မရေရာဘူး

"အမှောင်ညထဲ ကြွေကာပျက်
မလင်းလက်တော့တဲ့ ကြယ်များ အကြောင်း"

နိမိတ်ပုံတွေ ယောက်ယက်ခတ်နေတဲ့ မောင်မောင် ဇော်လတ် ရဲ့ ဒီ စာသားလေး နှစ်ကြောင်း ကို လေးဖြူက ကွဲအက်အက် ငြီးတွားလိုက်တော့ ...
ကြယ်စင်ဟာ အမှောင်ကို ရှက်ရွံ့တတ်သလား။
ဟင့်အင်း။ အမှောင် သက်သက်ကြောင့် တော့ သိက္ခာနဲ့ ကြယ်စင်ဟာ
နောက်ဆုတ်ဖို့ အကြောင်း မလုံလောက်ပါဘူး။ မိုးတိမ်တွေ ကြောင့်လား၊
အခြား အကြောင်းတရားတွေကြောင့်လား။ မလင်းလက်တော့ ဘူးတဲ့ ။

ဝေဝါးခွင့် မရလောက်အောင် လေးဖြူက ဆက်ပြီ ငြီးတွားတယ်
"ပင်လယ်အရောက် အကုန်ကွယ်ပျောက်
စမ်းချောင်းနဲ့ ရေပွက်လေး အကြောင်း"
တဲ့ ။

ကိုနေဝင်း တို့၊ ကိုတိုကြီး တို့ မဇ္ဈိမလှိုင်း ကြီးစိုးခဲ့တဲ့ ၇၀ နဲ့ ၈၀ တွေမှာ နေမင်း ရဲ့ ပုံရိပ်တွေ ထပ်တလဲလဲ ထင်ဟပ်စေသလို (ဥပမာ နေဝင်ညကို ကူးဖြတ်ပြီးမှ.....နေမင်း ပြုံးမယ့် နေ့ စသည် ...)

လေးဖြူကတော့ လမင်းတွေ၊ ပင်လယ်တွေနဲ့ သူ့ ဂီတခရီးကို မွေးမြူခဲ့တယ်။ ကန္တာရ လမင်း၊ ပင်လယ်အော်သံ တဲ့။ သူ့ရဲ့ ပါဝါ ၅၄ ကတော့ တက္ကသိုလ်ရိပ်သာလမ်းဆီ လက်ညှိုး တည့်တည့် ထိုးနေသလိုမို့ ၅၄ ကတော့ကျန်းမရေး ကောင်းခဲ့ဟန်မတူ ဘူး။ ပါဝါ တဲ့။ လမ်းမှာ ကြွေဆုံးသွားခဲ့တယ်။

အခု သူ ထပ်ပြောနေပြန်တယ်။ ပင်လယ်ရောက် အကုန်ကွယ်ပျောက် တဲ့။
ပင်လယ် ဆိုတာ ဆားငန် ရေတွေ ဝါးမြိုထားတဲ့ အဆုံးမရှိရေပြင် ဖြစ်နိုင်သလို တစ်ထွာစာ လူ့ဝမ်းဗိုက်ဟာလည်း သမုဒ္ဒရာ ပါပဲ။
သူတို့လို အနုပညာရှင်တွေဟာ ရေငန်အကြောင်းတော့ ပြောနေကြမှာ မဟုတ်ပါဘူး။

စ မိတဲ့ အတွေးကို မောင်မောင်ဇော်လတ် က အနားယူခွင့် ပေးမထားဘူး။
"စမ်းချောင်းနဲ့ ရေပွက်လေး အကြောင်း" တဲ့။
ပင်လယ်ရောက် အကုန်ကွယ်ပျောက် တာ စမ်းချောင်း၊
ရက်ရက်စက်စက် ဆက်ပြောလိုက်တာက ရေပွက်လေး တဲ့။
ဘယ်သူ ရေပွက်လည်း၊ ဘယ်သူ ရဲ့ ရေပွက်လည်း ......

