အမှန်တကယ် ပျော်ရွှင်ကြသူများ (၁)

ဗုဒ္ဓခေတ်က လွတ်မြောက်ရာကို ရှာဖွေကြသောခေတ်ဖြစ်သည်။ အယူအဆ အကျင့်စရိုက် မတူကြသော်လည်း အားလုံးလိုလိုက ဝိမုတ္ထိကို ရှာဖွေနေကြခြင်းဖြစ်၏။ ယနေ့ ခေတ်က ဝိမုတ္ထိထက် ပျော်ရွှင်မှုကို ရှာဖွေသောခေတ်ဖြစ်သည်။

စာအုပ်များ၊ ဆောင်းပါးများ များစွာရှိသည်။ “ပျော်ရွှင်သော ဘဝကို - ” ဘာညာဘာညာ စသော ခေါင်းစဉ်များဖြင့် ဖြစ်သည်။ ထိုအခါ သိပ္ပံပညာရပ်ကလည်း မလွဲမရှောင်သာပျော်ရွှင်ခြင်းအကြောင်းတရားကို စူးစမ်း သုတေသနပြုလာကြတော့သည်။ စာပေ၊ စာအုပ်များ၌သာမက ပျော်ရွှင်ခြင်း၏ သော့ချက်များကို အင်တာနက်ထဲရှာဖွေကြည့်ပါက တစ်သက်လုံးဖတ်၍ မကုန်နိုင်လောက်သည့် လမ်းညွှန်ချက်များတွေ့  ရပေမည်။ အားလုံးကိုဖတ်ပါက ပျော်စရာအချိန်ပင် မရှိနိုင်တော့။

တစ်ချို့ ကမူ သီအိုရီများကို မယုံကြည်ကြ။ ကြည်နူးကျေနပ်စရာကောင်းသောစာ၊ ကာတွန်း၊ ရုပ်ရှင် စသည်ကြည့်လိုက်ခြင်းက တစ်ခဏတော့ပျော်ရွှင်မှုရပြီး စိတ်ဖိစီးမှုကိုလျော့ကျသည်ဟု ယုံကြည်ကာ ထိုထို စာ၊ ကာတွန်း စသည်တို့ ကို ရှာဖွေကြည့်ရှုကြ၏။

တစ်ခါက အတန်းထဲမှာ ပြောဖူးသည်။
“ဘယ်အချိန်မှာ ငါမပျော်တာလဲ” ဆိုသည့်မေးခွန်းကို ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ကြရန်ဖြစ်သည်။ သူတို့ ကိုလည်း ဘယ်လိုအခါမှာ မပျော်မရွှင်ဖြစ်သလဲဟု မေးကြည့်ရာ အဖြေ အများကြီးကွဲထွက်သွားသည်။

ကျောင်းသားက "အိမ်စာတွေများတဲ့အခါ"၊ "စာမေးပွဲကျတဲ့အခါ" စသည်ဖြေပြီး လူကြီးများက "အလုပ်ပရက်ရှာများတဲ့အခါ"၊ "စီးပွားရေးမကောင်းတဲ့အခါ" စသဖြင့် ဖြေဆိုကြသည်။ သူတို့ အဖြေများလည်း မှန်ပါသည်။ သို့ သော် ယေဘုယျတန်ဖိုးကိုမူ မရောက်ပေ။

ထို့ ကြောင့် အဘိဓမ္မာနှင့်ကပ်၍ ပြောမိသည်။
“လွယ်လွယ်လေးပါ။ စိတ်တိုနေရင် စိတ်ထဲအလိုမကျရင် မပျော်ဘူး” ဟုဖြစ်သည်။

ဒေါသသည် ပျော်ရွှင်ခြင်း၏ ဆန့် ကျင်ဖက်ဖြစ်၏။ အဘိဓမ္မာဆန်ဆန်ဆိုလျှင် ဒေါသ၌ သောမနဿ သဘောမရှိ။ ထို့ ကြောင့် ဒေါသ၏ အပေါင်းအပါများဖြစ်ကြသည့် ဣဿာ မစ္ဆရိယ ကုက္ကုစ္စ တို့ ဖြစ်ခိုက် လူတစ်ယောက် မပျော်ပိုက်နိုင်တော့ပေ။

