ချန်ပီယံလိဂ် ကိုယ်ပူ


 ပွဲစဉ် (၁)

ကမ္ဘာ့အကောင်းဆုံးဘောလုံးအသင်းဆိုပြီး လက်သီးလက်မောင်းတွေတန်း၊ဘောလုံးမာဆယ်အဖုအထစ်တွေ ညှစ်ပြနေနေတဲ့  ဘာစီလိုနာဟာ ဒီမက်တီယိုရဲ့ ထရန်းစဖို့တံတားကို ဖြတ်ဖို့ ကိုတော့ ဟန်ချက်ညီညီမလျှောက်နိုင်ခဲ့ဘူး။ ငိုတာ ဝါသနာပါသူတွေ ဘာစီလိုနာအတွက်၊ လီယိုနယ်မက်စီအတွက် (ကိုယ်တိုင် အာဂျင်တီးနားမဟုတ်ရင်) ငိုနိုင်ပါတယ် ။ အာဂျင်တီးနားဖြစ်နေရင်တော့ ငိုလို့မသင့်ပါဘူး။ မက်ဒေါနားက" Don't cry for me Argentina" လို့တောင်းပန်ထားပါတယ်။

နှစ်ပွဲရှုံး တစ်ပွဲသရေဆိုတာ မများလှပေမယ့် အရေးအကြီးဆုံး ဖလားနှစ်ခုရဲ့ အသည်းကွဲဇာတ်အိမ်အတွက်တော့ လုံလောက်တဲ့ ငိုချင်းရှည်တွေပါ။ ဂျွန်တယ်ရီထိခဲ့တဲ့ အနီကတ်နဲ့ ဖက်ဘရီဂတ်စ်လက်ဆောင်ရလိုက်တဲ့ ပင်နယ်တီပါ ထည့်ပေါင်းရင် ဘာကြောင့်ဒီမက်တီယိုရဲ့ အပြုံးတွေ ထောင်းထောင်းထနေတယ်ဆိုတာ ကျေကျေညက်ညက်ဖတ်လို့ရနိုင်ပါရဲ့။

ဂိုးခြောက်ဆယ်ကျော် သွင်းခဲ့သူလီယိုနယ်မက်စီရဲ့ ပင်နယ်တီအလွဲနဲ့ ဂိုးသွင်းဖို့ ဖိနပ်ပြောက်နေရှာသူ တောရက်စ် ရဲ့ ပွဲသိမ်းလက်သီးက ရထားပေါ်ကချပစ်တားခဲ့တဲ့ မဟတ္တမဂန္ဓီရဲ့ ဖိနပ်တစ်ဖက်လို တန်းဖိုးဖြတ်ရခက်လှချည့်။

လူဟာ အမျာကြီးမှားဖို့မလိုအပ်သလို အများကြီးလည်းမှန်နေဖို့မဖြစ်နိုင်ပြန်ဘူး။ အရေးကြီးတာမမှားဖို့နဲ့ အရေးကြီးတာတစ်ချို့မှန်နေရင် ဘဝရဲ့ ဝင်သက်ထွက်သက်လည်း အမောမဖောက်နိုင်ဘူး လို့ ဖနန်ဒိုက ခပ်တိုးတိုးရေရွတ်နေလေရဲ့။

ကံဟာ ပဋိစ္စသမုပ္ပါဒ်ဆန်ဆန် လည်နေဟန်တူရဲ့၊ ချယ်လ်ဆီးအသည်းခွဲသူ အင်နီယက်စတာရဲ့ ဂိုးက''ဟိုး ရှေးရှေးတုန်းက....." ဆိုတဲ့သမိုင်းကို ထပ်ရေးတော့မလိုလိုနဲ့ လိုရမယ်ရဂိုးတစ်ဂိုးသာဖြစ်ခဲ့ရရှာတယ်။

