နားဝင်မချိုတဲ့ အမှန်တရားတချို့ ( ၂ )

လီကွမ်းယုရဲ့ Hard Truths (to keep Singapore going) ထဲက သင့်တော်မယ့် အပိုင်းတွေကို ရွေးပြီးဘာသာပြန်ထားတာပါ။ သူ့အတွေးအခေါ်၊ သူ့လုပ်ဆောင်ချက်တွေ အရင့်အရင် စာအုပ်တွေမှာ တချို့ပါခဲ့ပေမယ့် ဒီစာအုပ်ကတော့ လူငယ်ဂျာနယ်လစ်တွေနဲ့ တွေ့ဆုံမေးမြန်းထားတဲ့ အင်တာဗျူးဖြစ်ပြီး အမေးအဖြေပုံစံဆိုတော့ ပိုပြီးသွက်နေတယ်လို့ ခံစားရလို့ပါ။ တစ်စုံတစ်ရာ ရနိုင်ကောင်းပါရဲ့လို့ မျှော်လင့်မိပါတယ်။
ဇင်ဝေသော်


မေး။          ။ အရင် စင်ကာပူခွဲထွက်ပြီးစကနဲ့နှိုင်းယှဉ်ရင် ဒီနေ့ မလေးရှားက သူတို့ပြည်တွင်းရေးကိုပဲ တစိုက်မတ်မတ်လုပ်ဖို့ အာရုံကျလာတော့ စင်ကာပူအပေါ်မှာထားတဲ့ သူတို့သဘောထားတွေ ပြောင်းလဲလာတယ်လို့ မထင်မိဘူးလား။

ဖြေ။           ။ ဒါကို မင်းတို့ယုံကြည်သလား။ ငါတို့လေယာဉ်ကွင်းရဲ့ အပြည်ပြည်ဆိုင်ရာ ထိပ်တန်းအဆင့်ကို ကျော်တက်ဖို့ ကြိုးစားနေကြတယ်။ ကမ္ဘာ့ခုံရုံးရဲ့ အဆုံးအဖြတ်နဲ့ စင်ကာပူက ပက်ဒရာ ဘရန်ကာကိုရလိုက်ပြီး မလေးရှားက Middle Rocks ကို ရလိုက်တယ်။ ဒီနှစ်ခုရဲ့ နယ်ခြားစည်း မခတ်ရသေးဘူး။ ၁၉၄၁- ခု ရပ်ဖဲ(လ်) ကောလိပ်မှာ တက်နေတုန်းက ကေဒါက ကျောင်းသားတစ်ယောက်ပြောတာကို ငါမမေ့သေးဘူး။ မင်းတို့ တရုတ်တွေ သိပ်များလွန်းတယ် တဲ့။ တကယ်က တရုတ်တွေက ဈေးဆိုင်တွေကို ပိုင်ဆိုင်ကြတယ်။ ပြောမယ့်သာပြောတာ၊ သူနေတဲ့ ကေဒါမှာ တရုတ်ကကနည်းနည်းလေးပဲရှိတယ်။

မလေးရှားနဲ့ ပူးပေါင်းလိုက်ရင် အဲသလို လူမျိုးစွဲစိတ်တွေ ပျောက်သွားမယ်လို့ ငါထင်ခဲ့မိတယ်။ ငါမှားသွားတယ်။ တန်ကု က တရုတ်ဆို လုံးဝအလိုမရှိတာ။ သူက လူကောင်းပဲ။ သူ့မှာ တရုတ်မိတ်ဆွေတွေ အများကြီးရှိတယ်။ ဒါပေမယ့် သူ့စိတ်ထဲမှာ မလေးရှားလူမျိုးက အမြဲတမ်း နံပါတ်တစ်ဆိုတဲ့ဝါဒ။ အဲဒါ သူ့ရဲ့ လူမျိုးရေးအမြင်ပဲ။