အနည်းငယ်ချဲ့ လို၏။
အခြားသော အကုသိုလ်များက အကုသိုလ်ပင်ဖြစ်တန်စေ ပျော်ရွှင်မှုကိုပေး၏။ ဥပမာ မောဟ မသိခြင်းဖြစ်သည်။ လူ့ ဘဝ၌မသိပျော် ပျော်နေရသော အခိုက်အတန့် များစွာရှိသည်။ သိလိုက်မှ စိတ်ညစ်ရသည်။ လောဘ။ ပျော်ရွှင်ခြင်း၏ အဓိကသော့ချက်ကပုထုဇဉ်များအတွက် လောဘသဘောတရား ဖြစ်သည်။ လောဘနှင့် သောမနဿသဘောတိုက်ရိုက်ထိစပ်နေသည်။ ဆိုလိုသည်မှာ လောဘမူစိတ် တို့ ၌ သောမနဿဝေဒနာက ဦးဆောင်တက်လာသည်။ အပြစ်ကင်းသော ပျော်ရွှင်မှုတော့ မဖြစ်နိုင်။ သို့ သော် ပျော်ရွှင်မှုကတော့ ပျော်ရွှင်သာဖြစ်၏။

လောဘ၊ ဒေါသ၊ မောဟ ဟူသော အကုသိုလ်ဗိုလ်ချုပ်ကြီးသုံးယောက်အနက် ပျော်ရွှင်မှုကို လုံးဝမပေးနိုင်သော ဗိုလ်ချုပ်ကတော့ ဒေါသပင်ဖြစ်သည်။ ဒေါသဖြစ်ခိုက် ထိုပုဂ္ဂိုလ် လုံးဝမပျော်နိုင်။ ထို့ ကြောင့် အဘိဓမ္မာ သဘောတရား အရ ပျော်ရွှင်သောဘဝနှင့် မပျော်ရွှင်သောဘဝကို တိုင်းထွာကြည့်ရန် ဒေါသ၊ ဣဿာ မစ္ဆရိယ ကုက္ကုစ္စ တို့ သာရှိတော့သည်။ ဒေါသဖြစ်ခိုက် ဣဿာ မစ္ဆရိယ ကုက္ကုစ္စ ဖြစ်ခိုက် မပျော်။

ဒေါသအကြောင်းကို အနည်းငယ်ချဲ့ လိုသည်။
ဒေါသဖြစ်ကြောင်းတရားဆယ်ပါးရှိ၏။ ပုဂ္ဂိုလ်နှင့်ဆိုင်၏။ ကာလသုံးပါးနှင့်ဆိုင်၏။
အတိတ်နှင့်စပ်၍ 
၁။ သူ ငါ့အကျိုးမဲ့ကို ပြုဖူးပြီ။
၂။ သူ ငါ့မိတ်ဆွေတွေရဲ့ အကျိုးမဲ့ကို ပြုဖူးပြီ။
၃။ သူ ငါ့ရန်သူရဲ့ အကျိုးစီးပွားကို ဆောင်ဖူးပြီ။
ပစ္စုပ္ပန်နှင့် စပ်၍ 

၎။ သူ ငါ့အကျိုးမဲ့ကို ပြုဆဲ။
၅။ သူ ငါ့မိတ်ဆွေတွေရဲ့ အကျိုးမဲ့ကို ပြုဆဲ။
၆။ သူ ငါ့ရန်သူရဲ့ အကျိုးစီးပွားကိုဆောင်ဆဲ။ ဟု သုံးမျိုးပြသည်။
အနာဂတ်နှင့် စပ်၍ 