ပဉ္စလက်ဆန်ဆန်ဘောလုံးမှော်နဲ့ ဆယ်မိနစ်ကျော်ကျော် သူများခြေထောက်ထဲ ဘောလုံးမရောက်အောင် ယူတတ်၊ပေးတတ်၊သွေးအေးတတ်တဲ့ ဘာစာ ဟာ အဝေးဂိုးစနစ် အနိုင် အရှုံးနဲ့ နှစ် တစ် ဆိုတဲ့ လန်ဒန်သားတို့ရဲ့ အကြောမာနေမှုကြောင့် ဘာစာမပီစွာ ပြာပြာခတ်နေကြလေရဲ့။ ဘယ်မလဲ သွေးအေးတဲ့ဘာစာ။ သူ့မထိသေးတာကိုး လို့ သင်ပုန်းကြီးဖတ်စာကို နှုတ်တက်အရ ရွတ်လိုက်မိရဲ့။

မယုံရင်ရင်ကြည့်။ လူဆယ်ရောက်လုံး  ချယ်လ်ဆီး ရဲ့ပင်နယ်တီစည်းကြောင်းတွေနဲ့ သူတို့ခြေထောက်တွေချည်နှောင်ထားကြတယ်၊ သူတို့ပိုင်နက်တဲမှာကျတော့ အချိန်မီရောက်လာတဲ့ဘောလုံးတစ်လုံးရယ်၊ ဖနန်ဒိုရယ် လဲပြိုနေတဲ့ ဂိုးသမားလေးရယ်။ မိနစ် ကိုးဆယ်။ ဘာစာ ၂ လန်ဒန်နား ၂။ ဒရော့ဘာတို့ စွာကျယ်စွာကျယ်လုပ်လာမဲ့ မြူးနစ်က ဘာလင်တံတိုင်းပဲ့တင်သံကို ကြားနာတတ်ရင် ဒီမက်တီယိုရဲ့ အေးစက်စက်အပြုံးကိုဆန့်ကျင်ပြီး လောင်းကြေးတွေ စွတ်ခေါ်ဖို့ မိုက်မဲလွန်းရာရောက်ပေတော့မယ်။

မိုဟာမက်အလီ ကတော့ ပြောဖူးရဲ့။ တစ်ချိန်က ချန်ပီယံ နဲ့ထိုးသတ်ရမှာ သိပ်ကြောက်တာပဲ။ အခု မကြောက်တော့ဘူး၊ သူ့ကို အလဲထိုးနိုင်မှ  ချန်ပီယံလည်းဖြစ်နိုင်တယ်ဆိုတာ သိသွား လို့တဲ့။

မက်ဒရစ်လား၊ဘိုင်ယန်လား။ဒီမက်တီယိုရဲ့ အေးစက်စက်အပြုံးကို ကျောချမ်းချမ်းနဲ့ ........


ပွဲစဉ်(၂)

ထင်ပေါ်ရာတွေကိုစင်တော်ပေါ် လိုက်ကောက်တတ်တဲ့ ပဒေသရာဇ်ဆန်ဆန် မက်ဒရစ်နဲ့ ပန်းပျိုးလက်ဆန်ဆန် ဘိုင်ယံ တို့ အကြိုဗိုလ်လုပွဲက ပင်နယ်တီယဉ်ကျေးမှုတွေ ထွန်းကားလွန်းလှတယ်။ တကယ်ဆို ရော်နာဒို နဲ့ ရော်ဘင် တို့ရဲ့ ပင်နယ်တီ နှစ်လုံးဟာ ပေါ ချောင် ကောင်းတွေပါ။ မိနစ် ၉၀။ ပဒေသရာဇ် ၂ ပန်းပျိုးလက် ၁။ နှစ်ပွဲပေါင်းအဖြေ ၃-၃။ အဝေးဂိုးစနစ် လက်မှိုင်ချ။ အချိန် နာရီဝက်ပိုတိုးပြီး (ဒီလောက်တောင် လိုက်တူနေရသလား ဆိုတဲ့ စွပ်စွဲချက် နဲ့)အကန်ခိုင်း။ အဖြေက မတုန် မလှုပ်။ ကျောက်ရုပ်။ နှစ်သင်းလုံးပင်နယ်တီ ထိကြလေရော။

