မြန်မာယဉ်ကျေးမှုထဲမှ ပဋိစ္စသမုပ္ပါဒ်

သင်္ချာသဘောတရားအရ ဘုရားရှင်သည် ဓမ္မနှင့်ညီ၏။
       “ ယော ဓမ္မံ ပဿတိ၊ သော မံ ပဿတိ” ဟု မိန့်၏။ ဓမ္မကိုမြင်သူသည် ငါဘုရားကို မြင်၏။
       “ ယော မံ ပဿတိ၊ သော ဓမ္မံ ပဿတိ” ငါ့ကို မြင်သူလည်း ဓမ္မကိုမြင်၏။

       ထို့အတူ မဇ္ဈိမနိကာယ်၌ ဆက်လက်မိန့်သည်ကိုကြည့်လျှင် ဓမ္မသည် ပဋိစ္စသမုပ္ပါဒ်နှင့် အချိုးညီနေပြန်၏။
       “ ယော ပဋိစ္စသမုပ္ပါဒံ ပဿတိ၊ သော ဓမ္မံ ပဿတိ၊
       ယော ဓမ္မံ ပဿတိ၊ သော ပဋိစ္စသမုပ္ပါဒံ ပဿတိ။”

       ပဋိစ္စသမုပ္ပါဒ်ကို သိမြင်သူသည် ဓမ္မကိုသိမြင်၏။
       ဓမ္မကိုသိမြင်သူလည်း ပဋိစ္စသမုပ္ပါဒ်ကို နားလည်တော့၏။
       ဤဒေသနာနှစ်ခုကိုဆက်စပ်သော် ဘုရားရှင်နှင့် ပဋိစ္စသမုပ္ပါဒ်သည်ပင် ထပ်တူကျနေပြန်တော့၏။

       ဗုဒ္ဓ= ဓမ္မ
       ဓမ္မ= ပဋိစ္စသမုပ္ပါဒ
       ပဋိစ္စသမုပ္ပါဒ= ဗုဒ္ဓ ဟု ဖော်မြူလာချလို့ရ၏။

       ထို့ကြောင့် ပဋိစ္စသမုပ္ပါဒ်သည် ဗုဒ္ဓအဆုံးအမ၏ အခြေခံအကျဆုံး တရားတော်ဟု ပညာရှင်တို့ဆိုကြ၏။ Paticcasamuppada is the fundamental teaching of the Buddhism ဟုလည်းကောင်း ဗုဒ္ဓဘာသာအဆုံးအမများအားလုံးထဲ၌ ပဋိစ္စသမုပ္ပါဒ်သဘောတရားများ စီးဝင်နေသည်။ “Relativity theory occupies the Buddhist teachings” ဟုလည်းကောင်း ဆိုစမှတ်ပြုကြလေကုန်၏။

       ဒေသနာအတွင်း စီးမျောနေသော ပဋိစ္စသမုပ္ပါဒ်သဘောကိုမပြောမီ ပဋိစ္စသမုပ္ပါဒ်သဘောများ စီးဝင်နေသော မြန်မာ့ယဉ်ကျေးမှုစာပေမှ သာဓကတစ်ချို့ကို ပြန်ကြည့်မိသည်။ ပဋိစ္စသမုပ္ပါဒ်သဘောတရားသည် “က” ကြောင့် “ခ” ဖြစ်သည်။ “ခ” ကြောင့် “ဂ” ဖြစ်သည်။

       “က” မဖြစ်သော် “ခ” မဖြစ်၊ “ခ” မရှိသော် “ဂ” မဖြစ် စသောဆက်နွယ်မှု Relativity သဘောတရားပင်ဖြစ်၏။

       ဤသဘောတရားသည် မြန်မာ့စာပေထဲ၌ နက်နက်နဲနဲဝင်နေသည်ကား ထင်ရှား၏။ ကြည့်ပါလေ။

       “ ပေါက်ပင် ပေါက်ပင် ရွှေပေါက်ပင်၊
       ပေါက်ပင်ဘာကြောင့် ကိုင်းရတယ်၊
       ဗျိုင်းနားလို့ ကိုင်းရတယ်။
       ဗျိုင်းဘာကြောင့် နားရတယ်၊
       ငါးပေါ်လို့ နားရတယ်။

       ငါးဘာကြောင့် ပေါ်ရတယ်၊
       ကျွဲလူးလို့ ပေါ်ရတယ်။
       ကျွဲဘာကြောင့် လူးရတယ်၊
       ဖြုတ်ကိုက်လို့ လူးရတယ်။

