ခြူသံစွဲအလင်္ကာ

အလင်္ကာတွေထဲမှာ “မည်သံစွဲ အလင်္ကာ” ဆိုတာ ရှိတယ်လို့ သိရပေမယ့် ခြူသံစွဲအလင်္ကာ ရှိ၊ မရှိဆိုတာကိုတော့ တိတိကျကျ မသိပါဘူး။ ဒီကိစ္စကို အလင်္ကာ၊ ဒေါသပါရဂူတွေ ဆုံးဖြတ်ဖို့ ချန်ထားခဲ့ရတော့မှာပဲ။ ဘာပဲဖြစ်ဖြစ် (၂၁) ရာစု မျက်ခွက်ဘွတ်အုပ်ခေတ်မှာတော့ ကိုယ်သုံးချင်တဲ့ အလင်္ကာ ကိုယ်သုံးလို့ ရပါပြီ။

    ခြူသံစွဲဆိုတာက ဒီလိုပါ။


    “နွားပျောက် ခလောက်သံကြား” ဆိုတဲ့ စကားပုံ ရှိပါတယ်။ ခလောက်က ခြူတွေ မပေါ်ခင်က သုံးတာလို့ ထင်ရပေမယ့် ခြူတွေ ပေါ်လာတဲ့အထိလည်း သုံးနေကြတုန်းပါ။ သစ်သားကို ထွင်းထုထားတာချင်း အတူတူမို့ ခလောက်သံခြင်း တူနေမယ်ထင်ရင် မှားပါလိမ့်မယ်။ နွားပိုင်ရှင်ဟာ သူ့နွားရဲ့ ခလောက်သံကို မှတ်မိနေတတ်ပါတယ်။ အရောင်တူ၊ ဆိုက်တူ၊ တံဆိပ်တူ ဖိနပ်တွေထဲမှာ ကိုယ့်ဖိနပ်ကို မှတ်မိနေသလိုမျိုးလို့ ထင်ပါတယ်။ ခြူသံကျတော့ သိပ်ခွဲခြားလို့ မရတော့ပါဘူး။ ဒါ့ကြောင့် တောအုပ်ထူထူထဲက တောင်သူကြီးတွေ ခလောက်ကို ဆက်သုံးနေတာနေမှာလို့ စဉ်းစားစရာ ရှိပါတယ်။

    အားလုံး သိကြမယ် ထင်ပါတယ်။ ယာထွန်ဖြုတ်ပြီဆိုရင် နွားတွေကို တောထဲလွှတ်ပေးလိုက်ကြတယ်။ သူစားချင်ရာ လျောက်စားပေါ့။ ညနေစောင်းတော့မှ နွားပိုင်ရှင်က ခလောက်သံကို နားထောင်၊ သူ့နွားရှိတဲ့ နေရာကိုသွားပြီး ဆွဲခေါ်လာခဲ့တော့တာပါ။ ဆိုလိုတာကတော့ ခလောက်သံနဲ့ဆိုရင် နွား ဘယ်ရောက်နေတယ်ဆိုတာ သိလို့ရပါတယ်။ ဒါပါပဲ။

    နွားနဲ့ အကျွမ်းတဝင်ရှိခဲ့တော့ တစ်ခါတစ်ခါ အခက်ကြုံရပါတယ်။ သူများကတော့ မသိပါဘူး၊ ကိုယ့်ဘာသာကိုယ် ကြုံရတာပါ။ တစ်နေ့က ကောင်မလေးတစ်ယောက် ခြေထောက်မှာ ခြူတွေ ဆင်ထားတာ တွေ့ရတယ်။ ပြုံးမိတယ်။ မတတ်နိုင်ဘူး။ ဒုက္ခဆိုတာ အဲ့ဒါပါ။ သူမကို အားနာပါတယ်။ ခြေထောက်မှာ ခြူဆွဲထားတော့ သူမ ဘယ်သွားသွား သိနေရတယ်။

