စီးပွါးရေး ပဉ္စလက် ( ၂ )

မေး ။     ။ SME တွေဖက်ကထွက်လာတဲ့ ဝေဖန်သံက အခွင့်အရေးအညီအမျှပေးမှုနဲ့ ပတ်သက်ပါတယ်။ အစိုးရရဲ့သဘောက MNC တွေကို ရေရှည်အတွက် ရည်ရွယ်ပြီး ပိုအခွင့်အရေးပေးနေတယ်။ သူတို့ကိုလည်း အဲသလို အခွင့်အရေးပေးရင် သူတို့လည်း ဝင်ပြိုင်နိုင်တယ်။ အနည်းဆုံး ပိုတော့အားကောင်းလာနိုင်တယ် ဆိုတာမျိုးပါ။ သူတို့အနေနဲ့ ကိုကာကိုလာတို့၊ ဆမ်ဆောင်းတို့ကိုတော့ မယှဉ်နိုင်ပါဘူး။ ဒါပေမယ့် ဒီလောက်မကြီးတဲ့ ကုမ္ပဏီတွေအနေနဲ့ အာရှထဲမှာတော့ဝင်ပြီး ဈေးကစားနိုင်တယ်ဆိုတာမျိုးတွေ ပြောဆိုနေကြပါတယ်။

ဖြေ ။    ။။ SME တွေဟာ အများအားဖြင့် MNC တွေကို ဖြည့်ဆည်းပေးရတဲ့ နေရာကရှိတာပါ။ ဒီတော့ MNC တွေ နိုင်ငံခြားကို ထွက်သွားပြီဆိုရင် သူတို့လည်း လိုက်သွားကြတယ်။ SME တွေက MNC တွေ မထုတ်လုပ်ချင်တဲ့ ပစ္စည်းတွေကိုပဲ ထုတ်လုပ်ကြရတယ်။ အဲဒီ MNC တွေက ငါတို့ SME တွေရဲ့ ကုန်ထုတ်မှုအားကို အရေးထားစဉ်းစားတယ်။

မယုံရင် ကြည့်။ အစပိုင်းတို့က ကုန်ထုတ်လုပ်မှု လုံးဝမရှိဘူး။ ဘယ်ကုန်သည်ပွဲစားကမှ ထုတ်လုပ်ရေးကို စိတ်မဝင်စားဘူး။ ဒါကြောင့် DBS ဘဏ်ကို ထောင်ခဲ့ရတာ(Development Bank of Singapore) ။ ဒီဘဏ်က ကုန်သည်တွေကို ငွေထုတ်မချေးချင်ဘူး။ ဘာကြောင့်လဲ၊ ကုန်သည်တွေက ကုန်ထုတ်လုပ်မှုအကြောင်းမသိလို့။

ဒီစနစ် အလုပ်ဖြစ်ခဲ့သလား။ ဟုတ်ပြီ၊ တို့မှာ NatSteel ရှိလာတယ်။ ကဲ ဒါနဲ့ ဘယ်လိုစခန်းဆက်သွားမလဲ။ ကုန်ကြမ်းတွေဝယ်ပြီး ပစ္စည်းအချောလုပ်။ ဟုတ်ပြီ။ ပစ္စည်းတွေက ဘာအတွက်ရည်စူးပြီးထုတ်မှာလဲ။ ဆောက်လုပ်ရေးအတွက်။ ပြီးတော့ ဘာရှိသေးသလဲ။

တို့ထုတ်လုပ်မှုက ကိုရီးယားနဲ့ဂျပန်က သံနဲ့ စတီး(လ်) ထုတ်လုပ်နေမှုကို ယှဉ်ပြိုင်နိုင်ကြပါ့မလား။ တရုတ်ဆိုရင်အခု သံထည်၊ စတီး(လ်) ထည်နဲ့ပတ်သက်လို့ အများဆုံးထုတ်လုပ်နေတဲ့နိုင်ငံပဲ။

ဂျပန်မှာဆိုရင်လည်း အဆင့်မြင့်နည်းပညာနဲ့ စတီး(လ်) စက်ရုံကြီးတွေ အများကြီးရှိတယ်။ လေထုညစ်ညမ်းမှုကလည်း အတော်ဆိုးမယ့် ပြဿနာပဲ။

