဦးနုက စောင်တွေ၊ အဝတ်အစားတွေ မပေးတာကြာပြီ-တဲ့။

           ကဲ- ဘာပြောရန်ရှိပါသေးသနည်း။ ထိုသူများကား နာဂတောင်ပေါ်မှ နာဂများသာတည်း။( ၁၉၉၇-၉၈ က ဖြစ်သည်)

           ရဲသားငါးယောက်၊ စခန်းမှူးတစ်ယောက်၊ တပ်စိတ်တစ်စိတ်၊ ရဟန်းတစ်ပါးတို့ နာဂတောင်ပေါ် ကျောပိုးအိတ်ကိုယ်စီဖြင့် တက်ခဲ့ကြသည်။ စစ်သားများနှင့် ရဲသားတို့က အတွေ့အကြုံရှိကြသဖြင့် တစ်ဖောက်ဖောက်ဖြင့် တက်သွားကြလေတော့၏။

           ဝဝဖိုင့်ဖိုင့် ရဲစခန်းမှူးနှင့် ပိန်ပိန်လှီလှီရဟန်းတို့ကမူ သူတို့ခြေရာကို မှီအောင်မလိုက်နိုင်ကြ။ နောက်ကျ ကျရစ်ခဲ့လေတော့၏။

           နာဂအမျိုးသမီးနှစ်ယောက်က စစ်သားများနှင့် ရဲသားများအသံကိုကြားပြီး ချုံထဲဝင်၍ ပုန်းနေကြဟန်ရှိ၏။ ထိုအသံများ တိတ်ဆိတ်သွားပြီး ချုံထဲမှ ထွက်လာဖို့ ပြင်ဆင်ကြဟန်ရှိ၏။ ထိုအခါ စခန်းမှူးနှင့် ရဟန်းတစ်ပါးလာနေကြောင်း သိရပြန်သောအခါ အလောတကြီး ချုံထဲပြန်ဝင်ကြပြန်၏။ မျက်စေ့လျင်သော စခန်းမှူးက ချုံပုတ်လှုပ်နေသည်ကို မြင်လျှင်မြင်ချင်း ခါးကြားက ခြောက်လုံးပြူးကို ထိုးချိန်ကာ-
           “ ထွက်ခဲ့၊ ထွက်ခဲ့” ဟု အမိန့်ပေးလေတော့၏။

          သေနတ်ကိုကြောက်စရာဟုသိသော၊ ကြောက်ကြောက်နှင့် ချုံထဲပုန်းနေရှာသော အမျိုးသမီးနှစ်ယောက် ချုံထဲမှ ထွက်လာခဲ့တော့သည်။

           မျက်စိများ ပြာဝေသွား၏။ ခန္ဓာကိုယ်တစ်ခုစလုံး မဆိုစလောက်ကလေးသာ ဖုံးအုပ်ထား၏။
           ခရီးပန်းလာသောစခန်းမှူးက ထိုအချင်းအရာကို မြင်သောအခါ-
           “ဟာ- ဒီကောင်မတွေ၊ သေတော့မှာပဲ။ ခရီးပန်းလာရတဲ့အထဲ- သွားကြ၊ ထွက်သွားကြ” ဟု အော်ငေါက်လေတော့၏။

          မြန်မာစကားမတတ်ရှာသော ယင်းဒကာမနှစ်ယောက် ဘာလုပ်ရမှန်းမသိ ဖြစ်သွားတော့၏။ မြန်မာစကားတတ်လျှင်ပင် ဘာလုပ်ရမှန်းသိမည်တော့မထင်။ ထွက်ခဲ့ဆို၍ ထွက်ခဲ့ရ၏။ ထွက်လာပြန်တော့လည်း ထွက်သွားကြဟု ဆိုပြန်သေးသည် မဟုတ်ပါလော။

           ဒါနဲ့ပင် ရဟန်းဝင်ရတော့၏။

           သူတို့ကို ပြုံးပြ၊ စခန်းမှူးကို ရှင်းပြကာ အိတ်ထဲမှာပါသော ချိုချဉ်ခေါ် သကြားလုံးလေးများကို ထုတ်ပေးရ၏။ သူမတို့က စားစရာမှန်းသိသော်လည်း မည်သို့စားရမှန်းမသိ။ ထို့ကြောင့် အခွံကိုခွါ၍ လက်ထဲထည့်ပေးဖို့လုပ်စဉ် လက်မဖြန့်ပဲ ပါးစပ်ဟပေးလေတော့၏။ မတတ်နိုင်၊ သူတို့ ပါးစပ်ထဲ သကြားလုံးထည့်ပေးလိုက်ရတော့၏။

           အမျိုးသမီးများကို သကြားလုံးခွါ၍ ခွံ့ကျွေးရသော ရဟန်းတစ်ပါး၏ပုံရိပ်ကား အနည်းငယ် ရိုမစ်တစ်ဆန်သွားနိုင်၏။ မတတ်နိုင်၊ ခွံ့လိုက်ရ၏။ ခဏကြာသော် ပြုံးပြီး ကောင်းသည်ဟု နားလည်ရနိုင်သည့် တုန့်ပြန်မှုကို ရရှိခဲ့သည်။ ပြုံးမိကြ၏။

           ထိုအမျိုးသမီးနှစ်ယောက်အတွက် ထိုရဟန်းပင် ဦးနုဖြစ်နိုင်သေး၏။

           ဘဝ၌ ခေါင်းမာသူများ တွေ့ဖူး၏။ ထိုအချိန်အထိ တင်ပါးမာသူများကိုမူ မတွေ့ဖြစ်ခဲ့ချေ။ အမှန်ပင် တင်ပါးမာကြ၏။