    ဂလိုဘယ်ခေတ်ကြီးထဲမှာတော့ လူလည်း ခြူဆွဲတော့တာပါပဲ။ နွားက လည်ပင်းမှာ ဆွဲပြီး လူကတော့ ခြေချင်းဝတ်မှာ ဆွဲတာပေါ့။ တော်ပါသေးတယ်။ ခြူဆွဲတဲ့နေရာ မတူလို့။

    အခုမှ ကျနော်ပြောချင်ရာ ရောက်ပါတော့တယ်။

    “ခြူသံစွဲ” အလင်္ကာဆိုတာ လူတစ်ယောက် ဘယ်ကို ရောက်နေတယ်ဆိုတာ သိနိုင်တဲ့ အလင်္ကာပါ။ (ကျနော်ကိုယ်တိုင်ပေးတဲ့ အလင်္ကာမို့ စာအုပ်ထဲမှာ မရှာကြဖို့ မေတ္တာရပ်ခံပါတယ်။)
    ဒီနေ့ မျက်ခွက်ဘွတ်အုပ်လို့ခေါ်တဲ့ F.B. ဟာ ခြူသံစွဲအလင်္ကာပါ။ အနည်းဆုံး အကြောင်းနှစ်ချက် ရှိပါတယ်။

    ၁။ မျက်ခွက်ဘွတ်အုပ်ကို ကြည့်လိုက်ရင် အဲ့ဒိဘွတ်အုပ်ပိုင်ရှင် ဘယ်ရောက်နေတယ်ဆိုတာ သိလို့ ရပါတယ်။
    ၂။ မျက်ခွက်ဘွတ်အုပ်ကို ကြည့်ရင်း သူဘာလဲဆိုတာလည်း သိလို့ ရပါတယ်။





    ဆိုရှယ်ကွန်ယက်ကြီးကို F.B. ခြူသံနဲ့ ဆက်သွယ်ပေးထားတော့ မိတ်တွေဟောင်း၊ မိတ်ဆွေသစ်တွေ ဘယ်ရောက်နေကြတယ်၊ ဘာတွေ လုပ်နေကြတယ်ဆိုတာ သိခွင့် ရနေကြရပါတယ်။ ဆိုရှယ်အတွက် အတော်ထိရောက်တယ်လို့ ပြောရင် မလိုအပ်ဘဲ စကားဖောင်းပွတာပါပဲ။

    မိတ်ဆွေတစ်ချို့ဆို မိနစ်ပိုင်းအတွင်းမှာ သူတို့ ဘယ်ရောက်နေကြောင်း ကြေငြာပြီး ဖြစ်နေတယ်။

    တစ်ခါတစ်ခါမှာ အဲ့ဒီ မျက်ခွက်ဘွတ်အုပ်ကနေပဲ ကိုယ်ဘာလဲ၊ ဘယ်လိုလူလည်းဆိုတာ ပြောမိလျက်သားလည်း ဖြစ်နေတတ်ပြန်ပါတယ်။ ဒါကိုတော့ ခြူသံစွဲအလင်္ကာသာမက မည်သံစွဲအလင်္ကာလို့လဲ ခေါ်မယ်ဆို ခေါ်လို့ရပါတယ်။ အဲ့ဒီလူဟာ ဓာတ်ပုံဝါသနာပါသူလား၊ ပန်းချီဝါသနာပါသူလား၊ အားကစားဝါသနာပါသူလား၊ နိုင်ငံရေးလား၊ စာပေလား၊ ကွန်မင့်ရေးတာ၊ ကိုယ့်ကို ကွန်မင့်ပြန်တာကို ကြိုက်သူလား စတာတွေကိုလည်း သိနိုင်ပါတယ်။