မေး။          ။ ဒါဆိုရင် နိုင်ငံရေးသဘောထားတွေ မပြောင်းသေးဘူးပေါ့။ တချို့ပြောနေကြတာကတော့ မျိုးဆက်သစ်လူငယ်ခေါင်းဆောင်တွေလက်ထက်မှာ ဒီလို စိတ်ဓာတ်တွေ ပျောက်သွားလိမ့်မယ်တဲ့။

ဖြေ။           ။ မလေးရှားရဲ့ ဘယ်မျိုးဆက်က ဒီလိုအခြေခံပြောင်းလဲမှုကို ပြောင်းလဲပစ်ဖို့ ကြိုးစားနေကြသလဲ။

မေး။          ။ ဒါဆို ဘယ်တော့မှ မပြောင်းလဲဘူးပေါ့။

ဖြေ။          ။ “ဘယ်တော့မှ ” ဆိုတဲ့စကားက အချိန်သိပ်ကြာလွန်းနေမယ်။ လတ်တလော ပြောင်းလဲဖို့ အလားအလာတော့ မမြင်မိဘူး။ စင်ကာပူမှာ လုံးဝမတူညီတဲ့ အခြေခံသဘောတရားတွေရှိတယ်။ ငါတို့က လူမျိုးပေါင်းစုံ မဲရစ်တိုကရေစီ။ လူမျိုးစုတွေရဲ့ကြား၊ လူမှုရေးနဲ့ စီးပွါးရေး မတူညီမှုတွေကြားမှာ ညီမျှခြင်းတစ်ခု ငါတို့ရှာဖွေနိုင်ခဲ့တယ်။

ငါ့ဆွေမျိုးတွေ ကွာလာလမ်ပူမှာရှိတယ်။ သူတို့ မလေးရှားကနေ အပြီးအပိုင် ထွက်သွားပြီး သြစတေးလျမှာ အခြေချနေကြတော့တယ်။ ငါတို့မှာက စင်ကာပူရှိတယ်။ ဒီမှာ ရိုးမြေကျနေထိုင်သွားကြဖို့လည်း ဆန္ဒရှိကြတယ်။ ငါတို့ခိုင်မာနေသရွေ့ အပြည်ပြည်ဆိုင်ရာ နိုင်ငံတွေနဲ့ သဟဇာတဖြစ်နေသရွေ့ စင်ကာပူက ဘာမှမဖြစ်ဘူး။ အေးဆေးပဲ။

အခုဆိုလိုတာက မတူညီတဲ့လူ့အဖွဲ့အစည်း၊ နိုင်ငံရေးခံယူချက်တွေကြောင့် အတူလက်တွဲပြီး အလုပ်လုပ်လို့ မရဘူးလို့ ပြောနေတာမဟုတ်ဘူး။ မလေးရှားနဲ့ အာဆီယံနဲ့ အတူလက်တွဲ အလုပ်လုပ်လို့ရတယ်။ မဟာသီယာနဲ့ ငါနဲ့ဆိုရင် အခုထိ သဘောတူစာချုပ်တွေ လက်မှတ်ထိုးနေကြတုန်းပဲ။

အတူလက်တွဲ အလုပ်လုပ်ဖို့ တစ်ယောက်ကိုတစ်ယောက် ချစ်နေစရာမလိုဘူး။ အကျိုးအမြတ်ရယူလိုမှုက ခံစားချက်ကိုတော့ ပယ်ဖျက်မပေးနိုင်ဘူးပေါ့။ ဒါပေမယ့် အားပိုကောင်းအောင်တော့ မောင်းနှင်ပေးနိုင်လိမ့်မယ်။ ဝန်ကြီးချုပ် နာဂျစ် ရာဇတ်ဆိုရင်လည်း ဆင်ခြင်သုံးသပ်နိုင်တဲ့ ခေါင်းဆောင်တစ်ယောက်ပဲ။ သူက ငါတို့နဲ့ ပူးပေါင်းအလုပ်လုပ်ချင်တယ်။ ဘာလို့ထင်သလဲ။ မလေးရှား အကျိုးအမြတ်ရနိုင်လို့။ ဒါပေမယ့် သူ့နိုင်ငံထဲက နိုင်ငံရေးသမားတွေလိုလူတွေရဲ့ ခံစားချက်နဲ့ ခံယူချက်ကို သူကောင်းကောင်း ကိုင်တွယ်နိုင်မှ ရလိမ့်မယ်။ မလေးရှားအတွက် အကျိုးအမြတ်ရနိုင်မယ့် ပရော့ဂျက်တွေအတွက် ဘယ်လောက်အထိ သူတို့စိတ်လိုလက်ရရှိကြသလဲဆိုတာနဲ့ စင်ကာပူအတွက် အကျိုးအမြတ်ကိုရော သူတို့ဖက်က ကူညီဖို့ အဆင်သင့်ဖြစ်နေကြပြီလား ဆိုတာကို မလေးရှားခေါင်းဆောင်တိုင်း စဉ်းစားထားသင့်တယ်။ ဒီမေးခွန်းကို ငါတို့က မေ့သွားမှာ မဟုတ်ဘူး။

