နိုင်ငံခြား ပို့ငွေနဲ့ အကောင်းအဆိုး ပြဿနာ


ဒီနေ့ထုတ် သတင်းစာတွေအရ နိုင်ငံခြားမှာ အလုပ်လုပ်နေရင်း မိခင်နိုင်ငံ ကို ငွေပြန်ပို့ကြတဲ့ နိုင်ငံတွေထဲမှာ အိန္ဒိယက နံပတ်တစ် လို့ ဆိုပါတယ်။
မနှစ်က စုစုပေါင်း အမေရိကန်ဒေါ်လာ ၅၅ ဘီလီယံ ရှိပြီး ဒီနှစ် အခုချိန်အထိ ၆၆ ဘီလီယံ ရှိနေပြီမို့ ၇၀ ဘီလီယံအထိ ရောက် သွားနိုင်ကြောင်း ခန့်မှန်း ထားကြပါတယ်။
အထူးသဖြင့် အရှေ့အလယ်ပိုင်းမှာ အလုပ်လုပ်နေသူတွေဆီက ပို့တဲ့ငွေ ပို များပါတယ်။ စီးပွားရေး အခက်ကြုံစဉ်မှာ ဒီလို နိုင်ငံခြား မှာ အလုပ်လုပ်နေ သူတွေရဲ့ ငွေနဲ့ နိုင်ငံ့ စီးပွားရေးကို ဟန်ချက် ထိန်းထားနိုင်ပါတယ်။

စောစောပိုင်းနှစ်တွေကိုပြန်ကြည့်ရင် နိုင်ငံခြားမှာ အိမ်ဖော်လုပ်ရင်း ငွေစု၊ အိမ်ပြန်ပို့ကြတဲ့ ဖိလစ်ပိုင် အမျိုးသမီးတွေအကြောင်း လည်း တွေ့ရပါတယ်။
သူတို့ဝင်ငွေ၊ အိမ်ပြန်ပို့ကြတဲ့ ငွေတွေကလည်း ဖိလစ်ပိုင်ရဲ့ စီးပွားရေးကို တစ်တပ်တစ်အား ဖြစ်စေတယ်လို့ ဆိုထားပါတယ်။
ဖိလစ်ပိုင်က ပညာရှင် အပြင်ထွက်သွားတာမျိုးမဟုတ်တော့ မသိသာပေမယ့် အိန္ဒိယကတော့ ပညာရှင်တွေ အပြင်ထွက်သွား တာဆိုတော့ ဘေးထွက်ဆိုး ကျိုးတွေ ရှိနေပါတယ်။
၁ ။ ပြည်တွင်း ကုန်ထုတ်လုပ်မှုမှာ လျော့သွားတာ။
၂ ။ ပြည်တွင်း ပြည်ပ ဝင်ငွေက ကွာဟ လွန်းတော့ နိုင်ငံခြားမှာ အလုပ် လုပ်ရင်း အပြီးနေသွားကြတာ။
၃ ။ ပြည်ပ အလုပ်လုပ်သူတွေဆီက ဝင်ငွေရှိသူနဲ့ မရှိသူတွေကြားက လူနေ မှုအဆင့်ဟာ ကွာဟလွန်းနေခြင်း စတာတွေ ဖြစ်ပါတယ်လို့ ဆိုပါတယ်။

အိန္ဒိယသတင်းလို့ဆိုပေမယ့်ဒီပြဿနာက မြန်မာတွေရင်ဆိုင်နေရတဲ့ ပြဿနာလည်း ဖြစ်နေပါတယ်။ ငါ့သားက၊ ငါ့သမီးက ဘယ်နိုင်ငံ မှာ၊ ဘာလုပ်နေ တာ စတာတွေဟာ ပြောလို့ကောင်းတဲ့ စကားဖက်ရှင်တွေ ဖြစ်နေ တာ တွေ့ ရသလို ပြည်ပ အလုပ် လုပ် သူတွေရှိတဲ့ မိသားစုတွေဟာ ( ဘိုးစဉ်ဘော်ဆက် ချမ်းသာလာတာမျိုး မဟုတ်ရင် သို့မဟုတ် စစ်ဗိုလ်ချုပ်ကြီးတွေနဲ့ အကပ် မရှိ ရင် ) အခြားမိသားစုတွေထက် ပိုပြီး အသက်ရှူချောင်တာတွေလည်း ရှိနေပါ တယ်။

ပြည်ပမှာ အခြေကျနေသူ တချို့ကို " မြန်မာပြည် ပြန်ဖို့ အစီအစဉ် ရှိသလား " လို့ မေးကြည့်မိတဲ့အခါ ဒီကဝင်ငွေ တစ်ဝက်လောက် မှ မရဘဲ ပြန်ဖို့ ခက် တယ် ဆိုသူတွေအများအားဖြင့် တွေ့ရပါတယ်။ မှန်ပါတယ်။
အိန္ဒိယလောက် ကမ္ဘာနဲ့ချီပြီး မများပေမယ့် ပြည်တွင်းကို ပုံစံ အမျိုးမျိုးနဲ့ ငွေ လွှဲနေကြတဲ့ မြန်မာတွေရဲ့ ငွေမာဏကလည်း မနည်းလှ ဘူး လို့ ထင်တယ်။
ကောင်းပေမယ့် စောစောက ပြဿနာတွေတော့ ဆက်ရှိနေဦးမှာပါ။ ဒါကလည်း ဖွံ့ဖြိုးဆဲ၊ကမ္ဘာနဲ့ ဝင်ငွေကွာဟဆဲ နိုင်ငံတိုင်း ရင်ဆိုင် ရမယ့် ပြဿ နာ ဖြစ်ပုံရပါတယ်။ ဘယ်အစိုးရ ပဲ တက်တက် ဒီဟန်ချက်ကို ထိန်းဖို့ တက်လာမယ့် အစိုးရ တာ ဝန်ကလည်း မသေး လှဘူး။

ဒါပေမယ့် အစိုးရဆိုတာကလည်း ဒီလို အရေးကြီးကိစ္စတွေကို ကိုင်တွယ် ဖို့ ပြည်သူက ရွေးကောက်တင်မြှောက်ထားတာ မဟုတ်ပါ လား။ အီအစဉ်တွေ ရှိနေရမှာပေါ့။ ရွေးကောက်ပွဲ မတိုင်မီ ပါတီတွေက တစ်ပါတီကို တစ်ပါတီ အပြစ်တွေ ပြောမနေကြပဲ နိုင်ငံတော် အတွက် အနာဂတ် စီမံ ကိန်းတွေ ပြည်သူကိုချပြ၊ ဆွေးနွေးကြရင်း မဲဆွယ်ကြရင် သိပ်ကောင်းမှာပဲ လို့ အိပ်မက် မက်နေမိတယ်။ ။


 ဇင်ဝေသော်

Post a Comment