၇။ သူ ငါ့အကျိုးမဲ့ကို ပြုလုပ်လိမ့်မည်။
၈။ သူ ငါ့မိတ်ဆွေတွေရဲ့ အကျိုးမဲ့ကို ပြုလုပ်လိမ့်မည်။
၉။ သူ ငါ့ရန်သူရဲ့ အကျိုးစီးပွားကို ပြုလုပ်ပေးလိမ့်မည်။ ဟုဖြစ်ပြီး နောက်ဆုံး
၁၀။ အဋ္ဌာန ကောပ ဆိုသည့် စိတ်တိုရမည့်ကိစ္စမဟုတ်သည်တို့ ကို တိုနေခြင်းဖြစ်သည်။ ဥပမာ မိုးမပြတ်ရွာမှု၊ နေပူမှု၊ မီးပွိုင့်၏အချိန်ကြာသည်ဟု ထင်မှု၊ ဘတ်စ်ကားနှေးမှု စသည်တို့ ဖြစ်သည်။

ဤဆယ်ချက်ကို လက်တွေ့ ကျကျကြည့်လျှင် တစ်မှ ခြောက်အထိသည် သဘာဝကျသည်။ ပုထုဇဉ်တိုင်း ဒေါသဖြစ်နိုင် သည့်ကိစ္စတို့ ဖြစ်သည်။ သို့ သော် နှစ် သုံး နှင့် ငါး ခြောက်တို့ ကတော့ ဣဿာ မစ္ဆရိယ သဘောပါဝင်နေသည်။ ခုနှစ်၊ ရှစ်၊ ကိုး အကြောင်းတရားတို့ ကတော့ ရင့်ကျက်သော ပုထုဇဉ်များမှာ မရှိတော့ပေ။ သူက အနာဂတ်ကိစ္စဖြစ်နေသဖြင့် ကြိုတင်ဒေါသဖြစ်နေခြင်းသည် သဘာဝသိပ်မကျတော့။ စိတ်ပညာ သိပ္ပံက ပါရာနွိုက်ဟုပင် သုံးစွဲထားသည်။

နောက်ဆုံး အဋ္ဌာန ကောပ ကတော့ အူလည်လည်အနိုင်ဆုံး ဒေါသဖြစ်သည်။ ခက်သည်က ထိုအကြောင်းကိုပင် မကျော်လွှားနိုင်ဖြစ်နေကြရသည်။ အားလုံးကို ပြန်ကြည့်လျှင် မိမိနှင့် ပတ်သက်၍ဖြစ်ရသောဒေါသက တစ်၊ လေး၊ ခုနှစ် နှင့် တစ်ဆယ်တို့ သာဖြစ်သည်။ သူများကိစ္စကို စိတ်ဝင်စားမှု နည်းမည်ဆိုလျှင် နှစ်၊ သုံး၊ ငါး၊ ခြောက်၊ ရှစ်၊ ကိုး တို့ ကိုရှောင် ရှားနိုင်သည်။

မှန်သည်ဟုထင်သည်။ သူများကိစ္စကိုဝင်မပါတတ်သော ပုဂ္ဂိုလ်များ ဒေါသဖြစ်ကြိမ်နည်းပြီး ပို၍ ပျော်ရွှင်သောဘဝကို ရရှိတတ်ကြသည်။

ဣဿာ မစ္ဆရိယ
ဒေါသဖြစ်ပြီး ဣဿာ မစ္ဆရိယကို ကြည့်ချင်သည်။ လူတိုင်း နားလည်နေသည့် ဤစကားနှစ်လုံးကို ဘာသာမပြန်တော့။ ရှုပ်သွားမှာ စိုးရသည်။ ဣဿာ မစ္ဆရိယဖြစ်ခိုက် မပျော်။

ဤ၌ ဒေါသနှင့် ဣဿာ မစ္ဆရိယတို့ အကြား ခြားနားချက်ဖြစ်နေသည်။ အဘိဓမ္မာသဘောအားဖြင့် အားလုံးသည် အကုသိုလ်သာဖြစ်သည်။ သို့ သော် လက်ရှိဘဝ၌ ဒေါသထက် ဣဿာ မစ္ဆရိယက ပို၍ အောက်တန်းကျသလို သတ်မှတ်ကြ၏။ ဤသတ်မှတ်ချက်က ကမ္ဘာက သတ်မှတ်သည့် ဆိုရှယ် အက်သစ်သဘောဖြစ်သည်။