ပါ့(သ်) (Perth) မှာရှိတဲ့ သံတူးဖော်ရေးမိုင်းတွင်းတွေဆီ ငါရောက်ဖူးတယ်။ အဲဒီမှာ သြစတေးလျလူမျိုး သံမိုင်းတွင်းပိုင်ရှင်က Ubin (သို့) Tekong မှာ စတေရှင်တစ်ခု ဆောက်ချင်တယ်။ ပစ္စည်းသယ်ယူပို့ဆောင်ဖို့ စရိတ်သက်သာအောင်လို့။ တစ်ချက်ပဲ ငါကြည့်လိုက်ရတယ်။ မဖြစ်ဘူး၊ ဒီအတိုင်းသာဆိုရင်တော့ ငါတို့ချန်ဂီ(လေဆိပ်) တစ်ခုလုံး မီးခိုးတွေဖုံးနေတာနဲ့ ဘာမှမြင်ရမှာ မဟုတ်တော့ဘူးလို့ စဉ်းစားမိတယ်။

တို့အားလုံးကို လေ့လာကြည့်ပြီးသား။ မော်တော်ကားထုတ်ကြမလား။ မော်တော်ကားထုတ်ဖို့ ပြင်ဆင်ကြည့်ကြတယ်။ ရေခဲသေတ္တာ၊ အဲယားကွန်းတွေ ထုတ်ဖို့စိတ်ကူးကြတယ်။ ဒါဆို ငါတို့က ဂျပန်တွေလောက် ကောင်းအောင်လုပ်နိုင်ကြပါ့မလား။ ဒီရီမုတ်ကွန်ထရိုးလေးကိုပဲကြည့်။ သူတို့ထွင်ထားတဲ့ စပိ(ဒ်) က သိပ်မြန်တယ်။ နှိပ်လိုက်၊ ချက်ချင်းပန်ကာလည်ပတ်မှုနှုန်းက တက်လိုက်ကျလိုက်ဖြစ်သွားတာ။ မင်းဒီလို လုပ်နိုင်လောက်ပါ့မလား။

မလုပ်နိုင်ဘူး။ မယုံရင် ငါတို့ Creative အခု ဒုက္ခရောက်နေတာကို ကြည့်။
Yeo Hiap Sen (အဖျော်ယမကာလုပ်ငန်း) တရုတ်ပြည်ကိုသွားတယ်။ သူတော်တော်လေး အကြပ်ရိုက်ခဲ့တယ်။ သူတို့က ပြောတယ်။ “ အော် မင်းတို့က ပန်းပေါင်းစုံ လဘက်ရည်ကို ဒီလိုထုတ်လုပ်သလား။ တို့က ဒီထက်ကောင်းအောင်လုပ်ပြမယ်လို့ ပြောတယ်။ ပြီးတော့ Yeo က ပန်းပေါင်းစုံ လဘက်ရည်ထုတ်ပြီး တရုတ်ပြည်ကိုပို့တော့ ကုန်ကျစရိတ်က အများကြီးပိုတက်သွားရော။ ကဲ ပြိုင်နိုင်သေးလား။ ဘယ်မှာလဲ ငါတို့ရဲ့ R & D။ မရဘူး။ လက်တွေ့ကျကျ မြင်ကြည့်ရအောင်ပါ။

မေး ။     ။ မစ္စတာလီပြောတာနဲ့ ကျွန်တော်တို့ စိတ်ပျက်ကုန်ပြီ။

ဖြေ ။    ။ ငါတော့ စိတ်မပျက်ဘူး။ ငါက လက်တွေ့ကျတယ်။ ငါပြောတာက ဒါတွေကတော့ ငါတို့အရည်အချင်း။ ဒါတွေက ငါတို့ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေ။ တို့မှာရှိတဲ့စွမ်းရည်၊ စွမ်းအားတွေ အကုန်ထုတ်ပြီး အကောင်းဆုံးကြိုးစား။ တို့ဘဝတွေ ပုံပျက်ပန်းပျက်ဖြစ်မသွားနိုင်ဘူး။ လက်တွေ့ကျကျမြင်ကြည့်ပါ။