    ဆက်ပြောဖို့ ရှိတာက တစ်ချိန်ကတော့ ခြူဆိုတာ နွားဘယ်မှာရှိတယ်ဆိုတာ သိရုံနဲ့ တူပါတယ်။ နောက်ပိုင်းကျတော့ ခြူဆွဲထားခြင်းကပင် နွားရဲ့ တန်ဆာတစ်ခု ဖြစ်နေပါတော့တယ်။ လှတဲ့နွား၊ ကောင်းတဲ့နွားတွေဆိုရင် ခြူသံတစ်ချွင်ချွင်နဲ့ပါ။ မစွံတဲ့နွားကို ခြူတတ်မိပြန်တော့ ကိုယ့်နွား မစွံတာကို ပြနေသလို ဖြစ်တတ်ပြန်ပါရော။

    မှားရင်တော့ တောင်းပန်ရမှာပါပဲ။

    အဲ့သလိုပါပဲ။ ခံစားချက်တွေရေးရင်း၊ ပေါက်ကွဲရင်းနဲ့ ကိုယ့် F.B. က ကိုယ်မစွံကြောင်း၊ အတင်းပြောတတ်ကြောင်း၊ သူများကိစ္စတွေ ဝင်စွက်တတ်ကြောင်း ပြောပြနေတတ်ပြန်ရော။

    တစ်ခုရှိတာက နွားပိုင်ရှင်တွေက နွားကို ခြူဆွဲပေးတတ်ပေမယ့် ကြောင်ပိုင်ရှင်တွေကတော့ ကြောင်ကို ခြူဆွဲပေးတယ်လို့ မကြားဖူးပြန်ဘူး။ ပုံပြင်ထဲမှာတော့ ကြောင်ကို ခြူဆွဲပေးဖို့ ကြွက်ကလေးတွေ တိုင်ပင်နေကြတာ ဖတ်ဖူးတယ်။ ပုံပြင်က ရှည်တော့ ပြီးအောင် မဖတ်လိုက်မိဘူး။ သူတို့ အကြံအစည် အထမြောက်၊ မမြောက် မသိခဲ့ရဘူး။

    တစ်ချို့ မျက်ခွက်ဘွတ်အုပ်တွေကျတော့ ကြောင်နဲ့ တူပြန်ရော။ ခြူမပါတော့ ဘယ်သူရေးမှန်း မသိ၊ ရေးသူ ဘယ်သွားမှန်းလည်း မသိ၊ တောရောက်လား၊ မြို့ရောက်လား မသိ၊ ဘွဲ့ရလား၊ ဘွဲ့မရလား မသိ၊ ဘာဆို ဘာမှ မသိ။

    ကြောင်ကိုတော့ ခြူဆွဲပေးလို့ မရဘူး။
    သူက ကြွက်ခုတ်ရဦးမှာ မဟုတ်လား။

    ခြူသံမြိုင်မြိုင်နဲ့ တောက လှည်းယဉ်ကျော့လေးတွေကို သတိရရင်း မဆိုင်ရာတွေကို နှိုင်းမိပြန်ပါရော။

    ဖေ့(စ်)ဘုတ် (သို့) ခြူသံစွဲအလင်္ကာ

ဇင်ဝေသော်








(စကားနည်းနည်း ရိုင်းသွားသလားလို့ စဉ်းစားမိပါသေးတယ်။ ဒါပေမယ့် ဘုရားရှင်ကိုတောင် နွားလားဥသဘနဲ့ နှိုင်းတာ၊ ဘုရားရှင်ရဲ့ အနွယ်တော်ကလည်း ဂေါတမ (နွားတကာထက် မြတ်သောနွား) ဆိုတာကို တွေးမိရင်း လိပ်ပြာသန့်လို့ လွှတ်လိုက်မိပါတယ်။)

Copyright © 2012 ကမ်းလက်. All rights reserved.

1 comments:

လိပ်ပြာသန့်လို့ လွှတ်လိုက်မိတဲ့ မြှားချက်တွေ လာဖတ်မိရင်း ပြုံးမိတယ် :)

Reply

Post a Comment