ဂျာမန်တွေဟာ ကလပ်လို့ဆိုဆို အမျိုးသားအသင်းလို့ပြောလိုကပြော ပင်နယ်တီအရှုံးနဲ့ မယဉ်ပါးလှဘူးဆိုတာ မော်ရင်ညိုဖတ်ဖူးတဲ့ သွေးပျက်စရာ သမိုင်းစာမျက်နှာပါ။ ဂိုးတွေ အပြိုင်သွင်းခဲ့ကြတဲ့ လီယိုနယ်မက်စီ နဲ့ ရော်နာဒိုတို့ဟာ ပင်နယ်တီလွဲချော်ရာမှာတောင် အကြိတ်အနယ် ယှဉ်ပြိုင် လွဲချော်ခဲ့ကြတယ်။ အွန်လိုင်း မှာ ကော်ပီ ပေ့စ်တွေ ခေတ်စားသလို ရော်နာဒိုရဲ့ မသားနားလှတဲ့ပင်နယ်တီကို  ကော်ပီ ပေ့စ် လုပ်လိုက်မိတဲ့ ကာကာရဲ့ ကြိုးစားမှုက မော်ရင်ညိုကို ဆံပင်ပိုဖြူစေခဲ့ပြန်တယ်။ ကဲ... မက်ဒရစ် ပင်နယ်တီဘယ်လောက်လွဲသလဲဆိုရင် ကာစီးယက် နှစ်လုံးကယ်တာတောင် ပင်နယ်တီငါးလုံးပြည့်အောင် မကန်လိုက်ရဘူး။ အဲဒါ ရာမို့ စ်လေ။ နေဝင်းက စစ်တပ်ဟာ သေနပ်ကိုမိုးပေါ်ထောင်မဖောက်ဘူး လို့ အရုပ်ဆိုးဆိုးနှုတ်ဆက်သံပြောနေတဲ့ကြားက ဘောလုံးကို မိုးပေါ်ထောင်ကန်ပစ်လိုက်လေရဲ့။ ပြီး။ ပဒေသရာဇ် ၁ ပန်းပျိုးလက် ၃။

တံတိုင်း(ဘာလင်)နဲ့ တံတား(ထရန်းစဖို့ဒ်) ဘယ်မှာ လူ ပိုစည်ကားလေမလဲ။

သမိုင်းနဲ့ ပဋိရူပဖြစ်တာကတော့ မြူးနစ်ပေါ့။ ပိုလည်းနုပျိုတယ်။ ဒါပေမယ့် လမ်းပတ်တို့ ပေါင်ကျိုးအဖွဲ့ကို လျှော့တွက်ရင်လည်း နွားအိုတွေကို အားနာစရာကောင်းနေပြန်ရော။

တကယ်ဆို ဆရာကြီး ရော့ ဟျုသ် က လွဲရင် မြူးနစ်ကွင်းစိမ်းစိမ်းပေါ်မှာအသက်ရှင်ကျန်ရစ်မှာက ဘာစာ နဲ့ မက်ဒရစ် လို့ ကျယ်ကျယ်လောင်လောင် ဟစ်ခဲ့ကြတာဘဲ။ ရော့ ဟျုသ် ကသာ ပြည်တွင်းပွဲမှာ သတ်ကြဖြတ်ကြရင်း  ခြေကုန်လက်ပန်းကျပြီး နှစ်သင်းလုံးထွက်ရမယ်လို့ ခပ်တည်တည် ဟောကိန်းထုတ်ခဲ့တာပါ။ သူ သုံးမှတ် အပြည့်ရသွားတယ်။ အိမ်ရှင်ဆိုတာကလွဲရင် ချိန်ခွင်လျာကတော့ ပိုနေမြဲ ကျားနေမြဲ ပါ။

တစ်ခုခု ကို မဖြစ်မနေရွေးရတောမယ်ဆိုရင်တော့ အေဘရာ မိုဘစ် ရဲ့ဆန္ဒ ပြည့်စေချင်ပါတယ်။ နည်းပြတွေ၊ ပိုက်ဆံတွေ ကုန်လှပြီ။ ပိုက်ဆံက ဘီလျံ ရှိပေမယ့် နည်းပြက ဘီလျံ မရှိဘူး မဟုတ်လား။

ဒရော့ဘာတို့ နေမဝင်ခင် ဘာလင်တံတိုင်းပေါ်မှာ လမ်းပတ်တို့ တိမ်တောက်လိမ့်မယ်လို့ ခပ်ပါးပါးတော့ ထင်နေဆဲ ဘဲ။



ဇင်ဝေသော်










Copyright © 2012 ကမ်းလက်. All rights reserved.

Post a Comment