မေး ။     ။ အိုကေ၊ ကုန်ထုတ်လုပ်မှုမှာ ကမ္ဘာ့ရှေ့တန်းကိုရောက်ဖို လိုအပ်ချက်တွေ ကျွန်တော်တို့မှာ မရှိဘူး။ ဒါဆိုရင် ကျွန်တော်တို့ရဲ့ အားသာချက်က ဘာလဲ။ အားလုံးကိုခြုံကြည့်ရင် အခြေခံအဆောက်အဦ ခိုင်မာတယ်။ တရားဥပဒေ စိုးမိုးတယ်။ အစိုးရမှာ တိကျတဲ့မူဝါဒတွေရှိတယ်။ ဒါတွေနဲ့တင် စင်ကာပူရှေ့ခရီးအတွက် လုံလောက်ပြီလား။
ဖြေ ။    ။ ဒါတွေမှ မရှိဘူးဆိုပါတော့၊ တို့ဘာဖြစ်သွားမလဲ။

မေး ။     ။ မှန်ပါတယ်။ ဒီအရည်အသွေးသုံးခုနဲ့တင် လုံလောက်ပြီလား။

ဖြေ ။    ။ ဒီသုံးခုက ငါတို့နဲ့ ငါတို့အိမ်နီးချင်းနိုင်ငံတွေကို ခွဲခြားပေးတာပဲ။ အရင်ဆုံး စင်ကာပူအတွက် ငါစဉ်းစားခဲ့တာက- တို့စင်ကာပူဟာ သဘာဝအရင်းအမြစ်ပိုရှိ၊ လူသားအရငင်းအမြစ်ပိုရှိ၊ နိုင်ငံပိုကျယ်ဝန်းတဲ့ အိမ်နီးချင်းတွေနဲ့ ဘယ်လို အားပြိုင်ရမလဲ- ဆိုတာပဲ။ တို့က သင်္ဘောဆိပ်ကမ်းမြို့ဆိုတော့ တို့စီးပွါးရေးအတွက် သူတို့ကို မှီခိုနေရတယ်။ ဒီပြဿနာက အထပ်ထပ်စဉ်းစား၊ နောက်ပြီး လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆွေးနွေးပြီး သူတို့နဲ့မတူအောင် လုပ်မှရတော့မယ်လို့ ဆုံးဖြတ်ခဲ့တယ်။ အိမ်နီးချင်းတွေနဲ့ မတူအောင်လုပ်နိုင်မှကို ရမယ်။ နို့မို့တော့ ကိစ္စချောသွားမယ်။

ကဲ ဒါဆို ဘယ်လိုမတူအောင် ငါတို့လုပ်ခဲ့ကြသလဲ။
သူတို့က သိပ်ပြီးမသန့်ရှင်းဘူး။ ဒါနဲ့ တို့က သန့်ရှင်းအောင်လုပ်တယ်။ သူတို့ ဥပဒေက မတည်ငြိမ်ဘူး။ တို့က တသမတ်တည်းသွားတယ်။ တစ်ခုခုကို ငါတို့က သဘောတူဆုံးဖြတ်ပြီးပြီဆိုရင် အဲဒီအတိုင်းပဲ မပြောင်းဘူး။ ဒီတော့ ရင်းနှီးမြှုပ်နှံသူတွေက ငါတို့ကို ယုံကြည်စိတ်ချလာကြတယ်။ ကမ္ဘာ့အဆင့် အခြေခံ အဆောက်အဦ၊ ကမ္ဘာ့အဆင့်မီ ကူညီထောက်ပံ့တဲ့အဖွဲ့၊ အင်္ဂလိပ်လို ကောင်းကောင်းပြောနိုင်တဲ့လူထု၊ ဒါတွေပဲ ရှိတယ်။

လေကြောင်း၊ ရေကြောင်း ကေဘယ်ဆက်သွယ်ရေးတွေ ကောင်းတယ်။ အခုဆိုရင် အင်တာနက်။ ဒါတွေကြောင့် စင်ကာပူဟာ အိမ်နီးချင်းတွေနဲ့ မတူခြားနားတဲ့ နေရာလေးဖြစ်နေတယ်။