ဒေါသဖြစ်စရာ ကြုံခိုက် အထိုက်အလျှောက် ဒေါသဖြစ်သည်ကို နားလည်ထားနိုင်ကြသော်လည်း သူတစ်ပါး တိုးတက်အောင်မြင်မှုကို ဣဿာ မစ္ဆရိယ ပွားနေခြင်းကိုမှု နားလည်ပေး အလွန်ခက်ခဲသည်။ ယေဘုယျကို ခြုံကြည့်လျှင် အနောက်တိုင်းလူများက အရှေ့တိုင်းသားများထက် ဣဿာ မစ္ဆရိယနည်းကြသည်။ တစ်ယောက်ကို တစ်ယောက် ဣဿာ မစ္ဆရိယထက် ပိုသာအောင်ကြိုးစားတတ်ကြသည်။ သို့ သော်တရားရိပ်သာများ အရှေ့တိုင်းမှာ ပိုပေါသည်ကိုကား အငြင်းပွား၍မရ။

ဣဿာ မစ္ဆရိယသည် ဆင်းရဲမွဲတေမှု၊ ဘဝ အာမခံချက်မရှိမှုစသည်တို့ နှင့် ဆက်စပ်သည်။ ဆင်းရဲသူတိုင်း ဣဿာ မစ္ဆရိယကြီးသည်ဟု ဆိုရန်မဖြစ်သော်လည်း ဆင်းရဲသော လူ့ အဖွဲ့ အစည်းသည် ဣဿာ မစ္ဆရိယကို ထင်ထင် ရှားရှားပြတတ်သောာ သဘောပို၍ ရှိလေသည်။ မည်သို့ ဖြစ်စေ ဣဿာ မစ္ဆရိယတို့ လည်း ကိလေသာများသာဖြစ်သဖြင့် ထိန်းသူနှင့် မထိန်းသူသာကွာပြီး ပုထုဇဉ်နှင့် ကိလေသာကား လက်ပွန်းတတီးတော့ ရှိနေပေမည်။

အချုပ်ဆိုလျှင် ဣဿာ မစ္ဆရိယ ထူပြောခြင်းသည် ဆိုရှယ်အက်သစ်အရ အထင်သေးစရာဖြစ်သလို ပျော်ရွှင်မှုကိုလည်း တိုက်ရိုက်ထိခိုက်စေသည်။

ကုက္ကုစ္စ
ကုက္ကုစ္စဖြစ်နေလျှင်လည်း မပျော်နိုင်တော့။
ယနေ့ ခေတ်လူသားများ ကုက္ကုစ္စ ကိစ္စကို တော်တော်ခံနေကြရသည်။ စာပေအရ ကုက္ကုစ္စ ဖြစ်ကြောင်း နှစ်ချက်သာရှိသည်။
၁။ ပြုသင့်သည်ကို မပြုခဲ့မှု
၂။ မပြုသင့်သည်ကို ပြုခဲ့မှု ဖြစ်သည်။

စိတ်ရောဂါ အကြီးစားတစ်ခုဖြစ်သည်။ နောင်တများစွာရှိသူသည် ပျော်ရွှင်သောဘဝကို မရနိုင်။ တနည်း နောင်တရခိုက် ထိုပုဂ္ဂိုလ်၏စိတ် ပျော်ရွှင်မနေ။

ဒကာတစ်ယောက်က ယနေ့ ကြုံတွေ့ နေရသော မိသားစုပြဿနာတစ်ခုခုကို တွေးတွေးဆဆ ပြောပြသည်။

“ မိဘတွေက ကလေးငယ်ငယ်ကတည်းက ကလေးထိန်းကျောင်း(Child Care) ကို ပို့ လိုက်တော့ ကလေးတွေကြီးလာတော့လည်း မိဘတွေကို ငယ်ငယ်နဲ့ လူကြီးဂေဟာကို ပို့ လိုက်တော့တယ်။ ဒါက ကံတစ်ပတ်လည်တာပါပဲ” ဟု ဆိုသည်။