မေး။          ။ စင်ကာပူနဲ့ မလေးရှားတို့ ခြားနားချက် ဒီထက်ပိုကွာသွားမယ်ဆိုရင် ကျွန်တော်တို့က ပိုအားကောင်းတဲ့ ဆွေရင်းမျိုးရင်းတွေလိုဖြစ်လာပြီး ဆက်ဆံရေး ပိုအဆင်ပြေမလာနိုင်ဘူးလား။

ဖြေ။           ။ အဖြေက “ရက်စ်” နဲ့ “နိုး” ပဲ။ ဒါဆို သူတို့ ငါတို့အပေါ် ဗိုလ်ကျလို့မရတော့ဘူးပေါ့။ ဒါပေမယ့် စိတ်ထဲမှာတော့ ပိုပြီးခံရခက်နေလိမ့်မယ်။ “စင်ကာပူကို ခွဲထွက်ခွင့် မပြုခဲ့သင့်ဘူး” ဆိုတာ သူတို့အမြဲတမ်းပြောနေကျစကား။ မလေးရှားသတင်းစာတွေကို ဖတ်ကြည့်။ တန်ကုက စင်ကာပူကို ခွဲထွက်ခွင့်မပြုခဲ့သင့်ဘူးဆိုတာ အခုအထိ ရေးနေကြတုန်းပဲ။

အစက ဒါတွေကို ငါကြိုသိခဲ့တယ်ထင်သလား။ ၁၉၅၂- ခုနှစ်တုန်းက ငါ့ရင်ထဲမှာ တော်တော်ကြီးပေါ့သွားလို့ ဟုတ်ပြီ၊ လွတ်လပ်ရေးရပြီ။ နိုင်ငံရေးထဲကို ငါဝင်တော့မယ်လို့ ဆုံးဖြတ်ခဲ့တယ်။ ဒါနဲ့ရှိတဲ့ငွေလေးတွေကို တရားရေးဘက်မှာ ရင်းနှီးလိုက်တယ်။ အဲသလိုနဲ့ နိုင်ငံရေးလောကထဲ ရောက်မှန်းမသိ ရောက်သွားရော။ အဲဒီအချိန်မှာ သိလိုက်ရတာက ငါကိုယ်တိုင် ကွန်မြူနစ်ဝါဒရဲ့ အကျဉ်းသားဖြစ်နေခဲ့ရပြီဆိုတာပဲ။ ဒီတော့ ကွန်မြူနစ်ဝါဒ မကြီးစိုးနိုင်တဲ့ မလေးရှားဆီကို ငါရောက်သွားတယ်။ မလေးရှားရောက်တော့ မလေးဗိုလ်ကျစိုးမိုးရေးနဲ့သွားပြီး ထိပ်တိုက်တိုးနေပြန်ရော။ နှစ်နှစ်အတွင်း ငါတို့ကို မောင်းထုတ်လိုက်တယ်။ ဒီတော့ ငါတို့လုပ်စရာရှိတာက စင်ကာပူ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်အောင် ကြိုးစားကြဖို့ပဲ။

