သရဲကြီးလ နှင့် နံရံ၏ အခြားတစ်ဖက် သုတ္တန်

သရဲကြီးလ ဟူသည် တရုတ်လူမျိုးများ လူနာ ( လ ကို အခြေခံ တွက်ချက်သော ) ပြက္ခဒိန်၏ ၇ လမြောက် လ ဖြစ်သည်။ ( ယခု နှစ်အတွက် ယခု လ ဖြစ်သည် ) နံရံ၏ အခြားတစ်ဖက် သုတ္တန် ဟူသည် တိရောကုဋ္ဋ သုတ်တည်း။ ( တီရ ဟိုမှာဖက်၊ ကုဋ တံတိုင်း၊ နံရံ ) ဘုရင် ဗိမ္ဗိသာရ၏ ဆွေမျိုး ပြိတ္တာများကို အကြောင်းပြု၍ ဟောခဲ့သော သုတ် ( သို့ ) ဆာနေသော ပြိတ္တာ သရဲများ ( Hungry ghosts ) ရှိသည်ဟု ထောက်ခံထားသော သုတ်လည်း ဖြစ်သည်။

စာပေ၌ တိုက်ရိုက် မလာသော်လည်း သရဲကြီးလ ရှိနိုင်၏ ဟု ယုံကြည်လိုက ယုံကြည်လို့ရသည်၊ မယုံကြည်က မယုံဘဲလည်း နေလို့ရသည်။ သို့သော် လူ့ ဘဝ ကတည်းက ဤ ( ၇ လမြောက် သရဲကြီးလ )သညာကို စွဲစွဲ မြဲမြဲ ယူထားလျှင် သရဲ ဖြစ်ရာ၌လည်း အချိန် သိပ်မကြာသေးလျှင် ဤသညာက မပျောက်လောက်သေး ပေ။ ထို့ကြောင့် မယုတ် မလွန် ရှိတန်ရာ၏ ဟုသာ ဆိုချင်သည်။ ကိစ္စ မရှိ။ ဆွေးနွေးလိုသည်က လူမျိုးခြား သာသနာပြု ကိစ္စ ဖြစ်သည်။ သဘော မတူလျှင် ခွင့်လွှတ်ကြပါလော့။

လူမျိုးခြား သာသနာပြုဟူသည် မိမိယဉ်ကျေးမှူကို ဇွတ်အတင်း မိတ်ဆက်ခြင်းထက် သူ့ ယဉ်ကျေးမှူထဲသို့ ဘုရား အဆုံးအမ ထိုးထည့်ပေးခြင်းဖြစ်သည်။ ရှင်းရန်လိုလမ့်မည်။ လူမျိုးတိုင်း၌ ယဉ်ကျေးမှူရှိ၏၊ ထို့ကြောင့် သူတို့က ယဉ်ကျေးမှူကို မလို ဘုရား အဆုံးအမသာ လို၏။ ဤအချက်ကို သဘော ပေါက်လျှင် လူမျိုးခြား သာသနာပြုရာ၌ ပို၍ ခရီးပေါက်မည် ထင်သည်။ ( ကိုယ်တိုင်လည်း ဘာမှတော့ မဟုတ် ) ဤ၌ ပြည်ပ သာသနာပြု နှင့် လူမျိုးခြား သာသနာပြု မတူကြောင်း သတိထားသင့်သည်။ ပြည်ပ သာသနာပြု အောက်၌ ပြည်ပရောက် မြန်မာများ ပါဝင်၏။



ပုဂံ သမိုင်းကို ကြည်ရာ ရှင် အရဟံကြောင့် ထေရဝါဒ သာသနာ ရောက်သွားသော်လည်း ရှေးရိုးစွဲ နတ်၊ တန္တရ၊ မန္တရ တို့ မပျောက်ကွယ် ခဲ့။ ဘုရင် အနော်ရထာက အတင်း အကျပ် မကိုင်တွယ်သောကြောင့်ဟု သမိုင်းပညာရှင်တို့ ဆိုသည်။ သို့သော် ဘာသာရေးဆိုင်ရာ ဩဝါကများက ရှင်အရဟံ ထံမှ ရသည်၊ ရှင်အရဟံက လမ်းညွှန်လျှင် ထေရဝါဒ သာသနာအပေါ် သည်းချေခိုက်နေသော ဘုရင် အနော်ရထာက ရှင်အရဟံ၏ ဩဝါဒကို မသွေဖီ တန်ရာ။ သို့သော် ( သို့သော်တွေများနေပြီ၊ သို့သော် လိုနေ၍ သုံးဦးအံ့ ) ပညာမြင့်လာလျှင် ကိုးကွယ်မှုလည်း မြင့်လာမည် ဟု ၂၁ ရာစုဆန်ဆန် ဘုရင် အနော်ရထာသုံးသပ်ခဲ့သည်။