သူ့ အတွေးမဆိုးဟု ထင်သည်။
ကုက္ကုစ္စ ဟူသည် အလုပ်က မှားခဲ့သော်လည်း အမှားမှန်းလည်း သိမှဖြစ်နိုင်သည်။ အမှားကို အမှန်ထင်နေသမျှ ကုက္ကုစ္စ ဖြစ်ခွင့်ပင် ကြုံလိမ့်မည်မဟုတ်။ ကြောက်စရာကောင်းသည်။ စစ်စစ်ပေါက်ပေါက်တွေးလျှင် အမှားကင်းသူမရှိ။ ထို့ ကြောင့် ထို ကုက္ကုစ္စကင်းမည့် ပုထုဇဉ်လည်းမရှိ။ သို့ သော် ကုက္ကုစ္စ အထူအပါးတော့ ကွဲနေလိမ့်မည်။ ဤသည်မှာ မိမိအမှားအပေါ် ပြန်လည် သုံးသပ်မည့် ယောနိသော မနသိကာရပင် ဖြစ်သည်။

ကုက္ကုစ္စ ကို ယေဘုယျရှောင်နိုင်သောနည်းကတော့ ဝတ္တရားကျေပြွန် မှုနှင့် ကျေနပ်လောက်အောင် တွေးတော ဆင်ခြင်မှုဖြစ်သည်။

ဝတ္တရားကျေပြွန်လျှင် ဆိုရှယ်နှင့်စပ်သော ကုက္ကုစ္စ နည်းမည်။
သေသေချာချာတွေးတောပြီးမှလုပ်လျှင် ဆုံးဖြတ်ချက်မှားယွင်းမှုနှင့် ပတ်သက်သော နောင်တ နည်းမည်။ မှားသွားလျှင်ပင် အဖြေရှိလျက် မှားခြင်းမဟုတ်။ ဥာဏ်မမီ၍ (သို့ ) မရှောင်နိုင်၍ မှားလိုက်ရသည်ဟု ဖြေဆည်ရာ တွေ့ နိုင်သည်။

ဤကုက္ကုစ္စက ဓမ္မာပဒမှာပင် တိုက်ရိုက်ပါသည်။ ကုက္ကုစ္စနှင့်ပျော်ရွှင်မှုသည် တိုက်ရိုက်ဆန့် ကျင်သည်။

ဣဓ မောဒတိ ပေစ္စ မောဒတိ (ဤဘဝမှာလည်း ပျော်ရွှင်၊ နောင်ဘဝမှာလည်း ပျော်ရွှင်)
ဣဓ သောစတိ ပေစ္စ သောဒတိ (ဤဘဝမှာလည်း ပူပန်၊ နောင်ဘဝမှာလည်း ပူပန်)
ဟု ဂါထာနှစ်ပုဒ်တွဲလျက် မိန့် ခဲ့သည်။

ထို့ ကြောင့် ကုက္ကုစ္စပါး သူလည်း ပို၍ ပျော်ပါးသောဘဝကိုရနိုင်သည်။

ဒေါသ၊ ဣဿာ၊ မစ္ဆရိယ၊ ကုက္ကုစ္စ နည်းသူသည် အခြားသူများထက် ပို၍ ပျော်ရွှင်ဖွယ် ဘဝကို ရနိုင်သည်။

အနောက်တိုင်း စိတ်ပညာက မည်သို့ ဆိုစေ အရှေ့တိုင်း စိတ်ပညာကတော့ “ဒေါသဖြစ်ခိုက် သင် မပျော်” ဟု ခပ်တိုတိုသာ ဆိုလေသည်။


သီဟနာဒ







Copyright © 2012 ကမ်းလက်. All rights reserved.

Post a Comment