ဒီပြဿနာတွေကို အစကတည်းက ကြိုသိခဲ့ရင် နိုင်ငံရေးထဲကို ငါရောက်လာမှာ မဟုတ်ဘူး။ ၁၉၅၉- ခုကနေစလို့ အသစ်ပြန်ကြိုးစားကြည့်ပါလားလို့ မင်းတို့ကပြောကြည့်။ ငါကတော့ “လုံးဝ” ပဲ။ မဖြစ်နိုင်တော့ဘူး။ ဒီလို ရလဒ်တွေရဖို့ လုံးဝမဖြစ်နိုင်တော့ဘူး။ ဒါတွေပြောရရင် အများကြီးပဲကွ။

၁၉၇၁- ခုနှစ်မှာ ငါနဲ့ ဗြိတိသျှလေဘာအစိုးရရဲ့ ဆက်ဆံရေး၊ ပြီးတော့ ဗြိတိသျှတပ်တွေ ရုတ်သိမ်းသွားတဲ့ ၁၉၇၅- ခုအထိ ကွန်ဆာဗေးတစ်အစိုးရနဲ့ ဆက်ဆံရေး၊ စုံလို့ပဲ။ သတိရမိတယ်ကွာ။ အဲဒီနောက် သမ္မတဆူဟာတိုနဲ့လက်တွဲပြီး စင်ကာပူကို အခြေကျအောင် ကြိုးစားခဲ့ကြတယ်။ ဆူဟာတိုက ရှဥ့်လဲလျှောက်၊ ပျားလဲစွဲဝါဒကို သဘောပေါက်တယ်။ အင်ဒိုနီးရှားနဲ့ စင်ကာပူ ပူးပေါင်းအလုပ်လုပ်ရင် ပိုအဆင်ပြေနိုင်မယ်။

အဲဒီနောက် ရာဇက်နဲ့ပေါင်းခဲ့တယ်။ သူက ဆုံးသွားပြန်ရော။ ပြီးတော့ ဟူစိန် အုန်း။ သူလည်း ကြာကြာမခံပြန်ဘူး။ အဲဒီနောက် မဟာသီယာ။ သူက ငါဟာ နှိမ်လို့မရဘူးဆိုတာ ကောင်းကောင်းသိတယ်။ ငါတို့ မလေးရှားပါလီမန်ထဲမှာ အတူတူတွေ့ကြတုန်းက ငါက ဘာကိုမှ အကြောက်အလန့်မရှိတဲ့ကောင်ဆိုတာ သူသိထားတယ်။

ဂိုချောက်တောင်တက်လာတော့ မဟာသီယာက ငါနဲ့သဘောတူထားတာတစ်ချို့ကို ပြောင်းလဲပြင်ဆင်လိုကြောင်း ပြောလာတယ်။ ဒါနဲ့ ဂိုချောက်တောင်ကို ငါပြောတယ်။ သူပြောင်းချင်တာတွေသာ ပြောင်းပေးလိုက်ရင် မင်းတော့ ဒုက္ခရောက်ပြီသာ မှတ်ပေတော့လို့။ သဘောတူထားတယ်။ ဒါပဲ။ ပြီးပြီပေါ့။ မဟာသီယာက ဒါကိုလုံးလုံးမကျေနပ်ဘူး။ ဒါနဲ့ ဂိုချောက်တောင်က ပြန်ပြောတယ်။ “ခင်ဗျားက ဟိုဟာပြောင်းချင်၊ ဒီဟာပြောင်းချင်နဲ့ ကျွန်တော်တို့က ဒါတွေကို လုပ်မပေးနိုင်ဘူး” တဲ့။ ငါတို့ NEWater ပရောဂျက် မအောင်မြင်ခင်က ရေအရောင်းအဝယ်အတွက် နှစ်တစ်ရာတိုးပြီး စာချုပ်ချုပ်ခဲ့ကြတယ်။ အဲဒီနောက် မဟာသီယာက ရေဂါလံတစ်ထောင်ကို သုံးရင်းဂစ်ပိုတောင်းတယ်။ အကြောင်းကတော့ ဟောင်ကောင်က တရုတ်ဆီက ရေဝယ်ရာမှာ ဂါလံတစ်ထောင်ကို နှစ်ရူပီးတောင်ပေးရလို့တဲ့။