ဆိုလိုသည်မှာ ရှေးရိုးစွဲ အသည်းခိုက် ယဉ်ကျေးမှုတို့ကို ဒေသနာနှင့် လုံးလုံး လျားလျား မဆန့်ကျင်လျှင် သာသနာပြုတို့ ကိုယ်တိုင်ကပင် သူတို့ ယဉ်ကျေးမှုကို ဝေဖန် ပုတ်ခတ်နေမည့်အစား ဒေသနာနှင့် ညှိကာ ပို၍ အဓိပ္ပါယ်ရှိသော ယဉ်ကျေးမှုဖြစ်အောင် လမ်းညွှန်တတ်ကြသည်။ တရုတ်တို့ သရဲကြီးကိစ္စ ဆိုလျှင် အနော်ရထာ မဆိုထားနှင့် အလွန် ရက်စက်သော တရုတ်ကွန်မြူနစ်ပင် လက်မြှောက်ရသည်။ မရပါ။ ထို့ကြောင့် အနော်ရထာမှန်သည်။ လူထု နှလုံးသားထဲက အစိမ်း အကျက် နတ်တို့ကို အနော်ရထာလည်း ဆွဲမထုတ်နိုင်။ သူတို့ အသိဉာဏ်ကသာ ဆွဲထုတ် နိုင်ပေမည်။ အတုယူလိုက ယူလို့ရသည်။



တရုတ်လူမျိုးများ လူနား ပြက္ခဒိန်၏ ၇ လမြောက် လ ဖြစ်သည့် သရဲကြီးလ ကို သီဟိုဠ် ဆရာတော်ကြီး တစ်ပါးက " စုပေါင်း ရေစက်ချပွဲတော်- General Transferring of Merits " ဟု သုံးလိုက်သည်။ ဘာကိုမှ မီးရှို့ရန်မလို၊ ဘုရားဆွမ်းကပ်၊ သံဃာများကို ဆွမ်းကပ် သင်္ကန်းလှူ၊ ကောင်းမှုများ ပြု၊ ထိုထို ပြိတ္တာတို့ကို ရေစက်ချ အမျှဝေပေးကြ။ သံဃာတော်တို့က တိရောကုဋ္ဋ သုတ်ကို ရွတ်ဘတ် သရဇ္ဈာယ်တော်မူကြသည်။ တရုတ်လူမျိုးများလည်း ယဉ်ကျေးမှုကြောင့် ပျက်ရယ်ပြု မခံရ၊ လူသားများလည်း ဒေသနာနှင့်အညီ ကုသိုလ် ပြုခွင့်ရ၊ စာအုပ်ထဲမှာ လှောင်ပိတ်မိနေသော တိရောကုဋ္ဋ သုတ်လည်း သံဃာတော်တို့ နှုတ်၊ နှလုံးသားထဲရောက်၊ လူတို့လည်း ပါဠိတော် စစ်စစ် နာကြားခွင့်ရ ( ရဟန်းစီ လူစီသော ဂါထာမဟုတ်၊ ဘုရားသီခဲ့သော ဂါထာ အစစ်များ ဟု ဆိုလိုသည် )။ အလွန် ပညာပါပြီး အလွန်လည်း ကျေးဇူးများ၏။ တရုတ်မှာ၊ဂျပန်မှာ၊ အမေရိကန်မှာ၊ မြန်မာမှာ ရှေးဟောင်း ယဉ်ကျေးမှုများရှိကြ၏။ မတူကြ။ သို့သော် ဒေသနာက တူ၏။ လူမျိုးခြား သာသနာပြုဟူသည် အဆုံးအမ က ရှေ့က သွားမှ ခရီးတွင်သည်။ ယဉ်ကျေးမှုများက ရှေ့ကသွားနေလျှင် ထိုဝန်ကြောင့် ဒေသနာပင် တိုးအား လျော့သွားတော့သည်။ နိုင်ငံခြားသားများက ငါးပါးသီလပဲ ယူမည်။ ဩကာသ ကိုတော့ လိုက်ဆိုနေမည် မဟုတ် ဟူလို။

ဤစာဖြင့် ကျေးဇူရှင် ဆရာတော် မဟာဝီရ အား ဦးညွတ်ပါ၏။ တရုတ်သရဲ၊ မြန်မာသရဲ၊ သူရဲပေါင်းစုံ တိရောကုဋ္ဋ သုတ်ကို နာကြားခွင့်ရပြီး ကျွတ် လွတ်ကြပါစေ။


သီဟနာဒ

Post a Comment