           ကျန်းမာရေးမှူးရောက်ခိုက် လူတစ်ယောက်နေမကောင်းသဖြင့် လာပြ၏။ ကျန်းမာရေးမှူးက ဆေးထိုးဖို့လုပ်၏။ ထိုလူ၏ တင်ပါးကား အသားမာများဖြင့် တင်းနေသဖြင့် ဆေးထိုးအပ်မတိုး။ ဇွတ်အတင်း ဆေးထိုးသော် ရနိုင်၏။ သို့သော် အပ်ကျိုးကျန်ခဲ့လျှင် ပြဿနာ။ ထိုစဉ်-

           အခြားလူတစ်ယောက်က သူ့ခါးမှာပါသော ဓားဖြင့် အသားမာတစ်ချို့ကို ခြစ်ပေး၏။ သွေးအနည်းငယ် စို့သွား၏။ အဲဒီနေရာမှာ ဆေးထိုးဟု ထိုလူကပြော၏။ ထိုအခါမှ ဆေးထိုးခြင်းကိစ္စ ပြီးသွားတော့သည်။

           ဟုတ်ပါ့မလားဟု အချို့က သံသယရှိနိုင်၏။ မြင့်မားမတ်စောက်သော တောင်ဆင်းလမ်းများ၌ ကလေးငယ်များ လျောစီးဖို့လုပ်ထားသည့် လျောစင်နှင့်တူသော အဆင်းလမ်းများရှိသည်။ ထိုကဲ့သို့ ချောမွေ့နေခြင်းမှာ အဆင်းတွင် လူအောက်တစ်ခုခုခံပြီးထိုင်ရင်း လျောချလိုက်ကြသည်။ လမ်းလျှောက်ဆင်းခြင်းထက် မြန်သည်ဟူသတတ်။ ထို့ကြောင့် အချို့သူများ၏တင်ပါးများ မာနေခြင်း ဖြစ်ပေတော့၏။ ဤကိစ္စကို မပြုံးရက်။

          ဒေသခံများနှင့် အတန်ငယ်ရင်းနှီးမှုရလာသောအခါ-

           လူတစ်ယောက်အသားတုံးကြီးဆွဲကာ ဝါးကျောင်းလေးထဲ ဝင်လာ၏။
           ဘာ့ကြောင့်လဲ၊ ဘာအတွက်လဲဟုမေးရာ ဟင်းရတိုင်း ရွာလူကြီးကိုတစ်တွဲ၊ ရွာဘုန်းကြီးကိုတစ်တွဲ ဦးဦးဖျားဖျားပေးရသည့် ယဉ်ကျေးမှုရှိ၏။ သို့မှသာ ဘေးရန်ကင်း၏၊ သားကောင်လိုက်ရတာလွယ်၏ဟု ရှင်းပြကြ၏။ ဦးဦးဖျားဖျားပေးလှူခြင်းကား ကောင်းပါ၏။ အသားက သွေးတရဲရဲ။ နောက်နောင် သားကောင်ရှာရလွယ်အောင်ဟု ဆိုပြန်သေး၏။ မတတ်နိုင်၊ ယူခဲ့ရ၏။ သူတို့နှင့် မိတ်ပျက်၍မရ။ ငါးပါးသီလ ပြောခွင့်မသာ။

           တဖြည်းဖြည်းနှင့် ကျောင်းနေကျောင်းသားလေးတစ်ယောက်ပင် ရလာခဲ့၏။ သူ၏ တူမီးသေနတ်ကိုလည်း ကျောင်းထောင့်မှာ ထောင်ထား၏။ မင်းတူမီးသေနတ်ကြီး မယူခဲ့နဲ့ဆိုလျှင် ၎င်းကျောင်းသားပါ ပျောက်သွားမှာ စိုးရိမ်ရ၏။

           တစ်ညနေတွင် ဇီးကွက်တစ်ကောင်ကိုပစ်ရန် သူ့လက်စွဲတော် တူမီးသေနတ်ကိုယူပြီးမှ ပြန်ချလိုက်၏။ လေးခွကို ကောက်ကိုင်၏။

           “ ဘာဖြစ်လို့လဲ”
           “ ဒီကောင်က နတ်ကြီးတယ် ဘုန်းဘုန်း။ တူမီးသေနတ်နဲ့ပစ်ရင် မီးမကူးတတ်ဘူး”
           “ လေးဂွနဲ့ ဆိုရင်ကောကွာ”

           “လေးဂွက မီးကူးစရာမလိုဘူး၊ လေးဂွနဲ့ ပစ်ရင် ဒီကောင် နတ်မကြီးနိုင်တော့ဘူး” ဟုဆိုကာ ပြောရင်းဆိုရင်း ပစ်ထည့်လိုက်၏။ မှန်သည်။ ဇီးကွက် နတ်မကြီးနိုင်ရှာ။ ဖုတ်ကနဲ ကျလာ၏။ မကြည့်ရက်က မျက်စိလွှဲယုံသာ။ ဤသို့ဖြင့်ပင် နာဂတောင်၌ သုံးနှစ်ကြာခဲ့ရသေး၏။

အမှာ။         ။ အချို့ကား ကိုယ်တွေ့ဖြစ်ပြီး အချို့ကား ရှေ့ကရောက်နှင့်နေသော မိတ်ဆွေရဟန်း၏ အတွေ့အကြုံများ ဖြစ်ကြသည်။





သီဟနာဒ











Copyright © 2011 ကမ်းလက်. All rights reserved.