မင်း ဘန်ကောက်မှာသွားပြီး အလုပ်လုပ်မလား။ ကွာလာလမ်ပူမှာ လုပ်မလား။ ဂျကာတာ၊ မနီလာ မှာ လုပ်မှာလား။ မင်းမှာ တန်ဖိုးကြီးပစ္စည်းပါလာတယ်။ အဲဒီ ပစ္စည်း လေဆိပ်ထဲ ဘယ်သွားထားမလဲ။

ဂျူရောင်းကျွန်း (Jurong Island) ကိုကြည့်။ တို့က မြေမရှိဘူး။ ဒါနဲ့ အဲဒီကျွန်းတွေကို မြေဖို့ပြီး ဆက်ပစ်လိုက်တယ်။ အခု အဲဒီမှာ ရေနံသိုလှောင်ဖို့ လှိုဏ်တူးတော့မယ်။ ဘာကြောင့်လဲ။ တို့နိုင်ငံက လုံခြုံစိတ်ချရတဲ့ နေရာဖြစ်နေလို့။ ဒီမှာ ဥပဒေရှိတယ်။ တို့က တို့ပြောတဲ့စကားကို ဘယ်တော့မှ မသွေဖည်ဘူး။ ဒီလို တည်ငြိမ်အေးချမ်းမှုကို ဆက်ထိန်းထားမယ်။ လူတွေက ငါတို့ကိုယုံကြည် စိတ်ချနေရမယ်။

တရုတ်ပြည်မှာ ရင်းနှီးမြှုပ်နှံမှုလုပ်မလား။ တရုတ်လူမျိုး ငါးဆယ်ရာနှုန်းပါမှ မင်းလုပ်လို့ရမယ်။ ဒီမှာ သူတို့ဘာသာ သူတို့လုပ်ခွင့်ရတယ်။ Exxon Mobil ဆိုရင် နောက်ထပ် လေးဘီလီယံ ထပ်ပြီးရင်းနှီးမြှုပ်နှံတယ်။ သူတို့ကုမ္ပဏီရဲ့ စီအီးအို Rex Tillerson က သူ့ရဲ့ ဘုတ်အဖွဲ့တစ်ဖွဲ့လုံး လေ့လာနိုင်ဖို့ ဒီိကိုခေါ်လာပြီးပြတယ်။ သူ့ဘုတ်အဖွဲ့နဲ့တွေ့ဆုံဖို့ ငါ့ကိုဖိတ်ဦးမယ်။ ဘာအတွက် သူတို့နဲ့ ငါ့ကိုတွေ့စေချင်တာလဲ။ သူ့ဆုံးဖြတ်ချက် မှန်တယ်ဆိုတာ သူ့အဖွဲ့ကို သိစေချင်လို့။

ဒီလိုပုံစံမျိုး စင်ကာပူကို ထပ်လုပ်ယူဖို့ မလွယ်တော့ဘူး။ ဒီစင်ကာပူကို ဖျက်ဆီးပစ်လိုက်တဲ့နောက် ဒီပုံစံမျိုးရအောင်ထပ်ပြီး တည်ဆောက်ဖို့ ဘယ်တော့မှ မဖြစ်နိုင်တော့ဘူး။

မေး ။     ။ R & D က နိုင်ငံတစ်နိုင်ငံ ဖွံဖြိုးတိုးတက်ရေးမှာ အခရာကျတယ်လို့ ပြောခဲ့တယ်နော်။
ဖြေ ။    ။ ဟုတ်တယ်။

မေး ။     ။ ပြီးတော့ စင်ကာပူအတွက် အခွင့်အလမ်းရှိတဲ့ ရွေးချယ်မှုအနေနဲ့ မစ္စတာလီ ဘေးဖယ်ထားခဲ့တာက-
ဖြေ ။    ။ ကုန်ပစ္စည်းထုတ်လုပ်မှု။

