တောင်မှန်းမသိ မြောက်မှန်းမသိ

အိုလံပစ်က မစရသေးဘူး ဗြိတိသျှအိုလံပစ်ပွဲ ဖြစ်မြောက်ရေး ကော်မတီကတော့ အဝါကတ် ထိသွားပြီ။ ကိုလံဘီယာ နဲ့ အမျိုးသမီး ဘောလုံးပွဲ မကန်မီ မြောက် ကိုရီယား အားကစား သမားတွေကို တောင် ကိုရီယား နိုင်ငံ အလံ နဲ့ တွဲပြီး မိတ်ဆက်လိုက်ပါလေရော။ ဒါကို မကျေနပ်တဲ့ ဘောလုံးသမားတွေက ကွင်းထဲဆင်းဖို့ ငြင်းဆန်နေလို့ တစ်နာရီ ကျော်ကျော် နောက်ကျသွားခဲ့တယ်။ မြောက်ကိုရီယား အိုလံပစ်အဖွဲ့ ခေါင်းဆောင်က မကျေမနပ် အဖြစ်ဆုံး၊ ဒါမျိုး အမှား ထပ်ပြီး မကျူးလွန်မိစေဖို့ အိုလံပစ် ကော်မတီကို တောင်းဆိုခဲ့တယ်။ နိုင်ငံတော် အလံ နဲ့ နိုင်ငံတော်သီချင်း ကို ပွဲမစမီ မှန် မမှန် စစ်ဆေးဖို့ သက်ဆိုင်ရာ နိုင်ငံရဲ့ အဖွဲ့ ခေါင်းဆောင် တစ်ယောက်ယောက်ကို စေခိုင်းသင့်ကြောင်းလည်း အကြံပြု သွားခဲ့တယ်။


အိုလံပစ် ကော်မတီ ဂျက်ကွက် က ဒါမျိုး ထပ်မဖြစ်စေရဖို့နဲ့ ဖြစ်သွားတာကလည်း နိုင်ငံရေး ပယောဂ မပါ ဟျူးမင်း မစ်စ်တိတ် သက်သက်သာဖြစ်ကြောင်း တောင်းပန်ခဲ့တယ်။ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းတောင် သူ့ နေရာသူ နေမရတော့ဘဲ ရိုးသားတဲ့ အမှား တစ်ခု ဖြစ်ကြောင်း ဝင် တောင်းပန်ခဲ့ရတယ်။

ဂလက်စကို မှာရှိတဲ့ ပွဲ ဖြစ်မြောက်ရေး ကော်မတီက ဗီဒီယို အမှားကို ပို့လိုက်တဲ့ လန်ဒန် ဌာနချုပ်ကို လှမ်းပြီး အပြစ်တင်တယ်။ လန်ဒန်အိုလံပစ်ပွဲ နဲ့ ပတ်သက်လို့ ဒါက ပထမဆုံး အကြိမ်တော့ မဟုတ်ပါဘူး တဲ့။ တောင် အာဖရိက အသင်းကို လည်း တောင်းပန်ခဲ့ရ ပြီးပါပြီ။ လူမျိုးရေး အသားရောင် ခွဲခြားတဲ့ နိုင်ငံတော်သီချင်း ကို မှား ဖွင့်လိုက်မိလို့ ပါ တဲ့။

ဒါတင် မပြီးသေးဘူး။ ကိုလံဘီယာ နည်းပြက ပွဲစဉ် ကပျက် ယပျက် ဖြစ်ပြီး သူ့ ကစားသမားတွေ စိတ် ကသိကအောက် ဖြစ်ရတာမို့ မြောက် ကိုရီယားကို နှစ် ဂိုးပြတ် ရှူံးရတာလို့ စောဒက တက်နေဆဲ ပါ။

လန်ဒန်အိုလံပစ်ပွဲတော် ကတော့ အမှားတွေနဲ့တင် စိတ်ဝင်စားစရာ ကောင်းနေပြီ။

Ref: The Times,London. Associated Press. AGENCE France-press.


ဇင်ဝေသော်
(16-Jul-2012)







Copyright © 2012 ကမ်းလက်. All rights reserved.

Post a Comment