"လေထုထဲ ပြယ်ကာပျက် ပန်းပွင့်များရဲ့ ရနံ့ များ အကြောင်း"
ပန်းရနံ့ဟာ လေထဲမှာ ပျံ့တတ်သလား၊ ပျက်တတ်သလား။ ရီယယ်လစ်စတစ် သမားကို ခပ်တင်းတင်း ငြင်းဆိုထားတယ်။
ပန်းရနံ့ ဟာ လေညာ ကို မသွားဆိုတဲ့ စကား လား။ ဒါဆို လေညာ အရပ်က ဘယ်မှာ လဲ....
ဒီအတွေးကို လေးဖြူက ကွဲအက်အက်အသံနဲ့ တရွတ်ဆွဲ ခေါ်သွားပြန်ရော

"အချိန်တွေထဲ အကုန်ပြိုလဲ ထားခဲရမယ့် အတိတ်များ အကြောင်း" တဲ့။

လေ အစုန်မှာ ပျံ့ဦးတော့ တစ်စစီ ကွဲလွင့် သွားရတဲ့ ဒီ ရနံ့ဟာ ဝေးကွာခြင်း နဲ့အတူ ပျက်လွင့် ခြင်းပါ ခေါ်ဆောင် သွားခဲ့တယ်။ အချိန်တွေထဲ ပြိုလဲရင်း နေရစ်တော့မယ် အတိတ်များ။

သူ ဟာ ငြီးတွားရုံတင် မကတော့ဘဲ အလိုမကျ၊ အပြစ်တင်သံ ပါ ခပ်ဝါးဝါး စွက်လာတယ်။
"တိုးတိုးလေး ကြားတယ် အသံများဟာ ကြေကွဲ လို့
တိတ်တိတ် ဆိတ်ဆိတ်နဲ့ သိနားလည် ငိုကြွေးဖို့ "
တဲ့။

ကြေကွဲနေတဲ့ အသံတွေ။ တိုးတိုးလေး။ ဘာဖြစ်လို့ ကျယ်လောင်စွာ မကြေကွဲ ကြတာလဲ။ သူတို့ ဘာမှ မပြောခဲ့ကြဘူး။
ကျယ်လောင်စွာ ကျေကွဲခွင့် မရှိတာလား။ သူတို့ ဘာမှ မပြောခဲ့ကြဘူး။
ရအောင် ကြေကွဲကြမယ် ဆိုရင်ကော၊ သူတို့ ဘာမှ မပြောခဲ့ကြဘူး။
တိတ်တိတ်လေး ငိုကြွေးဖို့ပဲ သိတော့သတဲ့။ Suffer in silence ကို သူ ပြောခဲ့တာ။
ကြီးလွန်းတဲ့ အားကိုလား၊ နည်းလွန်းတဲ့ အားကိုလား။
ရက်စက်လွန်းတဲ့ မြေခွေးကိုလား၊ နူးညံ့လွန်းတဲ့ သိုး ကိုလား။ သူတို့ ဘာမှ မပြောခဲ့ကြဘူး။

သူ့ရဲ့ ကန္တာရလမင်း အိပ်မက်ရှည်ကိုတော့ ငြီးတွားခြင်း အငွေ့အသက် တစ်ချို့ နဲ့ အသက် ပြန်သွင်းသွားခဲ့တယ်။
"မရေရာဘူး မသေချာဘူး မပြီးဆုံး ဘူး...
မသေချာဘူး မရေရာဘူး မပြီးဆုံး ဘူး...
မထင်နိုင်ဘူး မမြင်နိုင်ဘူး ဘာမှ မရှိဘူး...
ဟူး... ရပ်တန့်လို့ မရ ဘူး..."
တဲ့။

ဟုတ်တယ်။ မရေရာပေမယ့် ရပ်တန့်လို့ မရဘူး။

ပန်းခရမ်းပြာတို့၊ လွန်ခဲသော နေ့ တို့ ခပ်ဝါးဝါး ဝေးလွင့်စဉ်မှာ လေးဖြူရဲ့ ပင်လယ်အော်သံ (မရေရာဘူး) ဟာ အကျယ်လောင်ဆုံး ကြားလိုက်ရတဲ့ ရင်ခတ်သံ စစ်စစ်ပါပဲ။

ကျနော်တို့ ၈ လ ပြည့် အတွက် ရင် အထိဆုံး ကိုလေးဖြူရဲ့ မရေရာဘူး ကို ပုဂ္ဂလိက ဆန်ဆန် ခံစားမိပါတယ်။


ဇင်ဝေသော်







Copyright © 2012 ကမ်းလက်. All rights reserved.

Post a Comment