       ဖြုတ်ဘာကြောင့် ကိုက်ရတယ်၊
       မိုးရွာလို့ ကိုက်ရတယ်။
       မိုးဘာကြောင့် ရွာရတယ်၊
       ဖားအော်လို့ ရွာရတယ်။

       ဖားဘာကြောင့် အော်ရတယ်၊
       မြွေကိုက်လို့ အော်ရတယ်။
       မြွေဘာကြောင့် ကိုက်ရတယ်၊
       ငါ့ဝမ်းပူစာ မနေသာလို့ ကိုက်ရတယ်။” ဟု ဖြစ်သည်။

       ကလေးများကို လောကကြီးထဲ၌ဖြစ်ပျက်နေသော သဘာဝတရားများ၏ ကျိုးကြောင်းဆင့်ကဲ ဖြစ်နေဟန်ကို လှလှပပပြသထားသော စာဖြစ်သည်ဟုထင်ပါသည်။ သေချာပါသည်။ ဤစာထဲ၌ ပဋိစ္စသမုပ္ပါဒ်သီအိုရီများ စီးဝင်နေလျှက်ရှိသည်။

       မြွေကိုက်ခြင်းကြောင့် ဖားအော်-
       ဖားအော်ခြင်းကြောင့် မိုးရွာ၊
       မိုးရွာခြင်းကြောင့် ဖြုတ်ကိုက်၊
       ဖြုတ်ကိုက်ခြင်းကြောင့် ကျွဲလူး၊
       ကျွဲလူးခြင်းကြောင့် ငါးပေါ်၊
       ငါးပေါ်ခြင်းကြောင့် ဗျိုင်းနား၊
       ဗျိုင်းနားခြင်းကြောင့် ကောက်ပင်ကိုင်းညွှတ်- ဟု ဖြစ်သည်။

       ထို့အပြင်…..
       “ အဖေက အမေ့ကို ဆူတယ်၊
       အမေက အမခေါင်းကို ခေါက်တယ်၊
       အမက ကျွန်တော့်ပေါင်ကို ဆွဲဆိတ်တယ်၊
       ကျွန်တော်က အောင်နက်(ခွေးကြီး) ကို ခြေထောက်နဲ့ ကန်တယ်၊
       အောင်နက်က အဖေ့ဖိနပ်ကို သေးနဲ့ပန်းတယ်”

       ကလေးတစ်ယောက်ရဲ့ ပြုံးချင်စဖွယ် ညည်းချင်းကိုလည်း ဖတ်ရဖူးပါသည်။ ဤစာလေးထဲမှာလည်း မိသားစုပြဿနာရဲ့ ကျိုးကြောင်းဆက်ကို ပဋိစ္စသမုပ္ပါဒ်ဆန်ဆန် တွေးပြသွားတာကို တွေ့ရပြန်သည်။

       လောကနီတိဆုံးမစာကလည်း ဤသဘောကို ဆိုရှယ်နှင့် ဘဝပန်းတိုင်ကိုပြဆိုရာ၌ ဆိုထားပြန်သည်။

       အလဿဿ ကုတော သပ္ပံ- ပျင်းရိသူ ဘယ်မှာ အတတ်ပညာရှိအံ့နည်း၊
       အသိပ္ပဿ ကုတော ဓနံ- အတတ်ပညာမရှိသူ ဘယ်မှာ စည်းစိမ်ဥစ္စာရှိအံ့နည်း၊
       အဓနဿ ကုတော မိတ္တံ- စည်းစိမ်ဥစ္စာမရှိသူ အဘယ်မှာ မိတ်ဆွေကောင်းရှိအံ့နည်း၊ 
       အမိတ္တဿ ကုတော သုခံ- မိတ်ဆွေကောင်းမရှိသူ၌ အဘယ်မှာ ပျော်ရွှင်ဝမ်းမြောက်မှုရှိအံ့နည်း။
       အသုခဿ ကုတော ပုညံ- ပျော်ရွှင်ဝမ်းမြောက်မှုကင်းသူ အဘယ်မှာ ကုသိုလ်ကောင်းမှု ပြုလုပ်နိုင်အံ့နည်း၊
       အပုညဿ ကုတော ဝရံ- ကောင်းမှုမရှိသူသည် အဘယ်မှာ နိဗ္ဗာန်သုခရနိုင်အံ့နည်း-