နည်းပညာတွေ တိုးတက်လာတယ်။ သောက်ရေသန့်ရရှိရေးအဖွဲ့ကလည်း မနေမနား အားထုတ်ကြတယ်။ အခု ငါတို့ ရေသောက်ဖို့ အလုံအလောက်ရှိနေပြီ။ မဟာသီယာ တော်တော်စိတ်ညစ်သွားတယ်။ သူက ငါတို့ကို ရေနဲ့ခြိမ်းခြောက်ပြီး ငွေပိုရနိုင်သလောက်ရအောင် ကြိုးစားနေခဲ့တာ။

မေး။          ။ ကျွန်တော်နဲ့တွေ့တဲ့ မလေးတိုင်းကတော့ စင်ကာပူက စိတ်ကသိကအောက်ဖြစ်စရာ၊ သူတို့အစိုးရနဲ့ မီဒီယာကလည်း ဘယ်တော့မဆို မလေးဆိုရင် ကန်ထုတ်ပစ်မှာပဲ။ ဒါပေမယ့် ဒါကြောင့်တော့ မလေးရှားနဲ့ စင်ကာပူ စစ်ဖြစ်စရာမလိုပါဘူး- တဲ့။

ဖြေ။           ။ အေး ဒါဆိုကောင်းတာပေါ့။

မေး။          ။ ဒါဆိုရင် စိတ်အေးစရာပဲပေါ့။

ဖြေ။           ။ တကယ်တော့ စင်ကာပူက သူ့ကိုယ်သူကာကွယ်နိုင်ပါတယ်။ ဒါ့ကြောင့်- ။

မေး။          ။ ဒီလိုမဟုတ်ဘူးထင်တယ်။ မလေးရှားရဲ့ ကမ္ဘာ့အမြင်မှာ စင်ကာပူက အကျုံးမဝင်ပါဘူး။ စိတ်ကသိကအောက်ဖြစ်စရာ အနည်းငယ်သဘောလောက်တင်ပါ။

ဖြေ။           ။ ဒါဆို မလေးရှားအလုပ်သမားဝန်ကြီးပြောတာကို နားထောင်ကြည့်။ “စင်ကာပူကနေ ပြန်လွှတ်ခံလိုက်ရတဲ့ မလေးလူမျိုးသုံးသိန်းအတွက် ကျွန်တော်တို့ အလုပ်အကိုင်တွေ ဖန်တီးပေးထားပြီးသားပါ” တဲ့။ ကဲ အလုပ်အကိုင်တွေက ဘယ်မှာလဲ။ “ငါတို့က နိုင်ငံကြီး ပြဿနာမရှိ၊ ငါတို့လူမျိုးကို အချိန်မရွေး ပြန်ခေါ်နိုင်တယ်” ဆိုတာ ပြချင်ရုံပဲ။ ဘာကြောင့် သူတို့က နိုင်ငံကြီးဗိုလ်ကျစိုးမိုးရေးဝါဒရှိနေရတာလဲ။

မေး။          ။ သူတို့အဆိုအရကတော့ မလေးရှားက စင်ကာပူအကြောင်း စဉ်းစားတာထက် စင်ကာပူက မလေးရှားအကြောင်း စဉ်းစားနေတာက ပိုနေတယ်ဆိုလားပဲ။

ဖြေ။           ။ မဟုတ်ပါဘူး။ ဒီအကြောင်း ငါတို့မပြောခဲ့၊ မကြံစည်ခဲ့ပါဘူး။ ကိုယ့်အကြောင်းကိုယ်ပဲ စဉ်းစားတယ်။ ဒါက သူတို့ပြောနေတာပါ။ မလေးဘာသာနဲ့ သတင်းစာတွေကို ဖတ်ကြည့်။ တစ်ခါတစ်ခါ အင်္ဂလိပ်လို သတင်းစာမှာတောင်ပါသေးတယ်။


ဇင်ဝေသော်

Post a Comment