မေး ။     ။ ဒီစကားနဲ့ လက်ရှိအစိုးရ ကြိုးစားလုပ်ဆောင်နေတာတွေက ဆက်စပ်လို့မရသလိုပဲ။ အစိုးရက R & D မှာ အလေးပေးပြီး လုပ်ဆောင်နေတယ်။ လတ်တလော သုတေသနတွေ့ရှိချက်အရ ဒီနယ်ပယ်မှာ စင်ကာပူက ထိပ်မှာရောက်နေတယ်။ ကျွန်တော် စဉ်းစားမိတာက ကျွန်တော်တို့ ဘာ R & D ကို အလေးထားပြီး လုပ်ဆောင်သွားမယ်ဆိုရင် ကျွန်တော်တို့ SME တွေလည်း ပိုအားကောင်းလာပြီး စင်ကာပူပိုင်ကုမ္ပဏီကြီးတွေလည်း ……။

ဖြေ ။    ။ သုတေသနလုပ်မယ့် ဦးနှောက်တွေ တို့ဆီဘယ်မှာရှိနေလို့လဲ။ တစ်ခါက ဒတ်(ခ်ျ) အီလက်ထရောနစ်ကုမ္ပဏီ R & D ဌာနက အကြီးအကဲ ဖီးလစ်(ပ်) နဲ့ စကားပြောခဲ့ဖူးတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်၊ အနှစ် (၂၀) လောက်က သူရောက်လာပြီးပြောတာ ငါတစ်သက်လုံး မေ့မှာမဟုတ်ဘူး။ သူပြောတာက သုတေသနလုပ်မယ်ဆိုရင် ကိုယ်လိုချင်တာရအောင် ဘယ်လောက်အခက်အခဲရှိရှိ ကြိုးစားမယ်ဆိုတဲ့ ဆုံးဖြတ်ချက်အပြည့်နဲ့ ခေါင်းတွေလိုတယ်တဲ့။

ဒီလိုလုပ်နိုင်တဲ့ စင်ကာပူရီးယန်း မင်းတွေ့ဖူးလား။ သူ့မိဘတွေ ၊ ညီအစ်ကို မောင်နှမတွေက စီးပွါးရေးလုပ်နေကြ၊ သူက သူတို့လောက် ပိုက်ဆံဝင်နိုင်မလား။ တချို့ဆရာဝန်တွေ၊ ရှေ့နေတွေက သူတို့ကလေးတွေကို ပြောကြတယ်။ “ မင်းက သုတေသနလုပ်နေတာဆို၊ ဘာအတွက် လုပ်နေတာလဲ” တဲ့။ ဒီလို စိတ်နေစိတ်ထားတွေကြားမှာ Pfizer လို၊ Merck လို၊ Glaxo Smith Kline တွေ ရှာတွေ့နိုင်မလား။ သူတို့အတွက် သုတေသနလုပ်နေကြတာတွေက ကမ္ဘာအနှံ့အပြားမှာ သောင်းပေါင်းများစွာ ရှိတယ်။

ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီဖြစ်တဲ့ Novartis ရဲ့ အကြီးအကဲ ဆွစ်လူမျိုးတစ်ယောက်ကိုလည်း တွေ့ဖူးတယ်။ သူက စင်ကာပူအပေါ်မှာ သိပ်ယုံကြည်မှုရှိတယ်။ ငါက သူ့ကို “ ကျွန်တော်တို့ အခု R & D လုပ်တော့မလို့” လို့ဆိုတော့ သူက “ သိပ်မလွယ်ဘူး။ အရည်အချင်းရှိတဲ့လူတွေ အများကြီးလိုတယ်။ ဆွစ်ဇာလန်၊ ဘော့စတွနှ်မှာ ကျွန်တော်တို့ R & D ဌာနရှိတယ်။ အဲဒီမှာ တက္ကသိုလ်ခြောက်ခု၊ ခုနှစ်ခုလောက်နဲ့ ပူးပေါင်းထားရတာ” တဲ့။ ဆိုလိုတာက အရည်အချင်းကိုတော့ ဘော့စတွန်ကနေတင် ယူတာမဟုတ်ဘူး။ အဲဒီ ဒေသတွင်းမှာရှိတဲ့ သုတေသနလုပ်၊ သင်ကြားရေးလုပ်နေတဲ့ ခေါင်းပေါင်းများစွာထဲကနေ ထုတ်ယူနေကြရတာ။