       ဟု ဆုံးမစကားဆိုပြန်သည်။ (တစ်ခုရှိသည်မှာ လောကနီတိ၌ ဘုရားဟောများပါဝင်သလို လူပညာရှင်၊ ရဟန်းပညာရှင်တို့ အဆိုအမိန့်များလည်း ပါနေရကား မှန်ခြင်း၊ မှားခြင်းသဘောရှိနိုင်ပေသည်)။ မည်သို့ဆိုစေ ဤဆုံးမစကား၌လည်း ပဋိစ္စသမုပ္ပါဒ်လောင်းရိပ် အများကြီး ပါဝင်နေပေသည်။

       ပညာရှင်တို့နယ်ပယ်သာမက လူရွှင်တော်များ၏ပါးစပ်၌ပင် ဤကျိုးကြောင်းဆက်စပ်မှု သီအိုရီက ရောက်ရှိနေပြန်သည်။

       သရက်သီးတစ်လုံးကို မြင်တယ်၊
       မြင်တဲ့မျက်စေ့က မခူးပဲ မမြင်တဲ့လက်က ခူးတယ်၊
       ခူးတဲ့လက်က မစားပဲ မခူးတဲ့ ပါးစပ်ကစားတယ်၊
       စားတဲ့ပါးစပ်က မဝပဲ မစားတဲ့ ဗိုက်က ဝတယ်၊

       ဝတဲ့ ပါးစပ်က…..
       မ…….တဲ့ မျက်စိက မြင်တယ်၊
       မြင်တဲ့မျက်စိက မနံပဲ မမြင်တဲ့ နားခေါင်းက နံတယ်၊
       နံတဲ့နာခေါင်းက မပိတ်ပဲ မနံတဲ့ လက်က ပိတ်တယ်။

       စသဖြင့် အဆုံးမရှိလည်ပတ်နေသည့် သဘောတရားများကို ထပ်တလဲလဲဆင်ကာ လူရွှင်တော်များ ပြက်လုံးထုတ်ကြသည်ကိုလည်း ကြားခဲ့ရဖူးသည်။

       ပဋိစ္စသမုပ္ပါဒ်စကားလုံးကိုသုံးကာ ဆရာသမားများ မိန့်ဆိုထားသည်ကိုလည်း ကြားခဲ့ရဖူးသည်။ ဆရာတော်ဘုရားက လူဒကာ၊ ဒကာမတို့ကို ( ဘ၊ က များ ခေတ်စားစဉ်အခါက) ဤသို့ မိန့်တတ်ကြသည်။

       “ မင်းတို့ ကလေးထိန်းရတယ်ဆိုတာက ကလေးတွေကြီးသွားရင် လွတ်သွားပါပြီ။ ငါတို့ဘုန်းကြီးတွေ ကလေးထိန်းနေရတာကမှ ပဋိစ္စသမုပ္ပါဒ်လို အဆုံးကိုမရှိတော့ဘူး” ဟု ဖြစ်သည်။

       ဆိုလိုသည်မှာ မိဘများက ကလေးများကြီးသွားလျှင် လွတ်သွားပြီဖြစ်သည်။ ဘုန်းတော်ကြီးများမှာမူ ငနီကြီးတော့ ငညိုလာ၊ ငညိုကြီးတော့ အောင်ဘုတက်၊ ဘုန်းတော်ကြီးများ စောင့်ရှောက်နေရသော ကလေးများက လူလားဘယ်တော့မှ မမြောက်တော့ဟုပင်ဖြစ်လေသည်။

       မြန်မာစာ၊ မြန်မာ့ယဉ်ကျေးမှုသည် ပါဠိစာပေ၊ ဗုဒ္ဓဘာသာ အဆုံးအမနှင့် တရင်းတနှီးရှိနေရကား ပါဠိနှင့် ဗုဒ္ဓဘာသာသဘောတရားများလည်း စကားနှင့် ယဉ်ကျေးမှုထဲ၌ များစွာစိမ့်ဝင်လျှက်ရှိနေသည်။ ဤသည်တို့ကား လက်လှမ်းမှီသ၍ စီးဝင်နေသော ပဋိစ္စသမုပ္ပါဒ်သဘောတရားအချို့ပင်ဖြစ်လေသည်။

       ( ဗုဒ္ဓဘာသာထဲမှ ပဋိစ္စသမုပ္ပါဒ်သဘောကို ဆက်ရေးပါမည်။)

သီဟနာဒ
( ၁၉-၃-၂၀၁၂)







Copyright © 2012 ကမ်းလက်. All rights reserved.

Post a Comment