Life Science မှာ သုတေသနစလုပ်ကြမယ်ဆိုကြတော့ ငါ့မှာ သံသယအကြီးအကျယ်ကို ရှိခဲ့တာ။ ဒါက ဖီးလစ် ယို တင်ပြလာတာ။ ငါကမေးတယ်-
“ဦးနှောက်စွမ်းအင် ဘယ်ကရမှာလဲ” လို့။

ငါတို့လုပ်တာမှန်သမျှ တရုတ်တွေ၊ အင်ဒီးယန်းတွေ၊ ဗီယက်နမ်တွေကလည်း လိုက်လုပ်ကြမှာ။ သူတို့ကို ငါတို့က ဘယ်လိုယှဉ်ပြိုင်မှာလဲ။ ဒီတော့ ဖီးလစ် ယိုက ပြောတယ်။ နိုင်ငံခြားက အတော်ဆုံးကျောင်းသားတွေကို ပညာသင်ဆုပေးပြီး ခေါ်မယ်တဲ့။

သူတို့က ပညာသင်ပြီး ဒီမှာ ဆက်နေပါ့မလား။ အေးလေ ကြိုးစားကြည့်ကြတာပေါ့။ ထိပ်တန်းသိပ္ပံပညာရှင်တွေ မွေးထုတ်ပြီး သူတို့ နေ၊ မနေကိစ္စက ထားလိုက်ပါ။ သူတို့ သုတေသနလုပ်ဖို့ ငွေထုတ်ပေးနေသရွေ့တော့ နေကြဦးမှာပဲ။ ဒါပေမယ့် ဒီစကောလားရှစ်ရပြီး Ph. D ဘွဲ့အတွက် တို့လွှတ်ထားတဲ့ကျောင်းသားတွေက အများအားဖြင့် အာရှတိုက်သားတွေ။ သူတို့သာ သူတို့မွေးရပ်နိုင်ငံကို ပြန်သွားလို့ကတော့ စင်ကာပူ ဒုက္ခရောက်ပြီသာမှတ်ပေတော့။

ဒီတော့ သူတို့ဒီမှာ အခြေချကောင်းပါရဲ့လို့ပဲ မျှော်လင့်ရတော့တာ။ ဒီကလူတွေနဲ့ အိမ်ထောင်ကျ၊ ဒါမှမဟုတ်လည်း သူတို့လူမျိုးခြင်း အိမ်ထောင်ကျ၊ ဒီမှာပဲ ဆက်နေထိုင်။ ဒီမှာက တရုတ်၊ ဗီယက်နမ်၊ အိန္ဒိယထက်တော့သာတယ်- ဆိုတာလေးတွေနဲ့ပဲ တွေးပြီးဖြေသိမ့်နေရတာ။ စင်ကာပူက သူတို့ကို လိုအပ်တယ်။

သူတို့က သုတေသနလုပ်ကြတယ်။ အကြောင်းက အဲဒါကသည်ပင် သူတို့ရွေးချယ်ရမယ့်လမ်းဖြစ်နေလို့။

စင်ကာပူးရီယန်းတွေက တခြားရွေးစရာရှိတယ်။ ရှေ့နေဖြစ်နိုင်တယ်။ ဆရာဝန်ဖြစ်နိုင်တယ်။ စာရင်းစစ်၊ ဘဏ်အရာရှိ၊ ပွဲစားကုန်သည်၊ အိမ်ခြံမြေရောင်းဝယ်ရေး လုပ်နိုင်တယ်။ သူ့ကို သုတေသနအလုပ်ခိုင်းလို့ သူက ဒီလိုတောင်ပြန်ပြောဦးမယ်- “အော် ခင်ဗျားတို့က ကျွန်တော့်ကို ရောဂါပိုးမွှားတွေကို သုတေသနပြုပြီး ဆေးဝါးတွေ့အောင် လုပ်ပေးစေချင်တာပေါ့လေ။ သုတေသနတစ်သက်လုံးလုပ်ပြီး ဘာမှ မရှာပဲနေပစ်လိုက်မယ်” လို့။


ဇင်ဝေသော်
Zin Wai Thaw

Post a Comment